တနင်္ဂနွေများ

Wednesday, August 28, 2013


ဖိနပ်ကြိုးကို လှတပတ သပ်သပ်ရပ်ရပ် ချည်ရမှာ စိတ်မပါတတ်ပေမယ့် ဒီနေ့တော့ စိတ်လိုလက်ရပဲ ကြိုးပါတဲ့ ဖိနပ်ကို ရွေးလိုက်တယ်။ စိတ်ရှည်လက်ရှည် အချိန်ယူ ချည်နှောင်ပြီးသွားတဲ့အချိန်မှာ  အိမ်ရှေ့ ခုံရှည်ပေါ်မှာထိုင်ပြီး တစ်ချောင်းထိုး ထိုးနေတဲ့ မေမေက ကျွန်မကို လှမ်းကြည့်မေးတယ် ။ ဘယ်သွားမလို့လဲ .. တဲ့။
“ ဒီနေ့ တနင်္ဂနွေနေ့ လို့ ထင်တာပဲ ”
ဘာမှမဆိုင်တဲ့ အဖြေကိုပေးလိုက်တဲ့ အတွက်ရော၊ “ထင်တာပဲ” ဆိုတဲ့ စကားအတွက်ရော မေမေတော့ ကျွန်မကို သနားစရာသတ္တဝါတစ်ကောင်လို စက္ကန့် အနည်းငယ်လောက် ငေးကြည့်နေလိမ့်မယ် ဆိုတာ ကျွန်မ မော့ကြည့်စရာ မလိုပဲ သိနေတယ်။ စင်ကလေးပေါ် တင်ထားတဲ့ နေကာမျက်မှန်ရယ်၊ အိမ်သော့ရယ်၊ ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းနဲ့နားကြပ်ရယ် ပါပြီဆိုရင် ကျွန်မ အပြင်ထွက်လို့ရပြီပေါ့။
အိမ်တံခါးကို တွန်းဖွင့်လိုက်တယ်ဆိုရင်ပဲ ကြောင်ကလေး JC က ကျွန်မကို အပြင်သွားပြန်ပြီလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ သူကျတော့ အိမ်ထဲမှာပဲ ထွက်ချင်တိုင်း ထွက်ခွင့်မရှိဘူး ဆိုတဲ့ မျက်နှာပေးမျိုး နဲ့ ။ အဲဒီ မှုန်တေတေ ဂျစ်ကန်ကန် သူ အလိုရှိမှ အနားကပ်တတ်တဲ့ ကြောင်ကလေးကိုလည်း ကျွန်မက ချစ်တာပါပဲ။
အိမ်တံစက်မြိတ်ကနေ လှမ်းထွက်လိုက်တယ်ဆိုရင်ပဲ တိမ်ဖြူဖြူလေးက ကျွန်မပုခုံးပေါ် ခုန်ချလာတယ်။ စောင့်လိုက် ရတာလို့လည်း ရေရွတ်တယ်။ သူ ကျွန်မကို ဘယ်ချိန်တည်းက စောင့်နေခဲ့တာတဲ့လဲ။ ကျွန်မ မမေးလိုက်မိဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်မက စောင့်ဆိုင်းရမှုမှာ နာကျင်မှုတွေ အနည်းနဲ့အများ ရှိတတ်တာကို သိထားလို့ပဲ။ သူ့နာကျင်မှုကို မသိချင်တာမျိုးတော့မဟုတ်ပါဘူး။ ကျွန်မမှာ အပိုဝန်ထမ်းဖို့ အားမရှိသေးဘူးလေ။
“ ဒီနေ့ ဘာသီချင်းနားထောင်မှာလဲ ” လို့ တိမ်ဖြူလေးက မေးတယ် ။ ကျွန်မက “ နှင်း ” လို့ ခပ်ဖွဲဖွဲကျချင်လာတဲ့ နှင်းငွေ့တွေကို ကြည့်ရင်းပြောတော့ “ နှင်းရေ .. လို့ အော်ဖို့ ရေတွင်းလေးလည်း မရှိဘူး ” တဲ့။ စကားအဆုံးမှာ ကျွန်မတို့ အသက်မပါပဲ ခပ်ဖွဖွ ရယ်လိုက်မိကြတယ်။ တိမ်ဖြူလေးနဲ့ ကျွန်မက အဲလို အပေးအယူတည့်တာပါ။ ကျွန်မရဲ့ ကောင်းကင်ထဲမှာ သူက အမြဲတမ်း ရှိနေတတ်တယ်။ ကျွန်မ အိမ်လေးထဲ အိပ်စက်နားနေရင်လည်း သူက အဝေးကောင်းကင်မှာ ရှိနေတတ်တယ်။ ဒီလိုနေ့မျိုးဆိုရင်တော့ ကျွန်မကို တံစက်မြိတ်ကလေးကနေ တွဲခို စောင့်စားနေတတ်တယ်။ ကျွန်မ ကမ္ဘာဘက်ခြမ်းမှာ မိုးတိမ်တွေ အုံ့ဆိုင်း မှုန်မှိုင်းလာရင်တော့ ကျွန်မ တိမ်ဖြူလေးကို နေရောင်တွေရှိတဲ့ဆီ သွားနေချေလို့ တွန်းတွန်းထုတ်ရတယ်။ ကျွန်မက တိမ်ဖြူလေးကို အရောင်တွေ မစွန်းစေချင်ဘူးလေ။
“ ကောင်းသော နံနက်ခင်းပါ အမျိုးသမီးလေးရေ ..”
စကားပင်အိုကြီးက ကျွန်မကို ခါတိုင်းလိုပဲ နှုတ်ဆက်တယ်။ နောက်မှ တိမ်ဖြူလေးကို မြင်ပြီး ..
“ အို .. တိမ်ဖြူကလေးရောပေါ့ ” လို့ ထပ်ဖြည့်စွက်တယ်။ “ ကောင်းသော တနင်္ဂနွေ နံနက်ခင်းပါ စကားပင်အိုကြီးရယ်”  လို့ ကျွန်မက ပြန်နှုတ်ဆက်တော့ စကားပင်ကြီးက ဇဝေဇဝါ ကျွန်မကို ကြည့်တယ်။
“ ဒီနေ့ တနင်္ဂနွေနေ့လား ” တဲ့။
ကျွန်မလည်း မေမေ့ကို ပြောခဲ့သလိုပဲ “ ထင်တာပါပဲ စကားပင်ကြီးရယ်” လို့ ပြောလိုက်တော့ စကားပင်ကြီးကတော့ မေမေ့လို မကြည့်ပါဘူး။ အက်အက်ကွဲကွဲအသံကြီးနဲ့ ရယ်တယ်။ ပြီးမှ အဓိပ္ဗာယ် ရှိလွန်းတဲ့ စကားတစ်ခွန်းကို လှမ်းပြောတယ်။
“ တစ်ခါတစ်လေကျတော့လည်း ထင်ယောင်မှားမှုတွေက ကိုယ့်အတွက် ဆေးဖြစ်စေတတ်ပါတယ် ” တဲ့။ နည်းနည်း လှမ်းသွားပြီ ဖြစ်တဲ့အတွက် ကျွန်မ စကားပင်ကြီးကို အဖြေမပေးမိဘူး။ စိတ်ထဲကတော့ အဲဒီဆေးက side effect ရှိလားမသိဘူး လို့ တွေးနေမိတယ်။ တိမ်ဖြူကလေးကတော့ ပုခုံးပေါ်ကနေ ဖြုတ်ကနဲ ဆင်းသွားပြီး စကားပင်ကြီးကို သွားနောက်လေရဲ့  ။ “ အဲဒီဆေး ကျွန်တော် ယူသွားပြီနော် ” တဲ့။ စကားပင်ကြီးကတော့ ထုံးစံအတိုင်း ခပ်အက်အက် ရယ်ပြီး ကျန်ခဲ့ရှာတယ်။
ရုတ်တရက် အသက်ရှူသံခပ်ပြင်းပြင်းကြီးကြောင့် ကျွန်မ တစ်ချက် တုံ့ကနဲ ဖြစ်ပြီး လန့်သွားတယ်။ ကျွန်မ လန့်သွားပုံကိုကြည့်ပြီး ခွေးကြီး Duke က တွန့်နေတဲ့ ပါးနားတွေလှုပ်သွားတဲ့ ထိရယ်တယ်။
“ ဒီလောက်ကြီးတဲ့ ခွေးတောင် မမြင်ရအောင် ဘာဖြစ်လာတာလဲ ” တဲ့။
ဟုတ်ပါရဲ့ ။  Duke က တကယ့်ကို ခွေးအကြီးကြီးမျိုး။ အကောင်အကြီးကြီးမှ  သူထိုင်နေရင် ကျွန်မ ပုခုံးနားထိ ရောက်တယ်။ ခန္ဓာကိုယ်ကလည်း အကြီးကြီး။ ကြည့်ရတာ ဒီနေ့သူ့သခင် မပါဘူး။ သူနဲ့သူ့သခင်နဲ့ ထူးခြားမှုက နှစ်ယောက်လုံး ( တစ်ယောက် တစ်ကောင်ပေါ့ ) လမ်းလျှောက်ပျင်းတာပါပဲ။ သူတို့ သူတို့ ခြံရှေ့ ပေ ၆၀လောက်ကို သုံးခေါက်လောက် လျှောက်လိုက်ရင် တော်တော်ပင်ပမ်းနေပြီထင်တဲ့သူမျိုးတွေ။
“ ငါ စဉ်းစားလာတာ၊ စကားပင်ကြီးက ပြောလိုက်တယ်။ တစ်ခါတစ်ခါ ထင်ယောင်မှားမှုတွေက ဆေး ဖြစ်တတ်ပါတယ် ဆိုလို့   .. ”
Duke က ခေါင်းခါတယ်။ ကျွန်မ ထင်တာက သူ ဒါကို လက်မခံဘူး ထင်နေတာ။ နောက်တော့မှ သိရတာက ၊ သူ လက်မခံတာမဟုတ်ဘူး။
“ ငါ နားမလည်ပါဘူး ” တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။ “ မင်းပဲ စဉ်းစားကြည့်လေ ။ သခင်က ငါ့ကို ညနေစာ အမဲသားကျွေးမယ် ထင်ထားပြီးပျော်နေတယ် တကယ်စားရတော့ ကြက်ဥ နဲ့ ပေါင်မုန့်  .. ငါ့အတွက်ကတော့ အဆင်မပြေလောက်ပါဘူးကွာ ” တဲ့။
ကျွန်မ ရယ်ပဲ ရယ်နေလိုက်တယ်။ သူ့အတွေးနဲ့သူလည်း မှန်နေမှာပဲ။ စကားပင်ကြီးလည်း သူ့ အတွေးနဲ့သူ ရှိမှာပဲ။ ကျွန်မလည်း ကျွန်မအတွေးနဲ့ ကျွန်မ ရှိမှာပဲ။ တိမ်ဖြူကလေးလည်း အလားတူ ရှိမှာပဲ။ ဘာမှပြန်မပြောဖြစ်ဘူး။ သူ့ခြံဧရိယာ ကျော်သွားတာနဲ့ သူလည်း လှည့်ထွက်သွားတာပါပဲ။ ဒီထက် ပိုလျှောက်ရင် ဘေးထွက်ဆိုးကျိုး ရှိတယ်လို့  Duke က သတ်မှတ်ထားပုံရတယ် ။ ခြေတစ်လှမ်းပိုထွက်လေ့ မရှိဘူး။ သိပ်သစ္စာရှိတဲ့ကောင်။
သီချင်းဖွင့်ပြီး နားကြပ်ကို နားမှာတပ်လိုက်တော့ တိမ်ဖြူလေးက ကြိုးစ တစ်ဘက်ကို လှမ်းဆွဲတယ်။ သူလည်း နားထောင်မယ်ပေါ့။ အစကတော့ တိမ်ဖြူလေးက ကျွန်မ နားကြပ်နဲ့ သီချင်းနားထောင်တာ၊ ဖုန်းပြောတာကို မကြိုက်ဘူး။ နားစည်ထိခိုက်တယ်တဲ့။ ခုတော့ သူတောင် ကျွန်မနဲ့ပေါင်းတာကြာလာလို့ ပျက်လာတာလား၊ ကျွန်ကို ပြောမရလို့ သူပါ အရွဲ့တိုက်ပြီး လိုက်နားထောင်နေတာလား မသိတော့ဘူး။ ဘာပဲ ဖြစ်ဖြစ် သီချင်းတွေ တူတူ နားထောင်ဖို့ အဖော်လေးတော့ ရှိနေသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သီချင်းလေးတွေ အကြောင်းပြောစရာ အဖော်တောင် မရှိတဲ့ဘဝ။
“ ဆောင်းစဝင်တော့မယ် .. နှင်းငွေ့တွေ သန်းလာပြီ ”
ကျွန်မက တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်တော့ တိမ်ကလေးက မင်း သိပ်အေးနေလား တဲ့။ ကျွန်မ အအေး မကြိုက်တာ သူသိတယ်။ တိမ်ဖြူလေးက ကျွန်မကျောပေါ်က hood ကလေးကို ခေါင်းပေါ် အသာဆွဲတင်ပေး လိုက်တော့ အေးစိမ့်နေတဲ့ နားရွက်လေးတွေ နည်းနည်းနွေးသွားတယ်။ တိမ်ဖြူလေးက ကျွန်မကို ဂရုတစိုက် ရှိသားလို့ တွေးနေတုန်း ဖြုတ်ဆို ကောင်းကင်ပေါ်ကနေ ထိုးဆင်းချလာတဲ့ ကတ္တဝါ အဖြူကြိးတစ်ကောင်က ကျွန်မကို ရယ်တယ်။
“ သိပ်အေးနေလား ဒါအစပဲ ရှိသေးတယ် ” တဲ့။
အဲဒီ ကတ္တဝါကြီးက သိပ်လှတာပဲ။ အဝါရောင် အမောက်ကလည်း လွင်လို့။ “ ကိုယ်က အအေး မကြိုက်ဘူး ကတ္တဝါကြီးရဲ့ ၊ ဘယ်ကြိုက်မလဲ ကိုယ်က နေရောင်တွေ ရှိတဲ့ အပူပိုင်းဇုံက လာတာလေ ” လို့ ပြန်ပြောတော၊့ နေရောင်ခြည်ကို မနာလိုစရာကောင်းလောက်အောင် ရရှိခဲ့သူတွေပေါ့ တဲ့။ သူ့လေသံက ချက်ချင်းပြောင်းသွားတယ်။ စောစောကလို ကျွန်မကို ရယ်သွမ်းသွေးပြီး နောက်တဲ့ လေသံမျိုး မဟုတ်တော့ဘူး။ ကျွန်မက သူ့ကို ကြည်ကြည်လင်လင် နှစ်နှစ်လိုလို ပြုံးကြည့်တော့ သူ ချက်ချင်း ကျွန်မပုခုံးပေါ် လာနားတယ်။ ဘယ်ဘက် ပုခုံးပေါ်က တိမ်ဖြူလေးကို ကြည့်ပြီး သူ့ကို မနာလိုလို့လာနားတာ လို့လည်း ရယ်ကျဲကျဲ ပြောသေးရဲ့ ။ ကတ္တဝါကြီးရဲ့ အမွေးအတောင်တွေက တိမ်တောင် တိမ်လိပ်အဖြူတွေလို ဆွတ်ဆွတ်ဖြူပြီး လှလိုက်တာ။ တိမ်ဖြူလေးကတော့ အတောင်ပံတွေ တဖျတ်ဖျတ်ခတ်ရုံနဲ့ လိုရာပျံသန်းနိုင်တဲ့ ကတ္တဝါကြီးကို ငေးလို့ ။
အရင်ရက်တွေကတော့ ဒီကတ္တဝါကြီးက  ကျွန်မကို သိပ်ပြီး တရင်းတနှီး မရှိလှပါဘူး။ မြက်ခင်းပေါ် သူနားနေတာကို ကျွန်မက ဓာတ်ပုံရိုက်ရင်တောင် ပျံထွက်ပြေးသွားတတ်တာမျိုး။ တစ်ခါမှ သူ့ပုံကောင်းကောင်းရယ်လို့ မရဖူးပါဘူး။ ခုကျတော့လည်း သူက ကျွန်မ ပုခုံးပေါ်မှာ မခန့်သား .. ဒါပေမယ့် ကျွန်မတို့ကို ဓာတ်ပုံရိုက်ပေးမယ့်လူ တစ်ယောက် တစ်လေမှ လမ်းပေါ်မှာ ရှိမနေခဲ့ပါဘူး။ လမ်းတွေအားလုံး ငြိမ်သက်သွေ့ခြောက်လို့ ။ ကျွန်မရဲ့ လုပ်ဖော် ကိုင်ဘက် ဓာတ်ပုံဆရာတွေကတော့ နေရောင်အောက်မှာ အလုပ်ရှုပ်နေကြလိမ့်မယ်ထင်တယ်။ ကျွန်မနေရာရဲ့ ရာသီဥတုကတော့ မှိုင်းမှုန်လို့။ နေရောင်လည်း မထွက်လာနိုင်သေးဘူး။
ကတ္တဝါကြီးက ကျွန်မကို “ ဧည့်သည်လေးရေ ” လို့ ခေါ်တယ်။ ပြီးမှ “ မင်း နေရောင်တွေကို လွမ်းဆွတ်နေမှာပဲ” တဲ့။ ကျွန်မ အသံမထွက်ပဲ ခေါင်းငြိမ့်လိုက်တော့ သူကလည်း အမောက်ဝါကြီး တစ်ခါခါနဲ့ ခေါင်းလိုက်ငြိမ့်တယ်။ “ တစ်ခါ တစ်ခါကျတော့လည်း ပျော်တဲ့နေရာမှမနေရတတ်ပါဘူးကွာ .. ” တဲ့။ သူက သူ့ဘာသာသူ နှစ်သိမ့်တဲ့ စကားလိုလို ကျွန်မကို နှစ်သိမ့်တဲ့ စကားလိုလို နဲ့သူ့ ဘာသာသူ ရေရွတ်ပြီးပြောတယ်။ သူလည်း တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်းပျံသန်းနေရသူပဲ။ ကျွန်မမှာ သူ့ကို ပြန်ပြောစရာ စကားလုံးတွေ အများကြီး ရှိနေပါလျက်က အေးခဲပြီး ပျော်ကျမလာတဲ့အတွက် ဘာမှပြန်မပြာနို်င်ခဲ့ဘူး။ ကောင်းသောတနင်္ဂနွေနေ့လေးပါ လို့ မဆီမဆိုင် ပြန်ပြောလိုက်တော့  သူရယ်တယ်။
ကျွန်မ ပုခုံးပေါ်မှာလည်း သူ သိပ်ကြာကြာ မနေနိုင်ပါဘူး။  ခဏနေကျ အဝေးကို ပျံထွက်သွားတော့တယ်။ သူကတော့ သူကျန်ခဲ့တဲ့ စကားကြွေးကို ရအောင် အဝေးကနေ အော်ဆပ်သွားသေးတယ်။ “ကောင်းသော တနင်္ဂနွေနေ့လေးပါ” တဲ့။ ဘယ်တော့မှ သူနဲ့ ပြန်တွေ့ရမလဲလည်း မသိပါဘူး။ ဒီခံစားမှုမျိုးက တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် တစ်စုံတစ်ရာနဲ့ ခွဲခွာရတိုင်း စိမ့်ဝင် တိုက်ခိုက်လာတတ်တဲ့ ခံစားမှုမျိုးပဲ။ ဒါပေမယ့် ကျွန်မတို့ အဲဒီခံစားမှုကြီးတွေနဲ့ပဲ ဆက်လျှောက်သွားကြရတာပဲ မဟုတ်လား။ ဘဝတွေက ရပ်ပစ်လိုက်လို့ ရတာမှမဟုတ်ပဲ။ တစ်သက်လုံး ပြန်မတွေ့ကြရတော့တဲ့ အရာတွေ ရှိသလို မကြာခဏ ပြန်တွေ့နေရတာတွေလည်း ဘဝမှာ ရှိခဲ့ကြရဲ့ မဟုတ်လား။ တိမ်ဖြူလေးလည်း မကြာခင် မိုးတွေ မှိုင်းမှုန်လာရင် ကျွန်မဆီကနေ ခဏတော့ ထွက်သွားဦးမှာပါပဲ။ အဲဒီလိုနေ့တွေကျရင် ကျွန်မ လမ်းထွက် လျှောက်ဖြစ်တော့မယ် မထင်ဘူး။
ဆက်လျှောက်လာတော့ မေပယ်ပင်ကြီးက ကျွန်မကို လှမ်းခေါ်တယ်။ လာဦး တဲ့။ ဒီမှာ မင်းစောင့်နေတဲ့ အရွက်နီလေးတွေ ကြွေနေပြီတဲ့။ အို ဟုတ်ပါရဲ့ မေပယ်ပင်ကြီးအောက်မှာ ရွက်ခြောက်တွေ၊ ရွက်ဝါတွေနဲ့ အတူ အနီရောင် အရွက်ကလေးတွေးပါ တွေ့လိုက်ရတယ်။ ကျွန်မက သူ အရွက်တွေ တဖွဲဖွဲကြွေနေတာကို တွေ့ရင် တမေ့တမော ရပ်ကြည့်နေတတ်တာ သူသိတယ်။ တစ်ခါတစ်လေ သူ အရွက်တွေကြွေတာကို ကြည့်ရင်း ကျွန်မက မဆီမဆိုင်  မျက်ရည်တွေ စိုလာတတ်သေးတာ။ တကယ်ဆို ဒါဟာလည်း ခွဲခွာခြင်း တစ်ခုပဲ မဟုတ်လား။ ဒါပေမယ့် မေပယ်ပင်ကြီးကတော့ ကျွန်မကို ပြောတယ်။ ဒါဟာ သဘာဝတရားပဲတဲ့။ လောကဓံပဲ တဲ့။ အသစ်ရောက်လာမယ့် အရာတွေကို ကြိုဆိုကြရဦးမယ် တဲ့။ အသစ်တွေ ရောက်လာဖို့အတွက် အဟောင်းတွေကဖယ်ပေးရတာကလည်း သဘာဝပဲ တဲ့လား။ ကြည့်အတွက် သစ်ရွက်ကြွေတွေကို ကုန်းကောက်လိုက်တဲ့အခါ သစ်ရွက်ကြွေတွေပေါ် မျက်ရည်တစ်စက် ကျသွားတယ်။ တိမ်ဖြူလေး မမြင်လိုက်ဘူးထင်တာပါပဲ။ သစ်ရွက်ကြွေကောက်တာ လိုတာထက် အချိန်ပိုကြာသွားတဲ့ အခါမှာတော့ တိမ်ဖြူလေးက ပြောတယ်။
“ ရာသီဥတုက အေးနေပြီ မင်း လှုပ်ရှားမှု မရှိပဲ အဲလို ငြိမ်လိုက်ရင် အအေးပတ်သွားလိမ့်မယ် ” တဲ့။
တိမ်ကလေးကို ကျွန်မ သိပ်ချစ်တာ အဲဒါပါပဲ။ သူကအရာရာကို သိပြီး လိုက်သတိပေးနေတတ်တယ်။ ကျွန်မနား မရိုးသားတဲ့ မိတ်ဆွေတွေရောက်လာရင်လည်း သူပဲ အရင်ဆုံး သတိပေးတတ်တယ်။ ဘယ်တော့မှလည်း မှားတယ် မရှိဘူး။ အမြဲတမ်း မှားနေတာက ကျွန်မသာပါပဲ။ လူတွေရဲ့ မျက်ဝန်းထဲက ရာသီဥတုတွေကို ကျွန်မက မခန့်မှန်း မချင့်ချိန်တတ်သူလေ။ ကျွန်မ နောက်ကျောက ဓားတွေကိုလည်း တိမ်ဖြူလေးက စိတ်မသက်မသာ ဖြစ်နေတတ်ပြန် တယ်။ တကယ်ဆို ဒါတွေက သူအတန်တန် သတိပေးနေလျက်သားနဲ့ ထပ်မရောက်လာသင့်ဘူးတဲ့။ သိပ်မှန်တာပေါ့။ ဒါပေမယ့် ကျွန်မက ခုထိ အားနည်းစွာ အားနာတတ်နေတုန်း။
သစ်ရွက်ကလေးတွေကို လက်ကကိုင်ပြီး ကျွန်မဆက်လျှောက်လာခဲ့တယ်။ Rex Road ဟိုမှာဘက်ဆီကို ကျော်သွားပြီ ဆိုရင် ကြားနေကျ ကျီးသံတွေကို ကြားလိုက်ရတယ်။ ဒီရောက်စက သူတို့အော်တာကို ကလေးတွေ အော်ငိုတဲ့ အသံလို့ ထင်တာ။ အော်ပုံက ကျွန်မတို့ဆီက ကျီးတွေနဲ့ မှမတူတာ။ သီချင်းနားထောင်နေတဲ့ တိမ်ဖြူလေးတောင်မှ သူ့ အော်သံကြောင့် ဘေးဘီကို လှည့်ကြည့်တယ်။ ကျီးကန်းကြီးကို ရှာနေပုံပဲ။
“ ကြားရတာ အဆင်မပြေလိုက်တာဟာ။ ခဏလောက် မအော်ပဲ နေရင်ကောင်းမှာပဲ ”
ကျွန်မက ကိုယ့်ကိုယ်ကို ပြောသလို တီးတိုးရေရွတ်မိတော့ ရုတ်ကနဲ ကျွန်မရှေ့ကို ကျီးတစ်ကောင် ထိုးဆင်းချလာတယ်။ ကျွန်မတောင် လန့်ပြီး ခြေတစ်လှမ်းဆုတ်လိုက်မိရဲ့ ။ သူက ပြောတယ်။
“ ငါက မင်းကို ဘာမှမလုပ်ပါဘူး။ မင်းပဲ ငါ့ကို မအော်ပဲ နေရင်ကောင်းမှာပဲ လို့ သူတစ်ပါး အခွင့်အရေးကို စွက်ဖက်တာပါ ”  တဲ့။  သူ့လေသံက မကျေနပ်တာ အထင်းသား ။ ဒီတော့လည်း ကျွန်မက အားနာတတ်သူပီပီ
“ မဟုတ်ပါဘူး။ မင်းအော်တဲ့အသံက ငါတို့ဆီက ကျီးတွေ အော်တာနဲ့မတူလို့ ” လို့ ပြန်ပြောလိုက်မိတယ်။ တကယ်လည်း တူမှမတူပဲ။ သူတို့ အော်သံက ကလေးတွေ အော်ဟစ် ငိုယိုနေတာနဲ့ တူတယ်။
“ တူမလား ငါက မင်းတို့ဆီက ကျီးတွေနဲ့မှ မတူတာ ၊ ငါက Raven သူတို့က Crow တွေ .. ”
“ ဒါပေမယ့် ကျီးတွေပဲ မဟုတ်ဘူးလား ”
“ ငါတို့က တောကျီးကန်းဆိုတော့ ရိုးရိုးသားသားပဲ အော်တတ်တယ်။ မင်းသိတာပဲ ငါတို့အော်တာ သိပ်ကိုအပြစ်ကင်းတဲ့ ကလေးတွေ အော်ဟစ် ငိုနေသလိုပဲ ။ မင်းတို့ တိုင်းပြည်က ကျီးကန်းတွေကတော့ မြို့ကျီးကန်း ဆိုတော့ လှတပတ အာပြတတ်တာပေါ့ ၊ ငါတို့လို မရိုးသားဘူး ”
သူ့စကားကြောင့် ကျွန်မ မျက်လုံး အဝိုင်းသားနဲ့ နည်းနည်းတွေသွားရတယ်။ သူပြောတာ ဟုတ်မလားမသိဘူး။ ကျွန်မက Raven နဲ့ Crow လည်း စာအုပ်ပေါ်မှာပဲ မြင်ဖူးတာ။ ခွဲမှ မခွဲတတ်ပဲ။ တစ်ခုပဲ။ သူ့ ကြည့်ရတာ ရန်ကုန်က ကျီးကန်းတွေမှာ တွေ့ရတတ်တဲ့ မျက်ကလဲဆန်ပြာ သူခိုး မျက်စိမျိုး သူတို့ မှာ မရှိဘူး။ လူတွေကို အနည်းငယ် မသင်္ကာရိပ်သန်းတဲ့ အကြည့်နဲ့ ကြည့်တတ်တာကလွဲရင် သူတို့ကို ကြည့်ရတာ တော်တော်အေးချမ်းတယ်။ ဟိုက ကျီးတွေလို သောက မများဘူး။
“ ဒါကတော့ သူတို့ခမျာ သောကများရှာတယ်လေ ” လို့ ကျွန်မက ဘက်လိုက်ပြိး ပြောဖြစ်အောင် ပြောလိုက်သေးတယ်။ ကျွန်မက ကျွန်မတိုင်းပြည်လေးနဲ့ ပတ်သက်လာရင် ဘာမဆို ဘက်လိုက်ချင်တတ်တဲ့ သူလေ။ တိမ်ဖြူလေးကတော့ ကျွန်မကိုရယ်တယ်။ နင်က နင့်ဆီက ကျီးကန်းကပို အသံသာတယ်လို့ ဘယ်လိုမှ သာယာနာပျော်ဖွယ် မရှိတဲ့ ကျီးအာသံတောင် အသာပြိုင်ချင်နေတဲ့သူမျိုးတဲ့။ ဘာတတ်နိုင်မလဲ။ ကိုရွှေတောကျီးကန်း ကတော့ ဒီတိုင်း ပျံမထွက်သွားပါဘူး။ စကားလေး တစ်ခွန်းတော့ ရအောင် ပြောသွားသေးတယ်။
“ ဒီလိုပါပဲ။ လောဘများသူတွေက သောကများကြရတာပါပဲ ” တဲ့။
သူ့ကို ကြည့်လိုက်တော့ အဝေးကြီးကို ပျံထွက်ပြေးသွားပြီ။ ကလေးတစ်ယောက် အော်ကြီးဟစ်ကျယ် အော်ငိုနေသလို တမင် သံရှည်ဆွဲပြီး အော်သွားသေးတယ်။ သူ့ အသံဝေးသွားတော့ တိမ်ဖြူလေးက ကျွန်မကို ရယ်တယ်။ ငပေါမလေး တဲ့။ သူ့ တိုင်းပြည်က ကျီးကန်းတွေကပဲ သောကများရသေးတယ် ဆိုပြီး မခံချင်အောင်ပြောပြီးရယ်တယ်။ ကျွန်မကလည်း ကျွန်မပဲ ဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။ ဒါပေမယ့် ဒီတိုင်းတော့ ငြိမ်မနေနိုင်ပါဘူး။ ကျွန်မ  မျက်စောင်းထိုးပြီး တိမ်ကလေးကို ဆဲရေးနေကျအတိုင်း ခပ်တိုးတိုး ဆဲရေးလိုက်တယ် ဆိုရင်ပဲ တိမ်ကလေးက တဟားဟား ထရယ်တော့တာပါပဲ။ တိမ်ဖြူလေးက ကျွန်မ အဲလိုဆဲရင် သိပ်သဘောကျတာလေ။ ကျွန်မ စိတ်တွေ နိုးထ သက်ဝင်လာသလို ခံစားရတယ်လို့ သူယုံကြည်ထားပုံပဲ။
မြက်ခင်းလေးထဲမှာ အစာကောက်နေတဲ့ ibis ကြီးတွေ တိမ်ကလေးရဲ့ ရယ်သံကို ကြားသွားပုံပဲ။ အဝေးကနေ လှမ်းနှုတ်ဆက်တယ်။ ကောင်းသော တနင်္ဂနွေနေ့ပါ တဲ့။ ဟော … ဒါဆို ဒီနေ့ဟာ တနင်္ဂနွေနေ့ ဖြစ်ကြောင်း သေချာလာသလိုပဲပေါ့။ ကောင်းသော တနင်္ဂနွေနေ့ပါ ibis ကြီးရေ လို့ ကျွန်မလည်း အတိအကျ ပြန်နှုတ်ဆက်လိုက်တယ်။ ibis ကြီးက မင်း ဘုရားကျောင်းမသွားဘူးလား သိုးမည်းမလေးရေ တဲ့  .. ကျွန်မကို နှုတ်သီး ရှည်ကောက်ကောက်ကြီးတွေနဲ့ ကျီစယ်တယ်။ သူ့ ကျီစယ်မှုက ကျွန်မကို တည့်တည့်ကြီး မှန်တော့တာပါပဲ။ သူ အစာကောက်နေတဲ့ မြက်ခင်းလေးဘေးမှာ ဘုရားကျောင်းလေး တစ်ကျောင်းရှိနေတယ်။ အမိုးချွန်ချွန် အဆောက်အဦဝိုင်းဝိုင်း မှန်သားအပြည့် နဲ့ ဘုရားကျောင်းလေးက သိပ်လှတာပဲ။ ဒါပေမယ့် တစ်ခါပဲ ကျွန်မ ရောက်ပြီး နောက်မရောက်ဖြစ်တော့ဘူး။ အထဲမှာ ဆရာ Paul John မှ မရှိပဲ။
အရင်နှစ်ကတော့ ငါလည်း သိုးဖြူလေးပါပဲ ibis ကြီးရာ .. တိမ်ဖြူလေးသိပါတယ် နော် .. လို့ ibis ကြီးကို ပြန်ပြောရင်း တိမ်ကလေးကိုပါ အဖော်ညှိလိုက်မိတယ်။ တိမ်ဖြူကလေးက သူ အာရုံဦး မနက်တိုင်းရောက်နေကျပါ လို့ ထောက်ခံပေးရှာတယ်။ ibis ကြီးကတော့ စိတ်မကောင်းဖြစ်သွားပုံနဲ့  အို God is everywhere ပါလို့ နှစ်သိမ့်တယ်။ ပြီးတာနဲ့ နောက်တနင်္ဂနွေကျ တွေ့သေးတာပေါ့ လို့ ပြောပြီး သူ့ အဖော်တွေကိုခေါ်လို့ ဆက်လက်ပျံသန်း သွားလေရဲ့။ သူတို့ ဘယ်ဆီသွားကြမလဲ ကျွန်မတို့ မသိသလို ကျွန်မတို့ ဘယ်ဆီ ဆက်လျှောက်သွားမယ် ဆိုတာလည်း သူတို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အားလုံးဟာ ကိုယ့်လမ်းကလေးကိုပဲ ကိုယ်အာရုံစိုက်ပြီး လျှောက်လှမ်းနေကြရတာကိုး။ ibis ကြီးတွေ ပျံသန်းသွားတဲ့ ကောင်းကင်ပြင်ကို ကျွန်မ ရပ်ငေးနေမိတယ်။ ကောင်းကင်ကြီးကတော့ ကျွန်မလိုပဲ ပြာစင်စွာ အထီးကျန်လို့ ။
“ ဟော .. ရပ်နေပြန်ပြီ။ မအေးဘူးလား ။ မင်း ကြည့်ရတာ လျော့တိလျော့ရဲ ဖြစ်လာပြီ။ မင်း ကော်ဖီသောက်မလား ” တိမ်ကလေးက စိုးရိမ်တကြီး မေးရင်း အကြံပေးတယ်။ သူပြောမှ သတိရတယ်။ Rex နဲ့ Birdwood ထောင့်မှာ ကော်ဖီဆိုင်လေး တစ်ခုရှိနေတာ။ ကျွန်မ တစ်ခါမှ မထိုင်ဖူးပါဘူး။ ရန်ကုန်က ကော်ဖီဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေလို ပျော်စရာကောင်းမှာမဟုတ်ဘူးလို့ ထင်သလို အတူထိုင်ဖို့ အဖော်လည်း တစ်ယောက်မှ ရှိမနေခဲ့ဘူးလေ။ ငါ တစ်ယောက်တည်း မထိုင်ချင်ပါဘူး လို့ ပြောတော့ တိမ်ဖြူလေးက ငါရှိတယ်လေ တဲ့။ အို . ဟုတ်သားပဲ။ ကျွန်မ တိမ်ဖြူလေးနဲ့ ကော်ဖီဆိုင် ထိုင်လို့ ရတာပဲ။ တိမ်ဖြူလေးကို ကျေးဇူးတင်လိုက်တာ။ ကော်ဖီဆိုင်က အပြင်ထုတ်ထားတဲ့ နေရောင်နုနုလေးတွေအောက်က စားပွဲလေးမှာ ကျွန်မတို့ အတူထိုင်လိုက်ကြတယ်။ ကော်ဖီ နှစ်ခွက်လို့ ကျွန်မက မှာတော့ ဆိုင်ရှင်က ကျွန်မတို့ကိုကျော်ပြီး နောက်ကို လှမ်းကြည့်တယ်။ ဘယ်သူများ ပါသေးလဲ ပေါ့။ ညံ့လိုက်တဲ့ လူကြီးနှယ့်။ ကျွန်မပုခုံးပေါ်က တိမ်ဖြူလေးကို ရှင်မတွေ့ ဘူးတဲ့လား … ။
ကော်ဖီဆိုင်ကလေးမှာ ထိုင်ပြီး တိမ်ဖြူလေးနဲ့  ကျွန်မ စကားတွေ တမေ့တမော ထိုင်ပြောကြတယ်။ အချိန် နာရီတွေကို ရေတွက်ကြတယ်။ နောက်ပြန်လှည့်လို့ မရတဲ့ ကံတရားကို ခပ်ဆဆလေး ဆင်ခြင်ကြည့်ကြတယ်။ မမြင်ရတဲ့ အနာဂါတ်ကိုတော့ ကျွန်မတို့ ဘာသိဘာသာလုပ်ပြီး ရှောင်လွှဲနေလိုက်ကြတာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။ တိမ်ဖြူလေးက ကျွန်မထက် အများကြီး လက်တွေ့ကျပြီး အရာရာကို ခေါင်းအေးအေး ဖြေရှင်းတတ်တယ်။ တကယ်တမ်း သွေးပူတတ်သူက ကျွန်မပါ။ ဒါပေမယ့် ရေခဲမြစ် တစ်စင်းလို အေးခဲနေတဲ့ ဘဝထဲ အပူစ တစ်စ ဖြတ်ဝင်ပြီဆို သိပ်တော့ မသိသာလှဘူးလို့ ပြောရင်ရမလား .. ကျွန်မ သွေးပူတာကို တိမ်ဖြူလေး တစ်စင်းပဲ သိတာပါ။ ဘယ်သူမှ မသိလိုက်ကြဘူး။ အများအမြင်မှာတော့ ကျွန်မက သွေးအေးသူပေါ့။
ကော်ဖီသောက်ပြီးတယ်ဆိုရင်ပဲ ကျွန်မ ဖုန်းခေါ်ကြည့်တယ်။ နံပါတ်တွေ တစ်ခုပြီး တစ်ခု။ မိတ်ဆွေ ဆိုတဲ့ သူတွေ တစ်ယောက်ပြီးတစ်ယောက်။ ဘယ်သူမှ ဖုန်းကိုင်မယ့်သူ မရှိဘူး။ ဒါနဲ့ ကျွန်မတို့ ထိုင်ရာက ထထွက်လာခဲ့ကြပြီး တစ်နေရာပြီး တစ်နေရာ လျှောက်သွားနေလိုက်တယ်။ ဘယ်သူမှလည်းမတွေ့ ခဲ့ဘူး။ နောက်ဆုံး ကျွန်မတို့ အိမ်ပြန်လာခဲ့ကြတယ်။ အိမ်ထဲမှာလည်း ဘယ်သူမှ ရှိမနေဘူး။ ဒီနေ့ တနင်္ဂနွေဆိုတော့ အားလုံး အပြင်သွားကြတယ် ထင်ပါရဲ့ ..။ တိမ်ကလေးကတော့ ကျွန်မကို အိမ်ထဲမှာ စိတ်ချလက်ချထားသွားခဲ့ပြီ။ မီးဖိုချောင်ထဲ ဝင်လာတော့ စားပွဲပေါ်မှာ စားစရာတစ်ချို့ တင်ထားတာ တွေ့ရတယ်။ ရာသီဥတုနဲ့ အပြိုင် အေးစက် နေမယ့် ညနေစာကို ကျွန်မ ထားရစ်ခဲ့လိုက်တယ်။ ကျွန်မမှာက လင်းဒီပလို စားပွဲပေါ်မှာ သူငယ်ချင်း လို့ ခေါ်လိုက်ဖို့ ပန်းအိုးလေး တစ်အိုးတောင် ရှိမနေခဲ့ဘူးမဟုတ်လား။
ဒီလိုနဲ့  ပိတ်ထားခဲ့မိတဲ့ ကျွန်မရဲ့ ညနေခင်းကလေးကို စိတ်မသက်မသာနဲ့ပဲ ချောက်ကနဲ လှမ်းဖွင့်လိုက်မိတယ်။ ပြတင်းပေါက်တွေ တစ်ပေါက်ပြီး တစ်ပေါက် ..။ အရိပ်တွေ တစ်ခုပြီးတစ်ခု။ ကျွန်မဆီ ဆင်းအန်ကျလာတယ်။ တချို့ အရိပ်တွေက အားဆေးနဲ့ တူပြီး တချို့ အရိပ်တွေက ဘေးထွက်ဆိုးကျိုးများတဲ့ အသက်ကယ်ဆေးတွေနဲ့ တူတယ်။ တချို့ အရိပ်တွေကတော့ အမှိုက်သက်သက်ပါပဲ။ အမှိုက်တွေကို အသာခပ်ဆယ်ထုတ်ပစ်လိုက်ပြီး ရေကြည်ကြည်တွေကို အငန်းမရ မော့သောက်လိုက်မိ ပြန်တယ်။ ပွင့်နေတဲ့ ညနေခင်းကတော့ ကျွန်မကို မနှစ်မျို့သလို ကြည့်နေတုန်း။ ဘာတတ်နိုင်မလဲကွယ်။ တစ်ရံတစ်ခါဆီကျရင်တော့ ကျွန်မ အမှိုက်တွေမပါတဲ့ ရေကြည်ကြည်တွေချည်း သောက်ခွင့်ရပါလိမ့်မယ် ။ ထင်တယ်။
ကျွန်မ နားထဲမှာတော့ အသံတွေ။ အသံတွေ။ ရုတ်တရက်တော့ ကျီးသာသံတွေပဲ ကြားလိုက်ရသလို .. ဓမ္မတေးသံပြိုင်တွေ ကြားလိုက်ရသလို ..။ လက်ဘက်ရည်ဆိုင်တွေဆီက ပျံ့လွင့်လာတတ်တဲ့ သီချင်းသံတွေကိုပဲ ကြားလိုက်ရသလို..။ ကျွန်မ မိတ်ဆွေတွေရဲ့ အော်ဟစ် ငြင်းခုန်သံတွေကိုပဲ ကြားလိုက်ရသလိုလို။ နောက်တော့လည်း အရာအားလုံးက တိတ်ဆိတ်လို့။ ကျွန်မ အသက်ရှူသံတောင် ကျွန်မ ပြန်မကြားရတော့ဘူး။ နောက်ဆုံးတော့လည်း ထုံးစံအတိုင်းပါပဲ။ ကျွန်မ ပြက္ခဒိန်တွေကို စိတ်လိုလက်ရ ဆုတ်ဖြဲပစ်လိုက်တော့ နောက်ထပ် တနင်္ဂနွေတစ်ခု ခပ်လှမ်းလှမ်းမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ နောက် တနင်္ဂနွေတွေမှာလည်း ကျွန်မ တိမ်ဖြူလေးကို ခေါ်ပြီး လူသူမရှိတဲ့ လမ်းမတွေပေါ် လှမ်းလျှောက်နေမိဦးမလား။ မသေချာဘူး။ တိမ်မဲညိုတွေ မှုန်မှိုင်း အုံ့ဆိုင်းနေတယ်ဆိုရင်တော့ ကျွန်မ လမ်းထွက်လျှောက်ဖြစ်လိမ့်မယ် မထင်ဘူး။ မမြင်ရတဲ့ စိတ်ထဲက ရေတွင်းလေးဆီ ငုံ့ကြည့်လို့ နှင်းရေ လို့ အော်နေမိလိမ့်မယ်။ နေရောင်တွေ လတ်ဆတ်နေတဲ့ နေ့တွေဆိုရင်တော့ တိမ်ဖြူလေးနဲ့ အတူ လမ်းတွေကို ဆက်လျှောက်နေမိမှာပေါ့။ စကားပွင့်ကြွေတွေကို ကောက်ရင်း၊ ရွက်ကြွေတွေ ကောက်ရင်း၊ ကတ္တဝါကြီးနဲ့  စကားစမြည်ပြောရင်း ၊ ကျွန်မကို စောင့်နေမယ့် ibis ကြီးကို နှုတ်ဆက်ရင်း ဘယ်တော့မှ မကိုင်တဲ့ ဖုန်းတွေကို ခေါ်ကြည့်ရင်း ၊ ဘယ်သူ မှ မရှိတဲ့ နေရာတွေကို တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်ကြည့် နေမိရင်း ……….
ဟော .. ညနေခင်း မြူတွေ သဲသဲလှုပ် ပြိုကျလာပြန်ပြီ။ အဲဒီ တနင်္ဂနွေရောင် မြူငွေ့ တွေနဲ့အတူ ညိုကျ ပျောက်ဆုံးသွားတော့မယ့် တနင်္ဂနွေနေ့လေးက ကျွန်မကို ငေးကြည့်နေတယ် ..။ မကြာခင် ပြန်ဆုံကြမှာပါကွာ လို့ ခပ်တည်တည်နဲ့ လူတတ်ကြီး လုပ်ပြီး နှစ်သိမ့်မိတော့ တနင်္ဂနွေနေ့လေးက ပြောတယ်။ နောက်တစ်ခါ တွေ့မယ့် တနင်္ဂနွေဟာ ငါဖြစ်လိမ့်မယ်လို့ မင်းယုံကြည်လို့ လားတဲ့။ အသေးစား ငလျင်တစ်ခု ဖြတ်သန်းသွားသလို ကျွန်မ အကြီးအကျယ် တုန်လှုပ်သွားတယ်။  ထုံးစံအတိုင်း ဘယ်သူမှ မသိလိုက်ဘူး။ ဒါပေမယ့် အဲဒီတနင်္ဂနွေနေ့က စလို့ ကျွန်မ သွေးအေး မာကျောဟန်ဆောင်ထားတဲ့ အကြည့်တွေနဲ့ တနင်္ဂနွေတွေကို မယုံသကာင်္ လိုက်ကြည့်နေမိတော့တယ်။
မနော်ဟရီ
၂၁.၅.၂၀၁၃





2 Comments:

မိုးငွေ့........ said...

အမစာတွေမဖတ်ရတာကြာလို့ ဒီမနက်အလုပ်မလုပ်သေးဘဲ တမေ့တမောကြီးဖတ်နေမိတာ... ဒီနေ့တနင်္ဂနွေနေ့မဟုတ်ဘူးဆိုတာ သိနေခဲ့တယ်..... ထင်ယောင်ထင်မှားမှုဆိုတာ တခါတခါတော့ လူတွေရဲ့စိတ်ကို သက်သာရာရစေတာပဲနော်

သက်ဝေ said...

စားပွဲပေါ်မှာ သူငယ်ချင်း လို့ ခေါ်လိုက်ဖို့ ပန်းအိုးလေး တစ်အိုး ရှိနေဖို့ အတွက် ပန်းအဝယ်ထွက်လိုက်အုံးမယ်... ဒီနေ့ တနင်္ဂနွေနေ့...