တစ်ရံခါဆီ ဖေဖော်ဝါရီဟု ….

Thursday, February 10, 2011

မနှစ်တုံးဆီက .. လို့ အစချီရတော့မယ် ထင်တယ်။ မနှစ်က သားဇက် မွေးနေ့မှာ အမှတ်တရ ပို့စ်လေး တစ်ခုရေးခဲ့တယ်။ မေတ္တာတရားရဲ့ နဂိုနေရနံ့ တဲ့။ ပြန်ဖတ်ကြည့်တော့ အောက်က ကွန်မင့်တွေ ကြည့်ပြီး နည်းနည်း ပြုံးမိတယ်။ ကိုတင်မင်းထက်တို့ ကြည့်ရှုစောင်မ အားပေးမှုနဲ့ မောင်ဇက်တို့ သူ့မှာရှိတဲ့ အစွမ်းအစ တွေကို ထုတ်ဖော်လိုက်တာ။ ဒီနှစ်မှာတော့ ဖေဖော်ဝါရီဟာ သူ့အတွက် မွေးနေ့တင် မဟုတ်တော့ဘူး။ လာမယ့် ၁၄ ရက်နေ့ဟာလည်း အဓိပ္ပာယ်ရှိလာကြောင်း တင်မင်းထက် အပါအဝင် လူတော်တော်များများကို သက်သေပြနိုင်ပါပြီ .. J မေရေ သားတော့ မိန်းကလေး တစ်ယောက်ကိုချစ်နေမိပြီထင်တယ် လို့ ဖုန်းလှမ်းပြောတဲ့ညက အစ်မမေငြိမ်းရဲ့ ဝတ္ထုလေးတောင် သွားသတိရတယ်။ အမေ ကန္တာရရေကြည် တစ်ပေါက် သားသောက်မိပြီ .. ဆိုတဲ့ စကားလုံးလေးကိုလည်း သွားသတိရတယ်။
တစ်ခုပါပဲ။ မနှစ်က ပို့စ်ကလေးကိုတော့ သူ့ကောင်မလေး မမြင်ဖို့ လိုတာပေါ့နော်. အကွဲသည်းတဲ့ အကြောင်းတွေ၊ old story နဲ့ old flame ကဗျာတွေကိုမြင်ရင် အမေပါ ကြံရာပါ ဖြစ်နေမှာစိုးလို့ပါ ..။ အမယ် ခုဆို FB က Relationship Status မှာ In a relationship with .. ဆိုပြီး ကြော်ငြာဝင်ထားတာတောင် အတော်ကြာနေပြီ။ ဓာတ်ပုံတွေ ဘာတွေနဲ့လည်း မယုံမှာ စိုးလို့ သက်သေပြထားသေးတယ်။ J
ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ကတော့ သူ့အတွက် အရမ်းကို အဓိပ္ပာယ်ရှိတဲ့ နှစ်တစ်နှစ် ဖြစ်မှာ အသေအချာပါပဲ။ အစဉ်အလာတစ်ခုလိုတောင်ဖြစ်နေတဲ့ စကားတစ်ခွန်းနဲ့ပဲ သူ စွံသွားတာ ဆိုရင် အားလုံးယုံကြမှာပါ။ ဘာစကားလဲ ဆိုတာတော့ လင်းဒီပ တို့ မောင်ဖိုးစိန်တို့ မောင်မိုးကုတ်သားတို့ ရီနိုမာန် တို့ တိုးတိုး တိတ်တိတ် လာမေးနိုင်ရန် ချန်လှပ်ထားလိုက်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်လည်း သူ့အန်တီဂျူ့ဆီ လက်သိပ်ထိုး လှမ်းမေးနိုင်ပါသေးတယ်။ အမြန်ဆုံး စွံနည်းပေါ့နော် .. J
တကယ်က သူ့ကို ဒီနှစ် ဘာလက်ဆောင်မှ ပေးစရာတောင် လိုမှာ မဟုတ်ဘူးလို့ တွေးတာပါ။ သူလိုချင်တာ ကရနေပြီကိုး ..။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကဗျာတစ်ပုဒ်ရေးဖြစ်သွားတဲ့အတွက် အဲဒီကဗျာလေးကိုပဲ ပေးလိုက်ပါတယ်။
မနက်က အလုပ်လုပ်ရင်း ဖေဖော်ဝါရီတိမ်စိုင်တွေကို မော့ကြည့်လိုက် … ဆိုတဲ့ သီချင်းလေး တစ်စက အလိုလို ခေါင်းထဲဝင်လာတယ်။ ကိုကျော်အောင် (ကေအေတီ) တို့ ၁၉၉၆ ဆီက လုပ်ခဲ့တဲ့ စုံတွဲအခွေထဲက သီချင်းလေးပါ။ အဲဒါကို သတိရပြီး ကဗျာလေး တစ်ပုဒ်ရေးဖြစ်သွားခဲ့တာပါ ။ ကဗျာက အဲဒီသီချင်းနဲ့ဘာမှ မဆိုင်သလို သားဇက် မွေးနေ့နဲ့လည်း ဘာမှ မဆိုင်ပါဘူး။ ကိုယ့်ဘာသာကိုယ်ရလာတဲ့ inspiration သက်သက်ပါ။ ဒါပေမယ့် ဒီကဗျာလေးကိုပဲ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ မွေးနေ့ကဗျာ မဟုတ်တဲ့ မွေးနေ့လက်ဆောင် ကဗျာမို့ ကျေနပ်လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။ ပျော်ရွှင်ဖွယ် ကောင်းသော မွေးနေ့ရက်နဲ့ နောင်လာမယ့် နေ့ရက်များစွာကို ချစ်သော ရည်မွန်နဲ့အတူ ထာဝရ လျှောက်လှမ်းနိုင်ပါစေလို့ .. ဆုတောင်းပေးလိုက်ပါတယ်။
( ကဗျာနဲ့အတူ ပူးတွဲပေးလိုက်တဲ့ Cheque လက်မှတ်ကိုတော့ amount ရေးမထားပါဘူး။ ( ရည်မွန့် ကိုတစ်ဝက်ခွဲပေးလိုက်ပါ ..) J)

တစ်ရံခါဆီ ဖေဖော်ဝါရီဟု ….

ညနေခင်းကောင်းကင်ဆီမှာ ခရမ်းရောင်ဗျိုင်းတစ်အုပ်ပျံသန်းသွားကြတဲ့အခါ
ဒါဟာ ဖေဖော်ဝါရီ ဆိုတာပဲလို့ မေမေက ဆိုတယ်။
မေမေ့ ဒိုင်ယာရီထဲမှာတော့ ဖေဖော်ဝါရီ ဆိုတာ နတ်ဆိုးတစ်ကောင်လိုပဲ မင်နီတွေခပ်များများနဲ့
အဲဒီ နီကျင်ကျင်စာမျက်နှာတွေကို မီးရှို့သုတ်သင်ပစ်လိုက်တုန်းက
ကျွန်မက အဝါရောင်အငေးတွေနဲ့ ခပ်လေးလေးတွေးလို့ .. ဘာကိုမှန်းတော့မသိဘူး ..
မီးခိုးငွေ့တွေကလွင့်ပါးပြီး တိမ်တိုက်တွေဖြစ်သွားတဲ့အခါ ..
မေမေ့မျက်ဝန်းတွေက ပြာလွင်လာပြီး တိမ်တွေကိုယ်စား ရှိုက်ကြီးတငင်ငိုတယ်
သူတို့တွေကို သနားလို့ ဆိုပဲ … ကျွန်မနားလည်ချင်ယောင်ဆောင်ပြီးခေါင်းညိမ့်ပြခဲ့ဖူးတယ်..

အသံတိတ်သင်ကြားမှုတွေကိုနာယူဖို့ ကျွန်မတို့ နှလုံးသားနံရံတွေက အထူးအပါးညီဖို့လိုတယ်
ဒီစာသားကို ခဏခဏ ချချရေးနေခဲ့ဖူးပြီး ဘယ်တုန်းကမှ မလိုက်နာခဲ့ဖူးတဲ့ကျွန်မက
ဆေးစပ်အသစ် အရောင်တွဲအသစ်တွေနဲ့ ဖေဖော်ဝါရီကိုချစ်ကြည့်ဖို့ ကြိုးစားတော့ မေမေကရယ်တယ်..
မေမေ့ရယ်သံတွေက ဖန်တံတံ အငွေ့အသက်တွေနဲ့ ..ဓာတ်ခွဲစူးစမ်းကြည့်ဖို့တော့ အချိန်မရခဲ့လိုက်ဘူး
အဲဒီအချိန်မှာ ကျွန်မက မှော်ဆရာနဲ့ ကျမ်းတစ်အုပ်နဲ့ မန္တာန်ကြိုးရှုပ်တွေကြားမှာ အရုပ်ဖြစ်နေတဲ့အချိန်
သိဟ်ရာသီရဲ့ နက္ခတ်ရုပ်နဲ့ ကောင်းကင်ကိုမေ့ပြီး ဟန်လုပ်ပျော်မောနေမိတဲ့ အချိန် …
စိုးရိမ်ထိတ်လန့်သံတွေကို မသိကျိုးကျွံပြု ဟားတိုက်ရယ်မောပစ်နေမိတဲ့အချိန် ..
အငြိမ်မနေတတ်တဲ့ ရော်ရွက်ကြွေတွေကိုတောင်မှ ချစ်မြတ်ရိုကျိုးနေမိတဲ့ အချိန် …
တိမ်တွေလိုပဲ ယောက်ယက်တွေခတ်လို့ … အရောင်ပြောင်းဖို့မေ့နေခဲ့တာလေး တစ်ခုပါပဲ …

Fast ခလုတ်ကို နှိပ်လိုက်တဲ့အခါ အရုပ်တွေ ခုန်ပျံကျော်လွှားပြီး သက္ကရာဇ်တစ်ခုဆီ ရပ်တံ့သွားတဲ့ခါ
ဖေဖော်ဝါရီဟာ ဟန်ကျပန်ကျနဲ့ ပြန်ပေါ်လာတယ် .. မယုံနိုင်စရာ ပန်းသွေးရောင် တလက်လက်ထ လို့ …
အရင့်အရင် ဝိုင်ခွက်တွေအတိုင်း မာရ်နတ်တစ်ပိုင်း ဘုရားတစ်ပိုင်း ပုံရိပ်တွေ လှိုင်းထလို့ ..
မေမေ .. လို့ ကျွန်မအော်ခေါ်လိုက်မိတဲ့အခါ … ခရမ်းရောင်ဗျိုင်းတစ်အုပ် ထပျံသွားရဲ့..
အနက်ရောင်ကျောက်တုံးနှစ်တုံးကို ပွတ်တိုက်ပစ်လိုက်တဲ့အခါ မီးတောက်တွေဖြာကျလာတယ် .
ကိုယ့်ကိုယ်ကို သီချင်းတအေးအေးနဲ့ မီးတင်ရှို့ပစ်လိုက်ပြီး ထိုင်ကြည့်နေတော့ ..
သားကြီးက ငြိမ်းချမ်းခြင်း တရားတော်ထဲက စကားလုံးတွေကို မီးခိုးငွေ့တွေဆီပစ်တင်ပေးတယ်
သားကလေးကတော့ ကျွန်မငယ်ငယ်ကလိုပဲ ခေါင်းတညိမ့်ညိမ့်နဲ့ သွေးအေးဟန်ဆောင်လို့ ..
မီးတောက်တွေရဲ့ ပေါ့ဆမှုကြောင့် မျက်ရည်တွေပြာကျမသွားခဲ့တာကိုတော့ …
ကျွန်မကိုယ်တိုင်တောင် သတိမထားလိုက်မိပေမယ့် မေမေကတော့ သိသွားခဲ့ပုံပါပဲ …

အဲဒီနေ့ကစလို့ .. မေမေနဲ့ ကျွန်မတို့သားအမိတွေ ..လမ်းလျှောက် မထွက်ဖြစ်ကြတော့ဘူး

............
မနော်ဟရီ


February


လွမ်းဆွတ်သူများ
လွမ်းသူ့ပန်းစည်းများဖြင့်
ချစ်ခင်သူများ …
ဆိပ်ဖလူး အနမ်းများဖြင့် …
သံသရာ တစ်အိမ်တက်တစ်အိမ်ဆင်း ……..
ချစ်ခြင်း၏ ချောကလက်ရောင်စဉ်များထွန်းညှိရင်း ….
သွားကြလာကြ ……………။

ဘ၀တဏှာ
မဟုတ်ဘူး အဲဒါ ဒိုင်ဗင်ဘုတ်ပါ
ခုန်ဆင်းလိုက် …
လေထဲမှာဂျွမ်းထိုးကြည့် …
ရေရှိမရှိ …
ကန်ထဲရောက်ရင်သိမယ် ………..။

ဖေဖော်ဝါရီ …၊
အိမ်မက်မှန်းသေချာလို့
နည်းနည်းလောက်စွန့်စားကြည့်တဲ့
ကစားကွင်းလေး။
ရင်ခုန်သံကိုဖြစ်ဖြစ်၊
ကြေကွဲမှုကိုဖြစ်ဖြစ်၊
နှလုံးသားစိုးရိမ်ရေမှတ်ထိ
စွန့်စားဝယ်ယူရတဲ့ဈေးတန်းလေး။

အကြွေးမရောင်းပါတဲ့ …
သံယောဇဉ်မျက်စောင်းတွေရောင်းတဲ့ဆိုင်လေး …
ယဉ်ယဉ်လေးငေးနေရတယ်။ ။

Zephyr


3 Comments:

Zephyr said...

thanks mom

tin min htet said...

သစ်ရွက်လေး တရွက်လှုပ်ခတ်တာကအစ အဓိပ္ပာယ် ကြီးကြီးရှိနေပြီပေါ့ :P

Ree Noe Mann said...

မွေးနေ့ ဆုတောင်းနဲ့ အတူ ခုခေတ်က နောက်ကားတွေ ကျော်တက်တဲ့ ခေတ်ရောက်နေပြီ မကြီးရ