၂၀၁၀ လမ်းခွဲလဲ့ပြာ

Thursday, December 30, 2010

ဒီကဗျာလေးကို ဒီနေ့ပဲ လက်စသပ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီမ အိန္ဒြာရဲ့ မွေးနေ့မို့ သူ့ကို လက်ဆောင် ပေးလိုက်ပါတယ်။ ဒါကပဲ ၂၀၁၀ ရဲ့ နောက်ဆုံးပို့စ် ဖြစ်မယ် ထင်ပါရဲ့ .... ကိုယ့်ဘာသာ အလိုတွေ မကျ ကံမကောင်းတိုင်း သက္ကရာဇ်တွေကို မောင်းထုတ်ချင်နေမိတာတော့ မကောင်းဘူး ထင်တာပါပဲ။း) နောက်မှာ ရောက်လာမယ့် ၂၀၁၁ ကရော ကျွန်မတို့ကို ဘာအာမခံချက်တွေ ပေးထားလို့လဲ ... ဒီလိုပါပဲ .. လူဖြစ်လာပြီ ဆိုကတည်းက မျှော်လင့်ချက်တွေရဲ့ ကြိုးပေးသတ်မှုကို ခံရ .. ကံတရားရဲ့ စီမံရာ အဆိုးတွေကို မကြုံချင်ပဲ ကြုံရ .. အကောင်းတွေ လာနိုးနိုး လှမ်းမျှော်ကြည့်ရ .. ဘာမှမဟုတ်မှန်းသိတော့လည်း တရားရချင် သယောင်ယောင်လေး ဆောင်ပြီး စိတ်တွေကို ဖော့ပစ်လိုက်ကြ ... ဒီလိုနဲ့ .. ဒီလိုနဲ့ ....
အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ပျော်ရွှင်ဖွယ် နှစ်သစ် ၂၀၁၁ ကိုပိုင်ဆိုင်နိုင်ပါစေလို့ ..
Happy and Prosperous New Year 2011!!



၂၀၁၀


ကိုယ့်စိတ်ကိုယ်ပြန်မြင်ကြည့်လိုက်တော့ မျက်ရည်စက်လက်နဲ့ ကြည့်လို့မကောင်းဘူး
သုံးချက်ခေါက်လိုက်တဲ့ တုံးမောင်းသံက ခေတ်ဟောင်းအဖြူအမည်းကား နည်းနည်းဆန်တယ်
အဲဒီ ၂၀၁၀ တေးသွားက အဆုံးမှာတောင် မလိုအပ်ပဲ တယောသံခပ်များများနဲ့ .. အီဆွဲနေလိုက်တာ
ပြုတ်ကျအောင် ဖြုတ်မချနိုင်ခဲ့တဲ့ အဲဒီ ဂီတက ရင်နင့်မကျန်ခဲ့တာ ဆန်းသလား ………..



ဒီမှာ ..ကျွန်မက အစွန်းနည်းနည်းရောက်ပြီး .. အဲဒီအစွန်းက ချောက်ကမ်းပါး နည်းနည်း ဆန်တယ် ..
လေနည်းနည်းထန်ပြီး .. အန္တရယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ် … ဟန်ဆောင်ပန်ဆောင်
ကိုယ့်အတွက် တိတိပပညွှန်းထားတဲ့ ဇာတ်ညွှန်းကျကာမှ စကားလုံးတွေကလာကျွမ်းနေတာ မခက်ဘူးလား
ကတ် …. ကနဲ ဖြတ်ချလိုက်ရမယ့် ဒါရိုက်တာ .. ခင်ဗျား ဘယ်ရောက်နေပြန်တာလဲ …



တစ်နေ့တစ်နေ့ ကောင်းကင်ဆန်ပြရတာ မောပန်းပြာနှမ်း လာတယ် ( မြက်ခင်းစိမ်းစိမ်းတွေမှာက လူတွေအပြည့်နဲ့ )
မြေပေါ်မှာ လဲလျောင်းခွင့်ရနေရင် ဒိထက်ပို ပြုတ်ကျစရာ ဒါဏ်ရာရစရာ ဘယ်မှာရှိတော့မလဲ …
သာသာယာယာရှိနေတဲ့ မြစ်ကမ်းအရောက်မှာမှ ကမ်းပါးထိပ်က ခုန်ချပစ်လိုက်ရတဲ့ ဇာတ်ညွှန်း ..
တဆိတ်တော့ .. လွန်လွန်းနေပြီ …ထင်တယ်



ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် မှတ်လောက်သားလောက်အောင် ဒါဏ်ခတ်မှ ဖြစ်တော့မယ်
ကိုယ့်ကိုယ်ကို ဆုံးမရတာ ဘယ်လောက်ခက်ခဲပင်ပမ်းတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ ..
ကိုယ့်ခေါင်းကိုယ် ဘယ်အတိုင်းအတာထိ မာရေကြောရေ ရှိတယ် ဆိုတာလည်း ကိုယ်တိုင်ပဲသိတာ..
ကိုယ့်နားထင် ကိုယ်သေနတ်နဲ့ ထောက်ပြီးကာမှ ပစ်ရခက်နေတတ်တာကလည်း သဘာဝပဲမဟုတ်လား …



တကယ်ဆို အဲဒီလို ပြန်မြင်ကြည့်ဖို့ မရည်ရွယ်ပါဘူး … ကိုယ့်ဇာတ်ရုပ်လည်း ကိုယ်သိနေလျက်နဲ့ အပိုတွေ ..
ကျိမ်စာတွေ ဗလုံးဗထွေးနဲ့ ဝေးပြီးရင်း ဝေးနေရတဲ့ နံနက်ခင်းတွေက အဓိက ဇာတ်ကွက်လို ထပ်ထပ်လာ
ခုကျမှတော့ ဆေးစပ်လည်းမှား အရောင်လည်း မမှန်တဲ့အကြောင်း ဘာကြောင့်ချူပ်ကြောင်းထပ်ပြောနေမလဲ အဲဒီလို လွင့်မျောရမယ်မှန်းသိရင် အစတည်းက မိုးတိမ်တစ်ခုအဖြစ်ပဲ ရွာချပစ်ဖို့ ကြိုးစားခဲ့လိုက်ပါတယ် ..



မနော်ဟရီ


လမ်းခွဲလဲ့ပြာ


ပုလင်းကွဲစများ ... အပြုံးများဖြင့် ကန့်လန့်ဖြတ်အမာရွတ်ဖြစ်သွားသောမျက်နှာ ... ထိထိရှရှဖြစ်စေဖို့မရည်ရွယ်သော လျှာဖျားမှနှလုံးသားဆီသို့ ... အလုံအလောက်သံဆူးကြိုးများ ...။ ထေရီ ... မျက်လွှာချထားသော သူငယ်မသည် ......တိတ်ဆိတ်ငြိမ်သက်လျက်။


သံဆူးပါသော ခုံတစ်ခုံ ...ဖြတ်ခနဲပေါ်လာသောမြင်ကွင်းများ ...ငိုမဲ့မဲ့သူငယ်မလေး ... ငိုမဲ့မဲ့စိတ်ကိုဝတ်ဆင်လျက် ... နောက်ဆုံးပေါက်ကွဲထွက်ရမယ့် အလုံအလောက် မြုပ်နှံထားပြီးသား ... အသေခံဗုံးခွဲသမားရဲ့ အပြုံးတစ်စဟာ လျော့လျော့ကလေး ချိုနေတယ်။ ထေရီ .... မျက်လွှာချထားရာမှ အသက်ကို ရှူထုတ်လိုက်ဟန် .... တည်ငြိမ်သော အကြည့်ကို ရုတ်သိမ်းဟန် .....။ ဖြတ်လတ်ခြင်းကို စွန့်ပယ်ထားသော၊ ကိလေသာနှောင်ကြိုးကို ပယ်ဖြတ်သော၊ ဒဏ်ရာကို အမှတ်ဖြင့်ခွာထားသော အကြည့် .... ။


ဖြတ်ခနဲ လက်နေတဲ့ လရောင် မြစ်ရေ ...။ ခုန်ပျံနေတဲ့ငါးတစ်ကောင်ရဲ့ လက်လက်မွတ်မွတ် အလင်းပြန်မျက်နှာပြင် ........။လရောင်ထဲ ခုန်ဝင်မိတဲ့အခိုက်အတန့် ....ချစ်ခြင်းဖြင့် နေကြတ်ခြင်း၊ လကြတ်ခြင်းများ၊........ တီးတိုးသံေ၀၀ါးချိန် ........... အပြုံးများရှထားသောစိတ်တစ်ခု ဒဏ်ရာမရှိတဲ့ဒဏ်ရာ၊ အလွမ်းမဟုတ်တဲ့အလွမ်း .... ခံစားချက်အစစ်မရှိနိုင်တော့တဲ့ အိပ်ကပ်အလွတ်တစ်လုံး ...ဝေးရမှာကို ကြိုတင်သိနေတတ်တဲ့ အကင်းပါးကျိန်စာ ......။ တချွင်ချွင်မြည်နေတဲ့လက်ကောက်.... လက်ကောက်တွေဟာ တစ်ကွင်းတည်း အသံမြည်လို့မရဘူး .... ရုပ်ကြီးသက်သက်နဲ့ စိတ်ကိုထမ်းပြန်ခဲ့ရခြင်း တစ်စစ်စစ် ......။


ထေရီ .... စိတ်၏ဖြစ်ခြင်းပျက်ခြင်းမှ အပ .....။ ခံစားသူသတ္တ၀ါမရှိသော လောက၊ အရည်ခွံပါးပါး ... အတင်အမြင် ဇာပုဝါကင်းပသောလ၀န်းသို့ ..ရှင်းငြိမ်အေးသက်သော ကိုယ်အမူအယာ .... သင်ငါနှင့် အဝေးသို့ မည်မျှအထိ ............ဆို့နစ်သွားသော စိတ်တွင်းစကားလုံးများ၊ ဆွံ့အသွားသော တစ်ပတ်နွမ်းခံစားချက်များ .... တဖျပ်ဖျပ်ခုန်ကူးနေသော အမျှင်အတန်းတစ်ချို့သည် တိခနဲ ...........။သင်၏လုံလောက်မှုများသည်သာ ကြေကွဲခြင်းတေးတို့၏မြုပ်နှံရဖြစ်ပါရစေ ထေရီ။


ဥပေက္ခာဖန့်ဖန့် လင်းချင်းတောက်ပရုံမျှ ...ပန်းပွင့်များ အသက်ရှုအောင့်ထားကြသလား။ ရနံ့များခြေဖျားထောက်ရပ်နေရာမှ ဖ၀ါးစုံကို ကျကျနနချလိုက်သံ၊ သင့်စိတ်နှင့်ငါသည်၊ သို့တည်းမဟုတ်၊ ငါမဲ့သောသူ၏ ဗလာအကြည့်များသည် ...သင်နှင့်ငါကြားစုရပ်အဖြစ်သတ်မှတ်ထားသောနားလည်မှုသည် ...၊ ငါ၏ ထင်မြင်မှားမိုက်မှုသည်၊ ........ထေရီ၊ ထွက်လေတွင်ပါသွားသော ၀င်လေ၏သက်တမ်းနှင့်ရှင်သန်မှုသည် .... ငါ၏ဘ၀သည်၊ .... အကြည့်အေးအေးများအောက်တွင် .... အလံချသွားသော မျှော်လင့်ခြင်းသည်၊ နောက်ထပ်တစ်ဖန် ထပ်မံသေဆုံးခွင့်ဖြင့် လွတ်ငြိမ်းချမ်းသာသွားသော ၀ိညာဉ်များသည်၊ တောင်ပံမဲ့သော ငှက်များ၏ အိပ်တန်းအပျက်များသည်၊ .... နက္ခတ်များဖြင့်ငြိထွေးပျက်ကျခဲ့သော ယဉ်ယဉ်ကျေးကျေး မတော်တဆမှုများသည် ............ သံသရာကြွေးမြီဟောင်းသည် ၀ဋ်ကောင်အသစ်ဆီသို့တရွေ့ရွေ့ ......................။


ထေရီ ... နိုဝင်ဘာသစ်ရွက်အကြွေလေးတစ်ရွက်ကြွေကျချိန် ......... ........... ............. ...................ဖယောင်းတိုက်ထားတဲ့ညောင်ရွက်လေးထဲက ပြာမှုန်တေးသွား ..........။ အကြင်တရားတို့သည် အကြောင်းကြောင့်ပင်ဖြစ်ကြကုန်၏ .....ကျကုန်ကြ မျက်ရည်။ ... တရားသော အကြင်နာမဲ့မေတ္တာ ...။ ဖြစ်ကြကုန်၏ ထေရီ။ ။


Zephyr

(2010 မှာရေးသမျှမှာ ဒီကဗျာတစ်ပုဒ်ပဲကြိုက်တော့တယ်။)



7 Comments:

အိန္ဒြာ said...

ကျေးဇူးတင်တယ်လို့ ပြောဖို့မလိုဘူးလို့ပြောမယ်ဆိုတာ သိပေမယ့် အရမ်းကျေးဇူးတင်ပါတယ် မမ..

တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်ပါပဲ...

ချစ်တဲ့

ဖိုးစိန် said...

၂၀၀၉ ဒီဇင်ဘာကိုပဲ လွမ်းခဲ့တာ...။

★Craton said...

လက်ဆောင်တဲ့လား..

pNwe said...

Happy New Year.. ။ :)

မိုးငွေ့...... said...

ဖဘမှာ ဖတ်ပြီးသွားပြီ ခုထပ်လာဖတ်တယ်..မနော်..

မယ်ကိုး said...

၂၀၁၀ ကဗျာက နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပဲ လှလိုက်တာ မမ။

ဒီမှာ ..ကျွန်မက အစွန်းနည်းနည်းရောက်ပြီး .. အဲဒီအစွန်းက ချောက်ကမ်းပါး နည်းနည်း ဆန်တယ် ..
လေနည်းနည်းထန်ပြီး .. အန္တရယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ် … ဟန်ဆောင်ပန်ဆောင်
ကိုယ့်အတွက် တိတိပပညွှန်းထားတဲ့ ဇာတ်ညွှန်းကျကာမှ စကားလုံးတွေကလာကျွမ်းနေတာ မခက်ဘူးလား
ကတ် …. ကနဲ ဖြတ်ချလိုက်ရမယ့် ဒါရိုက်တာ .. ခင်ဗျား ဘယ်ရောက်နေပြန်တာလဲ

ဒီကဗျာ မွေးနေ့လက်ဆောင်ရတဲ့ မမဒါကိုလည်း အရမ်းအားကျတယ်း)

ကိုဇက်ကဗျာကလည်း ဒီတစ်ပုဒ်မှ သူကြိုက်ပေမယ့် မယ်ကတော့ အားလုံးကြိုက်ပါတယ်း)

နန်းညီ said...

အန္တရာယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ်