ကျွန်မနှင့် ကြယ်ဆယ့်လေးစင်း

Sunday, November 7, 2010

ကျွန်မနှင့် ကြယ်ဆယ့်လေးစင်း

ကြယ်တွေညီလာခံတဲ့ ညမှာမှ ကိုယ်က ကောင်းကင်ကို စွန့်ခွာခဲ့ရတယ်။ ကြယ်သွားလမ်းကြောင်းပေါ်မှာ တော့ ကိုယ့်အတွက် နေရာလပ်တစ်ခု ဖြစ်ကျန်ခဲ့လိမ့်မပေါ့။ ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်တဲ့အခါမှာတော့ အလင်းတန်းတစ်ခု ကမ္ဘာမြေဆီ ဖြာဆင်းကျလာခဲ့လိ့မ်မယ်..။ ကြယ်တွေကြွေမှ ဆုတောင်းဖို့ သတိရတတ်သူများနဲ့ ကြယ်ကြွေဆုတောင်း များစွာ အတွက် .. ကိုယ်.. ရာဇဝင် အထပ်ထပ်ကိုဖြတ်လို့ ခြေထောက်ကလေး တစ်ချောင်းတည်းနဲ့ ထောက်ရပ်နေပေမယ့် အင်မတန် မာကျောတဲ့ ကိုယ့်သံမဏိ ကချေသည်လေးဆီ ကြွေဆင်းလာခဲ့ တော့မယ်။

Abundance


လောကရဲ့ ကြွယ်ဝခန်းနားမှု ဆိုတာ ဘာကိုပြောတာပါလိမ့်။ နှစ်သိမ့်တွေးတွေနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေတတ်တဲ့ အလင်းမဲ့ ဥက္ကာခဲလေးတစ်တုံးလို ငါ .. ဘာကို တပ်မက်လိုက်ရပ ..။ ကြယ်တွေကြွေမလာခင်လေး သီချင်းတစ်ပုဒ်ဆိုခဲ့ပါရစေ။ အမှောင်ရဲ့ တစ်ဖက်ကမ်းမှာ ဘာများ ရှိပါသလဲ တဲ့ ။ အမှောင်ရဲ့ တစ်ဖက်ကမ်းမှာ အမှောင်တွေပဲ ကြွယ်ဝစွာရှိနေခဲ့တာ ဘယ်သူမှ မသိပါစေနဲ့ဦးလား ..။

Flowering

ဘဝဟာ ပန်းခင်းလမ်းချည်းပဲဆိုရင် သိပ်များ ပျင်းစရာကောင်းနေမလား။ မရနိုင်မှန်းသိတဲ့ အိပ်မက်တွေက စိတ်ကူးယဉ်ကြည့်ချင်စရာ သိပ်တော့ မကောင်းပါဘူး။ ဘယ်တော့မှ မတည်မြဲတတ်ကြတဲ့ ကတိကဝတ်တွေကို လိုက်လံ ကောက်သိမ်းရင်း ကိုယ့်အလင်းတွေက ပန်းလိုကြွေလွင့် မှောင်မိုက် သွားခဲ့ပြီ။ မရေမတွက်နိုင်အောင် ကျကျန်ခဲ့တဲ့ ပွင့်ဖတ်တွေရဲ့ တချွင်ချွင်မြည်သံက အမှောင်ထဲမှာ တိုးတိုက် လွင့်ပျံလို့။ ကြယ်တွေကို ပန်းလိုခင်းထားတဲ့လမ်းက နည်းနည်းတော့ မှန်းဆရခက်လိမ့်မယ်။ ထိုက်တန်တဲ့သူအတွက် လမ်းကတော့ ရှင်သန်နေမှာပါပဲ။

Slowing down

ကိုယ့်ကိုယ်ကို အရှိန်သပ်ပစ်လိုက်တဲ့အခါ ကြယ်သွားလမ်းကြောင်းတွေက မှိန်ဖျော့သွားတယ်။ ကိုယ့်ကိုယ်ကို စက်ပြန်နှိုး စက်ရှိန်ပြန်မြှင့်ဖို့ သိပ်မသေချာတော့ဘူး .။ တစ်လှမ်းချင်း လှမ်းနေရ ပေမယ့် အဲဒီခြေလှမ်းတွေရဲ့ သေချာမှုက တပ်မက်စရာကောင်းလွန်းနေတယ်။ အေးချမ်းစွာ ငြိမ်းချမ်းစွာ .. ပြီးတော့ ငြိမ်သက် ညင်သာစွာ ..

Adventure

ကိုယ့်ကိုယ်ကို ခွဲဖြိုပစ်လိုက်တဲ့ညမှာပဲ ငါဟာ အကျအန ဖြစ်တည်လာခဲ့။ ဒါဟာ စွန့်စားမှု တစ်ခုလို့ ခေါင်းစဉ်တတ်ရမလား ။ ပျောက်နေတဲ့လမ်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ရှာဖွေ တွေ့ရှိ ခဲ့တာက .. တစ်စစ မှုန်ဝါးနေပြီဖြစ်တဲ့ အနာဂါတ်.. ငါ .. ဒီနေရာမှာ မတ်တပ်ရပ်နေခဲ့မိတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ ..။ အားနည်းနေတဲ့ အလင်းအောက်မှာ အရာအားလုံးဟာ ပြတ်သားရှင်းလင်းစွာ ..

Maturity

လောကရဲ့ ဓမ္မတာအရတော့ သီးကင်းတွေနဲ့အတူ စိမ်းမြကျွတ်ဆတ်နေခဲ့ဖူး ပြီ။ သီးမှည့် တွေနဲ့ အတူ ဝင်းပ တည်ငြိမ်နေခဲ့ဖူးပြီ။ ကြွေချိန်တန်သည့်တိုင် တည်ငြိမ်စွာ။ … ငါ … တစ်ခါက လင်းမြ စိမ်းညို့ ခဲ့ဖူးတယ် ဆိုတဲ့ အိပ်မက်တွေကိုတော့ ထားရစ်ရဲရတော့မပေါ့ ..။

Moment to moment

တစ်ထစ်ချင်းလှမ်းတက်ခဲ့ရတဲ့ လှေခါးထစ်တွေမှာ သမိုင်းကြောင်းတွေ ရှိတယ်။ မှတ်တိုင်တွေ မိုင်တိုင်တွေ .. တစ်လှမ်းပြီး တစ်လှမ်း .. တစ်ထစ်ပြီးတစ်ထစ် … တစ်ဘူတာပြီး တစ်ဘူတာ သင်ခန်းစာ တစ်ခုပြီးတစ်ခု အောင်ပွဲတစ်လှည့် အရှူံးအခါခါ .. ဒါ ..လောကရဲ့ ဓမ္မတာတဲ့လား .. ခါးသက်မှုတွေကို ခြေတစ်လှမ်းစာ ကျော်ဖြတ်ထားခဲ့ပါရစေ ..။ အောင်မြင်မှုတွေ ပြတ်ရွေ့ ပျောက်ဆုံးသွားခဲ့သည့်တိုင် အရာရာကို ကိုယ် ထားခဲ့နိုင်ရမပေါ့ .။ သူတို့နဲ့ ငါ အလင်းနှစ်သန်းပေါင်းများစွာ .. ။ သေချာတာကတော့ ခုထိ ငါ လျှောက်လှမ်း နေဆဲ ..။

Guidance

ကိုယ့်ကို မော့ကြည့်နေမယ့် သူတစ်စုံတစ်ယောက်များ ရှိနေမလားလို့ စိတ်ကူးယဉ်ရင်း ကိုယ့်ကို လမ်းပြ ခေါ်ဆောင်သွားတဲ့ နောက် လိုက်သွားမိရဲ့။ ကားတိုင်တစ်ခုကို ထမ်းရင်း .. ချစ်ခြင်းမေတ္တာအကြောင်းကို တွေးရင်း၊ စွန့်လွှတ်မှုတွေအကြောင်းကို စဉ်းစားရင်း .. ကိုယ့်လမ်းကြောင်းလေးကိုယ် အမှတ်မထင် ငဲ့ကြည့်မိ ပါရဲ့ ..။ ကိုယ့်နောက်မှာတော့ ဘာမှ ပါမလာခဲ့ဘူး..။

The miser

အလိုလောဘကြီးမားစွာ ကောက်သိမ်းလိုက်မိတဲ့ ချစ်ခြင်းမေတ္တာမှာ ဘာမှပြန်မပါလာခဲ့ဘူး ..။

The outsider


အဲဒီစည်းကို ဘယ်သူက တားသွားတာလဲ။ ကိုယ်တိုင်က စည်းအပြင်ဖက်ကို ရောက်နေခဲ့တာလား။ ကိုယ့်အပြင်မှာမှ စည်းကို လာတားသွားခဲ့တာလား ..။ ကိုယ့်ဖက်မှာတော့ ကိုယ့်လို တစ်ယောက်တည်းလို့ အော်ဟစ်နေသူတွေရှိပြီး ဟိုမှာဖက်မှာလည်း ကိုယ့်လို တစ်ယောက်တည်းလို့ အော်ဟစ်နေသူတွေပဲရှိရဲ့။ စည်းတစ်ကြောင်းရဲ့ အတွင်းဖက်က ဘယ်ဘက်ဖြစ်ပြီး စည်းရဲ့ အပြင်ဘက်က ဘယ်ဘက် ဖြစ်မလဲ ..။ ခုထိ ဝေခွဲမရသေးဘူး။

Compromise

အတူလင်းခဲ့ကြဖူးပေမယ့် သီချင်းကမတူခဲ့လေတော့ သံစဉ်ကကွဲတယ်။ ဇာတ်ဆရာအလိုကျ ကရတဲ့ ကကွက်တွေကလည်း ကွဲတယ်။ လက်ချင်း ချိတ်ဆက်ထားလျက်က ဘာလုပ်ဖို့ မုန်းတီးနေကြမလဲ။ ခပ်ဝေးဝေးက လမင်းအတွက် နောင်တရနေမယ့်အတူတူ ဝေးလိုက်ကြတာပဲ ကောင်းပါတယ်။

Patience

တစ်ခါတုန်းကတော့ ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေခဲ့ဖူးတယ်။ ကိုယ့်ရင်ဘတ်ထဲ ကိုယ်ပြန်ကြွေကျခွင့် မရတဲ့အခါ .. စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ဖူးတဲ့ ရာသီဟာ အခိုင်လိုက် ကြွေကျသွားခဲ့ရဲ့ ။ ကြယ်အစင်းစင်း ဖြတ်သန်းပျံဆင်းလာပေမယ့် ငါ့ကိုယ်ပိုင် ကြယ်ကလေး တစ်လုံးတလေမှ ပြန်မပါလာခဲ့လေတော့ ငါ့ကောင်းကင် အလင်းမရခဲ့တာ ဆန်းသလား …။ ထိတ်လန့်တကြား အမှောင်ဟာ ငါ့ချောင်မှာတော့ နေသားတွေကျလို့ ..။

Ordinariness

မူလကတော့ ကိုယ်ဟာ ကြယ်ကလေးတစ်စင်းပါပဲ။ အထီးကျန်နေတဲ့ အဖော်စုံ ကြယ်ကလေး တစ်စင်းလည်း ဖြစ်ရဲ့။ ကြယ်ကလေးမှာတော့ လွမ်းရင် ပြန်စရာအိမ်တစ်လုံး ရှိမနေခဲ့ဘူး။ တယ်လီဖုန်း မြည်သံတွေကိုလည်း ခပ်လှမ်းလှမ်းကပဲ ကြားနေရတတ်တယ်။ ဓာတ်ပြားတစ်ချပ်ပေါ် ကောက်သိမ်း ထားမိတဲ့ အသံတွေမှာ လိုအပ်နေတဲ့ အသံလေး တစ်သံ ပျောက်ဆုံးနေခဲ့ရဲ့။ ဘုရား သိကြား မလို့ .. ခြေထောက်လေး တစ်ချောင်းတည်း ထောက်က ပျော်မောနေရှာတဲ့ နာကျင်သူ ကချေသည်လေးဆီကို တည့်တည့်ကြွေကျ လိုပါတယ်။

Ripeness



ကြွေချိန်ကို တည်ငြိမ်စွာ မျှော်လင့်နေတတ်ခဲ့ပြီးမှတော့ ဘာလိုတော့မလဲ…။ စိမ်းမြ လင်းပခွင့် နေ့ရက်တွေကတော့ ဟိုးခပ်ဝေးဝေးက အိပ်မက်တွေ ..။ အမှတ်များနဲ့ ခရီးသွားရင်း အမှားများခဲ့တဲ့ နေ့ရက်တွေကိုလည်း ခပ်ဖျဖျဆီမှာ ထားရစ်နိုင်ခဲ့ပြီ။ စိမ်းမြချင် ဟန်ဆောင်နေတဲ့ အိပ်မက်တချို့ကိုလည်း ခပ်တည်တည်နဲ့ ချွေချ ထားနိုင်ခဲ့ပြီးပြီ။ ခုနေခါမှာတော့ နေညိုချိန်ဟာ .. ရင်ခုန်စရာကောင်းလောက်အောင် တည်ငြိမ် ရင့်ကျက်နေခဲ့ရဲ့ ..။

We are the world

ဘဝမှာ ဘာမှ များများစားစား မလိုအပ်ခဲ့ပါဘူး။ ချစ်ခင်သူ ဘောလုံးသင်းတစ်သင်းစာ (အရံလူမလို) လောက်နဲ့တင် ကျေနပ်ပစ်လိုက်ဖို့ပါ .. လောလောဆယ်မှာတော့ ကြယ်ကလေး တစ်စင်း ပျောက်ဆုံး နေတဲ့ ကမ္ဘာမှာ .. စုစည်းချစ်ခင်စွာ နေထိုင်နေပါတယ်။

မနော်ဟရီ

All are based on my Osho Zen Tarot cards ( Pentacles)


4 Comments:

Zephyr said...

ကြယ်တွေ ...
မော့မကြည့်မိလည်း ...
လင်းမြနေမှန်း သေချာခဲ့တယ်။ ။

မယ်ကိုး said...

ကြယ်ချစ်သူမို့လား မသိ။ ဒီကြယ်လေးတွေကို သိပ်သနားတာပဲ။
မမ စာတင်လို့ရတာ သိပ်ပျော်တယ်း)

အမရာ said...

အလိုလောဘကြီးမားစွာ ကောက်သိမ်းလိုက်မိတဲ့ ချစ်ခြင်းမေတ္တာမှာ ဘာမှပြန်မပါလာခဲ့ဘူး ..

tagorehtet zaw said...

ဘဝမှာ ဘာမှ များများစားစား မလိုအပ်ခဲ့ပါဘူး။ ချစ်ခင်သူ ဘောလုံးသင်းတစ်သင်းစာ (အရံလူမလို) လောက်နဲ့တင် ကျေနပ်ပစ်လိုက်ဖို့ပါ .. လောလောဆယ်မှာတော့ ကြယ်ကလေး တစ်စင်း ပျောက်ဆုံး နေတဲ့ ကမ္ဘာမှာ .. စုစည်းချစ်ခင်စွာ နေထိုင်နေပါတယ်။