အဝါရောင်ကျီးကန်းတွေ ငါ့ဆီ ပြိုဆင်းလာတဲ့နေ့က ..

Saturday, September 25, 2010

အဝါရောင်ကျီးကန်းတွေ ငါ့ဆီ ပြိုဆင်းလာတဲ့နေ့က ..

ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့်

ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ

ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ..မြူတွေကလည်းဆိုင်း

ထင်တိုင်းကျဲ ပစ်တိုက်နေတဲ့ စိတ်ရိုင်းကလည်း ..

ခံတပ်တံတိုင်းကို အပိုင်းပိုင်းဖြတ်ချပစ်လိုက်

ဖြစ်ချင်တိုင်းဖြစ်နေလိုက်တာ .. အားနည်းနေတဲ့အခါမှာလေ …


စိတ်ရဲ့ ရာသီဥတုတွေကလည်း သိပ်များလွန်းတယ်

ငါတစ်ယောက်တည်း လျှောက်သွားရင်း ဖျားနေပြန်ပြီ .. ၁၀၈

အဲဒီပြတင်းတံခါးကို မဖွင့်ပါနဲ့ .. အပြင်မှာ ကျီးတွေပြိုနေတယ်

ငါ ငယ်ငယ်က အော်ဟစ်ခဲ့တဲ့ တေးသွားမျိုး ခုလည်း သူတို့နဲ့ငါ သံပြိုင်

အရှုံးအနိုင်မရှိတဲ့ ကစားပွဲတွေကိုချည်း ကစားလာလိုက်တာ

သံသရာတလျှောက်လုံးလည်း ဒိုင်ပွဲရပ်တွေချည်းပဲ …


ကိုယ့်ကိုယ်ကို ခိုက်ခိုက်တုန်အောင် လွမ်းလာတဲ့နေ့က

အနက်ရောင်မိုးတွေ သည်းသည်းမည်းမည်းရွာတယ် …

ခုတလော .. ရာသီဥတုတွေက မမှန်ဘူး မုန်တိုင်းတွေကလည်း ရူးလို့

နေရောင်ခြည်ကို ပေးပါ … နေရောင်ခြည်ကို ပေးပါ … အလင်းတစ်စပဲဖြစ်ဖြစ်

အဲလို ငါ ဟစ်အော် လိုက်မိတာ ..

အဝါရောင်ကျီးကန်းတွေ ပြိုကျလာခဲ့တယ် ….။

မနော်ဟရီ

၁၂၊၈၊၂၀၁၀

ကြာသာပတေး


ဒီနေ့ ၂၅၊၉၊၂၀၁၀ မှာ manorhary. blog ၂နှစ်တိတိပြည့်ပါတယ်။ စာရေးသက်တောင် ( in print ဖြစ်တာကိုပြောတာပါ) နှစ် ၂၀ကျော်လာမှတော့ blog ၂နှစ်ပြည့်တာ သိပ်တော့ မထူးဆန်းသလိုပါပဲ။ ဒါပေမယ့် ၁၉၉၀ ဇွန်လ ရဲ့ ပုံနှိပ်စာမျက်နှာလေးလိုပဲ အမှတ်တရ ရှိနေခဲ့ပါတယ်။ ခုတလော ရာသီဥတုတွေက မမှန်၊ မုန်တိုင်းတွေကရူးပြီး ကျီးတွေပြိုနေလိုက်တာ.... သက္ကရာဇ်တစ်ခုလုံးဝါလာတဲ့ထိ .. အဲဒီ ၂၀၁၀ ကိုပါ ပြန်မကြည့်ချင်တော့တဲ့ထဲ ပစ်ထည့်ထားလိုက်တော့မယ် ... လို့ တွေးနေမိတယ် ..။ ဘာမှလည်း မရေးဖြစ်တဲ့တွက် ရေးထားတဲ့ ကဗျာတစ်ပုဒ်ကိုပဲ တင်ပေးလိုက်ပါတယ်။ ငြိမ်းအေး ချမ်းမြပါစေ။


မနော်ဟရီ



နာရီများ၊ နေ့များ၊ ညများ အလွန်


သမုဒယတစ်ချက်ချက် .... ရွေ့လျောဖြတ်သန်းတိုးတိတ်သွားခဲ့တယ်ဆိုရုံလေး ဖွဖွကလေးမက်သွားတဲ့ အိမ်မက်လေးတစ်ခုရဲ ၀တ်ရုံလွှာ ...တမ်းမက်မြတ်နိုး ရိုးကျိုးတိတ်ဆိတ်ခဲ့ရတဲ့ အပြုံးနုနု ... အနာဂတ်ကို ယုံကြည်မှုနဲ့ထောင့်ဖြောင့်တိုင်းထားမှပေါ့ကောင်မလေးရယ် ................။

အကြည့်တွေရုတ်သိမ်း ...ညနေရီဝေေ၀ .....တိမ်တိုက်တွေ ရီဝေေ၀ ....စိတ်တွေကို လှိုင်းတွေရိုက်ချသွားခဲ့တဲ့အတိုင်း ကမ်းခြေမှာထားခဲ့လိုက်တယ် ..........။ ငြိမ်သက်နေတဲ့ အုန်းလက်ကလေးရဲ့အောက်မှာ တစ်ယောက်ထဲ ငြိမ်ငြိမ်ကလေးရပ်နေတဲ့ အရိပ်လေးတစ်ခု .... ပိုးစုန်းကြူးလေးလင်းလာသလို စိတ်ထဲတိုးဝင်လာတဲ့ အလွမ်း ......။ အလွမ်းအတိုင်းပဲထားခဲ့လိုက်တယ်။

သောင်ပြင်ပေါ်လျှောက်ခဲ့တဲ့ခြေရာတွေ ပျောက်ပျက်သွားဖို့ လှိုင်းဖျော့ဖျော့လေးတစ်ခုလိုအပ်သလိုမျိုး ..... တိမ်တွေကင်းစင်သွားဖို့ လေပြည်လေးတစ်ချက်လိုအပ်သလိုမျိုး ..... ကြယ်ကလေးကြွေကျသွားဖို့ စက္ကန့်လေးတစ်ခုလိုအပ်သလို ...... ခရမ်းရောင်သမုဒယ အနည်းငယ်လိုနေတယ်။

ကျော်ဖတ်ပစ်လိုက်တဲ့စာအုပ်လို ..... အသက်အောင့်ထားပြီးမှ ရှူထုတ်လိုက်တဲ့ထွက်သက်လို .... ကားအစင်းစင်းဖြတ်သန်းမောင်းနှင်ခံလိုက်ရတဲ့သစ်ရွက်တစ်ရွက်လို .....ဒဏ်ရာအထားအသိုမှားသွားတဲ့ နွေဦးရာသီလို ... ရင်ဘတ်ထဲပြန်တိုးဝင်ရင်လုံခြုံမယ်ထင်တဲ့ ထိကရုံးပင်လေးလို ....ကိုယ့်စိတ်ကိုကိုယ် ခွဲစိတ်နေတဲ့ဓားဦးချွန်တစ်လက်လို ...... သံသရာဟာ လုံလုံလောက်လောက်ရှည်လျားမှန်း သံဝေဂ ရုတ်တရတ်ကြီးရလိုက်သူလို ....... ..ကြေ ... ကွဲ ... ပါ ...တယ်။

Zephyr
(အနုပညာမဲ့သော နေ့ရက်များစွာအတွက်)

Notes:

နှစ်နှစ်ပြည့်သွားတဲ့ Blog နဲ့အတူ အမေလည်း ငြိမ်းချမ်းပါစေ။

Ezra Pound ပြောတာ တစ်ခုက Poetry is a centaur တဲ့။ Centaur တွေမှာ နှစ်ပိုင်းပါဝင်သလို ကဗျာမှာလည်း လိုအပ်မှုနှစ်မျိုးပါတယ်ဆိုတဲ့သဘောပါပဲ။ အသိဥာဏ်အားဖြင့်တောင်းဆိုသလို၊ နည်းပညာအရလည်းတောင်းဆိုပါတယ်။ ဖတ်တဲ့သူရဲ့ အားစိုက်မှုကိုတောင်းဆိုပါတယ်။ နားမလည်ဘဲ Like လုပ်ဖို့တောင်းဆိုတာမျိုးတော့ မဟုတ်ဘူးလို့သေချာပါတယ်။ Facebook မှာ မဖတ်Like ပြီး မိုက်ဘက်ပါနေတဲ့သူတွေ (မဘက်လိုက်ပြီး၊ မိုက်ဘက်ပါရာမှ ဆင်းသက်လာသည်။)။ မြင်းစီးရင်း မြားကိုပစ်ဖို့ချိန်ရွယ်တဲ့သူလို ကဗျာဟာ ချိန်သားကိုက်မှုကိုတောင်းဆိုပါတယ်။ ဟန်ချက်ညီညွတ်မှုကိုတောင်းဆိုပါတယ်။

ကဗျာကိုနားမလည်တာဟာ ကဗျာရဲ့ ရိုက်ခတ်မှုကို မခံစားလိုက်ရလို့ဖြစ်ဖို့များပါတယ်။ အနုပညာတွေရဲ့ ဆက်စပ်မှုသဘောတရားအရ နှိုင်းယှဉ်ခံစားလို့ရတာတွေရှိသလို သိလိုက်ရုံလေးထားရမယ့် ရသတွေလည်းရှိနိုင်ပါတယ်။ အခုလည်း ကျီးကန်းမောင်းတဲ့ကဗျာတစ်ပုဒ်ရေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မဖြစ်ကောင်းလည်းမဖြစ်ပါဘူး။

ကဗျာထဲမှာ နိမိတ်ပုံတွေပါသလို Rhythm လည်းပါပါတယ်။ ကဗျာကိုလူတိုင်းရေးလို့မရပါဘူး။ Blog မှာရေးကြတာ ကဗျာစစ်စစ်ဘယ်နှယောက်ရေးနိုင်သလဲဆိုတဲ့မေးခွန်းကိုလည်း ရဲရဲရင့်ရင့်မေးကြည့်ဖို့လိုပါမယ်။ ကဗျာနဲ့နည်းစနစ်ကြားမှာ လိုအပ်နေတဲ့ သိမ်မွေ့တဲ့ အနုပညာမပါရင် ကဗျာ မဖြစ်နိုင်ပါဘူး။ ကဗျာဟာ အနုပညာပစ္စည်းဖြစ်တယ်။ ကိုယ်ကျိုးအတွက်သုံးလိုက်တဲ့ အရာဟာ ကဗျာမဖြစ်ဘူး။ အသုံးချခံ ပုဒ်အစုအဝေးပဲဖြစ်တယ်။ ကဗျာဟာ ကဗျာရေးသူရဲ့ ထုတ်ဖော်ဝန်ခံချက်ဆိုတဲ့ သဘောတရားကို Confessional Poetry တွေမှာ လက်ခံသုံးစွဲကြတယ်။ ထုတ်ဖော်ဝန်ခံချက်ဆိုတဲ့နေရာမှာ သူ့ရဲ့ အဇ္ဈတ္တကိုထုတ်ဖော်ဝန်ခံတာလား ...စိတ်ဒဏ်ရာကို လှိုင်းတစ်ခုလို သတ်မှတ်ရင် ... အဲဒီလှိုင်းကို စည်းချက်ပြောင်းလဲပြီးဖော်ပြတာမျိုး၊ အသွင်ပြောင်းလဲဖော်ပြတာမျိုး၊ ဆန့်ထွက်ပြီးဒဿနတစ်ခုနဲ့ပေါင်းစပ်ဖော်ပြတာမျိုးအထိ ကျယ်ပြန့်ပါတယ်။ ကိုယ့်အကြောင်းကိုယ်ရေးတာ ကဗျာဆိုရင် အဲဒီ ကိုယ်ဆိုတဲ့ ဝေါဟာရဟာ ကဗျာရေးသူကို ညွှန်းတဲ့ ကိုယ်မဟုတ်ဘဲ ကဗျာရေးနေစဉ် ဖြစ်နေတဲ့ စိတ်ရဲ့ စွက်ဖက်မှုကို ကိုယ်လို့ခေါ်တာပဲဖြစ်ပါလိမ့်မယ်။ ကဗျာဆရာဟာ အချိန်မရွေးထရေးလိုက်ရုံနဲ့ကဗျာဖြစ်တယ်ဆိုတာ ဦးပုညခေတ်မှာကျန်ခဲ့ပါပြီ။ အဲဒီခေတ်က ရေးသမျှဟာ ၅၅၀ နိပါတ်တော်တွေနဲ့ ရှေးခေတ်အဖွဲ့ထဲက မထွက်နိုင်တဲ့ ထပ်ပြန်တလဲလဲ၊ ညစ်ပတ်တဲ့ဆီသည်မ ဘိုးဘွားစဉ်ဆက်သုံးစွဲလာတဲ့ လက်သုတ်ဖတ် အလင်္ကာဆိုတာထက်မပိုပါဘူး။

ကဗျာဟာ Mutates ဖြစ်ပါတယ်။ Mutatates လို့သုံးချင်ပါတယ်။ Evolve ဖြစ်တယ်လို့မသုံးချင်ပါဘူး။ ကဗျာနဲ့ပတ်သက်ရင် ပထမဆုံးအတားအဆီးက ကဗျာကို နားမလည်တဲ့သူတွေနဲ့ရှေးရိုးစွဲပြဿနာပါ။ မြန်မာပြည်မှာ အဲဒီ အာသန်နိုင် (အာသန်တဲ့သူ နောက်ဆုံးနိုင်တယ်) အယူအဆကို လက်ခံတဲ့ ဝေဖန်ရေးသမား တစ်ကျိပ်နဲ့ ခုနှစ်ယောက်လောက်ရှိခဲ့ပါတယ်။ နောက်ဆုံးအဲဒီလူတွေကိုသာ မမှတ်မိတော့ပေမယ့် ခေတ်ပေါ်ကဗျာရဲ့ နယ်နိမိတ်နဲ့ ယဉ်ကျေးမှုဟာ ကျယ်ပြန့်လာပါတယ်။ Hip Hop ယဉ်ကျေးမှုကို လူကြီးတွေက သင်ပေးလိုက်တာမဟုတ်ပါဘူး။ လူငယ်ဒဿနအရ လွတ်လပ်ပွင့်လင်းတဲ့ ရိုးရှင်းမှုကို အလိုလိုသိစိတ်နဲ့နားလည်တာမျိုးပဲဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ဟာ လူတစ်ယောက်ရဲ့ ရင်ထဲကိုရောက်သွားဖို့ ကဗျာဖတ်သူရဲ့ လက်ခံနိုင်မှု၊ဖြတ်သန်းမှုတွေနဲ့ပတ်သက်ပါတယ်။ အနုပညာကို နားမလည်တာဟာ ဘာမှပြဿနာမရှိပေမယ့် ...ကိုယ် နားမလည်တဲ့အရာဟာ အနုပညာမဟုတ်ဘူးလို့ ခွက်စောင်းခုတ်တဲ့ အခါမှာတော့ အတော်လေးရယ်စရာဖြစ်လာပါတယ်။

မြန်မာပြည်မှာ ကဗျာကို ထိထိရောက်ရောက်သုံးခဲ့တဲ့ကြော်ငြာက အန်းလီဖြစ်ပါတယ်။ နွေရက်မိုးဆောင်း ..ဘာညာဘာညာ ....။ အဲဒါကိုကြည့်ပြီး ကဗျာနဲ့ အန်းလီဆက်စပ်တယ်လို့ ထင်တဲ့ ပညာရှိမျိုးကို ကဗျာအကြောင်းပြောစရာမရှိပါဘူး။ ကဗျာဟာ Mutates ဖြစ်တယ်။ အခုဖတ်လိုက်လို့ရတဲ့ ရသဟာနောက်တစ်နှစ်မှာ ပိုကောင်းတဲ့ရသအဖြစ် ပြောင်းလဲသွားနိုင်သလို၊နောက်တစ်နှစ်မှာ ကိုယ့်အတွက် ဘာမှ မခံစားရတဲ့စာအစုအဝေးလည်းဖြစ်သွားနိုင်တယ်။ လက်ခံရရှိတဲ့ အမှတ်အသားကို တိုက်ဆိုင်စစ်ဆေးလိုက်သလို ကဗျာရဲ့ ထိချက်ဟာ ဖတ်တဲ့သူရဲ့ Frame of Mindနဲ့ရော၊ ရင့်ကျက်မှုအရပါ ပြောင်းလဲနေပါမယ်။

ကဗျာမှာ Climax ပါချင်လည်းပါမယ်။ မပါချင်လည်းမပါဘူး။ အနောက်တိုင်းကဗျာတွေမှာ Rhythm ကို အားပြုပြီးဖွဲ့ဆိုလိုက်တာကို Timing အကြောင်းမသိတဲ့ ငါးပိသံနဲ့ရွတ်တဲ့မြန်မာက အဲဒီကဗျာရဲ့ ပြေပြစ်မှု၊ ပြင်းအားနဲ့ လေးနက်တဲ့ အသံအသွားအလာတွေကို ဘယ်လိုမှမသိနိုင်ဘူး။ အသုံးအနှုန်းကို Dictionary မှာကြည့်တာနဲ့ ကာလံဒေသံအရသိတာက တစ်ခြားစီပါပဲ။ ငါ့သမီးတော်လှ လို့ မြန်မာလိုရေးရင် ... မြန်မာတွေက ယောင်းမမြင်းစီးထွက်တာနဲ့တွဲသိပေမယ့်၊ မြန်မာစကား အနည်းငယ်လောက်နားလည်တဲ့ အင်္ဂလိပ်ကတော့ သမီးက သိပ်တော်တယ်လို့ထင်သွားသလို .. ကဗျာကို ဘာသာပြန်တာတွေဟာ အလွဲအချော်များနိုင်ပါတယ်။ ကဗျာမှာ အသံရှိတယ်။ ဘယ်လောက် ချိုးဖျက်ထားတဲ့ ကဗျာပဲဖြစ်ဖြစ် အသံတော့ရှိတယ်။ အဲဒီအသံကို ကြားရတဲ့ နားမျိုး ကဗျာဖတ်တတ်တဲ့သူမှာရှိတယ်။ အဲဒီအသံကိုမကြားရင် သရော်နေတဲ့ကဗျာကို အချစ်ကဗျာလို့ထင်မယ်။ခန္ဓာကိုယ်ကြီးအကြောင်းရေးတာကို နိုင်ငံရေးထင်မယ်။ သဘာဝတရားအကြောင်းရေးတာကို ဟာသထင်မယ်။ ... ကဗျာကို ရေးတတ်ဖို့လိုပဲ ဖတ်တတ်ဖို့လည်း သိပ်မလွယ်ပါဘူး။

ပန်းချီကားကြည့်သူတွေဟာ ပန်းချီကားတစ်ချပ်ထဲရှေ့မှာ နာရီပေါင်းများစွာ အာရုံစိုက်ပြီးကြည့်ကြပါတယ်။ ကပ်ကြည့်တယ်။ခွာကြည့်တယ်။ စောင်းကြည့်တယ်။ အရောင်တွေကိုခံစားတယ်။ စုတ်ချက်ကိုခံစားတယ်။ ရေးတဲ့ ပန်းချီဆရာရဲ့ ရေးဟန်နဲ့ သူ့ဆိုလိုချက်ကို မိအောင် အင်မတန်အားထုတ်ရတယ်။ အနုပညာနဲ့ပတ်သက်ရင် ပန်းချီက နံပါတ်တစ်မှာ အမြဲရှိတယ်။ ကဗျာဟာ ပန်းချီက အတွေးအခေါ်ကို ကူးယူရတာ ခေတ်အဆက်ဆက်မှာရှိတယ်။ ဆူရီယ်လ်ဖြစ်ဖြစ်၊ ကျူဗစ်ဇင်ဖြစ်ဖြစ် ပန်းချီက ပိုစောခဲ့တယ်။ အနောက်တိုင်းမှာ ကဗျာဆရာတွေဟာ အတွေးအခေါ်နဲ့ပတ်သက်ပြီးလေ့လာကြသလို၊ အနုပညာပုံစံတွေကိုလည်းစနစ်တကျလေ့လာကြတယ်။ ဆက်စပ်မှုကို နားလည်ကြတယ်။ ကိုယ်ပိုင်အယူအဆနဲ့ဖန်တီးကြတယ်။ ဖန်တီးမှုကိုလုပ်နိုင်ဖို့ အခြေခံလိုတယ်ဆိုတာကို လက်ခံကြတယ်။ ပီကာဆို အကြောင်း၊ ဗန်ဂိုးအကြောင်းဖတ်ကြည့်ရင် သူတို့တွေ အနုပညာအတွက် အချိန်ဘယ်လောက်ပေးပြီးလုပ်ခဲ့သလဲ ဆိုတာသိမယ်။ အနုပညာသမားဟာ အနုပညာနဲ့ပတ်သက်ပြီး မရောင့်ရဲတဲ့စိတ်ရှိတယ်။ လေ့ကျင့်မှုရှိတယ်။ လေ့ကျင့်မှုမရှိဘဲမဖြစ်နိုင်ဘူး။ တိုက်ဂါးဝုဒ် တစ်ချက်တည်းကျင်းဝင်အောင်ရိုက်ဖို့ သူ့တစ်သက်လုံး လက်တွေပေါက်ပြဲတဲ့အထိလေ့ကျင့်ခဲ့ရသလို အနုပညာသမားဟာ သူ့ရဲ့ အာရုံတွေကို ပွန်းပဲ့တဲ့အထိ တိုက်စားပြီး အနုပညာပစ္စည်းကိုဖန်တီးတယ်။

l'art pour l'art အနုပညာသည် အနုပညာအတွက်လို့စပြီးမပြောခဲ့ပဲ အနုပညာသည် မင်းကြီးဒေါ်အတွက်လို့သာ စပြောခဲ့ကြရင် အခုအထိလည်း အနုပညာသည် မင်းကြီးတော်အတွက်လို့ထင်နေဦးမလားမသိဘူး။ လူတစ်ယောက်ဟာ စိတ်ထဲမှာယုံပြီးသားကိစ္စကိုပဲယုံပါတယ်။ စတီဗင်ဟော့ကင်းက ဘုရားသခင်နဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာမှုမပတ်သက်ဘူးလို့ပြောရင်ယုံတာဟာ စတီဗင်ဟော့ကင်းကို ယုံလို့မဟုတ်ပါဘူး။ အရင်ကတည်းက အဲဒီလို အယူကိုမယုံလို့ဖြစ်ပါတယ်။ တကယ်လို့ဟော့ကင်းကပဲ လိင်တူဆက်ဆံခြင်းဟာ ပဋိသန္ဓေရနိုင်တယ်လို့ပြောရင် မယုံတာဟာ သူပြောလို့မယုံတာမျိုးမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်မယုံတာကြောင့်ပဲ မယုံတာပါ။ လူဟာ ရှိပြီးသားအမှန်တရားလို့ယူဆတာတွေကို ပြောင်းပြန်လုပ်လိုက်မှာ သိပ်ကြောက်တဲ့အတွက် အနုပညာပစ္စည်းတစ်ချို့ရဲ့ တောင်းဆိုမှုလွန်ကဲခြင်းကို ခံစားတတ်ဖို့အသင့်ဖြစ်လေ့မရှိပါဘူး။

ကဗျာဟာ အော်သံတစ်မျိုးလည်းဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့လို ဖြတ်သန်းရှင်သန်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်တွင်းကအော်သံလည်းဖြစ်တယ်။ မျက်ရည်လည်းဖြစ်တယ်။ သူ့ရဲ့ ဖွက်ထားတဲ့ စိတ်ခံစားချက်လည်းဖြစ်တယ်။ ကဗျာမှာ အကြည်ဓာတ်လေးလင်းနေတာမျိုးလည်းရှိတယ်။ နည်းပညာအရဖွဲ့ထားပေမယ့် စစ်မှန်မှုနဲ့ကင်းကွာမနေဘူး။ ရေးသူဟာ စိတ်ကို ဘယ်လောက်အထိ သန့်စင်ပြီးစစ်ထုတ်လိုက်တဲ့ကဗျာလည်းဆိုတာကို ကဗျာက ပြန်လည်ထင်ဟပ်နိုင်တယ်။ ကဗျာရေးသူဟာ ကဗျာရေးဟန်ကိုဖန်ဆင်းနိုင်တယ်။ ကဗျာဆရာဟာ မှတ်ပုံတင်မလိုဘူး။ သူ့ကဗျာဟာ သူ့ရဲ့မှတ်ပုံတင်ပဲဖြစ်တယ်။ ရေးဟန်နဲ့အကြောင်းအရာကို ပုံတူကူးသွားရင်တောင် ကဗျာဆရာရဲ့စစ်မှန်မှု၊ အကြည်ဓာတ်ကို ဆက်လက်ကူးသွားလို့မရဘူး။ ကဗျာဟာ ဟိုလို ဒီလို ပုံစံအတွင်းမှာရှိနေရမယ်လို့ ဘယ်သူကမှ အာမမခံထားတဲ့အတွက် ကဗျာဟာ အနုပညာဘောင်အတွင်းမှာ လွတ်လပ်စွာကခုန်နေတဲ့ကခြေသည်တစ်ယောက်နဲ့လည်းတူတယ်။

လေ့လာမှုကြောင့် အရိပ်လွှမ်းနေတဲ့ကဗျာတွေဟာ စစ်မှန်မှုမှာ အားနည်းပြီး ဆန်းသစ်မှုမှာ အားသာနေနိုင်ပါတယ်။ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးကို ပိုင်းဖြတ်ဖို့အလုပ်ဟာ ကျွန်တော်တို့လွှဲအပ်တာဝန်ပေးခံထားရတဲ့ကိစ္စမဟုတ်တဲ့အတွက် အရေးပါပေမယ့် အရေးမကြီးတဲ့ ကိစ္စလို့ပဲသတ်မှတ်ရပါတယ်။ ကဗျာရဲ့နည်းနာဆိုတာဟာ ကဗျာရေးသူရဲ့ တီထွင်မှုကို လေ့လာပြီးမှ ပြန်လည်ပြုစုထားတဲ့အတွက် နည်းနာနဲ့ ဖန်တီးမှုမှာ ဖန်တီးမှုဟာ အရင်လာပါတယ်။ ကဗျာဟာ စာပေမပေါ်ခင်ကတည်းက ပြောဆိုဆက်သွယ်မှုအားဖြင့်ရှိခဲ့ပါတယ်။ Hip Hop ဂီတမပေါ်ခင်ကတည်းက အမည်းတွေက အဲဒီလို Rhythmic ဖြစ်တဲ့လေယူလေသိမ်းတွေနဲ့ပြောဆိုမှုရှိခဲ့သလိုမျိုးပါပဲ။ ကဗျာတစ်ပုဒ်ဟာ စိတ်ကို အလွတ်အတိုင်းထားပြီးဖတ်ဖို့တောင်းဆိုပါတယ်။ ကဗျာတစ်ပုဒ်ဟာ သင့်ဘေးနားက လောကစစ်စစ်ကြီးကိုမေ့နေတာကိုလှန့်နှိုးတဲ့အခါနှိုးပါတယ်။ ကဗျာဟာ အပြုံးလိုပဲ လူမျိုးဘာသာမရွေးဆီဖြတ်သန်းသွားလာနိုင်တဲ့ ယေဘူယျ ဘာသာစကားဖြစ်ပါတယ်။

ယုံကြည်တာတွေအတွက် ရဲရင့်နေတဲ့ကဗျာရေးသူတွေဟာ ကဗျာရေးခြင်းလုပ်ငန်းကိုလုပ်ကိုင်ပါတယ်။ ကဗျာကို စောင့်ဆိုင်းပါတယ်။ ကဗျာအားဖြင့် မေတ္တာပို့ပြီး၊ ကဗျာအားဖြင့်ကြေကွဲပါတယ်။ ကဗျာနှင့်အတူ၊ ကဗျာနှင့်အညီ၊ ကဗျာနှင့်အမျှ သုံးသပ်ပါတယ်။ ခံစားနာကျင်ပါတယ်။ ကဗျာအားဖြင့်ပျံသန်းပါတယ်။ ကဗျာအားဖြင့် ကျရှုံးပါတယ်။ ကဗျာကြောင့် ယဉ်ကျေးမှုထွန်းကားလာပြီး၊ကဗျာကြောင့် အသက်ဆက်လက်ရှင်သန်ပါတယ်။ ကမ္ဘာကြီးဟာ ကဗျာအားဖြင့် ၂၃ နှစ်ပိုင်းတစ်ပိုင်းစောင်းတယ်လို့ယူဆပါတယ်။ ကဗျာဟာ ဆက်လက်ပြီးပေါက်ကွဲထွက်နေမယ့် အနုပညာမြောက် Big Bang လည်းဖြစ်ပါတယ်။ ကွှန်တော်တို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ ကဗျာဟာ ၀င်းမှည့်မွှေးမြဖို့အသင့်ဖြစ်နေပါမယ်။ ကဗျာအားဖြင့် စစ်ကိုဆန့်ကျင်၊ အကြမ်းဖတ်ဝါဒကိုဆန့်ကျင်ကြသလို၊ ကဗျာအားဖြင့် ငြိမ်းချမ်းရေးသ၀ဏ်လွှာကိုပေးပို့ကြပါတယ်။ ကဗျာဟာတစ်ယောက်စီရဲ့နှလုံးသားကို ပျံသန်းရောက်ရှိလာနေတဲ့ ဂီတသံတစ်စလည်းဖြစ်ပါတယ်။

၂၀၁၀ မှာတော့ ကဗျာဟာ soft power, Bottom Billion, Anti Terrorism, လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရေးနဲ့ ... လူတစ်ယောက် လူ့အဖြစ်မှာ ပြည့်ဝတဲ့လူဖြစ်ခွင့်ရရေးအထိအကျုံးဝင်ပါတယ်။ ကဗျာမှာနယ်နိမိတ်ဆန့်ထွက်ခွင့်ရှိတဲ့အတွက် ဖွင့်ထားတဲ့စိတ်တိုင်းအတွက် ပြည့်စုံကောင်းမွန်တဲ့ အဟာရအဖြစ် ကဗျာကို စားသုံးခွင့်ရှိပါတယ်။ ကဗျာဟာ လူ့ယဉ်ကျေးမှုက ဖူးပွင့်သမျှထဲမှာ အလှဆုံးပန်းပွင့်လည်းဖြစ်ပါတယ်။ ဒီပနီလိုကဗျာတွေဟာ သံသရာလွတ်ကြောင်းအထိ အကျုံးဝင်နေသလို၊ ခေတ်ပေါ်ကဗျာတွေဟာလည်း ခေတ်ပေါ် လောကဓံတွေနဲ့ စီးချင်းထိုးနေရတဲ့လူသားဆန်မှုတွေကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ ....

ခေတ်ပေါ်ကဗျာဟာ ခေတ်ကို ထင်ဟပ်ချင်လည်း ထင်ဟပ်မယ်။ ဒါပေမယ့် ကဗျာတိုင်းမှာတော့ အလှတစ်ခုတော့ရှိတယ်။ ... ကဗျာတွေကို အချိန်ပေးဖတ်ဖြစ်တဲ့အခါ ကဗျာတွေက ပြောနေတာတွေဟာ သင့်လောကထဲက ထိခိုက်မိသံတွေပဲဆိုတာကို သင်တစ်နေ့နေ့နားလည်လာပြီး ကဗျာကိုလည်း ရည်ရွယ်မထားပါဘဲနဲ့ .... သင်ချစ်မိသွားလိမ့်မယ် ................။ ။

အခုအချိန်မှာတော့ Art for (Blank's) sake ဖြစ်သွားပြီး Blank ထဲမှာ ကြိုက်ရာစာသားကိုယ့်ဘာသာကိုယ်ဖြည့်စွက်ဖတ်နိုင်ပါပြီ။ ကဗျာထဲမှာသင်ဖြည့်ဖို့လိုနေတာလေးတွေဖြည့်ပြီးထပ်ဖတ်ကြည့်ပါဦး ............။ ခေတ်ပေါ်ကဗျာမှာ အဖြေပေးဖို့ကဗျာရေးတာမဟုတ်တော့တဲ့အတွက် ကဗျာဖတ်သူကို မေးခွန်းထုတ်ထားတာတွေပဲတွေ့နေရင်လည်း အဲဒါဟာ ပုံမှန်ပဲလို့မှတ်ပါ။

(Zephyr)
အမှတ်တရအနေနဲ့ ကဗျာအကြောင်း ဆောင်းပါးတိုလေးရေးပေးလိုက်ပါတယ်။





9 Comments:

tin min htet said...

နေရောင်ခြည်ကို တောင်းခါမှ အဝါရောင်ကျီးကန်းတွေ ပြိုသတဲ့လား။ ၂၀၁၀ ဟာ ကျီးတွေပြိုတဲ့ ရာသီ။

လင်းဒီပ said...

အစ်မရေ printed media တွေပေါ်မှာ ယုံကြည်စွာဖြတ်သန်းနေသလို
online media ပေါ်မှာလည်း ရှေ့ဆက်ပြီး နှစ်များစွာ ယုံကြည်တက်ကြွစွာ ဆက်လက်ဖြတ်သန်းပါလို့ ဆန္ဒပြုပါတယ် ။

tg.nwai said...

မနော်...နှစ်နှစ်ဆယ်ကျော်ကျော် ရင့်ကျက်အောင်မြင်နေတဲ့ ကလောင်တလက်ရယ်...နှစ်ကြိမ်နှစ်ပတ်လည်သွားတဲ့ လှပတဲ့ မနော်ရဲ့ဘလော့ဂ်လေးရယ်...အတွက် မနော်ရဲ့ အနုပညာအင်အားနဲ့ ကျန်းမာရှင်သန်စွာ ယုံကြည်ချက်အတိုင်း ရှေ့ဆက်လှမ်းနိုင်ပါစေနော်...

မယ်ကိုး said...

မမ ဘလော့လေးနှစ်နှစ်ပြည့်အတွက် ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။ ဥယျဉ်မှုးကို ရောပေါ့း)

မမ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာစွာ ရာသက်ပန် ပျံသန်းခြင်းကို နှစ်လိုကြည်ညိုစွာ ငေးမောလျက် ...း)

Mogok Thar said...

မကြီးရေ....

အ၀ါရောင် ကျီးကန်းတွေ ကြီးစိုးနေတဲ့ နှစ် တဲ့လားးး...........


နွေးထွေးတဲ့ နေရောင်ခြည်ကို တောင့်တတိုင်း ရနိုင်ပါစေလို့....

ဘလော့နှစ်နှစ်ပြည့်အတွက် အမှတ်တရ ဆုတောင်းသွားပါတယ်ခင်ဗျာ..။

ဖိုးစိန် said...

နှစ်နှစ်ဆိုတာ ခဏလေးပါပဲလား။ သားအတွက်တော့ မကြီးနဲ့ သိခဲ့ရတဲ့ နှစ်တွေက မနည်းတော့ဘူးလို့ထင်တယ်။ ဒီဘလော့လေးရယ်...။ မကြီးဆီစရောက်ဖြစ်ခဲ့တဲ့ ကဲမလွမ်းဘူးလား ဆို တဲ့ပိုစ့်လေးရယ်။ ခဏခဏ ရွတ်ပြခဲ့ဖူးတဲ့ တစ်ယောက်ယောက်ဆိုတဲ့ ပိုစ့်လေးရယ်။ မနော်ဟရီအတုဆိုတဲ့ ပိုစ့်လေးရယ်.... များစွာ များစွာတွေက သားငယ်ငယ်ကတည်းက ပြဌာန်းသင်ခန်းစာထဲပါလို့ အလွတ်ရနေတဲ့ စာတွေလို အမြဲ သတိတရ ကြုံရင် ပြောပြနေကျလို ဖြစ်နေခဲ့တာ။

အများကြီး ဆုတောင်းပေးဖို့ထက်.. ရင်ထဲမှာ အမြဲရှိနေဖို့ ပဲ လိုချင်ပါတယ်။

မေ့နေတာအတွက် စိတ်မကောင်းပေမယ့် ရင်ထဲ အမြဲရင်းနှီးချစ်ခင်နေတာကို ယုံပါတယ်။

မကြီး ပျော်ရွင် ကျမ်းမာ နေကောင်းပါစေ။

မကြီးနဲ့ အတူ ဒီဘလော့လေး အမြဲ ရှိနေပါစေ။

ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

အမရာ said...

ဘလော့ဂ်လေး ၂ နှစ်ပြည့်ကို
လာလည်ပါတယ်..ဟဲဟဲ.မုန့်ကျွေး..း)
ကဗျာလေးကလဲကောင်းတယ်...
ပြီးတော့..အကိုဇက်ရဲ့ကဗျာအကြောင်း
ဆောင်းပါးလေးဖတ်ရတဲ့အတွက်လဲ
ကျေးဇူးတင်ပါတယ်..

ဆောင်းယွန်းလ said...

အဝါရောင်ကျီးတွေဘယ်လိုပြိုကျသလဲဆိုတာကို လာချောင်းကြည့်တယ်..ဘီယာနဲ့မြည်းဖို့တော့ မဟုတ်ပါဘူး..း))

အိုင်လွယ်ပန် said...

နှစ်နှစ်ပြည့်နဲ့အတူ အ၀ါရောင်တွေ
လာရောက်လိမ်းကျံပါတယ် ..။
ငြိမ်းချမ်းအေးမြစွာ ဆက်လက်ဖြတ်သန်းနိုင်ပါစေ
အစ်မရေ ..။