ကကြီးခခွေးအိမ်ကိုပြေး…. အပြေးမတတ်…………

Friday, June 18, 2010

အမ မေငြိမ်းရဲ့ ကကြီး ခကွေး tagged post အတွက် တချိန်က ရေးခဲ့ဖူးတဲ့ ဒီဝတ္ထုလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ အရင်က တင်ခဲ့ဖူးပါတယ်။ ဒီဝတ္ထုလေးက ၂၀၀၆ လောက်က ကိုကျော်သီဟ ရွှေသမင် မဂ္ဂဇင်းမှာ လုပ်နေတုန်း ပေးဖြစ်ခဲ့တဲ့ ဝတ္ထုလည်း ဖြစ်ပါတယ်။
ပုံကို ဒီနေရာက ယူပါတယ်
ကကြီးခခွေးအိမ်ကိုပြေး…. အပြေးမတတ်…………

ကချော်ကချွတ်နိုင်လှတဲ့ ကမ္ဘာထဲကို ကံအားလျော်စွာ ကစဥ့်ကလျားပြုတ်ကျခဲ့တာဟာ ကံဇာတ်ဆရာရဲ့ အလိုကျအတိုင်းများလား။ ဒီလောက်တောင် ကမောက်ကမနိုင်ခဲ့ရကောင်း လားလို့.. ကက်ကက်လန်ရန်တွေ့ဖို့ကျပြန်တော့လည်း ကျွန်မမှာက အဲဒီလိုနိမ့်ကျတဲ့ဗီဇက ဘုရားသခင်ရဲ့ ကောင်းချီးတစ်ခုအနေနဲ့ ပါမလာခဲ့ပြန်ဘူး။ ကျေးဇူးဆိုတာရှိမှကျေးစွပ်နိုင်တာ ပဲ။ ကြောက်စရာကောင်းတဲ့ ကတိက၀တ်တွေနဲ့ဆန့်ကျင်ပြီး တည့်တည့်ကြီး ထိုးခွင်းပျံသန်းလာတဲ့ ကျောဖက်က ဓါးတစ်ချောင်းဟာ “ကတညုတ”တရားနဲ့ ဘယ်လိုများ ပတ်သက်နိုင်မှာတဲ့လဲ။ ကိုယ်ကျိုးအတွက် ကစိန်းက၀ါးကြည့်တတ်တဲ့သူတွေကို ကျွန်မက သီးခံလို့မရတတ်ဘူး။ ကရကဋ်ရာသီရဲ့ တိမ်ထုကမှောင်လွန်းတယ်။ တချို့သူတွေရဲ့ လျို့ဝှက်လက်သည်းချွန်တွေလိုပဲ။

“ခန္တီစတရား”ဆိုတာ တကယ်တော့ပညာရှိတွေရဲ့ အလှစကားပါ။ အမှန်က အားမတန်လို့ မာန်ချလိုက်ရတာမျိုး။ အဖက်မတန်လို့ကော မဖြစ်နိုင်ဘူးလား။ ခွန်းကြီးခွန်းငယ်စကားများရတာကို သေမလောက် ကြောက်တတ်တဲ့စိတ်က ခံပြင်းစိတ်တွေကို လျော့ပါး အားပျော့သွားစေခဲ့တယ်။ ဘ၀မှာ ခိုက်ရန်ဒေါသဖြစ်ရမှာကို မကောင်းမှုကျူးလွန်ရသလို ကြောက်တတ်တဲ့ ကျွန်မက … မကြာခဏ ချောက်ကမ်းပါးတွေနား ကပ်လျှောက်နေခဲ့ရတယ်။ ခလောက်ဆန်နေရမှ နေသာတဲ့ လူတစ်ချို့ကို ခပ်ထတ်ထတ်လေး ပြောကြည့်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ ၀န်တိုမစ္ဆရစိတ် များနေတဲ့လူတွေကို ကျကျနန လျှော်ဖွပ်ပေးဖို့ ခ၀ါသည် ကောင်းကောင်းလိုနေတယ်။ ခလုတ်တံသင်းနဲ့ တူတဲ့ အနှောက်အယှက်ဖြစ်နေတဲ့ အမှိုက်သရိုက်တွေကို စစ်ထုတ်ဖယ်ရှားပေးနေတဲ့ ခြင်းက ခြင်းကြားကြီး ဖြစ်နေခဲ့တာကတော့ ကမ္ဘာကြီးရဲ့ကံပေါ့။
ငြိုးသူရန်ဖက်တွေအတွက် ဂြိုဟ်ပြေနံပြေ ယတြာခြေပေးဖို့ လိုအပ်နေပုံပဲ။ ကိုယ့်ဂုဏ်ကိုယ်ဖော်မှ လူသိမယ်ထင်တဲ့ မသူတော်တွေကို ကျွန်မ မနေ့ကပဲ အကောင်းစားကြည့်မှန်တွေ လိုက်ဝေ ပေးလိုက်သေးတယ်။ တကယ်တော့ ရှုပ်ထွေးပွေလီပြီး မာယာများလှတဲ့ လောကနဲ့ လားလားမှ မအပ်စပ်တာက “ဃ”ပါ။ “ငါတကော”ကောနေတဲ့ သူတွေကိုကြည့်ပြီး သံဝေဂတွေရလို့။ ချောင်းကောမြောင်းကောတွေနဲ့ လူကောတွေ ဘယ်လိုကွာလဲသိချင်တယ်။ ရွှေတကောကတော့ လူတွေကိုဆီးကြိုနေလေရဲ့။ ငြင်းခုံအော်ဟစ်ရန် အဆိုတင်သွင်းခဲ့တာမဟုတ်ရပါဘူး။ ငါ့စကားနွားရ ပြောတတ်သူတွေကို အံ့သြလွန်းလို့ပါ။ တကယ်ဆို ကျွန်မက ငြိမ်သက်ငြိမ်း အေးတာကိုပဲ နှစ်သက်ပိုင်ဆိုင်ချင်တာပါ။
“စိုင်ကော်လို့ ချုံပေါ်ရောက်” ခဲ့တဲ့သူတွေကို ကြည့်ပြီး ထိုးကော်တင်ပေးမယ့် စိုင်တွေကို တောနင်းရှာနေကြတာကို စိတ်စနိုးစနောက်နဲ့ ထိုင်ကြည့်နေမယ့်အစား စနစ်တကျ စနည်းနာ လိုက်ပါလား။ စနစ်တကျနဲ့ ချုံပေါ်ရောက်ရေး planတွေကို တွေ့ရမှာပေါ့။ စပ်ဆုပ်စရာကောင်းတဲ့ စေတသိက်တွေ၊ စေတနာမပါတဲ့ မာယာစကားလုံးတွေ၊ အစွယ်ပုန်းတွေ၊ စိတ်ကိုဥပါဒ်ပေးမယ့် မိန်းမလိုမိန်းမရတိမ်တိုက်တွေ၊ မျိုးပွားရှင်သန်နေကြလေရဲ့။ဆင်ခြင်တုံတရားဆိုတဲ့ စကားလုံးကို လူတွေသုံးလာလိုက်တာ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်တောင် မကတော့ဘူး။ ဒီလိုနဲ့ ဘ၀တွေ ဆတ်ဆတ်ခါ နာခဲ့ရပေါင်းများပြီ။ ကိုယ့်ဆင်ခြင်တုံတရားနဲ့ သူတစ်ပါးရဲ့ဆင်ကြံကြံမှု ပက်ပင်းတိုးလာတဲ့အခါ..။ ဆင်သေကို ဆိတ်ရေနဲ့ဖုံးရလောက်အောင် မတုံးတော့တဲ့ လူတွေကိုလည်း တွေ့ဖူးလာတယ်။ သေပြီဆိုမှတော့ကွယ်။
ဇ၀က်သာနဲ့ ဇာတိပ္ဖိုလ်သီးကို ရောစပ်ထားတဲ့ ပရဆေးကိုမြင်ဖူးလား။ ဘယ်လိုအသုံးကျလဲ သိချင်ရင် ဇာတ်ကြောင်းသာ လှန်ကြည့်လိုက်ပေတော့။ ဇာတ်သာလန်သွားမယ် ဇစ်မြစ်မတွေ့ရတဲ့ ကိစ္စတွေလည်းရှိနေတာပါပဲ။ ကျွန်မကို ဇိကုတ်ပြီး နတ်ပြည်တင်ပေးမှတော့ ဇက်နာရုံပဲ ရှိတော့မှာပေါ့။ ဇာတ်ဆရာကတော့ ဇာတ်ကိုပြင်ပေးမှာ မဟုတ်ဘူး။ ဇဝေဇ၀ါနဲ့ ဇိုးဇိုးဇတ်ဇတ် ကောက်ယူလိုက်မိတဲ့ အရာဟာ ကျွန်မလက်ထဲမှာ ဇေ ပဲတဲ့။ Victory ဖြစ်ဖို့ တစ်ဘ၀စာ ခြားသွားခဲ့တာကလွဲရင်ပေါ့။
ဈာပနအခန်းအနားတစ်ခုရဲ့ နိဂုံးတစ်ခုဟာ စတင်မှုအသစ်တစ်ခုရဲ့ အစဖြစ်တယ်။ သိပ်တော့မကောင်းပါဘူး။ ကျွန်မလည်း လူကောင်းမှမဟုတ်တာ။ ကျွန်မရဲ့အားနည်းချက်ကိုက ငတုံးတွေကိုမုန်းတာ။ ဥာဏ်နုံနဲ့ရတဲ့အထဲ ဥာဉ်ကလည်းဆိုးသေး … ဆိုတဲ့သူတွေကလည်း ဒီလောကမှာ ဒုနဲ့ဒေး ။ ဒါပေမယ့် သူတို့ ရှင်သန် ပေါက်ရောက်နေကြတယ်။ ဥာဏ်မရှိပေမယ့် ကံရှိတယ်ဆိုလား…။ သံသရာရထားကြီးက ဆီကုန်နေတယ်။ ညစ်ပုတ်ကပ်ကျယ်နဲ့ လူတွင်ကျယ်လုပ်နေတဲ့ သူတွေ ကျန်းမာရေးကောင်းကြပါစေ။
ကြုံခဲ့ဆုံခဲ့သမျှ စိတ်ညစ်ညူးစရာတွေကိုသာ ဋိကာချဲ့ရရင် “ဋိကာကျော်ကျမ်း”ကတောင် ငိုသွားဦးမယ်။ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရတဲ့ ဂါထာတွေ အကြောင်းပြောပြပါဦး။ တကယ်တမ်းကျတော့ တက္ကသိုလ်ဆိုတာ ဘွဲ့တွေချည်းပဲ ပေးလိုက်တဲ့ နေရာမဟုတ်ဘူး။ ဒါပေမယ့် တော်တော်များများက ဒါကိုပဲ တခုတ်တရယူခဲ့ကြတယ်။ တံငါနားနီးတံငါဆိုတာကိုး။ တစ်ခုလပ်တစ်ယောက်ကို တစေ့တစောင်းကြည့်ပြီး တခဲနက် တာဝန်မဲ့ ဝေဖန် အားပေးချင်သူတွေကလည်း အုံနဲ့ကျင်းနဲ့။ လူဆိုတာကလည်း လူတိုင်းကို ကိုယ့်စေတသိက်နဲ့ တွက်ကြတာကိုး..။“ငါသာဆိုရင်လည်းသူ့လို…”လို့ သူတို့မတွေးတာလား၊ တွေးနိုင်စွမ်းကို ပါမလာတာလား မသိဘူး။
တယောသံတွေက တအီအီနဲ့ တလိမ့်ခေါက်ကွေး ပြိုကျလာနေတယ်။ ပျင်းစရာကောင်းလိုက်တာ။ တစည်းတလုံးတည်း ရှင်သန်နေတဲ့ မ’တစ်ရာသားတွေကို တွေ့ဖူးလို့လား။ အားလုံးက ကိုယ်လှေကိုယ်ထိုးရင်း သူများလှေလှမ်းနှစ်ဖို့ ကြိုးစားနေကြသူတွေ များတယ်။ ကိုယ်နဲ့နှိုင်း မရိုင်းဆိုလား..။ အရေးကြီးတာက လူလည်ကျနိုင်မှုကို ဥာဏ်ကြီးမှုလို့ ထင်သွားမှာစိုးတာပါပဲ..။ ဒါကအန္တရာယ်ကြီးတယ်..။

ထီးချက်စောင့်နတ်သမီးတောင် လက်မှိုင်ချရတဲ့ထိ ကောက်ကျစ်ယုတ်မာတဲ့ ပုစ္ဆာတွေ လှိုင်းထနေခဲ့ကြပြီ။ ထောင့်မှန်တစ်ခုရဲ့အတွင်းထောင့်ဟာ ..၉၀ံ တိတိကျကျရှိနေပါလျက်နဲ့ “ထောင့်မကျိုးဘူး”လို့ အပြောခံရတာကလည်း ရင်နာစရာ။ ထုံထိုင်း ထွားကျိုင်းလာတဲ့သူတွေကို ထွေလီကာလီ ရှင်းပြမနေတော့ဘူး။ သူတို့တွေနဲ့ ထွေးရောယှက်တင် နေစရာအကြောင်းမှ မရှိတာ ကာကွယ်ဆေးရော ATD ရောထိုးထားသင့်တာပေါ့။ ဒလန်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဟာ ကျွန်မနဲ့ စိမ်းဝေးလွန်းလှပါတယ်။ ကျွန်မက ဒီဇင်ဘာလမှာ မွေးခဲ့တာကိုး။ ဒီဇိုင်းလှတပတလေးတွေနဲ့ ယက်လုပ် ဖော်ကျူးထားတဲ့ အနုပညာဟာ ဒုံးဝေးလွန်းနေတယ်။ မြင်းစီးလာခဲ့ပါလား။ ခွာတော့မလိပ်စေနဲ့ပေါ့။ ဒေ၀ဒတ်တောင် နားမခံသာတဲ့ ဒိုက်သရောတွေ မျောပါလာနေတယ်။ ခုခံကာကွယ်ဖို့ ဒိုင်းလွှားတစ်ခုလောက် ပေးလိုက်ပါ။ စိတ်ရဲ့ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ထွက်ပေါက်မဲ့နေခဲ့တဲ့ ဒိုင်ယာရီစာအုပ်ကလေးက သနားစရာ..။ ဓနုရာသီမှာ မွေးဖွားခဲ့တာကိုက စမှားတာထင်ပါရဲ့။ ဓူဝံကြယ်ကတော့ လမ်းပြပါရဲ့။ ခက်တာက ဓားစာခံသက်သက် ဖြစ်နေတာ။

နကျယ်ကောင်လို့ ဘာလို့ခေါ်ကြတာလဲ။ နားစွန်နားဖျားနဲ့ နားကြားများ လွဲရော့လေသလား။ နိမိတ်တွေကို ဖတ်ကြည့်တဲ့အခါ နိယာမတရားတွေက အတုတွေ..။ နက္ခတ်တွေက အလွဲလွဲ အချော်ချော်…။ နတ်သံနဲ့လာပစ်နေပုံက …နင်ပဲငဆနဲ့..။ လူလည်းနွမ်းလျလာခဲ့ရပြီ။ နှုတ်ကြမ်းလျှာကြမ်းနဲ့ နှုတ်တုံ့လှန်တတ်တဲ့သူတွေဟာ ဘယ်လိုကန္တာရတွေက ပေါက်ရောက် လာကြတာတဲ့လဲ…။နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့………..။

တကယ့် “ပကတိ”တရားကို ပြပါဆိုရင် ဒါဟာ “ပညာ” ပါပဲ။ အဲဒီမှာ ပညတ်ချက်မပါဘူး။ ပစိပစပ်မများဘူး။ ပြန်ပြောင်းပြောဆိုမနေတော့ပါဘူး။ ပြဿဒါးရက်တွေက ပြဿနာတွေကို သယ်သယ်လာတတ်လွန်းလို့။ ဘ၀ဟာ ပုံသေကားကျတော့ မဟုတ်နိုင်ဘူး။ ပါချီပါချဲ့ ပညာလောက်နဲ့တော့ နားလိုက်တာ ကောင်းမှာပါ။ ပွဲလန့်တုန်း ဖျာခင်းချင်သူတွေက အများသား…။ အဲဒီလူတွေကို ဖယ်ကျဉ်ထားခဲ့ဖို့ ကောင်းပေမယ့် တချို့ကတော့ ဒါကိုပဲ. .မိုးရွာတုန်းရေခံတာ လို့မြင်နေတော့မခက်လား…။

ဖားကို ဖုတ်ကျည်းသဂြိုဟ်ထားတဲ့ ပုံနဲ့တော်တော်တူတာပဲ..။ ဖောက်ချည်နဲ့တိုင်ချည်ကလည်း လွဲနေသေးတယ်။ ဖက်ဆွတ်မိုးလေးရွာရုံနဲ့ ဖက်ယားပင်တွေ အပြိုင်းအယိုင်း ပေါက်လာတာတော့ လွန်လွန်းတယ်။ လောကထဲက ဖဲ့ထုတ်ဖို့ဆိုတာကလည်း ဖြတ်ထိုးဥာဏ်ကောင်းဦးမှ…။ ခုတော့ ဖျင်းလိုက်တာကလည်း ချာလို့။ ဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့အခါ.. မင်းကလွဲရင်ဖွဲနဲ့စကွဲပါပဲ…တဲ့။ ဖွဲတွေကပြာသွားတာတော့ဆိုးတယ်။

အထဲမှာ ဘာမှမပါတဲ့ ဗလာစာအုပ်နဲ့တူတဲ့ လူတချို့ကို တွေ့ဖူးတယ်။ တချို့ကတော့ ဖြူစင်ရိုးအ တာပေါ့။ တချို့ကျတော့. .ဘာတွေမှန်းကို မသိတာ။ ဗလာကောင်တွေ..။ တချို့ကျတော့ ဗဟုသုတတွေ စီတန်းထည့်ပြီး လိုသလိုဆွဲဆွဲသုံးတတ်ကြတယ်။ သူတို့ကျတော့ဘယ်လိုခေါ်မလဲ ..ဗုံမဟုတ်ပတ်မဟုတ်နဲ့…။ ဗလစ်ဗလစ်နဲ့ ဗလောင်းဗလဲ ပြောတတ်တဲ့သူတစ်ယောက်ကို တွေ့ဖူးလား..။ ဟိုရှေ့နားက ဗွက်အိုင်ကိုကျော်ရင် သူ့ဆီရောက်ပြီ။ ဘူတာရုံတွေတောင် ချိတ်ပိတ်ထားရတဲ့ ရထားတစ်စင်းကိုလည်း ကျွန်မတွေ့ဖူးတာပဲ..။ ရေဆူမှတ်တောင်ရောက်နေပြီ။ ဘောင်ဘင်ခတ်သံတွေ ဆူညံလိုက်တာ နားမခံသာဘူး..။ ခုကျမှလည်း ဒီကစားပွဲကနေ ဘွာခတ်လို့ ရမှာမှမဟုတ်တာ။ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးလို့ရရင်တောင် ပေးလိုက်ချင်ပါရဲ့။ ဘုံကြိုးပြတ်တဲ့ နတ်ဘီလူးမကြီးရယ်။

လူတွေများခက်တာ။ ဘာမှပြန်လှန်မပြောနိုင်တဲ့ ၀ိညာဉ်တွေကို ခေါ်ပုံက “မကောင်းဆိုးဝါး”တဲ့။ တညင်းသီးက ပြန်နံနေတာ မျိုးထင်ပါရဲ့။ မကြားဝံ့မနာသာ စကားတွေကို မချိသွားဖြဲလေးနဲ့ မချိမဆန့်ခံနေရတဲ့ လူတွေကိုတော့ ကိုယ်ချင်းစာပါတယ်။ မလုံမလဲနဲ့ ထွက်ကျလာတဲ့ မလှိမ့်တပတ်စကားတွေကို ဘယ်သူက မထီတရီ နားထောင်နိုင်မှာတဲ့လဲ။ မနုသီဟကမှ ဖင်နှစ်ခွထဲရှိတာ။ မြွေဟောက်ကလျှာနှစ်ခွနဲ့။ မှော်ဆရာရေ..အဲဒီမြို့ကလေးကို ဘယ်လိုမှ မကယ်တင်နိုင်တော့ဘူးလား။ မိုက်မိုက်မဲမဲနဲ့ မွန်မြတ်နေမိတဲ့ဘ၀ပါ။

ရှေ့မှာ ယီးတီးယားတား လာလုပ်နေပုံကိုက ကြည့်ရတာ ရင်ထဲမှာ ယားကျိကျိဖြစ်လာစေတယ်။ ယစ်ထုတ်တွေကတော့ ကမ္ဘာကြီးလည်လို့လည်နေမှန်းတောင် မသိကြဘူး။ ယောက်ယက်ခတ်နေတဲ့ ယောက်မတွေ မွှေနှောက်နေပုံက အော်ဂလီဆန်စရာ ကောင်းလိုက်တာ။ ယေရှုသခင် ကိုယ်တော်. .ကယ်တင်ပါ။ ယူကျုံးမရနေ့ရက်တွေကိုတော့ ထားခဲ့လိုက်ပါပြီ။ ဘယ်သူ့ဘယ်သူမှ ယိုးစွပ်မနေတော့ပါဘူး။ ရာဇဂုဏ်မောက်ဖို့ဆိုတာက လွယ်တာမှတ်လို့။ ရာသက်ပန်ရိုးမြေကျတဲ့..။ ရေစက်..တဲ့။ ရူးကြောင်ကြောင် စကားလုံးတွေ ရေရွတ်ပြနေတာ။ ခင်ဗျား. .ခုထိမရင့်ကျက်နိုင်သေးဘူးလား…။ လူကဖြင့် ရင့်ရော်နေခဲ့ပြီ။ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းပြီး တခြားသူတစ်ယောက်ကို ရိသဲ့သဲ့နဲ့ ရိုင်းပြရတာ အရသာလား..။ လောကနိတိအကောင်းစားတွေကိုတော့ ထားခဲ့လိုက်ပါတော့။ ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်ဖြစ်မှာစိုးရတယ်လေ။

လိုင်းတွေ ပူးနေတယ်။ ပန်းချီပြပွဲက ဂီတသံတွေ. ဂီတပဒေသာပွဲက အရောင်တွေ၊ စာမျက်နှာထက်က သံစဉ်တွေ၊ သံစဉ်တွေကြားက ကလောင်သွားတွေ၊ မူယာမာယာတွေနဲ့ ပြုလုပ်ထားတဲ့ စကားလုံးတွေ၊ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့မာယာတွေ ။ကျွန်မ လွတ်ငြိမ်းအေးချမ်းခွင့် ရချင်ပါပြီ။ လွတ်မြောက်ငြိမ်သက်ခွင့် ရချင်ပါပြီ။ လွတ်လပ်နေပျော်ခွင့် ရချင်ပါပြီ။ လွတ်ကျွတ်ပျော်မောခွင့် ရချင်ပါပြီ။ လှည့်ပတ်ပြောနေရတာ မမောဘူးလား။ လက်ပမ်းကျနေရင်လည်း လက်မှတ်ဝယ်ပြီး လေယာဉ်ခရီးစဉ်ေ ပြာင်းကြည့်သင့်တယ်။ လမ်းခုလတ်ကျကာမှ လက်သည်မပေါ်မှာ မကြောက်ဘူးလား။

ဝါရမိတ္တူကြီးနေ့တဲ့၊ မဟာရက်ကြမ်းတဲ့၊ သမားညိုနေ့တဲ့။ ဘယ်မှာလဲ..ရက်ရာဇာ..။ ၀င်္ကပါတွေက တင်းကြမ်းနဲ့။ ၀ဋ်ကြွေးက ခုထိမပြေနိုင်ဘူး။ ဒီဝဲသြဃသံသရာကိုတော့ နောက်တစ်ခေါက် ပြန်မလည်ချင်ပါဘူး။ ၀င်္ကန္တဥာဏ်နည်းနည်းပေးပါ။ ၀ါသနာထုံလို့တော့မဟုတ်ပါဘူး။ ၀မရှိပဲ ၀ိလုပ်ကြည့်ချင်တာ သက်သက်ပါ။ သတင်းစကားတွေ ကြားနေရတယ်။ အရေးကြီးတာက အတင်းအဓမ္မလာမပြောဖို့ပါပဲ။ သမာသမတ်ကျကျ ဆုံးဖြတ်ပေးပါ့မယ်။ တစ်ထွာလောက်ရှိတဲ့ သမုဒ္ဒရာထဲ ခြေကုန်လက်ပမ်း ကျနေရတဲ့အထဲ….။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေကလည်း မကယ်နိုင်ပြန်ဘူး။ သံမဏိစကားလုံးတွေနဲ့ ရေးဖွဲ့ထားတဲ့ သေတမ်းစာကိုပဲ သူရဲဘောနည်းစွာ ရေးခဲ့ရတော့မှာပေါ့။ သိကြားမင်းနဲ့ သဟဇာတဖြစ်ခွင့်ရမယ်ဆိုရင်တော့၊ ကြေးဝါသော့လေး တစ်ချောင်းအပ်ခဲ့ချင်တယ်။ သူတော်ကောင်းတရားတွေ အတွက်ပါ။ သုညတ္တတရားကတော့ လွင့်ပါးသွားခဲ့ရပြီ။

ဟိတ်ဟန်ထုတ်နေတဲ့ ဟိရိသြတ္တပ္ပတရားတွေက ဟဿရသ မြောက်လွန်းတယ်။ မျှော်လင့်ချက်တွေကတော့ ဟုပ်ကနဲ ငြိမ်းသွားခဲ့ပြီ…။ ဟိမ၀န္တာချီးမွမ်းခန်းတွေ ဖွင့်မနေတော့ပါဘူး။ အပေါ်ကိုမော့ကြည့်ရင်း ဟပ်ထိုးလဲမှာ စိုးရသေးတယ်။ ဠင်းတလောက်တော့ ငှက်တိုင်းလှကြပါတယ်တဲ့။ ဒါဟာလည်း ရွှေပြည်အေးတရား တစ်မျိုးပဲပေါ့။ အခိုက်အတန့်ဆိုတဲ့ ခဏလေးမှာတောင် အမနာပတွေနဲ့ အကုသိုလ်ရှာချင်နေကြ..၊ အငြိုးထားချင်နေကြတာကို အံ့သြမိပါရဲ့။ အတုံ့အလှည့်ဆိုတာ ရှိပေမယ့် လှည့်မနေတော့တာ ကောင်းပါတယ်။ အမျှအတန်းဝေ ရေစက်ချလိုက်တာ ကောင်းတာပေါ့။ အတိတ်နိမိတ်တွေ အရကတော့ ကောင်းကင်မှာ နက္ခတ်တွေစုံလို့။ အတိအလင်း ကြေညာမထားတာကလွဲရင်ပေါ့..။ အာလာပသလ္လာပ စကားတွေကြားထဲ ညပ်ပါလာတဲ့ အလိမ်အကောက်တွေကို မြင်ရတော့… အဆင့်အတန်းဆိုတဲ့ ဝေါဟာရကို သတိရမိတယ်။ ဒီလိုနဲ့ပဲ…အတွင်းကြေ..ကြေခဲ့ရပေါ့……..။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်မှာ စိုးရင်းစိုးရင်းနဲ့ပဲ ..ဥမ္မတကောတွေနဲ့မျောခဲ့ရတာ…..။ တကယ်ဆို ဥပဓိရုပ်ကို ကြည့်မိသင့်တာပေါ့။ ခုတော့...ဤရွေ့ဤမျှသာ… လို့ပြောရုံကလွဲလို့ ဘာမှမတတ်နိုင်တော့တာ သေချာသွားခဲ့ပါပြီ။ ဤရွေ့ဤမျှသာ…။ ။

မနော်ဟရီ


9 Comments:

★Craton said...

ပထမတစ်ခေါက်တင်တုန်းကလည်း ဖတ်ပီးပီ။
ခုလည်းထပ်ဖတ်တယ်။ ရိုးမသွားဘဲ ဘာလို့
အသစ်အသစ်တွေချည်း ရရနေတာလဲ?
ဒီပို့စ်ကို တကယ်ခိုက်တယ်။

Andy Myint said...

အားပါးပါး ...(က-အ) စကားလုံးတွေကို အခုလို ချိတ်ဆက်မိမိ အဓိပ္ပါယ်ရှိရှိ အထူးသဖြင့် Mood တစ်ခုထဲနဲ့ ရေးထားတာ ဖတ်ရတာ အရသာ ရှိလိုက်တာ။

ကောင်းကင်ပြာ said...

အက္ခရာ တွေကို စုံနေရောပဲ...း)))

ကောင်းကင်ပြာ said...

အက္ခရာ အာလုံး စုံနေတာပဲ...း))

မယ်ကိုး said...

Wow!wow!wow ! It's so great that I can't express how's beautiful.:).thanks a lot for posting this essay.

အမရာ said...

ဒုတိယတခေါက်..လာဖတ်တာပေါ့
ဘယ်ရမလဲ..။။။
အော်..ဒါနဲ့ချစ်မရေ.လူကြုံကို
တကယ်ထည့်ပေးလိုက်မှာလားဟင်..။။:P

ချစ်တဲ့
အမရာ

johnmoeeain said...

ငယ်ငယ်တုန်းက စာ :P

thadarhline said...

လေးစားစွာနဲ့ဖတ်သွားပါတယ်မနော်..။
အစုံအလင်ဖတ်လိုက်ရတယ်..
ခင်တဲ့
သဒ္ဓါ

sonata-cantata said...

“ကကြီးကနေ အ” တင်မက သရအက္ခရာတွေပါ ရေးသွားတာပဲ...။
- ဧရာ