နှစ်လေးဆယ်

Saturday, May 29, 2010


တစ်ခါမှ အမေ နဲ့ပတ်သက်ပြီး စာမဖွဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ရေးလို့ မမီတဲ့ ပန်းချီကားတစ်ချပ် ဖွဲ့လို့မပီတဲ့ တေးတစ်ပုဒ်လို့ ခံစားမိလို့ပါ။ ဒီဝတ္ထုကိုတော့ မနှစ်က စရေးပါတယ်။ ဒီနှစ် ရန်ကုန်ပြန်ရောက် လို့ ရတီ အထူးထုတ်အတွက် စာမူ ဆိုမှ ဒီဝတ္ထုကို လက်စသပ်ဖြစ်ပါတော့တယ်။ သရုပ်ဖော်ထားတဲ့ ကိုကိုနိုင်ရဲ့ လက်ရာကိုလည်း ကြည့်လိုက်ပါဦး ... ကျွန်မကတော့ သူ့သရုပ်ဖော်ပုံ တွေကို နှစ်သက်လို့ပဲလားမသိဘူး ဒီပုံလေးကို တော်တော်လိုက်ဖက်တယ်လို့ မြင်ပါတယ် ...



နှစ်လေးဆယ်



မှန်ပြင်ထဲတွင်မြင်နေရသော ပုံရိပ်ကိုကြည့်လိုက်သောအခါ လွန်ခဲ့သောနှစ်လေးဆယ်ကို ပြန်မြင်လာသည်။ ဇရာသည် နှစ်လေးဆယ်ကိုဖြတ်သန်းကာ သူမကို အမီလိုက်လာခဲ့ပြီ။ နုပျိုမှုအားလုံးသည် ဇရာ၏စုတ်မျိုသွားမှုအောက်တွင် ခပ်ငွေ့ငွေ့တောင်မကျန်ချင်။ တစ်ချက်ပြုံးလိုက်တော့ အပြုံးက ငယ်စဉ်ကလို သန့်စင်မနေနိုင်တော့ ။ လောကကိုလှောင် ရယ်ခဲ့ခြင်းနည်းပါးခဲ့သည့်တိုင် တစ်ခါတစ်ရံတော့လည်း ရယ်မောခဲ့မိလိမ့်မည်ထင်သည်။


ဖြတ်သန်းလာခဲ့သော သက္ကရာဇ်များကို ပြန်လှည့်ကြည့်လိုက်သောအခါ အရာရာသည် ပြက်ပြက်ထင်ထင်ရှိနေဆဲ..။ ဒီလိုကျတော့လည်း နှစ်လေးဆယ်သည် ခြေလှမ်းလေးဆယ် မျှသာလှမ်းခဲ့ရသော ခရီးတိုတစ်ခုလို။ လျှောက်လာခဲ့တုန်းကတော့ကြာလှချည့်..ဟုထင်ခဲ့ မိသောအချိန်များရှိခဲ့သလို အကုန်သိပ်မြန်ခဲ့သောကာလများလည်းရှိခဲ့သည်။ လင်းတစ်ခါ မှိန်တစ်လှည့်ရက်စွဲများပါဝင်သလို၊ ပြိုတစ်ခါ လဲတစ်လှည့်နေ့ရက်များလည်းပါဝင်ခဲ့သည်ပဲ။ လောကဓံကို ပန်းလိုပန်ခဲ့ရသောနေ့ရက်များကိုကြုံခဲ့ရသည့်တိုင် မှန်ကြည့်မပျက်ခဲ့သည်ကို က ရင်ဆိုင်ရဲခြင်းတစ်မျိုးဟု ကိုယ့်ကိုယ်ကို ကျေနပ်နေခဲ့ဖူးသည်..။ခုတော့လည်း အရာရာ ကိုစိတ်လျှော့အရှုံးပေးချင်လာသလိုလို…။


ထိုင်ရာမှထလိုက်သောအခါ မှန်ထဲတွင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပြက်ထင်စွာမြင်လိုက် ရသည်။ဒီတစ်ကြိမ်တွင်တော့ မပြုံးမိတော့။ သက်ပြင်းတစ်ချက်ကိုအသာချကာ မှန်ပြင်ကို ကျောခိုင်းပစ်လိုက်သည်။ လေးကန်ချိနဲ့ချင်သောခြေလှမ်းများနှင့် မှန်ရှေ့မှခွာခဲ့လိုက်သည်။ အခန်းနံရံတစ်ဖက်အပြည့်နေရာယူထားသော နံရံကပ်ဘီရိုကိုလှမ်းဆွဲဖွင့်လိုက်သောအခါ အထဲတွင် အရောင်အသွေးစုံလင်နေသော အဝတ်များက သူမကိုစောင့်ကြိုနေသည်။ ဘယ်တုန်းကမှ ဘာကိုမှ မက်မက်မောမော မဝတ်ဆင်ချင်ခဲ့ မတောင့်တ တတ်ခဲ့ပါပဲလျက် သူမ ဘီရိုထဲ ထိုမျှအရောင်သွေးစုံနေသည်မှာအံ့တော့အံ့သြစရာပင်။ သားတွေသမီးတွေက မွေးနေ့တွေ အမှတ်တရနေ့တွေ အမှတ်တမဲ့နေ့တွေမှာပေးထားခဲ့သောအရာများလည်း မနည်းမနော။နှစ်လေးဆယ်သည် အရောင်များကိုလည်းစုံလင်စွာသယ်လာတတ်ခဲ့သည်ပဲ။


အနီကိုနှစ်ခြိုက်ပါလျက်ရဲရင့်ရမှာ ကိုမေ့လျော့နေခဲ့ဖူးသည်။အဖြူသည်စွန်းထင်းလွယ်မှန်း သိပါလျက်နှင့် ဖြူစင်မှုကိုနှစ်လိုနေခဲ့ဖူးသည်။ ဝန်တိုခြင်းများသောအဝါရောင်များကလည်း ဟိုတစ်စ သည်တစ်စနှင့်ရောပါနေဆဲ။ သိပ်ပြီးလက်မခံချင်ပဲလက်ခံထားရသော ခရမ်းနု ခရမ်းရင့်များကလည်း ပြိုးပြိုးပြက်ပြက်လက်လို့။ မေ့လျော့ထားခဲ့မိသောအစိမ်းရောင်ဝတ်စုံ များကိုတော့ ဒီနေ့ပြန်ထုတ်ကြည့်နေမိသည်။ အနက်ရောင်ကို လူတွေက ဘာလို့ဝမ်းနည်း ကြေကွဲသည့်အခါဝတ်ဆင်တတ်ကြတာလဲ..။သူမကတော့ အနက်ရောင်ကို ပျော်ရွှင်နှစ်လို စွာဝတ်ဆင်ခဲ့ဖူးသည်။မိန်းမဆန်လွန်းသော ပန်းနုရောင် ရွှေအိုရောင် များကိုတော့ တခြား သောအရောင်များနှင့်သာရောနှော၍တွေ့ရတတ်သည်။ သူမက သိပ်မနှစ်သက်တတ်သလို သားနှင့်သမီးတို့လည်းနှစ်သက်ကြပုံမပေါ်။ တစ်ခါကတော့ အဖြူရောင်တွေချည်းပဲလွှမ်းမိုး နေမည့် အဝတ်ဘီရိုတစ်ခုကိုစိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။ လက်တွေ့ဘဝတွင်တော့ အရာရာသည်စွန်းပေလွယ်လွန်းလေစွ။


နောက်ဆုံးလက်ထဲပါလာသည်က အညိုရောင်ရင့်ရင့်။ ရင့်မှိုင်းတည်ငြိမ်နေသည်။ ဒီအညို တွေကိုကြည့်ရင်း သူမသည်ပင် ငြိမ်သက်မှိုင်းပျသွားသလို ခံစားသွားရသည်။ ပယင်းရောင် လဲ့နေသော လည်ဆွဲများနှင့်ယှဉ်တွဲလိုက်သောအခါ…တည်ငြိမ်သော ကြည်လင်မှုတစ်စုံ တစ်ရာကိုရလိုက်သလို သူမကျေနပ်သွားမိသည်။ သေချာတာကတော့ ငယ်စဉ်ကလို အညိုရောင်နှုတ်ခမ်းဆိုးဆေးကို မဆိုးနိုင်တော့မှာပင်။ ပန်းသွေးရောင်စွန်းသည်ဆိုရုံမျှသာ စွန်းသော နှုတ်ခမ်းကို ကြည့်ကာကျေနပ်လိုက်သည်။ ဘာလုပ်မှာလဲကွယ်။ ကျားကန်ခြင်း ပန်းပန်ခြင်းတွေကို သူမနဂိုတည်းက အယုံအကြည်မှမရှိခဲ့ပဲ။ အဖြူရောင်တွေရောယှက် စိမ့်ဝင်လာခဲ့သော ဆံနွယ်များကိုကြည့်ကာ နှစ်နှစ်လိုလို လက်ခံထားနိုင်ခဲ့သည်ပဲ။


တချို့သော မိန်းမများကဲ့သို့ ဇရာကိုဖုံးကွယ်လိုသည့်ထဲ သူမ မပါဝင်ခဲ့ပါ။ ကျူးကျော်ဝင် ရောက်လာသော အရေးအကြောင်းများကိုလည်း သက္ကရာဇ်လှေကားထစ်များသဖွယ် သူမက လက်ခံကျေနပ်နေခဲ့ဖူးသည်။ ရော့ရဲ ပြေလျော့သွားမှုများကိုလည်း ဓမ္မတာဟု လက်ခံနိုင်ခဲ့သည်။ အပေါ်ယံအရည်ပြားတစ်ထောက်စာသာရှိသော အလှကို သူမ မယုံ ကြည်ခဲ့ဖူးပါ။ သူမ ယုံကြည်သည်က ဖြူစင်မှု ဖြစ်ပြီး မယုံကြည့်သည်က သံသယများသာ ဖြစ်သည်။ သို့သော် ထိုယုံကြည်မှုများနှင့် အမြဲတမ်း ပဋိပက္ခ ဖြစ်နေခဲ့ရပြီး မယုံကြည်သည့် သံသယများကသာ ဘဝထဲ စိမ့်စို ကျူးကျော်လာတတ်ခဲ့သည်ပဲ။


အဆိပ် ဟုအမည်ရသော ကမ္ဘာကျော်ရေမွှေးနံ့က အခန်းလေးထဲ ပျံ့နှံ့သွားသည်။ ဘာကိုမှ အစွဲအလန်းမထားတတ်သောသူမ အဖို့ကတော့ အဆိပ် သည်လည်းကောင်း၊ ပျော်ရွှင်မှု သည်လည်းကောင်း၊ သုခဘုံအလွန် သည်လည်းကောင်း ဘာမှသိပ်ပြီးမထူးခြားလှပေ။ အရာအားလုံးသည် ငွေကြေးနှင့်လဲလှယ်ယူနိုင်သော ရနံ့အတုများဖြစ်သည်။သူမကတော့ တစ်ချိန်က (ခုထိလည်းဖြစ်နိုင်ပါသည်) ပိုင်ဆိုင်ခဲ့သော ကိုယ့်ကိုယ်သင်းနံ့ကိုသာ ကိုယ်ယုံကြည်နေချင်တုန်း။သို့သော်လည်း… အရာရာသည် ပြောင်းလဲသွားခဲ့ပြီ။ တန်ဖိုးတစ်ခုသည် သတ်မှတ်သူနှင့်သာ တိုက်ရိုက်အချိုးကျတတ်တာကတော့ ရင်နင့်စရာ ။အချို့သောသူများတွင် စံဆိုသည့်အရာများ ပျောက်ဆုံးနေခဲ့သောကြောင့် ဖြစ်သည်။ ဒီရေမွှေးကို သူမ ကိုယ်ပိုင်စွဲလန်းမှုနှင့် သုံးစွဲနေခဲ့သည်မှမဟုတ်ပဲ။ အဆိပ် ကို သူမနှင့် ယဉ်ပါးစေခဲ့သူ သည် …


ပြူတင်းဝမှတစ်ချက်လှမ်းကြည့်မိသောအခါ တိုက်တိုက်ဆိုင်ဆိုင်ခြံထဲတွင် အညိုရင့်ရောင် ပန်းတချို့လင်းလက်စွာပွင့်နေကြသည်။ သစ်ရွက်ကြွေတချို့ညိုးရော်ခြောက်သွေ့နေတာ ကိုလည်းမြင်ရသည်။ ပြတင်းပေါက်မှဝင်လာသောနွေသည် အရာအားလုံးကို သွေ့ခြောက် နွမ်းရော်သွားစေနိုင်သည်တဲ့လား။ဒီပြတင်းလေးမှပင်ရာသီဥတုအမျိုးမျိုး သူမထံဝင်လာ ထွက်သွားရှိခဲ့ဖူးသည်။ နွေကိုလည်း နှုတ်ဆက်ရသလို ဆောင်းကိုလည်း ခရီးဦးကြိုပြုရ သည်ပဲ။ မိုးစက်တွေကိုလည်း တရင်းတနှီး မိတ်ဖွဲ့ခဲ့ရဖူးသည်။ မိုးစက်များနှင့်တူရောနှော သွားခဲ့ရသောမျက်ရည်စက်များကိုတော့ အထူးတလည်ပြန်ပြီးမိတ်ဆက်မနေချင်တော့။ အရာအားလုံးသည် အတိတ်နေ့ရက်များနှင့်အတူဟောင်းနွမ်းသွားပေလိမ့်မည်။ ( ထင်သည်။)

အညိုရောင် ကျောက်များနှင့် စီရီထားသော နောက်ညှပ်ကလစ် တစ်ခုကိုယူကာ ဆံပင်များကို သပ်သပ်ရပ်ရပ် စုသိမ်းလိုက်သည်။ သမီးကြီးကတော့ ဟော အဘွားကြီး အရောင်နဲ့ ထွက်လာပြန်ပြီ ဟု ပြောဦးမလား .. ။ သမီးလတ်ကတော့ ယောဂီဆန်သော ဒီအရောင်ကို သဘောကျနေပေလိမ့်မည်။ အဝေးမှ သီချင်းသံတစ်စကို ကြားရသည်။ Brown girl in the ring , sha la la la la တဲ့။ ဘာလို့များ အဲဒီ အညိုရောင် ကောင်မလေးက ကြိုးဝိုင်းထဲ ရောက်နေရတာတဲ့လဲ။ အတွေးနှင့်အတူ သူမ ကျရောက်နေခဲ့သော ကြိုးဝိုင်း တစ်ခုမြင်မိသလို။ သတ်ကွင်း ။ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသော အပြုံးကပင် အညိုရောင် ရင့်ရင့် ဖြစ်နေခဲ့၏။


ခပ်စိမ်းစိမ်းရနံ့တစ်ခု ရောက်နေခဲ့တာ ကာလ တစ်ခုမက ကြာနေပြီဖြစ်သော အခန်းကလေးကို ဝေ့ဝဲကြည့်လိုက်သည်။ အခန်းထောင့်က ဖိနပ်စင်တွင် အညိုရင့်ရင့် ဖိနပ်ပါးပါးလေးတစ်ရံရှိနေသည်။ (အသက်အရွယ်အရ ခွာသေးသေး ချွန်ချွန် ဖိနပ်များကို မစီးဖြစ်တာ ဆယ်စုနှစ် တစ်ခုပင် မကတော့ဟု ထင်သည်။) တကယ်တော့ ဒီအညိုရောင်တွေကို သူမ ရည်ရွယ်ချက် ရှိရှိ ဖိတ်ခေါ်ထားခဲ့ခြင်းမဟုတ်ပါ။ အကြောင်းတရားများစွာ နှင့် သူမထံ ရောက်ရှိနေခဲ့ကြ ခြင်းဖြစ်သည်။ ခုတော့လည်း တိုက်ဆိုင်လွန်းလေစွ.. ။ သူမ အညိုရောင်များကို စက္ကန့် ပိုင်းအတွင်း နှစ်လိုသွားခဲ့ရတော့သည်။ မနေ့က သမီးကြီးဆိုးပေးထားသော အညိုနုရောင် လက်သည်း ဆိုးဆေးများကပင် ဖျော့တော့နေသလို ခံစားလာရသည်။ နည်းနည်းဖြစ်ဖြစ် မှို်င်းရင့် ပစ်လိုက်ကြပါတော့လား။ ခပ်မှိုင်းမှိုင်းရင့်ရင့် လက်သည်းများကရော ဘယ်လို အသုံးဝင်မှာ မို့တဲ့လဲ ။ နှလုံးသားတွေကို စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ပစ်လိုက်လို့ရမှာတဲ့လား။ အဲလို အသုံးဝင်ခဲ့သည့်တိုင် မှိုင်းညိုနေသော သူမ စိတ်အင်အားများက သူမ နောက်က ပါလာလိမ့်မည်မထင်တော့ပါ ။ နောက်ကျ သွားခဲ့သော စက္ကန့်များသည် အညိုရောင် စက္ကန့်များ ဖြစ်သည်။


အညိုရောင်ရင့်ရင့် မှိုင်းမှိုင်း အကျီ င်္လုံခြည်ပေါ်တွင် လဲ့နေသော ပယင်းတစ်ဆင်စာက ခပ်လဲ့လဲ့လေး လင်းနေစေသည်။ အဆိပ်နံ့သင်းနေသော ခန္ဓာကိုယ်သည် ကိုယ်ပိုင်တန်ဖိုး များကို ဖုံးကွယ်ထားလိုက်သည်။ အညိုရောင်ဖိနပ်ပါးပါးလေးသည် နာကျင်မှုကို မေ့လျော့နေသည့်နှယ် သူမကို ထမ်းပိုးထားခဲ့သည်။ ဘယ်လက်လက်ဖျံပေါ်မှ သားရေညို ကြိုးတပ် နာရီ ဒိုင်ခွက် အညိုလေးကို ဖျတ်ကနဲကြည့်မိတော့ အညိုရောင်နာရီ တစ်ခုကို ညွှန်ပြနေခဲ့ပြီ။ ထို အချိန်နာရီသည် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကတည်းက ညိုမှိုင်း နေခဲ့သည်လား။ ဘယ်တုန်းကများ ညိုမှိုင်းရင့်အိုသွားခဲ့ရသည်လဲ။


အတွေးပင်မဆုံးလိုက် အညိုရောင်မီးခိုးလုံးများနှင့်တူသော အသံတစ်သံသည် တံခါးကိုဖြတ်ဖောက် ဝင်ရောက်လာသည်။ မပြီးသေးဘူးလား..တဲ့ ။ တစ်သက်တာနာခံခဲ့ဖူးသည်ဟု ထင်ချင်စရာ မရှိတော့သော အညိုရောင်မုန်တိုင်းတစ်ခုနှင့် ခပ်ဆင်ဆင် တူသည့် အသံအောက်တွင် သူမ၏ ဖုံးကွယ် ထားခဲ့သော ယိုယွင်းပျက်စီးနေသည့် စိတ်ဓါတ်များက ခုံးကြွ မိုမောက် လာချင်သလို ဖြစ်သွားရသည်မို့ ကဗျာကယာ ပြန်သိမ်းလိုက်ရသည်။ ရှိပါစေတော့။ အပျက်အစီးများကို သိမ်းကောက်ရင်း ဘဝကို အဆုံးမသပ်လိုတော့ပါ။ အရာအားလုံးကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်စေချင်သူတစ်ယောက်၏ ကြေမွအက်ကွဲနေသော သက္ကရာဇ်များသည် ခပ်ရင့်ရင့် လွှမ်းခြုံထားသော အညိုရောင်များ အောက်တွင် နစ်မြုပ်နေပါစေတော့။


တဆိတ်ကလေး ဖျော့တော့နေသည်ဟု ထင်ရသော အညိုရောင် ကျွန်းတံခါးကို ဆွဲဖွင့်ထွက်လိုက်သော အခါ ..အညိုရောင်များနှင့် တည်ငြိမ်မှိုင်းပြနေသော သူမကို နှစ်လေးဆယ်ကြာသူမနှင့် အတူ ရှိခဲ့ဖူးသည့် အရင်းနှီးဆုံးသူစိမ်းတစ်ယောက်က သူမကို ကြောက်မက်ဖွယ်ရာ စောင့်ကြိုနေခဲ့သည်။ တကယ်တော့ မှိုင်းပြညိုလွင်နေသော ယနေ့သည် သူမတို့နှစ်ဦး၏ နှစ်လေးဆယ်ပြည့် မင်္ဂလာနေ့ဖြစ်သလို မှားယွင်းခဲ့မှု၏ နှစ်လေးဆယ်ပြည့်နေ့လည်း ဖြစ်လေသည်။

To 27th July’09 and my mom !!!

မနော်ဟရီ

2010, March' Yati Magazine



13 Comments:

Zephyr said...

I like this post ...
I hate all colors now ...
I don't like and don't wanna let colors overwhelm my emotions ...

God Blez to your mom ...
Peace B with her ...

So many liars in the world ....!!!

မောင်မျိုး said...

ဒီဝတ္ထုကို မဂ္ဂဇင်းတစ်အုပ်အုပ်မှာဖတ်ဖူးတယ် မမှတ်မိတော့ဘူး ဘယ်စာအုပ်လဲဆိုတာ ။ ဖတ်လို့တော့ တော်တော်ကောင်းတယ် ဇရာရဲ့အကြောင်းကို လှလှလေးဖွဲ့ထားတယ်လို့ထင်မိပါတယ်။

မယ်ကိုး said...

ရေးဟန်အမျိုးမျိုးပြောင်းလဲသုံးစွဲတတ်တဲ့ မမကို လေးစားအားကျမိပါတယ်။ ဒီရေးဟန်လေးက အညိုရောင်လဲ့ဖြာနေသလိုပဲ။

မမ မေမေ ပျော်ရွင်ချမ်းမြေ့ပါစေ။

အမရာ said...

နှစ်လေးဆယ်ကိုကြားကတည်းက
ဖတ်ချင်နေတာ....
အရောင်တွေထဲမှာမျောရင်း......
နှစ်ခြိုက်စွာ......

အနမ်း said...

မနော်ရေ ဖတ်သွားပါတယ်။ နှစ်လေးဆယ်ပြည့် သရုပ်ဖော် ထားတာလေး အင်မတန်ကောင်းပါတယ် အမ။
အားပေးလျှက်ပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

Kay said...

အသိတခု နဲ့.. ထိရှသွားတယ်...
အညိုကြိုက်သူ တွေ အားလုံး..အငြိုအငြင် တွေ နဲ့ ကင်းဝေးကြပါစေ..။

အညို ကြိုက်သူ..

ချော (အစိမ်းရောင်လွင်ပြင်) said...

ဖတ်လို့ပြီးသွားချိန်မှာ ရင်ထဲမှာတစ်စုံတစ်ရာ ခံစားချက်က ကျန်နေခဲ့တယ်
လေးလံနေသလိုပါဘဲ
ရင်ထဲမှာတောင် အညိုရောင်တွေ လက်ဖြာသွားသလိုခံစားမိတယ်..
ကိုယ်တွေလဲ အညိုရောင်ကို နှစ်လိုရမဲ့တစ်ချိန်ချိန်ကို
ကြိုပြီး ပြင်ဆင်ထားသင့်တယ်လို့ အတွေးရမိတယ်..

eaindraomtt said...

မမရေ...

၄၀ နာနီးလို့ ထင်မကြည့်ရက်စရာ..
လှပနုပျိုနေသူတွေကြတော့ရော...း))

အရမ်းလှတဲ့ ၀တ္ထုတိုလေးပါ မမ
အရောင်တွေကိုရွေးချယ်ခဲ့တယ်ထင်နေတဲ့ မိန်းမတစ်ယောက်

တကယ်က အရောင်တွေ စေခိုင်းရာအတိုင်း
မိန်းမော မျောပါ နေခဲ့ရတာ...

sonata-cantata said...

မနော်က အမေ အကြောင်း ရေးလိုက်တော့
ရသတွေနဲ့ နုညက်နေလိုက်တာ

အမေ အကြောင်း ရေးတယ်။

sonata-cantata said...

ရေးချင်*တယ်။

* စာလုံးကျ ကျန်ခဲ့လို့

★Craton said...

အမေတွေသနားပါတယ်....။

thadarhline said...

ဝတ္ထုလေးကိုဖတ်ပြီးရင်ထဲမှာတမျိုးလေးခံစားရတယ်နော်.။
သဒ္ဓါကတော့အညိုရောင်ကိုနှစ်သက်တယ်..
ဒီဝတ္ထုလေးကိုမဖတ်ဖူးသေးဘူးမနော်..

ခင်တဲ့
သဒ္ဓါ

ကိုရင်နော်ခင်လေးငယ် said...

မ.....

ခင်လေးလည်း အညိုရောင် သိပ်ကြိုက်တာပဲ..

စာလေးဖတ်ပြီးသွားတော့ ရင်ကို နင့်နဲနဲ အရသာ တစ်မျိုးက လာကပ်တယ်...

ဇရာ... တဲ့လား မ... ရေ

သင့်တင့်လျှောက်ပတ်စွာ နေထိုင်ရှင်သန်ရင်း
ဖုန်းဖိဖို့လည်း ဘယ်တော့မှ ကြိုးစားဖြစ်မှာ မဟုတ်တဲ့ ကိုယ့်မျက်နှာကို မှန်ထဲ တချက် ငဲ့ကြည့် ဖြစ်သွားတယ်...

မေမေတွေအားလုံး ချမ်းမြေ့ကြပါစေ..

ချစ်တဲ့...