အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်.. အိမ်ကလေးရယ်…. ငါရယ်…………

Saturday, May 1, 2010


အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်.. အိမ်ကလေးရယ်….ငါရယ်…………

အမြင်မဲ့
ယိုင်နဲ့နေခဲ့တဲ့ ငါ့အိမ်ကလေး
ကျားကန်ခြင်းမဲ့ …..

အများကပြောတဲ့
မိုက်မဲခြင်းတွေကိုသာ
အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ
ဆင့်စီထားခဲ့ရ
ငါ့ဦးခေါင်းကတော့
ဘာမဆိြုေ့ပးတိုက်ပစ်လိုက်ဖို့
မာနတွေနဲ့ မာကျောနေခဲ့ …….

အိမ်ကလေး…
ငါ..အဝေးကြီးထိ
ခရီးဆက်ရဦးမှာ
ရာသီဥတုဒါဏ်တွေ
နတ်ဆိုးတွေရဲ့ အမှောင့်ပယောဂတွေ
အမြဲစိမ်းသစ်တောကြီးတွေရဲ့ ကာဆီးမှုတွေ
လက်ညှိုးတွေ …အများကြီး ကြုံရဦးမှာ
ငါ့မှာ ကာရန်ပေးစရာဆိုလို့
အများကပြောတဲ့ မိုက်မဲခြင်းတွေသာရှိရဲ့ ….

မင်း..မမြင်ရတဲ့အိပ်မက်တွေနဲ့
ငါ.. လောကကို မေ့လျော့နေခဲ့မိတဲ့အခါတိုင်း
ညစာမဲ့ .. နေရောင်မဲ့ .. မင်းအတွက်
ငါ့အိပ်မက်တွေက ဆေးဖက်မဝင်နိုင်တဲ့အခါတိုင်း
မိုးစက်တွေ ကံ့ကော်ရနံ့တွေ
စိန်ပန်းကြွေတွေ .. ရေတမာတွေကြား
ငါ ..နာဖျားနေတဲ့အခါတိုင်း
အများကပြောတဲ့
မိုက်မဲခြင်းတွေရဲ့ အဆိပ်သင့်တဲ့ဒါဏ်
ငါခံရတိုင်း
အများကြိုက်စကားလုံးတွေနဲ့
မင်းကို …
ကျားကန်မပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပေးခဲ့ပါ။

လောကမှာ ဘာအလိုအပ်ဆုံးလဲ
သိက္ခာ
ပညာ
မာန
ဆောက်တည်ရာမရ ရွတ်ဆိုနေခဲ့တဲ့
မေးခွန်းတွေလည်း ပျံ့ကျဲ
အိမ်ကလေးရဲ့ ရင်ခွင်ထဲမှာ …..
လှဲကျင်းပစ်လိုက်ဖို့ရာလည်း မဖြစ်နိုင်
ရှင်းလင်းပြဖို့ရာလည်း မဖြစ်သေး
ရာဇဝင်သစ်တွေ ပြောင်းပြန်ဖြစ်နေခဲ့ …

အမှားအယွင်းတွေရဲ့ သားကောင်
အမှန်တရားရဲ့ နောက်တော်ပါး
ပါးနပ်မှုရှိလျက်နဲ့ အသုံးမချသူလေ
ခုတော့လည်း
သုံ့ပန်းလုံးလုံးကိုဖြစ်လို့……….

ရွက်ကြွေတွေလို
ဦးတည်ရာမဲ့ လွင့်မျောပစ်လိုက်ချင်ရဲ့
ဒါပေမယ့်
ယိုင်နဲ့နေသေးတဲ့
ငါ့အိမ်ကလေးကို
ငါ ဘယ်လိုပစ်ခွာသွားရက်ပါ့မလဲ …
အများကပြောတဲ့
မိုက်မဲခြင်းတွေသာ
ခရီးရှည်နေခဲ့ ….

ခုဆိုရင်
ငါရယ်
ငါ့အိမ်ကလေးရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
……………………………
……………………………………
အများကပြောတဲ့မိုက်မဲခြင်းတွေရယ်
ငါ့အိမ်ကလေးရယ်
ငါရယ်
…………………
………..
..

မိုင်ပေါင်းများစွာ
ရာစုများစွာတိုင်ထိ …….။ ။


၂၆၊ဂျွန်၊၁၉၉၆


အဲဒီကဗျာကိုရေးတုန်းကတော့ ကျွန်မ အဲဒီအိမ်ကလေးနဲ့ အတူရှိနေဆဲပါ။ ကံ့ကော်ရနံ့တွေက ကျွန်မကို မူးရီနေအောင် ဆွဲဆောင်ထားနိုင်တုန်းအချိန်ပေါ့ …။ နောက်ပိုင်းကျတော့ ကျွန်မကို အိမ်ကလေးထဲက တွန်းထုတ်တဲ့ လူတစ်စုနဲ့တွေ့ခဲ့ရသလို အိမ်ကလေးထဲကနေ ဖျားယောင်းသွေးဆောင် ခေါ်ထုတ်သွားမယ့် လူတစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်။ အဲဒါနဲ့ ကျွန်မလည်း အိမ်ကလေးနဲ့ ဝေးရာမှာ အခြားသော ဖျားနာမှုတွေနဲ့ နာတာရှည်လို့ပေါ့ ……

ခု အရင်က တင်ထားခဲ့ဖူးပြီး မထုတ်ဖြစ်သေးတဲ့ မီးပြတိုက်အလွန်နဲ့ မနှစ်က ရေးခဲ့တဲ့ကဗျာတွေကို စုစည်းပြီး မီးပြတိုက်အလွန် ၂၀၀၉ ဆိုပြီး ထုတ်ဖို့ စာမူတွေပြန်စီတော့ ဒီကဗျာလေးကို ပြန်ဖတ်မိတယ်။ မိုင်ပေါင်းများစွာ ရာစုတစ်ခုစာမက ဝေးကွာသွားခဲ့ပြီဆိုတဲ့အသိက ကျွန်မကို လိပ်ပြာမလုံစေတော့ပြန်ပါဘူး။ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်တတ်တဲ့ စိတ်ကပါမလာခဲ့သလို ပြန်လည်းလှည့်ကြည့်ခွင့်မရတဲ့အတွက် စိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချပစ်ခဲ့တာ ကြာပါပြီ။ ခုတော့လည်း အိမ်ကလေးက တခန်းတနားနဲ့ကို ကျားကန်ပေးထားခံရပြီး တနင့်တပိုး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ..

သူ ကျွန်မကို ဘာတွေပြောချင်နေမလဲ ဆိုတာ မနာကြားရဲတဲ့ကျွန်မက အိမ်ကလေးကို ခပ်ဝေးဝေးကနေ ငေးလို့ …… ပြီးရင် မသိမသာသက်ပြင်းတွေနဲ့ နောက်ဆုတ်လှည့်ပြန်လို့ ..။ ကိုယ့်ကိုယ်ကို တောင် ကျားကန်နိုင်ခြင်း မဲ့နေတဲ့ဘဝထဲမှာ ဒါပဲ တတ်နိုင်ခဲ့တာပါ။ မတတ်နိုင်ခြင်းများစွာ မတတ်သာခြင်းများစွာနဲ့ ကျွန်မတို့ ဘဝတွေ ဘယ်တော့များမှ အလင်းသစ် ရမှာတဲ့လဲ။ ကျွန်မရဲ့ မေးခွန်းကို အိမ်ကလေးကတော့ ရေငုံနှုတ်ပိတ်နေလိမ့်မယ် ထင်ပါတယ်။


မနော်ဟရီ


16 Comments:

Zephyr said...

ူလူတိုင်းရဲ့ရင်ထဲမှာ

အိမ်ကလေးတစ်လုံးစီနဲ့ ...။

လင်းဒီပ said...

ကျွန်တော်နေထိုင်ခဲ့ဖူးတဲ့ မိသားစုနေနိုင်ရုံ ငယ်ဘဝ နုံချာ အိမ်လေးတစ်အိမ်ဆီ စိတ်က ပြန်ရောက်သွားတယ် ။

လွမ်းစရာကောင်းတဲ့ သက်မဲ့တွေထဲမှာ အိမ်ဆိုတာ ရှေ့ဆုံးက ပဲလား ။

Julian said...

ဟိုးရှေးရှေးတုန်းက အိမ်ကလေးတစ်အိမ်ရှိခဲ့ဘူးတယ်
အိမ်ကလေးထဲမှာလိုအပ်တာတွေရှိသလို နွေးထွေးမှုတွေလည်းရှိခဲ့တယ်
အိမ်ကလေးသေးပေမယ့် သူပေးခဲ့တာတွေကအများကြီး
လောကရဲ့သဘာဝအရ ပေးနိုင်တာထက်ပိုလိုချင်ခဲ့တဲ့ကျမတို့ အိမ်ကလေးဆီကနေ ထွက်ခဲ့ကြတယ် လှည့်ကြည့်ရင်းထွက်လာခဲ့ရင်း အိမ်ကလေးက ကိုယ်တို့နဲ့ဟိုးအဝေးကြီးမှာကျန်ခဲ့ပြီ.....
အခုတော့လည်း အဝေးကနေငေးကြည့်ခွင့်ရနေတာလေးကိုဘဲကျေနပ်ရင်း ..... အိမ်ကလေးသိရင်လဲကျေနပ်မှာပါ.......


**ဒီကဗျာလေးကို ဖတ်ဘူးခဲ့တာအကြိမ်ကြိမ် သို့သော်မှတ်မိနေခဲ့တာက

အများကပြောတဲ့
မိုက်မဲခြင်းတွေကိုသာ
အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ

အိမ်ကလေးရှိခဲ့ဘူးသူ.........

မောင်ခင်လေး said...

ကျွန်တော် ကျွန်မတို့ လွင့်ခဲ့ကြတယ် သစ်ရွက်တွေလို နောက်ဆုံး ဆိုက်ကပ်ရာ အမှိုက်ခြင်းလေး ဆိုက်ကပ်ရာ ဆိပ်ကမ်းလေး
အဲ့ဒီအရာကတော့ အိမ်ပေါ့

Mogok Thar said...

ယိုင်နဲ့နဲ့ ကျနော့်အိမ်ကလေးကို မြင်ယောင်မိသွားတယ်...

မတတ်နိုင်ခြင်းများစွာ..
မတတ်သာခြင်း များစွာ... တဲ့လား....

ကျားကန်ထားဖို့.. လုံလောက်တဲ့ အားး ကျန်သေးလား ကိုယ့်ဘာသာ ပြန်မေးမိပြန်တယ်....

မယ်ကိုး said...

မမကဗျာတွေကို စကားပြေထက် ပို မက်မောမိတာ အမှန်ပါ။
တစ်ခါ ဖတ်မိရင် တော်တော်နဲ့ မေ့မရတော့ဘူး။
ဒီကဗျာလေးရော။ ရင်ဘတ်ချင်းတူသူမို့ အမြဲမှတ်မိနေတော့မှာ။

ချစ်တဲ့

Kay said...

ရေတမာတော အကြောင်း ရေးပေးတော့မလားလို့..၀မ်းသာအားရ ပြေးလာတာ.. ဆန့်တငံ့ငံ့ ဖြစ်သွားတယ်.. ( ရေးပေးအုံးလေ)

အိန္ဒြာ said...

နှလုံးသားတွေ နွေးထွေးရင်
ဒါဟာလည်း အိမ် ပေါ့ မမရယ်.....

မိုက်မဲခြင်းတွေ က တစ်ခါတစ်လေ ခေါင်းမာမာနဲ့ကျားကန်ပေးတတ်တဲ့ အရာမျိုးမမရဲ့...

မိုက်မဲမှုတွေ သေချာလား..
သေသပ်လား...
လုံလောက်လား..
လေးနက်လားဆိုတာတွေ ကတော့အရေးကြီးလိမ့်မယ်ထင်ရဲ့...

ဆပွားအတွေးများစွာနဲ့...
ကဗျာလေး အတွက် ကျေးဇူးပါ မမ

★Craton said...

အိမ်များသူမို့ ဘယ်အိမ်က ကိုယ့်အိမ်ကလေးမှန်းတောင် ကိုယ့်ကိုယ်ကိုယ်မသိ :P

သေချာတာကတော့ အများကပြောတဲ့ မိုက်မဲခြင်းတွေ အိမ်ထဲကို ယူမသွားခဲ့မိဘူး။

ညလင်းအိမ် said...

ကဗျာလေးကို သေသေချာချာ ဖတ်သွားပါတယ် ဆရာမ ...

Ree Noe Mann said...

အိမ်ကလေးနဲ့အတူ ကျွန်တော်လည်း
ရေငုံနှုတ်ပိတ်နေမိပါတော့တယ်

မိုးငွေ့...... said...

အဲဒီအိမ်လေးရင်ခွင်မှာ ကျမခိုလှုံခွင့်မရှိခဲ့ဘူး...
အများကပြောတဲ့ မိုက်မဲခြင်းနဲ့ ယိုင်နဲ့နဲ့အိမ်ကလေး
ကိုတော့...အဝေးကလွမ်းမောခွင့်ရနိုင်ပါသေးတယ်
မနော်...ကဗျာလေးဖတ်ပြီး...ရင်ထဲတစ်ခုခုဖြစ်သွား
တယ်...ဘယ်ရယ်မသိဘူး...။

ခင်မင်စွာဖြင့်
မိုးငွေ့

အိုင်လွယ်ပန် said...

အိမ် ..
ဆာလောင်လာတိုင်း
သူသူငါငါ ...
တစ်ခါ လောက်တော့ တမ်းတမ်းတတ
ရွတ်ဖူးကြလိမ့်မယ် ..။

ရွတ်ရတာလေးနဲ့ တင်
နှလုံးသားဟာ နွေးထွေးလို့ ...။

အမရာ said...

ခုဆိုရင်
ငါရယ်
ငါ့အိမ်ကလေးရယ်
အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်
……………………………
……………………………………
အများကပြောတဲ့မိုက်မဲခြင်းတွေရယ်
ငါ့အိမ်ကလေးရယ်
ငါရယ်
…………………
………..
..
အခါခါရွတ်နေမိတာ....

wine cho said...

ပြီးခဲ.သော ကစားပွဲ
..........................
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ.
အပြုခံရသူလား ပြုခဲ.တဲ.သူလားဆိုတာ
မရေရာမကွဲပြား
တိမ်တွေကြားလမ်းသလားရင်း
ကိုယ်.မှာတရားနဲ.ဖြေရတယ်....

အရာရာမှာ နတ္တိ
သုညနဲ.အဖြေညှိတော.
နှစ်ဘက်စလုံး သရေကျ
သြော် .. ကစားပွဲတခုပြီးသွားတာပဲ အဖတ်တင်ခဲ. ...

တံခါးတွေဖျတ်ကနဲပိတ်
ခေါင်းလောင်းသံတွေတိတ်ရင်
တစ္ဆေတစ်ကောင်ဟာပိုးစိုးပက်စက်...
အို.....ရေအိုးဟာဘောင်ဘင်ခတ်
မပြည်.တတ်လေမှ
ဘာတွေကိုသိမ်းဆည်းနေရဦးမလဲ.....

ချန်ထားခဲ.တဲ. ဖိနပ်လေးရေ
နောက်ကြောင်းမရှင်းတဲ. နင်.ရဲ.ပဠိပက္ခတွေကြား
လိုက်ပါစီးနင်းမယ်.
ခရီးသည်တစ်ယောက်လာလိမ်.မယ်...

မိုးဆိုတာတော. ပြိုမှာပါပဲ
မျှော်လင်.ချက်ရာသီထဲ
နှင်းတွေမကျခင်
မြူခိုးတွေမဝေခင်
အချိန်တွေနဲ. စီးချင်းထိုးဖို.
ငါသွားရမယ်......
ချစ်သူရှိတယ်
ဝိုင်တစ်ခွက်ရှိတယ်.......

ဘာလိုသေးသလဲ....
ကဲ..ဘာလိုသေးသလဲ....???


(ဆရာ မောင်သိန်းဇော်ရဲ. ရှုမျှော်ခင်းကဗျာမှ စာသားတချို.ကိုးကားပါတယ်.)

thadarhline said...

မနော်......
ကဗျာလေးကိုဖတ်ပြီးထပ်တူခံစားခဲ့ရတယ်။ကံ့ကောပန်း
တွေနဲ့ဝေနေမဲ့အိမ်ကလေးကိုလွမ်းမောရင်းဝေဒနာတွေ
အပြည့်နဲ့ပေါ့။ခုတော့အိမ်လေးနဲ့ဝေးရာမှာ....

ခင်တဲ့
သဒ္ဓါ