တနင်္ဂနွေရောင် မြူခိုးငွေ့များ

Monday, April 26, 2010


တနင်္ဂနွေရောင် မြူခိုးငွေ့များ

နေရာက ကျွန်တော့်အတွက် အစိမ်းသက်သက်ပါ။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာလေး။ လမ်းကလေးရဲ့ အဝင်ဝမှာ ရှိတဲ့ ခြံကလေးထဲမှာ ကျွန်တော်တို့ gathering တစ်ခု ကျင်းပ နေကြတယ်။ မတွေ့ရတာကြာပြီ ဖြစ်တဲ့ မိတ်ဆွေတွေ ..၊ မတွေ့ရတာကြာလေ ကောင်းလေ ဖြစ်တဲ့ မိတ်ဆွေတွေနဲ့ပေါ့ ..။

ကျွန်တော်ကတော့ ထုံးစံအတိုင်း အရာရာကို ညည်းငွေ့လွယ်သူ ပီပီ နေ့လည်စာ စားပြီးချိန်မှာ အဲဒီလူအုပ်နဲ့ ခွဲထွက်ခဲ့လိုက်တော့တယ်။ တကယ်တော့ ထွက်သာလာတယ်။ ဆက်သွားရင် ဘာရှိမှန်း မသိသလို နောက်ပြန်ဆုတ်ရင်လည်း ဘာရှိမှန်း မသိပါဘူး။ ဒါပေမယ့် တောနက်ကြီးထဲ မြေပုံတစ်ချပ်နဲ့ သွားရတာထက်တော့ လွယ်မှာပါ။

လမ်းကလေးက ဆက်ဝင်သွားတာနဲ့အမျှ စိမ်းစိုအုံ့ဆိုင်းနေတယ်။ လေကတော့ ကြည်ကြည်စင်စင်လေး တိုက်လို့ ..။ ကျွန်တော်ဟာ စိတ်ကူးယဉ်တတ်တဲ့ ကဗျာဆရာ တစ်ယောက် မဟုတ်တာတောင်မှ သစ်ရွက်တွေရဲ့ တီးတိုး တေးသံတွေကို ကြားနေရမိ သလို စိတ်ထဲ ကြည်နူးနေမိတယ်။ လမ်းကလေးကို ဆုံးအောင် ဆက်လျှောက်တာတောင် မှ ခြံကျယ်ကြီး နှစ်ခြံပဲရှိတာ တွေ့ရတယ်။ ဒါပေမယ့် လမ်းကလေးက ဆုံးမလိုနဲ့ မဆုံးပြန်ဘူး။

ဝါးရုံစိမ်းစိမ်းတွေနဲ့ အုံ့ဆိုင်းနေတဲ့ လူတစ်ယောက်သွားသာ လမ်းကလေးကို တွေ့လိုက်ရတယ်။ ကျွန်တော် ခပ်တည်တည်နဲ့ ဆက်လျှောက်သွားလိုက်တယ်။ လမ်းကလေးက အပင်တွေ အုံ့ဆိုင်းနေလို့လားမသိဘူး။ မြူခိုးတွေ ဝေနေသလိုပဲ။ ပြီးတော့ အဲဒီမြူငွေ့တွေကြား လျှောက်ရတာ ခံစားမှုတစ်ခုကို ပေးနေသလိုလည်း ခံစားရတယ်။

လမ်းအဆုံးမှာ အတော်အသင့်ကျယ်တဲ့ ခြံကလေးတစ်ခြံ…။ အိမ်ကလေး တစ်လုံး ..။ အိမ်ရဲ့ ဟိုမှာဖက်မှာ ရေကန်တစ်ခု .. ရေကန်က တော်တော်ကျယ်ပုံပါပဲ။ စိမ်းပြာနေတယ်။ အိမ်ကလေးကတော့ သာမန် မြေစိုက်သစ်သားအိမ်ကလေးပါ။ ဒါပေမယ့် အဲဒီသစ်သားတွေက အဖြူရောင် လင်းတောက်နေတယ်။ အိမ်ထဲမှာ လူရိပ်လူခြေ မတွေ့ရပေမယ့် အိမ်ကလေးက တံခါးလည်း ပိတ်မထားဘူး။

ကျွန်တော် ခပ်လှမ်းလှမ်းကနေ အိမ်ကို ပတ်ကြည့်ပြီး နောက်ဖက်က ကန်ရှိရာကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ခြံထဲမှာက ပတ်ပတ်လည်မှာ ဝါးရုံတွေ အုံ့ဆိုင်းနေတာက လွဲရင် မြေပြင်ကျယ်မှာကျ မြက်တစ်ပင်တောင် မတွေ့ရအောင် ပြောင်ရှင်းလို့။ ရှုပ်နေတာက ဟိုတစ်ရုပ် ဒီတစ်ရုပ် ချထားတဲ့ အရွယ်စုံ ပန်းပုရုပ်၊ပလပ်စတာရုပ်နဲ့ ကျောက်ဆစ်ရုပ်တွေ။

“ အဲ ”

ရုတ်တရက် ကျွန်တော့်ခြေလှမ်းတွေ ရပ်တံ့သွားရတယ်။ စိတ်ထဲမှာလည်း စိုးထိတ် သွားသလိုပဲ။ အိမ်ကလေးရဲ့ အနောက်ဖက်မှာ လူတစ်ယောက်ကို တွေ့လိုက်ရတာကိုး။ ပိုပြီးသေချာအောင် ပြောရရင် အမျိုးသမိး တစ်ယောက်။ သူမ စားပွဲနှစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။

“ အိုး .. သူ အရုပ်တစ်ခု လုပ်နေတာပဲ ”

ရွှံ့စေးနှင့် အရုပ်တစ်ခုကို သွန်းလုပ်နေပုံရတဲ့ သူမဟာ စိတ္တဇ ဆန်နေသလိုပဲ။ ဆင်စွယ်နှစ် ရောင် လက်ပြတ် စွပ်ကျယ်သား အကျီ င်္ ကိုဝတ်ထားပြီး အဲဒီအရောင် ဂါဝန်ရှည်ကိုပဲ ဝတ်ထားတယ်။ ဒါပေမယ့် သူ့အဝတ်အစားမှာ ရွှံ့စေးတွေက အဆင် ဒီဇီုင်းတစ်ခုလို ပေကျံလို့။ ဆံပင်ရှည်ရှည် ခွေခွေ လိပ်လိပ်လေးတွေက အညိုရောင် ..။ လုံးဝသိမ်းဆည်း မထားပဲ ဖြန့်ချထားတာကြောင့် သူမပုံက ပိုပြီး စိတ္တဇ ဆန်နေတာ ထင်ပါရဲ့။

ကျွန်တော် သူမဆီ လျှောက်သွားလိုက်တယ်။

ခြေသံကြောင့် ထင်တယ်။ သူမက အသာမော့ကြည့်တယ်။ ပြီး.. တွေ့နေမြင်နေကျ အရာတစ်ခုကို တွေ့ရသလို . သာမာန်ပဲ .. အကြည့်ပြန်လွှဲသွားတယ်။ တကယ်ဆို ကျွန်တော်လို ကောင်တောင် သူ့ကို တွေ့ရချိန်မှာ ထိတ်ကနဲ ခံစားချက် ပျော့ပျော့တစ်ခု ဝင်လာသေးတာ။ သူမအနေနဲ့ ဒီလောက်မှ လှုပ်ခတ်မသွားဘူးဆိုတာကတော့ တစ်မျိုးပဲ။ မသကာ ထိတ်လန့်မသွားတောင် အံ့သြသွားပုံလောက်တော့ ရှိသင့်တယ်။ ခုဟာက သူမ ပုံစံက သာမန်ကာရှန်ကာ အေးစက်လို့ ..။

ကျွန်တော် အနားထိ လျှောက်သွားလိုက်တယ်။

“ ခင်ဗျား .. ကျွန်တော့်ကို သိလို့လား

အမှန်က သိပ်ကို အူကြောင်ကြောင်နိုင်ပြီး အဆင်မပြေတဲ့ မေးခွန်းပါ။ သူမက ညင်ညင် သာသာပဲ ပြန်ဖြေတယ်။

“ ဟင့်အင်း မသိပါဘူး ”

“ ဒါနဲ့တောင် ခင်ဗျား ခြံထဲ ဝင်လာတဲ့ လူတစ်ယောက်ကို ဘယ်သူလဲ ဘာကိစ္စလဲ ဘယ်ကလဲ လို့ ဘာလို့ မမေးတာလဲ ”

သူမ .. ရွှံ့စေးတွေပေါ်က လက်ကို ခဏ ရုတ်လိုက်ပြီး အကြည့်ကို ကျွန်တော့်ဆီ ပို့တယ်။

“ ရှင် ဘယ်သူပဲဖြစ်ဖြစ် သေချာတာက ကျွန်မစောင့်နေတဲ့သူ မဟုတ်ဘူး ဒိထက် သေချာတာ ဘာရှိမှာလဲ ”

ကျွန်တော် သူမရဲ့ ပြတ်သား သွေးအေးမှုကို တစ်မျိုးကြီး ခံစားလိုက်ရတယ်။ သူမကို ကြည့်တော့လည်း တစ်စုံတစ်ယောက်ကို မျှော်လင့်နေတဲ့ သူနဲ့လည်း မတူပါဘူး။ ကိုယ့်အလုပ်ကိုယ် အေးအေးလူလူ လုပ်နေတဲ့ သူတစ်ယောက်နဲ့ပဲ တူတယ်။

“ ဒါဆို ….. ခင်ဗျားက တစ်ယောက်ယောက်ကို စောင့်နေတာပေါ့ ..”

“ ထင်တာပဲ ”

“ ဘယ်လိုဖြစ်ဖြစ်လေ ခင်ဗျားခြံထဲကို ဝင်လာတဲ့ လူက လူကောင်းတစ်ယောက် မဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ”

သူမ ကျွန်တော့်ကို မော့တောင်မကြည့်ပဲ ဖြေတယ်။

“ လောကမှာ လူကောင်း ဆိုတာ ရှိလို့လား .. ရှင်က ရှင့်ကိုယ်ရှင် လူကောင်းလို့ အာမခံနိုင် လို့လား ကျွန်မကတော့ အာမ မခံနိုင်ဘူး .. ပြီးတော့ ရှင်ပြောသလိုဆိုရင် ရှင်လည်း ကျွန်မကို သတိထားရမှာပဲ ကျွန်မ ခြံက လူသူလေးပါးနဲ့ မနီးဘူး ကျွန်မက ရှင့်ကို ဖျားယောင်းပြီး သတ်ပစ်လိုက်ပြီဆိုပါစို့ …. …”

“ … …. ….”

ကျွန်တော် ထိတ်ကနဲ ဖြစ်သွားရပြီးမှ ရှက်ရှက်နဲ့ စိတ်ထဲက ကြိတ်ပြီး အဲဒီမိန်းမကို ကျိမ်ဆဲ ပစ်လိုက်တယ်။

“ မဖြစ်နိုင်တာ ”

“ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ”

သူမက လုပ်လက်စ အလုပ်ကိုဆက်လုပ်နေပါတယ်။ ရုပ်လုံးသာ မပေါ်သေးတာ။ လူတစ်ယောက်ရဲ့ ဦးခေါင်းပိုင်းဆိုတာတော့ ကျွန်တော် မှန်းလို့ရတယ်။ သူမ လုပ်နေတာကို ကျွန်တော် စိတ်ဝင်တစား ကြည့်နေမိတယ်။

“ ရှင် .. ထိုင်ချင်ထိုင်လေ ကျွန်မက လူသတ်ရမှာ ပျင်းပါတယ် ”

စားပွဲဘေးမှာ ချထားတဲ့ ကြိမ်ခုံပုလေးကိုပြပြီး ဧည့်ဝတ်ပြုပုံက သင်းတယ်။ ဒီမိန်းမ ကြည့်ရတာ အလွန်ဆုံးရှိလှ လွန်ရော ကျွံရော သုံးဆယ်နား မကပ်နိုင်သေးလောက်ဘူး။

“ ခု … .. မင်းလုပ်နေတာ မင်းစောင့်နေတဲ့ သူရဲ့ ပုံတူလား ”

“ ဟင့်အင်း ”

“ ဒါဆို ဘယ်သူ့ပုံလဲ ”

“ ရှင် အဲဒီမှာ ဆက်ထိုင်နေရင် ရှင့်ပုံတူ ဖြစ်သွားနိုင်တယ် မဟုတ်ဘူးဆိုရင်တော့ ဒီပုံဟာ Brad Pitt လည်းဖြစ်နိုင်တာပဲ Michael Pare’ လည်း ဖြစ်နိုင်တာပဲ ”

သူမကြည့်ရတာ အရူးတစ်ယောက်နဲ့တော့ သိပ်မတူဘူး။ ဒါပေမယ့် စိတ်ရောဂါ ခပ်ပါးပါးလေး ကိုခံစားနေရတဲ့သူနဲ့တော့တူတယ်။

“ မင်း ..ဒီမှာ တစ်ယောက်တည်းနေတာလား

“ ဟုတ်တယ် ”

“ မင်း တစ်ယောက်တည်း မကြောက်ဘူးလား ”

သူမက ရွှံ့စေးပုံထဲက ရွှံ့စေးအနည်းငယ်ကို ထပ်ဖဲ့ယူနေရာကနေ ကျွန်တော့်ကို မော့ကြည့်ပါတယ်။ နောက် ရွှံ့စေးပုံနားက ဓားတစ်ချောင်းကို ညွှန်ပြရင်း ပြောတယ်။

“ ရှင်တွေ့လား .. အဲဒီ ဓားက သိပ်ထက်တာ သူ့မှာ ဆင်တူ အမြွှာ ဓား တစ်ချောင်းရှိခဲ့ဖူး တယ် ခုတော့ မရှိတော့ပါဘူး မနှစ်က ကျွန်မ အဲဒီဓားနဲ့ ထောက်ပြီး ဓားပြတိုက်ခံရဖူးတယ် လေ ”

“ ဗျာ ”

ဓားပြတိုက်ခံရတဲ့ကိစ္စကို မနေ့တစ်နေ့က ကားဂိတ်မှာ လူသိပ်များတာပဲ ဆိုတဲ့ ကိစ္စမျိုး ပြောသလို သွေးအေးအေးနဲ့ ပြောပြနေပုံက အသည်းယားစရာ ..။

“ ရယ်ရတယ် သိလား ဒီဓားနှစ်ချောင်းကို ချပြထားရင် ဝယ်ခဲ့တဲ့ ကျွန်မတောင် မခွဲတတ်ဘူး အဲဒီ ဓား ပြကိုချပြရင်လည်း သူဘယ်ဓာကို ကောက်ကိုင်ခဲ့တယ်ဆိုတာ သူ့ဟာသူ ခွဲတတ်မှာမဟုတ်ဘူး။ ဒါပေမယ့် သက်ဆိုင်ရာက ဓားနှစ်ချောင်းထဲက တစ်ချောင်းကို သက်သေအဖြစ် သိမ်းသွားခဲ့တယ်။ အဲဒီကတည်းက သူလည်း အဖော်မဲ့သွားခဲ့တာပဲ ..”

“ အဲဒီ ဓားပြကိုရော မိသွားရောလား ”

“ ဟင့်အင်း .. ကျွန်မ ဓားကလေးပဲ စိတ္တဇရောဂါရ ကျန်ခဲ့တယ် ”

စိတ္တဇရောဂါ ရနေတာကတော့ ဓားနဲ့သူ့သခင် တူတူပဲ ဖြစ်လိမ့်မယ်ထင်တယ်။

“ ဒါနဲ့ မင်း ပစ္စည်းတွေ တော်တော် ပါသွားသေးလား ”

“ တော်တော် ပေးလိုက်ပါတယ် ”

“ ဘယ်လို ..”

“ သူက ဘယ်ပစ္စည်း ဘယ်မှာ ရှိမှန်းသိတာမှမဟုတ်တာ သိတဲ့ ကျွန်မကပဲ အကုန် ရှာဖွေပေးလိုက်တယ် သူပြန်ရောင်းစားလို့ အဆင်ပြေမှာတွေပေါ့ ”

“ တန်ဖိုးအားဖြင့် …”

“ တန်ဖိုးအားဖြင့် သူတန်ဖိုးထားတာတွေ သူရသွားပြီး ကျွန်မ တန်ဖိုးထားတာတွေ သူက လက်ဖျားနဲ့တောင် မထိသွားလို့ ကျေးဇူးတင်နေတာ ”

ကြည့်ပါဦး။ ကျေးဇူးတောင် တင်တယ်တဲ့။

“ မင်း တန်ဖိုးထားတာတွေက …”

“ ဒီ ပန်းပုရုပ်တွေ အိမ်ထဲက ပန်းချီကားတွေနဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေ..”

ကျွန်တော် စိတ်ထဲကနေ ရှုံ့ချလိုက်တယ်။ ဒီပစ္စည်းတွေကို ဘာလုပ်လို့ရမှာမို့ ဘယ်သူက ယူသွားမှာလဲ .. လို့လည်း တွေးလိုက်တယ်။

“ မင်းက အာဂ သတ္တိပဲ ”

“ ဘယ်ကလာ .. ရှင်မှားနေပြီ သတ္တိမရှိလို့သာ ရှာဖွေပေးလိုက်တာပေါ့ အမှန်ဆို ကျွန်မက တန်ဖိုးရှိတယ်လို့ ထင်တဲ့ အရာတွေနဲ့ သူတို့က တန်ဖိုး ရှိတယ်လို့ ထင်တဲ့ အရာတွေ မတူဘူးလေ အဲဒါကို မနည်း စဉ်းစားပေးလိုက်ရတာ ကြောက်လို့ပေါ့ ..”

ကျွန်တော် ဘာမှ ပြန်မပြောတော့ သူမက ဆက်ပြောတယ်။

“ ရှင်သာဆိုရင်ရော ဘာလုပ်မှာလဲ ခုခံမှာလား သူမြင်သမျှပဲ ယူလို့ သဘောထားလိုက် မှာလား ကျွန်မလိုပဲ အဆင်ပြေမှာလေးတွေ ရွေးပေးမိမှာလား ”

“ မသိဘူး ”

ကျွန်တော် တကယ်မသိတာပါ။ ကျွန်တော့်မှ ဒီအခြေအနေကို မကြုံဖူးတာ။ ကျွန်တော့် အတွက် အဖြေက အဆင်သင့် ရှိမနေဘူး။

“ ဓားပြတိုက်ပါတယ်ဆိုမှ သူက သူ့လိုအပ်ချက်ပြည့်မှ ပြန်မှာလေ သူ့အတွက် အဆင်ပြေမှာတွေ ရွေးပေးလိုက်တော့ သူလည်း မြန်မြန် ပြန်လို့ရသွားတယ် ကျွန်မလည်း အကျဉ်းအကြပ်က လွတ်မြောက်သွားတာပေါ့ ဒါပေမယ့် တစ်ချက်ကောင်းတာက ကျွန်မနဲ့ သူ တန်ဖိုးထားတဲ့ အရာတွေ တူမနေခဲ့တာပဲ ”

ဘယ်ဓားပြကမှ သူ့ပန်းချီကားတွေ ပန်းပုတွေ စာအုပ်တွေ သယ်မသွားဘူးဆိုတာကို သူမ သိသင့်တာပေါ့။

“ ဒါလည်း ခုထိ မင်းတစ်ယောက်တည်း နေတာပဲလား ”

“ အင်းလေ ကျွန်မမှာ သူတို့ တန်ဖိုးထားတဲ့ အရာတွေ ဘာမှ မှ မရှိတော့တာ ကိစ္စ မရှိပါဘူး ”

အမှန်ဆို ခုမှတွေ့ပြီး ဒီလောက် အပြောအဆို သွေးအေး အဆင်မပြေတဲ့ မိန်းမ တစ်ယောက် အတွက် ကျွန်တော် ဘာပူစရာရှိလဲ။ ခက်တာက ကျွန်တော် ဘာလို့မှန်းမသိ ပူနေမိတယ်။

“ ဒါထက် မင်း စောင့်နေတယ်ဆိုတဲ့ သူကရော ”

“ စောင့်နေပါတယ်ဆိုမှ မလာသေးလို့ပေါ့ရှင့် ”

“ သူက မင်းချစ်သူလား ”

“ ဆိုပါတော့ ”

ဒီစကားကို ဖြေတဲ့ လေသံကတော့ အေးစက်မနေဘူး။ နွေးထွေးလာသလိုပဲ။

“ သူက မင်းကို မစောင့်ရှောက်ဘူးလား ”

“ ချစ်သူဆိုတာ စောင့်ရှောက်ဖို့လား ”

သူမ အေးစက်စက်ပြန်မေးပါတယ်။

“ အဲလိုတော့ မဟုတ်ပါဘူး ဒါပေမယ့် ပါသလားလို့ ..”

သူမက ရွှံ့စေးတွေ ပေနေတဲ့ လက်ကို ရေထဲ နှစ်ပြီး ဆေးလိုက်တယ်။ ပြီးမှ ရယ်သံခပ်ဖွဖွ ကပ်ပါလာတဲ့ အသံနဲ့ ဖြေတယ်။

“ ရှင်က စာရေးဆရာလား ”

“ ဟင့်အင်း .. ဘာလို့လဲ ”

“ အဲဒါတွေက ဝတ္ထုထဲ ထည့်ရေးဖို့ပဲ ကောင်းတာလေ လက်တွေ့ကျ သိပ်အသုံး မတည့်လှဘူး ရှင်က အချစ်ဆိုတာကို သိလို့လား ..”

“ သိသလိုလိုပဲ ကျွန်တော့်မှာ ချစ်သူရှိတယ် ”

“ တစ်ယောက်တည်းလား ”

အတော့်ကို မထော်မနန်းနိုင်တဲ့ မေးခွန်းကြောင့် ကျွန်တော် ထောင်းကနဲ ဒေါသထွက် သွားရတယ်။

“ မင်းက ဘာကို ဆိုလိုတာလဲ ”

“ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တယ်ဆိုတာက စာအုပ်ထဲမှာပဲ ရှိတာ လက်ရှိမှာ ရှင့်ချစ်သူက တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ရှင်ချစ်ခဲ့ဖူးတာက တစ်ယောက်တည်း မဖြစ်လောက်ဘူး ”

“ ချစ်ဖူးတာဆိုရင်တော့ တစ်ယောက်မကပါဘူး ခုလောလောဆယ်တော့ ချစ်နေတဲ့ ချစ်သူ တစ်ယောက်ပဲ ရှိပါတယ် ”

“ ရှင့်ကို ချီးကျူးပါတယ် ”

“ ဘာလဲ ..ဘာအတွက်လဲ ”

“ တစ်ချိန်တည်းမှာ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ချစ်မနေတဲ့အတွက် ”

ကျွန်တော် စိတ်ရှုပ်လာရပြီ။ ဒီမိန်းမက လေအေးအေးလေးနဲ့သာ အလုပ်နဲ့လက် မပြတ်ပဲ ပြောနေတာ။ သူ့စကားတွေက လေးလံလွန်းနယ်။ သူမကပဲ သွေးအေး ငြိမ်သက်ပြီး ခံစားချက်မဲ့လွန်းတာလား ။ ကျွန်တော်ကပဲ ခံစားလွယ်တာလားတော့မသိတော့ဘူး။

“ ဒါနဲ့ မင်းချစ်သူက ဘယ်မှာလဲ ”

သူမ အကြည့်တွေ ချက်ချင်း အရောင်ပြောင်းသွားသလိုပဲ။

“ ကျွန်မ မသိဘူး။ ဘာလို့မှန်းမသိတဲ့ စိတ်တွေနဲ့ ကျန်နေခဲ့တဲ့ ကျွန်မကို သူက ထားသွားခဲ့တယ် ”

သူက ရပ်ကျန်နေခဲ့မှတော့ ထားသွားပြီပေါ့ လို့ စိတ်ထဲက အော်ပြောနေမိတယ်။ အပြင်မှာတော့ မပြောမိပါဘူး။ ပါးစပ်က အလိုလို လှုပ်ရှားမရ ဖြစ်နေတာ။

“ ဒါပေမယ့် သူပြန်လာမှာပါ ”

ဒီလေသံကတော့ ခုနက လေသံလို မဟုတ်ဘူး။ ယုံကြည်ချက်တွေ အပြည့်နဲ့ ခိုင်မာနေ သလိုပဲ။ ပြီး .. သူ့ရဲ့ လုပ်လက်စ အရုပ်ကို အချောသပ်နေတယ်။ ရုပ်လုံးက ပေါ်နေပြီ။ ဒါပေမယ့် အဲဒီပုံဟာ ကျွန်တော်မဟုတ်သလို Pitt တို့ Pare’ တို့ မဟုတ်တာလည်း သေချာတယ်။ သူမလိုပဲ ဆံနွယ်ခွေတွေကျနေတဲ့ မေးရိုး အနည်းငယ် မာကျောဟန် ရှိတဲ့ ဒီအရုပ်ပုံဟာ .. သူမချစ်သူလား ..။

“ ရှင်သိလား ..ချစ်ခြင်းနဲ့ ပေါင်းဆုံခြင်းက ဘာမှသက်ဆိုင်မနေဘူး တခြားစီပဲ ပြီးတော့ ချစ်ခြင်း အစစ် ဆိုတာကလည်း တွေ့ဖို့သိပ်ခဲယဉ်းတာ။ ဒါကြောင့်လည်း လူတွေဟာ ထင်ယောင်ထင်မှား ချစ်ခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေခဲ့ရပြီး တကယ့်တကယ် အချစ်စစ်ကို တွေ့တဲ့အခါကျတော့ အရမ်းကို ပင်ပမ်းနွမ်းနယ် အားကုန်နေခဲ့ပြီ။ အခြေအနေ အရပ်ရပ်တွေက ပြုပြင်လို့ မရကြတော့ဘူး ”

သူမပြောတာ အမှန်ပါပဲ။ တကယ်တကယ်လည်း လူတွေက စမ်းတဝါးဝါးနဲ့ ချစ်တယ်လို့ ထင်ခြင်းတွေနဲ့ နပမ်းလုံးနေကြရတာပဲ။ တကယ်တမ်း အချစ်စစ်ကိုလည်း တွေ့ရော ကံကောင်းနိုင်တဲ့သူက လူနည်းစုပါ။ အတော်များများက ပြုပြင်လို့ မရတော့ဘူး။ ခု ကျွန်တော်တောင် ချစ်တယ်လို့ ထင်ခဲ့ခြင်းတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီးမှ ခု .. ချစ်သူကို တွေ့ခဲ့ရတာ။ သေချာတာကတော့ ကျွန်တော်တို့ နှစ်ယောက်လည်း ချစ်နေကြပေမယ့် ပေါင်းစည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့တာပါပဲ။

“ ကျွန်မကတော့ သူပြန်လာတဲ့အခါ ပြုပြင်လို့မရနိုင်တော့တဲ့ အခြေအနေတွေ မရှိဖို့ အရာအားလုံးကို ရှင်းလင်းထားပြီးပြီ ကျွန်မ အားလုံးကို ပြတ်သားစွာ ဆုံးဖြတ်ထားပြီးပြီ အရင်တစ်ခါကလို တွေဝေပြီး ကျန်ခဲ့တော့မှာ မဟုတ်ဘူး ”

ဆံနွယ်ခွေတွေအောက်က မေးရိုးတွေ မာကျော တောင့်တင်းလာတဲ့အထိ ယုံကြည်ချက် အပြည့်နဲ့ ပြောနေတဲ့ သူမကိုကြည့်ပြီး ကျွန်တော် သနားလာတယ်။ ဟုတ်တယ်လေ။ သူမ မသိတာက ယောကျာ်းတော်တော်များများဟာ ကျောခိုင်းသွားပြီးရင် ပြန်လှည့်မလားတတ် ဘူးဆိုတာကိုပါပဲ။ သူမ ပြောသလို သူတို့ရဲ့ ချစ်ခြင်းဟာ တကယ်ပဲ အရမ်း စစ်မှန်နေခဲ့တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ ..။

“ ရှင် .. ကျွန်မကို သနားနေတယ် မဟုတ်လား ”

“ ဗျာ ..”

ကျွန်တော် အံ့သြနှုတ်ဆွံ့သွားရတယ်။ ဒီမိန်းမ အကြားအမြင် ၇နေတာတော့ မဟုတ်လောက်ဘူး။

“ ရှင်ကတော့ သနားချင် သနားမှာပေါ့။ ဒါပေမယ့် ကျွန်မသိတယ်။ သူပြန်လာမယ့်အချိန်က တစ်နေ့ထက် တစ်နေ့ ပိုနီးလာပြီ။ ကျွန်မလုပ်နေတဲ့ ရုပ်ပုံတောင် လုပ်ရင်းလုပ်ရင်း ဘယ်လိုမှ ထိန်းမရပဲ သူ့ပုံတူ ဖြစ်သွားသေးတာပဲ .. သေချာတယ် ဒီရုပ်ထုလေး ခြောက်သွေ့ အချောသပ်သွားတဲ့အချိန်ကျ သူရောက်လာလိမ့်မယ်။ ”

ကျွန်တော် .. ဘာပြန်ပြောရမှန်း မသိဘူး။ ပြောစရာလည်း မရှိသလိုပဲ။ ရင်ထဲမှာလည်း ရှုပ်ထွေးမှုတွေနဲ့ မှိုင်းအုံ့နေသလို ခံစားရတယ်။ ထုံးစံအတိုင်း အရာရာကို ညည်းငွေ့လွယ် တဲ့ ကျွန်တော် ဒိနေရာက ခွာဖို့ ဆုံးဖြတ်လိုက်တယ်။

“ ကျွန်တော် သွားဦးမယ် ”

ပြောပြောဆိုဆို ထိုင်ရာက အထမှာ ခြံဝန်းတစ်ခုလုံး ခပ်ပါးပါး မြူငွေ့တွေ အချိန်အခါ မဟုတ် အုံ့ခို ဆင်းကျလာသလိုပဲ။

“ ဟော မြူတွေ ကျလာပြီ ”

ဟုတ်ပါရဲ့။ စောစောကထက်ပိုပြီး မှိုင်းဝေ ကျလာတယ်။

“ အင်း .. အချိန်မဟုတ် အခါမဟုတ် ”

သူမရဲ့ စိတ်လှုပ်ရှားသံကို ဒီတစ်ခါတော့ ကျွန်တော်က မှတ်ချက် တစ်ခုနဲ့ ထောက်ခံလိုက်တယ်။ သူမက စောစောကနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ လေသံနဲ့ .. စိတ်လှုပ်ရှားစွာ ပြန်ပြောတယ်။

“ သူ .. လာတော့မယ် ”

“ ဗျာ ..”

“ ဟုတ်တယ် သူ ထွက်သွားတုန်းကလည်း ဒီလို တနင်္ဂနွေရောင် မြူငွေ့တွေထဲမှာပဲ ထွက်သွားခဲ့တာ ”

“ ဘာ …. ဘာ အရောင် …”

“ တနင်္ဂနွေရောင် …”

ကျွန်တော် ဆွံ့အ တွေဝေ စဉ်းစားနေဆဲမှာပဲ သူက ဆက်ပြောတယ်။

“ အဲဒီ တနင်္ဂနွေရောင် မြူတွေထဲမှာပဲ ကျွန်မ ကျန်ခဲ့ရတာ .. ခု .. သူ… ကျွန်မ ကျန်ခဲ့တဲ့ နေရာကို ပြန်လာတော့မယ် ..”

ကျောထဲ တစ်ချက်စိမ့်တက်လာတဲ့ ခံစားမှုကို ဘာကြောင့်ဆိုတာ ဆန်းစစ်မနေတော့ဘူး။ မြူတွေက ပိုပြီး ထူထပ်လာသလိုပဲ။ သူမပြောတဲ့ တနင်္ဂနွေရောင် မြူတွေ ..။ တောက်ပတဲ့ အညိုနုရောင် မျက်ဝန်းတွေနဲ့ မြူတွေကို ရင်ခုန်လှုပ်ခတ်စွာ ကြည့်နေတဲ့ သူမ ကို ကျွန်တော် ထားခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။

မြတ်စွာ ဘုရား သခင် ..။

ဟိုးခပ်ဝေးဝေး ……. မြူတွေကြား …… သူမပြောတဲ့ …… တနင်္ဂနွေရောင် မြူခိုးတွေ ကြားမှာ လူရိပ်တစ်ခုကို တွေ့လိုက်ရသလို ……….။

မနော်ဟရီ

၂၀၀၇ ကလျာ မဂ္ဂဇင်း


17 Comments:

Zephyr said...

I hope that color will not be sorrowful .....
and that shadow will be just a shadow ...

But ...
We have to believe ....
Nothing occurs without reasons ...

Truth is spiritually revolutionary ....!!
With Peace,
Zephyr

ဆောင်းယွန်းလ said...

This is very thoughtful writing. I noticed that I read many of very beautiful dialogues in your writing.

Best regards,
Saung Yune La

မောင်ခင်လေး said...

့တကယ်ပဲရောက်လာခဲ့တာလား ဒါမှမဟုတ် ...
:)

မယ်ကိုး said...

မမယောက်ျားလေးဖက်က ရေးရင် ဆရာမကြည်အေးတို့ ဆရာမဂျူးတို့ရေးသလိုပဲ အရမ်းကြိုက်တယ်။
အချစ်နဲ့ ပက်သက်တွေ ဖွင့်ဆိုချက်တွေက လူကို တိုက်ရိုက်ထိမှန်ပြီး လွင့်စင်သွားတယ်။
အရိပ်ကလေးပြန်လာလို့လည်း သူမနဲ့ထပ်တူ ဝမ်းသာမိတယ်။

ချစ်တဲ့
=)

★Craton said...

တနင်္လာရောင်ကိုမေးဖူးတော့
တနင်္ဂနွေရောင်ကိုရှင်းပြတာပေါ့လေ ...
ဒါပေမယ့် တနင်္ဂနွေရောင်တိုင်းကတော့
ဆင်တူဖြစ်နေမယ်မထင်ဘူး။
ဒီလိုဝတ္ထုမျိုးတွေ ဖတ်ရရေးရတာကို ပိုကြိုက်လို့ ဒီတစ်ပုဒ်ကိုလည်း ခိုက်သွားပြန်တယ်။

johnmoeeain said...

ပတ်ဝန်းကျင်က အရောင်တွေရဲ့ အငွေ့အသက်နဲ့ မှိုင်းဝေနေသလို အဲ့ဒီ ပတ်ဝန်းကျင်ထဲက မိန်းမပျိုလေးရဲ့ စိတ်ခံစားမှုကလည်း နူးညံ့စွာနဲ့ အေးစက်လွန်းတယ်...။ မှတ်မှတ်ထင်ထင် အရာတွေ တစ်ခုမှ မရှိသလိုနဲ့ သေချာတိကျတဲ့ အကြောင်းအရာတွေက စွဲမြဲစွာ ဖြစ်တည်နေခဲ့သလိုပဲ...။ နှစ်သက် သဘောကျမိပါတယ်...။

ချစ်ခင်စွာ
j.m.e

ကိုရင်နော်ခင်လေးငယ် said...

မ.....

အေးစက်စက်နိုင်တဲ့ အဲ့ဒီ မိန်းမ (သူမ)ကို သဘောကျလိုက်တာ...

သူမကို စကားလုံးတွေနဲ့ အသက်သွင်းပုံဖော်ရင်း
ဖတ်ခွင့်ပြုလိုက်တဲ့ ဆရာမ မနော်ဟရီ ကိုလည်း
ကျေးဇူးတင်ပြီး သိပ်အားကျမိတယ်...

ချစ်တဲ့....

Angel Shaper said...

ဖတ်ရင်းနဲ့ ကောင်မလေးကို သနားလာတယ်..
နောက်တော့ အရိပ်ကလေး ပြန်လာတော့ ပျော်သွားတယ်...
တကယ်ပြန်လာတာ မဟုတ်ရင်တော့ ကြေကွဲစရာဖြစ်သွားပြန်ရောာာာ
လူရိပ်တစ်ခုကို တွေ့လိုက်ရသလို ဆိုတော့ တကယ်လားးးးး??? ထင်ယောင်ထင်မှားးးလားးးး???

Ree Noe Mann said...

သဘောကျလို့ နှစ်ခါတောင် ဖတ်မိတယ်။
တနင်္ဂနွေရောင် ဆိုတာ ဘာအရောင်လဲ သိချင်တယ်။

လင်းဒီပ said...

“ ရှင်သိလား ..ချစ်ခြင်းနဲ့ ပေါင်းဆုံခြင်းက ဘာမှသက်ဆိုင်မနေဘူး တခြားစီပဲ ပြီးတော့ ချစ်ခြင်း အစစ် ဆိုတာကလည်း တွေ့ဖို့သိပ်ခဲယဉ်းတာ။ ဒါကြောင့်လည်း လူတွေဟာ ထင်ယောင်ထင်မှား ချစ်ခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေခဲ့ရပြီး တကယ့်တကယ် အချစ်စစ်ကို တွေ့တဲ့အခါကျတော့ အရမ်းကို ပင်ပမ်းနွမ်းနယ် အားကုန်နေခဲ့ပြီ။ အခြေအနေ အရပ်ရပ်တွေက ပြုပြင်လို့ မရကြတော့ဘူး ”

အစ်မ အဲဒီစာသား အရမ်းခိုက်သွားတယ်...။

ချော (အစိမ်းရောင်လွင်ပြင်) said...

အိုး
ကောင်းလိုက်တဲ့ အရေးအသားနဲ့ အသုံးအနှုန်းလေး
သဘောကျမိပါတယ် ဆရာမရယ်.. အားလဲအားကျမိတယ်.. တကယ်ပါ
ဖတ်ပြီးတော့စိတ်ထဲမှာ တစ်ခုခုကျန်ခဲ့မိတယ်
သူ့လို စိတ်ခံစားချက်မျိုး ထားနိုင်ချင်လိုက်တာ...

Kay said...

ဒီဝတ္တုလေး ..ကြိုက်တယ်..

အိန္ဒြာ said...

တနင်္ဂနွေတွေဟာ...

တသီးပုဂ္ဂလဆန်ဆန် ရှိနေမလား
မျှော်လင့်ခြင်းကို လဲ့ဖြာစေတတ်သလားးးး
နွေးထွေးပေါင်းစည်းခြင်းတွေ ဆောင်ယူတတ်သလားး
တနင်္ဂနွေရောင် မြူတွေထဲမှာ.....
အကြည့်တွေ...တဝေေ၀မျောနေရတာလည်း
ယစ်မူးချင်စရာ နာကျဉ်ခြင်းမျိုးပါပဲ....

ရောက်လာခြင်းဟာ..အဖြေမဟုတ်ပါဘူး
စောင့်ကြိုနေရကကို လုံးဝဥသုံ အဓိပါယ်ပြည့်ဝနေတဲ့
အဖြေတစ်ခုပါလေ......

ညလင်းအိမ် said...

အရမ်းဖတ်လို့ကောင်းပါတယ် ဆရာမ ...

တနင်္ဂနွေရောင် မြူခိုးတွေကြားမှာ အဲဒီလူရိပ်က တကယ်ပဲ ရောက်လာခဲ့သလား ...

မိုးငွေ့...... said...

တနင်္ဂနွေရောင် မြူတွေကြားက အရိပ်ကလေးကို အားလုံးစိတ်ဝင်စားနေခဲ့တယ်...။ အဲဒီလိုလေးဖြစ်အောင် ရေးတဲ့ မနော်ကို သိပ်အားကျမိပါတယ်...မနော်ဝတ္ထုတိုတိုင်းလိုလိုကို printထုတ်ပြီးမှ အိမ်မှာ အေးအေးဆေးဆေး ဖတ်တာကိုကြိုက်တယ်....။

ခင်မင်စွာဖြင့်
မိုးငွေ့

အမရာ said...

“ ရှင်သိလား ..ချစ်ခြင်းနဲ့ ပေါင်းဆုံခြင်းက ဘာမှသက်ဆိုင်မနေဘူး တခြားစီပဲ ပြီးတော့ ချစ်ခြင်း အစစ် ဆိုတာကလည်း တွေ့ဖို့သိပ်ခဲယဉ်းတာ။ ဒါကြောင့်လည်း လူတွေဟာ ထင်ယောင်ထင်မှား ချစ်ခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေခဲ့ရပြီး တကယ့်တကယ် အချစ်စစ်ကို တွေ့တဲ့အခါကျတော့ အရမ်းကို ပင်ပမ်းနွမ်းနယ် အားကုန်နေခဲ့ပြီ။ အခြေအနေ အရပ်ရပ်တွေက ပြုပြင်လို့ မရကြတော့ဘူး ”

စိတ်ထဲကမထွက်နိုင်ဘူး.......

ရွှန်းလဲ့ said...

ကြိုက်တယ်..