အဝါရောင် ပုံဆောင်ခဲ တစ္ဆေ

Saturday, April 17, 2010

အဝါရောင် ပုံဆောင်ခဲ တစ္ဆေ

လတ်တလော ကိစ္စက စရမည် ထင်သည်။
လေထု ကင်းမဲ့သွားသလို ခံစားလိုက်ရ၍ ခေါင်းမော့ကာ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်သောအခါ အဝါရောင် ရနံ့တချို့ ရောထွေးပါလာသည်။ ရှောင်လွှဲရန် ကြိုးစား မိသော်လည်း ကျွန်မ၏ အသက်ရှူလမ်းကြောင်းတစ်လျှောက် ဝါအက်အက် အနံ့များ ပေကျံသွားခဲ့ရပြီ။ ဘာမှ မတတ်နိုင်ကြောင်းကို မည်သူ့ကိုမှဝန်ခံစရာ မလိုပါ။ အသက်ရှူနေသော သူများအားလုံး တူညိနေလျှင် လောကတွင် စစ်ပွဲများမဲ့ကာ ပျင်းရိစရာ ကောင်းနေမည်လား ..။ (သူရဲကောင်းလည်း ရှိတော့မည် မဟုတ်)
ကျွန်မ၏ ခြေလှမ်းများကို ဝါတာတာ အကြည့်တချို့က ကန့်သတ်နေသလို ခံစားရလာသည်။ ကျွန်မက အမှုမဲ့ အမှတ်မဲ့ ခါချမိရင်းက အကြည့်များ စွန်းပေနေသော အဖြူရောင် အကျီ င်္ လေးကို နှမျောတသ ဖြစ်နေမိပြန်သည်။ လှောင်ချိုင့်ထဲက အသက်သာခိုချင်သော ငှက်ဝါဝါတစ်ကောင်ကတော့ တဂီးဂီး အော်ဟစ် ရန်လိုလျက်။ သူ့ကြည့်ရတာ ကျွန်မ ပင်ပမ်းသလို ခံစားလာရသည်။ ( အဝါရောင်သည် ဝန်တိုမှုကို ဆောင်သော မစ္တိယ အရောင်ဖြစ်၏.)
ကျွန်မကို စကားလုံးဝါဝါများနှင့် ပစ်ပေါက်ရန်ကြိုးစား လေ့ကျင့်နေသာ သူတစ်ယောက် ကို ကျွန်မက ငြိမ်းငြိမ်းချမ်းချမ်း ပြန်ကြည့်လိုက်မိသောအခါ ကျွန်မတို့ကြားတွင် အစိမ်းရောင် မြစ်တစ်စင်း စီးဆင်းသွားခဲ့သည်။ ကျွန်မက ထိုမြစ်ကမ်းနံဘေးမှ လျှောက်ရန် အကြောင်း မရှိသူပီပီ .. ကိုယ့်လမ်းကိုယ်လျှောက်နိုင်သော်လည်း တစ်ဖက်ကမ်းမှ အားစိုက်ထုတ်နေ သောသူအတွက် ပင်ပမ်း ပျင်းရိနေမိပြန်သည်။ သူမသည် လေးလံလွန်းသော အဝါရောင် များကို ထမ်းပိုးထား၏။ (သူမ .. ထိုဒုက္ခများမှ အမြန်ဆုံး လွတ်မြောက်ပါစေ ..)
အဝါရောင် သံစဉ်များ၏ နာသာခံခက်မှုများကို သင် နားဆင်ဖူးပါသလား။ ချစ်သူကတော့ ကျွန်မ၏ ညွှန်းဖွဲ့မှုများကို လက်မခံချင်ပါ။ ကျွန်မသည် အဝါရောင်ကို အလာ့ဂျစ် ဖြစ်နေသူ တစ်ယောက်နှင့် ခပ်ဆင်ဆင်တူနေသည်ဟု သူက မလူးသာ မလွန့်သာ စွတ်စွဲချင်နေ ပြန်သေးသည်။ ပြတ်တောက်သွားသော အဝါရောင် ဂစ်တာကြိုးတစ်ကြိုး အကြောင်း ပြောပြရန် ကျွန်မတွင် တာဝန်မရှိမှန်းသိသိကြီးနှင့် ကျွန်မ၏ ပင်ကိုယ်ဗီဇ အရ အားနာ နေမိပြန်သည်။ (Athena ထံမှ တရားမျှတမှုများကို ကျွန်မက ဇီးကွက် အဖြူတစ်ကောင် နှင့် လဲလှယ်လိုသည့်အတွက် Harry Potter နှင့် စကားကမ်းလှမ်းထားကြောင်း သင့်ကို ပြောပြ၍ မဖြစ်သေးပါ..။)
အဝါရောင်မျက်စောင်းတစ်ချက်၏ အဆုံးတွင် မာနတရား စစ်စစ်များနှင့် ရောယှက် နေသော ကျွန်မ၏ သရော်ပြုံးတစ်ခု မလွှဲသာ မရှောင်သာ တည်ရှိနေလိမ့်မည်။ မပြည့်သော အိုးများကို ဖြည့်ပေးရန် မည်သူ့တွင်မှ တာဝန်မရှိပါ။ ( နောင်တ …ခန္တီစ တရားတိုင်းသည် အားမတန်၍ မာန်ချခြင်း မဟုတ်ကြောင်း သိလာရသောအခါ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရေးခဲ့သည့် ကဗျာလေးတစ်ပုဒ်ကို တိတ်တခိုး အားနာနေမိ ပြန်သည်။)
ဝန်တိုမှု ဆိုသော မစ္တိယစိတ်သည် ကိုယ့်ထက်သာသော သူများအပေါ်ထားသော စိတ်မှန်း သိသိကြီးနှင့် ကျွန်မ ဂုဏ်ယူရခက်ခဲနေခြင်းသည် ကျွန်မ၏ အားနည်းချက်ပင်။ ကျွန်မသည် ဘုရားလောင်း သိဒ္ဓတ္ထကဲ့သို့ ပါရမီမရင့်သန်သဖြင့် ဒေဝဒတ်ကဲ့သို့သော နတ်ဆိုးကို အလိုမရှိပါ။ ကျွန်မသည် လောကီတွင် ရိုးစင်းစွာ မွေ့လျော်သူသာ ဖြစ်သည်။
စောစောစီးစီး အဝါရောင် အမှိုက်စများကို လှဲကျင်းပစ်နေမိသည့် ကျွန်မကို ကြည့်ကာ ချစ်သူက မေးသည်။
“ မင်း မပင်ပမ်းဘူးလား ” ..တဲ့။
“ ဟင့်အင်း .. မပင်ပမ်းပါဘူး .. ရှင်းလင်းသွားမှုရဲ့ ပေါ့ပါးသန့်စင်တဲ့ ခံစားချက်ကသာ အရေးကြီးတာပါ ”
… လို့ ကျွန်မက ပြန်ပြောတော့ ချစ်သူက နားမလည်သလိုကြည့်တယ်။ တကယ်လည်း နားလည်ပေးစရာမလိုပါ။ တစ်စုံတစ်ဦး၏ နားလည်မှုထက် ချစ်သူ၏ နားလည်မှုက ပိုပြီး တန်ဖိုးကြီးတာ မှန်သော်လည်း ဖြစ်တည်မှု တစ်ခုမဟုတ်ပဲ ဖန်တီးယူရမည့် ကိစ္စ ဆိုလျင်တော့ ကျွန်မက လက်ခံချင်မိမှာမဟုတ်။ အဝါရောင် အမှိုက်စများ ရှင်းလင်း သွားသည်နှင့် လေထုသည် ပြန်လည် ဖြူစင်လာပေလိမ့်မည်မှာ သေချာသည်။ (သို့သော် တဖန်ပြန်လည် ညစ်ညူးစွန်းပေသွားစေမည့် အချိန်အတွက်တော့ ကျွန်မ ကြိုတင် မခံစားချင်ပါ ..)
အဝါရောင် အစွန်းကွက်များကို အဝတ်ဟောင်း တစ်စနှင့် လိုက်လံ ရှင်းလင်း ဖျက်ပစ် ရသည့်အခါတိုင်း ကျွန်မလက်ကလေးများ နာကျင်ယောင်ရမ်းမှုများနှင့် နီရဲ လာတတ်သည်။ အစွန်းကွက် ဝါအက်အက် များနှင့် ပေါင်းစပ်သွားသောအခါ လိမ္မော်နီ ရောင်များ အဖြစ် ကျွန်မကို ခပ်ညင်းညင်း ပျက်ရယ် ပြုကြပြန်သည်။ ဥပက္ခာ ပြုနိုင်ခြင်းသည် ခံစားချက်မဲ့ခြင်း မဟုတ်ပါ။ ( ဥပေက္ခာ ……. feelingless )
လတ်တလော ကိစ္စများ ပြီးဆုံးသွားသောအခါ နေ့ရက်တချို့သည် အဝါရောင်များ ကူးစက် ခံလိုက်ရသည်။ အနာဂါတ်သည်ပင် ဝါတာတာ အငွေ့များ ယှက်သန်းလျက် ။ ကြာလာလျင် ကျွန်မ၏ ထွက်သက်များပါ ဝါကျင်လာမှာ စိုးရသည်။ အသက်အောင့် ထားလိုက်လျင် ကောင်းမည်လား။ လှဲကျင်း သုတ်သင်နေရသော လက်များ ညောင်းညာ ကိုက်ခဲ ပေါက်ပြဲလာသည့်တိုင် လေထုက ကြည်စင် မသွားခဲ့တာတော့ အတော့ကို ဆိုးပါသည်။
“ ဝေါ့ .”
ကြိုးစားထိန်းထားသည့်ကြားက အဝါရောင်များကို ကျွန်မ အန်ချလိုက်မိပြီ။ ချစ်သူက .. ကျွန်မကို စိုးရိမ်တကြီးနှင့် တအံ့တသြမေးသည်။
“ ဘယ်လိုဖြစ်လို့ …………. ဒီလို…..”
သူ့မေးခွန်းက မဆုံးပဲ အဝါရောင် အန်ဖတ်များနှင့် ရောထွေး တိမ်မြုပ်သွားတော့ သူ တုန်လှုပ် သွားသည်။ လောကပါလတရားသည် အခါခပ်သိမ်း သူ့တရားသူ မစီရင်နိုင် ကြောင်း မည့်သူ့ကို အကြောင်းကြားရမှန်း ကျွန်မတို့ မသိကြပါ။ သို့သော် ကျွန်မကို နှောက်ယှက်နေသော စိတ်အစာမကြေမှုများ အကြောင်းကိုတော့ ချစ်သူ သဘောပေါက် သွားလောက်ပါသည်။
အဝါရောင်များကို အလိုမတူပဲ စုတ်ယူလိုက်ရသည့်အတွက် မြေလမ်းကလေးခမျာ ညိုညစ် ပုပ်အက်သွားရရှာသည်။ ကျွန်မတွင် နှစ်သိမ့်ရန် စကားလုံးတချို့ ရှိနေပါလျက် ဝါကျင် နေမှာစိုးသဖြင့် ထုတ်မသုံးရဲ။ တကယ်တော့ သူ အရောင်ပြောင်းသွားရသည့် တရားခံသည် ကျွန်မဟု ဆိုနိုင်သော်လည်း တကယ့် အဓိက တရားခံရင်းကတော့ အဝါရောင်များကို ထုတ်လွှတ်နေသော ကဝေသူမ သာ ဖြစ်သည်ဆိုတာ ကျွန်မ သူ့ကို ရှင်းမပြဖြစ်တော့ပါ။
အဝါရောင်သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာနေသည်။ နွေ၏သရုပ်သည် အဝါရောင်လား။ ပူပြင်းလွန်းလှပါသည်။ မစ္ဆိယစိတ်များသည်လည်း ထိုကဲ့သို့ပင် ရှိလိမ့်မည်။ အရှိန်ဟပ် ခံရသော ကျွန်မပင်လျင် ပူလောင်မှုကို ခံစားမိလျင် ကာယကံရှင် သူမ ဆိုလျင်တော့ …။ ကျွန်မ မတွေးရဲ ..။ သူမ ရင်ထဲ မီးဟုန်းဟုန်း တောက်နေပေလိမ့်မည်။ ( မီးသတ်သမားတွေခေါ်ပါ။ ဒါပေမယ့် အဲဒီနှလုံးသားပေါ်ကိုတော့ မီးသတ်သမား ဖိနပ်ကြီးတွေနဲ့ မနင်းမိပါစေနဲ့။ သူမ အရမ်းနာကျင်နေမှာ စိုးလို့ပါ..)
ထင်မြင်မှု … သင်္ကေတ … ဆုတောင်း ..တောင်းဆိုချက်… နောင်တ .. ကြောက်ရွံ့မှု …. ဥပက္ခာ … ဆန္ဒ .. အရာအားလုံးကို တစ်ကန့်စီ ခွဲထားလိုက်သည်။ အစီအစဉ် တကျ မရှိလှသော ခါးသက်သက်အိပ်မက်များနှင့် ဝေးရာနေရာ တစ်ခုမှာပေါ့။ လေကောင်း လေသန့်ကို အလိုရှိနေသည်..ဟုဆိုလျင် ကျွန်မကို လက်ခံနားလည်မည့်သူ အတော် များနိုင်ပါသည်။ သို့တိုင်လျက် မြို့တော်ကြီးက ခမ်းနားကြီးကျယ် လာသည်နှင့်အမျှ လေကောင်းလေသန့် စက်ရုံကလေးများကလည်း အလျိုလျိုနှင့် တချို့ ပျောက်ကွယ် .. တချို့ ..ဝေးကွာ .. တချို့ ..ယာယီပြောင်းလဲ … နှင့် .. ။ ကျွန်မ ပို၍ပို၍ အသက်ရှူ ကြပ်လာခဲ့ရပြီ။
(တစ်ခုသော အချိန်ကာလတွင် ပြိုဆင်းကျလာတော့မည့် အဝါရောင် ပုံဆောင်ခဲများ၏ အန္တရာယ်မှ ကျွန်မကို ကာကွယ်ပေးပါ ချစ်သူ ..။ အဝါရောင် လက်ချောင်းများ၏ ဆန့်တန်း စုတ်ယူမှုများမှ လည်း လွတ်မြောက်ချင်နေပါသည်။)
ကျကွဲသွားသော ကြည်ကြည်လင်လင် မှန်ကလေး တစ်ချပ်ကို ကြည့်ကာ .. ကျွန်မက ကြေကွဲ နေမိချိန်တွင် ကောင်းကင်မှ မိုးရေစက်တချို့ လိမ့်ဆင်းကျလာခဲ့သည်။ အစိုးမရတတ်သော မိုးရေစက်များအကြောင်း သိထားပါလျက်နှင့် ကျွန်မ မငိုကြွေးချင်ပါ။ ဘောင်ဘင်ခတ်နေသော အိုးများကို ဖြည့်ရန် သူ့မှာ တာဝန်မရှိမှန်း သိသိကြိးနှင့် ကျွန်မက ထိုမိုးကို ဆက်ရွာစေချင်နေမိသည်။ အိုးများ .. ပြည့်သွားခဲ့လျင်… … ..
သူမ၏ ရင်အုံလှောင်ချိုင့်တွင် တစ္ဆေ တစ်ကောင်ရှိသည်။ ထိုတစ္ဆေသည် အဝါရောင် ဖြစ်၏။ တရားသံများကို နားပိတ်ထားတတ်သော ထိုတစ္ဆေသည် လွတ်မြောက်ရန်လမ်း မမြင်သေး။ တကယ်ဆို လောကတွင် မည်သို့မှ ဆေးကြော သန့်စင်ခြင်းငှာ မစွမ်းနိုင်သော အရာသည် မစ္ဆိယစိတ်ဖြစ်သည် .. ဆိုတာ ကျွန်မ သတိထား မှတ်သားထားခဲ့သင့်သည်။ ခုတော့ အရာအားလုံးသည် အစိမ်းရောင် မြစ်တစ်စင်းနှင့်အတူ စီးမျော ပါသွားခဲ့ရပြီ။
ဟိုးအဝေးဆီမှ .. တရွေ့ရွေ့ ပျံသန်းလာနေသော တန်ခိုးရှင် တစ်ပါး ..။ သင့်အား ဆုတစ်ခု တောင်းခဲ့ပါရစေ။ ကမ္ဘာမြေကြီးပေါ်မှ လူသားအားလုံးကို ငြိမ်းချမ်း ဖြူစင်ခွင့် ပေးခဲ့ပါ။
(သူ၏ သရော်ပြုံးကို မမြင်လိုက်ရခြင်းသည် မည်သူ၏ ကံကောင်းမှုလေလဲ )
မနော်ဟရီ
၂၀၀၈ Life Style Magazine


9 Comments:

Zephyr said...

ငုဝါရောင်ဟာ
အဖြူပြီးရင် အလင်းဆုံးအရောင်ဖြစ်တယ်။
ဘ၀မှာ အလင်းဖြူမဖြစ်နိုင်တော့တဲ့အခါ …
ငုဝါရောင်ပန်းတွေတွေ့တိုင်း ….
အဲဒီလမ်းက လှည့်ပြန်နေမိတယ်။

(အ၀ါရောင်များနှင့် အလာ့ဂျစ်ဖြစ်နေသော အလားတူလူတစ်ဦး)

မယ်ကိုး said...

စာလေးက ကိုယ့်အတွက် ရေးထားသလို ခံစားရတယ်။ နစ်ဝင်စီးဆင်း...
အဆုံးသတ်လေးကို အကြိုက်ဆုံးပါ ...

လင်းဒီပ said...

စကားလုံးတွေထဲ စူးစိုက်နက်ဝင်မိတဲ့အခါ အဝါရောင်ဟာ တကယ်ပဲ ကျွန်တော့်ကို တိုက်စားခဲ့ပါတယ် ..။

မောင်ခင်လေး said...

စာဖတ်သူရင်ကို အ၀ါရောင်တွေ ပေကျံသွားတယ်
:)

Mogok Thar said...

အဝါရောင်တစ္ဆေတစ်ကောင်က ကျွန်တော့် ရင်အုံလှောင်ချိုင့်ကို တစ်ချက်လှပ်ကြည့်ပြီး သရော်ပြုံးနေခဲ့တယ်...

မင်း ဘယ်လောက်မောင်းထုတ်ထုတ်.. ငါကတော့ ဒီနေရာမှာ ငုတ်တုတ် မင်းကို ခြောက်လှန့်နေမှာပါ.... တဲ့...

လေကောင်းလေသန့်တွေ (ရှားရှားပါးပါးလေး) ရှိနေတဲ့အတွက်တော့...

အဲဒီ အဝါရောင်တစ္ဆေဟာ နှလုံးသားကို အဝါတွေနဲ့ လိမ်းခြယ်မပစ်နိုင်ခဲ့တဲ့အတွက်တော့...

သန့်စင်တဲ့ လေထုတစ်ချို့ကို ကျေးဇူးတင်နေမိခဲ့တယ်...

Craton said...

အဝါ.....အဝါ.....အဝါ.....
အဝါတွေ ဘယ်လိုကွဲပြားကြတာပါလိမ့်....

ဒဏ္ဍာရီ said...

အ၀ါရောင် စာသားလေးတွေက ရင်ကိုလာမှန်စေတယ် မမနော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ကိုရင်နော်ခင်လေးငယ် said...

အဝါရောင် ကိုက်ခွဲမှု... ဆိုတဲ့
လေးဖြူသီချင်း တစ်ပုဒ် အတွေးထဲ ရောက်လာခဲ့တယ် မ... ရေ

အဝါရောင်တွေဟာ.... .... .... ....!!!!!!

KL အတွေးတွေ အားလုံး အဝါရောင်.....

ချစ်တဲ့...
KL

အိန္ဒြာ said...

အ၀ါတွေ စေးထန်းနေတဲ့လေထဲမှာ...
အသက်ကို လုပြီးရှုရှိုက်နေရသလို...

အ၀ါရောင်တောက်တောက်တွေ..ထဲမှာ...
စိတ်တွေ မကြာခဏ ကျကွဲခဲ့ဘူးတယ်...