ဧပြီတစပြင်

Thursday, April 8, 2010



မဂ္ဂဇင်းလောကရဲ့ ထုံးစံအတိုင်း ရာသီစာ စာမူတွေကို တောင်းတတ်ကြပါတယ်။ ချစ်သူများနေ့ဆို အချစ်ကဗျာလေး အချစ်ဝတ္ထုလေး၊ သင်္ကြန်နားနီးရင် သင်္ကြန် ဝတ္ထုလေး။ ကျွန်မကျပြန်တော့လည်း ရာသီစာနဲ့ ကင်းကင်းနေတတ်တဲ့သူလိုဖြစ်နေတယ်။ အထူးသဖြင့် သင်္ကြန်ကို ဘယ်လိုမှ မခံစားတတ်တာ။ ငယ်ငယ်တည်းကလည်း အပြင်ထွက် ရေပက်ခံလေ့မရှိသလို မဏ္ဍပ်တွေလည်း မသွားပါဘူး။ သင်္ကြန်ဆို လုပ်တဲ့ အလုပ်က စာတွေထိုင်ဖတ် စာရေး အခွေကြည့် ဒါပါပဲ။ သင်္ကြန်ကို အိမ်ထဲ အောင်းရတဲ့ ရက်တွေလို့ သတ်မှတ်ထားပါတယ်။ ရေစိုမှာလည်း ကြောက်ပါတယ်။ သူများကိုလည်း ရေမပက်ချင်တတ်တဲ့ လူထူး လူဆန်းပေါ့။ ဒါပေမယ့် ကိုယ်ခင်မင်ရတဲ့သူတွေ လေးစားရတဲ့သူတွေက စာမူတောင်းလာရင်တော့ ကျွန်မ ကြိုးစား ရေးဖြစ်ပါတယ်။ ရေးလိုက်ရင်လည်း သူများ သင်္ကြန် ဝတ္ထုတွေနဲ့ ကွဲနေတတ်တာမျိုးပါ။ မှတ်မှတ်ရရ ကျွန်မ သုံးပုဒ် ရေးဖူးပါတယ်။ ပထမ တစ်ပုဒ်က People ကိုပေးခဲ့ဖူးတဲ့ (ခင်မျိုးသန်း ခင်မျိုးသင်းတို့ ရှိစဉ်က) ဧပြီ၃၁ရက် ပါ။ ဒါကို ကျွန်မ နွေရာသီ ၃၁ ဆိုပြီး လုံးချင်းလည်း ပြန်ရေးခဲ့ဖူးပါတယ်။ သင်္ကြန်နဲ့ မဆိုင်ပဲ ဧပြီနဲ့သာဆိုင်တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ နောက်တစ်ပုဒ်ကလည်း People ကတောင်းတာပါပဲ။ အဲဒါကတော့ ချစ်လှစွာသော ဒေါ်လူပန့်ငယ် တောင်းတာပါ။ ကျိန်စာသင့် လို့ နာမည်ပေးထားပါတယ်။ ခု အက်ဆေးလေးကိုတော့ အရင်က နာမည်ကျော်ဟာသ စာစောင် တစ်ခုကို မဂ္ဂဇင်း အဖြစ်ထုတ်တော့ စာမူလာတောင်းတာနဲ့ ပေးဖြစ်သွားတာပါ။ တောင်းတဲ့သူက ဆရာနိုင်ဝင်းသီပါ။ (ကျွန်မ မမှားဘူးဆိုရင် ဆရာက ဘုန်းနေသွန်းရဲ့ ဖခင် ဖြစ်ပါတယ်) ဒါနဲ့ပဲ ရေးပေးဖြစ်လိုက်တယ်။ စိတ်ထဲက အချဉ်ပေါက်နေတဲ့ အရာတွေနဲ့ ကိုနေမျိုးရဲ့ ကဗျာဆရာဝံပုလွေ ဖတ်ပြီးချိန်မှာရတာတွေနဲ့ ရောရေး လိုက်တာပါ။ ဖြစ်ချင်တော့ ဒီစာမူလေးက သနားစရာ ..ဖြစ်သလို နေရာတစ်ခုမှာ ပစ်ထည့်လိုက်သလို လုပ်တာခံလိုက်ရတယ်။ ကျွန်မရော ကိုရဲကျော်မြင့်ရော နှစ်ယောက်ပါ။ ဒါကလည်း သူတို့ရဲ့ မဂ္ဂဇင်းကို ၌က ဒီလိုပုံမို့ပဲလို့ ဖြေတွေးလိုက်လို့ရပါတယ်။ အားနာစရာကောင်းတာက ဆရာပါ။ သူက စာမူတောင်းပေးတဲ့သူဆိုတော့ ကြားထဲကနေ စိတ်မကောင်းတဲ့စကား ဆိုသွားခဲ့ရှာပါတယ်။ လူလည်းသိပ်မဖတ်တဲ့ မဂ္ဂဇင်းတစ်ခုကို စာမူပေးရတာ ကိုယ့်အားထုတ်မှု တစ်ခု ဆုံးရှုံးသွားသလိုပဲလို့ တချို့က ဆိုကြပါတယ် ။ ဒါပေမယ့် ကျွန်မတို့ စာသမားအချင်းချင်းကျ ပေးဖြစ်ပါတယ်။ ဘယ်သူ ဘာလုပ်နေတယ်ဆို အားလုံးက ဝိုင်းကူ ဖြစ်လိုက် ကြတာပါပဲ။ ခုလည်း ဘယ်သူမှ သိပ်သိလိုက်ပုံ မရတဲ့ ဒီအက်ဆေးလေးကို ကျွန်မ အိမ်ပြန်လာတော့ ပြန်တွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ဒီအက်ဆေးလေးကို ၄၊၄၊၂၀၁၀ တုန်းက ဘလော့ခ် တစ်နှစ် ပြည့်တဲ့ ရီနိုမာန် ကိုလည်း သူ့နှစ်လည်မှာတင်ဖို့ အမှတ်တရ ပေးခဲ့ပါသေးတယ်။


ဧပြီတစပြင်


နောက်ဆုံးနှင်းစက်ကလေး၏ နှုတ်ဆက်သံကို မနေ့က ကြားခဲ့ရသည်။ ကျွန်မတို့သည် ဆောင်းကာလ တစ်လျှောက်လုံး မီးတောက်မီးလျှံများကို စာတိုက်က တဆင့် တစ်ဦးကို တစ်ဦး ပေးပို့ခဲ့ကြ၏။ (ယင်း လျို့ဝှက်ချက်ကို မည်သူမှ သိရန်မလိုပါ။) လမ်းခုလတ်တွင် အခန့်မသင့်၍ အေးခဲ ငြိမ်သက်သွားသော မီးတောက်များအကြောင်းကိုတော့ နေ့စဉ်မှတ်တမ်းတွင် မင်နီတား၍ မှတ်တမ်းတင်ခဲ့ကြသည်။

ဧပြီလ၏ နေ့လည်ခင်းနေက ခြစ်ခြစ်တောက်ပူနေသည်။ ဧပြီလပြီးရင် ဧပြီ မလာဘူး ဟု ဆိုသည်။ ကျေးဇူး တင်စွာ ဝမ်းနည်းမိပါသည်။ ကျွန်မတို့တွင် ဒီနှစ် နွေရာသီအကြောင်း ပြောဆိုရန် စကားမရှိပါ။ ခွင့်ပြုချက် မရသဖြင့် တစ်ဝက်တစ်ပျက် ပွင့်နေသော ပြတင်းဝမှ တဆင့် နွေရောင်ကောင်းကင်ကို ကျွန်မတို့ ပြိုင်တူ မော့ကြည့်မိကြသည်။ အဝါရောင်ရင့်ရင့် ဘက်လုနေသော ပန်းတချို့ ပွင့်နေကြသည်။

တစ်ရံခါတုန်းဆီကတော့ မြောက်ပြန်လေနှင့်အတူ မျောရွေ့လွင့်ပါလာသော အက္ခရာများကို သယ်ယူ ခဲ့ကြ ဖူးသည်။ အဝါရောင် ရနံ့များနှင့် ရောနှောရန်။ မဖြစ်နိုင်ခြင်း အဘိဓာန်ထဲမှာ ဝေါဟာရများကို အတည်ပြုပေး ခဲ့ကြဖူးသည်။ နပိုလီယံထံ ပေးပို့ရန်။ ကိုယ့်နောက်ကျောအတွက် ဓားကို ကိုယ်ပြန်သွေးပေးခဲ့ဖူးသည်။ ပန်းပဲ မောင်တင့်တယ်ကို ဆက်သရန်။ ဝံပုလွေများနှင့် တရင်းတနှီး (လေးစားစွာ) လက်ဆွဲ နှုတ်ဆက် ခဲ့ကြဖူးသည်။ မြေခွေးများနှင့် လမ်းခွဲထွက်ခွာရန်။ ဦးခေါင်းတစ်လုံးကို အသိဥာဏ်လျော့ပါးစွာ ဖွင့်ကြည့်ခဲ့မိ ဖူးသည်။ (တကယ်ဆို ထိုမျှ မိုက်မဲရန် မသင့်ပါ။) ခုထိတော့ ရွှေတွင်းတွေ ဘယ်မှာရှိမှန်း ကျွန်မ မသိသေးပါ။ အဝါရင့်ရောင် ပန်းများ (ပိတောက်ဟု လူတချို့က ခေါ်သည်) ကတော့ ကဗျာဆရာများ၏ စကားလုံးတွေ ကြားထဲတွင် ရွှေရည်လူးကျန်ခဲ့၏။

ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေနေသော ဧပြီတစ်ရက် ကို ကျွန်မက ရှာဖွေ တွေ့ရှိသွားသည်။ ဘာမှတော့ အသုံးမဝင်ပါ။ (ကျွန်မမှ လူတွေကို အရူးလုပ်တာ ဝါသနာမပါတာ) ယူစရာသံဝေဂ ဘာမှ လက်ကျန် မရှိတော့တဲ့ ၃၂ ကောဌာသ ကြီးက ခုန်ဆွခုန်ဆွနှင့် မဏ္ဍပ်တွင်းမှာ မြူးလို့။ ကျွန်မကတော့ ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ လေထီးမပွင့်ခဲ့သူဖြစ်သည်။ နောင်တရ မျက်ရည်ကျစရာ ပင်နယံများကား လည်ပတ်စရာဆီကုန်နေသော ဘီးများကဲ့သို့ သိပ်အသုံးအဝင်တော့။ သင်္ကြန်ဟု လူအများက သတ်မှတ် ခေါ်ဆိုနေသော ရေစက်များသည် ပြောင်းလဲခြင်းဆီ ဥိးတည်နေကြသည်။

ကျွန်မကတော့ လူတစ်ယောက်၏ နောက်ဆုံးဝါကျကို ဖတ်ခဲ့ရဖူးသည်။ လူဖြစ်ရတာ ကောင်းတယ်..တဲ့။ စိတ်အချဉ်ပေါက်နေသော ဂီတသံတစ်ခုကိုလည်း ကြာခဲး့ရသည်။ လူဖြစ်ရတဲ့ ဒုက္ခ … တဲ့။ အခါအားလျော်စွာ လွဲချော်နေတတ်သော ပုံပြင်များနှင့် ပတ်သက်၍ ကျွန်မတို့တွင် မည်သည့်တာဝန်မှ မရှိကြောင်း အရေးတယူ ပြောပြရန် ပုဂ္ဂိုလ် မရှိပါ။ မြေပုံတစ်ခုထဲတွင် ပျောက်ဆုံးနေသော မြို့တော်ကြိးများ အကြောင်းကိုတော့ ကြားဖူးနားဝ ပုံပြင် တစ်ပုဒ်အနေနှင့် နားဆင်လိုပါသည်။

ကုသိုလ် အပြည့်အသိပ် တစ်ဝက်နှင့် ဆဲရေးသံ အလျှံအမောက် တစ်ခြမ်း။ ထိုအရာများသည် ဧပြီ၏ ဝေစုများ တဲ့လား။ နူးညံ့မှုထဲက ပုံပြင်များဆီ သီချင်းတအေးအေးနှင့် မရောက်ရောက်အောင် လျှောက်သွား နေသော စိတ်ရောဂါ ဝေဒနာသည် တစ်ယောက်သည် မှန်ထဲရှိ ကျွန်မ၏ ပုံရိပ်များနှင့် ခပ်ဆင်ဆင် တူနသည်။ ကျွန်မသည် ဘုရားသခင်လွယ်ပိုးသွားသော အိတ်ကြီး၏ အပေါက်တစ်ပေါက်မှ ကံအား မလျော်စွာ ကျကျန်ခဲ့သူလည်း မဟုတ်ပြန်။ သို့သော် အဝါရောင် ရနံ့များနှင့် မျက်နှာချင်းဆိုင် တည့်တည့်ကြီး တိုးခဲ့ရသည်။ ထိုရနံ့များကို ဆေးစစ်ကြည့်သောအခါ အရာအားလုံးသည် နဂ္ဂတစ်။ ကျွန်မ ဘာကိုမှ အတည့် မမြင်ရတော့ပါ။

တစ်ချိန်က လစ်လပ်နေခဲ့သော ခုံတန်းလျားများ လက်မှတ်ကုန်သွားခဲ့ကြပြီ။ တချို့သော မိုးပိတောက် များသည် ဇွန် ဇူလိုင် ကျမှ ပွင့်တတ်သည်။ ထူးဆန်းသော ငိုရှိုက်သံတစ်စက်ကြောင့် တံခါးကို ခေါက်ကြည့်ရာ အထဲတွင် ရိုးရာပွဲတော်တစ်ခု ကျွန်မကို ချောင်းကြည့်နေခဲ့၏။ ကျွန်မ ရင်ဘတ်ထဲတွင် အစီအစဉ်တကျ ထည့်သိုထားသော ဝါကျများနှင့် မီးကုန်ယမ်းကုန် ပေါက်ပစ်လိုက်သည်။ ပိတောက်တွေ တဖောင်းဖောင်း ပေါက်ကွဲသံနှင့်အတူ ရေစက်များ ခမ်းခြောက် အေးစက်သွားကြ၏။ ဧပြိသည် အဆုံးသပ် တံခါးတစ်ချပ်နှင့် ခပ်ဆင်ဆင် တူနေခဲ့ပြန်သည်။

တိုင်ကပ်နာရီတစ်လုံး၏ နရီစည်းသံသည် သင်တုန်းဓား တစ်လက်ဆီမှ လာသောအသံနှင့် တူနေ၏။ ထိုအသံသည် ပိတောက်ခြောက်ရောင် ဖြစ်သည်ဟု ရေစက်တချို့က ကျွန်မကို သတင်းပေးခဲ့သည်။ ( ထိုသတင်း၏ အသုံးဝင်မှုသည် အင်မတန်မှ နုံနဲ့ နေခဲ့၏။ )

ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင် ထားပါ့မယ်… ချာလီချက်ပလင်၏ နှုတ်ထွက် စကားတော့ မဟုတ်ခဲ့ပါ။ သို့သော် CNN ကကြေညာသွားသော ထိုစကားလုံးကို ကြားတော့ ကျွန်မတို့ ငိုကြွေးခဲ့ကြရသည်။ သင်္ကြန်ရေနှင့် မတူသော မျက်ရည်များက အဝါရောင်အနုများ ဖြစ်သည်။

မင်းဆီကို ငါ လာနေခဲ့တာကြာပြီ .. ခုထိ မရောက်နိုင်ခဲ့သေးဘူး …. နှင်းစက်ကလေးတစ်စက်၏ ကြေကွဲသံကို နွေဦးက နာခံနိုင်စွမ်း မရှိသလို ကျွန်မ ထုံပေပေ ပြန်ကြည့်နေခဲ့မိသည်လား။ ဧပြီ၏ နေ့လည်ခင်း နေသည် အရှိန်ပြင်းလွန်းလှသဖြင့် လူများကို စိတ်ဖောက်ပြန်စေနိုင်သည်။ ကျွန်မတို့ အားလုံး မာဆိုးကို သတိရခြင်းနှင့်အတူ စည်းပြင်ဖက်ကို ထွက်ရပ်လိုက်ကြသည်။ (သုံးစက္ကန့်မျှသာ) မလျှော်ဖွပ်ရသေးသော ကံကြမ္မာ အသစ်စက်စက်ကြီးတစ်ပုံ မှိုတက်နေပုံက ရင်နာစရာ။ နေခြည်တုတွေက အနောက်ဘက်မှာ နေဝင်တော့မည်မှာ သေချာနေပြီလားမသိ။ အသစ်ဟူသော ဝေါဟာရကို ပိုက်ထားရင်း အဟောင်းတွေနှင့် လူတချို့ အလုပ်ရှုပ်နေ ကြသည်။ ရာသီစာများကို ချချကျွေးတတ်သော ကိစ္စကို ပြင်ဆင်ချက်ချရန် ညီလာခံ ခေါ်သင့်နေပြီ ထင်သည်။ ချက်နည်းပြုတ်နည်း လမ်းညွှန် စာအုပ်များထဲတွင် ပိတောက်နှင့် ငုများကို သင်္ကြန်ရေနှင့် ရောနှော ချက်ပြုတ်နည်း ပါဝင်နေသည်က အံ့သြစရာ ။ အော်ဒါ မှာထားသော ဟင်းပွဲများနှင့် ဒုက္ခရောက်နေသော အယ်ဒီတာ တချို့ကို ကျွန်မ အားနာသည်။ အမှန်တော့ ကျွန်မသည် အချက်အပြုတ်ကျွမ်းကျင်သော သူတစ်ယောက် မဟုတ်တာတော့ ကိုယ့်ဘာသာကိုယ်ပဲ သိသည်။ ထို့အပြင် ကျွန်မက ရာသီစာများကိုလည်း မကြိုက်တတ်ချေ။

မေးခွန်းများနှင့် ယက်ဖောက် ဖျော်စပ်ထားသော နေ့ရက်တချို့သည် ဧပြီ ဖြစ်သည်။ သစ္စာဖောက်ဟု စွပ်စွဲခံရသော အဝါရောင်ပန်းများနှင့် လောကဓံကို ကြံ့ကြံ့ ခံနိုင်သည်ဟု (လျှာအရိုးမရှိတိုင်း) ဖွဲ့ဆိုခံရသော အဝါရောင်ပန်းများက အားလုံးကို ကျောခိုင်းနှုတ်ဆက်သွားခဲ့ကြပြီ။ ထုံးစံအတိုင်း ဧပြီသည် နွေနှင့်အတူ အထီးကျန်စွာ ကျန်ရစ်ခဲ့၏။ သိကြားမင်းကတော့ ထုံးစံအတိုင်း ကျွန်မတို့ရှိရာ ခရီးထွက်လာနေပြီ။ သေချာတာက သူ ဘယ်သောအခါမှ ကဗျာဆရာတစ်ယောက်ကို စီးနင်းလိုက်ပါလာမှာ မဟုတ်ချေ။

ပွဲတော်တစ်ခု၏ အူသံကို ကြားရသည်။ ထိုအူသံသည် စွတ်စိုသော အဝါရောင် ဖြစ်၏။



မနော်ဟရီ

(ကိုနေမျိုး၏ ကဗျာဆရာ ဝံပုလွေကို ဖတ်အပြီး ..)

၂၀၀၇ ဧပြီ၊သောကြာ စာစောင်


11 Comments:

Zephyr said...

ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင် ထားပါ့မယ်… ချာလီချက်ပလင်၏ နှုတ်ထွက် စကားတော့ မဟုတ်ခဲ့ပါ။ သို့သော် CNN ကကြေညာသွားသော ထိုစကားလုံးကို ကြားတော့ ကျွန်မတို့ ငိုကြွေးခဲ့ကြရသည်။ သင်္ကြန်ရေနှင့် မတူသော မျက်ရည်များက အဝါရောင်အနုများ ဖြစ်သည်။


:)
I like these sentences :) so Much ...

pandora said...

အငွေ့ပျံနေတဲ့ ဧပရယ်မှာ နှစ်သစ်ကူးပွဲတော်ဟာ ရေမပါဘူး..

rose of sharon said...

ခုနောက်ပိုင်းသင်္ကြန်တွေက ဒို့တွေငယ်ငယ်တုန်းကလောက်လွတ်လပ်ပျော်ရွှင်မှုတွေ မရှိတော့တာ ဒီအက်ဆေးနဲ့ အံကိုက်ပါဘဲ... မနော်ကရှေ့ဖြစ်ဟောတတ်တယ်ထင်တယ်....

Craton said...

“တစ်ချိန်က လစ်လပ်နေခဲ့သော ခုံတန်းလျားများ လက်မှတ်ကုန်သွားခဲ့ကြပြီ။ တချို့သော မိုးပိတောက် များသည် ဇွန် ဇူလိုင် ကျမှ ပွင့်တတ်သည်။ ထူးဆန်းသော ငိုရှိုက်သံတစ်စက်ကြောင့် တံခါးကို ခေါက်ကြည့်ရာ အထဲတွင် ရိုးရာပွဲတော်တစ်ခု ကျွန်မကို ချောင်းကြည့်နေခဲ့၏။”

အရမ်းခိုက်တယ်။

black.pirate said...

ကျွန်မတို့ အားလုံး မာဆိုးကို သတိရခြင်းနှင့်အတူ စည်းပြင်ဖက်ကို ထွက်ရပ်လိုက်ကြသည်။ (တော်တော်လေး ဘဘောကျမိတယ်...) ^_^

မယ်ကိုး said...

စာကြောင်းတွေက လှလိုက်တာ မမရယ်။ ဒီလိုစာမျိုး ဖတ်ခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ။

ချစ်တဲ့
=)

Ree Noe Mann said...

ဘာပဲ ပြောပြော ဒီအက်ဆေး လေးကို ရီနိုမာန် လက်ဆောင်ရထားဖူးပါတယ်ဗျာ။

တနည်းအားဖြစ် ကျနော် ပိုင်ပါတယ်။ ဟေးဟေး

မကြီးရေ တကယ့်ကို ကျေးဇူးတင်ပါတယ်။
ဒီ ပိုစ့်လေးကို ရီနိုလည်း ပိုစ့်တစ်ခု အနေနဲ့ ပြန်တင်မည့် အကြောင်း လာပြောပါတယ်။

vowel said...

“ကျွန်မကတော့ ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ လေထီးမပွင့်ခဲ့သူဖြစ်သည်။ နောင်တရ မျက်ရည်ကျစရာ ပင်နယံများကား လည်ပတ်စရာဆီကုန်နေသော ဘီးများကဲ့သို့ သိပ်အသုံးမဝင်တော့။”
ဒီနှစ်ဧပရယ်ဟာ...အဲသလိုခြောက်ခြားဖွယ်ရာ
ခြောက်သွေ့တိတ်ဆိတ်ခဲ့ပါတယ်။

မောင်ခင်လေး said...

နှစ်သက်ဖွယ် အက်ဆေးတစ်ပုဒ်ပါပဲ ကြိုက်တယ် :)

အမရာ said...

Nice Post!!!

ချစ်သူမောင် said...

မနော် တစ်ကယ်ဧပြီတစပြင်ဖြစ်ခဲ့ရပြီ.....

ဟယ်....ဘုရားဘုရား
အသံတွေကြားနေရပါလား
ဝုန်းဒိုင်း သံတွေ
ဒီဂျေသံနဲ့ရောစပ်
ကြားလို့မသင့်တော်တဲ့အသံ
ရင်ထဲကိုဖြတ်စီးသွားခဲ့
မဖြစ်သင့်တာပဲ
"ဗုံးကွဲတယ်တဲ့"
နှစ်သစ်မှာမင်္ဂလာယူနေချိန်
ရင်မှာဆူလောင်ပွက်စေဖို့
ကြားရတဲ့သတင်းဆိုး
အိုး မဟုတ်ပါစေနဲ့..........

မယုံမရဲနဲ့
အွန်လိုင်းပေါ်တက်လိုက်တော့
ဖေ့(စ)ဘွတ်ကအစ
ရိုက်တာအဆုံး
သေချာသတဲ့
အဖြစ်ပျက်တွေ
ရင်မှာမခံစားနိုင်အောင်
ဓါတ်ပုံတွေနဲ့တကွတွေ့ရ
ခက်တော့နေသား
ပျော်စရာတွေပျောက်ပျက်
သင်္ကြန်နေ့ရက်မှာ
အမင်္ဂလာ သတင်းဆိုး
၉/၁၁ လိုမျိုး
ရင်ထဲကိုတိုးတိုက်ကြေကွဲစေတယ်
ဒီတစ်ခါကလေ
မြန်မာပြည်မှာတဲ့
ဗုံးဆိုတာဒီလောက်ရှားတဲ့
ငါတို့ပြည်မှာ
သုံးလုံးတောင်ဘယ်ကရလဲ
အတွေးတွေေ၀၀ါး
ထွေပြားသွားစေတယ်..........

အရှေ့အလယ်ပိုင်းက
ပါလက်စတိုင်းဆိုလည်းထားပါတော့
ခုဟာက အသေခံလား
အသေမြန်လား
ချိန်ကိုက်တာလား
ခေါင်းထဲကိုအတွေးတွေ
စီရရီရောက်လာတယ်
ဘာလို့ခွဲတာလဲ ???
ဘာရန်ငြိုးရှိလို့လဲ???
အပြစ်မဲ့သူတွေ
အားလုံးပျော်နေတဲ့အချိန်မှာ
ဒီဂျေ သီချင်းသံနဲ့
ရောသမ မွှေလိုက်တဲ့
မင်္ဂလာနှစ်သစ်ကို
ကွဲပျက်စေတဲ့ဗုံး
ဖျက်ချင်လို့ပဲခွဲခွဲ
...........လို့ပဲခွဲခွဲ
မသမာမှုတွေကလည်း
ရက်စက်အကျည်းတန်လွန်းတယ်
ခွဲတဲ့ကောင်တွေလည်း
ရိုင်းစိုင်းယုတ်မာပက်စက်လွန်းတယ်.......။ ။