……………………………………..

Sunday, March 21, 2010


၁၉၉၇ခု သရဖူ (ကိုငြိမ်းထုတ်တဲ့သရဖူ) နောက်ဆုံးအုပ်မတိုင်ခင် တစ်အုပ်မှာ ပါသွားတဲ့ အက်ဆေးလေးပါ။ အဲဒီစာအုပ်ကို ဒီနေ့ထိ လက်ထဲ မရခဲ့ဖူးပါဘူး။ သွားလိုက်တိုင်း မရ ပြန်တောင်းတော့လည်း မရနဲ့။ တစ်ခါ ဆရာဇော့်ဆီက အဲဒီစာအုပ်ရလို့ ငှားပြီး မိတ္တူဆွဲ ဖူးပါတယ်။ ဒါလည်းပျောက်တာပါပဲ။ခုမှ လက်ရေးမူစစ်စစ်ကို ပြန်တွေ့ပါတယ်။

……………………………………..

(၁)

သတိထားလိုက်မိချိန်တွင် ကျွန်မ၏ နောက်ကျော၌ ဓားမြောင် နောက်တစ်ချောင်း စိုက်ဝင် နေခဲ့ပြီး ဖြစ်သည်။ (ဘယ်နှစ်ချောင်းမြောက် မှန်းတောင် မသိတော့ ..) ထူးဆန်းသည်က နောက်ထပ်ကျလာစရာမရှိတော့၍ပေလားမသိ။ သွေးတစ်စက်မှ ကျမလာတော့ခြင်းပင် ဖြစ်သည်။

ကျွန်မကလည်း ကျွန်မပင် ဖြစ်သည်။ ကျွန်မတွင် နောက်ကြည့်မှန် တစ်ချပ် ရှိမနေသလို နောက်ကျောတွင်လည်း အန္တရာယ်ကင်း မှန်တစ်ချပ် တပ်ဆင်မထားခဲ့မိပါ။ ထို့ပြင် ဒါဏ်ရာ များကလည်း ရင်ဘတ်တွင်မဟုတ်၍ ငုံ့ကြည့်လိုက်တိုင်း သတိရှိနေရန် မဖြစ်နိုင်ပြန်ပါ။ ထုံထိုင်း အက်အ နေခဲ့ပြီဖြစ်သော ကျောပြင်ကလည်း ခံစားမှု မရှိတော့သလိုပင်။

ကျွန်မ ငယ်ငယ်တည်းက ဓားသွားတစ်လက်၏ ထက်ရှမှုကို ကြိုက်နှစ်သက်တတ်ခဲ့သည်။ ဓားသွေားရသည်ကိုလည်း ဝါသနာပါသည်။ ထို့ကြောင့် အခြားသူများ ဓားသွေးနေသည်ကို ကျွန်မက စိတ်ဝင်တစား စောင့်ကြည့်နေတတ်ခဲ့ဖူးသည်။ ထိုဓားက ကျွန်မ နောက်ကျောသို့ စိုက်ဝင်လာမည့်ဓားတစ်လက် ဖြစ်လိမ့်မည်ဟုလည်း ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါ။ ထို့ပြင် တစ်ခါတစ်ရံ ထိုဓားများထဲမှ အချို့သည် ကိုယ်တိုင်ကိုယ်ကျ စိတ်ပါ လက်ပါ သွေးပေးလိုက်သော ဓားများ ဖြစ်နေတတ်သေးသည်လေ။ ဤသည်ကတော့ ကျွန်မ ကံကြမ္မာ၏ ညံ့ဖျင်းမှုပင် ဖြစ်လိမ့်မည်။

(၂)

ကျွန်မ ယုန်တစ်ကောင်မဟုတ်ခဲ့ပါ။ နားရွက်ရှည်ရှည်နှင့် ပညာရှိသည်ဟု ပုံပြင်များက တင်စားရသော ထိုသတ္တဝါ၏ မျက်လုံးနှင့် အသည်းနှလုံးကို ကျွန်မ မကြိုက်ပါ။ အရာရာကို ကြောက်ရွံ့တုန်လှုပ်စွာ မှတ်သားနေသူဟု မြင်သည်။ သို့သော် ဖြူစင်ဟန်တော့ ရှိပါသည်။ ခက်သည်က ယနေ့ခေတ်သည် ဖြူစင်မှုများကို မလိုလားကြတော့ပေ။

မွေးစကတော့ ကျွန်မသည် ကျားကလေး တစ်ကောင်ဖြစ်သည်။ ကြီးပြင်းစ ပြုလာသော အရွယ်၌ပင် လောက ဆပ်ကပ်ဆရာ၏ သင်ကြားမှုဖြင့် ကျားကလေးသည် အရိုင်းစိတ် ဆိုသည်ကို မသိတော့။ ယဉ်ကျေးလိမ္မာမှု သြဝါဒချိုများ၊ အုပ်မိုးထားသော ကြာပွတ်များ၊ ဖျားယောင်းထားသော အသားစိမ်းများ အောက်တွင် ကျွန်မသည် စက္ကူနှင့် ခေါက်ကာ ပြုလုပ်ထားသော ကျားကလေး ဖြစ်သွားပါတော့သည်။ ယခုကဲ့သို့ နှစ်ပရိစ္ဆေတ ကြာလာ သောအခါ ခေါက်ရိုးများသည် ဝါကျင် ဆွေးမြေ့စ ပြုလာပါတော့သည်။ တစ်ခုတော့ ကျေးဇူးတင်ပါသည်။ ကျွန်မသည် ကျားကလေး စစ်စစ် ဖြစ်ခွင့်မရခဲ့သလို ယုန်ကလေး တစ်ကောင်လည်း ဖြစ်ခွင့် မရခဲ့သောကြောင့် ဖြစ်သည်။ ထို့အတွက် ဘုရားသခင်အား ကျေးဇူးစကားဆိုရန် ကျွန်မ ကြွေးကျန်နေပါသည်။

(၃)

သိုးကလေးတစ်ကောင်၏ ဒဏ္ဍာရီအကြောင်း ကျွန်မ ရေးခဲ့ဖူးပါသည်။ အားလုံးအတွက် ဓားစာခံ ဖြစ်သွားရရှာသော ကျွန်မ မိတ်ဆွေ သိုးကလေး အတွက် ကျွန်မ စိတ်မကောင်းပါ။ သိုးကလေးကတော့ ကျွန်မကို ရက်စက်သည တဲ့။ ဘဝရဲ့သိက္ခာ ဆိုတာ ဘာလဲ တဲ့။ ငွေနဲ့ ပေးဝယ်လို့ရတဲ့ အရာတွေထဲမှာ သိက္ခာ ဆိုတာ ပါနေပြီဆိုတာ မင်း မသိဘူးလား … တဲ့။ ကိုယ့်ကိုယ်ကို ဘာကောင်မှန်းမသိတဲ့ ကောင်မလေးရေ .. မင်းနောက်ကျောက ဒါဏ်ရာတွေအတွက် ငါ ဆေးခါးတစ်ခွက် တိုက်ချင်ပါရဲ့ တဲ့။

သူ့စွဲချက်များ ချေပချက်များက ပြီးဆုံးမသွားသေးပါ။ မင်းက .. မင်းနောက်ကျောကို လုံအောင်မထားဘူး … မင်းကျောက လှေခါးထစ်တွေကို လူတွေစိတ်ဝင်စားလာတဲ့အခါမှ မင်းက မတက်ရ တဲ့ .. မင်း … ဒါဏ်ရာမှာ ….

ကျွန်မ ဆုံးအောင်နားမထောင်နိုင်တော့ပါ။ ကျွန်မက ဆက်နားမထောင်၍ မဟုတ်သလို သူက ဆက်ပြောစရာ စကားလုံး ရှာမရ၍လည်း မဟုတ်ပါ။ သူနဲ့ကျွန်မအကြား အရာတစ်ခု ဝုန်းကနဲ ပြုတ်ကျလာသောကြောင့် သူ့အသ့များ ဓားနှင့် တိဖြတ်ခံလိုက်ရသလို ပျောက်ဆုံး သွားခြင်းဖြစ်သည်။ ( ခုထိ ထိုအရာကို ဘာမှန်း ကျွန်မ မသိပါ ..)

(၄)

ပြဌာန်းချက် စာအုပ်တွေက ဖတ်မကုန်၊မှတ်မကုန်၊ သင်ခန်းစာတွေက တစ်ပုံတစ်ပင် ၊စာမေးပွဲကြီးတွေကလည်း လက်မတင်လေးအလိုမှာ ရောက်နေတတ်သော ကျောင်းသား တစ်ယောက်ကဲ့သို့ အမြဲတစေ ရင်မောကြောက်လန့်မနေစေရန် အရာတချို့နှင့် ကျွန်မကိုယ် ကျွန်မ ကျားကန်ထားရသည်။ ထို ကျားကန်ထားသော အရာများကလည်း သိပ် အခိုင်အခန့်ကြီးတော့ မဟုတ်လှချေ။ ဖော်မလင်နံ့တွေကလည်း တထောင်းထောင်း ထနေသေးသည်။ ကြာတော့ မျှော်လင့်ချက်များကိုလည်း သိပ်အယုံအကြည် မရှိတတ် ဖြစ်လာတော့သည်။

မကြာမီ ယိုင်နဲ့ ပြိုလဲသွားနိုင်သည့် ကျွန်မ၏ အဆောက်အဦလေးအတွက် ကျားကန်နိုင်ရန် အရာတစ်ခုကို အသည်းအသန် ရှာဖွေနေသည်။ ရေသိပ်နက်နက်ထဲသို့ ဆင်းရန် ကျွန်မမှာ အောက်စီဂျင်လက်ကျန် သိပ်မရှိတော့ပါ။ ထို့ကြောင့် ပင်လယ်ကြမ်းပြင်တွင်သာ နေထိုင်ပြီး ရှာဖွေရန်ခက်ခဲသော ကမာကောင်များကို ရေပေါ်သို့ဖိတ်ခေါ်ရန် ကြံစည်နေပါသည်။ (စနစ်တကျ မွေးမြူ ထားသော ကမာကောင်များ မပါပါ ) ခက်သည်က မည်သည့် ပုလဲမျိုးကိုမှ ရေပေါ်မှာ မတွေ့ဖူးသေးခြင်းပင် ဖြစ်သည်။

မနော်ဟရီ

၂၂ဒီဇင်ဘာ၁၉၉၆


15 Comments:

Zephyr said...

I love this essay ...
I also met with such kind of sheep (from paragraph 3) ...
And I am very familiar with it.

With Peace,
Zephyr

Craton said...

အဲ့ဒီကိုဇက်ကြီးးးးးးးးးးးးးးကလေ
မနက်အစောကြီးကြီးလည်း
သူ လာလာဦးသွားတယ်
သိပ်ကြည့်မရတော့ဘူး
ဟွန်းးးးးးးးးးးးးး

ပြောရမှာတောင် အရှိန်ပျက်၏
တီနော်.........
စကားလုံးတွေကိုသိပ်ကြိုက်စ်စ်တာပဲ
မိုက်လည်းမိုက် ရှင်းလည်းရှင်းစ်စ်
နေ့စွဲက သားငယ် ၇နှစ်ပြည့်ဖို့ ၉ရက်အလို
ခွိ....။
....................... အက်ဆေးကို
....................... လို့ပဲ မှတ်ချက်ပေးမည်။
ရေးသူကိုယ်စီပင်လျှင် သိနိုင်၏

moe khit said...

ခေါင်းစဉ်က နဂိုမူလကတည်းက ဒီအတိုင်းပဲလား ခင်ဗျာ... ဘာပဲဖြစ်ဖြစ် အက်ဆေးကောင်းလေးတစ်ပုဒ်ပါ ။
ထိုးစိုက်ချင်စရာ နောက်ကျောတစ်ခုရှိနေသ၍
ဓားများက ထိုးစိုက်နေကြလိမ့်ဦးမည် ဖြစ်သည် ။ ကိုယ်တိုင် စိတ်ပါလက်ပါ သွေးပေးခဲ့သော ဓားတစ်ချောင်း ဖြစ်နေလျှင်တော့............( စိတ်မကောင်းပါ )

eaindraomtt said...

ဓါးတွေဟာ..
သူများနောက်ကျောမှာ စနစ်တကျသွေးအေးရက်စက် စိုက်ဝင်နေတတ်တဲ့ စီမံမှုတွေရှိနေမယ့်အစား
ဓါးအိမ်ထဲမှာ အိပ်စက်နေရတာကပို သိက္ခာရှိနေဦးမယ်ထင်ရဲ့...

ဓါးသွားတွေ ကွေးဝပ်သွားလိမ့်မယ့် သံချပ်ကာဝတ်ထားတဲ့နှင်းဆီပါ....

၁၉၉၆-၉၇ အထိ သရဖူခေတ်ဆိုတာ အရမ်းကိုငေးမောအားကျနေရတဲ့ အချိန်တွေပေါ့..
သရဖူကိုတွေ့ရာမြင်ရာအရပ်က အငမ်းမရ အရုးအမူး ၀ယ်သိမ်းခဲ့ရတဲ့ အချိန်တွေပေါ့....

သရဖူကထွက်လာတဲ့ လက် ၊ သရဖူမှာပါတဲ့ စာကဗျာ ဆို....တာမျိုး
ဂုဏ်ယူဝံ့ကြွားချင်စရာ အဆင့်အတန်းတစ်ခုပေါ့...

လွမ်းလိုက်တာ

Zephyr said...

Craton ... New Year တုန်းကပဲ .. လူကြီးဖြစ်ပြီလူရာသွင်းဆိုလားပြောပြီး .. :)

ခင်မင်စွာဖြင့်
Zephyr

မယ်ကိုး said...

အက်ဆေးဆိုပေမယ့် စာတစ်ကြောင်းချင်းက လှလွန်းလို့ ကဗျာလိုပဲ ခံစားရတယ် ချစ်မမ...

ချစ်တဲ့
=)

khin oo may said...

စာနှဲုင့်ကွန်မက်ဖတ်သွား၏။

Julian said...

Hey,

This comment from office, so can't write in Burmese Language.

Well , you are posting "Knife" series during these days........

I've been read this essay(may be :)

Love this one since more or less I felt the same with "her" in this posting.


After struggled so many things in here, I know I become dangerous creature and playing with Fire :))

Well, hope everything is OK for you and hope I'm OK too .


Ju

နွေးနွေးသဲမွန် said...

နောက်ဆုံးအပုဒ်လေးကစာသားတွေ အထိဆုံးပဲ...
မမ ကျန်းမာပါစေ....

Craton said...

ကိုဇက်....
လူရာကတော့ သွင်းရမှာပေါ့ဂျ...
ဘာပဲဖစ်ဖစ် အငယ်ကအငယ်
အကြီးကအကြီးပဲ.. ဟွင့်ဟွင့်

ဟုတ်ပါ့ တီဂျူပြောတာထောက်ခံ၏
တီနော် ဓါးတွေနဲ့ ခုတလောဓါတ်ကျနေတယ်
ဓါးတွေဘာတွေတွေ့ရင် ကောက်ဆွဲပြီး
တစ်ခုခုမလုပ်ချလိုက်နဲ့နော် :P
တီဂျူရော တီနော်ရော okay ပါစေဗျို့
တီဒြာ............... သူကတော့ ဓါးအိမ်ထဲမှာပဲ အိပ်နေရတာ ပိုကောင်းမယ်ဆိုပဲး)))
သရဖူခေတ်တဲ့.. ဟိဟိ တို့များတော့ ကြားဖူးရုံသာကြားဖူးခဲ့တာ

Craton said...

by the way, ဆီပုံး အိတ်ခ်ဇ်ကိုက်သွားပြီဗျို့
လုပ်ကြပါဦး
သွင်းမရနှုတ်မရပြုမရနဲ့...း(((

ပန်းရင့်ရောင် said...

အက်ဆေးကောင်းလေးတစ်ပုဒ်ပါ။နောက်ဆုံးပိုဒ်လေးကို အရမ်းကြိုက်တယ်။ :)

အမရာ said...

အရမ်းကြိုက်တဲ့အထဲမှာတခု
ထပ်တိုးသွားပြီ...ခုမှဖတ်ဖူးတာ..
အတွေးတွေကိုကြိုက်တယ်...
ရှင်းရှင်းလေးရေးထားပေမယ်...
အရမ်းလျှို့ဝှက်တယ်...
အားကျစွာဖြင့်.......

ချစ်တဲ့
အမရာ

ရွှန်းလဲ့ said...

သိပ်သည်းဆများသော အက်ဆေး.... :)

rose of sharon said...

အက်ဆေးရဲ့ အဖွဲ့အနွဲ့လေးတွေက လှလိုက်တာ...