နွေကို ဖွဲ့တဲ့တိမ်

Tuesday, March 9, 2010

ကိုပြည်သွေးနိုင်နဲ့ သူ့ဇနီးခင်သန်းမြင့်တို့ ချယ်ရီ မဂ္ဂဇင်းကို လုပ်နေစဉ်က ပေးခဲ့ဖူးတဲ့ ဝတ္ထုလေးပါ။ အကြည်တော်ကတော့ မကြီးမငယ်နဲ့ ဒါမျိုးလည်း ရေးသလားလို့ မေးပါတယ်။ တကယ်က ကျွန်မ ရေးနေကျပုံ မဟုတ်လို့ ပြောတာပါ။ တကယ်လည်း ဒါမျိုး တစ်ခါမှ မရေးဖူးပါဘူး။ အိပ်မက်ဆန်ဆန် အိပ်မက်နဲ့ လက်တွေ့ ရောယှက်နေဟန်မျိုးမှာ အချစ်ဝတ္ထုပုံစံ နည်းနည်းစွက်ပြီး ရေးထားတာမျိုး ဖြစ်နေလို့ပါ။ အိပ်မက်ကတော့ တကယ်ပဲ ကျွန်မ ငယ်ငယ်တည်းကနေ ၂၀၀၇ ထိ ဆက်တိုက်မက်ဖူးတဲ့ အိပ်မက်ပါပဲ။ အဲဒါကို ဖြည့်စွက်ရေးထားတာမျိုးပါ။ အဲဒီအိပ်မက်ကို ခုလို ဝတ္ထုတိုတစ်ပုဒ် ၊ လုံးချင်းဝတ္ထုထဲက အပိုင်းတစ်ခု အဖြစ် လည်း ချရေးပစ်လိုက်ရော တစ်ခါမှကို ထပ်မမက်တော့ပါဘူး။ နွေကိုဖွဲ့တဲ့တိမ် ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ကိုယ့်ဘာသာကိုယ် ကြိုက်လို့ လုံးချင်းဝတ္ထုတစ်အုပ်ခေါင်းစဉ်ကိုလည်း အဲဒီနာမည်ပဲ ပြန်ပေးခဲ့ပါတယ်။ ၂၀၀၈မှာ ထွက်ခဲ့ပါတယ်။

နွေကို ဖွဲ့တဲ့တိမ်

အိပ်မက်တွေထဲက ကမ်းပါးလေးတစ်ခုပေါ်မှာ ကိုယ်ရပ်နေမိတယ်။

ဟိုး.. ခပ်ဝေးဝေးက သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ သစ်အယ်သီးရောင် လှေကလေး တစ်စင်းများ ဖြစ်မလား။ ဒါဆိုရင်တော့ ချစ်သူကို တင်ဆောင်လာတဲ့ လှေကလေးတစ်စင်းပဲ ဖြစ်မှာပါ။ ခက်တာက ရွှေအိုရောင် အလင်းသဲ့သဲ့တွေ အောက်မှာ ဘာကမှ မသဲကွဲခဲ့ပါဘူး။

………………………………………………………………………………………………………………

စီးကျလာတဲ့ မျက်ရည်စတွေကို တို့ထုတ်ဖယ်ရှားဖို့ မေ့လျော့ရင်း ငယ်ငယ်က လှော်ခတ်ခဲ့ ဖူးတဲ့ စိတ်ကူး တိမ်တိုက်တွေအကြောင်း တွေးနေမိတယ်။ သူတို့ ကိုယ့်ဆီ ပြန်လှည့်လာခဲ့သေးသလား လို့ ..။ ဝင်္ကပါတွေအကြောင်း စဉ်းစားရင်းပေါ့ ..။

တစ်ချိန်ကတော့ ကိုယ်ဟာ လွမ်းစရာကောင်းတဲ့ ရနံ့တချို့ကို ရယ်ရယ် မောမောနဲ့ နားမလည် ပါးမလည် စိတ်ကူးယဉ်စွာ ရှူရှိုက်ခဲ့မိဖူးပါရဲ့ ..။ ခုတော့လည်း နောင်တ တချို့နဲ့အတူ စွတ်စွတ်စိုစို ပြုံးနေမိပြန်တယ်။

တကယ်ဆို .. ကိုယ်ဟာ ကိုယ်ရဲ့ အိပ်မက်တွေအပေါ် သစ္စာ မမဲ့ခဲ့သင့်ဘူး။ ဒါပေမယ့်ကွယ် .. ကိုယ်ဟာ ၂၁ရာစု သိပ္ပံခေတ်ကြီးထဲမှာ ရှင်သန် ကြီးပြင်းနေရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။ လောကရဲ့ လျို့ဝှက်ချက်တွေကို တပင်တပမ်း သင်အံ လေ့လာတူးဖော် ကြည့်ခဲ့ပြီးကာမှ ကိုယ့်အိပ်မက်ရဲ့ လျို့ဝှက်ချက်ကို ဆန်းစစ်ဖို့ကျတော့ မေ့လျော့နေခဲ့မိတယ်။

ချစ်သူရယ် .. ကိုယ့်ကို ခွင့်လွှတ်နားလည်ပေးပါ။ ဟိုး… ကမ္ဘာ တစ်ဖက်ဆီကနေ ကိုယ့်ကို တမ်းတနေခဲ့ရတယ်ဆိုရင်ပေါ့ ..။

………………………………………………………………………………………………………………

ချစ်စရာကောင်းတဲ့ ဆံနွယ် ခွေခွေပျော့ပျော့လေးတွေက အိပ်မက်ထဲမှာတောင် ညိုရွှေရောင် တောက်ပနေခဲ့ပြီး ကိုယ့်ကို ရင်မောစေနိုင်ခဲ့ပါလျက်နဲ့ ကိုယ်စာ နံနက်ခင်း အလင်းနဲ့အတူ မေ့လျော့ပစ်နိုင်အောင် ကြိုးစားနိုင်ခဲ့ရက်တယ်လို့ ပြောရင်လည်း ခံရမှာ ပါပဲ။ နူးညံ့ကြည်စင်လွန်းတဲ့ မျက်ဝန်းလက်လက်တွေဟာ ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့ ပါလျက်နဲ့ ကိုယ်က ဒီ မျက်ဝန်းအစုံကို အသိမ်းလွန်ပြီး ထုတ်မကြည့်မိတော့တဲ့ အရာတစ်ခုလို ထားခဲ့မိတယ်။

တကယ်ဆို သက္ကရာဇ်တွေဟာ တစ်စစီ ပြန်ကောက်ယူလို့ရတဲ့ မှန်ကွဲတစ်ချပ်မှ မဟုတ်တာ။ သံသရာဆိုတာကိုလည်း လေ့လာ သိရှိထားခဲ့ပေမယ့် အတိတ်မေ့ သစ်သီး တွေကို စားသုံးခဲ့ရလေတော့ ဘာကိုမှ ဆက်စပ်မရတာ ကိုယ့်အမှားလားကွယ်။ ချစ်သူရယ် တကယ်ပဲ ကိုယ်တို့ဟာ အရင် ဘဝအဆက်ဆက်ကတည်းက တွေ့ဆုံဖို့ ဆန္ဒ ပြုခဲ့ ကြသလား။ ဆုတောင်းတစ်ခုကို အတူပြုခဲ့မိကြသလား။ ကိုယ်တို့ ဘယ်သိနိုင်ကြမှာလဲ။

ဒါဆိုလည်း ကိုယ်တို့ ဒိထက်ပို စောစော တွေ့ခဲ့သင့်တာပေါ့နော်။ ဘဝရဲ့ စာမျက်နှာ တွေဟာ ဘာပြီး ဘာလာမယ်ဆိုတာ ကြိုတင်သိခွင့်ရတဲ့ အရာတွေ မဟုတ်ခဲ့လေတော့ တစ်နေ့နေ့မှာ အဲဒီအိပ်မက်တွေဟာ ကိုယ်ကြုံနေကျ အတိုင်း ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူးလေ။

………………………………………………………………………………………………………………

ညိုရွှေရောင် ဆံနွယ်ခွေခွေလေးတွေရယ် သစ်အယ်သီးရောင် လှေကလေး တစ်စင်းရယ်။ ညင်သာစွာာ ကိုယ့်လက်ထဲ ထည့်ပေးခဲ့ဖူးတဲ့ ဆင်စွယ်နှစ်ရောင် ရိုမန်ကက်သလစ် တွေရဲ့ လက်ဝါးကပ်တိုင်ပုံပါ ပုတီးတစ်ကုံးရယ် သားရေဖုံးအနက်ရောင်ပေါ်မှာ ရွှေရောင် လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်ရယ် ပြီးတော့ ချစ်သူ ဝတ်ဆင် ထားတဲ့ ဆင်စွယ်ရောင် ခပ်နွမ်းနွမ်း ရှပ်အကျီ င်္ ကပိုကရိုရယ် ၊ ဘယ်လိုမှ ပြောမပြတတ် လောက်အောင် ရင်ထဲမှာ နင့်နေတဲ့ ခံစားမှု တစ်ခုရယ် နဲ့ ကိုယ်တို့ ဝေးကွာ သွားခဲ့ရပြန်တယ်။

ကိုယ်က ဘာလို့မှန်းမသိ။ ကမ်းပေါ်မှာ ကျန်နေခဲ့ပြီး မျက်ရည်တွေနဲ့ လှေကလေး ထွက်သွားရာကို ငေးကြည့်နာကျင်နေမိတယ်။ အိပ်မက်က အနိုးမှာ သည်းသည်းထန်ထန် ရှိုက်ငိုနေမိပြန်တဲ့ နေ့ရက်တွေကို ကိုယ် .. ဘာလို့ မေ့လျော့ထားပစ်ခဲ့ရတာလဲ။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အိပ်မက်ထဲက ပုတီးလေးနဲ့ ကျမ်းစာအုပ်ကလေး ဟာ ကိုယ့်ဆီမှာ တကယ်ပဲ ရှိနေခဲ့တာတော့ အံ့သြစရာပါ။ ကိုယ် ကိုယ်တိုင် ဝယ်ယူ ထားတာလည်း မဟုတ် .. တစ်စုံတစ်ယောက်က တသီးတသန့် ပေးတာလည်း မဟုတ်ပါပဲ တဆင့် တဆင့် လက်ဆင့်ကမ်းရင်း ကိုယ့်ဆီမှာ ခရီးဆုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ဖြစ်နေခဲ့တယ်လေ။

တရွေ့ရွေ့ ထွက်ခွာသွားတဲ့ လှေကလေးပေါ်က ချစ်သူရဲ့ အညိုရောင် မျက်ဝန်းတွေကို ပြန်တွေးကြည့်မိတိုင်း တုန်လှုပ်ချောက်ချား မှုတွေနဲ့ ရင်ဆိုင်တိုးရတော့တာပါပဲ။ ဒါကြောင့် ထင်ပါရဲ့..။ ကိုယ်ဟာ လက်တွေ့ကျချင်ယောင်ဆောင်ပြီး အိပ်မက်တွေကို မေ့လျော့ ထားခဲ့မိတာ။

တကယ်ဆို ကိုယ်ဟာ မုန်တိုင်းထဲက လွတ်မြောက်လာကာစ ငှက်ကလေး တစ်ကောင်ပါ။ သောကဝန်ထုတ်တွေ လေးလေးလံလံ ပိပြိုကျခဲ့တဲ့ ဒါဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲဒီ အချိန်တွေမှာ အဲဒီ မျက်ဝန်းတွေကို မတမ်းတဖြစ်အောင် ဘယ်လိုနေထိုင်ခဲ့ရတယ် ဆိုတာကတော့ ကိုယ်ပဲ သိပါတယ်လေ။ တကယ်တော့ ကိုယ်ဟာ မီးပြင်းတိုက်ခံထားရတဲ့ သံမဏိ တစ်စလို မာကျောနေခဲ့ပါပြီ။

………………………………………………………………………………………………………………

ဒါပေမယ့်ကွယ် .. သိပ်အံသြစရာကောင်းတာပဲ။

ဟိုး .. ဝေးဝေးက .. သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ ကိုယ့်ကမ်းဆီ တရွေ့ရွေ့ ပြန်လည် ချဉ်းကပ်လာတဲ့ သစ်အယ်သီးရောင် လှေကလေး ဆိုတာလည်း သိရော ကိုယ်ဟာ အရင်ကလိုပဲ ပန်းကလေးတစ်ပွင့် ပြန်ဖြစ်သွားတယ်။ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လာတဲ့ ရနံ့ချိုချိုတွေကို ခေါင်းမော့ လည်ဆန့်ရင်း နှစ်လိုနေတတ်တဲ့ ပန်းကလေး တစ်ပွင့်လို ကိုယ်ဟာ လန်းဆန်း သက်ဝင်လို့ …။ ကိုယ့်ရင်ထဲမှာလည်း ရင်ခုန်သံတွေ မကြုံစဖူး လန်းဆတ် သစ်လွင် ပျိုမြစ်လို့။ သူ တကယ်ပဲ ကိုယ်ကျန်ရစ်ခဲ့ရာ ကမ်းဆီ ပြန်လှည့်လာခဲ့တယ်လေ။ ကိုယ် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတဲ့ ဆင်စွယ်ပုတီးလေးကို အသာ ပြန်ကြည့်မိတယ်။ အိပ်မက်ထဲမှာ သူပေးခဲ့ဖူးတဲ့ ဆင်စွယ် ပုတီးလေးနဲ့ တစ်ထေရာတည်း ပါပဲ။

ခုတစ်ခါမှာတော့ ကိုယ် … သူကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်မိပါပြီ။ လှေကလေးပေါ်ကို ညင်သာစွာ ဆွဲယူ တွဲခေါ်သွားရာကို ကိုယ်လိုက်ခဲ့မိပြီ။ ခပ်နွမ်းနွမ်း ဆင်စွယ်နှစ်ရောင် ရှပ်အကျီ င်္ ကပိုကရို အောက်က ချစ်သူရဲ့ ဆင်စွယ်နှစ်ရောင် အသားနုနု ကိုလည်း မြင်နေရတယ်။ ဒါဟာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေလိုပဲလား။ နိုးထ လာခဲ့ရင် ကိုယ် ငိုရှိုက်နေခဲ့ ရဥိးမှာလား။

………………………………………………………………………………………………………………

ကိုယ့်ရဲ့ အညိုရောင် ဆံစတွေနဲ့ သူ့ရဲ့ ညိုရွှေရောင် ဆံနွယ်ခွေတွေ ရောယှက်သွားချိန်မှာ ကိုယ် ..သူ့ရင်ခုန်သံကို သေသေချာချာ ကြားလိုက်ရပါပြီ။ နတ်ဆိုးတွေ သက္ကရာဇ် အဆက်ဆက် လိုက်လံ နှောက်ယှက် ဖျက်ဆီးထားတာကို ခံရတဲ့ ကစားပွဲလေးတစ်ခုကို အဆုံးသတ်လိုက်ရသလို ကိုယ်တို့ နိုင်ခဲ့ကြပြီလား …။ သူ့ရင်ဘတ်ပေါ် စီးကျသွားတဲ့ ကိုယ့်မျက်ရည်တွေကို သူက လွတ်လပ်စွာ စီးဆင်းခွင့် ပေးတယ်။ ပြီးမှ စကားတစ်ခွန်းကို တိုးဖွညင်သာစွာ ဆိုတယ်။

“ အရာအားလုံး ပြီးဆုံးသွားပြီပဲကွယ် မင်းရဲ့ မျက်ရည်တွေဟာ ဒါ နောက်ဆုံး ဖြစ်မှာပါ ”

တဲ့။

တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ခုကြားမှာ ဆင်စွယ်နှစ်ရောင် ပုတီးလေး ရှိနေတယ်။ ဒါပေမယ့် ဘယ်သူကမှ မဖယ်ပစ်ကြဘူး။ သူ့ရင်ခွင်ထဲမှာ ကိုယ်ရှိနေခဲ့ပြီး ကိုယ့်ရင်ခွင်ထဲမှာတော့ ကျမ်းစာအုပ်ကလေး ရှိနေတယ်။ တရွေ့ရွေ့နဲ့ ထွက်ခွာနေတဲ့ လှေကလေးနဲ့အတူ ကိုယ်တို့ ဘယ်ကို သွားကြမှာလဲ။

ကျန်ရစ်ခဲ့တဲ့ ကမ်းတစ်ဖက်ဆီမှာတော့ ဒါဏ်ရာ အနာတရတွေနဲ့ အတိတ်အားလုံးကို ထားခဲ့လိုက်ပြီ။ လုံခြုံနွေးထွေးရာ နေရာသစ် တစ်ခုကို ချစ်သူနဲ့အတူ သွားနေကြပြီပဲလေ။ ကိုယ်တို့ရဲ့ ဥိးတည်ရာကောင်းကင်ဟာ အလင်းတချို့နဲ့အတူ ကြည်စင်လို့ ..။ လှပတဲ့ တိမ်ဖြူတချို့ စီးမျောနေရာ ကောင်းကင်ပြင်ကြီးကို အတူငေးကြည့်ရင်း ကိုယ့် မျက်ရည်တွေ သွေ့ခြောက်သွားတာကို သတိပြုလိုက်မိတယ်။

“ ဟိုးမှာ ကြည့်စမ်း ”

“ အင်း ”

“ အဲဒါ နွေကို ဖွဲ့တဲ့ တိမ်တွေ ”

“ နွေကို ဖွဲ့တဲ့တိမ် ..”

ကိုယ် သံယောင်လိုက် လိုက်မိတယ်

“ ဟုတ်တယ် မိုးတိမ်တွေလို စွတ်စိုမှုကို မပေးဘူး။ ဒီအတွက် မင်း မငိုရတော့ဘူး ”

“ ရှင် ”

“ ဟုတ်တယ် နောက် မိုးတိမ်တွေလို မည်းမှောင်မနေဘူး ဒီအတွက် မင်းဘဝမှာ အမှောင်ဆိုတာ မရှိရတော့ဘူး ”

“ အိုး ..”

တကယ်ပါ။ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် တိတ်ဆိတ်နေမိတယ်။ ဒါပေမယ့် အဲဒီ တိတ်ဆိတ်မှုဟာ သိပ်ကြည်နူးချမ်းမြေ့စရာ ကောင်းတာကို သိနေတယ်။ မှီနွဲ့ထားမိတဲ့ သူ့ရင်ခွင်ဟာလည်း နွေကို ဖွဲ့တဲ့တိမ်တွေ စီးမျောရာ ကောင်းကင်ပြင်လိုပဲ နွေးထွေး ကြည်စင်နေခဲ့တယ် ဆိုတာကိုတော့ ကိုယ်ကလွဲလို့ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။

…………………………………………….. မနော်ဟရီ ………………………….

၁၄၊၇၊၂၀၀၇


20 Comments:

Zephyr said...

အဟမ်း အဟမ်း ...
အဟမ်း အဟမ်း ...

မဂျူ၊ မဒါ နဲ့ ကျန်တဲ့ခံစားတတ်တဲ့ နှလုံးသားပိုင်ရှင် အဒေါ်ကြီးများ ... စိတ်ကူးယဉ်မိနေသည်ကို ချောင်းဟန့်၍ သတိကြိုပေးပါတယ် ....။

အခုလို အပူချိန် ၃၄မှာ ...
သတိလေးဘာလေးထားကြပါ ...။ :P

eaindraomtt said...

အိပ်မက်တွေထဲက ကမ်းပါးလေးတစ်ခုပေါ်မှာ ကိုယ်ရပ်နေမိတယ်။

ဟိုး.. ခပ်ဝေးဝေးက သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ သစ်အယ်သီးရောင် လှေကလေး တစ်စင်းများ ဖြစ်မလား။ ဒါဆိုရင်တော့ ချစ်သူကို တင်ဆောင်လာတဲ့ လှေကလေးတစ်စင်းပဲ ဖြစ်မှာပါ။ ခက်တာက ရွှေအိုရောင် အလင်းသဲ့သဲ့တွေ အောက်မှာ ဘာကမှ မသဲကွဲခဲ့ပါဘူး။

အဲဒီ့ သစ်အယ်သီးရောင်လှေကလေး နဲ့အတူတူမျောပါသွားခဲ့တယ်..

မနော်ဟရီနတ်သမီးရဲ့ လက်များစွာထဲက
အချစ်နဲ့မှုန်းသောလက်နဲ့ ရေးချယ်ထားတဲ့

ပန်းချီဝတ္ထုပါ..။

ချစ်သွားပါတယ် မမ..။

( ၃၄ အပူမှာ ခံစားချက်တွေ ရှော့ မဖြစ်အောင် ။
လျှော့ ဖတ်သွားကြောင်း..)

Julian said...

စိတ်ကူးနဲ့လက်တွေ့ဘ၀ဟာကွာခြားတယ် ချစ်သူရယ်သိစေချင်တယ်........ သီချင်းလေးကောက်ငြီးမိပါတယ်ကွယ်

အပူချိန် ၃၄ လောက်တော့အပျော့ပါကွယ်
၄၅ လောက် ၅၀ မှာနေသားကျပြီးသား........

မေခကိုရန်စွယ်နဲ့ငေါငေါရန်တွေ့နေတယ် အခု.....
ဘယ့်နှယ် အသဲတစ်စိတ်ကွဲအက်နေပါတယ်ဆိုမှ သူက အနာပေါ်တုတ်လာချတယ်.....

အပြောမခံဘူး လက်တွေ့လုပ်လိုက်တော့မယ် .....ဟင်းး(


မဂျူ

နောက်မှတစ်ခေါက်လာမန့်မယ် သေချာဖတ်ပြီး

Kay said...

မနော်ရဲ့ အချစ်လက်ရာ သက်သက်ကလေး...
နေအုံး..အကြည်တော် ပြောသလိုဆို.. အချစ်က..ငယ်မှ လှတယ်လား.. မကြီးမငယ် ခံစားချက် မဟုတ်ပဲ..ကြီးကြီး ငယ်ငယ် ခံစားလို့ ရတဲ့.. အကြောင်းအရာ တွေရယ်ပါ..း)

မယ်ကိုး said...

အားပါး..ကောင်းလိုက်တာ။ချစ်မမ စာလေး ...အရမ်းလှတာပဲ။

အိပ်မက်တဲ့လား။
မိုက်လိုက်တာ :D...
အားကျလိုက်တာ။

မယ်လည်း အိပ်မက် မက်ဖူးတယ်။ အိပ်မက်ကို ရေးဖူးတယ်။ အတိုပဲ ရတယ်။

စာလေး အကုန်လုံးပြီးရင် တဖြည်းဖြည်း အရသာခံပြန်ဖတ်ဦးပါမယ်။

လင်းဒီပ said...

မျောသွားတာတော့ တကယ်ဘဲ...။

ဖတ်ပြီး ကိုဇက်ကွန်မင့် ဖတ်လိုက်တော့ ပြုံးစိစိ ဖြစ်ရတယ်..။

ဘုရားသခင်ရယ်..။
အချစ်ရယ်...။

နောက်ထပ် ဘဝမှာ ဘာတွေ ထပ်လိုပါသေးသလဲ..။

Zephyr said...

တစ်ခုလိုသေးတယ် ... You are my religion ဆိုတဲ့သီချင်းလေးတစ်ပုဒ် ....။

Craton said...

ကိုဇက်ရေ.. လွှတ်ပေးထားလိုက်
နိုင်မှာမဟုတ်။ ၅၀ တောင်မမှုဆိုဘဲ ဒေါ်ဂျူက.. ဟိ...။
လက်တွေ့ပြချင်တဲ့သူတွေချည်းဗျို့။
လွှတ်သာထားလိုက်ပါလေ။ :PPP

Zephyr said...

အော် ရယ်ချင်လို့ သစ်ရွက်လှုပ်တဲ့အရွယ်တွေကိုး Craton ရယ်။ .... ဘာဝနာမဖက်ဘဲ တစ်ခုခု ဖက်မယ်ဆိုလို့ ဘယ်ရမလဲ ...။ .... အပူပိုင်းနိုင်ငံမှာ လုံလုံလောက်လောက်ပူတာတောင် .... မလုံလောက်သေးဘူးလို့ တကာမကြီး ဘေဘီဂျူတို့က အမှတ်မှား အသိမှား အယူမှားနေတာ ....။
မပြောရင်လည်း လူငယ်တွေက လူကြီးတွေကို မထိန်းဘူးဖြစ်ဦးမယ်မဟုတ်လား။

:P

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်
လာဖတ်သွားပါတယ် ဒေါ်မနော်ဟရီ ခင်ဗျား

Julian said...

တစ်ချိန်ကတော့ ကိုယ်ဟာ လွမ်းစရာကောင်းတဲ့ ရနံ့တချို့ကို ရယ်ရယ် မောမောနဲ့ နားမလည် ပါးမလည် စိတ်ကူးယဉ်စွာ ရှူရှိုက်ခဲ့မိဖူးပါရဲ့ ..။ ခုတော့လည်း နောင်တ တချို့နဲ့အတူ စွတ်စွတ်စိုစို ပြုံးနေမိပြန်တယ်။ (အဲလိုပြုံးချင်လိုက်တာ)

ဒါဆိုလည်း ကိုယ်တို့ ဒိထက်ပို စောစော တွေ့ခဲ့သင့်တာပေါ့နော်။ (ကိုယ့်အတွက်တော့ ကံကောင်းတယ် စောစောမတွေ့ခဲ့တာ အဟိ)

တကယ်ဆို ကိုယ်ဟာ မုန်တိုင်းထဲက လွတ်မြောက်လာကာစ ငှက်ကလေး တစ်ကောင်ပါ။ သောကဝန်ထုတ်တွေ လေးလေးလံလံ ပိပြိုကျခဲ့တဲ့ ဒါဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲဒီ အချိန်တွေမှာ အဲဒီ မျက်ဝန်းတွေကို မတမ်းတဖြစ်အောင် ဘယ်လိုနေထိုင်ခဲ့ရတယ် ဆိုတာကတော့ ကိုယ်ပဲ သိပါတယ်လေ။ တကယ်တော့ ကိုယ်ဟာ မီးပြင်းတိုက်ခံထားရတဲ့ သံမဏိ တစ်စလို မာကျောနေခဲ့ပါပြီ။ (အထိဆုံးစာပိုဒ်......ရင်ထဲကိုတိုက်ရိုက်)

မေခ... ဒီလိုလေးတွေလည်းရေးပါ၊ ငါသိပါတယ် နင်ရေးနိုင်တယ်ဆိုတာ။ ခေါင်းသိပ်မမာပါနဲ့၊ ဒါဘဲ

ဂျူ

Julian said...

မောင်ဇက်နှင့်မောင်ကာတွန်းတို့သို့.....
သစ်ရွက်တောင်လှုပ်စရာမလို အလိုလိုရယ်ချင်နေတယ် လောကကြီးကို

ဘာဝနာဆိုတာဘာလဲဟင် မသိဘူးလေ.......ဖက်ချင်းဖက် ခေါင်းအုံးဘဲတင်းတင်းဖက်အိပ်တော့မယ် (သနားတယ် ကိုယ့်ကိုယ်ကို)

ဘေဘီဂျူမဟုတ်တော့ဘူးဆို ..... ခက်တာဘဲ ... တစ်ခုခုများမှတ်ထားပြီးရင်မပြင်တော့ဘူး......အဟောင်းထဲမှာနေခဲ့တဲ့ အဟောင်းလက်သစ်ကလေးတွေ

လူကြီးတွေဆိုတာမှားတတ်တယ်... သိသိနဲ့မှားတာကို စိတ်ကူးလက်သစ်လို့ခေါ်တယ်....
လူငယ်တွေကသိတတ်စွာထိန်းမှပေါ့.....အဲဒါတာဝန်လို့ခေါ်တယ်...

တွံ အမောင်ကလေးတို့ မှတ်သားကြပါကုန်လော့


အန်တီဂျူ

tin min htet said...

ငယ်မှ ဖွဲ့ရမယ်၊ ကြီးမှ ဖွဲ့ရမယ်လို့ ဘယ်သူပြောလဲ ..
၃၄ ဖြစ်ဖြစ်၊ ၄၅ - ၅၀ ဖြစ်ဖြစ် ချစ်လို့ ရပါတယ် ..

(ဪ .. အဲဒါတွေက အပူချိန်ကို ပြောနေတာကိုး၊ အသက်ကို ပြောနေကြတာ မှတ်လို့ :P)

မေ့သမီး said...

အမရေ
ဖတ်ရတာ ပန်းချီကားချပ်လေးတွေနဲ့ ရုပ်လှန်ကားဆက်တခုကို ကြည့်ရသလိုပဲ။ လှတယ်။

သဒ္ဓါလှိုင်း said...

မနော်...
အရမ်းကြိုက်တဲ့စာသားလေးတွေပါပဲမနော်...။ ဖတ်ရင်းနဲ့မျောပါသွားလိုက်တာ...ပြီးမှ အသက်ရှူဖို့သတိရမိတယ်။
ခင်တဲ့
ညီမ သဒ္ဓါ

အမရာ said...

ထူးဆန်းတယ်နော်...
အိမ်မက်က.....

sonata-cantata said...

မနော်ရေ ကျေးဇူးတင်လိုက်တာ...
ဒီကလည်း အဲ့လိုမျိုး အိပ်မက်တွေ မက်နေတာ ချရေးချင်နေတာ မရေးတတ်လို့
ရေးတတ်သလောက်
ရေးကို ရေးထားလိုက်ဦးမယ် မနော်ရာ

သိင်္ဂါကျော် said...

နွေကိုဖွဲ့တဲ့တိမ် ဆိုတဲ့ စကားလုံးလေးက ချစ်စရာလေးနော်..
သေချာတယ်.. မိုးကိုဖွဲ့တဲ့တိမ်ကတော့ လှမှာ မဟုတ်ဘူး.. မိုးကို ယူဆောင်လာလို့လေ..။

မယ်ကိုး said...

ကြိုက်လွန်းလို့ နောက်တစ်ခေါက် အသေအချာ တစ်လုံးချင်း ပြန်လာဖတ်ပါတယ် မ။

Beautifulmusic said...

လှပတဲ့ အရေးအသားတွေနဲ့ဖွဲ့ထားတဲ့ အိပ်မက်တခု
လေးစားခင်မင်လျှက်
ထွေးငယ်