အစိမ်းရောင်ဇာတ်လမ်း

Wednesday, February 24, 2010




ဒီဝတ္ထုလေးကို ၂၀၀၈ သြဂုတ်လတုန်းက ရေးပါတယ်။ မောင်သစ္စာ (သစ္စာပိုင်စိုး) Empress မှာ လုပ်နေတဲ့ အချိန်ပါ။ သူနဲ့ ဝိုင်ချို အကူးအပြောင်းမှာ (စီစစ်ရေး)မလွတ်ခဲ့ဖူးပြီး ပျောက်နေတဲ့ ရှူံးနိမ့်ခြင်းမော်ကွန်း .. ဆိုတဲ့ ဝတ္ထုတိုလေးကို သစ္စာကပဲပြန်ရှာပေးပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ .. :P သူ့ကို ဒီစာမူပေးခဲ့တာပါ။ ၂၀၀၈ စက်တင်ဘာ Empress မှာပါလာပါတယ်။ တကယ်လည်း ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်ဆိုတာ လက်တစ်လုံးခြား ကိစ္စတွေချည်းပါပဲ ... ။

အစိမ်းရောင်ဇာတ်လမ်း

(၁)
ဖြစ်ရိုးဖြစ်စဉ်နဲ့ ထူးခြားဖြစ်စဉ်ဆိုတာ .. လက်တစ်လုံးပဲခြားတယ်။ မယုံနိုင်စရာလို့ လူတွေက ထင်တဲ့ လှည့်စားခံရမှုတိုင်းဟာ .. လက်တစ်လုံးခြားကိစ္စတွေနဲ့ပဲ ဆက်နွယ် နေခဲ့ပါတယ်။
(နန်းမြစိမ်းနွယ်)


(၂)
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ နေ့လည်ခင်းတစ်ခုပါ။ ကျွန်တော်က အိပ်မက် တစ်ခုကို အသည်းအသန် တိုက်ခိုက်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအိပ်မက်ဟာ မက်နေကျ အိပ်မက်တွေနဲ့ မတူပဲ အစိမ်းရောင်တွေ ကျွံထွက်နေတာပါပဲ။ စဉ်းစားကြည့်မယ်ဆိုရင် အစိမ်းရောင်ဟာ နှစ်လိုစရာကောင်းတဲ့အရောင်လို့ ထင်ချင်စရာ ပေါ့။ ဒါပေမယ့် တကယ့်တကယ် ဖြစ်ပျက်နေတာက လေးရောင်ဖလင်မှာ အရောင် တစ်ရောင်ကျွံဝင်နေတာမျိုး .. အစိမ်းရောင်တွေ ကျွံထွက်နေခဲ့တာ.. ။ အဲဒီလို texture မျိုး နဲ့ ကျွံနေတဲ့ အရောင်တွေကို ခင်ဗျားသာဆို ဘယ်လို ခံစားမလဲ။ ဒါကြောင့်ပေါ့ ..။ သူမက ပြောသွားခဲ့တာ။ အရာအားလုံးဟာ လက်တစ်လုံးခြား ကိစ္စတွေချည်းပဲ.. လို့။
ဒီတော့ ကိုယ်ကပြန်ပြီး လှည့်ထွက်လိုက်ဖို့ပဲ ရှိတော့တာလေ။ အမှန်က မိုးအေးအေးနဲ့ နေ့လည်ခင်းကြီး အိပ်နေမိလို့သာ ဒီလိုအိပ်မက်မျိုး မက်တာ .. ။ အဲဒီအချိန်မှာ ကျွန်တော်သာ အလုပ်လုပ်နေခဲ့ရင် ဒါမှမဟုတ်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူ ရှိနေခဲ့ရင် ဒီလို အရောင်တွေ ကျွံနေတဲ့ အိပ်မက်မျိုး အနားတောင် သီနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော် အပြင်ထွက်ဖို့ ဆုံးဖြတ်ပြီး အိပ်ရာထဲက ကဗျာကယာ ခုန်ထ လိုက်မိတယ်။ ကောက်စွပ်လိုက်မိတဲ့ အကျီ င်္က GIORDANO SPORTSHIRT အစိမ်းရောင်။ အိပ်မက်ထဲက ကျွံထွက်နေတဲ့ အစိမ်းရောင်တွေနဲ့ ယှဉ်ရင် အများကြီး နှစ်လိုစရာကောင်းပါတယ်။ အိပ်ရာထဲက ထွက်လာတာနဲ့ မတူအောင် ရေမွှေးတော့ သုံးဥိးမှ ဆိုပြီး ရေမွှေးပုလင်းကို လှမ်းအဆွဲ .. နမော်နမဲ့ နိုင်တဲ့လက်က (သူမ ရွတ်ဆို နေကျ စကားလုံးနဲ့ဆို clumsy finger ပေါ့ ) မှန်တင်ခုံပေါ်မှာ စည်းမရှိ ကမ်းမရှိ တင်ထားမိတဲ့ ကော်ဖီခွက်ကို တိုက်မိပြီး…………
ညိုညစ်ညစ် မည်းတည်းတည်းတွေ စွန်းထင်းနေတဲ့ အစိမ်းရောင်ဟာ မျက်စိပသာဒ ဖြစ်မယ်လို့များ ခင်ဗျားထင်သလား။ အမှန်က ကော်ဖီဆိုတာ အစာအိမ်ထဲကို ဖြောင့်ဖြောင့် တန်းတန်း စီးဆင်းသွားရမှာ ..။ ခုလို လက်တစ်လုံးခြားလောက် လွဲသွားတာနဲ့ ဒုက္ခ ရောက်တော့တာပဲ။
“ ကျွတ်..”
အကျီ င်္ ကို ကဗျာကယာ ပြန်လဲပြီး အိမ်အပြင်ကို အရှိန်အဟုန် တစ်ခုနဲ့ တိုးထွက် လိုက်တယ်။ မိုးစက်တွေ ထိစိုထားလို့ အရာအားလုံးဟာ စိုလက် တောက်ပ နေရမယ့် အစား စိုထိုင်းထိုင်းကြီးတွေ ဖြစ်နေကြသလိုပဲ။ အဲဒီ စကားလုံး နှစ်လုံးရဲ့ အဓိပ္ပာယ် ကတော့ လက်တစ်လုံးခြားမကဘူး ထင်တာပဲ။ သစ်ပင်ကြီးတွေက စိမ်းကုတ်ကုတ်နဲ့။ ဟောဟိုက .. အစိမ်းရောင်ကောင်မလေးကလည်း ရသတွေ ပျက်လို့။ အဖြူနဲ့ အစိမ်းဝတ် ကျောင်းဆင်းချိန်ကလည်း လေးလံ စိုထိုင်းလို့ ..။ ဘာတွေလဲ ….။ ဘာတွေလဲ … ။
မြန်မာဘီယာ ဆိုင်းဘုတ်ကြီးတွေကလည်း စိမ်းဝေဝေနဲ့ ..။ ရီဝေတဲ့ ခံစားမှုနဲ့ အစိမ်းရောင် ဘယ်လို ဆက်စပ်တယ်ဆိုတာကို အူတူတူနဲ့ ပြန်တွေးနေမိတယ်။ သိပ်တော့ သဘာဝ မကျပါဘူး။ ဒါပေမယ့် အရာအားလုံးကို သဘာဝကျကျကြီး မျှော်လင့်နေလို့ မရဘူးဆိုတာ လည်း သိထားတာပဲ။ အစိမ်းရောင်ဟာ ညှို့ငင်နိုင်တဲ့ အရောင် တဲ့လား ….
“ နန်းမြစိမ်းနွယ် ”
သူမကတော့ ညှို့ငင်တတ်တယ်။
အစိမ်းရောင် ညှို့ငင်မှုဆိုတာ ကမ္ဘာမှာ တစ်ခုတည်းရှိတယ်။ အဲဒါ နန်းမြစိမ်းနွယ် ပဲ။ အဲဒီ မြစိမ်းနွယ် ခေတ်တုန်းကတော့ ကျွန်တော်လည်း စိမ်းစို လန်းဆန်းနေခဲ့ဖူးတာပေါ့ ..။
“ မင်း .. ဘာလို့ အစိမ်းရောင်တွေချည်း ရွေးသုံးတာတုန်း ”
“ မုန်းလို့ ”
“ ဘာရယ် ”
“ မုန်းလို့ .. ကျွန်မ အစိမ်းရောင်ကို မုန်းတယ် ”
“ မင်း နာမည် ကိုရော .. ”
“ မုန်းတာပဲ ”
“ လူတွေက ကိုယ်နှစ်သက်တဲ့ အရောင်တွေကိုပဲ ရွေးချယ်တတ်ကြတာ ”
“ ကျွန်မက သူတို့မှ မဟုတ်ဘဲ ”
“ ဒီတော့ .. မုန်းတီးမှုတွေကို မင်းက အမြဲ ဝတ်ဆင်နေတဲ့ သဘောလား ..”
“ ဒါပေါ့.. ဒါမှသာ .. ကျွန်မရဲ့ မုန်းတီးမှုတွေက ပိုအားကောင်းလာမှာ .. မဟုတ်ရင် အားဖျော့ မှိန်ဆင်းသွားလိမ့်မယ် ..”
“ မင်း နာမည်ကို ဘယ်သူပေးတာလဲ ”
“ အဖေ..”
“ မင်း အဖေကိုရော … မင်းကို အဲဒီနာမည် ပေးခဲ့တဲ့အတွက် မမုန်းဘူးလား ”
“ သူ ကိုယ်၌ က အဲဒီနာမည်ကို မုန်းတီးလို့ ပေးခဲ့တာ …”
“ မုန်းတီးလို့ ကိုယ့်သမီးကို မုန်းတီးတဲ့ နာမည်ပေးတယ် ..”
“ သိပ်ပြီး သမားရိုးကျ ဆန်တဲ့ ဖြစ်စဉ်တွေကိုချည်း မျှော်လင့် မထားနဲ့လေ သမားရိုးကျ ဖြစ်စဉ်တွေနဲ့ လူတွေက ထူးခြားတယ်လို့ထင်တဲ့ ဖြစ်စဉ်တွေဟာ လက်တစ်လုံးပဲ ခြားပါတယ်။ ”
(သေချာတာက အဲဒီတုန်းက အဲဒီစကာလုံးရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။)
“ မင်းအဖေက မင်းကိုရော မုန်းလို့လား ”
“ သူက သူတွေ့ခဲ့ဖူးတဲ့ နန်းမြစိမ်းနွယ် ဆိုတဲ့ မိန်းမကို အရမ်းမုန်းတယ် ”
မုန့်လုံးကို စက္ကူကပ်နေသလိုပဲ လို့ ပြောရအောင်ကလည်း အစိမ်းရောင် ဆီစိမ် စက္ကူကြီးနဲ့ ကပ်နေရသလို .. နောက်ဆုံးကျတော့ အစိမ်းရောင်တွေကို မုန်းတဲ့ နန်းမြစိမ်းနွယ်က ဘာအရောင်မှ မရှိတဲ့ ကျွန်တော့်ကို လမ်းခွဲခဲ့တယ်။ မုန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ မုန်းလို့ဆိုရင် သူ့နာမည်ဟာ ခုလောက်ရှိ ကျွန်တော့် နာမည် ဖြစ်နေလောက်ပြီ ..။
“ ယောကျာ်းတစ်ယောက်နဲ့ မိန်းမ တစ်ယောက်ဟာ အတူတူတွေ့မြင်နေရမှ ချစ်လို့ရတာလား မောင် ..”
“ တစ်ယောက်ကို တစ်ယောက် ချစ်မိမှတော့ တွေ့မြင်ချင်ကြတာပဲ နွယ် ”
“ အဝေးကြီးကနေ ချစ်လို့ မရနိုင်ဘူးတဲ့လား ”
“ မဖြစ်နိုင်ဘူး ထင်တာပဲ နွယ် ”
“ ကျွန်မကတော့ ဖြစ်နို်င်တယ်လို့ ထင်တယ် မောင်လည်း သိတာပဲ ကျွန်မက ကျွန်မမုန်းတဲ့ အရာတွေကို ကျွန်မနဲ့ အနီးဆုံးမှာ ထားတယ် ”
မုန်းတီးမှုတွေ ပိုအားကောင်းလာအောင်လို့လို့ သူမပြောခဲ့ဖူးတာ သွားသတိရတယ်။ သူမ ဆက်ပြောသေးတယ်။
“ မောင် ပြောနေတာတွေက ဖြစ်ရိုးဖြစ်စဉ်နဲ့ သမားရိုးကျ ကိစ္စတွေ ..”
ဒါတွေပြီးရင် နောက်ကနေ လက်တစ်လုံးခြား ကိစ္စတွေ ကပ်ပါလာတော့မယ် ..။
“ ဒီမှာ မောင် .. အချစ်မှာ ပေါင်းရဖို့က အဓိက ကျပြီး တွေ့ဆုံနီးကပ်နေဖို့ကလည်း အရေးပါတယ်ဆိုရင် အချစ်ရဲ့ ပင်ကိုယ် တန်ဖိုးတွေ လျော့ကျသွားတော့မှာပေါ့ ”
“ ဘာရယ် ” ..လို့မအော်မိအောင် ကျွန်တော် ထိန်းထားလိုက်နိုင်ပါတယ်။
“ အချစ်ရဲ့ ပင်ကိုယ်တန်ဖိုး စစ်စစ်ကို မြှင့်တင်ဖို့ မောင်တို့ဘာလုပ်ကြရမှာလဲ နွယ် ..”
“ ကျွန်မတို့ ခွဲခွာကြရမယ် .. ဝေးနေလည်း ကျွန်မက ကျွန်မ … မောင်က မောင်ပဲ .. နီးနေရင်သာ .. မောင်ဟာ ကျွန်မ မုန်းတီးတဲ့ အရာတွေနဲ့ ရောထွေးသွားလိမ့်မယ် .. အရေးကြီးတာက ချစ်ခြင်းပဲလေ … နီးစပ်မှုနဲ့ ပေါင်းစည်းမှု မပါဝင်တဲ့ ချစ်ခြင်းရဲ့ တန်ဖိုးစစ်စစ်အတွက် ကျွန်မတို့ လမ်းခွဲကြရအောင် ..”
အဲဒီလိုနဲ့ ကျွန်တော်တို့ ဝေးကွာခဲ့ကြတယ်။
ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ကိစ္စ တစ်ခုက .. အဲဒီအတွက် ကျွန်တော် သည်းထန် နင့်သီးစွာ မခံစားရတာပါပဲ။ အမှတ်မထင် သူမကို လမ်းမှာ ပေါ့ပါးပျော်ရွှင်စွာ မြင်လိုက်ရတဲ့အခါ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလား လို့ တွေးမိတတ်ပြန်ပါတယ်။ ဒါပေမယ့် တကယ့် တကယ်ကျတော့ သူမပြောသလိုပဲ ..။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ လက်တစ်လုံးခြား ကိစ္စတွေပဲ ဆိုတာ တဖြည်းဖြည်းသိလာခဲ့ရတယ်။
သေချာ ပြန်တွေးကြည့်မယ်ဆိုရင် ဒီညနေခင်းကလည်း သမားရိုးကျ ညနေခင်း ဟုတ်ဟန် မတူဘူး။ ကျွန်တော့်ကို ဖြစ်ရိုး ဖြစ်စဉ်တွေထဲက ခွဲထုတ်ပြီး နေ့လည်ခေ့င်းကြီး ( အလုပ်ပိတ်ရက်လည်းမဟုတ်ပါပဲ ) အိပ်ခိုင်းထားတယ်။ အစိမ်းရောင်တွေ ကျွံထွက်နေတဲ့ အိပ်မက်တစ်ခုကို ပေးတယ်။ ဟော…ခု … စိုထိုင်းထိုင်း စိမ်းအက်အက် ညနေခင်းထဲမှာ လျှောက်ရင်း အစိမ်းရောင်အတိတ်တွေကို ပြန်သတိရနေမိပြန်တယ်။ ဒါဟာ .. သမားရိုးကျ ဖြစ်စဉ်တွေပဲလို့ ခင်ဗျား ပြောမလား ..။
“ မောင်..”
ရုတ်တရက် နားစည်ထဲကို တိုးဝင်လာတဲ့ ရင်းရင်းနှီးနှီး အသံကြောင့် ကျွန်တော် ယောင်ရမ်း လှည့်ကြည့်မိတယ်။
နွယ်…
မဟုတ်သေးဘူး။
နန်းမြစိမ်းနွယ်..
အို… မဟုတ်သေးဘူး ..
အစိမ်းရောင်တွေ..။
အစိမ်းရောင်လှိုင်းတွေ…
အစိမ်းရောင်လှိုင်းတွေဟာ နန်းမြစိမ်းနွယ်လား။ မြစိမ်းနွယ်ဟာ အစိမ်းရောင် လှိုင်းတွေလား။ ကျွန်တော် ဝေခွဲမရဘူး။
“ မောင် ”
ခေါ်သံက ပိုမိုနီးကပ်လာသလို… လှိုင်းတွေကလည်း ပိုနီးကပ်လာတယ်။
“ မောင်”
ကျွန်တော် ခြေလှမ်းတွေ စတင်ဖို့ ခုမှ သတိရတယ်။
ဒါပေမယ့် … ကျွန်တော်သိပ်နောက်ကျ သွားခဲ့ပြီ။
စိမ်းရင့် ညိုမှောင်နေတဲ့ လှိုင်းလုံးတွေက ကျွန်တော့် တစ်ကိုယ်စာကို ကျော်လွန် ဖုံးအုပ် သွားခဲ့ပြီ။
ကျွန်တော် အစိမ်းရောင်တွေထဲ ပြတ်ရွေ့မျောပါသွားတဲ့အခါ .. ညနေခင်းကတော့ ဒီအတိုင်းပဲ ကျန်ခဲ့လိမ့်မယ်။ သေချာပါတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေဟာ.. …………………

(၃)
ကျွန်တော်နဲ့ နန်းမြစိမ်းနွယ်တို့ရဲ့ နှလုံးသားဟာလည်း လက်တစ်လုံးပဲ ခြားပါတယ်။
ဒါကရော .. ထူးခြားဖြစ်စဉ်တစ်ခုလား ….။ ။

မနော်ဟရီ
9th August, 2008
September’2008 Empress Magazine



စိမ်းစိုလတ်ဆတ်ခြင်းများနှင့် စိမ်းစိုခြောက်ကပ်သွားခြင်းများ ....


မင်းအပြုံးလေးတစ်ခုရဖို့ ...
တစ်ချို့အရာတွေကို အစိမ်းရောင်ထပ်သုတ်ပြီး ..
တစ်ချို့သူတွေကို အစိမ်းရောင်ကြက်ခြေခတ်တွေ နဲ့ မှတ်သားထားလိုက်ရတယ် ...
စိမ်းစိုနူးညံ့နေတဲ့ အပြုံးတစ်ခုစာ မိုက်မဲခဲ့စဉ်တွေ ......။

အစိမ်းရောင်တွေ ပျော့တွဲကျလာတယ်
အစိမ်းရောင်တွေ စိတ်ထဲက စိမ့်ထွက်လာတယ်။
ကြားနေကြသတင်းမှာ အစိမ်းရောင်ဟာ တစ်ခုတည်းသော လိုအပ်မှုဖြစ်လာတယ်။
အပိုင်မလိုချင်တဲ့ အစိမ်းတွေနဲ့ အပိုင်မပေးလိုက်ချင်တဲ့ အစိမ်းတွေကြားမှာ ..
ငါ အသက်ရှူနေပါတယ်။

ညာဘက် လက်သူကြွယ်က အစိမ်းရောင်ကျောက်စိမ်းလက်စွပ်လေးရဲ့ စိမ်းစိုအေးမြမှုတွေ ....
လမ်းခွဲညနေခင်းတစ်ခုရဲ့ စိမ်းစိုပူလောင်မှုတွေ ...
လက်တစ်လုံးခြားနေတဲ့စိတ်ဟာ အဝေးဆုံးကိုရောက်သွားနိုင်တယ် ...
တစ် ဒီဂရီ လွဲသွားတဲ့ လေယာဉ် တွေ နောက်တစ်နေ့မှာ ပြန်မဆုံကြတော့သလိုပေါ့။

အစိမ်းရောင်ဟာ စိတ်ထဲမှာ ကပ်ညိနေတဲ့ရေညှိတစ်မျိုးလား ... နန်းမြစိမ်းနွယ် ...
စိမ်းစို အေးခဲတဲ့ သတိရခြင်းတွေနဲ့ ... စိမ်းစို အက်ကွဲတဲ့ လွမ်းဆွတ်မှုတွေရဲ့ လက်တစ်လုံးကြား ကွက်လပ်လေးထဲမှာ ...
ငါ့နာမည်ကို အစိမ်းရောင်နဲ့ ဖြည့်ထားခဲ့တယ် ....။
အစိမ်းရောင်မှတ်ဥာဏ်များ ပျောက်ဆုံးလု ...
သူ့ အပြုံး စိမ်းမြလေးတစ်ခုစာ ... အလွမ်းပစ္စယာ ဝေဒနာ ..............................။ ။

Zephyr
24th Feb 2010(@ Office)


11 Comments:

tin min htet said...

အစိမ်းရောင်တွေကို မသုံးနဲ့ ကိုယ်တကယ် စိုးရိမ်တယ်
ရန်သူတွေဘယ်နေရာက ပေါ်လာမယ်မှန်းမသိတော့ ကာကွယ်လို့ထား
အပြောရခက်တဲ့စကားတွေ လွယ်ကူနေရမယ်
မင်းရဲ့အချစ်နဲ့ အပြုံးဟာ အဆင်ပြေလုံလောက်တယ်
တော်ရုံတန်ရုံဆို ကိုယ်ဂရုမစိုက်ပါဘူး
အနှံ့အပြား ရုတ်ဖျက်စောင့်ကြည့်နေ
အများနဲ့တယောက်မို့လေ ယှဉ်လာရင်
လက်ဦးဖို့တော့ ... စိတ်ချထား ... စိတ်ချထား ...
ဣနြေ္ဒရှင်တွေကြား မကြည်ဖြူသူကများ
အစိမ်းရောင်တွေကို မသုံးနဲ့ ...
အစိမ်းရောင်တွေကို မသုံးနဲ့ ...
မသုံးစမ်းပါနဲ့ ... မသုံးစမ်းပါနဲ့ကွယ် ...

(ခင်ဝမ်း)

Craton said...

ဟူးးးး ... စိမ်းလှချည်လား နန်းမြစိမ်းနွယ်ရယ်။
စိတ်မှမှန်ရဲ့လားမသိ။
ဒါကလည်း လက်တစ်လုံးခြားကိစ္စပဲနေမှာပါ။

lover said...

စိမ်းဆိုမှအစိမ်းတွေချည်းပါပဲလား..
စိမ်းစိုပြီးဘယ်လိုခြောက်ကပ်သွားပါလိမ့်.....

အိန္ဒြာ said...

အမုန်းတွေ အားကောင်းအောင် အနီးမှာထားတယ်တဲ့လား
အစိမ်းတွေ တောက်တောက်ခါးခါး စူးစူးရှားရှား
မမြင်လိုရင် အနီးရွေ့ယုံပေါ့
လက်တစ်လုံးခြားတွေ အားကောင်းမောင်းသန်ပဲ..
ကျွံကျနေတဲ့ ဖုံးအုပ်နေတဲ့ ကာဆီးထားတဲ့
အစိမ်းတွေ အစိမ်းရောင်တွေ

အစိမ်းအတိုင်းလောက်ကျွမ်းကုန်ကြမယ့်....

အဲဒီ့အလွဲဟာ စိမ်းစိမ်းစိုစို နုနယ်လှပပေလိမ့်ပေါ့

pandora said...

နီးစပ်မှုနဲ့ ပေါင်းစည်းမှု မပါဝင်တဲ့ ချစ်ခြင်းရဲ့ တန်ဖိုးစစ်စစ်....တဲ့လား


စိမ့်စိမ်စိမ်း သွားတယ်။

အိုင်လွယ်ပန် said...

ဖတ်ရတာ
အစိမ်းရောင်တွေပိပြီး မှိုင်းနေသလို ...။

လင်းဒီပ said...

အစိမ်းရောင်ဟာ စိမ်းစိုလန်းဆန်းသလို သီးခြားဖြစ်လိုတဲ့ သဘောလား..။

အမုန်းရောင်တွေ ဝတ်ဆင်ထားတဲ့မိန်းမ...

အစိမ်းရောင်လှိုင်းထဲ သာမန်မဟုတ်တဲ့ စိတ်အခြေအနေတစ်ခုနဲ့ မျောပါသွားတယ် ။

ဖတ်ရင်း ဖတ်ရင်း စိတ်ထဲမှာ မြနန်းနွယ်နဲ့ပါရောကုန်တယ် ။

xxxxxxxxxxxxxxxxxxxxxxx

“ညာဘက် လက်သူကြွယ်က အစိမ်းရောင်ကျောက်စိမ်းလက်စွပ်လေးရဲ့ စိမ်းစိုအေးမြမှုတွေ ....
လမ်းခွဲညနေခင်းတစ်ခုရဲ့ စိမ်းစိုပူလောင်မှုတွေ ...
လက်တစ်လုံးခြားနေတဲ့စိတ်ဟာ အဝေးဆုံးကိုရောက်သွားနိုင်တယ် ...
တစ် ဒီဂရီ လွဲသွားတဲ့ လေယာဉ် တွေ နောက်တစ်နေ့မှာ ပြန်မဆုံကြတော့သလိုပေါ့။”

ကိုဇက်ကဗျာထဲက ဒီအပိုဒ်လေး အတော်ခိုက်မိတယ် ။

Mogok Thar said...

“ အချစ်ရဲ့ ပင်ကိုယ်တန်ဖိုး စစ်စစ်ကို မြှင့်တင်ဖို့ မောင်တို့ဘာလုပ်ကြရမှာလဲ နွယ် ..”
“ ကျွန်မတို့ ခွဲခွာကြရမယ် .. ဝေးနေလည်း ကျွန်မက ကျွန်မ … မောင်က မောင်ပဲ .. နီးနေရင်သာ .. မောင်ဟာ ကျွန်မ မုန်းတီးတဲ့ အရာတွေနဲ့ ရောထွေးသွားလိမ့်မယ် .. အရေးကြီးတာက ချစ်ခြင်းပဲလေ … နီးစပ်မှုနဲ့ ပေါင်းစည်းမှု မပါဝင်တဲ့ ချစ်ခြင်းရဲ့ တန်ဖိုးစစ်စစ်အတွက် ကျွန်မတို့ လမ်းခွဲကြရအောင် ..”

ဖြစ်ရိုးဖြစ်စဉ်နဲ့ ထူးခြားဖြစ်စဉ်ဆိုတာ .. လက်တစ်လုံးပဲခြားတယ်။ မယုံနိုင်စရာလို့ လူတွေက ထင်တဲ့ လှည့်စားခံရမှုတိုင်းဟာ .. လက်တစ်လုံးခြားကိစ္စတွေနဲ့ပဲ ဆက်နွယ် နေခဲ့ပါတယ်။

တစ် ဒီဂရီ လွဲသွားတဲ့ လေယာဉ် တွေ နောက်တစ်နေ့မှာ ပြန်မဆုံကြတော့သလိုပေါ့။

(ဘာပဲဖြစ်ဖြစ် နန်းမြစိမ်းနွယ်က ရင်ထဲ ရောက်သွားခဲ့ပြီ။ တစ်ခုလွဲနေတာက သူဟာ အစိမ်းရောင်တွေကို မုန်းလို့ ဝတ်ဆင်သူ ဖြစ်ပြီး ကျွန်တော်က အစိမ်းရောင်တွေကို ချစ်လို့ မဝတ်ဆင်ပဲ အလှငေးကြည့်နေသူ....)

အမရာ said...

အရမ်းမိုက်တယ်...
အချစ်အပေါ်ခံယူထားချက်တွေ
ကလဲအနှစ်တွေချည်းပဲ....
ချစ်မရဲ့အိုင်ဒီယာကဂွတ်ပဲ..
အစိမ်းရောင်မကြိုက်ဘူး.....
အစိမ်းရောင်ဇာတ်လမ်းကြိုက်တယ်...

ဖိုးစိန် said...

ကိုယ်တိုင်က အစိမ်းရင့်ရင့် နှလုံးသား တစ်စုံကို ပိုင်ဆိုင်ချင်လိုက်တာ


အစိမ်းရောင် မိုးတွေ သဲသဲမဲမဲ ရွာချ လိုက်ပါတော့

အစိမ်းရောင်တောထဲမှာ...

မယ်ကိုး said...

အစိမ်းရောင်တွေ....
စိမ်းကားမှုတွေ....
ဖူးပွင့်လှပလွန်းရဲ့။

အချစ်မှာ ပေါင်းရဖို့က အဓိက ကျပြီး တွေ့ဆုံနီးကပ်နေဖို့ကလည်း အရေးပါတယ်ဆိုရင် အချစ်ရဲ့ ပင်ကိုယ် တန်ဖိုးတွေ လျော့ကျသွားတော့မှာ...

မိုက်လိုက်တာ။
ထိသွားပြီ ချစ်မမ :P
အလွတ်ကျက်သွားပြီ။

ကိုဇက်ကဗျာလေးကလည်း လှလွန်းရဲ့။

သူ့ အပြုံး စိမ်းမြလေးတစ်ခုစာ ... အလွမ်းပစ္စယာ ဝေဒနာ ..............................။ ။
ချစ်မလေးအမရာလိုပဲ အစိမ်းရောင်မကြိုက်ဘဲ အစိမ်းရောင် ဇာတ်လမ်းကို အရမ်းခိုက်သွားပြီ =)