နတ်သမီးပုံပြင် (ဇာတ်သိမ်းပိုင်း)

Sunday, February 7, 2010


(၅)

Rhiannon က ကျွန်မကို ဂရုဏာ ကြီးစွာ စိတ်ရှည်သလောက်၊ သူမ၏ မြင်းဖြူကြီး ကတော့ တကြွကြွ ဖြစ်နေလေပြီ။ ကျွန်မကို စိတ်မရှည်နိုင်သလို ကြည့်ကာ ပြန်ဖို့ရန်ပဲ အရှိန်ယူ ရုန်းကန်နေခဲ့၏။ ကျွန်မ မြင်းဖြူကြီးကို မကျေမနပ် ကြည့်လိုက်မိပြန်သည်။ မြင်းဖြူကြီးက ကျွန်မ အကြည့်ကိုသိဟန်နှင့် စူးစူးနက်နက် ပြန်ကြည့်ကာ..

“ မင်းက မကျေနပ်တာကို အကြည့်တစ်ချက်နဲ့ လက်စသပ်တတ်တဲ့သူပဲ။ ငါကတော့ အဲဒီလိုမဟုတ်တဲ့အတွက် မင်းကို ငါ ပျင်းရိနေပြီ ”

အဲဒါ ကျွန်မနှင့် မဆိုင်ပါ။ Rhiannon က သူ့ဇက်ကြိုးကို မဆွဲမချင်း သူ ပျံသန်းခွင့် မရှိပါ။ ကျွန်မ သူ့ကို မထီတရီပြုံးကြည့်လိုက်မိသည်။

“ အဲဒီလို အပြုံးတွေက အသုံးဝင်တယ်ထင်လို့လား မခံယူတတ်တဲ့သူ၊ နှလုံးသား အထူအပါး မတူတဲ့သူ ၊ ဥပက္ခာ ပြုတတ်တဲ့သူနဲ့ တွေ့ရင် မင်းရဲ့ အပြုံးက ဘာမှ အသုံးမဝင်ပါဘူး ”

ကျွန်မ မြင်းတစ်ကောင်နှင့် ဖက်ရန်မဖြစ်ဖူးပါ။ ခုတော့ ကျွန်မ တစ်ကိုယ်လုံး ဒေါသများနှင့် ဆူဝေလာသလို ခံစားရသည်။ သို့သော် သူ့စကားများသည် မှန်နေ၍ ကျွန်မတွင် ချေပရန် စကားလုံး တစ်လုံးမှ မရှိပါ။ Rhiannon ကတော့ ကျွန်မကို ရုန်းထွက် လွတ်မြောက် နိုင်ဖို့သာ နားချနေခဲ့သည်။

“ ငါကရော ဘယ်လိုကူညီနိုင်မှာလဲ ”

အသံနှင့်အတူ တိမ်လှိုင်းဖြူဖြူကြားမှထဲမှ ရွေ့မျောလာသူက …

“ အိုး ရှင်က ရေသူမလား ”

ကျွန်မ တအံတသြ ရေရွတ်မိသည်။

သူမက..

“ ဟုတ်တယ် ငါက Mermaid တွေရဲ့ နတ်ဘုရားမ Nyai Loro Kidul ဆိုတာပဲ ။ ပိစိဖိတ် သမုဒ္ဒရာ ထဲမှာနေတယ်။ ငါ့ရဲ့ သင်္ကေတက Temptation ပဲ ..”





“ ရှင် ကျွန်မကို ဘာကူညီနိုင်မှာမို့လဲ ”

သူမက ကျွန်မ စကားကို ပြုံးပါသည်။

“ မင်းက မင်းကိုယ်မင်း ဘာဖြစ်ချင်နေမှန်းမသိတဲ့သူပဲ ဒီတော့ ငါပေးနိုင်တာကိုပဲ ငါပြောရမှာပေါ့ ။ လက်ခံတာ ငြင်းပယ်တာ မင်းအလုပ်လေ ”

အလဲ့။ တယ်လည်း တရားမျှတပါလား။ ကျွန်မ ကျေနပ်သွားရသည်။

“ ပြောပါဦး ”

“ မင်းကို ဘယ်လိုလူသားကမှ မထိန်းချုပ်နိုင်တဲ့ ဖြားယောင်းသွေးဆောင်နိုင်စွမ်းတွေကို ပေးနိုင်တယ်။ မင်းလိုချင်တယ်ဆိုရင်ပေါ့ ”

ကျွန်မ ထုံးစံအတိုင်း တုံ့ဆိုင်းမနေပဲ ခေါင်းကို ခါရမ်းပစ်လိုက်သည်။

“ အဲဒါတွေကို ကျွန်မ စိတ်မဝင်စားဘူး ”

“ မင်းကတော့ အသားကျမှုတွေနဲ့ သေဆုံးခါနီးနေပါပြီ ”

“ ဘာရှင့် .. ကျွန်မက ဖြားယောင်းသွေးဆောင်ရမှာ အမုန်းဆုံးပဲ ။ ရိုးသားမှု မှန်ကန်မှု တွေနဲ့ပဲ ကျွန်မရဲ့ ရပ်တည်မှုကို လုံခြုံနွေးထွေးချင်တယ် ”

“ မင်း .. အောင်မြင်ခဲ့သလား ”

မေးခွန်းက ခပ်တိုတိုပင် ။ သို့သော် ဖြေရန် ကျွန်မ မိနစ်များစွာ တုံ့ဆိုင်း တွေဝေသွားသည်။ သေပစ်လိုက်စမ်းပါလား…။ Rhiannon ရှေ့တွင် ကျွန်မ တွေဝေနေမိပြန်သည်။ ကိုယ့်ကိုယ်ကို ကျိတ်၍ ဆဲရေးပစ်လိုက်ရုံကလွဲ၍ ကျွန်မ ဘာကိုမှ မတတ်နိုင်ခဲ့ပါ။

“ မင်းက Venus ကိုလည်း မေးခွန်းတစ်ခုနဲ့ ခါထုတ်ပစ်ခဲ့တယ်။ Sarasvati ကိုလည်း လက်မခံဘူး။ Freyja နဲ့ Oya ကိုလည်း ငြင်းခဲ့တယ်။ သေချာပါတယ်။ မင်းဟာ Estanatlehi ပြောသလို ထိုက်တန်တာနဲ့ နေခဲ့ရမှာပါပဲ ”

တဖျတ်ဖျတ် လက်လင်း တောက်ပနေသော ငွေရောင် အကြေးခွံများနှင့် သူမ၏ အမြီးကို တစ်ချက်ရမ်းခါလိုက်ကာ ထွက်သွားသောအခါ ..ကျွန်မ သူမကို ငေးကြည့် ကျန်ခဲ့ရသည်။ သူမနှင့်အတူ Rhiannon နှင့် သူမ၏ မြင်းဖြူကြီး လည်း ကျွန်မကို ထားခဲ့ကာ ပျောက်ကွယ် သွားကြပြန်သည်။

ကျွန်မက လရောင်ဖြာကျနေသော မူလတန်းကျောင်းကလေးကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်နေမိသည်။

“ မထူးပါဘူး ။ နောက်ဆုံးတော့လည်း ဒီအတိုင်း ငြိမ်ငြိမ်ကလေး စီးဆင်းနေတာ အကောင်းဆုံးပါပဲ ”

ကျွန်မ၏ ရေရွတ်သံ အဆုံးမှာ ရယ်သံလွင်လွင်ကလေး တစ်သံ ထွက်ပေါ်လာသည်။ ဂီတသံထက်ပင် နှစ်လို တပ်မက်ဖွယ်ရာကောင်းသော ရယ်သံကလေး ဖြစ်သည်။

အသံကလေးနှင့်အတူ ကျွန်မ၏ နောက်ကျောမှ သစ်ပင်ထိပ်ဖျားတွင် လေတိုးသံ တစ်ချက် ကြားလိုက်ရကာ .. ကျွန်မ ရှေ့သို့ ပန်းရင့်ရောင် ဝတ်ရုံ၊ ရွှေရောင် သရဖူ တို့နှင့် လှပ တင့်တယ်နေသော နတ်သမီး တစ်ပါးကို တွေ့လိုက်ရပြန်သည်။ မကုန်သေးပါလား။

“ ရှင်က ဘယ်သူလဲ ”

“ ငါက Gaia ပဲ”


“ အိုး … ကမ္ဘာမြေကြီးကို သက်ရှိသက်မဲ့တွေနဲ့ ပြီးပြည့်စုံသွားအောင် ဖန်ဆင်းပေးခဲ့တယ်ဆိုတဲ့ ဂရိ နတ်ဘုရားမပေါ့ ဟုတ်လား ”

Gaia က ကြည်လင်စွာရယ်ကာ ပြန်ပြော၏။

“ မင်းက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာသာ ညံ့တာ တခြားနေရာမှာတော့ တော်သားပဲ။ ဟုတ်တယ် ငါ့ရဲ့ သင်္ကေတ ကိုက The World (ကမ္ဘာမြေကြီး) ပဲ ”

“ ရှင်နဲ့ Jesus Christ နဲ့ ကမ္ဘာကို အတူဖန်ဆင်းခဲ့တာလား ”

Gaia က ကျွန်မကို အင်မတန်မှ ထူးဆန်းသော သတ္တဝါ တစ်ကောင်လို ကြည့်ကာ ရယ်၏။ သူမ ရယ်သံက စောစောကလို မကြည်လင်တော့။

“ မင်းက အဲဒီလို ကလန်ကဆန်မေးခွန်းတွေနဲ့ပဲ ဒုက္ခရောက်မယ့် ကောင်မလေးပဲ ”

“ ကျွန်မမှာ မေးခွင့် မရှိဘူးလား ”

ပါးစပ်ကသာ ထိုသို့ မေးလိုက်ခြင်းဖြစ်သည်။ စိတ်ထဲကတော့ အမေးမခံချင်ရင် မလာနဲ့ပေါ့ ဟုတွေးနေမိသေးသည်။

မေးခွင့် မင်းမှာရှိတယ်ပဲထားဦး သိခွင့် မရှိဘူး ”

“ ဘာထူးလို့လဲ ”

“ ထူးပါတယ် တချို့ကိစ္စတွေဆို မင်းမှာ မေးခွင့်တောင်မရှိပါဘူး ”

“ ဘာဖြစ်လို့လဲ ”

Gaia က ကျွန်မ မေးခွန်းကို မဖြေပါ။ အမေးနှင့်သာ တုံ့ပြန်သည်။

“ မင်း Wawalak တွေကို သိလား ”

“ အင်း သိပါတယ် Aborigine တွေရဲ့ နတ်ဘုရား ညီအစ်မလေ ..”


“ သူတို့ ဘာဖြစ်ခဲ့ကြလဲ မင်းသိမှာပေါ့ ”

“ သိပါတယ်။ Yurlungur ဆိုတဲ့ မြွေနဂါးကြီးက မျိုချထားတာကို ခံခဲ့ရလို့ အလင်းပြန်ရဖို့ နဂါးကြီးရဲ့ ဝမ်းဗိုက်ထဲကနေ ငိုကြွေးစောင့်မျှော်ခဲ့ရတယ် တဲ့”

Gaia က ကျေနပ်စွာ ခေါင်းတဆတ်ဆတ်ညိတ်၏။

“ မင်းဟာ အထွေထွေ ဗဟုသုတတော့ ရှိသားပဲ။ ခက်တာက Wawalak တွေလိုပဲ မင်းကို မျိုချဖို့ စောင့်နေတဲ့ နဂါးကြီးတစ်ကောင် မင်းနောက်မှာ ရှိနေခဲ့ပြီ။ ဒါတောင် မင်းက ကယ်တင်ခြင်းကို မလိုချင်သေးဘူး ။ မင်းကံကြမ္မာကို မင်း ပြောင်းလဲပစ်မလား .. မင်း .. မင်းဥာဏ်ပညာနဲ့ ဒါကို ကျော်လွှားသွားမလား ။ မင်းအလှ မင်းမာယာတွေနဲ့ ဒါတွေကို လှည့်စား ရှောင်လွှဲသွားမလား ။ မင်းရွေးရတော့မှာ။ ခုတော့ မင်းက မင်းကို အခွင့်အရေး လာပေးနေကြတဲ့သူတွေ အားလုံးကို ငြင်းဆန်လွှတ်နေခဲ့တယ်။ မင်း ခေါင်းမာနေတုန်းပဲ ။ မင်းဘာလုပ်မှာလဲ။ ဒီရွာကလေးက သိပ်ရိုးစင်း၊သိပ်ဖြူစင်ပါတယ်။ မင်း သူငယ်ချင်းလေး လိုရော မင်းမှာ စွန့်လွှတ်နိုင်စွမ်း ကြီးမားလို့လား။ ဒီရွာမှာ မင်းတစ်သက်လုံး နေနိုင်မှာလည်း မဟုတ်ဘူး ။ ခဏ ရှောင်တိမ်းပြေးထွက်တယ်ဆိုတာကလည်း လွတ်မြောက်မှု မဟုတ်ဘူး။ အချိန်နှောင်းမှ မင်း wawalak တွေလို ဖြစ်မှာစိုးလို့ ငါတို့က မင်းကို ကူညီဖို့ ရောက်လာကြတာ ”

ကျွန်မကို သူတို့က ဘယ်လိုဖြစ်စေချင်တာလဲ။ ကျွန်မရှေ့အနာဂါတ်က ဘာလဲ။ ဘယ်လို ကူညီချင်တာလဲ။ ကျွန်မက ဘာတွေကို တောင်းဆိုလိုက်ရင် ကျွန်မ ဘဝ ကောင်းမွန် ပြောင်းလဲသွားမလဲ။ ဒီတိုင်းနေရင်ကော ဘာဖြစ်မလဲ။ wawalak တွေလို အမှောင် အကြောင်းတော့ ကျွန်မ သိပ်မသိသေးဟု ထင်သည်။ သို့သော် ယခုထက် မှောင်သော အမှောင်ကကော ရှိပါဦးမည်လား။ ယခုပင် ညမွန်းတည့်နေခဲ့ပြီ။

ကျွန်မဘဝသည် အလင်းကို မျှော်ရမည့် ဘဝလား။ ပြောင်းလဲပစ်လိုက်ဖို့ အချိန်တန်နေပြီလား။ ထွက်ပြေးလွတ်မြောက်ဖို့ အချိန်တန်နေပြီလား။ ကျွန်မ မသိပါ။ ဆုံးဖြတ်ချက်တစ်ခု ချခါနီးတိုင်း ကျွန်မကို လာရောက် ရစ်ပတ်တတ်သောကြိုးများက ကျွန်မကို အလွန်အမင်း မွန်းကြပ်စေပါသည်။ ကျွန်မကို လာရောက် အုပ်မိုးနေသော ကျွန်မ ကြည့်ရမည့် မျက်နှာများကလည်း ကျွန်မကို အမြဲတစေ ခြောက်လှန့်နေတတ်သေးသည်။

ကျွန်မသည် သာမန်လူသား တစ်ယောက်သာ ဖြစ်ပါသည်။ သူတို့ကဲ့သို့ အနှောင်အဖွဲ့ ကင်းသူ မဟုတ်ခဲ့ကြောင်း သူတို့သိစေချငင်ပါသည်။

(၆)

“ သူက ကိုယ့်လို တစ်ကိုယ်တည်း တရားအားထုတ်ချင်စိတ်များ ရှိနေမလား Gaia ”

ဖြူဖွေးဆွတ်နေသော ယုန်ကလေးတစ်ကောင်နှင့် ကျွန်မဆီ တရွေ့ရွေ့ မျောလွင့်လာသည့် အေးချမ်း ငြိမ်သက်လှသောမျက်နှာပိုင်ရှင်လေးကို တွေ့လိုက်ရသည်။

“ ရှင်က ကွမ်ရင် မယ်တော် ဆိုတာလား ”

ကြားဖူးနားဝထဲမှာပင် ကွမ်ရင် မယ်တော်ဘေး၌ ယုန်တစ်ကောင်ရှိနေသည်ဟု မကြားဖူးတာ ကျွန်မ သိနေသည်။ ထင်သည့်အတိုင်း သူမက ခေါင်းခါသလို Gaia က ဒါကျ မသိပြန်ဘူးလား ဟူသော အကြည့်နှင့် ကြည့်ပါသည်။ ပြီးမှ..

“ သူက ချန်အို( Chang O ) တဲ့။ တရုတ်လူမျိုးတွေရဲ့ လနတ်ဘုရားမပေါ့။ သူ့မှာ အဖော်ဆိုလို့ ယုန်လေးတစ်ကောင်တည်းနဲ့ နေထိုင်ပြီး ဘဝရဲ့ ရှုပ်ထွေးမှုတွေကို တရား မှတ်ရှုနေတဲ့သူပေါ့။ သူ့ရဲ့ သင်္ကေတက contemplation လေ”

“ မင်းရော တရားအားမထုတ်ချင်ဘူးလား ”

ချန်အိုက ညင်သာစွာမေး၏။

တရားအားထုတ်သည် ဆိုသော ဝေါဟာရသည် ကျွန်မနှင့် အတော်လေး စိမ်းဝေးလှပါသည်။ ဘာသာတရား တော်တော်များများတွင် သူ့နည်းနှင့်သူ တရားအားထုတ်ခြင်းတော့ ရှိကြသည်ပင်။ လောလောဆယ်တော့ ကျွန်မက တရား ထိုင်နိုင်သူ တစ်ယောက် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါ။ ကျွန်မ၏ စိတ်များသည် တစ်ခုခု တိမ်းစောင်းလွဲချော်သွားမှာကို စိုးရိမ်စိတ်နှင့် ဘယ်လိုမှ မငြိမ်းအေးနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကျွန်မသည် ဘာကိုမှ လွယ်လင့်တကူ လက်မခံလိုသော ကြောင်းကျိုးမဲ့ ခေါင်းမာတတ်သည့် မိန်းကလေးလည်း ဖြစ်သည်။

ကျွန်မ သူငယ်ချင်း ပြောခဲ့သလိုပင် …

“ မေခ .. နင်က မေခမြစ်ရေအတိုင်းပဲ ။ ကျောက်ဆောင်တချို့နဲ့ သိပ်လျို့ဝှက်တယ်။ ရေစီးသန်တယ်။ အေးစိမ့် နက်ရှိုင်းတယ်။ အစိုးမရဘူး။ ဘာမှန်းကို မသိဘူး ” .. တဲ့။

ထိုမှတ်ချက်လေးက မှန်သင့်သလောက် မှန်ပါလိမ့်မည်။ ကျွန်မလည်း ကျွန်မ ကိုယ်ကို ဘာမှန်း မသိသေးသောကြောင့် ဖြစ်သည်။ သို့သော် သေချာတာက မေခ မြစ်ရေသည် သဘာဝက ဖန်တီးထား၍ ဖြစ်သလို ကျွန်မသည်လည်း ဘဝပေးအခြေအနေနှင့် ကံကြမ္မာ၏ ဖန်တီးထားမှုကြောင့် လျို့ဝှက် အေးစိမ့် ခဲ့ရသူသာ ဖြစ်ပါလိမ့်မည်။

“ အင်းလေ.. မင်းငြိမ်းချမ်းချင်တဲ့အခါ လရောင်ကို ကြည့်လိုက်ပါ။ လရဲ့အရိပ်မှာ ငါရှိနေပါတယ်။ မင်းအတွက် ငြိမ်းအေးမှုတွေဘယ်လိုရယူရမယ်ဆိုတာ ကူညီဖို့ ငါ အသင့် ရှိနေတယ်နော် ”

ယုန်ဖြူလေးကတော့ သူမဘေးတွင် ငြိမ်သက်စွာ ဝပ်လျက်။

ရုတ်တရက် နေ့လည်ခင်း အလင်းရောင်တမျှ လင်းချင်းလာသောကြောင့် ကျွန်မတို့ အလန့်တကြား မော့ကြည့်မိကြသည်။ ဒစ္စနေကမ္ဘာမှ Donald Duck အော်သလိုပင် “ အိုး အို ” ဟု ကျွန်မ အော်လိုက်ချင်ပါသည်။ ဘယ်နတ်ဘုရားမနှင့်မှ မတူသော ထူးဆန်းသည့် နတ်သမီးသုံးဖော်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူမတို့သည် လိမ္မော်ရောင် ခရမ်းရောင် အပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကာ ရှည်လျားသော ကျစ်ဆံမြီးကြီး လေးချောင်းစီကိုလည်း ကျစ်ချထားကြသေးသည်။ ခေါင်းတွင်သရဖူများလည်း ပါ၏။

“ ရှင်တို့က အသက်စောင့် နတ်သမီးတွေလား ၊ တစ်ယောက်က အသက်ချည်မျှင်ကို ယက်တယ်။ တစ်ယောက်က တိုင်းတယ်။ တစ်ယောက်က ကတ်ကြေးနဲ့ ဖြတ်တယ်ဆိုတဲ့ နတ်သမီးတွေလား ”

သူတို့သုံးယောက်လုံး ခေါင်းကို ခပ်သွက်သွက်ခါ၏။

“ မဟုတ်ဘူး။ ငါတို့က ဇိုရာ(Zora) သုံးဖော်ပဲ နေနတ်သားရဲ့ အစောင့်အကြပ်တွေပေါ့ နေ (sun) ကို ကိုယ်စားပြုကြတယ်။ တစ်ယောက်က ဆင်ခြင်ဥာဏ် အလင်းကိုပေးတယ်။ တစ်ယောက်က ဖန်တီးမှု အလင်းကို ပေးတယ်။ တစ်ယောက်က ပွားစီးမှု အလင်းကို ပေးတယ်။ မင်းက ဘာလိုချင်သလဲ ”


“ ကျွန်မ .. အဲဒီသုံးခုလုံးကို လိုချင်ခဲ့ဖူးတယ်။ ရှိလည်းရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ကျွန်မအတွက် ဆေး မဟုတ်ဘူး ”

“ မင်းက ဆေးရှာနေတာလား ”

“ အဲလိုတော့ မဟုတ်ပါဘူး ”

“ ဒါဖြင့် ဘာလဲ ”

“ ကျွန်မ …”

ကျွန်မ ထုံးစံအတိုင်း ဘာဆက်ပြောရမှန်း မသိခဲ့ပါ။ ဆွံ့အသူ တစ်ယောက်ပမာ သူတို့၏ သရဖူများပေါ်တွင် စီခြယ်ထားသော ပတ္တမြား စိန်ပြာနှင့် ခရမ်းစွဲများ၏ ကာလတန်ကြေးကို မိန်းကလေးပီသစွာ တွက်နေမိသည်။ ဇိုရာသုံးဖော်အနက်မှ ခရမ်းရောင်ဆင်မြန်းထားသူက

“ မင်း တကယ်ရှာနေတာကလည်း ဆေး မဟုတ်ပါဘူး။ မင်းက ရှောင်လွှဲလို့ကောင်းအောင် ခေါင်းစဉ်တပ်ပြနေတာပါ ”

မှန်နေသောကြောင့် ကျွန်မ ဘာမှ ပြန်မပြောမိပါ။ အပြာရောင် နတ်သမီးကမူ ..

“ တကယ်တော့ မင်းခံစားနေရတာတွေကို အသိဥာဏ် အလင်းနဲ့ ကုစားရင်လည်း ရနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်သလဲ ဘာလိုချင်သလဲ သိဖို့နဲ့ ရအောင် ယူတတ်ဖို့ပဲ ။ ခုဟာက မင်းက ပေးကားပေး၏ မရ .. ဆိုတာမျိုး ဖြစ်နေတယ်။ မင်းကို မင်းမိဘတွေက ဘယ်လို နက္ခတ်နဲ့များ ယှဉ်မွေးလာလဲ မသိဘူး ”

ကဗျာဆရာ ဝင်းမောင်ရဲ့ ကဗျာထဲကလို ဝိသာခါ နက္ခတ် ရာဟုဓါတ် စီးတဲ့ အချိန်လို့ ပြောလိုက်ရ မကောင်းရှိတော့မည်။ လိမ္မော်နီရောင်ကမူ ဘာမှ မပြောချေ၊ သူတို့အစား ကျွန်မ ပင်ပမ်းလေးလံလာသည်။ သူတို့ကိုလည်း အားနာလာသည်။ သူတို့က ကျွန်မကို ကယ်တင်ချင်သည်။ ကူညီချင်သည်။ ကျွန်မက အသားကျနေမှု တစ်ခုထဲမှ ပိုကောင်းရန် သော်လည်းကောင်း၊ ပိုဆိုးရန်သော် လည်းကောင်း၊ ရင်ဆိုင်ရန် အားအင် မရှိတော့တာ သူတို့ မသိချေ။ အနာကျက်စ ကြောင်တစ်ကောင်လို ဒါဏ်ရာရစဉ်က ခိုအောင်းခဲ့သော ချောင်လေးတစ်ချောင်မှာပဲ တိတ်ဆိတ် လုံခြုံနေချင်သည်။

Gaia က သက်ပြင်းတစ်ချက်ကို ခပ်မွမွလေးချ၏။ သူမ၏ ဂရုဏာမျက်ဝန်းများနှင့် ကျွန်မကို ကြည့်ကာ ..

“ မင်းဆီ ရောက်လာကြဦးမယ့် နတ်ဘုရားမတွေ ရှိသေးတယ်။ ငါကတော့ မင်းကို နားလည်သင့်သလောက် နားလည်နေပြီလို့ ယူဆတဲ့အတွက် သူတို့နဲ့ တွေ့လိုက်ပါဦး ”

Gaia က သူမလက်ထဲမှ ပုဝါရှည်ကြီးကို ဝှေ့ရမ်းလိုက်သောအခါ နတ်သမီး ငါးပါးကို တွေ့ရသည်။ ပထမဆုံး နတ်ဘုရားမကို ကျွန်မ သိပါသည်။စောစောက ကျွန်မ Chang O နှင့်မှားသော ကွမ်ရင် ဖြစ်သည်။ ဒုတိယ နတ်ဘုရားမကိုတော့ ကျွန်မ မသိပါ။ ဖက်ဖူးစိမ်း ရောင် ဝတ်စုံပေါ်တွင် ခရမ်းပြာရောင်ဝတ်ရုံကို ခြုံရုံထားသည်။ လက်ထဲတွင် အင်မတန် အရည်အသွေးကောင်းလှသည့် ပတ္တမြားသုံးလုံး လက်ကိုင်တွင် စီခြယ်ထားသည့် ဓားတစ်လက်ကို ကိုင်ထား၏။ တစ်ဦးတည်းသော ဓားကိုင်သည့် နတ်ဘုရားမပင်။ သို့သော် သူမက သိပ်သည်းစွာ လှ၏။

“ ငါ့ကို မသိဘူး မဟုတ်လား ”

သူမ ကျွန်မ စိတ်ကိုသိသည်ထင့်။ မေးလာ၏။

“ ဟုတ်ကဲ့”

“ ငါက Gwenhwyfar ပဲ။ Judgment ကို ကိုယ်စားပြုတယ်။ လူတွေက ငါ့ကို တရားမျှတ တဲ့ စီရင်ချက်နဲ့ အသိပညာအတွက် ကိုးကွယ်ကြတယ်။ မင်း ဘာများလိုအပ်နေသလဲ ။ ကူညီဖို့ လာခဲ့တာပါ ”


“ ကျွန်မ သိပ်ဒုက္ခရောက်နေလို့လားဟင် ”

ကျွန်မ တအံ့တသြပင် မေးလိုက်မိသည်။

“ မင်း ဒုက္ခရောက်နေတယ်လို့ မင်းကိုယ်မင်း မယူဆရင်တော့ မေးချင်ပါတယ်။ ငါ့လိုပဲ အရာအားလုံးအတွက် ကိုယ့်ကိုယ်ကို စတေးနိုင်ပြီလား ”

ကွမ်ရင်က ကျွန်မကို အင်မတန်နူးညံ့ချိုလွင်သည့် အသံနှင့် ဝင်မေးခြင်းဖြစ်သည်။ ကျွန်မ ခေါင်းခါမိသလားမသိ။

“ ကျွန်မ အရာတော်တော်များများကို စွန့်လွှတ် ဆုံးရှုံးခဲ့ရပြီးပြီ ၊ ကျွန်မရဲ့ ကံကြမ္မာ တချို့ကို စတေးခဲ့ရပြီးပြီ ။ ကျွန်မကိုယ် ကျွန်မတော့ မစတေးနိုင်တော့ပါဘူး။ ထိုက်တန်မှု ရှိတယ် တရားတယ်လို့ ထင်ကြလို့လား ”

ကွမ်ရင် ကတော့ပြုံးပါသည်။ သူကတော့ Sacrifice ကို ကိုယ်စားပြုသူကိုး။


“ စိတ်ထင်မြင်ချက် အားလုံးဟာ ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ ကိုယ်က ထိုက်တန်တယ် ထင်ရင် ထိုက်တန်မှာပဲ။ ကိုယ်က ကျေနပ်ရင် ကျေနပ်စရာ ကောင်းပါတယ်။ မကျေနပ်ရင် တော့ဒါဟာ ဒုက္ခတွေပဲပေါ့ ”

Kuan Yin နှင့် Gwenhwyfar တို့၏ စကားများကြားတွင် ကျွန်မ ဝင်္ကဘာမိနေတော့သည်။

(၇)

ဝင်္ကပါထဲမှ ကျွန်မ ရုန်းထွက်ရန် အစပေးသူမှာ ကျွန်မ အလွန်စိတ်ဝင်စားခဲ့သည့် အီဂျစ်တို့၏ ပိရမစ်နံရံမှ ဝတ်စားဆင်ယင်မှုမျိုးနှင့် ရှိနေသော နတ်ဘုရားမပင် ဖြစ်သည်။ ပုခုံးထက်တွင် သိမ်းငှက် တစ်ကောင်ပါလာပြီး လျို့ဝှက်သိပ်သည်းသော မျက်နှာကို ပိုင်ဆိုင်၏။ သူမ လှပပုံက ပဟေဠိ ဆန်လွန်းလှလေသည်။

“ ဒါနဲ့ သူက အီဂျစ်ဖက်က နတ်ဘုရားမလား ”

“ သိပ်နီးစပ်ပါတယ် သူက အိုက်ဇစ်( Isis) လေ ”


ကွမ်ရင်က ဖြေပေးခြင်းဖြစ်၏။

“ ဘုရားရေ သူက Isis လား၊ ကျွန်မ ကောင်းကောင်းသိတာပေါ့ ”

အိုက်ဇစ်က မပြုံးပါ။ ကျွန်မကို မည်သို့မှလည်း မတုံ့ပြန်ပါ။ အတန်ကြာတော့မှ ..

“ မင်းက ဘာတစ်ခုမှ မလိုချင်ဘူးဆိုတော့ magic power ကိုရော မင်းမလိုချင်ဘူးလား ။ ငါက magic ကို ကိုယ်စားပြုတယ်လေ။ သိပ်တော့ မထင်ပါဘူး ”

သူမကတော့ ကျွန်မကို လျှော့တွက်ထားပုံရပါသည်။

“ magic power က ကျွန်မ ဘာလုပ်လို့ရမလဲ ”

ကျွန်မ၏ အူကြောင်ကြောင်နိုင်လှသော မေးခွန်းကြောင့် Isis ဒေါသ ထွက်သွားပုံရသည်။ အလွန်စူးရှ နက်နဲသော မျက်ဝန်းများနှင့် ကြည့်ကာ ဘာမှ မပြောတော့ပဲ ကျွန်မရှေ့မှ ထွက်ခွာသွားတော့သည်။ ပုခုံးပေါ်မှ သိမ်းငှက်ကြီးကလည်း “ ဂီး ” ဟု စူးရှရှ အသံ တစ်ချက်ပေးကာ လိုက်ပါသွား၏။

ကျွန်မ သက်ပြင်းကို အသာချမိသည်။

တကယ်တော့ magic power နှင့် လှည့်စားခြင်းသည် လှည့်စားခြင်းသာဖြစ်၏။ တကယ့် အစစ်အမှန်မဟုတ်ပေ။ တကယ့် အစစ်အမှန်များ ကျတော့လည်း၊ ကျွန်မအတွက် ခြေချော် လက်ချော်ပင် အကောင်းဘက်မှ မလာပါ။

“ မင်း ပျော်မယ်ထင်ရင် ငါနဲ့ လိုက်ခဲ့လို့ ရပါတယ် ”

“ ပျော်မယ် ထင်ရင် ”

ကျွန်မ ထိုစကားစုကို မျက်ဝန်းအဝိုင်းသားနှင့် ရေရွတ်တော့ ဒိုင်ယာနာ ( Diana ) ဟူသော လနတ်သမီးက ကျွန်မကို ပြန်မေးသည်။


“ ပျော်ရွှင်မှုဆိုတာ မင်းမသိဘူးလား၊ ငါကတော့ တောကစားထွက်ရတာပျော်တယ်။ ပြီးတော့ အပြစ်မဲ့တဲ့ သတ္တဝါလေးတွေကို စောင့်ရှောက်ရတာလည်း ကျေနပ်တယ် ”

သူ့ ဝါသနာနှင့် ပျော်ရွှင်မှုကလည်း တစ်မျိုးပင်။ တောကစားထွက်သတဲ့။ အပြစ်မဲ့ သတ္တဝါ တွေကို စောင့်ရှောက်သတဲ့။ ဆန့်ကျင်ဘက် နှစ်ခုပင်။ ကျွန်မကတော့ သူမနှင့် အတူပါလာ သော အမဲလိုက်ခွေးကြီးများကိုသာ တအံတသြ ကြည့်နေမိသည်။ ဖြစ်နိုင်လျင် သူမလက်ထဲမှ လှပ ခန့်ညားပြီး အလွန်အသုံးဝင်မည့် “ လေး ” ကြီးနှင့် အမဲလိုက် ခွေး တစ်ကောင်တော့ လိုချင်ပါသည်။ သူမပြောသော ပျော်ရွှင်မှုအတွက်တော့ မဟုတ်ပါ။ အသုံးတည့်မည့် အချိန် တစ်ချိန်ချိန်အတွက် ဖြစ်ပါသည်။

“ ကျွန်မကတော့ ပျော်ရွှင်မှုဆိုတာ တစ်ခါမှ မခံစားဖူးသလိုပဲ ”

“ မင်းက တရားရနေသူလည်း မဟုတ်ဘူး ။ ပြီးပြည့်စုံနေသူလည်း မဟုတ်ဘူး။ လူဆိုတာ ငိုဖူးရင် ရယ်ဖူးရမှာပေါ့။ ဝမ်းနည်းဖူးရင် ပျော်ဖူးရမှာပေါ့ ”

“ ဟုတ်လား၊ လောကနိယာမကြီးက အဲဒီလိုလား ၊ ကျွန်မ မသိခဲ့ပါဘူး။ နာကျင် ဆုံးရှုံးခဲ့ ဖူးရင်ကော ကျွန်မ ဘာပြန်ရမှာလဲ ”

Diana နတ်သမီးသည် ကျွန်မကို အရှုံးပေးသွား၏။ ကျွန်မ စကားကို ဘာမှ ပြန်မပြောတော့ပဲ ဂျူနို ( Juno) ကိုသာ လှည့်၍ ပြောသွားခဲ့သည်။

“ မင်းကိုတော့ ဂျူနို့ လက်ထဲပဲ ထားခဲ့ရတော့မှာပဲ ”

“ အဲဒါ အကောင်းဆုံးပါပဲ ”

တညီတညွတ်တည်း ထောက်ခံကာ Gaia, Zoya သုံးဖော်၊ Kuan Yin, Gwenhwyfar နှင့် Diana တို့အားလုံး ကျွန်မရှေ့မှ ထွက်ခွာသွားကြတော့သည်။

တည်ငြိမ်ရင့်ကျက်ဟန်ရှိပြီး ကျက်သရေရှိလှသော ဂျူနိုက ကျွန်မကို မမှိတ်မသုန် ကြည့်နေသည်။ သူမ၏ အကြည့်များတွင် တစ်စုံတစ်ရာသော အားများ ပါနေသလို ကျွန်မ ရင်မဆိုင်နိုင်ပါ။ ထူးထူးဆန်းဆန်း သူမနှင့်အတူ မြန်မာ့ကဒေါင်းကြီးတစ်ကောင် ပါလာသဖြင့် ကျွန်မ ဒေါင်းကြီးကိုသာ ငေးကြည့်နေမိတော့သည်။


ဒေါင်းကြီးက စိမ်းဖန့်ဖန့်နှင့်။

ကျွန်မတို့ အတန်ကြာ တိတ်ဆိတ်နေမိကြသည်။

လရောင်ဖြာကျနေပုံကအစ တစ်စ တစ်စ ချောက်ချားဖွယ်ရာ ကောင်းလာသည်ဟု ခံစားရသည်။ သူမသည် နောက်ဆုံးသော နတ်ဘုရားမဖြစ်လိမ့်မည်။ ကျွန်မသည် ကြယ်တာရာ အစင်းစင်းနှင့်လွဲချော်ခဲ့သူလား။ ဘယ်သူမှ မရနိုင်သော အခွင့်အရေးကို ရခဲ့ သော်လည်း ကျွန်မ လက်မခံနိုင်လောက်အောင်ပင် ကျွန်မ နှလုံးသားများက အသားကျ နေခဲ့ပြီလား။ ကျွန်မ မျက်ရည်ဆိုသော အရာကို မုန်းပါသည်။ တကယ်တော့ ထိုမျက်ရည် များသည် အများတကာက သမုတ်သလို လက်နက်မဟုတ်ပါ။ နာကျင် ကျဆုံးခြင်း၏ ကမ္ဗည်းကျောက်စာဖြစ်သည်။

ခု ဘာကြောင့်မှန်းမသိ။ ကျွန်မ အမြင်အာရုံများ မှုန်ဝါး ဝေသီလာခဲ့သည်။ မျက်ရည်တော့ မဖြစ်နိုင်ပါ။ ကျွန်မက နာကျင်မှုကို ကမ္ဗည်းတင်ချင်သူ မဟုတ်ပေ။ နှင်းငွေ့နှင်းရိပ်များ ဖြစ်နိုင်ပါသည်။ မြန်မာပြည်မြောက်ပိုင်းဒေသသည် နွေဦးပေါက်ထိ အေးမြနေတတ်သည် မဟုတ်ပါလား။

“ မြစ်ကလေးရေ ”

နူးညံ့ ညင်သာ၍ ကြည်လင်သော အသံသာသာလေးကြောင့် ကျွန်မ ပြန်ကြည့်လိုက်မိသည်။ သူမက ကျွန်မကို မြစ်ကလေး တဲ့။ ဟုတ်တာပေါ့။ အမိုင်ခ သည် ဧရာဝတီ၏ အစဖြစ်သည်လေ။

“ မင်း ရပ်တံ့နေလို့ မရဘူး။ ဆက်စီးဆင်းနေရဦးမှာပဲ။ အဲဒီအခါမှာ အသားကျမှုတွေကို ကောင်းကောင်းဆိုးဆိုး မင်း စွန့်လွှတ်ရလိမ့်ဦးမယ်။ ကံကောင်းခြင်းတွေကိုလည်း မင်း ထပ်ကြုံတွေ့ရဦးမှာပဲ။ ကံဆိုးခြင်းတွေကိုလည်း မင်းရင်ဆိုင်ရဦးမှာပဲ။ မင်းရင်ဆိုင်ခဲ့ဖူးပြီးပြီ လေ..ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဟိုးမှာ တွေ့လား နေထွက်တော့မှာ၊ ဘယ်သူမဆို အမှောင်ဟာ အမြဲတမ်း ဖုံးလွှမ်းမနေပါဘူး ”

“ wawalak တွေ..”

“ မင်းက wawalak တွေ မဟုတ်ဘူးလေ ”

“ ဒါပေမယ့် ကျွန်မနောက်မှာ Yurlungar လို နဂါးကြီးတစ်ကောင် ပါးစပ်ဖြဲ စောင့်နေတယ်လို့ Gaia က ပြောတယ်လေ ”

ကျွန်မ စကားကြောင့် Gaia က ဂရုဏာသက်စွာ ပြုံး၏။ ပြီးမှ ..

“ အဲဒီ နဂါးကြီးကို ဖြိုခွင်းနိုင်မှာလည်း မင်းပဲ။ အဲဒီနဂါးခံတွင်းထဲ ခုန်ချနိုင်တာလည်း မင်းပဲ မင်းမှာ ဆင်ခြင်ဥာဏ် ရှိပါတယ်။ ငါကတော့ မင်းနဲ့အတူ အမြဲတမ်း ရှိနေမှာပါ ”

“ ရှင် .. ဘာဖြစ်လို့လဲ ”

“ ငါက မင်းနဲ့မှ မဟုတ်ပါဘူး ကမ္ဘာပေါ်က အမျိုးသမီးတိုင်းရဲ့ ပထမဆုံး ဝင်သက် ထွက်သက်ကနေ နောက်ဆုံးထွက်သက်ထိ ငါ သူတို့နဲ့အတူရှိနေ စောင့်ရှောက်နေပါတယ်။ မင်းလည်း မလွတ်မြောက်ပဲ ထွက်ပြေးနေမယ့် အတူတူ ရင်ဆိုင်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါ။ ပြောင်းလဲစရာရှိတာတွေကို မတုံ့မဆိုင်း ပြောင်းလဲပစ်လိုက် စမ်းပါ ။ အသိဥာဏ်ရှိပြီး တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမ တစ်ယောက်အတွက် ဘာက အလိုအပ်ဆုံးလဲဆိုတာ မင်း ရွေးချယ်တတ်လိုက်စမ်းပါ ။ မင်း မညံ့ပါဘူး။ ငါယုံပါတယ် ”

ကျွန်မ သူမကို ဘာမှ ပြန်မပြောမိပါ။ Juno က ဒေါင်းတောင် စိမ်းဖန့်ဖန့်လေးတစ်ခု လက်ထဲထည့်ပေးကာ ကျွန်မခေါင်းကို အသာပွတ်သပ်လျက် ပြော၏။

“ ငါတို့ဟာ မိန်းမသားတွေဖြစ်တယ် ဆိုတာကိုတော့ မမေ့နဲ့။ ဒါဟာ ပျော့ညံ့ဖို့ မဟုတ်ဘူး မာကျောဖို့ ပြောတဲ့ အမှာစကားပဲဖြစ်တယ်။ မိန်းမဆိုတာ ပန်းတော့ပန်းပေါ့။ ဒါပေမယ့် သံမဏိပွင့်ဖတ်တွေနဲ့ တည်ဆောက်ထားတဲ့ ပန်း ဖြစ်ရမယ်။ ဒါကို မင်း မမေ့ပါနဲ့ ”

Juno က ကျွန်မကို နှစ်သိမ့်ပြုံး ပြုံးကာ ကျွန်မထံမှ ပြန်လည် ထွက်ခွာသွားတော့သည်။ သူမ ထွက်ခွာသွားချိန်တွင် အရှေ့ဆီမှ ရောင်နီစများပင် သန်းလာခဲ့ပြီ။ ကျွန်မကတော့ လက်ထဲမှ ဒေါင်းတောင်လေးကိုကြည့်ကာ ကျွန်မကိုယ် ကျွန်မ ပြန်လည် နားချနေမိသည်။ တစ်ခါတစ်ခါတော့ ကိုယ့်ကိုယ်ကို နားချ အယုံသွင်းရခြင်းသည် အခက်ခဲဆုံး ဖြစ်နေတတ်သည်။

ကျွန်မ တစ်ညလုံး တစ်စက်မှ မမှေးခဲ့ရ။

ခု နေရောင်များ ဖြာကျလာခဲ့ပြီ။

နေရောင်ခြည်များကိုရော ကျွန်မ ယုံကြည်လို့ ရနိုင်ပါမည်လား။

ကိုယ့်ကိုယ်ကို သေချာမှု ရယူရပေဦးမည်။

(၈)

“ မေခ နင် ဘာလုပ်နေတာလဲ ”

မှီလျှော့ထားသော ပင်စည်မှ ခွာကာ ကြည့်လိုက်တော့ ကျွန်မ သူငယ်ချင်း စိုလတ်ကို တွေ့လိုက်ရသည်။

“ ဟို အင်း .. ဘာမှ မလုပ်ပါဘူး ”

“ ဘာမှ မလုပ်ဘူး ဟုတ်လား ။ ခါတိုင်း ဒီအချိန် နင်က အိပ်ရာထတတ်တာမှ မဟုတ်တာ မှန်းစမ်း .. နင့်လက်ထဲက ဘာလဲ ”

ပြောပြောဆိုဆို ကျွန်မ လက်ထဲမှ ဒေါင်းတောင်လေးကို ဖျတ်ကနဲ လှမ်းဆွဲယူသွားသည်။

“ ဒေါင်းတောင်လေးပဲ ။ နင် ဗမာပြည်က ယူလာတာလား ”

“ မဟုတ် .. အဲ .. ဟုတ်တယ် ”

ကျွန်မအဖြေကြောင့် စိုလတ်က ကမန်မကို မသကာင်္သလို ကြည့်ပါသည်။

“ နင် ဘာဖြစ်နေလဲ ”

“ ဘာမှ မဖြစ်ပါဘူး ”

“ ဒါဆို ဒီလောက်အစောကြီး ဒေါင်းတောင် တစ်ချောင်းကို ကိုင်ပြီး နင်ဘာထိုင်လုပ်နေတာလဲ အေးကအေးနဲ့ ”

ထုံးစံအတိုင်း ဥာဏ်နီဥာဏ်နက်များကို ကဗျာကယာ စုယူရသည်။

“ သြော် … မနက်စောစော တစ်ခါမှ မထဖူးဘူး မဟုတ်လား။ ဒါကြောင့် မနက်ခင်းရဲ့ ရှုခင်းကို ငါထကြည့်နေတာ။ ဘာလို့လဲဆိုတော့ ဒီရွာကလေးရဲ့ နံနက်ခင်းကို ငါ မခံစားလိုက်ရမှာစိုးလို့။ ငါ နောက် နှစ်ရက် သုံးရက်နေရင် ပြန်တော့မှာလေ။ ”

“ ဟင် .. ဘယ်လိုဖြစ်ရပြန်တာလဲ ။ နင်ပြောတော့ နှစ်လ သုံးလ နေမှာဆို ”

“ အင်း .. ဟုတ်တယ်။ ခုတော့ မဟုတ်တော့ဘူး ”

စိုလတ် ကျွန်မကို မသကာင်္သလို ကြည့်ပြန်ပါသည်။ သူ့ မသကာင်္ခြင်းက ကျွန်မကို စိတ်မှ နှံ့ရဲ့လားဟူသော အကြည့်မျိုးဟု ကျွန်မ ခံစားရလျက်က မသိချင်ယောင်ဆောင် နေလိုက်သည်။

“ အဲဒါ ထားပါ။ ဒီဒေါင်းတောင်က နင်လာတုန်းက ပါမလာပါဘူး။ ငါ့ကို ညာမနေနဲ့ ။ ဘယ်ကရလဲ ပြော ..”

“ နင် Juno ကိုသိလား ”

“ မော်ဒယ်လ် လား၊ အကပညာရှင်လား၊ body fitness centre လား ”

“ သေတော့မှာပဲ ”

ကျွန်မက ညည်းညူတော့ သူက ..

“ ကဲ ထားပါ ။ ဆက်ပြောပါ ”

“ သူကလေ ငါ့ကို ဒီဒေါင်းတောင်လေးပေးပြီး ငါ့စိတ်ကို ကုစားပေးခဲ့တာ။ ”

စိုလတ်က မျက်မှောင်ကို အစွမ်းကုန် ကြုတ်ရင်း ..

“ ဘာလဲ .. ဒီဒေါင်းတောင်ကို ပြာချပြီး သုံးခွက်တစ်ခွက်တင် ..”

“ ကြံကြီး စည်ရာဟာ ”

“ တော်ပြီ ဒါဆိုလည်း ဘာမှပြောမနေနဲ့တော့ ။ ဘာတွေမှန်းကို မသိဘူး။ လာ ဒီနေ့ နင်ရောက်နေတယ်ဆိုလို့ ကိုင်မီးနဲ့ဒီးရမ် လာလိမ့်မယ်။ ရွာထိပ်က သွားကြိုရအောင် နင့်ကို လာခေါ်တာ ”

“ ဟုတ်လား .. သွားလေ ”

သစ်ပင်ကို မှီထိုင်နေရာမှ ထလိုက်သောအခါ ကျွန်မ မိုက်ကနဲ ပြန်ပြိုလဲသွားခဲ့ရသည်။ စိုလတ်က ကဗျာကယာ လှမ်းဆွဲရင်း မျက်မှောင်ကြုတ်ကာ……..

“ နင် ဘာဖြစ်နေတာလဲ ”

“ အဲဒီမေးခွန်းကို နင်မေးနေတာ ဘယ်နှခါရှိပြီလဲ ”

“ ဒါကတော့ နင်က မေးအောင် လုပ်နေတာကိုး၊ နင် ..ဘာဖြစ်နေလဲ ပြောစမ်း ”

တစ်စက်ကလေးမှ စိုးရိမ်သံမပါပါ။ ဆူပူချင်သံပဲ ပါသည်။

“ ငါ .. ညက ..”

“ ညက .. ဘာဖြစ်လဲ ”

“ တရေးမှ မအိပ်ရသေးဘူး ”

ကျွန်မကို မယုံသင်္ကာကြည့်ပြန်ပါသည်။

“ စောစောက နင်ပြောတော့ အစောကြိးထပြီး နံနက်ခင်းကို ခံစားတာဆို ”

“ အဲဒါ ညာတာ ခုပြောတာကမှ အမှန် ”

“ ကဲပါ .. ဘာလို့ မအိပ်တာလဲ၊ အိပ်မပျော်တာလား၊ တမင် မအိပ်တာလား ”

“ တစ်ခုမှ မဟုတ်ဘူး ၊ အင်း ..ဟိုလေ နတ်သမီး အဲ ..”

“ ဘာဖြစ်နေပြန်လဲ .. ဘာနတ်သမီးလဲ ”

“ သြော် .. ဘာမှ မဟုတ်ပါဘူး။ ငါရေးမယ့် ဝတ္ထုခေါင်းစဉ် ပြောမလို့ပါ ”

“ ဘာတဲ့လဲ ”

“ နတ်သမီးပုံပြင် တဲ့ ”

“ ဟင်းးးးးးးးးးးး ဘာမှန်းကို မသိဘူး ”

စိုလတ်က ကျွန်မကို နှုတ်လှန်ထိုးမနေတော့ပါ။ သူနှင့် ကျွန်မသည် စကားနိုင်လုတတ်သော်လည်း တကယ့်တကယ်ကျ အတွေးတူသော ခံယူချက်တူသော သူငယ်ချင်းများ ဖြစ်သည်။

ဟိုးအဝေးဆီမှ တရွေ့ရွေ့ လှမ်းလာသော ဖြူဖြူရိပ်ကလေးနှစ်ခုကို နှင်းငွေ့ငွေ့ကြားမှ မြင်နေရသည်။ ကိုင်မီးနှင့် ဒီးရမ် ဖြစ်နိုင်သည်။ ဧည့်သည် .. ဧည့်သည် ..ဟူသော လက်ဆင့်ကမ်း သံချိုလေးများကို ကြားလိုက်ရသည်။

ကျွန်မ စိုလတ်လက်ထဲမှ ဒေါင်းတောင်လေးကို ပြန်ယူကာ တယုတယ သိမ်းလိုက်ရင်း တောင်စောင်းလမ်းလေး အတိုင်း ဖြူဖြူရိပ်ကလေးများ ရှိရာသို့ ပြေးဆင်း သွားလိုက်တော့သည်။

အေးစိမ့်သော ဆောင်းနှောင်းနွေဦး၏ လေသည် ကျွန်မကို ကြမ်းတမ်းစွာ တားဆီး နှောက်ယှက်နေ၏။ သို့သော် ကျွန်မ ဖြတ်သန်းထိုးခွဲနိုင်ခဲ့သည်။ Juno ပြောသလို ရင်ဆိုင်စရာရှိသည်များကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှသာ ကျွန်မတို့ ငြိမ်းအေးနိုင်မည် မဟုတ်လား။

နှင်းဖြူငွေ့ အေးစက်စက်များ၏ အဆုံး၊ နေရောင်ခြည် တချို့အောက်တွင် ၊ ကျွန်မ ချစ်သော အစ်ကိုအစ်မ များက ကျွန်မကို စောင့်နေလိမ့်မည်။ ကျွန်မ၏ နောက်ကျော တွင်လည်း ကျွန်မ သူငယ်ချင်းလေး ရှိနေခဲ့သည်။ ကျွန်မ လက်ထဲတွင်လည်း ဒေါင်းတောင်လေး ရှိနေ၏။

နှင်းမြူများကို ဖြိုခွင်း ကျော်လွှားနိုင်မှာလည်း ကျွန်မ၊ နေရောင်များကို လက်ကမ်းကြိုနိုင်မှာ လည်း ကျွန်မ ဆိုတာ ပိုသေချာသွားခဲ့ရလေပြီ။

မနော်ဟရီ

၂၀၀၂

ဒီဝတ္ထုကို ၂၀၀၂ ခုနှစ်တည်းက ရေးခဲ့တယ်လို့ အမှာမှာ တည်းက ရေးခဲ့ပါတယ်။ ဒါပေမယ့် ခုရေးတယ်ထင်နေကြတဲ့သူတွေရှိသလို နတ်သမီး မပြောခဲ့တဲ့ပုံပြင် တို့ ကိုရဲ (နီကိုရဲ) ရဲ့ နတ်သမီးထောင်ချောက် တို့နဲ့ မှားနေသူတွေလည်း ရှိပါတယ်။ ဒါက မဂ္ဂဇင်းဝတ္ထုရှည်လို့ ပြောလို့ရမယ့် mini-fiction အမျိုးအစားပါ။ မောင်စိုင်းနဲ့ Rebecca Win ရိုက်တာက နတ်သမီးမပြောခဲ့တဲ့ပုံပြင် ပါ။ အဲဒါက လုံးချင်းဖြစ်ပါတယ်။

မနော်ဟရီ



11 Comments:

Zephyr said...

I prefer to meet with ISIS ...
MAGIC ..!!!!!!!!!!!!!!

ဂျူနိုကိုတော့လေးစားသွားပါတယ်။

အမဲလိုက်နေတဲ့ ဒိုင်ယာနာအတွက် ... အဲလ်တန်ဂျွန့်ကို နောက်တစ်ပုဒ်လောက် ဆိုစေချင်ပါတယ်။

အစအဆုံးပြန်ဖတ်ကြည့်လိုက်တော့ အရသာပိုရှိသွားတယ်။

လင်းဒီပ said...

နောက်ဆုံးအပိုင်းမှာပါတဲ့ မယ်တော်တွေက ပိုပြီး အေးချမ်းသလိုပဲ...

မယ်ကိုး said...

ပြီးသွားပြီလား မမ။ ဆက်ဖတ်နေချင်သေးတာ။
နောက်အားတော့မှ တစ်ခေါက်ပြန်လာဖတ်ပါဦးမယ်နော်။

Kay said...

နတ်သမီး တွေ ချည်းပဲ.. နတ်သားများ တယောက်တလေ ပါမလား လို့ စောင့် နေတာ..း)
နီးနီးစပ်စပ် အဘိုရီးဂျင်း နတ်သမီး တွေပဲ.. ရွေးလိုက်တော့မယ်။း)

Mogok Thar said...

မကြီးရေ...

ကျနော် တွေ့ချင်တဲ့ Diana (လနတ်သမီး) ကို... နောက်ဆုံးမှာမှ တွေ့ရတော့တယ်..။

“ မြစ်ကလေးရေ ”
“ မင်း ရပ်တံ့နေလို့ မရဘူး။ ဆက်စီးဆင်းနေရဦးမှာပဲ။ အဲဒီအခါမှာ အသားကျမှုတွေကို ကောင်းကောင်းဆိုးဆိုး မင်း စွန့်လွှတ်ရလိမ့်ဦးမယ်။ ကံကောင်းခြင်းတွေကိုလည်း မင်း ထပ်ကြုံတွေ့ရဦးမှာပဲ။ ကံဆိုးခြင်းတွေကိုလည်း မင်းရင်ဆိုင်ရဦးမှာပဲ။ မင်းရင်ဆိုင်ခဲ့ဖူးပြီးပြီ လေ..ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဟိုးမှာ တွေ့လား နေထွက်တော့မှာ၊ ဘယ်သူမဆို အမှောင်ဟာ အမြဲတမ်း ဖုံးလွှမ်းမနေပါဘူး ”


အမြဲ ဆက်လက်စီးဆင်းနေဖို့..

ဆန္ဒပြုလျှက်...

မိုးငွေ့...... said...

“ ငါတို့ဟာ မိန်းမသားတွေဖြစ်တယ် ဆိုတာကိုတော့ မမေ့နဲ့။ ဒါဟာ ပျော့ညံ့ဖို့ မဟုတ်ဘူး မာကျောဖို့ ပြောတဲ့ အမှာစကားပဲဖြစ်တယ်။ မိန်းမဆိုတာ ပန်းတော့ပန်းပေါ့။ ဒါပေမယ့် သံမဏိပွင့်ဖတ်တွေနဲ့ တည်ဆောက်ထားတဲ့ ပန်း ဖြစ်ရမယ်။ ဒါကို မင်း မမေ့ပါနဲ့ ”

အမဟိုင်းလိုက်လုပ်ထားတဲ့အဲဒီစာသားလေးသိပ်ကောင်းတယ် မိန်းမတွေကို အမြဲနိမ့်ချပြီး မြင်တတ်တဲ့ ယောက်ကျားတွေကများတယ်လေ..။

အမပြောထားတဲ့ အသက်စောင့် နတ်သမီးတွေကိုစိတ်ဝင်စားတယ်အမ တစ်ယောက်က အသက်ချည်မျှင်ကို ယက်တယ်။ တစ်ယောက်က တိုင်းတယ်။ တစ်ယောက်က ကတ်ကြေးနဲ့ ဖြတ်တယ်တဲ့ အမအချိန်ရှိရင် အဲဒီနတ်သမီးလေးတွေအကြောင်းသိချင်သေးတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

အမရာ said...

ချစ်မရေ..အစအဆုံး..
တခေါက်တိတိဖတ်ပြီးသွားပြီ..
စိတ်ထဲမှာခံစားနေရတာတွေ
တဝက်လောက်ရဲ့အဖြေကိုရသွား
သလိုပဲ.....။။။

အိုင်လွယ်ပန် said...

အစအဆုံး ပြန်ဖတ်ကြည့်နေပါတယ် အစ်မ ..။

ဒဏ္ဍာရီ said...

မမရေ..... ဇတ်သိမ်းလေးကို ဖတ်ပြီးသွားပြီ။ နတ်သမီးတွေရဲ့ ထူးခြားတဲ့ စွမ်းအားတွေကိုလည်း သိလိုက်ရတယ်။ JUNO ကိုတော့ ပိုပြီး နှစ်သက်မိတယ်။ နူးညံ့လို့..။

ခင်မင်လေးစားလျှက်

အိုင်လွယ်ပန် said...

သေချာခဲ့ပေါ့ ..။
နှင်းမြူများကို ဖြိုခွင်း ကျော်လွှားနိုင်မှာလည်း ကျွန်မ၊ နေရောင်များကို လက်ကမ်းကြိုနိုင်မှာ လည်း ကျွန်မ ဆိုတာ ပိုသေချာသွားခဲ့ရလေပြီ ...။

Julian said...

ဒီလောက်နတ်သမီးတွေ မစ နေတဲ့ကြားကဘာမှမယူလိုက်တာကို မအံ့သြပါဘူး

အယူရှိရင်အပေးရှိပါတယ် နတ်သမီးတွေလဲဒီစွမ်းအင်တွေကိုအလိုလိုရခဲ့တာဟုတ်မယ်မထင်ဘူး

နင်တော်တယ် မေခ ဘာမှမယူလိုက်တာကို ယူများယူလိုက်မိရင် မနော်ဟရီတောင်ရှိချင်မှရှိမှာ

ငါလည်းအခုလို မန့်ချင်မှမန့်ရမှာ

ငါ့ဆီကိုအဲနတ်သမီးတွေလာလို့ကတော့ ဟင်းးးးးးးးးး (ဒါကြောင့်တူတို့လာကြဘူး နာ့ဆီ)

ဂျူ

ဘိုင်သဝေး - နတ်သမီးတွေအကြောင်းစိတ်ဝင်စားစရာကောင်းသား ၊ ကျေးဇူးပါ ၊ တစ်ချို့တွေကြားတောင်မကြားဖူးဘူး ၊ အခုမှ အင်တာနက်ထဲလိုက်မွှေနေတယ် ပိုသိချင်လာလို့။