နတ်သမီးပုံပြင် (အပိုင်း ၄)

Friday, February 5, 2010

(၄)

“ ကျွန်မ သူ့ကို မသိဘူး ”

တာရာနတ်သမီးက ကျွန်မကို နှုတ်ဆက်ထွက်ခွာကာနီး သမင်လည်ပြန်လှည့်ကာ ပြော၏။

“ သူက Inanna တဲ့ ကြယ်တာရာနတ်သမီးပေါ့ Star ဆိုတဲ့ သင်္ကေတကို ပိုင်ဆိုင်တယ် ကြေးခေတ်ရဲ့ အင်မတန် တန်ခိုးကြီးတဲ့ နတ်ဘုရားမပေါ့ ။




သူ့ကို ကောင်းကင် ဘုရင်မ (Queen of Heaven ) လို့လည်းခေါ်ကြတယ် .. အစက ပြန်မစချင်တဲ့ မင်းကို သူက တစ်ခုခုကူညီနိုင်ပါစေလို့ ကိုယ် ဆန္ဒ ပြုပါတယ် ”

တာရာနတ်သမီး ပျောက်ကွယ်သွားသောအခါ ကျွန်မရှေ့သို့ရောက်နေပြီဖြစ်သော ကြယ်တာရာနတ်သမီးက ကျွန်မကိုကြည့်ကာ ..

“ ခုချိန်ကစပြီး မင်းအိပ်မက်တွေကို စိုးရိမ်ကြောင့်ကျမှု ကင်းကင်းနဲ့ အကောင်အထည် ဖော်ပေတော့ ။ အောင်မြင်မှုနဲ့ ကံကြမ္မာကောင်းတွေကို ငါ ဖန်ဆင်းပေးခဲ့မယ် ”

“ ကျွန်မ ..”

ကောင်းကင် ဘုရင်မက ကျွန်မစကားကို ဆုံးအောင်ပြောခွင့်မပြုပါ။ အတောင်ပံတွေပါသည့် ခြင်္သေ့မောင်နှံနှင့်အတူ ပျံသန်းပျောက်ကွယ်သွားပုံက ကောင်းကင်မှ ကြယ်စုများပင် သူမနှင့် လိုက်ပါသွားသလို ထင်လိုက်ရသည်။

“ မတရားလိုက်တာ ..”

ကျွန်မ စိတ်ထဲက မကျေမနပ် ရေရွတ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ သူမသည် Queen of Heaven ဟူသောအမည်နှင့်လိုက်အောင် အတော်လည်းခက်ထန်ပုံရပါသည်။

“ မင်းအတွက် တရားမျှတမှုကိုတော့ ငါက ပေးနိုင်ပါလိမ့်မယ် ”

ပင်လယ်လှိုင်းရိုက်သံ ဂီတနှင့် ဆင်ဆင်တူသော အသံတချို့ကို ကြားလိုက်ရပြီး ကျွန်မရှေ့တွင် ပင်လယ်ရေပြာရောင် ဝတ်ရုံနှင့် ရီမားနား (Yemana) ကို တွေ့လိုက်ရသည်။



သူမသည် Santeria များ၏ ပင်လယ်စောင့် နတ်သမီးဖြစ်ပြီး မျှတမှု ( Balance) သည် သူမ၏ သင်္ကေတဖြစ်သည်။ သူမသည် ကောင်းကင်နှင့် ကမ္ဘာမြေပြင် ကြားတွင် မျှတမှုကို ဆောင်ကျဉ်းပေးသူလည်းဖြစ်၏။

“ တရားမျှတမှု ဟုတ်လား ”

“ ဟုတ်တယ် ”

ကျွန်မ သူမ၏ ကပိုကရိုလှပသော နက်မှောင်ပြောင်လက်သည့် ပိုးသားဆံပင်များကို ငေးကြည့်နေမိသည်။ သူမ ဦးခေါင်းထက်တွင် ဘာသရဖူမှ မပါပါ။ ဝတ်ဆင်မှုကလည်း ရိုးစင်းလှ၏။

“ တရားမျှတမှုတိုင်းဟာလည်း ကျွန်မကို မကုစားနိုင်ကြပါဘူး ”

“ ဘယ်လိုကွဲ့ ”

သူမ ကျွန်မကို တအံတသြ ပြန်မေး၏။ သူမသည် ရိုးသားလှသော နတ်ဘုရားမ ဖြစ်သည်။

“ ကျွန်မ အမှန်တရားနဲ့ တရားမျှတမှုကို ရှာနေတာမဟုတ်ဘူး ”

သူမက ကျွန်မကို နားမလည်သလို ကြည့်ပါသည်။

“ မင်းဟာက အမျိုးမျိုးပဲ ခုနက ကြယ်တာရာနတ်သမီးကိုကျ မတရားလို့တဲ့ ”

ဟုတ်ပါသည်။ သူမ ပြောတာ မမှားပါ။ မှားနေသည်က ကျွန်မသာ ဖြစ်ပါလိမ့်မည်။ Yemana က ကျွန်မကို ဂရုဏာသက်စွာကြည့်ရင်း ပြော၏။

“ မင်းဟာ တကယ်တော့ ခုထိ ဘာမှန်းမသိသေးတဲ့ မိန်းကလေးပဲ ။ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း သိလျက်နဲ့ အလိုက်အထိုက် ချိုးကွေ့တဲ့လမ်းတွေကို သိမ်းဆည်း ထားတာကျတော့ရော မင်းကိုယ်မင်း တရားမျှတတယ်လို့ မင်းထင်လို့လား ဒီမှာ နေသာတဲ့နေ့ကျမှ လမ်းလျှောက်လို့ရတာမဟုတ်ဘူး ကလေးမရဲ့။ ဘယ်ရာသီဥတုမှာမဆို မင်း လမ်းလျှောက်နိုင်ရမယ် .. ဆုံးဖြတ်ချက်ချထားတဲ့လမ်းကိုလည်း ရဲရဲဝံ့ဝံ့ လျှောက်ရဲရမယ် ”

“ ကျွန်မ မုန်တိုင်းထဲတောင် လျှောက်ခဲ့ပြီးပြီ ။ ကန္တာရထဲလည်း ဖြတ်ခဲ့ပြီးပြီ ခု ကျွန်မမှာ ဘာအားမှ မကျန်တော့ဘူး ”

“ စောစောက မင်းကို ကောင်းကင် ဘုရင်မက ဆုပေးသွားခဲ့တယ်လေ ”

“ ကျွန်မ မှ မတောင်းတာ ”

“ မင်းရဲ့ ခေါင်းမာမှုတွေက သိပ်အသုံးမဝင်တာ မင်းသိခဲ့ပြီးပြီပဲ .. ဘာလို့ ဟန်ဆောင် တင်းမာချင်ရတာလဲ ”

“ ဟင့်အင်း ကျွန်မ မသိဘူး ”

ကျွန်မ မျက်စိစုံမှိတ်ပြီး ငြင်းဆန်လိုက်သည်။

“ အရေးကြီးတာက ကိုယ့်ကိုယ်ကို တရားမျှတခဲ့ရဲ့လား ပြန်စဉ်းစားကြည့်ဖို့ပါပဲ ။ အဖြေရခဲ့ရင်တော့ မင်းခုလို လွင့်မျောနေရာကနေ တည်ငြိမ်မှုရအောင် ကြိုးစာနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် ”

ကျွန်မ ခေါင်းညိတ်ပြမိသလား။ ခေါင်းခါပြမိသလားပင် မသိပါ။ အဖြူရောင် မြင်းကြီး တစ်ကောင်ကို စီးနင်းကာ ခရမ်းရောင် ဝတ်ရုံ တလွင့်လွင့်နှင့် နောက်ထပ် နတ်သမီးတစ်ပါး ကျွန်မရှေ့ ရောက်လာပြန်သည်။

Yemana က ကျွန်မကို မိတ်ဆက်ပေး၏။

“ သူက Rhiannon ပဲ ။ အင်္ဂလိပ်တွေရဲ့ မြင်းနတ်ဘုရားမပေါ့ ။



မင်းကို စိုးရိမ်ပူပန်မှု ကင်းတဲ့ အခြေအနေတစ်ခုဆီ ခေါ်ဆောင်သွားဖို့ သူစွမ်းပါတယ် ”

“ ဟင့်အင်း ”

ထုံးစံအတိုင်း ကျွန်မ ငြင်းမိပြန်ပါသည်။ ကျွန်မ ဘယ်လို အခြေအနေ တစ်ခုကိုမှ မယုံကြည်ရဲသေးပါ။ မျှော်လည်းမျှော်လင့်မထားခဲ့သေးပါ။ မျှော်လင့်ချက် ဟူသော အရာအား ကျွန်မ အသေသတ်ခဲ့သည်မှာ ကြာပြီ။ မဟုတ်လျင် သူ၏ သတ်ဖြတ်မှုကို ကျွန်မ ခံရဖွယ်ရာရှိသောကြောင့်ဖြစ်သည်။

Rhiannon ၏ မြင်းဖြူကြီးသည် လှပကျော့ရှင်းလှ၏။ တစ်ကြိမ်တစ်ခါမျှ စီးနင်းခွင့်ရခဲ့လျင် အဘယ်မျှ ကောင်းမည်နည်းဟု တွေးမိရုံရှိသေးသည်။ သူမ၏ လှပ သွယ်စင်းသော လက်ချောင်းလေးများက ကျွန်မကို ကမ်းလင့်လာခဲ့သည်။

“ လာလေ ”

မွေးရာပါ တွန့်ဆုတ်မှုသည် အသားသေမြဲ အတိုင်း ကျွန်မ နောက်တစ်လှမ်း ဆုတ်သွားမိသည်။ ဆုံးမစကားတို့ဖြင့် ကျဉ်းမြောင်းပေးခဲ့သော ကျွန်မ၏ လမ်းသည် နာကျင်မှုတို့နှင့် ပိတ်ဆို့သွားခဲ့စဉ်ကတည်းက ကျွန်မ အရာရာကို တွန့်ဆုတ်ခြင်း ကြီးလာခဲ့သည်။

“ လာပါ ရဲရဲ ဝံ့ဝံ့လာပါ ”

ကမ်းထားသည့် လက်ကို ကျွန်မ ပေကတ်ကတ်နှင့် ငြင်းဆန်နေမိသည်။ နောက်ကျောမှ ဘာပင်မှန်းမသိသည့် ပင်စည်သာ မရှိခဲ့လျင် ကျွန်မ အိမ်ထဲ ပြန်ရောက်နေလောက်ပြီ။

“ ဟင့်အင်း ”

“ ဘာလို့လဲ မင်း တစ်ခုခုအတွက် ပြောင်းလဲဖို့ ကောင်းနေပြီ မင်း အခြေအနေက သိပ်ကို မွန်းကြပ်နေခဲ့ပြီ။ ဘာလို့ မင်း ငါနဲ့ လိုက်ချင်လျက်နဲ့ လိုက်ပါ ပြောင်းလဲဖို့ ငြင်းဆန်နေရတာလဲ ”

ကျွန်မ မဖြေနိုင်ပါ။

သေချာတာကတော့ စိတ်ထဲမှာ သူမ၏ မြေမနင်းသော မြင်းဖြူကြီးကို စီးနင်းကာ စိတ်လွတ် ကိုယ်လွတ် လျှောက်သွားပစ်လိုက်ချင်သည်။ သို့သော် ကျွန်မကို ဘာက ထိန်းချုပ်ထားမှန်းမသိ။ တွေဝေခြင်းနှင့် ထိန်းချုပ်ခြင်းသည် တူပါသလား။ သေမင်းနတ်သား နှင့် အိပ်ဖန်စောင့်နတ်သားတို့ကတော့ အမြွှာညီအစ်ကိုများ ဖြစ်ကြသည်ဟု ဂရိဒဏ္ဍာရီက ဆိုသည်။

“ မင်း ဘာတွေ စဉ်းစားနေတယ်ဆိုတာ ငါသိတယ် ”

ကျွန်မ ထူးပြီး မအံ့သြမိတော့ပါ။ သူမကပင်ဆက်၍…

“ တကယ်တော့ မင်းတို့က အဲဒီတွေဝေမှုနဲ့ ဒွိဟတွေကို လက်ခံမထားသင့်ဘူး ။ ပြီးတော့ စိုးရွံ့ ကြောက်လန့်မှု .. ”

လာပြန်ပြီ တစ်ယောက်။ ကျွန်မသည် သတ္တိခဲ မဟုတ်သော်လည်း ကြောက်တတ်သူ တစ်ယောက်မဟုတ်တာတော့ သေချာသည်။

“ ကျွန်မ ဘာကိုမှ မကြောက်ဘူး ”

ခပ်ထန်ထန်ငြင်းပစ်လိုက်မိသည်။

“ မင်း လိမ်တာ ။ မင်းမှာက စိုးရိမ်ကြောက်လန့်မှုတွေ အပြည့်ပဲ။ ဒါတွေနဲ့ပဲ ကြီးပြင်းလာခဲ့ ရတာကိုး ။ ဒါကို မင်းက ခေါင်းမာမှု အဖြစ် ပုံသဏ္ဍာန် ပြောင်းထားခဲ့တာပဲ ”

“ မဟုတ်ဘူး တစ်ခုမှ မဟုတ်ဘူး ”

ကျွန်မ မျက်စိမှိတ်ကာ ငြင်းပစ်လိုက်သည်။ သို့သော် မဟုတ်ကြောင်းကိုတော့ သက်သေနှင့်တကွ ရေရေလည်လည် မရှင်းပြနိုင်ခဲ့ပါ။ ရှင်းလည်း မရှင်းပြတတ်ပါ။ ရှင်းပြ စရာလည်း ရှိမနေခဲ့ပါ။

“ ကိုယ်သာဆို အဲဒီကောင်မလေးကို လက်လျှော့ထားလိုက်မှာပဲ ”

အသံကြောင့် လှည့်ကြည့်မိတော့ ဂါဝန်ဖြူလွလွနှင့် ရိုးရှင်းလှသော်လည်း အရှိန်အဝါတစ်ခု နှင့်တောက်ပနေဟန်ရှိသည့် နတ်ဘုရားမ တစ်ပါးကို တွေ့လိုက်ရသည်။ သူ့ကိုလည်း ကျွန်မ မသိပါ။ ကျွန်မက Rhiannon ကို ..

“ သူက ဘယ်သူလဲ ”

“ သူက Estanatlehi တဲ့ ။



ကမ္ဘာမြေပြင်ရဲ့ ပေါများကြွယ်ဝမှုကို စောင့်ရှောက်ပေးတဲ့ သူပေါ့ ။ နာဗာဂျို တွေရဲ့ corn goddess လည်း ဖြစ်တယ်။ သူ့ရဲ့ သင်္ကေတက Fertility ပဲ။ ”

“ ရှင့်ရဲ့ သင်္ကေတကရော ”

“ Movement ”

Rhiannon က တစ်လုံး တည်းအဖြေပေးသည်။ ကျွန်မကတော့ ထုံးစံအတိုင်း ပြောင်းပင်တွေရဲ့ နတ်ဘုရားမက ဘာလုပ်ပေးနိုင်မှာလဲဟု ကလန်ကဆန် တွေးနေမိပြန်သည်။ Estsanatlehi ကတော့ သူမ၏ တောက်ပသော မျက်ဝန်းများနှင့် ကျွန်မကို စိုက်ကြည့်နေ၏။ ပြီးမှ…

“ တချို့လူတွေက စေတနာနဲ့ မတန်ဘူး အဲဒီထဲမှာ မင်းပါတယ် ။ တကယ်တော့ မင်းဟာ စုံစမ်း နှောက်ယှက်ခြင်းတွေနဲ့ပဲ ထိုက်တန်တဲ့ လူမ တစ်ယောက်ပဲ။ မင်းဘဝနဲ့ ထိုက်တန်သလိုပဲ မင်းနေရမှာပါ ။ ဒီည မင်းဆီရောက်လာကြတဲ့ ရောက်လာကြဦးမယ့် နတ်ဘုရားမ အားလုံးဟာ တွေ့ချင်တဲ့သူတိုင်း တွေ့ရမယ်လို့ မင်းထင်နေသလား ။ မင်းဟာ မင်းကြမ္မာကို မိုက်မဲစွာ ဖန်တီးသူပဲ။ Rhiannon ကတော့ တာဝန်ကျေပြီ ”

ပြောချင်တာပြောပြီး ပျောက်ကွယ်သွားသဖြင့် ကျွန်မ လူသားဆန်စွာ ရယ်မိသည်။

“ မင်း ဘာရယ်တာလဲ ”

သူ့ကို ရယ်တာပါ ။ သူက ကျွန်မကို နဂိုတည်းက လက်မြှောက်ဖို့ လာခဲ့တာပဲ ခု သူပြောချင်ရာပြောပြီး တာဝန်ကျေပြီတဲ့ ကျွန်မ မရယ်ရတော့ဘူးလား။

“ မင်းတို့ဟာ နာကျင်မှုကို ခေါင်းမော့ ရယ်မောပစ်လိုက်တာနဲ့ အသားကျနေခဲ့ပြီလား ။ ဒါဟာ မင်းတို့ နှလုံးသားကို တကယ်ရော ကုစားနိုင်လို့လား ”

မြတ်စွာဘုရား။ ဒါ မေးခွန်းမဟုတ်ပါ။ ကျွန်မတွင် အဖြေအသင့်လည်း ရှိမနေပါ။ တကယ်တော့ ကျွန်မသည် Rhiannon ပြောသလိုပင် ထိုအရာတွင် အသားကျနေခဲ့ပြီး လေပြီ။ တကယ်တမ်း ပျော်ရွှင်မှုများနှင့် ကောင်းချီးပေးခံရလျင်ပင် ကျွန်မတို့ ရယ်မော ပျော်ရွှင်တတ်ပါဦးမည်လား။ မသေချာပါ။

Rhiannon ကတော့ ကျွန်မကို ဂရုဏာသက်စွာ ကြည့်နေဆဲဖြစ်၏။

မနော်ဟရီ


8 Comments:

Zephyr said...

အားလုံးပြီးမှ တစ်ခါထပ်ဖတ်ကြည့်ဦးမယ်။
နတ်မယ်တော်ကြီးတွေတော်တော်များရှိမှန်း သိလိုက်ရတယ်။

...

Craton said...

ဟုတ်ပါ့ဗျာ... (ဝေလေလေကြည့်တာ)
:P

တီနော်က အဲ့ဒီထဲက လူမတစ်ယောက်အတိုင်း ချွတ်စွပ်ပဲလား..
ဟုတ်မှာပါလေ..

tin min htet said...

မနော် မယ်တော်တွေကိုတော့ မမှီမကမ်း ဒရွတ်ဆွဲပြီး ဖတ်နေပါတယ် :P

မယ်ကိုး said...

မယ်ရောပဲ :P ...တရုတ်သိုင်းစာအုပ်ဖတ်ရသလို နာမည်တွေ မနည်းမှတ်မိအောင် ဖတ်နေရတယ် :D
စာလေးရိုက်တင်ပေးတဲ့ ချစ်မမကို အထူးကျေးဇူးပါနော် :)

rose of sharon said...

လာဖတ်သွားတယ်နော်.... အရှေ့ပိုင်းတွေလွတ်သွားတာ နောက်မှတခေါက်ပြန်လာဖတ်မယ်...

အမရာ said...

နောက်ထပ်နတ်သမီးတွေ
တော်တော်များများကျန်သေးလား..
အရမ်းစိတ်ဝင်စားဖို့ကောင်းလိုက်တာ...

လင်းဒီပ said...

မယ်တော်တွေ အများကြီးပဲ
သူရို့ ကာရိုက်တာတွေ လိုက်မှတ်လိုက် မေ့လိုက်နဲ့..:P

ကိုရင်နော်ခင်လေးငယ် said...

မမ...

အစအဆုံး မပြီးသေးခင် note မှာ နံမည်တွေနဲ့
စရိုက်လေးတွေ တွဲတွဲမှတ်ပြီး ဖတ်လိုက် ပြန်တွေးလိုက်နဲ့ ပါပဲ...

တစ်ထိုင်တည်း တဝကြီး ဖတ်ချင်စိတ်ကို အောင့် အောင့် ထားနေရတယ်ကော...

ချစ်တဲ့...