နတ်သမီးပုံပြင် (အပိုင်း ၁)

Thursday, January 21, 2010

ဘလော့ခ် ကို သိပ်ပြီး အစဉ်တစိုက် အားထုတ်မရေးဖြစ်တာ ကြာပြီလို့ ထင်ပါတယ်။ ကေ့ စကားနဲ့ ဆိုရင်တော့ ဂရပ်ဖ် မျဉ်းက ထိုးကျလာတဲ့သဘောပေါ့ ။ ဒါက ကေ tag ထားတဲ့ စိန်ပန်းတွေ ကံ့ကော်တွေကို ကြာဦးမယ် လို့ ပြောဖို့ စတဲ့ စကားဦး တော့မဟုတ်ပါဘူး။ J


အစကတော့ ကံကော်တင်းကုတ်ကလေး အကြောင်းကို တခုတ်တရရေးရမယ့်အချိန်နဲ့ ကျွန်မ အိမ်ပြန်မယ့်အချိန်နဲ့က အံကိုက်ဖြစ်နေလို့ ပုံတွေက အစ သေချာရှာပြီး ရေးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း လုပ်စရာတွေက တပုံတပင်.။ နေဆူးသစ်နဲ့ တင်မင်းထက်ကြည့်လိုက်တော့လည်း ရေးပုံမပေါ်သေးတော့ အဖော်ရတယ် လို့လည်း ဖြေတွေး တွေးလိုက်ပါသေးတယ်။ ဒါပေမယ့် ရေးတော့ ရေးမှာပါ။ အမြန်ရေးနိုင် အောင်ပဲ ကြိုးစားရပါမယ်။ (ဒါက ကေ့ကိုပေးတဲ့ ကတိပါ ) တင်မင်းထက်ရဲ့ အကြွေးကို ဆပ်ဖို့ရှိနေတာလည်း သတိရပါတယ်။ ငယ်လက်ရာကဗျာတစ်ပုဒ်ပါ။


ခု ဝတ္တုရှည်ကတော့ mini fiction သဘောမျိုးရေးထားတဲ့ ဝတ္ထုရှည်ပါ။ ၂၀၀၂ ခုနှစ်မှာ ကျွန်မ လက်ထဲ tarot ကဒ် တစ်ထုတ်ရောက်လာခဲ့တယ်။ Goddess Tarot တဲ့။ မေဂျာ ၂၂ ကဒ်ကို နတ်ဘုရားမ ၂၂ပါးနဲ့ ဖန်တီးထားတဲ့ tarot ကဒ်တွေပါ။ စိတ်ဝင်စားစရာ တကယ်ကောင်းသလို ကျွန်မနဲ့လည်း အတော်ကီးကိုက်ခဲ့တဲ့ ကဒ်တွေဖြစ်ပါတယ်။ ဘယ်ထိလဲ ဆိုရင် နောက်ဆုံးမှာ ကျွန်မက အဲဒီအထုတ်ကို ကိုင်တဲ့အခါမှာ မေဂျာ ၂၂ကဒ်ကလွဲပြီး ကျန်တဲ့ကဒ်တွေကိုတောင် မကိုင်ဖြစ်တဲ့ထိကို ဖြစ်သွားပါတယ်။ (တခြားအထုတ်တွေ ဆိုရင်တော့ မိုင်နာကဒ်တွေပါ ကိုင်ပါတယ် ။ ဥပမာ လက်ရှိကိုင်နေတဲ့ Osho Zen Tarot ကဒ်တွေဆို ကျွန်မ ၇၈ ချပ်လုံး သုံးပါတယ်။)


အဲဒီကဒ်တွေကို ကိုင်ရင်း ကျွန်မဒီဝတ္ထုကို ရေးဖြစ်သွားတယ်။ အဲဒီမှာပါတဲ့ နတ်ဘုရားမ ၂၂ပါးနဲ့ ဖွဲ့တည်ထားတဲ့ ဝတ္ထုမျိုးပါ။ အဲဒီအချိန်တုန်းက စိတ်အခြေအနေတွေလည်း အများကြီးပါမယ်ထင်ပါတယ်။ ခုချိန်မှာ ပြန်ဖတ်ကြည့်တော့ သိပ်တော့ စိတ်တိုင်းမကျ တော့ပါဘူး။ အဓိကက အဲဒီတုန်းက စိတ်အခြေအနေမျိုး ကျွန်မမှာ မရှိတော့လို့ပါပဲ။ ပြောင်းလဲမှု တရားတွေနဲ့အတူ ကျွန်မလည်း ပြောင်းလဲလာခဲ့ပြီကိုး။


အဲဒီဝတ္ထုရှည်ကို ပထမဆုံးပေးဖြစ်တာက ကိုသျှီသူအောင် အင်တာဗျူးဂျာနယ်မှာ လုပ်နေတုန်းက ဖြစ်ပါတယ်။ ရတယ် ပေးပါ အခန်းဆက်ထည့်မယ် ဆိုလို့ ပေးလိုက်တာ။ တစ်ပတ်နှစ်ပတ်နဲ့ တင် ရပ်သွားပါတယ်။ ဆက်ထည့်ခွင့်မရတော့ပါဘူး။ နောက်တစ်ခါ မဂ္ဂဇင်းတစ်ခုကိုပေးပါတယ်။ မရပြန်ပါဘူး။ တတိယအကြိမ်မှာတော့ ကျွန်မ အိုင်ဒိယာကို ပေးဖြစ်သွားပါတယ်။ ၂၀၀၄ နိုဝင်ဘာ မှာ ပါလာပါတယ်။ တစ်လုံးတစ်ပါဒမှ မထိခိုက်ပဲ ပါလာတာပါ။ ရှားပါးလှတဲ့ ဆရာမောင်မောင်သိုက်ရဲ့ ပန်းချီလက်ရာနဲ့ဖြစ်ပါတယ်။ နတ်သမီးပုံပြင် လို့ အမည်ရပါတယ်။ အမှန်တော့ Goddess တွေက နတ်သမီးတွေမဟုတ်ပါဘူး။ နတ်ဘုရားမတွေပါ။ ဒါပေမယ့် နာမည်ကို လှအောင် နတ်သမီးပုံပြင် လို့ ပေးလိုက်ပါတယ်။


တခြားတခြားသော အခန်းဆက် တင်တဲ့ blogger တွေကို လက်စားခြေတဲ့အနေနဲ့ မဟုတ်ရပါဘူး။ တပြိုင်နက်တည်း စာများများ မရိုက်နိုင်တဲ့အတွက် ခြွေပြီး တင်တယ်လို့ သဘောထားပေးပါ။ တစ်ပိုင်းစီ တင်ပေးသွားပါမယ်။



နတ်သမီးပုံပြင်

“ ဧည့်သည် ..”“

"ဝေး .. ဧည့်သည် ..”

ဆရာ .. ဧည့်သည် ..”


ကလေးများ တဆင့်တဆင့်အော်သံ၏ အဆုံးတွင် ကျွန်မ၏ ချစ်လှစွာသော သူငယ်ချင်းကလေးသည် ကျောင်းခန်းကလေးထဲမှ ထွက်လာသည်။ မျက်မှောင်ကို အတတ်နိုင်ဆုံး ကြုတ်ကာ အဘိုးအိုလေး တစ်ယောက်လို ကျွန်မကို ကြည့်၏။ ပြီးမှ မယုံကြည်နိုင်သော မျက်နှာနှင့် ..


“ မေခ .. နင် မေခ လား ”

“ အင်းလေ..”

“ နင် ဒီကို ဘာလာလုပ်တာလဲ ”


ကျွန်မကိုမြင်၍ သူ ဝမ်းသာသည်က နည်းနည်း ဘာလာရှုပ်တာလဲဟု တွေးသည်က ခပ်များများ ဖြစ်ပုံရသည်။ ဟန်ပင်မဆောင်နိုင်ပဲ သူ့ထုံးစံအတိုင်း သူသိလိုသည်ကိုသာ မေး၏။


“ စာလာရေးတာ ”

“ လာ… ထွင်ကိုထွင်တယ် ..အံ့ရော သူများတွေလို အေးအေးဆေးဆေးရှိမယ့် နေရာမျိုး မှာရေးပါလား ဒီလိုနေရာထိလာပြီး …”


ဖိတ်ခေါ်ပုံက စေတနာပါသော်လည်း နောက်က ပွစိပွစိသံများက ကပ်ပါလာသည်။


“ နင် နားမလည်ပါဘူး စိုလတ်ရာ ..”

“ ဘာလို့ နားမလည်ရမှာလဲ တခြားလူဆရာသွားလုပ် ငါ့တော့လာမလုပ်နဲ့ ”

“ အေးအေး မေ့သွားလို့ နင်က ကျောင်းဆရာပဲ ..”


ခုနေခါမှာတော့ သူက အိမ်ရှင်.. ကျွန်မက ဧည့်သည်။ သူထားရာနေရပြီး သူပြောတာခံရမည့်သူ ဖြစ်သည်။ ဒီလောက်ခရီးကို ကျောပိုးအိတ်တစ်လုံး လက်ဆွဲအိတ် တစ်အိတ်နှင့် လမ်းလျှောက်ခဲ့ရတာကို တစ်စက်ကလေးမှ ဂရုဏာသက်ဖော်မရပါ။


“ ငါ့ရွာကို ဘယ်လိုလာရတယ်ဆိုတာ မမေ့အောင်လို့ စာနဲ့တောင် အတိအကျရေးပြောပြီးသား .. အဲဒါကို နင့်ဟာနင်လာဖြစ်အောင်လာတာ ပင်ပမ်းလည်း နင်ပဲ ..”


ကျွန်မ အတွေးများကို သူက သိသည့်နှယ်။ ထပ်ပြီးပွစိထိုးနေသေးသည်။ ပြီး ကျွန်မကို အိမ်ကလေးတစ်အိမ်သို့ခေါ်သွား၏။ ကုန်းကမူလေးအထက်က အိမ်ကလေး။ သူနေထိုင်ရာ မူလတန်းကျောင်းနားက အိမ်ကလေးနှင့် အနီးဆုံးအိမ်ဖြစ်၏။ အိမ်ရှင် ရဝမ်အမျိုးသမီး ညီအစ်မက ကျွန်မကို ကျွန်မသူငယ်ချင်းထက်ပင် လှိုက်လှဲစွာ ကြိုဆိုကြသေးသည်။


နောက်တစ်နေ့မှာတော့ ကျွန်မက အိမ်ခြေဘယ်လောက်မှမရှိသော ရွာကလေးကို လှည့်ကာ စပ်စုရေးဆင်းတော့သည်။ သူတို့လုပ်သမျှ ကိုင်သမျှက ကျွန်မတို့ ရန်ကုန်နှင့် ဘာမှမဆိုင်တာမို့ ကျွန်မ သိချင်သမျှကို စပ်စပ်စုစုမေးသည်။ သူတို့က သူတို့နားလည် သလိုဖြေသည်။ သူတို့စကားဝဲဝဲကို ကျွန်မက တစ်ဝက်မျှသာ နားလည်သည်။ သိပ်တော့ မဆိုးလှပါ ။ သုံးပုံတစ်ပုံလောက်တော့ တင်ကျန်ခဲ့ပါသည်။


သူတို့က ကျွန်မကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်ကြသော်လည်း သူတို့ကိုယ်၌က ကျွန်မ ဘာကြောင့်ဒီကိုလာပြီး ဒါတွေလျှောက်မေးနေမှန်း သူတို့မသိကြပါ။ ထို့ကြောင့် ကျွန်မ သူငယ်ချင်းကို ခေါ်မေးကြသည်။


“ ဆရာ့ သူငယ်ချင်းက ဒီကိုလာလည်တာလား ”

“ ဟင့်အင်း စာလာရေးတာ ”


ကလေးတွေကို ဘယ်လိုစာသင်သည်မသိ။ သူ့အဖြေကတော့ အပိုအလိုမရှိ။ တိကျလှ၏။ ဒေသခံများကတော့ ကျွန်မကို နားမလည်သလိုသာကြည့်သည်။ စာရွက်နှင့် ခဲတံ(သို့) ဘောလ်ပင်ရှိလျင် ဘယ်နေရာရေးရေးရသည့်ကိစ္စကို ဒီအထိ လာသလား ဟုလည်း တွေးပုံရသည်။ ကိစ္စမရှိပါ။ သူတို့နားလည်အောင် ကျွန်မရှင်းပြစရာမလိုပါ။ တချို့ကိစ္စများတွင် နားမလည်သည်က ပို၍ကောင်းပါသည်။ စိုလတ်ကတော့ ကျွန်မကို မယုံသင်္ကာနှင့်မေးပါသည်။


“ နင်ထွက်ပြေးလာတာတော့ မဟုတ်ပါဘူးနော် ”

“ ရော် ..ခက်နေပါပြီ ပြေးချင်ရင် ဒိထက်ဝေးတဲ့နေရာ ပြေးလို့ရတယ်လေ ငါ့ကို မယုံသင်္ကာ လာမလုပ်နဲ့ ဒီးရမ် တို့သာဆို ငါ့ကို အဲလိုမေးမှာမဟုတ်ဘူး ”


သူ ဘာမှပြန်မပြောတော့ပါ။


ရွာကလေးနှင့်ကျွန်မ လွဲချော်နေတာ တစ်ခုပဲရှိသည်။ သူတို့က ညဆို စောစောအိပ်တတ်ပြီး မနက်မိုးမလင်းမီ ထတတ်ကြသည်။ ကျွန်မက ညဆို တော်တော်နှင့် မအိပ်တတ်ပဲ မနက်ဆို နေမြင့်မှ ထတတ်သည်။ ကျွန်မက သူတို့ကို မအံ့သြသော်လည်း သူတို့က ကျွန်မကို တအံ့တသြ။


ကျွန်မတည်းခိုရာအိမ်ကလေးမှ မကြီးနှင့်မငယ်ဟု ကျွန်မက ခေါ်သည့် (သူတို့ ရဝမ်အမည် ကိုကျွန်မ မခေါ်တတ်ပါ။ ) အမျိုးသမီးကြီးနှစ်ယောက်သည် ရောက်စညက ကျွန်မ တော်တော်နှင့် မအိပ်သည့်အတွက် သူတို့ပါ အိပ်ရေးပျက်ခဲ့ရသည်။ ထို့ကြောင့် ကျွန်မ စိုလတ်ကိုခေါ်ကာ ရှင်းပြခိုင်းရသေး၏။ ထိုအခါမှ သူတို့ဘာသာ သူတို့ စောစော အိပ်ရာဝင်ကာ မနက်ထသည်နှင့် တောင်ယာသို့ထွက်သွားကြတော့သည်။


ကျွန်မ နာမည်ကိုတော့ သူတို့စိတ်ဝင်စားကြသည်။ကျွန်မသူငယ်ချင်းက ..


“ သူ့နာမည်က မေခ တဲ့”

“ အိုးအို .. အမိုင်ခ လား ”

“ အင်း .. ဟုတ်တယ် ”

“ ထူးဆန်းရာရော သူက ဘာလူမျိုးလဲ ”

“ ကချင်မဟုတ်ပါဘူး”

“ အော် အော် ”


သူတို့ ကျွန်မနာမည်ကိုတော့ သဘောကျနေကြသည်။ ကျွန်မတွင် မေလိခ ဟုခေါ်သော ညီမတစ်ယောက် ရှိသည်ဟုပါ ထပ်ပြောလိုက်လျင် သူတို့ အတော် စိတ်ဝင်စားသွားကြပေ လိမ့်မည်။ သို့သော် ကျွန်မ မပြောဖြစ်ပါ။ စိုလတ်ကလည်း မပြောပြပါ။


တစ်ညနေတွင် ကျွန်မတို့ ညစာ စားသောက်ပြီးကြသောအခါ မကြီးက ကျွန်မအတွက် စာရေးရန် ထမင်းစားပွဲကို ပြောင်စင်အောင် သုတ်ပေးရင်းက ..


“ အမိုင်ခရေ ဒီနှစ် တောင်ယာက နည်းတယ် ”

“ ဟင် ဟုတ်လား ဒါဆို ဘယ်လိုလုပ်ကြမလဲ ”


တကယ်တော့ ကျွန်မ မကြီးပြောတာကို သိပ်နားမလည်ပါ။ နားလည်ချင်ယောင်ဆောင် တတ်သောပညာတတ်တချို့၏ညာဉ်အတိုင်း ကျွန်မ ခပ်တည်တည်နှင့် ပြန်မေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်။


“ဘာတတ်နိုင်မှာလဲရော ဘာမှမတတ်နိုင်ဘူး စားလောက်ကြမှာပါ မလောက်လည်း မျှစားပေါ့ ဘယ်သူမှ လာပေးမှာမှ မဟုတ်တာ ”


မငယ်က ဝင်ဖြေခြင်း ဖြစ်သည်။ အင်မတန်လက်တွေ့ကျသော အဖြေပင်ဖြစ်သည်။ သို့သော် ယူကီမိုချီ ( Ukemochi) ဟူသော ဂျပန်နတ်ဘုရားမအကြောင်းကို ဖတ်ထားဖူးသော ကျွန်မက အတွန့်တက်လိုက်မိသည်။





“ မေခ ဖတ်ထားဖူးတဲ့အကြောင်းအရာလေးတစ်ခုပြောပြချင်တယ် ပုံပြင်ပေါ့လေ ”

“ ဘာအကြောင်းလဲ ပြောလေ”

“ အော် ဂျပန်ရိုးရာပုံပြင်ခေါ်မလား ဒဏ္ဍာရီခေါ်မလားပဲ ကောက်ပဲသီးနှံနဲ့ ဆိုင်တဲ့ နတ်ဘုရားမ တစ်ပါး အကြောင်းပေါ့ ”


ဂျပန် .. ဒဏ္ဍာရီ.. နတ်ဘုရားမ .. ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူတို့ မမေးကြတော့ပါ။ ကျွန်မကိုသာ မျက်လုံးမှေးမှေးလေးများနှင့် စိုက်ကြည့်နေကြသည်။


“အဲဒီ နတ်သမီးလေးနာမည်က ယူကီမိုချီ တဲ့ သူတို့နိုင်ငံမှာ မိုးခေါင်ပြီး ကောက်ပဲသီးနှံမအောင် ၊အစာရေစာရှားပါးနေတဲ့အချိန်မှာ အဲဒီ Ukemochi ဟာ အစာရေစာ ခေါင်းပါးနေသူတွေအတွက် အသေခံပြီး သူ့ကိုယ်သူ အစာဖြစ်အောင် ပြောင်းလဲ ပေးခဲ့တယ်တဲ့ ”


“ သူသေတော့ သူ့ကို စားခိုင်းတာလား ဟင် ”

“မဟုတ်လူး မငယ်ရဲ့ သူ့ရဲ့ အဓိဌာန်အတိုင်း သူသေတော့ သူ့ဦးခေါင်းဟာ နွားဖြစ်သွားတယ် ပြီးတော့ နဖူးကနေ စပါးပင်တွေ ကောက်ပဲသီးနှံပင်တွေ ပေါက်လာခဲ့ သတဲ့ ”

“ နွား .. ဟုတ်လား နွားက စားဖို့လား လယ်ထွန်ဖို့လား ”

“ အဲ ”


ကျွန်မ ပြန်မဖြေတတ်တော့ပါ။ သို့သော် ဟန်ကိုယ့်ဖို့ ဆိုသည့်အတိုင်း ..


“ ဟို လယ်ထွန်ဖို့နေမှာပေါ့ သြော် သူ့နဖူးက ပေါက်လာတဲ့ ကောက်ပဲသီးနှံတွေကလည်း အားလုံး စားလောက်ကြတယ်တဲ့ ”

“ သြော် ”


တကယ်တော့ ဒဏ္ဍာရီထဲမှာ ဒါတွေမပါပါ။ သို့သော် ကျွန်မက စမိသူလေ။ နဖူးက ပေါက်တဲ့အပင် ဘယ်နှယောက်စားရမှာလဲဟု မမေးခင် ကြိုကာကွယ်ထားလိုက်ခြင်း ဖြစ်သည်။ စိတ်တော့မကောင်းပါ။ ကျွန်မတို့တွင် မွေးရာပါ ဖြတ်ထိုးဥာဏ်များက လက်နက်တစ်ခုပမာ ဖြစ်နေခဲ့ပြီလေ။ ကျွန်မ ပြောသမျှကို နားထောင်ပြီး အိပ်ရာဝင်သွားကြသော ရိုးသားလှသည့် ညီအစ်မ နှစ်ဦးကိုကြည့်ကာ ကျွန်မ သူတို့ကို အားကျနေမိသည်။ တစ်ခါတစ်ခါတော့လည်း မဖြစ်နိုင်သော အရာတွေကို စိတ်ကူးယဉ်ရတာ ပျော်စရာကောင်းပါသည်။


(၁)

သူတို့အိပ်ပျော်သွားသောအခါ ကျွန်မ ထုံးစံအတိုင်း အပြင်ထွက် လမ်းလျှောက်ဖြစ်သည်။ ဒီအရပ်ဒေသတွင် အမှောင်မရှိပေ။ အမှောင်မရှိသလို အန္တရာယ်လည်းမရှိ။ လ ကလည်း သာနေသည်။ ကျွန်မသိသလောက် ဒီနေ့သည် လပြည့်နေ့ဖြစ်သည်။


မကြီးနှင့် မငယ်၏အိမ်သည် ကုန်းမြင့်ကလေးပေါ်တွင် တည်ရှိသည်။ ထိုကုန်းကမူအစွန်း လေးမှ ရပ်ကြည့်လိုက်လျှင် အတော်ကလေးပြန့်ပြူးသော မြေပြင်နှင့် မူလတန်းကျောင်း ကလေးကိုတွေ့ရ၏။ ကျောင်းဘေးမှ သူငယ်ချင်း၏ အိမ်ကလေးသည် ထင်းရှူးသားလိုလို အသားဖြူဖြူ သစ်တစ်ချို့နှင့် ဆောက်ထားခြင်းဖြစ်၍ သူငယ်ချင်း၏ အိမ်ကလေးသည် လရောက်အောက်တွင် ဝင်းလက်နေ၏။


တစ်ရွာလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လို့။


တကယ်တော့ ဒီလိုအချိန်၊ ဒီလိုရာသီဥတု၊ ဒီလိုနေရာဆိုတာ တကယ့်ကို စာရေးလို့ ကောင်းမည့်နေရာဖြစ်သည်။ သို့သော် ကျွန်မမှာတော့ ဘာကိုမှတွေးမရ။ ရေးမရခဲ့ပါ။ ဘာကိုမှန်းမသိ ရမ်းရော်လွမ်းဆွတ်နေသော အလွမ်းများနှင့် ကျွန်မ ဆောက်တည်ရာမဲ့နေ တတ်သည်။ တစ်ခါတစ်ရံတော့လည်း ဘာကိုမှန်းမသိ စိုးရွံ့နေမိတတ်ပြန်၏။


ကမူကလေး၏ အစွန်းတွင် ခဲရာခဲဆစ် ကုတ်ကပ် အမြစ်တွယ်ထားသော ဘာပင်မှန်းမသိသည့် အပင်လေးတစ်ပင် ရှိသည်။ ထိုအပင်လေး၏ နိမ့်လျှော ပြေဆင်း သွားပုံက ကျွန်မအတွက် အမှီတစ်ခုလိုပင်။ တစ်ခါတစ်ရံတော့လည်း သဘာဝတရားက ဆန်းကြယ်လွန်းလှသည်။


ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်တွင် ကြယ်များစုံနေပြီ။ ညဦးပိုင်းသာ ရှိသေး၍ ခုနှစ်စဉ်ကြယ်ကလည်း နြေ္ဒရနေဆဲ။ southern cross ဟုခေါ်သော ခုနှစ်စဉ် ကြယ်ဆန်ဆန် ငါးလုံးတွဲကြယ်စုကလေးလည်း ရှိနေသည်။ ဓနုရာသီ၏ ကြယ်စုကရော ဘယ်ဆီမှာလဲ။ ထို ကြယ်ကလေးဆယ်လုံးပါဝင်သည်ဆိုသည် ဓနုရာသီ၏ ကြယ်စုကလေး ကို ကျွန်မ တစ်ခါမှ သေချာမမြင်ဖူးသေးပါ။ ဘယ်ကြယ်စုများ ဖြစ်လေမလဲ။


ကျွန်မ ရှေ့နောက်ဝဲယာ ကောင်းကင်ကို လှည့်ပတ်ရှာဖွေလိုက်သည်။

ဘုရားသခင်။

ကျွန်မ အမြင်မှားနေသလားဟု ကိုယ့်ကိုယ်ကို သံသယဝင်ကာ မျက်လုံးများကိုပင် ယောင်ရမ်း ပွတ်သပ်မိလေသလား မသိ။ ခြင်္သေ့အမတွေလား ၊ကြောင်ကြီးတွေလား ကျားသစ်လား ကျွန်မ မခွဲခြားတတ်သည့် အကောင်လှလှကြီးနှစ်ကောင်ကသော ရထားပျံ တစ်စီး ကျွန်မဆီပျံသန်းလာနေသည်။ ရထားပျံပေါ်တွင် ပါလာသည်က ပန်းဆီရောင် ဝတ်ရုံကို ခြုံထားသည့် ရွှေညိုရောင် ဆံပင်များနှင့် မိန်းမလှလေး။





“ အိုး … လှလိုက်တာ ”

ကျွန်မ တအံတသြ ရေရွတ်မိဆဲ ရထားပျံက ကျွန်မရှေ့တွင် ရပ်သွားကာ မိန်းမလှလေးက ကျွန်မကို ပြုံးကာကြည့်၏။

ကျွန်မ…။

ဆွံ့အနေသူ တစ်ယောက်ပမာ သူ့ကိုပြန်ကြည့်နေမိရုံကလွဲပြီး ဘာပြောရမှန်းမသိ။ သူမကပင် ..

“ မင်း ငါ့ကိုသိလား ”

“ ဟင့်အင်း .. ”

ကျွန်မ ခေါင်းခါပြမိသည်။

“ ငါက Freyja ပဲ ”

“ အော် ကျွန်မ သိတယ် ”


ကျွန်မသည် နတ်ဘုရားမများနှင့် စာအုပ်ထဲတွင်သာ ကျွမ်းဝင်သူဖြစ်သည်။ Freyja ကိုလည်း ကျွန်မ တကယ်သိပါသည်။ သူမသည် Norse တွေ၏ နတ်ဘုရားမ ဖြစ်သည်။ စွမ်းအားလည်း အလွန်ကြီးသည်။ သူမ၏ သင်္ကေတသည် Power ဖြစ်သည်။

သူမကပင်ဆက်၍ ပြောပြန်သည်။

“ ငါက ဖန်တီးမှု အချစ်နဲ့ အလှအပကို အုပ်စိုးတဲ့ နတ်ဘုရားပေါ့ အဲဒါနဲ့ ပတ်သက်တဲ့ စွမ်းအင်တွေကို အလိုရှိတယ်ဆိုရင်တော့ မင်းးကိုငါ ကူညီနိုင်တယ် ”

“ ကျွန်မ အလှအပကို မကိုးကွယ်ဘူး အချစ်ဆိုတဲ့ လက်တမ်းပုံပြင်တွေကို အယုံအကြည် မရှိဘူး .. အဲ .. အနုပညာ ဖန်တီးမှု စွမ်းရည်ကိုတော့ စိတ်ဝင်စားပါရဲ့ ဒါပေမယ့် အဲဒီ စွမ်းရည်သိပ်များနေရင်လည်း ကျွန်မ အလုပ်ဖြစ်မှာမဟုတ်ဘူး ”

“ ဒါဆို မင်း ဒီမှာ ဘာလာလုပ်နေတာလဲ စာလာရေးတာဆို ”

“ ရှင် ”


ရုတ်တရက် အံ့သြမိသွားပြီးမှ ထိုအံ့သြမှုတွေကို အမြန် လက်စသပ်လိုက်ရသည်။ သူမက နတ်ဘုရားမပဲ။


“ အဲဒါ ခေါင်းစဉ်တစ်ခုပါ အမှန်က ကျွန်မ လူတချို့ ဘယ်လိုနေထိုင်တယ်ဆိုတာ သိရအောင် လာတာ ”

“ အဲဒါလည်း ခေါင်းစဉ်တစ်ခုဖြစ်မှာပါ ။မင်းဘာလို့ ဒီကိုရောက်လာတယ်ဆိုတာ ငါသိပါတယ်။ ”


ဟင့်အင်း။ မဖြစ်နိုင်ပါ။ ကျွန်မဘာသာကျွန်မပင် ခေါင်းစဉ်ပေါင်းမြောက်များစွာထဲမှ နီးစပ် သင့်လျော်သည့်ခေါင်းစဉ်တစ်ခုကို ဆွဲယူလာခြင်းဖြစ်သည်။ အတိအကျမဟုတ်ပေ။


“ မင်း မယုံဘူးမဟုတ်လား မင်းစိတ်တွေလွင့်နေတယ် ”

ဒါကိုတော့ ကျွန်မ ဝန်ခံလိုပါသည်။ သူမက ဆက်ပြော၏။

“ မင်း စိတ်တွေလွင့်နေတော့ အတွေးတွေသာ ရနေတယ် စာမရေးနိုင်ဘူး ။ စိတ်နဲ့ကိုယ်နဲ့ ကလည်း မကပ်တော့ ခုနက မင်း ယူကီမိုချီ အကြောင်းပြောသလိုပေါ့ ”


17 Comments:

Zephyr said...

ရေးလက်စလေးတောင် ဆက်ရေးဖို့ နည်းနည်း အားငယ်သွားတယ်။

:)

၂၂ ယောက်စလုံးပါမှာလား မမေးမိလိုက်တာ အခုမှ သတိရတယ်။

၂၂ ယောက်စလုံးရေးတယ်ဆိုရင်တော့ အားကျမခံ Minor ကဒ်တွေ ပါ ပေါင်းပြီး ၀တ္ထုရေးမှနဲ့တူတယ်။

ဖိုးစိန် said...

(၂၂)ယောက်တဲ့လား..

၎ဂဏန်းနဲ့ အကျိုးပေးပါ့...

ခုလောလောဆယ်တော့ Freyja နဲ့ တွေ့ခွင့်ပေးပါ...

အချစ်တွေ ကိုဖန်တီးပေးဖို့ တောင်းဆိုပါတယ်.. အဟိ


း)

မီယာ said...

ချွေဖတ်မယ် မနော်ရေ... အဲ့သလိုဖတ်ရတာ ပို အရသာ ရှိတယ်....

မယ်ကိုး said...

ချစ်မမ လက်စားခြေတဲ့အထဲ မယ် မပါ ပါဘူးနော် :D
စိတ်ဝင်စားဖို့ကောင်းလိုက်တာ မရယ်။
နတ်သမီးပုံပြင်ဆို အမည်ထဲက ကြိုက်တယ်။
၂၂ ယောက်လုံးနဲ့ ကျွမ်းဝင်ချင်တယ် =)
ဝဋ်မှာအမြဲ ဆိုတဲ့အတိုင်း စိတ်လှုပ်ရှားစွာ မျှော်လင့်နေမယ်နော် :P

tin min htet said...

မနော်ရေ - အိမ်ပြန်ရောက်ပြီးနောက် ပို့စ်တက်လာတာ ဝမ်းသာပါတယ်။ ခု ဘန်နာ အသစ်က ကလောင်ကြီးနဲ့ ရေးနေတာလား

ကေ ပြောထားတာကို ရေးနေပြီ။ တော်တော်များများ ပြီးမှ တင်ချင်လို့ အခု မတင်သေးတာ။

ဒဏ္ဍာရီ said...

မနော်ရေ.. နတ်သမီးပုံပြင်လေး လာဖတ်တယ်။ အဲဒီလိုမျိုးတွေ ကြားဘူးနေပေမယ့် အခုလို စာဖတ်ရတော့ ပိုပြီး နားလည်သလို ဖြစ်သွားတယ်။ Freyja တွေက တကယ်တန်ခိုးရှိလား မသိဘူးနော်။ ၂၂ တဒ်လုံးကို ရေးပေးမှာလား မနော်။ သေချာစောင့်ပြီး ဖတ်သွားမယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ကိုရင်နော်ခင်လေးငယ် said...

မ....ရေ.....

အသက်လေးအောင့်ပြီး ရင်ခုန်မှင်တက်စွာနဲ့ ခြွေဖတ်မိတယ်..

ရင်တွေခုန်ရင်းပဲ အပိုင်း(၂)လေးကို.....
............................................

ချစ်တဲ့...
ခင်လေး

အိုင်လွယ်ပန် said...

စိတ်ဝင်တစ်စား စောင့်နေပါတယ် အစ်မ ...။

လင်းဒီပ said...

ကောင်းပါတယ်အစ်မ..
နည်းနည်းချင်းရေးတော့ ဖြည်းဖြည်းချင်း စောင့်ဖတ်ရတာကိုက အရသာတမျိုးပါ ။

နွေဆူးလင်္ကာ said...

အပိုင်း (၁) ဖတ်ပြီး။

eaindraomtt said...

ဟမ်......

ဟတ်ကော့ကြီးးးးးးး

လက်စားချေတာ လက်စားချေတာ...

မမရေ..
မမရေးနေကျဟန်လေးက နည်းနည်းလေး တိမ်းထားတဲ့
(ပြောရရင် သိပ်မဒန်တဲ့)
ဝတ္ထုလေးက ချိုချိုအေးအေးဆွဲဆောင်မှုရှိနေတယ်

ဆက်တိုက်တင်ပါ သိပ်မကြာစေနဲ့နော်...

မမ ကဗျာတစ်ပုဒ်ရေးဖြစ်တယ်
မနက်ဖန်ည(စနေည) တင်လိုက်မယ်...
ဓါတ်ပုံတစ်ပုံလည်းတင်ချင်တယ်..းP

လွမ်းတယ်..

အမရာ said...

ချစ်မရေ..မယ်ပြောသလိုပဲ..ခေါင်းစဉ်ကြားကတည်းက
ဖတ်ချင်နေတာ..ဆက်ရန်ကိုမျှော်နေမယ်နော်....
စိတ်ဝင်စားတယ်..
ဒါပေမယ့်အဲဒီကဒ်တွေအကြောင်း
ဘာဆိုဘာမှမသိဘူး...နတ်သမီးတွေကတော့
တော်တော်လှတယ်နော်...

Julian said...

အရမ်းကိုလွမ်းသွားတယ် အရင်ကအချိန်တွေကို

ဒီးရမ်၊ စိုလတ်.... ဒီနာမည်တွေကြားရချိန်မှာ ဧမာနွေလဘုရားကျောင်းရှေ့က ဗိုလ်ချုပ်ပန်းခြံထဲမှာတွေ့ဆုံပွဲ ရှင်တို့ညီအမနဲ့ပထမဆုံးတွေ့တဲ့နေ့ကိုမျက်စိထဲမြင်လာတယ် အိမ်ပြန်ရောက်တော့ရှင်တို့ ၂ယောက်အကြောင်းပြောမဆုံးပေါင်ဖြစ်ခဲ့ရတာ (ဘယ်လိုချောတာ ဆံပင်အရှည်ကြီးတွေနဲ့ ဘလာဘလာဘလာပေါ့ ) အင်း ကျန်တဲ့သူတွေအကြောင်းလဲပြောဖြစ်တယ် အန်တီလေးဝေ အထူးသဖြင့် မK(လွမ်းတယ်) ....ကျောက်တိုင်ကြီးနောက်ဖက်ထားပြီးဓါတ်ပုံတွေရိုက်ဖြစ်ခဲ့တယ်နော်.....အဲဒီပုံတွေမရှိတော့ဘူးသိလား နာဂစ်တုန်းကရေတွေစိုပြီးပျက်သွားတာ နှမြောလိုက်တာ........

ဂျူ

lover said...

ဗိုက်အရမ်းဆာနေတုန်းဆက်မစားရတော့သလိုခံစားရပါတယ်
တန်းလန်းကြီးဖြစ်သွားလို့ ..ကိုယ်သန်ရာသန်ရာနဲ့ ဥပမာပေးလိုက်တာပါ...:P မျှော်နေပါတယ်...(Lover Star)

lover said...

ဗိုက်အရမ်းဆာနေတုန်းဆက်မစားရတော့သလိုဖြစ်သွားပါတယ်
မျှော်နေမယ်နော်..မြန်မြန်လေး..(Lover Star)

Craton said...

ယောက္ခမကြီးပြောသလို (သိပ်မဒန်)တော့
ဒီတစ်ခါနားလည်လွယ်သား၊ စိတ်ဝင်စားဖို့လည်းကောင်းတယ်၊ ဖတ်လို့လည်းအရသာရှိတယ်၊
ဆက်သိချင်တယ်၊
ဆက်ရန်မျှော်နေမည်။

Kay said...

နက် ကြီး နဲ့ ဝေးနေတုန်း.. ခုမှ အမြန် ဖြတ်ကနဲ အသံကြားလို့.. ပြေးလာကြည့်တာ.. ( ခုလဲ နက်ကြီးက..ခဏပဲ မို့..ပြေးလိုက်အုံးမယ်) ပြန်လာမယ်နော်..နောက်တပတ်..း)
လက်စားချေတယ်ပေါ့လေ.. ရပါဒယ်..း)