မနေ့ကအကြောင်း

Saturday, November 21, 2009


မနေ့ကအကြောင်း

ပုလင်းနဲ့မျောလာတဲ့ စာတွေကများများလာတယ်
မနေ့က အကြောင်းတွေပြန်ပြန်ပြောဖြစ်ကြတဲ့အခါ
ပြဿဒါးတွေကများပြီး ရက်ရာဇာတွေက ပါးလွန်းသတဲ့
သမားတွေကညိုလိုက် ဖြူလိုက်
နဂါးခေါင်းတွေက ငါ့ဆီကျမှတည့်တည့်လှည့်လိုက်


မဟာရက်ကြမ်းတွေရဲ့ နှုတ်ခမ်းနဲ့အနမ်းခံရတိုင်း
အသက်ရှူသံတွေက အပိုင်းပိုင်းပြတ်ကျ ..
ပုလင်းဝမှာကပ်ပါလာတဲ့ ရေချိုကိုအငမ်းမရဖြစ်မိသလို
အဲဒီလို နေ့ရက်တွေနဲ့..တဒင်္ဂများစွာမှာသေဆုံး..
အရှုံးတွေကိုချည်း ရွတ်ဖတ်သရဇ္ဇယ်နေရပြန်


မနက်ဖြန်တွေနောက်ကို တကောက်ကောက်လိုက်ရင်း
အပြင်းစားနာရီတွေကိုပဲ လိုက်လံတွန်းတိုက်နေခဲ့ရ
ဘဝဆိုတာက စာမျက်နှာမတပ်ထားတဲ့ တိုက်ပျက် စာအုပ်တစ်အုပ်လို
ဘာဆိုဘာကိုမှမသိချင်တော့ပါဘူးဆိုလည်း
အဆီအငေါ်မတည့်စွာ ဆက်လက်ချီတက်နေရဆဲ။


အခင်းအကျင်းမဲ့စွာခမ်းနားတဲ့ မရဏဗုံသံတွေလို
နာကျင်မှုရဲ့တော်လဲသံက ဆူညံလွန်းတယ်
မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။


မနော်ဟရီ
နိုဝင်ဘာ ၂၊ ၂၀၀၉




မနေ့ကအကြောင်း ...

မနေ့က ...
ရွှေဖြစ်နေတဲ့ Midas အိမ်မက်တွေတွေ့တယ် ...
ကရုဏာ သီတလ ဟဒယံ အစချီတဲ့ .... တိမ်ကလေးတွေ ဖြတ်သွားတာတွေ့တယ် ...
ကဗျာတစ်ပုဒ်ရဲ့ မြစ်ဖျားခံရာဒေသကိုလည်းတွေ့တယ် ....
အမှောင်ထဲမှာ ရပ်တန့်စောင့်ဆိုင်းနေတဲ့ သစ်ကိုင်း ရဲ့ စိတ်ရှည်တဲ့ အသက်ရှူသံကိုတွေ့တယ် ...
စစ်ပွဲတွေစတင်ရာအကြောင်းတရားမဲ့မှုကို တွေ့တယ် ....
ပတ်စာခွာ ဖျာလိပ် .. ငြိမ်းချမ်းရေးရဲ့ အသံတိတ်နေတာကိုလည်း တွေ့တယ် ....။


မနေ့က ...
အသက်ရှူရတာကိုမေ့တယ် ...။
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
ဖြောင့်တန်းစွာ ဆက်လက် ခရီးမဆက်နိုင်တော့တဲ့ အလင်းတန်းကို မေ့တယ် ...။
လူတွေဝိုင်းဝန်းပစ်ချထားတဲ့ သက်ပြင်းချသံရဲ့ dB (decibel) ကိုမေ့တယ် ...။
ကတိက၀တ်ကိုမေ့တယ် ...။
ဘဏ်ငွေလက်ကျန်ကိုမေ့တယ် ...။
မိဘကျေးဇူးကိုမေ့တယ် ...။
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။


မနေ့က ...
လက်ပံပွင့်ချိန် မရူးသေးတဲ့ခွေး အဖော်မဲ့တဲ့အကြောင်းတွေးတယ် ။
မပွင့်သေးတဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့အကြောင်းတွေးတယ် ...။
မတည့်အတူနေတဲ့ ရုပ်နဲ့နာမ်အကြောင်းတွေးတယ် ...။
ခရမ်းရောင် အပြည့်သိပ်ထည့်ထားတဲ့ မိုးပျံပူဖောင်းတစ်ခုအကြောင်းတွေးတယ် ...။
စကြ၀ဠာထဲ ပစ်လွှတ်လိုက်တဲ့ ဘူမာရင်း အကြောင်းတွေးတယ် ...။


မနေ့က ...
ဇီဝနာရီ သဲတွေနည်းလာတာကို ပျော်ရွှင်တယ်။
စကားလုံးခွဲခြမ်းစိတ်ဖြာထားတဲ့ကဗျာဖတ်ရတာပျော်ရွှင်တယ်။


မနေ့က
သက်တစ်ရာတမ်းကို မနေ့ကဟုယူဆပါ ... ဆိုတဲ့ စာတစ်ကြောင်း ကဗျာအစမှာ အရင်ရေးဖို့ မေ့ခဲ့တယ်။ ။

Zephyr
နိုဝင်ဘာ ၂၁၊ ၂၀၀၉


17 Comments:

Mogok Thar said...

မနေ့က ...
ပုလင်းနဲ့မျောလာတဲ့ စာတွေရောက်လာတယ်
ရွှေဖြစ်နေတဲ့ Midas အိမ်မက်တွေတွေ့တယ် ...
မနေ့က အကြောင်းတွေပြန်ပြန်ပြောဖြစ်ကြတဲ့အခါ
ကဗျာတစ်ပုဒ်ရဲ့ မြစ်ဖျားခံရာဒေသကိုလည်းတွေ့တယ် ....

မနေ့က ...
အသက်ရှူသံတွေက အပိုင်းပိုင်းပြတ်ကျ ..
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
အဲဒီလို နေ့ရက်တွေနဲ့..တဒင်္ဂများစွာမှာသေဆုံး..
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။

မနေ့က ...
မနက်ဖြန်တွေနောက်ကို တကောက်ကောက်လိုက်ရင်း
မပွင့်သေးတဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့အကြောင်းတွေးတယ် ...။
ဘာဆိုဘာကိုမှမသိချင်တော့ပါဘူးဆိုလည်း
ခရမ်းရောင် အပြည့်သိပ်ထည့်ထားတဲ့ မိုးပျံပူဖောင်းတစ်ခုအကြောင်း ဆက်တွေးမိပြန်တယ် ...။

မနေ့က ...
နာကျင်မှုရဲ့တော်လဲသံက ဆူညံလွန်းတယ်
ဇီဝနာရီ သဲတွေနည်းလာတာကို ပျော်ရွှင်တယ်။
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
စကားလုံးခွဲခြမ်းစိတ်ဖြာထားတဲ့ကဗျာဖတ်ရတာပျော်ရွှင်တယ်။

မနေ့က
ရုပ်နဲ့နာမ်ဟာ မတည့်အတူနေထိုင်ခဲ့ကြ
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။

(မကြီးနော် နဲ့ ညီလေးဇက်ရဲ့ ကဗျာ နှစ်ပုဒ် ဖတ်ပြီး ပေါင်းစပ်ကြည့်တာ။ စာကြောင်းတွေ တစ်ချို့က ကဗျာထဲကအတိုင်း မဟုတ်ပဲ နဲနဲလေး ပြောင်းထားတာ ခွင့်လွှတ်ပါ။ မျောက်ထက် ဦးပြီး တစ်ရအောင်ကလဲ မန့်ချင်သေးတယ်။ နာ တစ်ကွ)

ဆောင်းယွန်းလ said...

မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။

မြင့်မြတ်သောကျိန်စာ...............

Julian said...

မတွေးချင်တော့တဲ့ မနေ့ကအကြောင်း
မတွေးဘဲရှိနေတဲ့ ဒီနေ့အဖြစ်အပျက်
မသိနိုင်တဲ့ မနက်ဖြန်နေ့ရက်တွေ

ဒါကိုကျိန်စာလို့သတ်မှတ်ခဲ့ရင်
သင့်နေတဲ့ဒီဘ၀ကျိန်စာ ခရီးဆုံးထိပျက်ပြယ်ပါ့မလား

တဖြည်းဖြည်းနီးကပ်လာတဲ့ မရဏဗုံသံတွေကိုကြားယောင်ရင်း
တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ခုန်သံနှုန်း
ဘာကြောင့်ဒီလောက်ဗုံသံအောက်မှာပျော်ရွှင်နေပါလိမ့်

ဂျူ

Craton said...

မနေ့က...
မိဘကျေးဇူးကိုမေ့တယ်။
တိမ်တွေတတောက်တောက်လှနေတာကို မေ့တယ်။
လွန်းကြဉ်ငှက်ဒဏ္ဍာရီကိုမေ့တယ်။
အဖြူရောင်ပုံပြင်တွေကိုမေ့တယ်။

မနေ့က...
ပြဿဒါးတွေလက်ခမောင်းခတ်တိုင်း
အောက်စီဂျင်တွေပျောက်ရှခဲ့
မညှာမတာနဲ့.. ဒီလေထုကိုပဲ ဆက်လက်ဖမ်းဆုပ်ဖို့ကြိုးစားဆဲ..။

မနေ့က...
ပျော်ပျော်ကြီးမေ့ဖို့ပေမယ့်
ဘ၀ဆိုတာက ..
(ဘာဆိုဘာကိုမှမသိချင်တော့ပါဘူးဆိုလည်း
အဆီအငေါ်မတည့်စွာ ဆက်လက်ချီတက်နေရဆဲ...)
ကိုယ့်ကိုယ်ကိုယ် လက်ပန်းကျလို့လွှတ်ချလိုက်လည်း
မြစ်ရေခန်းချိန်နဲ့ကြုံမိပြန်ခဲ့။


မနေ့က...
မလှပခဲ့တဲ့အတိတ်နဲ့ ခြောက်ခြားဖွယ် အနာဂတ်အိပ်မက်တွေမက်တယ်။
ငွေအမြောက်အမြားအကြောင်းတွေးတယ်။
အ၀ါရောင်ဒေစီပန်းတွေအကြောင်း တွေးတယ်။
ရှင်းသန့်နေတဲ့ ရေပြာတွေနဲ့ကစားတယ်။
... .... ....

အိုင်လွယ်ပန် said...

မနက်ဖြန်တွေနောက်ကို တကောက်ကောက်လိုက်ရင်း
အပြင်းစားနာရီတွေကိုပဲ လိုက်လံတွန်းတိုက်နေခဲ့ရ ..။

လူးလိုက်တယ် ..
လွန့်လိုက်တယ် ...။
မနေ့က နဲ့ မနက်ဖြန် က
အလိုလို တစ်သားတည်း ကျသွားတာပါကွယ် ..။

ပုလင်းထဲမျောလာတဲ့ စာတွေကြားမှာ
ငါနဲ့ ငါ့ပယောဂ အကြောင်း ရေးထားတဲ့ စာတစ်စောင်
ငါ့ဆီ ပြန်မျောလာတာ ငါပြန်ရတယ်
မနေ့က နဲ့ မနက်ဖြန် က
အလိုလို တစ်သားတည်း ကျသွားတာပါကွယ့်
ငါက တကယ့်ကို
လူးရုံ လွန့်ရုံ လေး ...။

“မနေ့က
သက်တစ်ရာတမ်းကို မနေ့ကဟုယူဆပါ ... ဆိုတဲ့ စာတစ်ကြောင်း ကဗျာအစမှာ အရင်ရေးဖို
့ မေ့ခဲ့တယ်..”
မနက်ဖြန် မှာ ပြောခွင့်ရခဲ့ရင်ပြောဖို့
ဒီနေ့ ...
အဲဒီစကား လေး စိတ်ထဲမှာ တေးထားလိုက်တော့ရဲ့ ..။။

Bino said...

The poem is very clear to understand me.
Your words is so smart and active.

BINO

eaindraomtt said...

အခင်းအကျင်းမဲ့စွာခမ်းနားတဲ့ မရဏဗုံသံတွေလို
နာကျင်မှုရဲ့တော်လဲသံက ဆူညံလွန်းတယ်
မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။

( မနေ့က
တစ်ဘ၀စာစာတစ်တန်ပေတစ်တန်ကို ရေလွတ်မိုးလွတ်..အန္တရယ်ကင်းကင်း ကမ်းခြေတစ်ခုခုဆီ
ရည်ရွယ် ပို့လွှတ်နေမိတယ်..စိတ်နဲ့

ဒီနေ့ရောမိုးလေကင်းလွတ်ပါရဲ့လား.....
ကမ်းခြေဆီလှမ်းမျှော်ရပုံက
ပင်ပမ်းလွန်း မောဟိုက်လွန်း..)

မနေ့က ...
အသက်ရှူရတာကိုမေ့တယ် ...။
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
ဖြောင့်တန်းစွာ ဆက်လက် ခရီးမဆက်နိုင်တော့တဲ့ အလင်းတန်းကို မေ့တယ် ...။
လူတွေဝိုင်းဝန်းပစ်ချထားတဲ့ သက်ပြင်းချသံရဲ့ dB (decibel) ကိုမေ့တယ် ...။
ကတိက၀တ်ကိုမေ့တယ် ...။
ဘဏ်ငွေလက်ကျန်ကိုမေ့တယ် ...။
မိဘကျေးဇူးကိုမေ့တယ် ...။
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။

မမရေ...ဇက်ရေ...
မနေ့ကတွေဟာ..ဖတ်ပြီးသွားတဲ့စာမျက်နှာတွေပါ...
နောက်တစ်ခေါက်ပြန်ဖတ်ကြည့်ချင်လောက်အောင် လှပမနေခဲ့ပါလား...
ဒီနေ့ကလည်း မနက်ဖန်ရဲ့မနေ့ကဖြစ်နေသေးရဲ့

ကဗျာတွေထဲမှာမောသွား မျောသွားပါတယ်....


ချစ်ခင်စွာ
အိန္ဒြာ

မယ်ကိုး said...

မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..

တဲ့လား သိပ်လှတာပဲ မရယ်။

မယ်လည်း

မနေ့ကပေါ့ …… မနီးမကမ်းအိပ်မက်တွေအပြည့်
မနက်ဖြန်အကြောင်း တွေးပါတယ်။
မနေ့က …
မျှော်လင့်ခြင်းကို မတန်တဆကြေးပေးဝယ်ခဲ့။
မနေ့က …
မုန်းတီးခြင်းကို မထိတထိတောက်ဆခဲ့။
မနေ့က …
မိုးတိမ်တွေကို မထီတရီမမြင်ယောင်ဆောင်ခဲ့။
မနေ့က …
မေ့လျော့နိုင်စွမ်းကို မထုံတက်သေးထည့်တွက်မိခဲ့။
မနေ့က …
မာရေကျောရေအိပ်မက်ကို မထီမဲ့မြင်ခေါင်းခါကြည့်ခဲ့။
မနေ့ကပေါ့ ……
....
....
ဒီလိုနဲ့ မနက်ဖြန်ရဲ့ မျက်နှာစာ

လင်းဒီပ said...

ဒီနေ့ကို အကောင်းဆုံး ရှင်သန်ကြည့်မလို့ ကြိုးစားနေရပါတယ်..။

ဖိုးစိန် said...

မနေ့က....
ရင်ထဲမှာ ငိုနေမိတယ်...။
လူတွေကို အားနာနေခဲ့တယ်..။
ကိုယ့်ကိုယ်ကို မုန်းနေခဲ့တယ်....။
ခဏခဏ ချနေခဲ့တဲ့ သက်ပြင်းတွေက
စောင့်စည်းမှု နွံထဲ အခါခါနစ်ရင်း
ကျန်ရစ်နေခဲ့ပေါ့...။

မနေ့က
တနေ့က အကြောင်းကိုတွေးမိတယ်...။
ကောင်းကင်က ငါ့အတွက်ငိုနေတာ မသိလိုက်ခဲ့..။
မိုးရေစက်တွေ ချိုမြစွာ သောက်သုံးခဲ့တုန်းက
အမြတ်မထုတ်မိပေမယ့် အရာမဝင်ခဲ့...။
ငါ့ကို သတိမထားမိတဲ့ ခရီးသွားတွေပါလား..။
ကြိုးစားရှင်သန်နေတာ ငါ့အမှားး
ဒါဟာ ကပ်ပါးတစ်ပင်မျှသာ..။

မနေ့က
မနက်ဖြန်ဆိုတာကိုတွေးမိတယ်...။
အဖြေတစ်ခု ထွက်တယ်…
သေဆုံးခြင်းတဲ့...
သေဆုံးခြင်းဆိုတာ အဆုံးသတ်ခြင်းလား
နောက်တဖန် ပြန်စခြင်းလား…။
ငိုကြွေးခြင်းတွေကို မြင်နေမိတယ်..။
ပြင်ဆင်ချိန်နည်းလို့ ပူလောင်လွန်းနေမိတယ်..
စိတ်တွေ မောနေခဲ့တယ်။
ဘဝဇောတွေ ချွေးပြန်နေခဲ့တယ်..။

မနေ့က.....
သေဆုံးခြင်းမမည်တဲ့
အတုအယောင်ဘဝနဲ့ သေဆုံးနေလေရဲ့…။
ဘဝမသေချင်ပါဘူး..။
သေဆုံးခြင်းကိုပဲမျှော်လင့်မိတာပါ….။

ချစ်ခင်လေးစားစွာဖြင့်

မျောက်ငို

စိုင်းလောဝ်ပိန်း said...

မနေ့ကအကြောင်းတွေ
လူပြောသူပြောမများတဲ့မနေ့ကအကြောင်းတွေပေါ့
တိတ်တိတ်လေးဖြတ်သန်းခဲ့ရတာ အဆင်ပြေကြောင်းစာလေးတစ်စောင်နဲ့လေ
အရှုံးလွယ်အိတ်ထဲမလဲ မရဏဗုံသံတွေ ကျယ်လောင်လှချည့်ရဲ့
မနက်ဖြန်ဆိုတာကြီးမှာ မျှော်လင့်ချက်တွေ ပစ်ပစ်ထည့်
တကယ်ဆို
ဒီနေ့ဘ၀က သနားစရာအကောင်းဆုံး။

(အမရေ ဆင့်ပွားခံစားသွားတယ်)

အမရာ said...

မနေ့ကအကြောင်းတွေလဲမလှခဲ့သလို
မနက်ဖြန်အကြောင်းကိုလဲလှလာဖို့မမျှော်လင့်ရဲသလို
ဒီနေ့အကြောင်းကိုကလဲမလှသေးသလို.....
ဒီလိုတသက်စာရခဲ့တဲ့ကျိန်စာပါ..
အဲဒါကိုကသဘာဝကျတဲ့မြင့်မြတ်သောကျိန်စာ...


ချစ်တဲ့
အမရာ

ညရဲ့ကောင်းကင် said...

ကဗျာလေး အရမ်းကြိုက်တယ်ဗျာ...

နန်းညီ said...

မနေ့က “ငါဟာလမ်းလျှောက်နေတဲ့ ခွေးတစ်ကောင်ပါလား”ဆိုတာကို မေ့သွားတယ်.. လူကြားထဲဝင် ရောနှောမိတော့ မျက်စောင်းတွေနဲ့ ကြည့်ကြတယ်.. တုတ်ကလေးကို ခပ်ဝေးဝေးပစ်လိုက်တယ်.. “သွားကောက်လိုက်စမ်း”တဲ့.. အဲ့ဒိအလေ့အကျင့်ကို မေ့နေခဲ့တော့ ...

မနေ့က မေ့နေဖို့ကို မေ့တယ်..

မီယာ said...

မနော် ကဗျာကိုဖတ်ပြီး ကိုယ်လိုရာ ဆွဲ တွေးသွားတယ်... မနော် ကဗျာတွေ ဖတ်ရတာ ကံကောင်းလိုက်တာ လို့လည်း တွေးနေမိတယ်

ဇော် said...

နောက်ကျနေပေမယ့် .. ရက်လွန်နေပေမယ့် .. ကဗျာလေးမှာ ရနံ့တွေ ခိုအောင်းနေဆဲပဲနော် ..
ကဗျာ၂ပုဒ်စလုံးရဲ့ လှပမှုက မျက်စိထဲကနေ နှလုံးသားထိ တိုက်ရိုက်ပဲဗျာ .. အားကျလိုက်တာ ..

tin min htet said...

"ဘဝဆိုတာက စာမျက်နှာမတပ်ထားတဲ့ တိုက်ပျက် စာအုပ်တစ်အုပ်လို"
ဆိုတာတော့ စာအုပ်လုပ်ဖူးသူသာ ဖွဲ့နိုင်မယ့် နမိတ်ပုံပဲ။