ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို

Sunday, November 8, 2009


ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို


ခဏတာအတွင်းမှာ လက်ကွက်တွေ ဆင့်ကာဆင့်ကာမှားနေတဲ့ ဂီတသမားလို
ဘဝကို ခပ်မှောင်မှောင် ရေးချယ်ပစ်လိုက်တာ အဘယ်နတ်ဒေဝတာပါလဲ ..
လမ်းပြနေတဲ့ ကြယ်တွေကို ခပ်ဝေးဝေး မောင်းထုတ်ပစ်လိုက်ပြီးကာမှ
လကွယ်ညတွေချည်း တရကြမ်းဖြတ်ကျော်ချင်နေမိ လမ်းကလည်း မရှိတော့ဘူး
(လမ်းဆိုတာက ကိုယ်တိုင်ဖော်စပ်လို့ရတဲ့အရာ .. ဆေးစပ်လည်းမှားနိုင်သလို
ဆေးခပ်လည်း ခံရနိုင်သေး ….)

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို အလိုလို ဦးညွတ်ချင်စရာကောင်းလာတယ်
သူ့နောက်မှာပါလာမယ့် လေပြေညင်းအတွက် မျှော်လင့်နေတာမျိုးမဟုတ်ပါပဲ
ဘဝကို ခပ်ပြင်းပြင်းတိုက်ခတ်ရယ်မောပစ်လိုက်ရ.. ဒါ .. အရသာ .. တဲ့လား …

ပြက်ရယ်ဖွဲ့ နေ့ရက်တွေက နှစ်လိုစရာအရောင်အဆင်းနဲ့ ဘဝထဲဆင်းချလာပြန်တယ်
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား
တံခါးတစ်ချပ်ကို လှလှပပဖွင့်ထွက်သွားဖို့ ငါတို့အတွက် လိုအပ်တဲ့ သင်္ကေတဟာဘာလဲ
ပျောက်ဆုံးပျက်စီးနေသော ရှေးဟောင်းမြို့ပျက်များလို ကံကြမ္မာအသစ်များ
ရက်ရက်စက်စက် ကွဲပျက်အောင် ထပ်မံဖျက်ဆီးလိုသော စွန့်စားရှာဖွေသူအမည်ခံများ
သ...င်္ကေ...တ...အား...လုံး...ပျောက်...ဆုံး...လက်...စ...နဲ့...ပျောက်...ဆုံး...နေ...ပါ...စေ့...လေ ..

တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။

မနော်ဟရီ

ညီမလေး အိန္ဒြာ ရဲ့ ဘလော့ခ် တစ်နှစ်ပြည့်တွက် အမှတ်တရပေးဖြစ်ခဲ့တဲ့ကဗျာပါ ။
ကဗျာက မုန်တိုင်းတစ်ပုဒ်လို မသာယာခဲ့ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ ဒါပဲ ရေးနိုင်ခဲ့တဲ့အတွက်
ဒီကဗျာလေးပဲ ပေးဖြစ်လိုက်ပါတယ်။ သူက ဒီကဗျာကိုခံစားပြီး အက်ဆေးတစ်ပုဒ်
ရေးဖြစ်ခဲ့ပါတယ်။ အဲဒါကိုတော့ အိန္ဒြာ့ ဆီမှာ သွားဖတ်နိုင်ပါတယ်။


14 Comments:

Zephyr said...

ခဏတာအတွင်းမှာ လက်ကွက်တွေ ဆင့်ကာဆင့်ကာမှားနေတဲ့ ဂီတသမားလို
ဘဝကို ခပ်မှောင်မှောင် ရေးချယ်ပစ်လိုက်တာ အဘယ်နတ်ဒေဝတာပါလဲ ..

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ မျှော်လင့်နေတာမျိုးမဟုတ်ပါပဲ
ဘဝကို ခပ်ပြင်းပြင်းတိုက်ခတ်ရယ်မောပစ်လိုက်ရ.. ဒါ .. အရသာ .. တဲ့လား …

ပြက်ရယ်ဖွဲ့ နေ့ရက်တွေက နှစ်လိုစရာအရောင်အဆင်းနဲ့ ဘဝထဲဆင်းချလာပြန်တယ်
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား

အိန္ဒြာ said...

မမရေ..

မထင်မှတ်ပဲ သံပြိုင်ထွက်ကျလာခဲ့တဲ့
နှလုံးသားက နှုတ်ထွက်စကား..တွေ

စိတ်တွေနဲ့ တစ်ယောက်လက်တစ်ယောက်ဖေးမဆုတ်ကိုင်လို့

မမရဲ့ ချစ်ခြင်းမေတ္တာတွေ..နဲ့ လာနွေးနေတဲ့
ဒီနေ့ရက်ကလေးမှာ...

မမ

စိတ်၏ကိုယ်၏ကျန်းမာချမ်းသာနိုင်ပါစေ..။

"ချစ်ခင်လေးစားကျေးဇူးတင်ခြင်းများစွာ"

ချစ်ညီမ

အိန္ဒြာ

မယ်ကိုး said...

(လမ်းဆိုတာက ကိုယ်တိုင်ဖော်စပ်လို့ရတဲ့အရာ .. ဆေးစပ်လည်းမှားနိုင်သလို
ဆေးခပ်လည်း ခံရနိုင်သေး ….)
ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ...
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား...

ကဗျာက မုန်တိုင်းတစ်ပုဒ်လို မသာယာဘူး ဆိုပေမယ့် ရင်ထဲအတော်မွှေသွားကာ ခံစားရပါတယ် မ။
မောလွန်းလှပါပြီ ...အဲဒီဝဋ်ကြွေးတွေနဲ့ မကစားချင်ပါတော့ပါဘူး မရယ်။

ညရဲ့ကောင်းကင် said...

ကဗျာလေးက အရမ်းကောင်းတယ်ဗျ..
အသံထွက်ဖက်ကြည့်တာ ပိုလို့တောင်ကောင်းတယ်...

“တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။”


အဲဒီအပိုဒ်လေးကို အရမ်းကြိုက်ပါတယ်...
လေးစားလျက်

Mogok Thar said...

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..

**************************


မေးခွန်းတွေကြားထဲမှာ ဘ၀ဟာ..၀ဋ်ကြွေးဆန်ဆန်နာကျင်မိန်းမောလို့..။ ဆန္ဒ ဆိုတာလူတိုင်းပိုင်ဆိုင်ခွင့်ရှိတဲ့ စိတ်ဖြစ်ပစ္စည်းပဲ..
ဆန္ဒကို ဆန္ဒ အတိုင်းဖြန့်ပြခြင်းဟာ အပြစ်လား ၊
မှားယွင်းမှုလား ၊ အရောင်ချယ်ပစ္စည်းလား အဆိပ်အတောက်လား
ကိုယ့်အသံထွက်ကိုကြားနာခွင့်မရှိတဲ့ အရပ်ဟာ..ဘ၀ တစပြင်ပဲ

****************************


တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။

************************

ကိုယ်တို့ခြေရာတွေကို..ကိုယ်တို့ကိုယ်တိုင် အတူတကွ ရေးခြစ်ဖို့ အဲသလိုရေးခြစ်နိုင်ခွင့်ဟာ
မနက်ဖန်လား...
နောက်တစ်နေ့လား...
အဲဒီ့နောက်က တစ်နေ့လား....
တစ်နေ့နေ့ပေါ့....
ကမ်းခြေကတော့စောင့်နှင့်နေခဲ့တယ်..

လောလောဆည်တော့ သ..င်္ကေ..တ..အား..လုံး.. ပျောက်..ဆုံး..လက်...စ...နဲ့ . .ပျောက်...ဆုံး...နေ...ပါ...စေ..တော့.လေ......

************************

ကျွန်တော်လေးစားရတဲ့ ဆရာမ နှစ်ယောက်ရြ့ လက်စွမ်းပြမှုတွေက
ရင်သပ်ရှုမော ငေးနေရတဲ့ စာပန်းချီဥယျာဉ်လေလား။

လင်းဖွဲ့တလှည့်၊ မှောင်သွဲ့တစ်ချီ...
ဝေသီလိုက်၊ မိန်းမောလိုက်...
ပင့်သက်တစ်ချက် ရှိုက်ရင်းက
မုန်တိုင်းရဲ့သံစဉ်ကို ကြားရတယ်။

ယုံကြည်တယ်
နာကျင်ခြင်းတွေရဲ့ အဆုံးသတ်ကို ဖွင့်ပေးမဲ့ တံခါးတစ်ချပ်ရဲ့ လျှို့ဝှက် သ..င်္ကေ..တ..ကို
တစ်နေ့တော့ ၇ှာဖွေတွေ့ရှိလိမ့်မယ် ဆိုတာ။

အဲဒီအခါ....
ဝေဒနာကင်းမဲ့သော ကမ်းခြေမှာ ကျွန်တော်တို့တတွေ ပြန်ဆုံနိုင်ကြပါလိမ့်မယ်။
****************

မနော် နဲ့ မအိမ် တို့ကို


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန် said...

မုန်တိုင်းထန်နေတဲ့ မိုးဒေဝါတွေ
တစ်ဘဝလုံးစုတ်ပြတ်သွားအောင် ရွာသွန်းပီကာမှ
ဖူးပွင့်လာတဲ့ ဝေဒနာအပွင့် အခက် အဖူးအငုံတွေသီးပွင့်..

မုန်တိုင်းစဲပြီးစ ဖျော့တော့တော့ နာကျင်ခြင်းလေညှင်းကလေးက
ငါ့ဝဋ်ကြွေးတွေကို ဖြေးဖြေးချင်း နင်းခြေ..
ကြေသွားတာက ငါ့ဘဝ.. ငါ့မာန... င့ါအတ္တ..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မမအိန္ဒြာ ဘလော့ တစ်နှစ်ပြည့် မှာ မောင်နှမတွေနဲ့ အတူ ပျော်ရွင်ပါစေ.

အမရာ said...

တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။

ထပ်ခါထပ်ခါရွတ်မိနေပါတယ်..

rose of sharon said...

ကဗျာလေးကို လာခံစားသွားပါတယ်

အိုင်လွယ်ပန် said...

ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို ...။။

ဂျေဂျူဝိုင် said...

ဆရာမကဗျာတွေက ငါ့အား ပေးသနားလှည့်ပါတို့ ငါ့အား သင်ကြားပေးပါတို့နဲ့ အဆုံးသတ်တာများတယ်နော်

ဆရာမရဲ့ ဆုတောင်း ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပါ။

ငါ့အား
ကြိုးတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ။

ဆိုတာလေးလေ။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော်သေချာလာဖတ်သွားပါတယ် ဒေါ်မနော်ဟရီ

April said...

လမ်းပြနေတဲ့ ကြယ်တွေကို ခပ်ဝေးဝေး မောင်းထုတ်ပစ်လိုက်ပြီးကာမှ
လကွယ်ညတွေချည်း တရကြမ်းဖြတ်ကျော်ချင်နေမိ လမ်းကလည်း မရှိတော့ဘူး ...
အဲဒီစာသားလေး အကြိုက်ဆုံးပဲ...

မိုးနေ

မီယာ said...

အမြဲ ရောက်ဖြစ်တယ် မနော်... ဖြစ်ချိန်တန် မဖြစ် ပျက်ချိန်တန်ပျက် ဆိုလို့ တကယ်ပါပဲလားနော် လို့တောင် ညည်းမိတယ်။

မောင်ကျော်စွာငြိမ်း™ said...

လာလည်သွားပါတယ်ခင်ဗျား။
www.mgkyawswarnyein.blogspot.com