ကြွေလွင့်သွားသောကြယ်တစ်ပွင့်

Saturday, October 24, 2009


အမှန်တကယ်ဆို ဒီလိုပို့စ်မျိုး ကျွန်မ မရေးချင်ပါဘူး။ ဒီနေ့မနက် အိုင်ဒီယာရုံးက အွန်လိုင်းတက်လာတဲ့အခါ သတင်းဆိုးတစ်ခုကိုပေးပါတယ်။ နီနီ ဆုံးပြီတဲ့။ ကျွန်မတို့ကလေးတွေက သူ့ကို ချစ်စနိုးနဲ့ နီနီ လို့ခေါ်တာကိုး ။ သူက တစ်ခါတစ်လေ ရုံးလာလည်း ရှိသမျှလူနဲ့ အဆင်ပြေစွာနေတတ်တော့ ကလေးတွေကလည်း သူ့ကိုချစ်တယ်။ အမြဲ စကားများ ရန်ဖြစ်တတ်တာကတော့ ကျွန်မနဲ့ပါပဲ။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က သူရုံးရောက်လာတယ်။ အရက်ပြတ်နေချိန်ပါ။ သိပ်ပျော်စရာကောင်းတဲ့ အချိန်တစ်ချိန် လို့လည်း ပြောလို့ရမယ်ထင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ အသားအရေကလည်း တင်းရင်းလို့။ ကျွန်မတောင်မှ သူ့ကို ပြောလိုက်သေးတယ်။ ခုလိုမြင်ရတာ စိတ်ချမ်းသာတယ်လို့ ။ ဒါပေမယ့် လူကတော့ perspective လွဲနေတယ်လို့ ပြောလို့ သူရယ်လိုက်တာ။ လူက အရက်ပြတ်တော့ ဝလာတယ်။ လူသေးသေးလေးက ဝနေတော့ အဲလို ဖြစ်နေတာ ပေါ့လို့ ကျွန်မက ပြောတော့ သူစာပေလောကထဲ လိုက်ပြောပါတော့တယ်။ မနော်က သူ့ကို perspective လွဲနေ တယ်လို့ ပြောပါတယ်ဆိုပြီးတော့။ အမှန်တကယ်က စိုးရိမ်တာပါ။ အရက်သောက်တဲ့သူတွေ က အဲလိုဝနေလည်း စိုးရိမ်ရပါတယ်။
နောက်မကြာပါဘူး။ ပြန်သောက်တယ်ဆိုတဲ့စကားက ကြားလာရတယ်။ ရုံးရောက်လာတယ်။ မူးနေတယ်။ အရက်နံ့ကလည်းထွက်လို့။ ကျွန်မ သူ့ကို ပြောစရာ စကားများများမရှိဘူး။ ကိုရဲ ... တစ်ယောက်ကတော့ သွားပြီ နော် ..နောက်ကနေလိုက်မလို့လား .. လို့ပြောတော့ သူက ဒါကို သူ့ထုံးစံအတိုင်း စိုးရိမ်စကားလို့မသတ်မှတ်ပါဘူး။ ရယ်စရာလုပ်ပစ်ပါတယ်။ ဘာဖြစ်လဲဟာ ဟိုမှာ ရွှေဘုန်းလည်းရှိတယ် သားကြီးလည်းရှိတယ် ကိုအောင်မင်းသိမ်းလည်းရှိတယ် ငှက်လည်းရှိတယ် ကေမြိုးကြီး လည်းရှိတယ် တဲ့။ လုပ်သွားပါသေးတယ်။
ခုတော့လည်း သူတကယ့်ကို သူ့သူငယ်ချင်းတွေရှိရာကို လိုက်သွားခဲ့ပါပြီ။ သိပ်စောလွန်းတယ်လို့ တော့ ကျွန်မ မပြောလိုတော့ပါဘူး။ စောစောသွားတော့လည်း အေးငြိမ်းရာကို စောစောရောက်တယ်လို့ပဲ သူတို့အတွက် တွေးပေးလိုက်ပါတယ်။
ခုလောက်ဆို ကိုရွှေဘုန်းဇာတ်လမ်းကို သူကဇာတ်ညွှန်းရေး ကိုအောင်မင်းသိမ်းက ဒါရိုက်တာလုပ် ကိုသားကြီးကို မင်းသားလုပ်ခိုင်းနေလောက်ရောပေါ့ ..။ ဇာတ်ဝင်တေးနဲ့ ဇာတ်ကားအတွက် လိုအပ်တဲ့ ပန်းချီကားတွေကိုတော့ ကိုကေမြိုးကြီးက ဆွဲပေးနေပါလိမ့်မယ်။ အော် ကိုငှက်နဲ့ ကိုခင်ဝမ်းလည်းရှိသေးတယ်။ တစ်ချိန်က ကိုငှက်က ကိုရဲအိမ်မှာ ပျော်တတ်သူပေါ့။ ခုတော့ သူတို့တူတူပြန်ရှိနေကြပြီလို့ပဲ တွေးပေးရပါတော့မယ်။
ကြယ်တွေ တဖွဲဖွဲ ကြွေနေတယ်။
ဟိုး..သမုဒ္ဒရာရဲ့ အနက်ဆုံးဆီ။
ကြာရင် သမုဒ္ဒရာကြီးက
ကြယ်သမုဒ္ဒရာကြီးများ ဖြစ်သွားမလား...။
မကြည်ပြာ ငိုမငိုတော့မသိပါဘူး။ နိုင်နိုင်ဝင်းတော့ ငိုနေလိမ့်မယ်။ နောက် သူ့သားလေး talky man !
နောက် သူ့ကိုချစ်တဲ့ ပရိသတ်တွေ...
အရာအားလုံးဟာ သင်္ခါရ တရားတဲ့လား ...
လက်ခံနိုင်ဖို့ အားတွေလိုအပ်နေကြသေးတယ်။

May your soul be Rest In Peace Ko Ye' ~


ဒါကတော့ အိုင်ဒီယာ လ(၁၀၀)ပြည့်မှာ နောက်ဆုံးပါသွားတဲ့ သူ့ဝတ္ထုတိုပါပဲ။ အမှတ်တရ တင်ပေးလိုက်ပါတယ်။



သူရာထောင့်မှအလွဲများ
ကျွန်တော် . . . . . . . . နှင့် ဘတ်တာဖလိုင်းဆရာမ

ကျွန်တော်သည် အရက်ကို လူအတော်များများ နယ်ပါယ်တော်တော်များများတွင် သောက်ခဲ့သူဖြစ်သည်။
ငယ်စဉ်ဘ၀တုန်းကတော့ . . (၁၀)တန်းအောင်သည့်နေ့က ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ကြသည်။ ရဲမြင့်တိုး၊ မောင်မောင်နီ၊ အောင်နိုင်စိုး၊ စောနိုင်နှင့် ကျွန်တော်တို့ ဇ၀နရပ်ကွက်ရှိ ထိုစဉ်က နာမည်ကြီးစားသောက်ဆိုင်ဖြစ်သော “အရှေ့ရွာ” စားတော်ဆက်တွင် . . Rum တစ်လုံး ဆော်ဒါနှင့် အမြည်းကောင်းကောင်းမှာပြီး သောက်ကြသည်။
ထိုစဉ်က ကျွန်တော်တို့အရက်သောက်ကြခြင်းရည်ရွယ်ချက်မှာ ကျွန်တော်တို့တုန်းက အင်မတန်မှ ဖြတ်သန်းရခက်ခဲလှသော ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့ခြင်း၊ ကိုယ့်ကိုယ်ကို လူကြီးဖြစ်ပြီဟု . . သတ်မှတ်ခြင်း . . နေ့စဉ်ဖိစီးနေသော အောင်မှအောင်ပါ့ မလားဆိုသည့် စိတ်ဖိစီးမှုမှလွတ်ပြီး ပေါ့ပါးသွားခြင်း . . စသည်တို့ကြောင့်ဖြစ်သည်။
ကျွန်တော်တို့ထိုင်နေကြသော စားပွဲပေါ်သို့ စားပွဲထိုးက Rum လေးထောင့်ပုလင်းကြီးကို “ဒေါက်”ကနဲ လာတင်သောအခါ . . . ကျန်သည့်လူတွေကိုတော့မသိ၊ ကျွန်တော်တော့ ရင်တော်တော်ခုန်သွားသည်။ နှုတ်ခမ်းကို တစ်ချက်သပ်ရင်း “မသောက်တော့ ဘူး” လို့ ပြောရရင် ကောင်းမလား! အရက်ဆိုတာ ခါးသတဲ့၊ ဘယ်လိုခါးတာလဲ! ဆိုတာ သိချင်တယ်။ . . . စသည်ဖြင့် ကျွန်တော် အတွေးတွေလုံးလည်လိုက်နေသည်။
ထိုအချိန်တွင် ဖန်(လ်)ခွက်နှင့် ရေခဲ၊ ဆော်ဒါ ပုလင်း . . စသည်တို့ရောက်လာသည်။ ကျွန်တော်ရင်တွေ တော်တော်ခုန်နေ တာကို အခုထိမှတ်မိနေသည်။ ကျွန်တော်အကြောက်ဆုံးမှာ သူငယ်ချင်းလေးဦးက ကျွန်တော်အရက်မသောက်ဘူးဆိုလျှင် ကျွန်တော့်ကို “စကြောက်” ဟု ထင်မှာစိုးနေခြင်းသာဖြစ်သည်။ ဒီလိုတော့ အထင်မခံနိုင် . . အရက်ကို ဘယ်လိုပဲဖြစ်ဖြစ် သောက် တော့မည် . .ဟု ဆုံးဖြတ်လိုက်ချိန်တွင် ရင်ခုန်သံအမြန်ဆုံးဖြစ်သည်။
အာခေါင်တွေ ခြောက်လာသဖြင့် ကျွန်တော့်ဖန်(လ်)ခွက်ထဲကို ရေခဲသုံးလေးတုံး ထည့်လိုက်သည်။
“ဟေ့ကောင်ရဲဝင်း . . အဲဒါ မင်းအရက်မသောက်တတ်သေးဘူးဆိုတာကိုပြတဲ့ အဓိပ္ပါယ်ပဲကွ”
စောနိုင်စကားကြောင့် ကျွန်တော်အံ့သြသွားသည်။ ကျွန်တော်မှာ ဘာမျှမလုပ်ရသေး စောနိုင်က ဗလိုင်းကြီးလာ ဆရာလုပ်နေ သည်မဟုတ်လား!။ ကျွန်တော်တို့ သူငယ်ချင်းငါးယောက်ထဲတွင် စောနိုင်က အာအကျယ်ဆုံး၊ ဆရာကြီးအလုပ်ဆုံး၊ သူ့ကိုယ်သူ လည်း အထင်အကြီးဆုံးဖြစ်၏။
“ဘာကိုလဲကွ၊ မင်းဟာက ဗလိုင်းကြီးပါလား!”
“မင်း . . ဖန်ခွက်ထဲကို ရေခဲတုံးထည့်တဲ့ကိစ္စပေါ့ကွ”
“ဘာ . . . .!!”
စောနိုင်ပြောသည့်အဓိပ္ပါယ်ကို ကျွန်တော်နားမလည်ပါ။
“မင်း . . နားမလည်ဘူး၊ ဟေ့ကောင် . . . ဒီလိုကွ . . အရက်သောက်တတ်တဲ့ လူဆိုတာ ဖန်(လ်)ခွက်ထဲကို ဘယ်တော့မှ ရေခဲ တုံးအလျှင်မထည့်ဘူး၊ အခုလို မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေနဲ့ ၀ိုင်းသောက်တဲ့အခါမျိုးမှာပေါ့ကွာ”
“ဘာဆိုင်လို့လဲ!”
စောနိုင်က ဆရာကြီးပုံစံဖြင့် တစ်ချက်ပြုံးသည်။ စောနိုင်မှာ ကျွမ်းကျင်တာဆိုလို့ အဲဒီလိုဆရာကြီး အပြုံးမျိုးပြုံးတတ်ခြင်းသာ ရှိပါသည်။
“မသိရင်မှတ်ထား . . ပုလင်းဖွင့်ပြီးရင် မာကာလုပ်တဲ့လူက ဖန်(လ်)ခွက်တွေကို စီပြီးတော့ အဲဒီထဲကို အရက်ညီတူ မျှတူ ထည့်ပေးရတယ်၊ ပြီးတော့မှ ရေခဲထည့်တာတို့ ဆော်ဒါထည့်တာတို့ကတော့ ကိုယ့်သဘောနဲ့ကိုယ်ပေါ့၊ အခုမင်းက ရေခဲတွေထည့် ထားတော့ . . .အရက်ညီတူမျှတူ ဖြစ်အောင်ဘယ်လိုလုပ်ငှဲ့လို့ရတော့မှာလည်းကွ၊ အဲဒါကို ပြောတာ”
မမူးသေးခင် ဆရာအလုပ်ခံလိုက်ရသဖြင့် ကျွန်တော်စိတ်ပျက်သွားသည်။ ကျွန်တော်အရက်ကို ခုမှ စ,သောက်သည်ဆိုတာ မှန်ပါသည်။ ဒါပေမယ့် ဒီလိုတော့ သူငယ်ချင်းတွေထင်တာမခံချင်၊ ပြီးတော့ ကျွန်တော်လုပ်တာက သူပြောနေတာနဲ့ တစ်ခြားစီ မဟုတ်လား!။
ဒီတော့မှ . . . ကျွန်တော်တို့ အိမ်ကိုငှားထားသည့် အိမ်ငှားမှာ သစ်သားဘတ်(စ)ကား ထောင်စားသူဖြစ်ရာ ထိုလ၏ဘတ်(စ) ကားကိုမောင်းသော . . . ဒါရိုက်တာဦးထွန်းက ကားအပ်ပြီးသည်နှင့် ကားပေါ်မှာပင် အရက်သောက်တတ်သည်။ သူသောက်ည့် အရက်က ဘီအီးဖြစ်သည်။ ဦးထွန်းသည် အရက်မသောက်မီရေတစ်ခွက်ကို အရင်သောက်လေ့ရှိသည်၊ ကို . . . ကျွန်တော်က မေးဖူး သည်။ ဒီတော့ . . . ဦးထွန်းက “ရေခံတော့ အသေမမြန်ဘူးပေါ့ကွာ” . . . ဟု ပြောကို သတိရသည်နှင့် . . ကျွန်တော့် ခုခံစစ်ကို စ,ရ သည်။
“အဲဒါဆိုရင်တော့ . . မင်းမှားတယ်စောနိုင် . . .ငါရေခဲထည့်တာ အရက်နဲ့ရောဖို့မဟုတ်ဘူး၊ ရေနဲ့ရောပြီး ရေခဲကြိုခံထားမလို့ ကွ၊ ရေမခံရင် အသေမြန်တယ်ဆိုတာ မင်းမကြားဖူးဘူးလား!”
ကျွန်တော့်စကားကြောင့် စောနိုင်မျက်နှာတစ်ချက် အမ်းသွားသည်။
“ဟေ့ကောင်တွေ . . ရေခံတာတို့ မာကာတို့လုပ်မနေနဲ့ သောက်စရာရှိတာသောက်ကွာ . . .”
စိတ်တိုတတ်သော မောင်မောင်နီက အရက်ပုလင်းကို ကောက်ယူရင်းပြောသည်။
“ဟာ . . မောင်နီအရမ်းမဖွင့်နဲ့ . . အရမ်းမဖွင့်နဲ့ ဒီကောင့်ကို အတုလား! အစစ်လား! စစ်ရဦးမယ်”
ပြောပြောဆိုဆို စောနိုင်က မောင်နီ့ထံမှ အရက်ပုလင်းကို အတင်းလုသည်။ ပုလင်းရသွားတော့ အဖုံးကိုလှည့်ပါတ်ပြီး သေ သေချာချာကြည့်သည်။ သူ့ပုံစံက အရက်ကိုနေ့စဉ်သောက်နေသည့် ဆရာကြီးပုံစံမျိုး . . ။ ပြီးတော့ အရက်ပုလင်းကို ဇောက်ထိုး လုပ်ပြီး ဖင်ပိုင်းက အရက်တွေစီးကျတာကို ကြည့်ပြန်သည်။ ပုလင်းဖင်မှ နောက်ဆုံး အရက်တစ်ခွက်က တောက်ခနဲကျတော့မှ ပြုံး ရင်းဝမ်းသာအားရဆိုသည်။
“စိတ်ချ၊ ဒီအကောင်အစစ်ပဲ ရေမရောတဲ့အစစ်!”
“ဟေ့ကောင် စောနိုင် မင်းစကားကိုရှည်တယ်ကွာ ပေးစမ်း၊ ဘာတွေလျှောက်လုပ်နေကြတာလဲ!”
မောင်မောင်နီက ပုလင်းကို ဒုတိယအကြိမ်ဆွဲယူပြီး ပုလင်းကိုဇောက်ထိုးထားပြီး ပုလင်းဖင်ကို သုံးလေးချက်ရိုက်ပြီး အဖုံးကိုဖွင့် တော့“ကလစ်” ဟု မြည်ရင်း အဖုံးပွင့်သွားသည်။ စောနိုင်က အရက်ဖန်(လ်)ခွက်တွေကို တန်းစီပေးသည်။ မောင်နီက ဖန်(လ်)ခွက် ထဲသို့ အရက်ကို လက်နှစ်လုံးစီခန့် အသာချိန်၍ ထည့်ပြီးတော့မှ ဖန်(လ်)ခွက်တွေကို ရှေ့သို့ပြန်ချပေးသည်။
ကျွန်တော်သည် ကိုယ့်ရှေ့ကခွက်ကိုကြည့်ရင်း ကြောက်လည်းကြောက်သည်။ သောက်လည်းသောက်ချင်သည် . . ဆိုသည့် စိတ်နှစ်ခွကို ခံစားနေရသည်။ ရေခဲထည့် ဆော်ဒါတွေထည့်ပြီးတော့ အရက်ခွက်သည် လုံးဝအသက်ဝင်သွားပြီဖြစ်သည်။
“ကဲ . . ချီးယား(စ်) . . . အောင်မြင်သွားတဲ့စာမေးပွဲအတွက်”
မောင်နီ၊ ရဲမြင့်တိုးနှင့် အောင်နိုင်စိုးတို့က အရက်ဖန်(လ်)ခွက်ကို မြှောက်ရင်းက ပြန်မချဘဲ သုံးလေးကျိုက်သောက်ပစ်လိုက် သော်လည်း . . . သူတို့ပုံစံက မျက်နှာပျက်မသွားကြ၊ စောနိုင်ကို လှမ်းကြည့်တော့ . . သူ့လက်ထဲက အရက်ခွက်ကို ကြည့်ရင်းက “အမြည်းမှ မလာသေးတာကွာ” ဟု တစ်ဝိုင်းစာကြားလောက်ယုံပြောပြီး အရက်ခွက်က နှုတ်ခမ်းနှင့်တေ့၊ မျက်စေ့ကိုမှိုတ်ပြီး တဂွတ် ဂွတ်နှင့် မော့ချပစ်လိုက်ပြီးတော့ မျက်နှာရှုံ့မဲ့သွားပြီး အတော်ကြာအောင် ခေါင်းကိုငုံ့ထားသည်။
ဒီကောင် ခေါင်းပြန်မော့လာတော့ အောင်နိုင်စိုးတို့ ရဲမြင့်တိုးတို့ကို ကြည့်သည်။ ဟိုကောင် သုံးကောင်က ထုံးစံအတိုင်း အေး ဆေးပင်ရှိသည်။ ဒီတော့ စောနိုင်ကခွက်ကို ကိုင်ရင်း ဘာလုပ်ရမယ်မှန်း မသိဖြစ်နေသော ကျွန်တော့်ကို ရိပြုံးပြုံးသည်။
“ဟေ့ကောင်ရဲဝင်းချလေကွာ . . First cup ဆိုတာ ဒီလိုတစ်ရှိန်ထိုး မော့ရတယ်ကွာ”
“သူသောက်ချင်သလိုသောက်ပေ့စေ့ပေါ့ကွ၊ မင်းလည်းမင်းကြိုက်သလိုသာသောက်၊ ရဲဝင်း မင်းအမြည်းလာမှ သောက်ချင် လည်း သောက်ရတယ်”
ရဲမြင့်တိုးက၀င်ပြောတော့မှ စောနိုင်ငြိမ်သွားသည်။ ဒါပေမယ့် အတန်းတူ အသက်တူချင်း ကျွန်တော့်ကို အရက်သောက်တော့ မှ ညီငယ်တစ်ယောက်လို ကာကွယ်စောင့်ရှောက်ရတာကို ခံလိုက်၇သဖြင့် ကျွန်တော် ဒေါသနည်းနည်းဖြစ်ပြီး မခံချင်စိတ်နှင့် လက်ထဲက ခွက်ကို တစ်ရှိန်ထိုးမော့ချပစ်လိုက်သည်။
“ဂွပ်”ခနဲ ခွက်ကိုချပြီးတော့ ကျွန်တော်အရင်ဆုံးကြည့်တဲ့လူက စောနိုင်ပါ။ ဒီကောင် ကျွန်တော့်ကို တအံ့တသြ မမြင်ဖူးသူ တစ်ယောက်လို ငေးကြည့်နေသည့်မျက်နှာကို တွေ့ရတော့ ကျွန်တော်ကျေနပ်သွားသည်။ ကျန်တဲ့သူငယ်ချင်းတွေရဲ့မျက်နှာကို ကြည့်တော့ ဘာမှမထူးခြား၊ ထူးခြားမည်ဆိုလျှင်လည်း “ဖြစ်မှဖြစ်ရလေ” ဆိုသော အကြည့်မျိုးသာရှိလိမ့်မည်ထင်သည်။
ကျွန်တော် တစ်ရှိန်ထိုး မော့ချပစ်လိုက်သော အရက်သည် ၀င်သွားသောအစာအိမ်ထဲတွင် ဘယ်လိုမှမနေဘဲ အရက်မ၀င်သော နှာခေါင်းထဲမှာ ရေးချပြ၍မရသော Rum ၏ အနံ့သည် “ထင်း”ကနဲ စူးရှ၍နေသည်။ ကျွန်တော်ဆီမှာ ဘာမှ အပြောင်းအလဲမဖြစ်၊ ကျွန်တော်သည် အရက်မသောက်မီက အတိုင်းပင် အသိရော ခံစားမှုပါ မပြောင်းလဲသဖြင့် ကျွန်တော်သည် “အရက်ကို နိုင်သည်” ဟု ထင်သွားသည်။
“ဟေ့ကောင်တွေ မင်းတို့အရက်က စစ်ရော စစ်ရဲ့လားကွ၊ ငါ . . ဘာမှလည်း မဖြစ်ပါလား”
ကျွန်တော်စကားကြောင့် ရဲမြင့်တိုး၊ အောင်နိုင်စိုးနှင့် မောင်မောင်နီတို့က ပြုံးကြသည်။ စောနိုင်ကတော့ ဘာမျှမပြောဘဲ သူ့ မျက်နှာကို ကျွန်တော့်ဘက်မလှည့်တော့သည့်အတွက် ကျွန်တော်ကျေနပ်သွားသည်။ “လင်းဋလောက်တော့ ငှက်တိုင်းလှပါတယ် ကွာ” ဆိုသည့် စကားအတိုင်းပေါ့။ ထိုအချိန်မှာ ကြက်ဥမွှေကြော်အရင် ရောက်လာသည်။
ကျွန်တော် အမြည်းကလေးစားလိုက်တော့ ပါးစပ်ထဲတွင် တစ်မျိုးဖြစ်နေသော အရသာမှာ ကြက်ဥမွှေကြော်နှင့်တွေ့တော့ တော်တော်လေးအဆင်ပြေသွား၏။ ကျွန်တော်အမြည်းကို သုံးလေးခါ စားပစ်လိုက်သည်။ ဟို သုံးကောင်ကတော့ . . တစ်ခါငုံလိုက် အမြည်းစားလိုက်နှင့် အဆင်ပြေနေကြသည်။ ကျွန်တော် ဂျက်ကမ္ဘာကိုဖွာရင်း အရက်တစ်ခွက်လုံးကို တစ်ရှိန်ထိုးကစ်ပြီး ဘာမှ မဖြစ် သော ကျွန်တော့်ကိုယ့် ကျွန်တော်အံ့သြရင်း ကျေနပ်နေသည်။
စောနိုင်က ပုလင်းကိုကောက်ကိုင်ပြီး သူ့ခွက်ထဲသို့ လက်နှစ်လုံးလောက်ထည့်ပြီးတော့ ကျွန်တော်ဘက်သို့ ပုလင်းကိုကမ်း၍ ပေးသဖြင့် ကျွန်တော်လှမ်းယူပြီး သူထည့်သလောက်ထည့်လိုက်သည်။ ပြီးတော့ ရေခဲထည့်၊ ဆော်ဒါနှင့်ရော . . ဆော်ဒါမှ အမြုတ် ကလေးတွေ ခုန်ပေါက်နေတာကို ကျွန်တော်ငေးနေမိသည်။]
ထိုအချိန်တွင် ကျွန်တော်တို့မှာထားသော ငါးရှဥ့်ချဉ်စပ်၊ ကုန်းဘောင်ကြီးကြော်၊ ငါးမုန့်ကြော်နှင့်း ဆေးဘဲဥသုပ်တို့ ရောက် လာပြီး ရေခဲတစ်ပွဲပင်ထပ်မှာလိုက်ရသေး၏။ ရဲမြင့်တိုးတို့အုပ်စုက တစွတ်စွတ်သောက်နေကြသော သူတို့အရက်များကို လက်စ သတ်လိုက်ကြပြီး . . အမြည်း စားကြသည်။
စောနိုင်ကလည်း အရက်ကို တစ်ငုံ့ငုံ့၍ ဆေးဘဲဥသုပ်ကိုစားသည်။
“ဘီအီးဘီယာ၊ Rum ဆော်ဒါ . . အမြည်းအားလုံးမှာ . . ဆေးဘဲဥ . . တဲ့ကွ မှတ်ထား”
ထုံးစံအတိုင်း အမြည်းစားရင်းက စောနိုင်က ဆရာကြီးလုပ်ပြန်သည်။ စောနိုင်သည် အရက်နှင့် ပါတ်သက်လျှင် ကျွန်တော်တို့ ထက် သူက ပိုနားလည်သည်။ သူက ပိုဗဟုသုတရှိသည်ဟု ကျွန်တော်တို့ထင်အောင် အမျိုးမျိုးပြောနေ . . လုပ်ပြခြင်းဖြစ်သည်။
ကျွန်တော်လည်း အရက်ကို တစ်ချက်ငုံပြီး မြိုချလိုက်တော့ ခုန ကျိုက်ချလိုက်သည်ထက်ပင် အရက်၏အနံ့နှင့် အရသာက ဆိုးသည်ဟုထင်ရသည်။ ဒီတော့ ကျွန်တော် ငါးရှဥ့်ချဉ်စပ်ကို တစ်ဇွန်းစားလိုက်ရ၏။ ဒီတော့မှ အဆင်ပြေသွားသည်။ အင်း ဒါကြောင့် မို့ အမြည်းနဲ့အရက်ကို တွဲဘက်ထားတာပါလား . . ဟု ကျွန်တော် သိပြီးသားကို လက်တွေ့ကျကျနားလည်လိုက်ရပါသည်။
“ဒါကတော့ အမှတ်စာရင်းထုတ်ပြီးရင် . . ရတဲ့အမှတ်က ငါလိုချင်တဲ့အမှတ်မရရင် G.T.I ဖြေမယ်ကွာ”
မောင်မောင်နီက ဆိုသည်။
“ကောင်းတယ် မောင်နီ ဒီကောင်က ကျောင်းဆင်းတာနဲ့ အလုပ်တန်းရတာ၊ ငါ့သူငယ်ချင်းရဲ့အစ်ကိုက G.T.I ဆင်းပေါ့၊ သူက E.P (electronic power) ဆိုတော့ ဘယ်သူ့ဆီမှာမှ မလုပ်ဘဲနဲ့ ပထမအိမ်တွေမှာ လိုအပ်ရင်လိုက်ပြင်တယ်၊ အခုတော့ ဆိုင်ဖွင့်ပြီး ပြင်လည်းပြင် ရောင်းလည်းရောင်းပေါ့ကွာ”
“ဟုတ်တယ် ငါလည်း E.P ပဲလိုက်ချင်တာ၊ ဘွဲ့ရပြီး ဘာမှ လုပ်စားလို့မရရင် အချိန်ကုန်ယုံပဲရှိမှာပေါ့”
ကျွန်တော်တို့စကားဝိုင်းသည် အရက်အရှိန်ကြောင့် ဆူညံစပြုလာ၏။ ကျွန်တော် ဒုတိယခွက်မကုန်ခင် ငါးရှဥ့်အမြည်းကို လှမ်း အနှိုက်မှာ ရိပ်ခနဲတစ်ချက်ဖြစ်သွားပြီး၊ ကျွန်တော့်ရှေ့မှ သူငယ်ချင်းများနှင့် မြင်ကွင်းသည် အဖြူရောင်ပုလင်းအလွတ်တစ်လုံးကို မျက်စေ့ရှေ့မှာ ခံ၍ကြည့်ရသလိုမျိုးဖြစ်သွား၏။ ကျွန်တော့်အရှေ့က ခုံအစွန်းကို ကိုင်ရင်းက ငါမူးပြီဟု သတိရသွားပြီး ကြောက်လာ သဖြင့် ဇောချွေးတွေပျံ၍လာသည်။ ရင်တွေလည်း တုန်၍လာ၏။ သို့သော် . . ကျွန်တော် ထုတ်၍မပြော၊ ပြောရမှာ ရှက်သည်။
ကျွန်တော်အမြည်းကို လှမ်းနှိုက်ပြီးစားသည်။ ပြီးတော့ အသိစိတ်ကို ရအောင်ထိမ်းသည်။ မနက်ကတည်းက အပျော်လွန်ပြီး လက်ဖက်ရည် တစ်ခွက်မှလွဲ၍ ဘာမျှမစားရသေးကြောင်း သတိရလာသည်။ အရက်ဆိုတာ အစာမစားဘဲသောက်ရင် ပိုမူးတယ် . . တဲ့။ ငါ မနက်ကတည်းက ဘာမှ မစားရသေးတာ အမြည်းများမျးစားထားမှဟု သတိပေးရင်း အမြည်းချည်ဖိစားမိသည်။
“ရဲဝင်း မင်းကရော ဘာလုပ်မှာလဲ!”
ကျွန်တော် တစ်ချက်စဉ်းစားမိသည်။ ခေါင်းထဲမှာတော့ ရီတီတီနှင့် . . . .
“ငါ . . တက္ကသိုလ်ရဲ့အရသာကို ခံစားချင်တယ်ကွာ၊ ငါ လှည်းတန်းဘက် တစ်ခါရောက်တုန်း ကားပေါ်ကနေမြင်ရတာ အိုး . . အင်္ကျီအ၀တ်အစားတွေရောင်စုံနဲ့ ကျောင်းကြီးထဲမှာ ဟိုသွား၊ ဒီသွားနဲ့ ကျောင်းတက်နေတာလား ကျောင်းလွှတ်နေတာလားတောင် မသိပါဘူးကွာ . .။ ငါကတော့ အဲဒီအရသာကို ခံစားချင်တယ်”
“စာအုပ်တွေ စွတ်ဖတ်ပြီး စိတ်ကူးမယဉ်နဲ့ရဲဝင်း၊ (၁၀)တန်းအောင်ပြီးတဲ့လူဆိုတာ ဘ၀လမ်းဆုံကိုရောက်တာပဲ၊ မင်းဘယ်သွား မလဲသွားချင်တဲ့ဆီ သွားလို့ရတယ်”
“ငါကတော့ င့ါအဖေရှိတဲ့ မီးရထားမှာဝင်လုပ်ရင်းနဲ့ လုပ်သားကောလိပ်ပဲတက်တော့မယ်ကွာ . . ”
“မင်းဟာက လွယ်လှချည်လား!”
“င့ါအဖေရော၊ အစ်ကိုရောက ရထားရုံးမှာဆိုတော့ (၁၀)အောင်တာနဲ့ ၀င်ရတာလွယ်တယ်ကွ”
“ရဲဝင်းသောက်လေကွာ . . . ”
ထိုနေ့က ကျွန်တော်နောက်ထပ် ဘယ်နှခွက်ဆက်သောက်မိမှန်း မသိတော့ . . အရက်ဆိုင်ကထတော့ ရန်ကုန်ထဲသွားပြီး ရုပ်ရှင်ကြည့်ကြတာကို မှတ်မိသည်။ သို့သော် . . ဘယ်ရုံမှာဘာကားကို ကြည့်ခဲ့သည်ဆိုတာကို ကျွန်တော်မမှတ်မိတော့၊ အိမ်ကို ဘယ်လိုလုပ်ပြန်ရောက်မှန်းလည်းမသိတော့ . . . ။
နောက်တစ်နေ့ မျက်နှာသစ်တော့ . . ဦးနှောက်ထဲမှာ အရက်နံ့ကိုရနေသည်။ ရေသောက်တော့လည်း . . ထိုအရက်နံ့ကိုပဲ ရနေသည်။ အခုမှ ကျွန်တော်အန်ချင်နေသည်။ဦးခေါင်းထဲကို လာလာရိုက်နေသော အရက်နံ့ကို ကျွန်တော်မခံနိုင်ပါ။ “အရက်” ဟု တွေးလိုက်သည်နှင့် ထိုရနံ့ကိုပြန်၍ရသည်။ တော်ပြီ . . ငါနောက်ကို အရက်မသောက်တော့ဘူးဟု . . ကျွန်တော်တွေးလိုက်ခဲ့ဖူးတာ ကို ပြန်မှတ်မိသည်။
ကျွန်တော်သည် ပထမဦးဆုံးအရက်သောက်ဖြစ်သည့်အကြောင်းကို အရက်ဖြတ်သည့် စိတ်ကျန်းမာရေးဆေးရုံဖြစ်သော လုံမ္ဗိနီအထူးကုဆေးခန်းရှိ ကုတင်ပေါ်မှာ အိပ်ရင်းတွေးမိနေခြင်းဖြစ်သည်။
ကျွန်တော်ဆေးရုံကို ရောက်တာ(၃)ရက်မြောက်ပြီဖြစ်သည်။
အားက မရှိသေး၊ ခြေတွေလက်တွေတုန်နေဆဲ၊ ပါးစပ်ထဲက ဘာကိုမှလည်း မစားချင် . . အချိုရည်ဆရာမ ရောက်လာ လျှင် ဆန်းကစ်အချိုရေကို သောက်ပြရသည်မှလွဲ၍ ဘာကိုမှ မစားချင်သေး . . ။
“ဗိုက်ထဲမှာ အစာမရှိတော့ . . ရင်တုန်တာပေါ့ . . ဘာစားချင်လဲဆိုတာကိုစဉ်းစား . . ဘာဖြစ်ဖြစ် . . ကျိုးစားပြီးရအောင်စား ရမယ် ဒါမှရင်မတုန်မှာ . . အချိုရည်သောက် . . . .”
ကျွန်တော့်ကိုတွေ့တိုင် အချိုရည်သောက်ခိုင်းသဖြင့် ကျွန်တော်သောက်ရသည်။ ဒီနေ့တော့ . . ဆရာမက မပြောပါပဲ ကျွန်တော်အချိုရည်တစ်ဗူးကုန် နည်းနည်းစီသောက်ဖြစ်သွားသဖြင့် . . ရင်တုန်နည်းနည်းသက်သာပါသည်။ ကျွန်တော်သည် ဆရာမ မှာသွားသည့်အတိုင်းပင် . . အချိုရည်ကို နည်းနည်းချင်စီသောက်ပါသည်။ ကျွန်တော့်အတွက် အဖော်အဖြစ်ခေါ်ထားသော ကျွန်တော့် ညီဝမ်းကွဲကလေးက ကျွန်တော်တောင်းတိုင်းအချိုရည်ဗူးကို ယူလာ၍ပေးရသည်။ ကျွန်တော်ထ,၍ မထိုင်နိုင်သေးသဖြင့် အချိုရည် ကို တစ်စောင်းလှဲ၍ ပိုက်ဖြင့်စုပ်ရသည်။
ကျွန်တော်တွေးနေတုန်း သူနာပြုဆရာမကလေး ၀င်လာပြီး ကျွန်တော့်ကို သွေးပေါင်ချိန်သည်။ ပထမတစ်ကြိမ် ညှစ်ပြီး ဆရာမ သည် ပြဒါးလုံးကလေးကျလာတာကို ကြည့်ရင်း ကျေနပ်ပုံမရဘဲ နောက်တစ်ကြိမ်ထပ်ပြီး ညှစ်၍ ချိန်ပြန်သည်။ ဆရာမသည် နားကြပ်မှာကြားရမည့် ကျွန်တော့်သွေးခုန်နှုန်းကို အသက်မရှုဘဲ စိုက်၍ကြည့်သည်။ ပြီးတော့မှ . . လက်မောင်းကို ရစ်ပါတ်ထားသော အ၀တ်စ,ကို ဖြီရင်း . . “တစ်ရာ့ခြောက်ဆယ်ငါးဆယ်” ဟု သွေးပေါင်မှတ်သော ဆရာမကလေးကို ပြောသည်။
“ဆရာအပေါ်သွေးတွေ နည်းနည်းများတယ်၊ အမြဲတမ်းလှဲမနေပါနဲ့ ခေါင်းကိုထောင်ပြီးလှဲပေါ့၊ ဒါမှမဟုတ်ရင် ထိုင်နေပေါ့”
“ထိုင်လို့မရဘူးဆရာမ၊ ထိုင်တာနဲ့ခေါင်းကမူးပြီး ရင်တွေအရမ်းတုန်လာလို့၊ ကျွန်တော့်ကို အကြောဆေးမသွင်းပေးဘူးလား ဆရာမရယ် . . ကျွန်တော်ရင်တွေ အရမ်းတုန်ပြီးမောနေလို့ပါ”
“စစ်စတာကြီးကိုပြောပေးမယ်နော်၊ နောက်ကခေါင်းအုံးကလေးခံပြီး ခပ်မတ်မတ်ကလေးနေပါလား!”
နတ်(စ)မကလေးက ကျွန်တော့်ညီဘက်လှည့်ပြောလိုက်သဖြင့် ကျွန်တော်ညီက နတ်(စ)မလေး စကားအတိုင်း ပြုပြင်ပေး သည်။ ဆရာမကလေးထွက်သွားတော့ . . ကျွန်တော့်ခေါင်းထဲမှာ မူးရိပ်ရိပ်ဖြစ်ကျန်ခဲ့သည်။
ကျွန်တော့်အာရုံထဲမှာ . . “ဟေး” ခနဲ “ဟား” ခနဲ ရယ်သံပျော်သံများနှင့် ရီဝေမူးယစ်ခဲ့သော အရက်ဝိုင်းများကို ပြန်မြင်ယောင် နေသည်။ မည်သူ့ကိုမှ အပြစ်တင်ခြင်းမဟုတ်ပါ။ အရက်သည် . . သောက်ကြတုန်းက လူအများကြီး . . ၊ ပျော်စရာ။ ခံရတော့ တစ်ယောက်တည်း စိတ်ပျက်စရာ။
ကျွန်တော်အခုလို အရက်ကိုဆေးရုံတက်ပြီး ဖြတ်ရသည်အထိဖြစ်ရသည်မှာ ပထမတစ်ချက်က ကျွန်တော့်၏ပျော့ညံ့မှုကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်က ကျွန်တော်ခါးသီးစွာ ခံစားလိုက်ရသော ကံကြမ္မာအလှည့်အပြောင်းကြောင့်ဖြစ်ပါသည်။
သို့သော် . . ဘယ်သူမပြုမိမိမှုဆိုသည့်အတွက် မည်သူ့ကိုမျှ အပြစ်မတင်တော့ပါ။
ကျွန်တော်နှင့်အတူသောက်သူများသည် ယခုတိုင် အရက်ကိုသောက်နေကြစဲဖြစ်၏။ ယခုတိုင် အရက်ကိုသောက်နေကြစဲဖြစ် ၏။ ဆေးရုံတက်ရသည်ဟု တစ်ယောက်မှမကြားရ။ ကျွန်တော်တို့ အရင်သောက်ကြသည့် ပုံစံအတိုင်း ညနေ(၆)နာရီလောက်မှ သူတို့ သောက်ကြသည်။
ကျွန်တော်က ကျွန်တော့်အကြောင်းအလဲကြောင့် မိတ်ဆွေဖြစ်သူများနှင့် မတွေ့မချင်းတော့ပဲ အိမ်မှာဝယ်၍ တစ်ယောက် တည်းချသည်။ ပုလင်းကရှိနေတော့ လူကစည်းကမ်းမရှိချင်တော့၊ သောက်ချိန်ကျမှ သောက်ခြင်းမဟုတ်တော့ဘဲ အရက်အရှိန်ရော့ သည်ဆိုတာနှင့် နောက်တစ်ခွက်သောက်ဖြစ်ရင်း တစ်နေကုန်ဖြစ်သွားသည်။ ဒီတော့ ကျွန်တော်သည် မမူးတော့သော . . အမူးသမား ဖြစ်သွားခြင်း ဖြစ်သည်။
ကျွန်တော်တွေးနေတုန်းမှာပင် အပြာဝတ်ဆရာမတစ်ယောက်နှင့် အကူနတ်(စ)တစ်ယောက် ၀င်လာသည်။ လက်ထဲမှာ စလင်း အကြီးဆေးစပ်ပြီးသားနှင့် စပရစ်ဗူးနှင့် ကျွန်တော့်ညီကတော့ နတ်(စ)နှင့် စစ်စတာထိုင်ရန် ခုံချပေးပြီးသည်နှင့် အခန်းထဲကထွက် သွားသည်။ ဒီကောင်ကအရပ်သာ (၅)ပေရှစ်လက်မလောက်ရှိပြီး ထောင်ထောင်မောင်းမောင်းနှင့် ဆေးထိုးခံရဖို့ကျ သိပ်ကြောက် သည်။ သူအထိုးခံရတာပင်မဟုတ် လူများကိုထိုးတာကိုလည်း မကြည့်ရဲသည့်ငတိဖြစ်သည်။
“လက်မကို လက်သီးထဲထည့်ဆုပ်လိုက် . . . ဟုတ်ပြီ”
ကျွန်တော်လက်သီးဆုပ်ပြီးတော့ လက်မောင်းရင်းက ဖိပေးဖို့ ဆရာမကလေးက ဟိုဒီကြည့်သည်။ ကျွန်တော့်ညီကို ရှာခြင်း ဖြစ်၏။
“ရှင့်အစောင့်ရော . . .”
“ဒီကောင်က . . ဆေးထိုးတာမကြည့်ရဲဘူးစစ်စတာ”
“သြော်ဖြစ်မှဖြစ်ရလေ . . ဒီလောက်ခန္ဓာကိုယ်နဲ့”
ဆရာမသည် ကျွန်တော့်လက်မောင်းကို ဖိကြည့်သည်။ ဒီနေရာ ဟိုနေရာလက်ကောက်ဝတ်နားမှာ စိတ်တိုင်းကျပုံမရတော့ တံတောင်ဆစ်နားရောက်လာသည်။ အရက်ပျံစွတ်ထားသော ဂွမ်းဖြင့်သုတ်သည်။ လက်ကောက်ဝတ်ကို ညှစ်ကြည့်သည်။
“သွေးကြောက တော်တော်ပါးတာပဲ”
မှန်ပါသည်။ ကျွန်တော်သည် လူကအကောင်သေးသလို . . ကျွန်တော့်လက်မောင်း၊ လက်ဖျံ . . စသောနေရာများတွင် သွေးကြောက ရှာမတွေ့နိုင်လောက်အောင်ကိုပါးပါသည်။
ဆရာမသည် လက်ကောက်ဝတ်နားကိုအရက်ပျံနာနာပွတ်ပြီး လက်ညှိုးဖြင့် ဖိဖိပေးရင်း . . “ဒီကောင်ရမယ်ထင်တယ်” ဟု နတ်(စ)မကလေးကိုလား ကျွန်တော့်ကိုလား ! သူ့ကိုယ်သူလား မကွဲပြားပဲ ပြောသည်။
ကျွန်တော့်လက်ကောက်ဝတ်အောက်မှာ တစ်ချက်အောင့်ပြီးနာသည်။ နောက်တစ်ချက် ထပ်နာသည်။ ကျွန်တော် မကြောက် သော်လည်း အသက်ကိုအောင့်ထားမိသည်။
“မရဘူး . . ဒီနားမှာထင်တယ်”
ကျွန်တော်လှမ်းကြည့်တော့ ဆရာမပုံစံက စိတ်လှုပ်ရှားနေပုံရသည်။ ထိုသို့စဉ်းစားနေရင်း လက်ကောက်ဝတ်မှာ ဆစ်ခနဲ နာပြန် သည်။ နောက်တစ်ချက်ထပ်နာသည်။ နောက်တစ်ချက်။ အပ်ကို ဂွမ်းနှင့်ဖိပြီး ပြန်ထုတ်သွားသည်။
“ဆရာမ . . ဘတ်တာဖလိုင်း သွားယူလိုက်ပါ၊ သူ့သွေးကြောတွေက အရမ်းပါးနေတယ်”
နတ်(စ)မကလေးက ချက်ချင်းလျှင်မြန်စွာ ထွက်သွားသည်။ ခဏပါပဲ။ စစ်စတာက “ဘတ်တာဖလိုင်း” ကို သေသေချာချာပြင် သည်။ ဘာ့ကြောင့် ဘတ်တာဖလိုင်းလို့ခေါ်ပါလိမ့်ဆိုတာ ကြည့်တော့ အပ်က ရိုးရိုးအပ်ထက် ပိုသေးပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ လိပ်ပြာလို တောင်ပံကလေးတွေပါသည်။ ဒါကြောင့် ဘတ်တာဖလိုင်းဟု မြန်မာတွေက အလွယ်တကူပေးထားတာလား! စပြီး ထုတ်လုပ်ကတည်းကိုက သူ့အခေါ်အဝေါ်က “ဘတ်တာဖလိုင်း” လားဆိုတာတော့ ကျွန်တော်မသိပါ။
ဒီတစ်ခါတော့ စစ်စတာသည် သူ့ပစ်ကွင်းကိုလက်ခုံသို့ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း အရက်ပျံသုတ်နေသဖြင့် ကျွန်တော် သိလိုက်ပါသည်။ ပြီးတော့ လက်ညှိုးဖြင့် သုံးလေးချက်အဖိခံလိုက်ရပြီး ဆစ်ခနဲခပ်ပျော့ပျော့သာနာသည်။
ထို့ကြောင့် ကျွန်တော်သည် . . .
လုမ္ဗိနီသာမော . . . .
အင်ကြင်းတော၌၊ ကြိုက်သောအရက်
ဤရွှေစက်ကို၊ အဖက်မလုပ်
ငုတ်တုတ်သီးခံ၊ မာန်ကိုချိုးနှိမ်
ဣနြေ္ဒမပျက်၊ နေရန်ခက်၏
မချိရွှေရင်၊ တုန်ငင်လှိုက်မော
ပြောဆိုခံရ၊ ဒီဘ၀၀ဋ်မှ
ကျွတ်စေသော်(၀်) . . . . . ။ ဟု ကဗျာစပ်သည်။
ကျွန်တော်ထိုကဗျာကို စိတ်ဖြင့်စပ်နေတုန်း နတ်(စ)မကလေးနှင့် စစ်စတာကြီးတို့ဝင်လာသည်။ စစ်စတာကြီးမှာ အပြာဝတ် ဖြစ်ပြီး တည်ငြိမ်သော ဣနြေ္ဒရှိ၏။ ပထမဦးဆုံးကျွန်တော့်လက်ကောက်ဝတ်ကို လက်ညှိုးလက်ခလယ်တို့နှင့် ထောက်၍ သွေးခုန် နှုန်းကိုတိုင်းသည်။
ပြီးတော့မှ . . . နားကြပ်ဖြင့် ရင်ဘတ်ကို စမ်းသည်။ ပြီးတော့ ပူနေသောကျွန်တော့် ဗိုက်ကို သေသေချာချာစမ်းသည်။
“ရင်တွေ အရမ်းတုန်ပြီး မောနေတယ်ဆရာမ၊ ခေါင်းလည်းမထူနိုင်ဘူး”
“မောမှပေါ့ အစာမှမရှိတာ၊ သောက်တုန်းကတော့ ကောင်းတယ်၊ မဟုတ်လား! ဒီဗိုက်ပူပုံကိုလည်း သဘောမကျဘူး၊ သောက် တုန်းက တစ်နေ့ဘယ်လောက်သောက်သလဲ!”
ကျွန်တော်ဘာပြောရမှန်းမသိ အမှန်တော့ ကျွန်တော်သောက်ပုံက ပုလင်းကြည့်ပြီးသောက်တာမဟုတ်၊ အမူးမရော့အောင် သောက်တာဖြစ်သည့်အတွက် တစ်နေ့တစ်ပိုင်း၊ တစ်လုံးစသည့်ဖြင့် မရှိချေ။
“တစ်လုံးလား! တစ်ပိုင်းလား!”
စစ်စတာကြီးက ခပ်ထန်ထန်မေးသည်။ ကျွန်တော့်ကိုဟောက်ခြင်းတော့ မဟုတ်၊ ကျွန်တော်ခံနေရတာကို ကြည့်ပြီး ဂရုဏာနှင့် ထို့အသံဖြစ်သွားခြင်းဖြစ်သည်။
“အင်း . . တစ်လုံးလောက်တော့ရှိမယ် ဆရာမကြီး”
“အင်း . . မလုပ်ကြနဲ့ မလုပ်ကြနဲ့၊ မကောင်းမှန်း ကိုယ်လည်းသိနေတဲ့ဟာကို၊ နေလို့ သက်သာအောင်လုပ်ပေးမယ် ဟုတ်ပြီ လား”
စစ်စတာကြီးထွက်သွားတော့ ကျွန်တော့်ရင်ထဲမှာ အတွေးတွေရှုပ်ထွေးပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်သည် ဆရာမကြီး ပြော သလိုပင် အရက်သည်မကောင်းမှန်းသိသော်လည်း အကြောင်းကြောင်းနှင့်သောက်မိသည်။
ကျွန်တော့်ကို ဘာကြောင့် အရက်သောက်ရတာလဲဟု မေးမည်ဆိုလျှင် ဖြေစရာမရှိပါ။ သို့မဟုတ် ပြော၍မကုန်နိုင်သော အကြောင်းအချက်များကြောင့်ပါ။ ကျွန်တော်သည် . . နိုင်ငံခြားကားတွေထဲက မင်းသားတွေလူဆိုးတွေ အရက်သောက်တာကို မြင် လျှင် သဘောကျသည်။ အရက်သုံးပက်လောက်ကို ခွက်ထဲထည့်သည်။ ကျွန်တော်တို့လို ရေတွေ ဘာတွေမရောဘဲ ဒီအတိုင်းတစ် ငုံငုံသည်။ စကားပြောရင်းဖြင့် နောက်တစ်ငုံငုံချင်လျှင် ငုံမည် ဒါမှမဟုတ် အကုန်မော့လျှင် မော့မည် . ..။ ပြီပြီ။ သူတို့သည် စကား ပြောကောင်းယုံ၊ သွေးနွေးရုံသာသောက်ကြခြင်းဖြစ်၏။ သူတို့သည် အိမ်မှာကိုယ်ပိုင် အရက်ဘားရှိသော်လည်း အရက်သမားများ မဖြစ်ကြ၊ အရက်ကို အဲဒီလိုသောက်ရလျှင် . . . ကျွန်တော်ဆက်မတွေးတော့ပါ။ ကျွန်တော်ဆိုသောကောင်က ရမှာမဟုတ်ဆိုတာ ကို ကျွန်တော်သိပါသည်။
“ရပြီ . . . .”
စစ်စတာက ၀မ်သာအားရဆိုသည်။ ဆရာမသည် စလင်းထဲမှ အားဆေးရည်ကို ဘတ်တာဖလိုင်း ပိုက်မှတဆင့် ဖြေးညှင်းစွာ ထိုးသွင်းပေးသည်။
မိတ်ကပ်ပါးပါးလိမ်းထားသော ဆရာမစစ်စတာ၏ နဖူးနှင့်နှုတ်ခမ်းတို့တွင် ချွေးစပါးပါးကိုတွေ့ရသည်။ စစ်စတာသည် ဆေးရည်လုံးဝကုန်သည်အထိ စိတ်ရှည်လက်ရှည်ထိုးသွင်းပေးရင်း ကျွန်တော့်ကိုပြုံး၍ ကြည့်သည်။
“စစ်စတာကြီးက . . ဆရာ့မှာ နှလုံးရောဂါအခံရှိတယ်၊ ဂရုစိုက်လိုက်ပါဆိုတာနဲ့ ကျွန်မလည်း စိုးရိမ်လွန်ပြီး ရှာမတွေ့တာ၊ ပြီးတော့ ဆရာ့သွေးကြောကလည်း ပါးတာကိုး . . . .”
“ဟုတ်တယ်၊ ကျွန်တော့်သွေးကြောကိုက ပါးတာပါ၊ အကြောဆေးသွင်းတိုင်း ဒီလိုပါပဲ”
စစ်စတာက သူထိုးခဲ့သည့်နေရာတွေမှာ ဟမ်းနီးပလပ်ကပ်၍ပေးသည်။ ပြီးတော့ အပြုံးနှင့် နှုတ်ဆက်ပြီး နတ်(စ)မကလေးနှင့် အတူ ထွက်သွားသည်။ ကျွန်တော်အကြောဆေးထိုးထားသောနေရာကို ကြည့်ရင်း ချက်ချင်းအားပြည့်လာသလိုခံစားရ၏။
ပြီးတော့ . . “ဘတ်တာဖလိုင်း” ကယ်ပေလို့ပဲဟု ကျွန်တော်တွေးမိသည်။ အမှန်တော့ စစ်စတာအဆင့်ကိုရောက်ပြီဆိုလျှင် အကြောရှာတာလောက်ကတော့ အပျော့ပင်ဖြစ်သည်။ အခုဖြစ်ပုံက ကျွန်တော့်အကြောကလည်း မှုန်မွှား၊ စစ်စတာကြီးသတိပေး စကားကြောင့် စစ်စတာလေးစိတ်ကလည်း လှုပ်ရှားသောကြောင့်ဖြစ်ပါသည်။
တစ်လောတုန်းက ကြည့်ခဲ့ရသည့် စစ်ကားတစ်ကားတွင် မင်းသားနှင့် သူ့သူငယ်ချင်းတို့ ဒါဏ်ရာရသဖြင့် နောက်တန်းပြန်ပြီး ဆေးရုံမှာ ဆေးကုခံနေရသည်။ မင်းသားနားမှာ နတ်(စ)မကလေးထွက်သွားတော့နံဘေးက ဒါဏ်ရာရစစ်သားဟောင်းကြီးကလှမ်း မေးသည်။
“ကိုယ့်လူ . . . မင်ကိုဆရာမ သွေးကြောဘယ်နှစ်ခါရှာသွားသလဲ”
“သုံးခါတောင်ရှာတယ်ဗျ”
“ဟာ ဒါဆိုဒီဆရာမတော်တော်တိုးတတ်လာတာပဲ” . . .ဟုပြုံးရင်းပြောသည့် အခန်းကလေးကိုပြန်သတိရသည်။
ကျွန်တော့် စစ်စတာကတော့ အဲဒီအဲ့ဒီလိုဟုတ်မည်မထင်ပါ။ ကျွန်တော်ကိုက သွေးကြောမှုန်မွှားတာပဲဖြစ်ပါမည်။
ကျွန်တော်သည် . . ထိုဆရာမ၏နာမည်ကို မသိပါ။မေးလည်းမမေးမိပါ။ဒိတော့ . . .ကျွန်တော့်စိတ်ထဲကပဲ ထိုတီချယ် ဆရာမကိုနာမည်ပေးလိုက်ပါသည်။
ထိုဆရာမသည် ကျွန်တော့၏ “ဘတ်တာဖလိုင်း”ဆရာမဖြစ်ပါသည်။
နီကိုရဲ


31 Comments:

Zephyr said...

So Sad News...

သူ့စာအုပ်တွေ အများကြီးမှတ်မိနေသေးတယ်။

သူ့အက်ဆေးထဲက အိမ်ကလေးရဲ့ဝိညာဉ်ပါ
သူနဲ့အတူပါသွားပြီး...
ငြိမ်းချမ်းလုံခြုံနေပါစေ...။

ဖြစ်လေရာဘ၀မှာ အဆို့ကျဉ်း၊ အဆို့ကျယ်ကင်းဝေးပြီး ...
ပြည့်ဝတဲ့ကျန်းမာရေးရပါစေ ...။

With Peace,
Ko Ye's fun,
Z

mg kyi poae said...

လူတော်လူကောင်းတွေ အကြွေစောတာကိုက ကံဆိုးလွန်းပါတယ်။ ဆရာ့ရဲ့ သဘာဝကျကျ ပုံဖေါ်တတ်တဲ့စာတွေ နောက်ထပ်မမြင်ရတော့ဘူး...အထူးဝမ်းနည်းပါတယ်ခင်ဗျာ

Ko Oo said...

မထင်မှတ်ပါဘူးဗျာ။ အရမ်းလည်းကြေကွဲရပါတယ်။

ညရဲ့ကောင်းကင် said...

စိတ်မကောင်းဘူးဗျာ...
ကျွန်တော်တို့ လေးစားခဲ့ရတဲ့ ဆရာတယောက်
ကြွေလွင့်သွားခဲ့ရပြန်ပြီ...
ဆရာ ကောင်းရာမွန်ရာသို့ရောက်ပါစေ...

Moe Cho Thinn said...

စိတ်မကောင်းလိုက်တာ မနော်။ တို့လဲ အံ့သြလွန်းလို့ သူ့အကြောင်း ပို့စ်တပုဒ် ရေးမိတယ်။

SDL said...

စိတ်မကောင်းပါဘူး

eaindraomtt said...

နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း
နီကိုရဲ......ရဲဝင်း

ဒဏ္ဍာရီ said...

ဆရာ့ရဲ့ လက်ရာကောင်း စာပေတွေ ထပ်မဖတ်ရတော့ဘူး ပေါ့နော်။
ကောင်းရာသုကတိလားပါစေ ဆရာ ....

ခင်မင်လေးစားလျှက်

အမရာ said...

ဆရာနီကိုရဲ..ထာဝရငြိမ်းချမ်းရာကို
ရှာတွေ့သွားပြီပေါ့....

မယ်ကိုး said...

ဒီလိုသတင်းတွေ ကြားရတိုင်း ကြေကွဲရခြင်းတွေ အဖန်ဖန်ပြန်ဖြစ်ရတယ်။
ဆရာနီကိုရဲ...ငြိမ်းချမ်းရာနေရာလေးမှာ မ ပြောသလို ချစ်သောသူတွေနဲ့ သူချစ်တဲ့အနုပညာတွေ ဆက်လုပ်နိုင်ပါစေလို့ ....

tin min htet said...

အားလုံးကိုပျော်စေချင်ခဲ့သူ ကိုယ်တိုင်ရော ပျော်ခဲ့မလားမသိ
သူ့ စာအုပ် အီးဘွတ်ကလေးတွေ ပြန်စုပေးပါဦးမယ် ..

sonata-cantata said...

နီကိုရဲရေ ... နှလုံးသားထဲမှာ ကြွက်ဝင်သွားပါတယ်...
ကျွန်တော့်၏ပျော့ညံ့မှုကြောင့်...ဆိုတဲ့ အဖြစ်မျိုးမှ ဘ၀ ဆက်တိုင်း ဝေးပါစေ

ဖိုးစိန် said...

ညစဉ်ညတိုင်း ကြယ်တွေကြွေတယ်..
သတိမထားမိဘူး...
တဖျတ်ဖျတ်လက်နေတဲ့ကြယ်တွေ
မှိတ်တုတ်မှိတ်တုတ်လက်နေတဲ့ကြယ်တွေ
လေမှာပျံဝဲကြွေတာပဲလေ..
ညက တဖျတ်ဖျတ်လက်နေတဲ့ ကြယ်တပွင့် ကြွေသွားပြီးတဲ့...
မြင်လိုက်ရတဲ့သူတွေက ကြယ်ကြွေအတွက်ဆုတောင်း စိတ်မကောင်းရပြန်ပေါ့...
ရှိပါစေလေ..
အရင်ကြွေသွားတဲ့ ကြယ်တွေဆီကို သူသွားတာပါ..
တခြားမဲ့မှာ သူတို့ ပျော်ရွှင်စွာ ငြိမ်းချမ်းနေပါလိမ့်မယ်..

စာရေးဆရာနီကိုရဲသို့....


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

မိုးခါး said...

မကြီးရေ
နီကိုရဲ စာအုပ်တွေကို ကြိုက်လို့ ဖတ်ဖြစ်ပါတယ်
ကောင်းမွန်တဲ့ ဘ၀ကို ရောက်ရှိပါစေလို့ ဆုတောင်းပါတယ်
နှမြောလည်း နှမြောမိတယ် ..း(

လင်းဒီပ said...

ဆရာနီကိုရဲ ငြိမ်းချမ်းပါစေ...
သူ့ကို ချစ်သူခင်သူ လေးစားတန်ဖိုးထားသူ အားလုံးနဲ့ အတူတူ ထပ်တူကြေကွဲ ဝမ်းနည်း နှမျောမိပါတယ်..။

Julian said...

ဟင်း

သွားပြန်ဘီတစ်ယောက်........
သေချာတာကတော့ကြယ်တွေတဖြုတ်ဖြုတ်ကြွေနေတာပါဘဲ......

ဂျူ

နေ့အိပ်မက် said...

ဘာလို့ တန်ဖိုးရှိတဲ့ အနုပညာရှင်တွေက ဘာလို့ ဒီပုံစံနဲ့ပဲ ပရိသတ်တွေကို ရုတ်တရက် ခွဲခွဲသွားကြတာလဲ

tg.nwai said...

စိတ်မကောင်းလိုက်တာမနော်ရယ်..ပရိသတ်ဆိုတာက သူဖန်တီးတဲ့ အနုပညာတွေကြောင့် လူချင်းမရင်းနှီးပေမယ့် စိတ်ထဲမှာနော့ ရင်းနှီးကျွမ်းဝင်ခင်မင်နေတတ်တာကိုး...။ ကောင်းမွန်ရာဘုံဘ၀မှာငြိမ်းချမ်းစွာနေနိုင်ပါစေလေ..ကျန်ရစ်သူမိသားစုတွေအတွက်ပါ စိတ်မကောင်းဖြစ်ရပါတယ်။ သွားတဲ့သူက ထွက်သွား..ကျန်ရစ်ခဲ့သူက ကြေကွဲ..အော်..ဒီလိုနဲ့ပဲ...။

ဒူကဘာ said...

မနော်ရေ... မိုးမခ မှာတွေ့လို့ လိုက်လာတာ ကျနော် ကြိုက်တဲ့ သူ မရှိတော့ဖူး ဆိုတော့ ကြေကွဲရပါတယ်၊ ရွယ်တူလောက် ရှိသူတွေပေါ့၊ သူ့ အထက်တန်း ကျောင်းတုန်းက သူ့ ဆရာမက ဘေးအိမ်မှာ နေတာ သွားပြောပြ လိုက်မယ်၊ မိသားစုကို ပြောခွင့်သာယင် ပြောပေးပါ၊ ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း။

pandora said...

ဘာကြောင့်များ လူတွေချစ်ခင်အားပေးတဲ့ အနုပညာရှင်တွေကို သေမင်းက တဖြုတ်ဖြုတ်ခြွေချနေရပါလိမ့်။ စိတ်မကောင်းဖြစ်လိုက်တာ။

BUFO said...

နှလုံးသားထဲကကြွက်
ရုတ်တရက် ခုန်ထွက်
ရင်မှာဟာ တာတာနဲ့........
နီကိုရဲ...
အေးချမ်းရာဘုံမှာ နားနေနိုင်ပါစေ......

ဆောင်းယွန်းလ said...

စိတ်မကောင်းဝမ်းနည်းခြင်းများစွာဖြင့် ဒီပို့စ်ကို ဖတ်သွားခဲ့ပါတယ်မနော်ရေ...
အနုပညာကြယ်တွေ တဖြုတ်ဖြုတ်ကြွေနေကြပါရောလားဗျာ...

Winkabar said...

စိတ်မကောင်းဘူး အစ်မရယ်.. မျက်ရည်တောင်ကျမိတယ်။ ဒီလိုနဲ့ပဲ ကြွေလွင့်သွားပြန်ပြီပေါ့ :(

အိုင်လွယ်ပန် said...

ကြွေ မယ်မှန်း သိနေလျှက်က ကို
ကြယ်ကြွေ နှုန်း တွေ သိပ်မြန်တာ ကို
စိတ်မကောင်း ဖြစ်မိနေပေါ့ ..။

ko said...

အမေလူထု(ဒေါ်)အမာ တခါတုန်းကပြောဖူးသလိုပါပဲ။ “သားတို့လူလတ်ပိုင်းယောက်ျားတွေမှာခေတ်ရောဂါတခု (alcoholism) စွဲကပ်နေတယ်”တဲ့။ ကျနော်တို့ တိုင်းပြည်မှာ လူလိုမခံစားတတ်တဲ့သူတွေကအသက်ရှည် ရှည်နိုင်လွန်းပြီး၊ လူလိုခံစားတတ်တဲ့လူတွေကချည်းပဲ တဖြုတ်ဖြုတ်ကြွေနေကြရ တာကိုတော့ တယ်မကျေနပ် လှဘူး။ ဆရာရေ..ကိုနီကိုရဲရေ..ရောက်ရာအရပ်မှာ ငြိမ်းချမ်းနိုင်ပါစေဗျာ။ ကျနော်တို့လည်းလိုက်လာခဲ့မှာပေါ့။

songchanmoe said...

မကြီးရေ..
ကျနော်ချစ်တဲ့စာရေးဆရာတွေအနုပညရှင်တွေကြွေလွင့်သွားရတာ စိတ်မကောင်းဘူးဗျာ
ဝမ်းလဲနည်းတယ်
အခု ကိုရဲသတင်းကြားရတော့ တော်တော်စိတ်ထိခိုက်မိတယ်

ငစနေ said...

ကျွန်တော်က သူငယ်ချင်းတွေကြားထဲမှာ အမြဲ တလွဲလုပ်တတ်လို့ အားလုံးက ရဲဝင်း လို့ နာမည်ပေးထားကြတယ်။

ကိုရဲရေ ... ရဲဝင်း လို့ ခေါ်သံတစ်ခါကြားတိုင်း တစ်ခါသတိရနေဦးမှာပါ။

reenoemann said...

ကောင်းရာ ဘုံဘဝရောက်ပါစေလို့

ဆုတောင်းနေမိတယ် မကြီးနော်။

ခင်တဲ့ မောင်လေးရီနို

ကိုချစ်ဖေ said...

ကိုနီကိုရဲဝထ္ထုလေးဖတ်ရင်း ကိုရွှေဘုန်းလူရဲ့

တေလေမီးတောက် ဆောင်းဦးပေါက်အရက်တအိုး
မြူခိုးဝေေ၀ညများနဲ့ ကျနော်လွယ်ချင်တဲ့ ဓါးတလက်
အကြောင်း.

ကိုသွားသတိယနေတယ်.သေရည်နဲ့ အနုပညာနဲ့က
မူးယစ်ဝေစရာချင်း ထပ်တူကျနေလို့လား မသိပါဘူး.
အနုပညာသမားတွေကို သေရည်က ပြန်ပြန်သောက်
သွားတဲ့အခါ.ခံစားသူတွေက အသည်းကွဲရပေါ့..ဗျာ.
မနော်ရေ..

အိုးဝေအောင် said...

ကွယ်လွန်သူ နီကိုရဲ ပုံနှင့်အတူ သူ့အကြောင်းသိရ-
သူ့နောက်ဆုံးစာ ဖတ်ခဲ့ရတဲ့အတွက် ပို့စ်တင်သူ ဆရာမကို ကျေးဇူးပါ။မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။
ကောင်းကင်ကို မကြည့်ရဲဘူး။ကြည့်လိုက်တိုင်း ကြယ်တစင်း မဟုတ် တစင်း ကြွေနေတာ သွားတွေ့တွေ့နေရတာ အဲဒီတိုက်ဆိုင်မှုကြီးဘေးက လွဲရတဲ့ ဘဝ ရောက်ရပါစေသား။

မီယာ said...

အသေစောကြတယ် မနော်ရယ်