ကန်ရာသီရဲ့နဂါးခေါင်းလှည့်တဲ့အရပ်

Tuesday, October 6, 2009


ကန်ရာသီရဲ့နဂါးခေါင်းလှည့်တဲ့အရပ်

ငါ့အနာဂါတ်ကို
အဝေးကြီးဆွဲရွှေ့ပစ်လိုက်ပြီးမှတော့
ခရီးကမနီးဘူးမပြောနဲ့လေ
သကာအုပ်ထားတဲ့ဆေးကတော့ခါးမှာပဲ
ဆေးဖက်တော့ဝင်သတဲ့လား
ဒီမှာ ခင်ဗျား ဆေးညွှန်းမှားနေပြီ

မနက်ခင်းက မိုးပြိုကျတယ်
သွေးရူးသွေးတန်းပြေးရင်း
ဟောဒီအရှင်လတ်လတ်နေ့လည်ခင်းမှာ
ရှင်သန်ခြင်းကိုပြန်တွေ့လိုက်ရတယ်
သူ့ခမျာ စွန့်ပစ်ခံဒါဏ်ရာတွေနဲ့နာကျင်လို့
ခပ်ဝေးဝေးကညနေခင်းတောအုပ်
သူ့စိမ်းလန်းမှုတွေကို အသာအယာသိမ်းထုတ်လို့။

ဒီလိုပါပဲ
လောကဆိုတာမာယာများသတဲ့
ပြောပြောပြီး အဲဒီမာယာကျင်းတွေထဲပဲခုန်ခုန်ချမိကြ
နာလန်ထမလာနိုင်တော့တာဆန်းသလား
ကြမ်းကြားလေကြား မှာလိုက်ရဦးမယ်
ဘာမှမရေးထားတဲ့စာမျက်နှာတွေမှာဘာမှမပါနိုင်ပါဘူး။

သမိုင်းတဲ့လား
ပေါက်ပင်ကိုင်းနေပေမယ့် ဗျိုင်းကရိုင်းခဲ့တာမဟုတ်ပါဘူး။ ။

မနော်ဟရီ


16 Comments:

Zephyr said...

ဒီကဗျာကိုဖတ်ပြီး ဟိုက္ကုတစ်ပုဒ်ကိုသတိရတယ်။
ဟိုက္ကုက ရိုးရိုးလေးပါ။

လှလိုက်တဲ့လ
သူခိုးတောင်ရပ်ပြီး
ကနေလိုက်ရတယ် ... တဲ့....။

ညမှာ ခိုးဖို့ဝှက်ဖို့လာတဲ့သူခိုးတောင် သာနေတဲ့လက လှလွန်းလို့ ကဖြစ်သွားသေးတယ်ဆိုတော့ သဘာဝအလှအပက လူ့စိတ်ကို လွှမ်းမှိုးတဲ့ သဘောထင်ရှားပါတယ်။ လသာတာဟာ သဘာဝကျမှုတစ်ခုပါပဲ။ စိတ်ထဲမှာရှိနေတဲ့အရှိတရား၊ ရှိခဲ့တဲ့ အရှိတရားတစ်ခုဟာလည်း သာနေတဲ့လ၊ သာခဲ့တဲ့လ လိုပါပဲ။ ... သဘာဝကျကျလှနေတဲ့ကဗျာတစ်ပုဒ်ကို ဘာမှပြန်ရေးချင်စိတ်မရှိလို့ စာတွေနဲ့ပဲမန့်လိုက်ပါတယ်။ ကဗျာရဲ့ ပြည့်စုံမှုတစ်ခုကို ရိုးရိုးလေးနားလည်ဖို့ကြိုးစားဖြစ်ပါတယ်။ ဒီကွန်မန့်က လွန်ခဲ့တဲ့ နှစ်လက ရေးဖို့ အခုမှ သတိရသွားတာနဲ့ အခုမှ မန့်ဖြစ်ပါတယ်။

ဒီကဗျာမှာပါတဲ့ နိမိတ်ပုံတွေက မလှပသလို၊ အသံတွေကလည်းမာထန်နေပါတယ်။ တစ်ခါတလေ ဘ၀ဆိုတာ စောင်းကြိုးလေးပေါ် ပန်းပွင့်ကြွေသလောက်လေး (Romantics ဆန်ရုံလေး ) နေထိုင်ခွင့်ရတာမျိုးမဟုတ်တော့ ဒီကဗျာမှာပါတဲ့ ခံစားချက်မျိုးဟာ ကိုယ်ခံစားဖူးတဲ့ ကြက်သွေးရောင် သောကြာနေ့တစ်နေ့ကို သတိရစေပါလိမ့်မယ်။ .....။ ဘ၀မှာ အရှုံးနဲ့ပိုင်းထားတဲ့ စက်ဝိုင်းပြတ်တစ်ခုနဲ့၊ အရူးတွေလွှင့်ပစ်တဲ့ ယပ်တောင်တစ်ချောင်းကနေ ကိုယ့်ကံကြမ္မာ အသက်ဘယ်လောက်နေသွားခဲ့ရသလဲပြန်ကြည့်နေရတဲ့နေ့စွဲမျိုးတွေ၊ ငရဲသားတွေထွန်ထားတဲ့ ကိုယ်ခန္ဓာထွန်ကြောင်းတစ်လျှောက်မှာ မျက်ရည်ပင်ပျိုတွေ အခင်းလိုက်စည်ပင်နေတဲ့သက္ကရာဇ်တွေ၊ ကိုယ့်ဆွဲကြိုးကျစ်ဖို့ ကိုယ့်သွေးကြောတွေကို ဖြတ်တောက်ပစ်နေရတဲ့ ညနေခင်းတွေ၊ ... ဘယ်သူတွေပျော်ရွှင်ဖို့မှန်းမသိဘဲ ခြင်္သေ့တစ်ကောင်နဲ့ လက်နက်မဲ့သတ်ပုတ်ခဲ့ရတဲ့ သွေးရောင်ညတွေ .... ဘ၀မှာ အမာရွတ်ရှိသလောက်ပဲ ရင့်ကျက်တယ်ဆိုတာလေးကိုသိဖို့ ကုလားအုတ်အိမ်မက်တွေကို ကန္တာရတစ်လျှောက်လုံးမက်ခဲ့ရတာတွေ ... .... .... အတူတူပဲပေါ့ ...။

ဒီဘ၀ကို ဖြတ်သန်းခဲ့ကြသူတွေဟာ အတူတူတွေပဲပေါ့။ ဘယ်သူ့ဒဏ်ရာက ဘယ်သူ့ဒဏ်ရာထက်ပိုနက်ဦးမှာလဲ...။ ဘယ်သူ့မျက်ရည်က ဘယ်သူ့မျက်ရည်ထက် ပိုကြေကွဲဦးမှာလဲ ...။ အတူတူပဲပေါ့....။ ဒဏ်ရာရနေကြသူတွေအတွက် ကမ္ဘာဖျက်မိုးမုန်တိုင်းဖြစ်ဖြစ် ကမ္ဘာဖျက်လေနီကြမ်းဖြစ်ဖြစ် မထူးလှပါဘူး...။ လက်သည်းအမည်းရောင်မဆိုးထားလည်း သေမင်းဟာ ခန့်ညားနေမှာပဲမဟုတ်လား။ ခွက်နဲ့တောင်းတဲ့သူတွေ လက်နဲ့တောင်းတာက ပိုသနားစရာများကောင်းနေမလား။ မသေချာဘူး .... ခံစားတတ်တဲ့စိတ်ဟာ နွေလတုန်းက ကြွေကျသွားပြီ .....။

ကံကိုမယုံပေမယ့် ဆူးပုံတွေကိုတော့ နင်းကြရသေးတာပါပဲ ....။ လမ်းဆုံးရင် ရွာတွေ့မယ်ဆိုတာ လမ်းမလျှောက်ခင်ကတည်းက ကြားခဲ့ရတဲ့မုသားလှလှ တစ်ဆင်စာပါပဲ .....။ ကဗျာထဲမှာ ကြွေကျသွားတဲ့အပူနဲ့အလင်းဟာ စိတ်တွေကို ပက်ကြားအက်စေတတ်တယ် ....။ ... ဆိုကြပါတော့ အဲဒီအရာဟာ ကွန်မန့်တစ်ခုဆိုရင် နာကျင်နေတဲ့စိတ်က နာကျင်နေတဲ့စိတ်ကိုကြားလိမ့်မယ်...။

လှလိုက်တဲ့လ ...
သူခိုးတောင်ရပ်ပြီး ...
ကနေလိုက်ရတယ် ....။

သွားလို့မရတော့တဲ့ ခရီးများစွာအတွက် .... ရပ်ပြီးကလိုက်ကြစို့ကွယ်ရို့ ....။ ။

ခင်မင်စွာဖြင့်
Zephyr

eaindraomtt said...

ဆေးညွှန်းမှားတဲ့ဆေးတွေ ဆေးဘက်ဝင်နေသရွေ့
ရောဂါ..အစစ်တွေ..အတုယောင်ဆောင်နေကြရတော့တာပေါ့..
ဆေးအတွက်အလေးမခံနိုင်ကြတော့ဘူးလေ...

ကိုယ့်ရှင်သန်ခြင်းကိုယ် အရှင်လတ်လတ်ပြန်ရမရဆိုတာတောင် မသေချာတော့သလိုပဲ...

ဘာမှရေးမထားတဲ့ စာမျက်နှာပေါ်မှာ...
ဘာမှပါမလာတာကို ၀မ်းနည်းမနေတော့ဘူး

မမရေ..

စိမ်းလန်းခြင်းတွေ..သိမ်းထုတ်..စုစည်းဖို့..
ကြမ်းကြားလေကြား...
ဘ၀ကို..တော်ရာမှာ..အမြစ်တွယ်လိုက်ကြဥိးစို့

ချစ်တဲ့

tg.nwai said...

မာယာများပေမယ့် ဒီမှော်ရုံတောထဲမှာပဲ ချာလည်လည်လို့.. လှုပ်လေ မြုပ်လေ ဒီနွံထဲမှာပဲ ရုန်းကန်ရင်းနဲ့ စုံးစုံးမြုပ်ရတော့မယ်...

အမှန်ပါပဲလေ..
“ဘာမှမရေးထားတဲ့စာမျက်နှာတွေမှာဘာမှမပါနိုင်ပါဘူး။” ..သေချာတာကတော့ တခုခုတော့ ချရေးသွားရတော့မယ်။

Julian said...

**** ဘယ်ရာသီရဲ့ နဂါးခေါင်းမှလှည့်မနေတဲ့အရပ် အဲဒီဘက်မှာငါရပ်နေခဲ့တယ် *****
ဆွဲယူပို့ပစ်ခံခဲ့ရတဲ့ အနာဂတ်ဆိုတဲ့ အကွာအဝေး ……… အဝေးကြီးဆိုပေမယ့် သံသရာတစ်ဖက်ကမ်းလောက် မဝေးဘူးဆိုလား ဆင်ခြေပေးနေကြသေးရဲ့  ။
သကာအုပ်ထားတဲ့ဆေး သကာပျော်ချိန်မှာခါးတာ ဘာဟုတ်သေးလဲ ၊ ချိုပါတယ်ဆိုပြီး ဆေးခါးကြီးကို လိမ်ညာမတိုက်ခံရရင်ဘဲကံကောင်းနေပြီ ။ ဆေးဖက်ဝင်မ၀င်မသိပေမယ့် ခါးတဲ့ဆေးတိုင်းတော့ အ၀င်ဆိုးမှာသေချာပါတယ် ၊ အခါးကိုမှ မက်မက်စက်စက်ကြိုက်သူကလွဲရင်ပေါ့လေ …………..
“ဆေးညွှန်းလား မမှားဘူးလေ သူငယ်မ ……မင်းရောဂါက ဘာနဲ့မှကုလို့မပျောက်တော့တဲ့ ရောဂါကျွမ်းကြီးလေ သက်သာလိုသက်သာညား …….အိပ်ဆေးလေးပေးကြည့်တာပါ ………… အိပ်ဆေးမတည့်သူဖြစ်နေတာက တော့မင်းထိုက်နဲ့မင်းကံဘဲကွယ့်” အဲဒီလိုလဲ မုသားအမှန်ကို လျာဖျားလေးနဲ့ပြောတတ်ကြသေးရဲ့  ။
တကယ်တော့ ညနေခင်းမရောက်ခင် စိမ်းလမ်းခွင့်ပေးခဲ့တာကိုဘဲ ကျေးဇူးတင်ပေးချင်နေဘီ သူမသိမ်းခင်လေး ခပ်စိမ်းစိမ်းလမ်းလမ်းလေးနေနိုင်သေးတဲ့အတွက်ပါ ။ ကွယ်………. ပြေးခွင့်ရနေသေးတာကိုက ခြေချုပ်မိနေသူတွေအတွက် မနာလိုချင်စရာ ဖြစ်နေမလားဘဲ “မနက်ခင်းရေ မိုးမပြိုခင်ထိတော့ ငါ့လမ်းကလေး လင်းပပေးစေချင်ရဲ့ ”
မာယာကျင်းထဲခုန်ချသူတွေ နာလန်ပြန်မထလာနိုင်တာလား နာလန်ပြန်မထချင်တော့တာလား ခွဲခြားသိနိုင်ဘို့ ဥာဏ်မျက်စိ တစ်စုံလောက်ခဏရချင်လိုက်တာ ။ ကိုယ်တိုင်မရေးပေမယ့် ကိုယ့်စာမျက်နှာပေါ်မှာ သူတပါးလာရေးခြစ်သွားရင်ကော……. ဖျက်ရင်တောင်မှဖျက်ရာကျန်ခဲ့မယ်ပေါ့ ။ ဘ၀ဆိုတာ ကိုယ်တိုင်ရေး စာမျက်နှာတဲ့လား ကိုယ်တိုင်မရေးရဘဲ ခရီးကြုံတုန်း စိတ်အာသာဖြေဘို့ အပျင်းပြေ ကညစ်ခြစ်ချင်သူတွေ များများလာတော့ သံသယတွေတစ်ပုံတစ်ပင်အလယ်မှာ ပေါက်ပင်ကိုင်းသလား ဗျိုင်းနားသလား ဗျိုင်းနားလိုက်ချိန်ကလေးမှာမှပေါက်ပင်ကကိုင်းခဲ့သလား ကိုင်းနေတဲ့ပေါက်ပင်မှာမှ ဗျိုင်းကနားမိတာလား……………
ဘာဘဲဖြစ်ဖြစ်ပေါ့ကွယ် နဂါးခေါင်းလှည့်ပြီဆိုမှတော့ ခုန်မ၀င်မိဘို့ကိုယ့်ကိုယ်ကိုယ်ဆုံးမရတော့မှာဘဲ။

ခံစားချက်တစ်ခုကို တခြားထောင့်တစ်ထောင့်ကပြန်ခံစားကြည့်ကြည့်တာပါ
ဂျူ

အမရာ said...

အဲဒီလိုနဲ့ဝေးဝေးသွားတဲ့
အနာဂါတ်ကိုပဲ...မှီလိုမှီငြား...
ပြေးပြေးလိုက်ရင်း...
ဒါဏ်ရာဗလပွနဲ့
မာယာတောမှာပဲ..မျောမျောနေခဲ့....
ငါရေးမယ့်သမိုင်းရိုင်းချင်လဲရိုင်းပေါ့.....


ချစ်တဲ့
အမရာ

Nyi Nyi said...

ပြောပြောပြီး အဲဒီမာယာကျင်းတွေထဲပဲခုန်ခုန်ချမိကြ
ခေါက်ရိုးကျိုးသံသရာကြီး..မေ့မေ့ပြီးသေသွားတာ...

လင်းဒီပ said...

တစ်သံသရာလုံး မာယာခါးခါးလောကရဲ့ ညှို့အားပြင်းပြင်းထဲ ခုန်ခုန်ချနေခဲ့ရတာ...။

နွေဆူးလင်္ကာ said...

အနာဂတ်ကို ကျနော်ကိုယ်တိုင် ကျောခိုင်းပစ်ခဲ့တာ။ ဒါပေမယ့် ခရီးက မနီးဘူးလို့တော့ မပြောပါဘူး။ သမိုင်းက ရိုင်းသွားတာ။

ဖိုးစိန် said...

ရှင်သန်ခြင်းတွေနဲ့ အနာဂတ်
ခရီးမနီးတာမဟုတ်
ပျောက်ဆုံးခြင်းခံလိုက်ရတာပါ...။

ဆေးညွှန်းမှားတဲ့ဆေး
ဆေးဘက်ဝင်တယ်
ခါးတယ် ဆိုရင်တောင်
ရောဂါနဲ့တော့ တည့်စေချင်မိတယ်..။

နေသာတဲ့နေ့တွေ
လသာတဲ့ညတွေ
စိမ်းစိမ်းစိုတဲ့ မြမြက်ခင်းတွေ
ကြယ်စုံတဲ့ကောင်းကင်တွေ
ဒီလို သာယာနေတဲ့ လောက က
ငါ့နဲ့လားလားမှ မဆိုင်.. ငါလုံးဝ မပိုင်ခဲ့ရပါဘူး...။

နာလန်မထနိုင်တဲ့ ဘဝတွေ ကို
ယက်ကန်ယက်ကန်နဲ့ ကူးရင်း
ကျတ်တွင်းရေသောက်နေရတဲ့ ဘဝပါ..။

ရေးမိတဲ့ ဘဝ စာမျက်နှာက အမဲရောင်
သုံးမိတဲ့ အနာဂတ် ကလောင်တံက အမဲရောင်...
ဘာမှမရေးထားမိဘူး မပြောပါနဲ့....။

ဒါကြောင့် သမိုင်းဆိုတာ
အဲဒီအမဲရောင်တွေကို ဆေးကြောရင်
ရှာတွေ့နိုင်မှာပါ...။


ဒီလိုပါပဲ

ပေါက်ပင်ကိုင်းနေတိုင်း

ဗျိုင်းက ရိုင်းမိတယ်လို့ ထင်နေဆဲ။



း)

မကြီး....

စိတ်ထဲရှိတာ ချရေးသွားတယ်...

ဒီကဗျာကို စဖတ်ကတည်းက ကြိုက်တယ်...

ခုတော့ ခံစားချက်တွေကို ပြန်ချသွားတယ်...


ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

အိုင်လွယ်ပန် said...

လှနေတာမို့ ........
ဒီအတိုင်းလေးပဲ ခံစားသွားတယ်အစ်မ ...

Craton said...

တယ်ဆိုတဲ့စာတွေပါ့လား.. အဟေးဟေး.. မျောက်ဖိုးစိန်ကလွဲ အားလုံးဂွတ်ထပဲ.. ဟွင်းး
တီနော်ရေ.. ဘာမှထွက်မလာလို့ ဘာမှ ထွေထွေထူးထူးမန့်မနေတော့ဘူး..
ကဗျာကို ၂ခေါက်ဖတ်သွားတယ်.. ဒါပဲ

စိုင်းလောဝ်ပိန်း said...

အမရေ... ကဗျာလေးဖတ်သွားတယ်။
ပေါက်ပင်ကိုင်းနေပေမယ့် ဗျိုင်းကရိုင်းခဲ့တာ မဟုတ်ပါဘူး ဆိုတာလေး သဘောကျတယ်။
မာယာကျင်းထဲ ခုန်ချမိတာတော့ ခဏခဏပါဗျာ။
အားပေးလျှက်

rose of sharon said...

စမ်းတဝါးဝါးလျှောက်နေရတဲ့ လောကလမ်းပေါ်မှာ ခုန်ချချင်စရာမာယာကျင်းတွေက များလွန်းလှလို့ ရှောင်လို့မရတာတွေလဲ ရှိခဲ့တယ်

မယ်ကိုး said...

ဒီကဗျာလေးက မာယာချေးအထပ်ထပ်နဲ့ ညစ်ပတ်နေတဲ့ မယ့်လေထုအတွက် ဖြေဆေးဖြန်းခံရသလိုပါပဲ။
ကဗျာရေးဟန်လေးကိုလည်း အရမ်းကြိုက်ပါတယ်မ ....
်
ချစ်တဲ့
=)

tin min htet said...

အချိုအဆိမ့်တွေက လူနဲ့မတည့်ဘူး
ဆေးအများစုက ခါးကြတယ်

(မကြီးနော် :P
ကြမ်းကြားလေကြား၊ ပေါက်ပင်ကိုင်း ဗမာဆန်ပါပေတယ်။)

ဆောင်းယွန်းလ said...

ကြမ်းကြားလေကြား မှာလိုက်ရဦးမယ်
ဘာမှမရေးထားတဲ့စာမျက်နှာတွေမှာဘာမှမပါနိုင်ပါဘူး။

သမိုင်းတဲ့လား
ပေါက်ပင်ကိုင်းနေပေမယ့် ဗျိုင်းကရိုင်းခဲ့တာမဟုတ်ပါဘူး။ ။

လှလိုက်တဲ့ရေးဟန်ဆိုတာထက်....ပြောစရာမရှိတော့ဘူး မနော်ရေ