စက်တင်ဘာ Vs စက်တင်ဘာတေးချင်း

Friday, September 11, 2009


စက်တင်ဘာ
တော်သလင်းနေ... တဲ့
ပုစွန်တွေသေကြတာပေါ့ ... ။
စွတ်စိုမှုရာသီရဲ့အစွန်းနား
မျက်ရည်တွေကို ကုန်စင်အောင်ခါချ
ဘာမှမသိသလို ရှေ့ကို ခရီးဆက်ဖို့တာစူ
နောက်ဆုံးပြာကျနေတဲ့ ဆည်းဆာရိပ်မှာ
ဆူးမဲ့နှင်းဆီတွေဟာရှင်သန်
ပြန်မလာတော့မယ့်
သူ့ရဲ့ရနံ့တွေအကြောင်း... သီချင်းဖွဲ့ဆို... ။
အလို...
ဟိုကလာနေတာ...
ငါ့ညီအစ်ကိုတော်တွေမဟုတ်လား
အင်္ကျီတွေပေါ်မှာ နှင်းစက်တွေရွှဲရွှဲစိုလို့
မငိုကြပါနဲ့
ငါ... ပြန်လာတဲ့အခါ...
ဝမ်းသာအားရ ကြိုမယ့်သူတွေ
တစ်တောလုံး တစ်တောင်လုံး
ရှိနေရဲ့ ။


မနော်ဟရီ
စာပေဂျာနယ် 96



စက်တင်ဘာတေးချင်း
နှင်းတွေ ...
မာယာတွေ ...
နွေကို ယက်ဖောက်ထွက်လာခဲ့တဲ့ ဆံနွယ်ပျော့ပျော့တွေ


သက်တူရွယ်တူလောကထဲမှာ ..
ငါ လူလားမြောက်ခဲ့တယ် …
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…
ငါတွေးရင်းတောရင်း လူလားမြောက်ခဲ့တယ် …။


ရောက်ဖို့နောက်ကျနေတဲ့ တနင်္ဂနွေတွေ ...
ဘယ်သူကရော တနင်္ဂနွေနဲ့တိုင်းပြီး ၀တ်ရည်တစ်ကိုင်းချိုးပေးဦးမှာလဲ ....
အယုံအကြည်မဲ့နေမှန်းသေချာသွားတဲ့ အခါမှာ ..
တိမ်တွေသာပြိုဆင်းနိမ့်ကျွံလာတယ် ....။
တစ်နေ့ချင်းနောက်ကျလာလိုက်တာ ..
အကုန်လုံးစားသွားတဲ့ အင်္ဂါလည်း နောက်ကျပြီ ..


ခုနစ်သံချီကြေကွဲနေတဲ့ ရထား ပေါ်က ခုံနံပါတ် ၁၄ မှာ ကွက်လပ်တစ်ခုက ခုံနံပါတ် ၁၃ နဲ့ တွဲစီးသွားပါပြီ ...
သံယောဇဉ်ကိုမှ ခုတ်ထွင်ရှင်းလင်းတတ်တဲ့လယ်သူမဟာ ....
ဒီနစ်တော့ မိုးရေချိန်ကြဲပါးသော ရာသီဥတုအလွတ်တစ်ခု ကောက်ရခဲ့တယ် ...
ဟင်းလင်းပြင်ထဲမှာ ညပ်နေတဲ့သစ်သီးရဲ့ရနံ့ဟာ ..
သောက်ရေဖြူဖြူတွေအတွက်ပါ ...


ဟမ်းလော့ဒ်တွေဖြူနေအောင်ပွင့်မှ ..
ငါ့ရင်ခွင်ကို ဆွဲဖွင့်လိုက်ပါ ...
အလွမ်းတွေ တဝေေ၀ ခရေနှင်းစက်တွေ တဖားဖား
မျက်ရည်နဲ့တိုက်စားသွားတဲ့ညများစွာ ....
ကြယ်ကြွေလင်္ကာပေါင်းများစွာ ...
ရေးခွင့်မရခဲ့သော ပန်းပုရပိုဒ်များစွာ ..
နာဖျားကွဲအက်နေတဲ့ ခရမ်းရောင်ကျောက်ချပ်များစွာ ..
တရွေ့ရွေ့ဆုတ်ခွာသွားတဲ့ မြရာပင်ကြီးရဲ့ ၀ိညာဉ်လို ...
နှင်းရေ စိုစွတ်စွာ လောင်ကျွမ်းနေဆဲ ဗီဇနာများစွာ ...။


မြေကြီးဖြစ်မှတော့ ...
မိုးလွတ်ပါ့မလားလို့ တွေးမနေနဲ့တော့ တဲ့...
ငုံ့ကိုင်းရိုကျိုး ချစ်မြတ်နိုးခဲ့သော
စပါးပင်လေးတစ်ပင် ...

အခုတော့ ..
အခုတော့လည်း ....
ဆောင်းအိပ်မက်ကို ကျစ်ကျစ်ပါအောင် ထွေးရင်းပွေ့ရင်း....
မြင်းသည်တော်တွေမမီတော့မယ့် အရပ်ဆီကို ...
ပျံသန်းသွားခဲ့ပြီ.....


သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။
မိုးရယ် ..
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက ငါ့ကို ဆီးမိုးထားတယ် …။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။

ပြီးဆုံးသွားတာသေချာပါတယ်။
နှင်းခိုးတွေ
ပြီးတော့ ဒိုင်ယာရီချိုခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

အခုတော့ …
မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့ …။
အရှင်လတ်လတ်လွမ်းလိုက်ရတာ
ဘာနဲ့မှကိုမတူတော့ဘူး
မပွင့်ဘဲဖူးခဲ့ရတဲ့ကောင်မို့
. .. .မှောင်တယ် …. စက်လက်မှောင်ကျသွားတယ် ….
အမှောင်ဆုံးအထိ …
တစ်ချိန်မှာ ငါလင်းမြခွင့်ရချင်တယ် …
ငါနောက်တစ်ကြိမ်ပြန်ပွင့်လာတဲ့အခါ ….
….
ငါ့ကို အလင်းနဲ့ကြိုပါ …
ငါ့ကို အလင်းနဲ့ကြိုပါ …. ။ ။

(ကဗျာက Collage လုပ်ထားတာပါ ... စက်တင်ဘာ ၁၃ မှာမွေးဖွားခဲ့တဲ့ မှော်ဆရာအတွက် Zephyr ရဲ့လက်ဆောင်ပါ ...။ တာရာမင်းဝေ နဲ့ မနော်ဟရီ တို့ရဲ့ကဗျာတွေနဲ့ collage လုပ်ထားပါတယ် ...။ စကားစပ်တွေနဲ့ စာတစ်ကြောင်းနှစ်ကြောင်းကလွဲပြီးဘာမှထပ်မဖြည့်ထားပါဘူး .. )

Zephyr


20 Comments:

Craton said...

သားငယ် ၁

အိန္ဒြာ said...

သိပ်လှတာပဲ...

သိပ်လှတာပဲ...

ဘာထပ်ပြောရမှန်းမသိအောင်လှနေတော့တာ..ပါ...

((မှော်ဆရာ...))
သူသာ..ရှိနေခဲ့ရင်....
ဘယ်လောက်များထပ်လှ လိမ့်ဦးမလဲ...

Craton said...

ကို Z တော်၏ ကြိုက်၏ ချီးမွမ်းသွား၏ ....
တီနော် ..
လှလိုက်တာ စကားလုံးတွေက ရှာလည်းရှာဖွေတတ်ပေတယ်.. အဲ့လိုမျိုးတွေ စဉ်းစားလို့ မရဘူး.. ဒါကြောင့်လည်း (........) နဲ့ (............) က (...........) တွေကိုးးးးး လေးစားတယ်း)

အိုင်လွယ်ပန် said...

ငါ... ပြန်လာတဲ့အခါ...
ဝမ်းသာအားရ ကြိုမယ့်သူတွေ
တစ်တောလုံး တစ်တောင်လုံး
ရှိနေရဲ့ ။

အမှောင်ဆုံးအထိ …
တစ်ချိန်မှာ ငါလင်းမြခွင့်ရချင်တယ် …
ငါနောက်တစ်ကြိမ်ပြန်ပွင့်လာတဲ့အခါ ….
….
ငါ့ကို အလင်းနဲ့ကြိုပါ …
ငါ့ကို အလင်းနဲ့ကြိုပါ …. ။ ။
တစ်မျိုးစီ ...
အမျိုးမျိုး အဖုံဖုံ ...
လှနေတယ်ပဲ ပြောတတ်တော့ရဲ့ :D

Moe Cho Thinn said...

ပေါင်းစပ်ထားတာ တကယ့် အလှတရားပဲ။
အစစ လိုက်ဖက်ပြည့်စုံတယ်။

မီယာ said...

မနော် ကဗျာကို ဖတ်ရင်း ငယ်ငယ်က မြန်မာစာ အချိန်ကို သွားသတိရတယ်... ဆရာမ က အသံနဲ့ ဟန်နဲ့ ရွတ်ပြီး နောက်ခံ အကြောင်းအရာကို ပါ ပြောပြတာ... အရမ်းလှတယ် မနော်

sait phay yar said...

စကားတွေအရမ်းလှတယ် မနော်... တစ်လုံးခြင်းမှာ အထီးကျန်စွာခံစားရသလိုဘဲ

လင်းဒီပ said...

တခါတလေ အနီးကပ်ကြည့်လိုက် ပြီးတော့ ပြန်ခွာကြည့်လိုက်
အဲသလို ခံစားမိတယ်...။
Collage ကဗျာလေးတွေကို ပြောတာပါ...။

WWKM said...

ကဗျာလေးတွေလာဖတ်သွားတယ် မနော်ရေ။
ပရိုဖိုင်းကဘာမှာလဲ မတွေ့ဘူး။
စီဘုံးမှာအော်ချင်တာကို မရဘူး။း((((

နေကောင်းရဲ့လား။
ကျန်းမာပါစေ။

rose of sharon said...

လေးနက်လှပတဲ့ ကဗျာလေးကို ဖတ်ရှုခံစားသွားပါတယ်

မယ်ကိုး said...

မယ်ပြောမယ့် စကားတွေကို မမအိန္ဒြာ ဦးသွားပြီ :D
နှစ်ပုဒ်လုံးကြိုက်လိုက်တာ မရေ... ဆရာနဲ့ မတို့နှစ်ဦးရဲ့ အလွန်လှပတဲ့ စကားလုံးတွေ Collage လုပ်ပေးတဲ့ ကိုဇက်ကလည်း အရမ်းတော်တာပဲနော်။

မိုးဆက်အိမ် said...

ချစ်သူပန်တဲ့ လရောင်ဟာ
သူကလွဲပြီး ဘယ်သူရှိနိုင်ဦးမှာလဲ
နှစ်ပုဒ်လုံးကို ကြိုက်ပါ၏ ..... ။

အမရာ said...

ချစ်မရေ.......
ကဗျာ နှစ်ပုဒ်လုံးကြိုက်လိုက်တာ
စကားလုံးတွေရဲ့အားကောင်းမှု
နဲ့အတူ ကဗျာတွေသက်ဝင်လှုပ်ရှားလို့.....

မိုးဆက်အိမ် said...

နှုတ်ဆက်ချင်တဲ့ နံနက်ခင်း


လချမ်းအေးအေး နှင်းဝတ်မှုံနဲ.အိမ်ပြန်
နှစ်အဆက်ဆက် ချစ်သူပန်မယ့်လရောင်ဟာ သူပဲပေါ့
ဖြစ်နိုင်မယ်ဆို .......
တေးသွားတစ်ပိုဒ်လောက် ထပ်နားဆင်ချင်လိုက်တာ
သတိရခြင်းဟာ နှင်းမှုန်တွေလို အုံ.မှိုင်းပြာဝေခဲ့
စူးစူးဝါးဝါးနာကျင်ခဲ့
အလင်းကျဲကျဲနဲ.လည်းဖူးပွင်.ချင်ခဲ့
............
ခုချိန်ထိ
နှုတ်ဆက်ချင်တဲ့နံနက်ခင်းမှာ
သူရှိနေဆဲ ......... ။ ။

ဆောင်းယွန်းလ said...

သိပ်ကောင်းတဲ့ကဗျာလေးနှစ်ပုဒ်ပါ
တွဲထားပုံလေးလည်းကောင်းတယ် လိုက်ဖက်ညီပါတယ်မနော်ရေ

ရောက်ဖို့နောက်ကျနေတဲ့ တနင်္ဂနွေတွေ ...
ဘယ်သူကရော တနင်္ဂနွေနဲ့တိုင်းပြီး ၀တ်ရည်တစ်ကိုင်းချိုးပေးဦးမှာလဲ ....
အယုံအကြည်မဲ့နေမှန်းသေချာသွားတဲ့ အခါမှာ ..
တိမ်တွေသာပြိုဆင်းနိမ့်ကျွံလာတယ် ....

လှလိုက်တဲ့အဖွဲ့ဗျာ..

ဖိုးစိန် said...

စက်တင်ဘာ…

နွေရာသီကို လှလှပပ ကျောခိုင်း
လက်တကမ်းက ဆောင်းဦးကို အလှပဆုံးကြိုဆိုလို့…
အပင်တွေကြားမှာ တေးဆိုနေတဲ့
ကမ္ဘာကြီးရဲ့ အသံတွေကို သဲ့သဲ့လေး ကြားနေရတယ်..

စပျစ်ချိုတွေရဲ့ ရနံ့တွေ ကြားမှာ ရစ်ဝဲနေတဲ့
အဝါရောင်လိပ်ပြာတွေ…..
ရွှေဝါရောင်ပြောင်းခင်းတွေ အညိုရောင်ပြောင်းလို့
ပျံသန်းနေတဲ့ ပျားပိတုန်းတွေနဲ့ အတူ..
လွတ်လပ်ခြင်းရနံ့တွေက တလောကလုံး မွေးပျံ့နေလေရဲ့…။

စက်တင်ဘာရဲ့ရေစီးကြောင်း ချီတက်သံတွေကြား
တိတ်ဆိတ်ညင်သာစွာ ရိုက်ခတ်နေတဲ့
အသံတွေရဲ့ သေဆုံးမှုကို မကြားခဲ့ပေမယ့်
အလွမ်းတွေကို ရှတစွာ ထုဆစ်
သက္ကရာဇ် တွေကို ဖြိုဖျက်ရင်း
မှော်ဆရာ ကို အသက်သွင်းခဲ့တဲ့
တစ်ခုသောစက်တင်ဘာရက်ကို
သတိတရ ရှိနေဆဲ…။


စက်တင်ဘာ(၁၃)တွင် မွေးဖွားခဲ့သော ကဗျာဆရာကိုဂုဏ်ပြုရင်း...

ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်
ဖိုးစိန်

yangonthar said...

ပြည့်သိပ်နေတဲ့ အဓိပ္ပါယ်တွေနဲ့  စကားအလှ တရားတွေကို ဖတ်ရတာ အင်မတန် ကောင်းလွန်းလှတယ် အစ်မရယ် ....
လေးစားခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :)

ဇော် said...

အတော်ကိုလှတယ်နော်။ =)

tg.nwai said...

လှပလိုက်တာ..အနုပညာတွေက ဖမ်းစားသွားတယ်..။ တော်လိုက်ကြတာ.. မူရင်း ကဗျာဆရာတွေရော...လိုက်ဖက်ညီအောင် ပေါင်းစပ်ပေးတဲ့ ကဗျာဆရာရေ..။ ကိုယ်တွေကတော့ စင်ပေါ်က လူတွေကို ပါးစပ်အဟောင်းသားနဲ့ အားကျစွာ ငေးမောကြည့်နေရုံသက်သက်ပါပဲ..:)

သိင်္ဂါကျော် said...

စက်တင်ဘာ...
စက်တင်ဘာ..
မိုးတွေသည်းတယ်...
နေတွေပူတယ်...
အပြောင်းအလဲမြန်တဲ့လ...