ကြယ်ဝေးရာသီ ခရမ်းပြာဂီတ လမ်းပျောက်ခဲ့တဲ့ညတွေ

Friday, September 25, 2009

ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်က ဒီဘလော့ခ်လေးကို စတင်ခဲ့ပါတယ်။ ခုဆိုတစ်နှစ်ပြည့်ပါပြီ ။ ဒီဘလော့ခ်လေးအတွက် ကျေးဇူးတင်သင့်သူတချို့ကိုလည်းသတိရပါတယ်။ သူတို့ကတော့ ကျွန်မနာမည်နဲ့ ဘလော့ခ်ကို ကျွန်မ ဘလော့ခ်ရေးဖို့စိတ်ကူး မရှိခင်တည်းက ယူထားပေးခဲ့ပြီး စလုပ်ဖို့ပါ အစစကူညီခဲ့တဲ့ ညီလင်းဆက်၊ ဘလော့ခ်ရေးဖို့ မကြာခဏတိုက်တွန်းတဲ့ ကေ နဲ့ ရေးပါ လို့ဆိုခဲ့ဖူးတဲ့ မချောအိ ..သူတို့ကြောင့်သာမဟုတ်ရင် ကျွန်မ ဒီခရီးကိုစဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ နောက် တစ်နှစ်သက်တမ်းအတွင်း ကျွန်မစာတွေကိုလာဖတ်တဲ့သူတွေအားလုံးနဲ့ ရေးဖော်ရေးဖက် ညီအစ်ကိုမောင်နှမအားလုံး ကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့နဲ့အတူလျှောက်လှမ်းရတဲ့လမ်းဟာ ကျွန်မ အတွက်တော့ စိတ်ချမ်းမြေ့ဖွယ်အခြားသောလမ်းတစ်လမ်းဖြစ်ခွင့်ရခဲ့လို့ပါ။
ဒီလထဲမှာ တစ်နှစ်ပြည့်တဲ့သူတွေများပါတယ်။ လင်းဒီပ၊ နန်းညီ၊ မကြေးမုံ၊ Zephyr စသဖြင့်..။ ခြေလှမ်းတူစခဲ့ကြတဲ့သူတွေအားလုံး ရှေ့ဆက်ခြေလှမ်းတွေကိုလည်း တူတူလှမ်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(အထူးအနေနဲ့ ကျွန်မဒီအက်ဆေးလေးအတွက် ကဗျာကူရေးပေးတဲ့ ကျွန်မသား Zephyr ကိုကျေးဇူးတင်ပါတယ်။)





ကြယ်ဝေးရာသီ ခရမ်းပြာဂီတ လမ်းပျောက်ခဲ့တဲ့ညတွေ


အိပ်စက်ခြင်းက ကျွန်မဆီကနေ တရွေ့ရွေ့ ခရီးထွက်ခွာသွားတဲ့အချိန်မှာ ကြယ်တွေက ကျွန်မဆီ အုပ်ဖွဲ့ပျံသန်းလာခဲ့ကြတယ်။ ကျွန်မ ကောင်းကင်တစ်ခုလုံး ကြယ်တွေနဲ့ ပြည့်သွားတဲ့အချိန်မှာ.. တစ်စုံတစ်ရာဟာ သိပ်ကိုသေချာသွားခဲ့ရပြန်ရော..။ ဟုတ်တယ်။ သူတို့နဲ့ ကျွန်မ အဝေးးးးးးးးကြီးးးးးးးးပဲ…………..

မင်းတို့အိမ်မက်ထဲမှာ
ငါမပါနိုင်တော့ဘူးကွယ် ..

မြေမှုန်စွန်းထင်းတဲ့ ခြေထောက်တွေ...

ကျိန်စာရသမှာ မိုးမိနေခဲ့တယ် ....

ငါ့ရဲ့အပြုံးကို အလင်းနှစ်တစ်သန်းမှာ လက်ခံပေးပါ ...။

ငါ့ရဲ့ နာကျင်မှုကို အိပ်ရာဝင်ပုံပြင်တစ်ပုဒ် လုပ်ပြီး ...
ငါတို့ရဲ့ဝေးကွာမှုကို ... သပ်သပ်ရပ်ရပ်ခေါက်သိမ်းထားလိုက်ပါကွယ် ....။


လွင့်ထွက်ခဲ့တဲ့အဝေးတွေနဲ့ ဆုတ်ခွာခဲ့တဲ့အဝေး..မတူညီသလို ကျန်ရစ်ခဲ့တဲ့အဝေးနဲ့ ငေးမျှော်ရတဲ့ အဝေးလည်း မတူပါဘူး။မတတ်နိုင်ခြင်းများစွာတွေကို လက်လျော့လိုက်ရတဲ့ အခါတိုင်းမှာ လူတွေဟာ ရှင်လျက်နဲ့ တစ်ဖန် သေကြရပြန်ပါတယ်။ အကြိမ်ကြိမ်သေဆုံးရမှုတွေထဲ အကြိမ်ကြိမ်နာကျင် အထီးကျန်ရင်း အကြိမ်ကြိမ် ဆွံ့အ ငြိမ်သက်သွားခဲ့ရပြန်ပါပေါ့။ တကြော့ပြီးတကြော့ ပြန်ပြန်လာနေ တဲ့ အဲဒီ တိတ်ဆိတ်ခြင်းဂီတသံက မှောက်မိုက်စိမ့်စိုနိုင်လွန်းလှချည့်။

အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့သူနဲ့ ကျန်ရစ်သူကြားက

စိတ်အကွာအဝေးပါကွယ် ...။

Fade Out မဖြစ်နိုင်တဲ့ ဂီတအတွက် ...

နှလုံးသားတွေလည်းခါးလှပြီ ....

အလင်းခါးခါးတွေ သောက်သုံးထားတဲ့စိတ်မှာ

အကြားအလပ်မရှိတဲ့ သေဆုံးခြင်းကို နံနက်ခင်းတစ်ခင်းလို ...
သပ်သပ်ရပ်ရပ်စိုက်ပျိုးထားလိုက်ပါပြီ ...


တကယ်တော့ အဝေးကြီးတွေကို နီးနီးလေး ဆွဲရွှေ့ပစ်လိုက်ရတာ သိပ်ပင်ပမ်းပါတယ်။ စိတ်ခွန်အားတွေကို အားသွန်ခွန်စိုက် ပုံအောပစ်လိုက်ပြီးမှတော့ ဘယ်သူမဆို အရာရောက်ချင်ကြတာချည်းပါပဲ။ ကြယ်တွေကို တိတ်တဆိတ် စိတ်နဲ့ နီးပစ်လိုက်ရတာ ပင်ပမ်းလိုက်တာ….။ အကွာအဝေးတွေကို တိတ်တိတ်ကြိတ် ကျိန်ဆဲပစ်လိုက်ရင်း ခရီး ဆိုတဲ့သီချင်းကို သံစဉ်ဖျက်ပစ်လိုက်မိတယ်။ ကျိုးပဲ့ကျန်နေခဲ့တဲ့ စာသားချည်းသက်သက် ကမှ… သွေးပျက်ဖွယ်အတိ ဆိုတာနောက်ကျစွာသိခဲ့ရပြန်ပါရော။

အသိနောက်ကျခြင်းတွေမှာ ချစ်သူဟာ ကိုယ့်အခြမ်းမဟုတ်မှန်းသိခဲ့ရတယ် ... အမေဟာ သစ်ပင်ရဲ့ အမြစ်တွေလို စိတ်မှာစွဲပြီး အရိပ်တွေအမြဲပေးနေမယ်ဆိုတဲ့ အာမခံချက်ဟာ မရဏမင်းရဲ့ လက်မှတ်တစ်ချက်ထိုးရုံနဲ့ ပျက်ပြယ်တတ်မှန်းသိခဲ့ရတယ်...။ သူငယ်ချင်းတွေဆိုတာ .... ချုပ်ဆေးမသုံးထားတဲ့ အ၀တ်အထည်တွေလို အရောင်လွယ်လွယ်လွင့်တတ်မှန်းသိခဲ့တယ် ....။ မိတ်ဆွေလို့ ယူဆခဲ့သူတွေက နောက်ကွယ်မှာ ၀ှက်ထားတဲ့ သူစိမ်းအကြည့်တွေ ထုတ်ပြနိုင်တာသိခဲ့ရတယ် .....။ ကြယ်အဖွဲ့အစည်းမှာ ကြယ်တစ်စင်းစီရဲ့ တစ်ကိုယ်စာ လွတ်လပ်စွာလောင်ကျွမ်းမှုဟာ ကြယ်အဖွဲ့အစည်းရဲ့ လောင်ကျွမ်းမှုပါပဲ ...။ ကြယ်တစ်စင်းရဲ့သောကဟာ ကြယ်တာရာ အဖွဲ့ အစည်းရဲ့သောကပါပဲ .....။ ကြယ်ဥယျာဉ်ထဲမှာ ကြွေခြင်းကြွေ ငါ့စိတ်ထဲကြွေမယ့် ကြယ်ကလေးတစ်စင်းရှိနေမလားကွယ် ....။ အပြာလဲ့လွန်းတဲ့ လက်တံတွေဆန့်ထုတ် ... အဲဒီနှလုံးသားကို မှုတ်သိမ်းငြိမ်းသတ်လိုက်စမ်းပါ ကြယ်ကြွေလေးရယ် ......။ ကျိန်စာတရာ သင့်နေတဲ့ ကမ်းလင့်မှုထဲ ... ကြယ်ကြွေလေးကို မျှော်ရီသီငေးနေမိတယ် .... ။ သပ်သပ်ရပ်ရပ် လွမ်းဆွတ်ခြင်းတွေ ဆွတ်ဖြန်းထားတဲ့ ကမ်းလင့်မှုတစ်ခုပါကွယ် .....။

အလင်းနှစ်သန်းပေါင်းများစွာ ဝေးကွာနေခဲ့ပြီးကာမှ အကြည့်တွေနဲ့ချည်း ဖြေသိမ့်ကြေကွဲ နေကြရမှာတဲ့လား။ မျက်တောင်တွေတဖျတ်ဖျတ်ခတ်သလို မှိတ်တုတ်မှိတ်တုတ်နဲ့ အကြည့်တွေ အားနည်းမှိန်ဖျော့သွားမှာလည်း ကြောက်ပါရဲ့။ ကြည့်နေရင်း ရုတ်တရက် ပျောက်ဆုံး ပေါက်ကွဲ စကြဝဠာထဲ လွင့်စင်ကြေကွဲသွားမှာလည်း ကြောက်ပါရဲ့။ ဒါပေမယ့် ကွယ်…ကျွန်မတို့ ဘာတတ်နိုင်ခဲ့ကြလို့လဲ။

မတတ်နိုင်ခဲ့ပါဘူး
မနက်ဖြန်ကို သားရဲတွင်းက ကြိုနေမိတယ် ...

သွေးတွေကြားမှာ ပန်းပွင့်ကို ဆာလောင်တဲ့ ခြင်္သေ့တစ်ကောင်လို ...
ဘယ်နှစ်ကြိမ် အသက်လုတိုက်ခိုက်ပြီးမှ ...

သရဖူကို စွန့်ခွင့်ရမလဲလို့တွေးနေမိတယ် ....


စိမ်းလန်းတဲ့တောအုပ်လေးမှာ မိုးချုပ်ခွင့်ရချင်ပြီ ....
သွေးညှီနံ့ကြားမှာ ...
စံပယ်တွေပွင့်လာမယ့်နေ့ ....၊

ဝုန်းခနဲ သပ်သပ်ရပ်ရပ်ခုန်အုပ် ...
..... .......
ညာဘက်ရင်အုံမှာ လှံတစ်လက် စူးနင့်ဝင်ခဲ့တယ် .....။



မတတ်နိုင်ခြင်းအစစ်တွေကို လက်လျော့ထားခဲ့ရပြီး မတတ်နိုင်ခြင်းအတုတွေကို ဖြတ်ကျော်ခွင့်ပေးနေတဲ့ ကမ္ဘာ…။ လှည့်စားမှုအစစ်တွေနဲ့ဖမ်းစားထားခဲ့ပြီးကာမှ လှည့်စား မှုအတုတွေနဲ့ ရိုးသားပြနေတဲ့ကမ္ဘာ…။ တိုက်ပွဲစစ်စစ်တွေကိုတိုက်ခိုက်စေခဲ့ပြီးကာမှ အောင်ပွဲအတုတွေနဲ့ လှည့်စားခံထားရတဲ့ကမ္ဘာ။ ကမ္ဘာက ငါ့ကိုကျောခိုင်းမသွားသရွေ့ ငါက ကမ္ဘာကိုကျောခိုင်းဖို့ပဲကြိုးစားရတော့မှာပေါ့။

နားလည်မှုတစ်ခုပါ ....
ကမ္ဘာကြီးမှာ ရပ်နေခွင့်ပေးရင်
ကမ္ဘာကြီးကို တံထွေးနဲ့ထွေးတယ် ...

ငါက အဲဒီလို လူဆန်ဆန်လူပါ ...

ပန်းတွေပွင့်သွားတာအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့

ဒီနေ့ပဲ .... ပေါင်းမြက်တွေ အကွက်ကျကျစိုက်ပျိုးပေးခဲ့တယ် ...

ငါရဲ့ လယ်ထွန်မင်္ဂလာ အချိန်မှာ
မိုးခါးကြီးရွာဖို့ တိမ်ခါးတွေကို မှာထားခဲ့ပြီ ...။

အိပ်မပျော်တဲ့ညတွေဟာ နှစ်ကာလရှည်လျားစွာဖြတ်ကျော်ရတဲ့ အပူရောင်ကန္တာရတွေ နဲ့ ခပ်ဆင်ဆင်ပါပဲ။ သဲကန္တာကိုတွေ့နိုး .. ကန္တာရသဘောင်္ကြီးတွေကို စီးသွားခွင့်ရနိုးနဲ့ မျက်စိကိုစုံမှိတ်ထားခဲ့လိုက်တာ .. ရောင်ခြည်တွေသာ တစ်နေ့ပြိးတစ်နေ့ ခုန်ဆင်းချလာ တယ်။ အိပ်စက်ခြင်းကတော့ တစ်လက်မမှ ကျွန်မဆီ ပြန်ရွေ့မလာခဲ့ဘူး။

အတွေးများတဲ့သူက အိပ်ရခက်သတဲ့
အတွေးမရှိတဲ့တောင်တန်းတွေ

အတွေးမရှိတဲ့ ပင်လယ်တွေ

အတွေးမရှိတဲ့ ကျောက်တုံးနဲ့

အတွေးမရှိတဲ့ တိမ်တိုက်တွေ

ကဲ .. ပြောစမ်းပါ ... ဘယ်သူကရော အိပ်ပျော်ခဲ့ပါသလဲ ....


တကယ်တော့ အဝေးကြီးပါ။ သူတို့နဲ့ ကျွန်မ..။ တစ်စုံတစ်ရာ သိပ်ကိုသေချာသွားတဲ့အချိန် မှာ.. ကျွန်မကောင်းကင်မှာ ကြယ်တွေပြည့်လို့။ ကျွန်မဆီအုပ်ဖွဲ့ပျံသန်းလာနေတဲ့ ကြယ်တွေ ခရီးမပေါက်နိုင်သေးတာဘာကြောင့်လဲ။ ခုထိတော့ သူတို့လည်း ခရီးနှင်နေဆဲ ကျွန်မလည်း အိပ်စက်ခြင်းတွေကိုလိုက်လံရှာဖွေနေဆဲ…….။

ကြယ်တွေ စိတ်ထဲကို ကြွေမလာနိုင်တော့ရင်
စိတ်ကိုပဲ ကြယ်တွေဆီ ကြွေပစ်လိုက်ရမလား ...
သိမ်းထားတဲ့ ငယ်အိမ်မက် အစိမ်းရောင်ကို လှေကလေးလုပ်ပြီး ....

သူတို့ဆီကို မျှောလွှတ်လိုက်မိတယ် ....။

ဆက်သွယ်မှုဧရိယာပြင်ပကနေ ...

နှလုံးသားရဲ့ ဆယ့်ရှစ်ကိုက်စည်းအထိ
လှေကလေး သွားလမ်းသာပါစေလို့

သပ်သပ်ရပ်ရပ်ဆုတောင်းနေမိတယ် ....။


အမှောင်ကဝေကတော့ဖြင့် အိပ်စက်ခြင်းမရှိသူပီပီ သူလို မအိပ်စက်သူတွေအတွက် ပီတိ ဖြစ်နေရော့မယ်။ ခက်တာက ကျွန်မကလည်း သူနဲ့ မိတ်ဆွေမဖြစ်ချင်ဘူး ။ ကင်းစိမ်း ဝေးပြတ်စွာနေထိုင်ရင်းကကို သူနဲ့ တစ်လမ်းတည်းဖြစ်နေရတာကတော့ ရင်နာစရာပါပဲ။ တစ်လမ်းသွားလမ်းမကြီးတွေကို ငေးမောကြည့်ရင်း ယာဉ်ကြောနောက်ပြန်မောင်းချင်နေမိ သလိုမျိုး ခုလည်း အမှောင်နဲ့ခရီးဆက်ရင်း အိပ်စက်ခြင်းတွေဆီ ခရီးဆန့်ချင်နေမိတယ်။

သိုးကလေး တစ်သောင်းရှစ်ထောင့်ကိုးရာပြည့်သွားရင်
နံနက်ခင်းတစ်ခုရောက်လာလိမ့်မယ် ......

စိမ်းဖန့်နေတဲ့ ဖန်လုံးထဲမှာ ..
ကိုယ့်ဘ၀ဟာ အက်ရာတစ်ခုပေါ့ ....၊

လူသန်တွေမပြောဖြစ်တဲ့ ရာဇ၀င်ထဲမှာ ...

ကိုယ်ဟာ မီးကိုတွေ့ရှိသူမဟုတ်ခဲ့သလို ...

တွေ့ပြီးသားမီးကို ငြှိမ်းသတ်ခဲ့သူလည်းမဟုတ်ဘူး ...

အိပ်စက်ခြင်းနဲ့ ဓာတ်တူနာမ်တူမပြုနိုင်ခဲ့သူရဲ့

အိမ်မက်ကို နားမလည်ခြင်းမှာ

သံသာကမ်းရပ်ဆိုတဲ့ စကားတစ်လုံးဖြည့်စွက်ခွင့်ပြုပါ.....။


ခရီးတစ်ခုကိုစတင်ပြင်ဆင်လိုက်ချိန်မှာ ကျွန်မမှာအချိန်သိပ်မရှိတော့ပါဘူး။ အမှောင်ကို ကြည့်လိုက်တော့လည်း ကြယ်တွေကို အနိုင်မခံအရှုံးမပေး မိုက်မှောင်နေပုံက ကျောစိမ့် ချင်စရာ..။ တစ်ယောက်တည်း .. တိတ်ဆိတ်စွာ..တစ်လှမ်းချင်း..ခရီးတွေနှင်နေမိ .. ဦးတည်ရာက … ဟိုးခပ်ဝေးဝေးက အိပ်မက်မမက်ခဲ့ဖူးတဲ့ နန်းရင်ပြင်တစ်ခုဆီ…။


မုန်တိုင်းတွေချိတ်ဆွဲထားတဲ့ နှလုံးသားနဲ့
စိတ်ကို ကြယ်ပြန်လုပ်ပစ်နေတဲ့ပန်းလေးတစ်ပွင့် ....

ခရမ်းပြာ နန်းရင်ပြင်ဆီသို့ .. တရွေ့ရွေ့ ....။ ။


မနော်ဟရီ - Zephyr



29 Comments:

Zephyr said...

အက်ဆေးဖတ်ရင်း ကဗျာတွေရလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ....

Blog Anniversay အတွက် ဆုတောင်းပေးပါတယ် ...
တောက်ပငြိမ်းချမ်းပါစေ ..
ဝင်းလဲ့ ပျော်ရွှင်ပါစေ ...
စိမ်းမြ ငြိမ်သက်ပါစေ ............။ ။

sweetpeony said...

၂....
ဟီးးး
နေရာ အရင်ယူတာာ...

Wunna-social said...

တစ်နှစ်ပြည့်
အမှတ်တရ မှာ
အမှတ်တရ
မီ

Mogok Thar said...

ဖတ်ပြီး မန့်မယ် လုပ်တော့ သုံး ရောက်နေဘီ။

Mogok Thar said...

ဘလော့ တစ်ျွှစ်ပြည့် အမှတ်တရ ပို့စ်လေးက အတွေးတွေ အများကြီး ဖြစ်စေခဲ့တယ်။
ကျွန်တော်က ကြယ်တွေကို ချစ်ပေမဲ့ ငေးကြည့် မြင်နေခွင့်ရနေရုံနဲ့ ကျေနပ်ခဲ့တတ်တဲ့ကောင်ဆိုတော့လဲ ကြယ်တွေလဲ စုံရော (တစ်ခါတစ်ခါ ကြယ်တွေတောင် မစုံသေးဘူး) အိပ်ပျော်သွားကော။

မတူညီတဲ့ အဝေးတွေကြား နာကျင်ခြင်းတွေလဲ ထူညိကြမှာ မဟုတ်ဘူးနော် မကြီး။ နာကျင်တဲ့အခါတိုင်း ပျော်ရွှင်ခဲ့ရတာကိုလဲ အမြဲ ကျွန်တော် အမှတ်ရဖို့ ကြိုးစားနေပါတယ်။

ကမ္ဘာကီးကတော့ တိုးတက်မှုတွေနဲ့အတူ တော်ပစွာ ချွတ်ချုံကျနေခဲ့တာပါ။ နတ်ဒေ၀တာတွေတောင် ဖြည့်မမှီနိုင်တဲ့ လိုအပ်မှုတွေနဲ့ မက်မောမှုတွေကို ဖြည့်တင်းပေးဖို့ အဆီကိုစား အသားကို အမျိုခံခဲ့တဲ့သူပါ။
(ကည့်နေရင်း ရုတ်တရက် ပျောက်ဆုံး ပေါက်ကွဲ စကြဝဠာထဲ လွင့်စင်ကြေကွဲသွားမှာလည်း ကြောက်ပါရဲ့။ ဒါပေမယ့် ကွယ်…ကျွန်မတို့ ဘာတတ်နိုင်ခဲ့ကြလို့လဲ။) တဲ့။
ကျွန်တော့်ကောင်းကင်ကမိုး ပြိုသွားခဲ့တာဘယ်သူမှ မသိလိုက်ကြဘူး။

(စိမ်းလန်းတဲ့တောအုပ်လေးမှာ မိုးချုပ်ခွင့်ရချင်ပြီ ....
သွေးညှီနံ့ကြားမှာ ...
စံပယ်တွေပွင့်လာမယ့်နေ့ ....)
ကျွန်တော့် ဘယ်ဘက်ရင်အုံက စူးရှနာကျင်လာပြန်တယ်။

အိပ်ပျော်ပီး အိပ်ရေးမ၀တဲ့ ကျွန်တော့်ထက်တော့ အိပ်မပျော်တဲ့ ညတွေမှာ ကြယ်တွေဆီ ခရီးသွားတဲ့သူတွေက အများကြီး တန်ဖိုးရှိပါတယ်။

(ဦးတည်ရာက … ဟိုးခပ်ဝေးဝေးက အိပ်မက်မမက်ခဲ့ဖူးတဲ့ နန်းရင်ပြင်တစ်ခုဆီ…။
အိပ်စက်ခြင်းနဲ့ ဓာတ်တူနာမ်တူမပြုနိုင်ခဲ့သူရဲ့
အိမ်မက်ကို နားမလည်ခြင်းမှာ
သံသာကမ်းရပ်ဆိုတဲ့ စကားတစ်လုံးဖြည့်စွက်ခွင့်ပြုပါ.....။ )

မကြီးရေ...အစစ်အမှန်တွေက ရှားပါးတဲ့ အတွက် ပို တန်ဖိုး ရှိသွားခဲ့တာပေါ့။ ကမ္ဘာမြေက ထမ်းပိုးထားတဲ့ အတုအယောင် ပျော်ရွှင်မှုတွေကြားမှာ စိတ်တွေခါးနေမဲ့အစား လြက်တစ်ဆုပ်စာလောက်သာ ရှိတဲ့ ကယ်ခရီးသွားတွေနဲ့ အတူ အဖော်ပြုလို့ ခရမ်းပြာ နန်းရင်ပြင်ဆီ အမြန်ဆုံး ရောက်ရှိကာ ငြိမ်းချမ်းစွာ စိတ်အခါးတွေ ဖြေနိုင်ပါစေလို့ ......

မကြီးရဲ့ အိမ်ကလေး တစ်နှစ်ပြည့် အထိမ်းအမှတ်မှာ.... ဆုတောင်းပေးခဲ့ပါတယ် ခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်
MGT

mirror said...

ဆက်သွယ်မှုဧရိယာပြင်ပကနေ ...
နှလုံးသားရဲ့ ဆယ့်ရှစ်ကိုက်စည်းအထိ
လှေကလေး သွားလမ်းသာပါစေလို့
သပ်သပ်ရပ်ရပ်ဆုတောင်းနေမိတယ် ....။
ကြိုက်လိုက်တာ..။ပထမဆုံးအခေါက်မှာပဲ နှလုံးသားထဲ
တန်းတန်းမတ်မတ်ဝင်သွားခဲ့တယ်..။

ရှေ့ဆက်ခြေလှမ်းတွေကိုလည်း တူတူလှမ်းနိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။

WWKM said...

Happy 1st Anniversary :D

စောစောကတွေ့တာကို မပြောဘူး. ဟွန်းး(
ခုအားသေးဘူး. မောင့်ကိုသွားကြိုရဦးမယ်.လေယာဉ်ကွင်းရောက်နေပြီ. ဟီးဟီး

ပျော်ရွှင်ပါစေ မေခရေ။
မီးက ကဗျာမရေးတတ်တော့ လက်ဆောင်ပေးရတော့
ဘူးနော်.
အစစအရာရာ အဆင်ပြေပါစေ။
ကျန်းမာပျော်ရွှင်ပါစေ။

ချစ်တဲ့
ဝါ

rose of sharon said...

မနော်ရေ.... တစ်နှစ်ပြည့်အတွက် အမှတ်တရ လာဖတ်သွားပါတယ်.... ခရမ်းပြာနန်းရင်ပြင်ဆီလို့ တရွေ့ရွေ့ ....တရွေ့ရွေ့နဲ့ .... တစ်နှစ်ပြည့်သွားခဲ့ပြီပေါ့... မနော့် ရည်မှန်းချက်တွေ မှန်သမျှ အောင်မြင်ပါစေလို့ ဘုရားသခင်ထံမှာ ဆုတောင်းပေးလိုက်ပါတယ်

ဖိုးစိန် said...

ချစ်ခင်လေးစား အားကျရတဲ့ မကြီးရေ...

မကြီးတည်ဆောက်ခဲ့တဲ့ ဘလော့ တစ်နှစ်ပြည့်မှ သည် နှစ်များစွာတိုင် ကံရေစက်ကြောင့် ချစ်ခင်ခွင့် ရခဲ့ကြတဲ့ သားတို့လို ဘလော့ မောင်နှမတွေ အများကြီးနဲ့ ပျော်ရွင်စွာ ချီတက်ရင်း ကျမ်းမာပျော်ရွင်စွာ စာကောင်း ကဗျာကောင်းများကို ဆက်လက်ရေးသားနိုင်ပါစေလို့ သားရင်ထဲက ဆုတောင်းပေးပါတယ်...

သားအဖို့
ကြယ်တွေနဲ့ ဝေးနေပေမယ့် မကြီးတို့လို လမ်းပြကြယ်တွေ အနားမှာ ရှိနေပါပြီး...

လမ်းပျောက်နေပေမယ့် လမ်းကိုညွန်ပေမယ့် သူတွေ ရှိနေပါပြီး...

ဒါကြောင့် ခင်တွယ်ရတဲ့ ဘလော့တွေထဲမှာ “မနော်ဟရီ” ဆိုတဲ့ မကြီး ဘလော့လေးလဲပါပါတယ်..

ရင်ထဲမှာ အမှတ်တရ ရှိနေတဲ့ ဒီဘလော့လေး အမြဲတည်တံ့နေပါစေလို့ ဆုတောင်းရင်း.....

ချစ်ခင်လေးစားခြင်းများစွာဖြင့်

မျောက်မျောက်

(တော်လိုက်ကြတာ... တော်လိုက်ကြတာ.. ရေးတတ်လိုက်ကြတာ...း)
သားဆရာမ မဂျု ကတော့ ဒီလိုရေးတတ်အောင် ခုထိမသင်ပေးသေးဘူး... လေယာဉ်ပေါ်က မီးခိုးတန်းကိစ္စပဲ လုပ်နေသလားမသိပါဘူးး)))

Julian said...

တစ်နှစ်ပြည့်မှာ ကိုယ့်သူငယ်ချင်း တစ်ခုခုတော့ရေးမယ်ဆိုတာသေချာနေလို့ခဏခဏလာချောင်းတဲ့ကြားက အလွဲလွဲအချော်ချော် သူပို့စ်တင်ချိန်ကျမှဘဲ ကိုယ်ကကိုယ့်လယ်ကလေးထဲမှာ ရှုပ်ချင်တာရှုပ်နေချိန် လွဲချော်မှုတွေကိုပြောပါတယ်....

စကားလုံးရွေးချယ်ထားတာလေးတွေ အင်အားကောင်းစွာ ....ဒါတွေက ကိုယ်ကြိုက်တဲ့စကားစုလေးတွေ.....
**မတတ်နိုင်ခြင်းများစွာတွေကို လက်လျော့လိုက်ရတဲ့ အခါတိုင်းမှာ လူတွေဟာ ရှင်လျက်နဲ့ တစ်ဖန် သေကြရပြန်ပါတယ်။ အကြိမ်ကြိမ်သေဆုံးရမှုတွေထဲ အကြိမ်ကြိမ်နာကျင် အထီးကျန်ရင်း***
**သူငယ်ချင်းတွေဆိုတာ .... ချုပ်ဆေးမသုံးထားတဲ့ အ၀တ်အထည်တွေလို အရောင်လွယ်လွယ်လွင့်တတ်မှန်းသိခဲ့တယ် ....။ မိတ်ဆွေလို့ ယူဆခဲ့သူတွေက နောက်ကွယ်မှာ ၀ှက်ထားတဲ့ သူစိမ်းအကြည့်တွေ ထုတ်ပြနိုင်တာသိခဲ့ရတယ် .....။***

ဂျူ

Julian said...


ကြယ်ကလေးဖြစ်ချင်တဲ့ ကိုယ့်သူငယ်ချင်းရယ်
ကောင်းကင်ကြီးမဖြစ်ချင်ဘဲဖြစ်နေရတဲ့ကိုယ်ရယ် (တစ်ခါတစ်လေမှာ ကိုယ်လဲတစ်ခြားကြယ်တွေလိုကောင်းကင်တစ်ခုခုရဲ့အောက်မှာငြိမ်းချမ်းချင်ခဲ့တာ.. )
တစ်ခါတစ်လေခံစားချက်တွေဖလှယ်ရင်း တစ်ခါတစ်လေ စိတ်အလိုမကျတွေဖြစ်ရင်း တစ်ခါတစ်လေ အတိတ်ခပ်စိမ်းစိမ်းတွေတွေကို ပြန်ကြည့်ကြရင်း တစ်ခါတစ်လေ....တစ်ခါတစ်လေ....

ဘလောဂ်ကတော့တစ်နှစ်ပြည့်ခဲ့ပြီ တစ်နှစ်ပြည့်ပြီးတဲ့အတိုင်းအတာတစ်ခုမှာ သူကြိုးစားတည်ဆောက်ခဲ့တဲ့ဒီအိမ်ကလေး
သာယာလင်းချင်းပါစေ အမှောင့်ပယောဂမီးခိုးရောင်တွေဘေးကလွတ်ပါစေ
မနာလိုခြင်းအနက်ရောင်တွေကင်းရှင်းပါစေ ချစ်ခင်ခြင်းနှင်းဆီဖြူဖူးလေးတွေများပါစေ ( သူကတော့ များပြီးသားပါ )
လိုအပ်ရင် စွေးစွေးတောက်လာမယ့်ရင်ဆိုင်နိုင်ခြင်းဆူးနှင်းဆီတွေပွင့်ပါစေ
ခရမ်းရောင်လွင်ပြင်ဆီကိုတရွေ့ရွေ့သွားနေမယ့်
ကြယ်ကလေးဖြစ်ရင်လည်းလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ပန်းတွေပွင့်နိုင်ပါစေလို့ဆုတောင်းပါတယ်။

သူငယ်ချင်းတစ်ယောက်အတွက်ဒီလိုဆုတောင်းပေးခွင့်ရလို့ကျေးဇူးတင်သလို သူငယ်ချင်းဆိုတဲ့အရောင်တွေမတော်တဆလွင့်ပျယ်ခဲ့ရင်တောင်တချိန်ချိန်မှာ အရောင်တောက်တောက်တွေနဲ့အတူပျော်ခဲ့တာကိုသတိနိုင်ပါစေ........စေ......စေ......

မေခစာတစ်မျက်နှာရေးရင် ကိုယ်က ၂မျက်နှာလောက်မန့်တာ ထုံးစံဖြစ်နေတာမို့ မဖတ်ချင်သူများကျော်သွားပေးကြပါး)

ဂျူ

Julian said...

မောင်ဖိုးစိန်

သူ့ဖာသာသူ အညိုရောင်တွေနဲ့အရှုပ်လုပ်နေပြီး ယူရို၁၀၀ မရမှာစိုးရိမ်နေတော့ ဆရာမသင်တန်းမတက်နိုင်ဘူးဖြစ်နေတာကို

လေယာဉ်ပေါ်ကမီးခိုးတန်းပြီးပြီ အခုကျွန်းကလေးတစ်ကျွန်းကို နောက်နှစ်အစမှာသွားနိုင်ဘို့လုပ်နေတယ်

ခက်တာက သင်တန်းသာဖွင့်ရတာ သင်တန်းသားသထိန်းကပိုက်ပိုက်မပေးတော့ ဆရာမလဲ ဘိုင်ပြတ်နေတာနဲ့ လယ်စိုက်လိုက် လူသတ်ဓါးပြတိုက်လိုက်လုပ်နေတယ်လေ ဟားဟား

မဂျူ

မယ်ကိုး said...

မရဲ့ ဘလော့လေးအတွက် ကျေးဇူးအမြဲတင်နေပါတယ် မ။
ထာဝရလမ်းပြကြယ်စင် ချစ်မြတ်နိုးရတဲ့ စာကြည့်တိုက်လေးမို့ ရာသက်ပန်တည်ပါစေလို့ အမြဲဆုတောင်းနေပါတယ်။

အမရာ said...

ချစ်မရေ....ဘလော့ဂ်လေးတနှစ်ပြည့်
မှသည်...နောင်နှစ်ပေါင်းများစွာတိုင်....
ချစ်စရာကဗျာတွေ..စာတွေနဲ့အတူ....
အမြဲပျော်ရွှင်စွာရေးဖွဲနိုင်ပါစေ.......
ဒီပို့စ်ထဲကအကြိုက်ဆုံးကတော့....

အိပ်မပျော်တဲ့ညတွေဟာ နှစ်ကာလရှည်လျားစွာဖြတ်ကျော်ရတဲ့ အပူရောင်ကန္တာရတွေ နဲ့ ခပ်ဆင်ဆင်ပါပဲ။ သဲကန္တာကိုတွေ့နိုး .. ကန္တာရသဘောင်္ကြီးတွေကို စီးသွားခွင့်ရနိုးနဲ့ မျက်စိကိုစုံမှိတ်ထားခဲ့လိုက်တာ .. ရောင်ခြည်တွေသာ တစ်နေ့ပြိးတစ်နေ့ ခုန်ဆင်းချလာ တယ်။ အိပ်စက်ခြင်းကတော့ တစ်လက်မမှ ကျွန်မဆီ ပြန်ရွေ့မလာခဲ့ဘူး။

အတွေးများတဲ့သူက အိပ်ရခက်သတဲ့
အတွေးမရှိတဲ့တောင်တန်းတွေ
အတွေးမရှိတဲ့ ပင်လယ်တွေ
အတွေးမရှိတဲ့ ကျောက်တုံးနဲ့
အတွေးမရှိတဲ့ တိမ်တိုက်တွေ
ကဲ .. ပြောစမ်းပါ ... ဘယ်သူကရော အိပ်ပျော်ခဲ့ပါသလဲ ....

Kay said...

အနုပညာသက်တမ်း စုစုပေါင်း ကိုတည် ဘလော့သက်တမ်း နဲ့စားရင်.. အနုပညာပဲ ကြွင်းတာပေါ့..း)

eaindraomtt said...

မမရေ..ဘာပြောရမှန်းမသိအောင်...ဖြစ်သွားတယ်..။
သိပ်လှတဲ့ အက်ဆေးလေးပဲ..မမရယ်..။

အကြိုက်ဆုံးတွေထဲက ထုတ်ကြည့်လိုက်မိတော့..


(အသိနောက်ကျခြင်းတွေမှာ ချစ်သူဟာ ကိုယ့်အခြမ်းမဟုတ်မှန်းသိခဲ့ရတယ် ... အမေဟာ သစ်ပင်ရဲ့ အမြစ်တွေလို စိတ်မှာစွဲပြီး အရိပ်တွေအမြဲပေးနေမယ်ဆိုတဲ့ အာမခံချက်ဟာ မရဏမင်းရဲ့ လက်မှတ်တစ်ချက်ထိုးရုံနဲ့ ပျက်ပြယ်တတ်မှန်းသိခဲ့ရတယ်...။ သူငယ်ချင်းတွေဆိုတာ .... ချုပ်ဆေးမသုံးထားတဲ့ အ၀တ်အထည်တွေလို အရောင်လွယ်လွယ်လွင့်တတ်မှန်းသိခဲ့တယ် ....။ မိတ်ဆွေလို့ ယူဆခဲ့သူတွေက နောက်ကွယ်မှာ ၀ှက်ထားတဲ့ သူစိမ်းအကြည့်တွေ ထုတ်ပြနိုင်တာသိခဲ့ရတယ် .....။ ကြယ်အဖွဲ့အစည်းမှာ ကြယ်တစ်စင်းစီရဲ့ တစ်ကိုယ်စာ လွတ်လပ်စွာလောင်ကျွမ်းမှုဟာ ကြယ်အဖွဲ့အစည်းရဲ့ လောင်ကျွမ်းမှုပါပဲ ...။ ကြယ်တစ်စင်းရဲ့သောကဟာ ကြယ်တာရာ အဖွဲ့ အစည်းရဲ့သောကပါပဲ .....။ ကြယ်ဥယျာဉ်ထဲမှာ ကြွေခြင်းကြွေ ငါ့စိတ်ထဲကြွေမယ့် ကြယ်ကလေးတစ်စင်းရှိနေမလားကွယ် ....။ အပြာလဲ့လွန်းတဲ့ လက်တံတွေဆန့်ထုတ် ... အဲဒီနှလုံးသားကို မှုတ်သိမ်းငြိမ်းသတ်လိုက်စမ်းပါ ကြယ်ကြွေလေးရယ် ......။ ကျိန်စာတရာ သင့်နေတဲ့ ကမ်းလင့်မှုထဲ ... ကြယ်ကြွေလေးကို မျှော်ရီသီငေးနေမိတယ် .... ။ သပ်သပ်ရပ်ရပ် လွမ်းဆွတ်ခြင်းတွေ ဆွတ်ဖြန်းထားတဲ့ ကမ်းလင့်မှုတစ်ခုပါကွယ် .....။)

အက်ဆေးလေးက အက်ဆေးလို လှသလို..
ကဗျာလေးကလည်းကဗျာလိုလှနေတယ်...

မမရေ ကြယ်တွေ..မြင်နေရပေမယ့် မဆွတ်သာပေဘူး..
ကြယ်နဲ့လင်းတဲ့ လမ်းပျပျလေးကလဲမှုန်မှုန်ဝေသီလို့...
လျှောက်နေပေမယ့် ရောက်နေခဲ့ရဲ့လား...

ကြယ်ဝေးရာသီမှာ..
အလွမ်းတွေ ပန်းခရမ်းရောင်နဲ့ထတောက်တယ်..။

"" မမ..ပျော်ရွှင်နိုင်ပါစေ..""

thitkaungeain said...

တနှစ်ပြည့်ဆိုတော့ အချစ်နေ့တွေဘာလားများလို့ လက်စသတ်တော့ ဘလော့ကို
(အိနြာပြောသလိုဆိုရင် အက်ဆေးကအက်ဆေးလိုလှပြီး ကဗျာက ကဗျာလိုလှနေသတဲ့ လူကတော့ အကျဉ်းတန်တယ်လို့ ဆိုလိုချင်ပုံရတယ်နော် ) အပြင်မှာအဲဒီအတိုင်းထင်တယ်

ကိုရင်နော်ခင်လေးငယ် said...

တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာဆီသို့...

ချစ်သောစာတွေ၊ ချစ်သောကဗျာတွေ၊ ချစ်သောမိတ်ဆွေတွေ၊ ချစ်သောစာဖတ်သူတွေနဲ့အတူ ကျန်းမာရွှင်လန်းပြုံးပျော်နိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

သက်ပိုင်သူ said...

မမနော်ရေ
တစ်နှစ်ဆိုပေမယ့်လည်း
မမနော် မြှပ်နှံခဲ့ရတာတွေက
တစ်နှစ်မကပါဘူး..
မမနော်
ဆက်လက်ချီတက်နိုင်ပါစေ

gandarya said...

တစ်နှစ်ပြည့်တဲ့နေ့
မှာပဲ တိုက်တိုက်
ဆိုင်ဆိုင် ပထမဦး
ဆုံး တစ်ခေါက်
ရောက်ဖူးတာပါ
ဝတ္တုတွေမှာကတည်းကအားပေးခဲ့တာမို့ဒီမှာလည်းအားပေးနေမှာပါ
"ချစ်တဲ့အနုပညာကိုထာဝရဆုပ်ကိုင်ရင်းမနော်ဟရီတည်တံ့နိုင်ပါစေ"
ခင်မင်လေးစားစွာဖြင့်(ကန္တာရ)

လင်းဒီပ said...

စာတွေ ကဗျာတွေ မိတ်ဆွေ သူငယ်ချင်း ဝါသနာတူသူတွေနဲ့...
ရန်သူတွေကို ဥပက္ခာထားရင်း ရှေ့ဆက်လာမယ့်နှစ်များမှာ ပျော်ရွှင်ငြိမ်းချမ်းစွာ ဘလောဂ့်နိုင်ပါစေဗျာ...။

sweetpeony said...

၁နှစ်သမီးလေးရဲ့မွေးနေ့မှာ ပျော်ရွင် ချမ်းမြေ့ပါစေလို့....
၁နှစ်ဆိုတဲ့ကလေးဘ၀နဲ့တူတဲ့ အပူပင်ကင်းမှုမျိုးတွေ ရပါစေ...

tg.nwai said...

မနော်...အကွာအဝေးတွေရယ်၊ အလွမ်းတွေရယ်၊ အိပ်စက်ခြင်းမဲ့နေတဲ့ အမှောင်ထုကြားက ခရမ်းရောင်ရင်ပြင်နန်းတော်...။ လှပစွာရေးခြယ်ထားခဲ့တဲ့ မနော်ရဲ့ စာသားတွေရယ်..Zephyr ရဲ့ ကဗျာလေးရယ်က လိုက်ဖက်ညီစွာ ဖမ်းစားနိုင်လွန်းအားတယ်...။ နန်းဆန်တဲ့ လျှို့ဝှက်နိုင်လွန်းတဲ့ ကြီးကျယ် မြင့်မြတ်တဲ့ ခရမ်းရောင်လွင်ပြင်မှာ ခရမ်းရောင်တွေ လွှမ်းခြုံထားရင်း ပျော်ရွှင်ငြိမ်းချမ်းခြင်းရဲ့ နိမိတ်ပုံ ကို မြင်လိုက်ချင်တယ် မနော်ရေ..

တစ်နှစ်ပြည့်သက်တမ်းမှသည် မနော်ဖန်တီးသမျှတွေကို တအံတသြ ဝေမျှခံစားနိုင်ဖို့ သက်တမ်းရှည်ကြာနိုင်သမျှ ရှည်ကြာနေနိုင်ပါစေ...

tin min htet said...

တနှစ်သမီးလေး ဆိုတော့ ဘာမွေးနေ့ လက်ဆောင်ပေးရမယ် မသိ ..
သားအငယ် မသုံးဖြစ်လိုက်တဲ့ ပေါင်ဒါဗူးပဲ ပေးရမယ် ထင်တယ်။
(ခြွေတာရေး :P)

တနှစ်အထိမ်းအမှတ် အက်ဆေး နဲ့ ကဗျာက
မှတ်မှတ်ရရ ဖြစ်အောင် ကောင်းပါတယ်။

တနှစ်တာမှာ ရောက်ခဲ့တဲ့ ခရီးက သိပ်မနီးလှပါဘူး
ဆက်လျှောက် သူငယ်ချင်း အားပေးနေပါတယ်။

..........................................................

BTW: Zephyr ကို တွေ့စက ဇီးပြားလို့ ဖတ်နေတာ။ ကဗျာတွေက ကောင်းပြီး ကလောင်နာမည်က ဘယ်လိုပါလိမ့်လို့ ထင်နေတာ။ နောက်မှ သိတော့တယ် :)

ဆောင်းယွန်းလ said...

ကြယ်ဝေးရာသီထဲက ခရမ်းပြာဂီတကို ငြိမ်သက်စွာဖြင့်
နားစိုက်ထောင်သွားပါ၏
ဘလော့ရေးခြင်း တနှစ်ပြည့်အတွက်လည်း ဆုတောင်းပေးပါတယ် မနော်ရေ.
လှပသော ရင်တွင်းဖြစ် အနူပညာများကို ဆက်လက်ထုတ်ဖော် ဖန်တီးနိုင်ပါစေလို့....

ဇော်ကြီးနဲ့ဆုံရင်တော့ မေးရဦးမယ်
သူနေတဲ့မြို့မှာရှိတဲ့သူတွေက အကြောင်းတိုက်ဆိုင်လိုက်တိုင်း သီချင်းဆိုတတ်ကြတယ်လို့ မနော်ဆီက တဆင့်ကြားရတယ်လို့...အဲဒါ အဲဒီမြို့မှာ ဘယ်သူတွေနေနေကြသလဲဆိုတာ မေးရဦးမယ်....

Moe Cho Thinn said...

ဘလော့ လောက ကို ဖြည့်စွက် အလှဆင်ပေးသူတဦးရဲ့ ကဗျာလေးတွေ အက်ဆေးလေးတွေ ဖတ်ခွင့်ရတာ ကျေးဇူးတင် ၀မ်းသာ၊ ပြီးတော့ ဆက်လဲ ဖတ်ပါရစေအုံး မနော်ရေ..
ပျော်ရွှင် ကျန်းမာပါစေ။

အိုင်လွယ်ပန် said...

နောက်ကျ သွားတယ် :)

* မုန်တိုင်းတွေချိတ်ဆွဲထားတဲ့ နှလုံးသားနဲ့
စိတ်ကို ကြယ်ပြန်လုပ်ပစ်နေတဲ့ပန်းလေးတစ်ပွင့် ....
ခရမ်းပြာ နန်းရင်ပြင်ဆီသို့ .. တရွေ့ရွေ့ ....။ ။

စကားလုံးလေးတွေ ငေးသွားပါတယ်
ကိုဇက်နဲ့ အစ်မရေ ...

ကြယ်တွေ ရဲပလောင်းခတ်နေတဲ့ ပန်း
အလင်းကန်းကန်းတွေတွေ ကြားထဲ
အလံမလှဲ ခင်အထိ
စိတ်တွေ ဒရွတ်ဆွဲခဲ့ပြီ
...........................
..............................
ခရမ်းပြာနန်းရင်ပြင်ဆီ ။

အဲသလို
တိုးတိုးဖွဖွ ရှိုက်သံလေးကအစ
သူ့ တစ်နိုင်တစ်ပိုင် ဂီတ နဲ့ပါ
သံသရာ ။

တစ်နှစ်ပြည့်မှသည် နောက်ထပ် .. နောက်ထပ် ...
အေးမြငြိမ်းချမ်းစွာ ဆက်လက် ဘလော့ဂ် နိုင်စေကြောင်း ဆန္ဒမွန် များစွာဖြင့် ...

အိုင်လွယ်ပန်

sonata-cantata said...

ဘလော့ တနှစ်ပြည့်မှသည်...
အင်း... ဘယ်အထိသွားရင်ကောင်းမလဲ ...ဟင် မနော်
ကူပြောပေးပါဦး...။

ဘလော့ရေးသူ
ဘလော့နဲ့ အတူ
သာယာချမ်းမြ ခန်းနားလှပ စေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

reenoemann said...

တစ်နှစ်ပြည့် အမှတ်တရနဲ့ အတူ နောက်လာမဲ့ နှစ်တွေ နှစ်တွေ မှာလဲ ဒီလိုမောင်နှမတွေနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း မကြီးနော် တစ်ယောက် ဒီထပ် ပျော်ရွှင်သော ဘဝလေးထဲမှာ နေထိုင်ရပါစေလို့ မောင်လေး ဆုတောင်းပေးလိုက်ပါတယ်။

မောင်လေး ရီနိုမာန်