လောင်းရိပ်မိနေတဲ့ကြယ်

Monday, September 21, 2009






မေမေ ... ကောင်းကင် ပြာပြာအောက်မှာငှက်တွေ အသည်းကွဲလားမေမေ ...။
ရနံ့တွေ အကြောင်း ပန်းတွေကို မပြောပြတော့အခါ ... သူတို့ဘယ်လိုသိမှာလဲ .. မေမေ ...။ ဆူးစူးထားတဲ့ စိတ်တစ်ခု လားရာအတိုင်းပြန်ဖို့ အိပ်တန်းကျန်သေးရဲ့လားမေမေ ...။ .. သစ်ပင်တွေအိပ်သွားတဲ့အခါ ... သစ်သီးတွေ ပျင်းရိလာတယ်တဲ့ ... သားမကြားဘူးတဲ့ ပုံပြင်တစ်ပုဒ်မှာ တိုင်းသူပြည်သားတွေကို ဘုရင်ကြီးက သိပ်ချစ်သတဲ့ ....။ ... မေမေ ... ဟိုးအဝေးမှာ သား အိပ်မပျော်ခဲ့တာ ကြာလုပါပြီ ....။

အိပ်မပျော်တဲ့သူကအိပ်မက်တွေပိုရှည်သတဲ့။ ကောင်းကင်ပြာအောက်မှာမှ ငှက်တွေမှ မဟုတ်ပါဘူးသားရယ်။ အခန့်မသင့်တဲ့အခါတိုင်း နှလုံးသားတွေကွဲကြေရတတ်တာပဲ။ ဆူးစူးနေတဲ့စိတ်တစ်ခု အတွက် အိပ်တန်းတက်စရာနေရာတစ်ခု ကောင်းကင်ဘုံမှာတော့ ရှိလိမ့်မယ်လို့ မေမေထင်တယ်။ ရနံ့တွေအကြောင်းမပြောပြဖြစ်ပေမယ့် ပန်းတွေကတော့ လောကကို အလှဆင်နေဥိးမှာပါပဲ။နှင်းဆီနီရဲ့ ရဲရင့်မှုက ချိုအီသင်းပျံ့တဲ့ ရနံ့တစ်ခုမှ မလိုပဲကွယ်။ အိပ်ရာဝင်ပုံပြင်တွေကို မပြောပြဖြစ်ခဲ့တဲ့နေ့ရက်တစ်ချို့အတွက် မေမေ့ကို ခွင့်မလွှတ်လိုက်ပါနဲ့။

သားကို အုပ်မိုးနေတဲ့ကောင်းကင်ကို အသစ်လဲပေးနိုင်မလား မေမေ ...၊ လူတွေရဲ့ အကြည့်တွေကို အရောင်ချွတ်ပေးပါ ....၊ မျက်နှာဖုံးတွေ နဲ့ ပြုံးမယ်ဆိုရင်တောင် တစ်ခါသုံးမျက်နှာဖုံးနဲ့ပဲပြုံးပြဖို့ တိုက်တွန်းပေးပါ .... စိတ်တွေနာဖျားနေတဲ့ သားအတွက် ... အကြည့်တစ်ချက်ကလည်း လေးပါတယ်မေမေ ...။ သားအိပ်မပျော်တဲ့ ညမှာ သိုးကျောင်းသား အိမ်မက်တစ်ခုကို ကောက်ရထားတယ် ....။ သိုးတွေမှာ သိုးစိတ်ရှိတဲ့ အတွက် သား သိုးမွှေးအင်္ကျီ ၀တ်တာပါမေမေ ....။ သူတို့အတွက် သားအနွေးထည်လေးပြန်ပေးခဲ့ပါတယ်...။ တစ်ခုသော ဆောင်းညမှာ သူတို့တွေ သိုးထိန်းရဲ့စိတ်ထဲက ဂီတကို ရှာတွေ့မှာပါမေမေ ....။

ကောင်းကင်ကို အသစ်လဲမပေးနိုင်ခဲ့သည့်တိုင် မေမေ့ချစ်ခြင်းတွေနဲ့ သားကို အုပ်မိုးပေး ထားမှာပေါ့။ လူတွေရဲ့ အကြည့်တစ်ချို့အတွက်တော့ ကိုယ့်စိတ်ကိုယ်ပဲ လျှော်ဖွတ်ပစ်ရ လိမ့်မယ်။ သိုးကလေးတွေနဲ့အတူ ဖြူဖြူစင်စင် လမ်းလျှောက်ထွက်ကြရအောင်သား။ သူတို့စွန့်ကျဲခဲ့တဲ့ ဖြူစင်မှုတွေကို ခြုံယူဝတ်ဆင်ပြီးမှတော့ သူတို့ရဲ့ဂီတကိုလည်း ပြန်လည် ဖွဲ့နွဲ့ပေးခဲ့ရလိမ့်မပေါ့ကွယ်။ အိပ်မရတဲ့ညတာရှည်တွေမှာ အိပ်မက်တွေကို သိုးတွေနဲ့အတူ လှည့်ကျောင်းထားလိုက်ကြရအောင်။ မျက်နှာဖုံးအတုတွေအကြောင်းသိဖို့တော့ သားသိပ်ငယ်နေပါသေးတယ်။ လောကရဲ့မာယာခပ်ကြီးကြီး တွေကို လေ့လာ တတ်မြောက် လာတဲ့ အခါ..နာဖျားနေတဲ့ စိတ်တွေအတွက် ဖြေသာရာ တစ်ခုခုကိုရလာပါလိမ့်မယ်။

မေမေ သားက အဖြောင့်အတိုင်းလျှောက်တဲ့ အခါ သင်္ချာပညာရှင်က ၃၆၀ ဒီဂရီကောက်နေတဲ့ ခြေလှမ်းလို့ပြောတယ်မေမေ ... သားက အလင်းဖြစ်ချင်တယ်ဆိုတော့ ရူပဗေဒပညာရှင်က အနည်ထနေတဲ့ တောက်ပမှုဖြစ်တော့ရော ဘာထူးမှာလဲတဲ့ ....။ မေမေ သားတို့စကားဝိုင်းမှာ ရင်ကွဲနာကျသူတွေအကြောင်းဆွေးနွေးတဲ့အခါ ဓာတုဗေဒ ပညာရှင်က ဓာတ်ပြောင်းလဲမှုတစ်ခုမျှသာတဲ့ ...မေမေ သားကန်ထုတ်လိုက်တဲ့ ကျောက်တုံးကရော ထောင့်ချုပ်ကျောက်တစ်လုံးပဲလား ...။ ဘုရားသခင်နဲ့တွေ့မှ မေးကြည့်တော့မယ်မေမေ ...။ ရိုးသားမှုတစ်ခုရဲ့တန်ရာတန်ကြေးကို ရှာဖွေတွေ့ရှိမှပဲ လူတွေလည်း ဒုတိယ မီးကို ရှာတွေ့တယ်လို့ ဂုဏ်ယူနိုင်တော့မယ်မေမေ ...။ အခုတော့ သား အိပ်မပျော်ခြင်းတွေကို ခင်မင်စွာပေါင်းဖော်ဖြစ်နေတယ်မေမေ ...၊ ဘုရားသခင်ကိုယ်တိုင်လည်း ညည အိပ်မပျော်တတ်တဲ့သူတစ်ယောက်များလားမေမေ .. ရွှေပုံသဏ္ဍာန်တော်နဲ့ အညီဖန်ဆင်းတော်မူတယ်လို့ ဆိုတယ်မဟုတ်လားမေမေ ...။

သံသရာရဲ့အရွေ့ကိုက ၃၆၀ ဒီဂရီရှိလေတော့ အဖြောင့်အတိုင်းခြေလှမ်းတွေရဲ့အရွေ့ဟာ ၃၆၀ ဒီဂရီကောက်နေခဲ့မှာပဲသား။ သံသရာတစ်ခုလုံးလျှောက်ခဲ့တဲ့ ခြေလှမ်းတွေက ဖြောင့် တန်းနေခဲ့ပါလျက် ကံတရားက ကွေ့ကောက်နေခဲ့တာကျ ဘယ်လိုပြောကြမလဲ။ မေတ္တာတရားရဲ့ အလင်းဓါတ်တွေအကြောင်းကို မေမေတို့ဘယ်သူနဲ့ဆွေးနွေးနိုင်ကြမှာလဲ။ စတီဖင်ဟောကင်းဟာ အနည်ထနေတဲ့ အလင်းတစ်မှုန်တော့ မဟုတ်နိုင်ဘူးထင်ပါတယ်။ ကောရိ န္တု သြ၀ါဒ ပထမစာစောင် အခန်း ၁၃ ကို ဘယ်လို ယူနစ်တွေနဲ့များ တိုင်းတာ တွက်ချက်လို့..အဖြေထုတ်နိုင်မှာမို့လဲ။ မဒမ်ကျူရီလည်း အသည်းကွဲခဲ့ဖူးမှာပါပဲ သား ရယ်။ ကျမ်းစာမှာတော့ပြောတယ်သား။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသော သူအား အမှန်ပေးတော်မူ၏ .. တဲ့။ ဘုရားသခင်ကတော့ သူ့ရဲ့ချစ်ခြင်းအားဖြင့် သူ အိပ်စက်ခွင့် မရှိသူဖြစ်တယ်။ သူတစ်ပါးကိုပိုချစ်တဲ့သူဟာပိုပြီးအနစ်နာခံရတတ်သတဲ့။

မေမေ ရှုံးနိမ့်မှုတွေက ထလာတဲ့သူတစ်ယောက်အတွက် စောင့်ကြိုနေတဲ့ နောက်ထပ်ရှုံးနိမ့်မှုတွေကရော စောစောထတဲ့ ငှက်တွေပဲလား ...။ သူတို့ကို ပျင်းရိခွင့်ပေးဖို့ အကြောင်းကြားပေးပါမေမေ ...။ ရေထဲမှာ ငါးတစ်ကောင်နစ်နိုင်တဲ့အကြောင်း ...၊ လေထဲမှာ ငှက်တစ်ကောင် အပျံမှားသွားနိုင်တဲ့အကြောင်း .... လမ်းလျှောက်နေတဲ့သူတစ်ယောက် ချော်လဲနိုင်တဲ့အကြောင်း ...။ စိတ်တစ်ခု အထားအသိုမှားပြီး Black Hole ဖြစ်လာနိုင်ကြောင်း သား တောင်စဉ်ရေမရပြောမိတဲ့အခါ ... မေမေနားလည်ပေးပါ။ အက်ရာတွေများတဲ့လောကထဲမှာ သား ... လောကနဲ့ အသားကျဖို့ စိတ်အက်အက်တစ်ခု တပ်ဆင်ထားလိုက်တယ်မေမေ ....။ လဲနေသူတစ်ယောက်ကို ထူမယ်ဆိုရင် အရင်ဆုံး ခါးကိုင်းပြီးမှ လက်ဆန့်ရသလိုပေါ့မေမေရယ် ....။ ..သား ... လဲနေတဲ့သူနဲ့ လှဲနေတဲ့သူမခွဲခြားတတ်ဘဲ ထူနေမိတယ်မေမေ ...။ သားမျက်လုံးတွေကို လှဲလှယ်ပေးပါမေမေ ... ဒါမှမဟုတ် သားရဲ့နှလုံးသားကို လဲလှယ်ပေးပါ ....။

ကိုယ့်ကိုယ်ကိုပဲပြင်ဆင်လို့ရတဲ့လောကကြီးထဲမှာ ကိုယ့်စိတ်ကိုယ်ပြင်ဆင်ဖို့ဆိုတာကလဲ အခက်ဆုံးတစ်ခုပဲသား။ ဒါပေမယ့် အဲဒါကိုက အောင်နိုင်မှုတစ်မျိုးပဲလေ။ ရှုံးနိမ့်မှုတွေကို ဆင့်ကဲလက်ခံရရှိလိုက်တယ်ဆိုတာကိုက ယှဉ်ပြိုင်ခွင့်ရှိနေသေးတယ်လို့ပဲ ကျေနပ်လိုက်ပါ တရားခြင်း မတရားခြင်းတွေကိုတော့ လောကပါလတရားက သူ့ဘာသာသူဆုံးဖြတ်ပါလိမ့် မယ်။ မမြင်ရတဲ့ ဝဋ်ကြွေးတွေအတွက် မေမေတို့မှာ တာဝန်မရှိပါဘူး။ သားရဲ့ တောင်စဉ်ရေမရ စကား လုံးတွေကို မေမေ့ မေတ္တာတရား နဲ့စဉ်ပေးလိုက်တဲ့အခါ အရာရာဟာ လင်းဝေနိုးထလာပါ လိမ့်မယ်။ အက်ကြောင်းတွေကို တော့ ခဏ မေ့ထားလိုက်ကြရအောင် သား ။ ကမ္ဘာမြေကြီးရဲ့ လှုပ်နိုးခံရမှုနဲ့အတူ လမ်းကြောင်းပြောင်းသွားတဲ့အခါ အရာရာဟာ ပကတိအတိုင်းဖြစ်ခွင့်ရသွားကြပါလိမ့်မယ်။ ဘုရားသခင်ပေးသနားတော်မူတဲ့ အဖြူရောင်နှလုံးသားကိုတော့ ဒီတိုင်းပဲထားကြရလိမ့် မယ်။ ထူခွင့်ရနေသေးတဲ့လက် ထူမချင်နေသေးတဲ့စိတ်တွေအတွက်ပဲ ကျေးဇူးတော် ချီးမွမ်းလိုက်ကြရအောင်။

တိတ်ဆိတ်နေတဲ့ တစ်ခြမ်းပဲ့လလေးကို သားလွမ်းတယ်မေမေ ....။ ကုမုဒြာကို ဖွင့်တဲ့သော့ကို လရောင်မှာ သားရှာနေမိတယ် ...။ လရောင်ဝါတွေညွတ်ကွေး နေတဲ့ ဂီတစာရွက်တစ်ရွက်ကို ငြိမ်းချမ်းတဲ့ တယောသမားတစ်ယောက် ကောက်ရပါစေလို့ သားဆုတောင်းပေးနေမိတယ် ...။ အရောင်ကန်းနေတဲ့သူအတွက်လည်း လရောင်ဟာ လင်းနေမှာပါမေမေ ...။ ခဲဖျက်မပါတဲ့အတွက် အမှားတွေမပြင်နိုင်တော့ဘူးပေါ့ ...။ ဘ၀ကို သိပ်နီမြန်းသွားမှာစိုးတယ်....။ ကြက်ခြေခတ်တွေက ပစ်မှတ်တစ်ခုလို ဘ၀ကို ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ သားရဲ့ ထိချက်အလွဲတွေပါမေမေ ...။ မေတ္တာဟာ အဖြူရောင်ဆိုတော့မေမေရယ် ... ဒီဘ၀မှာ သိပ်ရောင်းမကောင်းလှဘူးပေါ့ ....။ ဈေးခေါင်းကွဲတယ် မေမေရယ် ...။ အချစ်ဦးဆိုတာ မငြိမ်းသောမီးမဟုတ်လား ....။

တစ်ဘဝလုံးရေးခြစ်လာတဲ့စာမျက်နှာတွေအတွက် အားလုံးကို အမှန်ချည်းပဲလိုချင်လို့ တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အနီရောင်ကြက်ခြေခတ်တွေလည်း ခပ်ကျဲကျဲတော့ ပါနေလိမ့်မယ် ။အဲဒီအတွက် နောင်တရစရာမလိုဘူးသား။သင်ခန်းစာယူတတ်ဖို့ပဲလိုပါ တယ်။ သန့်စင်ကြည်လင်တဲ့ ချစ်ခြင်း တွေနဲ့ လွှမ်းခြုံထားတဲ့ ကမ္ဘာကိုတော့ လူတိုင်းတပ်မက်ကြလိမ့်မယ်လို့ထင်ရင် မှားသွားမှာ ပေါ့သား..။ တချို့လူတွေက မွေးဖွားလာကတည်းက အရောင်တစ်ရောင်တည်းနဲ့ မှောင်နေကြ သူတွေဖြစ်တယ်။ လရောင်ကတော့ အစဉ်အဆက်ဖြာကျနေမှာပါပဲ။ ဒါပေမယ့် ကုမုဒြာ တိုင်းကတော့ လရောင်နဲ့ပွင့်ချင်မှပွင့်ကြလိမ့်မယ်။ ဘယ်အရာမှပုံသေကားကျ တွက်ဆလို့ မရတဲ့ ကမ္ဘာမှာ မငြိမ်းဘူးထင်တဲ့ မီးတွေလည်း ငြိမ်းသွားကြလိမ့်ဦးမယ်။ ထိုက်တန်တဲ့ သူတွေအတွက် သားရဲ့ အဖြူရောင်မေတ္တာတွေကိုသိမ်းဆည်းထားလိုက်ပါ။

တကယ်လို့ သော့တစ်ခုပိတ်ခွင့်ရမယ်ဆိုရင် သားမနက်ဖြန်တွေကို ပိတ်ထားလိုက်ချင်တယ် ...။ ဒီနေ့အထိ နေထိုင်ခဲ့တဲ့လူတစ်ယောက်ဟာ ဒီနေ့မှာ ပြီးဆုံးပျောက်ကွယ်သွားသလိုပေါ့မေမေ ... မနက်ဖြန်မှာသူမပါတော့ဘူး .. ပန်းပွင့်ရဲ့ရနံ့ထဲမှာသူမပါတော့ဘူး ... လေညင်းရဲ့အေးမြမှုထဲမှာသူမပါတော့ဘူး။ သစ်ရွက်တစ်ရွက်ကြွေကျသံထဲမှာ သူမပါတော့ဘူး ..။ ဇာတ်နာအောင် ဗီလိန် တစ်ပြုံကြီးသုံးထားတဲ့ မြို့ပျက်ကြီးမှာ သူမပါတော့ဘူး ...။ သူ ... ခရမ်းရောင် အလံတစ်လက်ကို လွှင့်ထူရင်း ကျဆုံးသွားပါပြီမေမေ ....။

ခရမ်းရောင်တွေတဖျတ်ဖျတ်လွင့်ဝဲနေတယ်။ အလွမ်းဟာ အနည်းဆုံးတစ်ရာသီတော့ ခံလိမ့်မယ်သား..။ သူ့ရာသီကုန်ရင်တော့ သူလည်း သူ့အလံကိုသိမ်းရုတ် တပ်ဆုတ်သွားရပါလိမ့်မယ်။ ဒါဟာလည်း လောကရဲ့ဓမ္မတာပါပဲ သား။ ကံတရားရဲ့ စာမျက်နှာတွေကိုကျော်လွန်လို့ မနက်ဖြန်တွေကို ပြင်ဆင်ခွင့်မရှိသလို ကိုယ့်ကိုယ်ကို မှုတ်သိမ်းငြိမ်းသတ်ခွင့်လည်း မရှိပါဘူး။ နီစွေးစွာရဲရင့် တည်ငြိမ်စွာပြာလွင် လို့ ခရမ်းရောင်တွေကို ဖြိုခွဲပစ်ခဲ့လိုက်ရင်း နံနက်ခင်းအသစ်တွေနဲ့အတူ ကိုယ့်ကိုယ်ကို ထူမတ်ပစ်လိုက်စမ်းပါ။ မနက်ဖြန်ဟာ ရနံ့သစ် တွေနဲ့မွှေးမြကြည်လင်နေခဲ့ပါလိမ့်မယ်။ ။

မနော်ဟရီZephyr


24 Comments:

Julian said...

မရတာကြာပြီဖြစ်တဲ့ (၁)
ပြီးမှဆက်လက်ဖတ်လိုက်အုန်းမယ်

ဂျူ

Julian said...

မေးခွန်းမေးတဲ့သူကအဖြေကိုလိုချင်သလား ဒါမှမဟုတ်ဖြစ်စဉ်တွေကိုစီကာစဉ်ကာပြောနေသလား..... ဖြစ်တတ်ပါတယ်ဆိုတဲ့စကားနဲ့အားလုံးကိုပုဝါပါးနဲ့အုပ်နေရတဲ့ဒီခေတ်ကြီးမှာတစ်ခါတစ်လေ မေးခွန်းတိုင်းမှာအဖြေမရှိတတ်ချင်ဘူး

ကောင်းကင်ရဲ့အဖြေကို ကြယ်ကလေးတိတိပပနားလည်နိုင်ပါစေ တစ်ခါတစ်လေမှာ တစ်စုံတစ်ခုကိုနားလည်ဘို့တစ်ဘ၀လုံးတောင်မလုံလောက်ဘူးလေ

ဖြူစင်ခြင်းကို ရှာဖွေသူဟာ ဒီလောကထဲကရုန်းထွက်နိုင်မှရလိမ့်မယ်ထင်တယ် လောကဆိုကတည်းက အရောင်စုံဆေးခြယ်နေကြတာကိုး မွေးကတည်းက အမှောင်တစ်မျိုးကိုဘဲရောင်စုံလို့ တယူသန်နားလည်နေသူတွေအတွက် ဘယ်လောက်ရှင်းရှင်း အဖြူဆိုတာကို နားလည်မယ်မထင်ဘူး


မမန့်တော့ဘူး ဒီမှာရပ်မယ် မဟုတ်ရင် အက်ဆေးထက်ရှည်တော့မယ်
အခုတစ်လော စိတ်ဖျားနာနေတယ် လူလဲဖျားနေတယ် မြင်မြင်သမျှ လူတွေဟာ ကောက်ကျစ်ပြုံးကို ဂရုဏာပြုံးဖြစ်အောင်ပြုံးနေကြတော့ သူတို့အပြုံးတွေ ဘီလူးသွားဖြဲပြနေတယ်လို့ခံစားရွံရှာနေတယ်
စိတ်နှလုံးမကောင်းမှတော့ ခံစားချက်တွေအံထွက်ချင်နေတယ်

ဂျူ

လင်းဒီပ said...

လောက ခါးခါးအောက်မှာ လောင်းရိပ်ဆိုးတွေ မိနေတဲ့ ကြယ်ကလေးရဲ့ အမေးအမြန်း ထူထူ အက်ဆေးလေး...

အမေးနဲ့အဖြေနဲ့ ဆန်းဆန်းလေးနဲ့ ရေးထားတဲ့ အက်ဆေး လှလှလေး....

Mogok Thar said...

ဖတ်နေရင်း ဘာကြောင့်မှန်းမသိ နဂို အိမ်နဲ့ မိသားစုကို လွမ်းနေရာက ဖေ နဲ့ မေ့ ကို ပို သတိရပီး လွမ်းလွမ်းဆွေးဆွေးကြီး ဖြစ်နေတယ်။
အများသူငါ က ပြောကြတယ်။ အဖေ၊ အမေ လောင်းရိပ်က ခုထိ မထွက်နိုင်သေးဘူး တဲ့။
ဒါပေမဲ့ အဲဒီလောင်းရိပ် လေး ရှိနေတုန်း အခိုက်အတန့်မှာ အဲ ဒီ လောင်းရိပ်အောက် နေ နေရတာ ကျနော် ကြည်နူးပါတယ်။
(ပို့စ် နဲ့တော့ မဆိုင်လှပေမဲ့ ရင်ထဲ ဖြစ်တာလေး ချရေးမိတာပါ။)
စာလေးတွေကို နောက်ထပ် အထပ်ထပ် ပြန်ဖတ်ဖြစ်နေအုံးမှာတော့ သေချာတယ်။
ပြန်ဖတ်ပီး ပြန်မန့်ရင် စိတ်ဆိုးကြပါနဲ့ ခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်

eaindraomtt said...

(...............................................)

အုပ်မိုးနေတဲ့ကောင်းကင်ကို အသစ်လဲပေးနိုင်မလား
ဆူးစူးထားတဲ့ စိတ်တစ်ခုလားရာအတိုင်းပြန်ဖို့
အိပ်တန်းကျန်သေးရဲ့

နာဖျားနေတဲ့ စိတ်တွေအတွက် ဖြေသာရာ
အလွမ်းဟာ အနည်းဆုံးတစ်ရာသီတော့ ခံလိမ့်မယ်
တစ်ဘဝလုံးရေးခြစ်လာတဲ့စာမျက်နှာတွေအတွက်
မနက်ဖြန်တွေကို ပိတ်ထားလိုက်ချင်တယ်

ကမ္ဘာမြေကြီးရဲ့ လှုပ်နိုးခံရမှုနဲ့အတူ
အနည်ထနေတဲ့ တောက်ပမှုဖြစ်တော့ရော
အရောင်ကန်းနေတဲ့သူအတွက်
မငြိမ်းသောမီး................
အိပ်မပျော်တဲ့သူကအိပ်မက်တွေပိုရှည်သတဲ့လေ

လဲနေတဲ့သူနဲ့ လှဲနေတဲ့သူမခွဲခြားတတ်ဘဲ ထူနေမိတယ်
အနီရောင်ကြက်ခြေခတ်တွေလည်း ခပ်ကျဲကျဲ
သန့်စင်ကြည်လင်တဲ့ ချစ်ခြင်း တွေ
ပန်းပွင့်ရဲ့ရနံ့ထဲမှာသူမပါတော့ဘူး
လေညင်းရဲ့အေးမြမှုထဲမှာသူမပါတော့ဘူး

ခရမ်းရောင်တွေတဖျတ်ဖျတ်လွင့်ဝဲနေတယ်
ကိုယ့်ကိုယ်ကို မှုတ်သိမ်းငြိမ်းသတ်ခွင့်လည်း မရှိပါဘူး
နီစွေးစွာရဲရင့် တည်ငြိမ်စွာပြာလွင် လို့
မနက်ဖြန်ဟာ
ခရမ်းရောင် အလံတစ်လက်ကို လွှင့်ထူရင်း ကျဆုံးသွားပါပြီ..။ ။

မမရေ..၊ ဇက်ရေ..
သိပ်လှတဲ့စကားလုံးလေးတွေကို ထိမိလိုက်ရင်ကြွေသွားမှာစိုးသလို..
တယုတယ ဖွဖွလေးစီကြည့်မိတယ်...

Collage ကဗျာလေးတစ်ပုဒ်ဟာ....
စိတ်မှာ..ရောင်ပြန်လှလှနဲ့ လာဖြာတယ်....။
(ခေါင်းစဉ်တော့ တပ်ပေးကြပါဦး..)

အိန္ဒြာ

Craton said...

ကြယ်ကလေး is just like me....

မေမေ... သား....

အက်ရာတွေများတဲ့လောကထဲမှာ သား ... လောကနဲ့ အသားကျဖို့ စိတ်အက်အက်တစ်ခု တပ်ဆင်ထားလိုက်တယ်မေမေ....။

tg.nwai said...

ကောင်းလိုက်တာ မနော်ရယ်.. မေမေနဲ့ သားငယ် အမေးအဖြေလေးတွေက ရင်ကို ထိခတ်သွားပါတယ်..အတွေးလှလှ စကားလှလှ အဓိပ္ပာယ်တွေ ပြည့်ဝနေတဲ့ ဒီ အက်ဆေးလေးအတွက် မနော်ကိုရော..ကို Zephyr ကိုပါ ကျေးဇူးတင်ပါတယ်..

tg.nwai said...

မနော်ရေ..ကောင်းလိုက်တာ.. သားလေးက လောကကြီးအကြောင်းတွေနဲ့ နားမလည်မှုတွေ မေမေ့ကို တိုင်တည်..သားငယ်ကို ထွေးပွေ့လို့ နှစ်သိမ့်ရင်း ဖြေသိမ့်ပေးနေတဲ့ လောကကြီးအကြောင်း ကောင်းကောင်းသိနေပြီဖြစ်တဲ့ မေမေ..မျက်စိထဲ မြင်ယောင်ရင်း လှပကျစ်လစ်တဲ့ စကားလုံးတွေရယ်..အဓိပ္ပာယ်ကျယ်ပြန့်တဲ့ ဒီအက်ဆေးလေးကို လှလှပပ ပေါင်းစပ်ရင်း ဖတ်ခွင့်ပေးခဲ့တဲ့အတွက် မနော်ကိုရော.. ကို Zephyr ကိုပါ ကျေးဇူး..

အမရာ said...

ချစ်မရေ..အမေးတတ်တဲ့သူရယ်....
အဖြေတော်တဲ့သူရယ်.....
အမေးရောအဖြေရောရယ်.....
စကားလုံးတိုင်းရယ်.....
တကယ်ပါပဲ....
ရင်ရဲ့အနက်ရှိုင်းဆုံးအထိ.........

Angel Shaper said...

အင်းးးးးးးးးးးး တိုက်တိုက်ဆိုင်ဆိုင် အိမ်ကိုလွမ်းနေတာ။ ကြယ်ကလေးက သမီးနဲ့ တူလိုက်တာ လို့ ပြောမလို့ ခရာတွန်ပြောလိုက်ပြီ။

yangonthar said...

အစ်မနေကောင်းတယ်နော်
လောင်းရိပ်မိနေတဲ့ကြယ် ကိုဖတ်နေတုန်းကော ဖတ်ပြီးတော့ရော ပေးထားတဲ့အတွေးတွေ မှာ စီးမျောရင်း မှတ်သားရင်းရှိခဲ့ပါတယ် အက်ဆေး တစ်ပုဒ်လုံးက အနှစ်သာရပြည့်ဝတဲ့စာသားတွေ အတွေးတွေ နဲ့ ထုံးမွှန်လို့ ပါ။ “တချို့ က မွေးဖွားလာကတည်းက အရောင်တစ်ရောင် တည်းနဲ့ မှောင်နေကြသူ တွေဖြစ်တယ် လရောင်ကတော့ အစဉ်အဆက်ဖြာကျနေမှာပါပဲ။ ဒါပေမယ့် ကုမုဒြာ တိုင်းကတော့ လရောင်နဲ့ ပွင့်ချင်မှပွင့် ကြလိမ့်မယ် ” ဆိုတဲ့စကားကို တော့ အလွန်တရာပဲ ကြိုက်နှစ်သက်မိပါ တယ်အစ်မနော်ရေ ... စာတစ်ပုဒ်လုံး မှတ်သား လေ့လာစရာတွေနဲ့ မို့ ဖတ်ပြီးတဲ့ အခါ ကျေနပ်ပီတိဖြစ်မှုကို ခံစားရပါတယ်
ကျေးဇူးတင်ပါတယ်အစ်မရေ
လေးစားလျှက်
ရန်ကုန်သား :)
အေးမြသာယာရှိပါစေ

အိုင်လွယ်ပန် said...

အချစ် အမုန်း အလွမ်း အဆွေး နဲ့
သံပတ်ကုန်ရင် ရပ်တန့် သွားမယ့်အရာအရာ
သံပတ် တစ်ခါ ပြန်တင်းလာမယ့် အရာရာ ကြား
ကြယ် တစ်လုံး နဲ့ ကောင်းကင်ချိတ်ဆက်ထားခဲ့တဲ့
ကြိုးဖျော့ဖျော့ တစ်ချောင်းရဲ့
ယီးလေးခို ဂီတသံများ ....

နားဆင်သွားကြောင်းပါ :):):)

Nge Naing said...

အဖွဲ့အနွဲ့သိပ်ကောင်းတဲ့စာကို လာရောက်မြည်းကြည့်တာ အရသာတွေ့သွားပါတယ်။

ဇော် said...

ဘယ်လိုပြောရမလဲ .. ဟင့်အင်း .. ကျနော့်မှာ ပြောစရာ စကားလုံးမရှိတော့ဘူး.. ဦးနှောက်ကတဆင့် လက်ဖျားတွေမှာ ပျောက်ဆုံးကုန်ပြီ .. ဖန်ဆင်းထားတဲ့ နှလုံးသားတွေကို အံ့သြမိလွန်းလို့...

( အိမ်ပြန်ချင်တယ် .. )

sweetpeony said...

သူတစ်ပါးကိုပိုချစ်တဲ့သူဟာ ပိုပြီးအနစ်နာခံရတတ်သတဲ့လား အမ.....
း((
ချစ်တတ်လွန်းနေတော့လဲ ခက်တယ်...
ခရမ်းရောင်ကို ဖြိုခွဲပစ်ဖို့အတွက်
သီအိုရီကို ရှာရဦးမယ်
ခုတော့
ခရမ်းရောင်တွေ အုံ့မှိုင်းနေတုန်း...

ဖိုးစိန် said...

ကောင်းကင်ပြာအောက်မှာ ငှက်တွေ အုပ်ဖွဲ့ပျံသန်းတာ...ညတွေမှာ ကြယ်တွေခစားတဲ့ လရဲ့ တည်ကြည်လင်းပမှုကို တအံ့တသြငေးကြည့်ရင်း မေ့မေ့ကို ပုံပြင်တစ်ပုစ်ပြောပြပါလို့ ပူဆာတုန်းက သားရယ် အိပ်ယာဝင်ပုံပြင်တွေကို နားထောင်ပြီး စိတ်ကူးမယဉ်စမ်းပါနဲ့ကွယ်.. စိတ်ကူးယဉ်လို့ အိပ်မက်မက်ရင် ပင်ပန်းရလွန်းလို့ပါယယယ အခန့်မသင့်ရင် နှလုံးသားတွေ ကြေကွဲခံစားရအုံးမှာလို့ ပြောခဲ့ဖူးတယ်.. ခုတော့ အိပ်မပျော်တဲ့ညတွေအတွက် အိပ်မက်တွေက ပိုရှည်နေတာ အမှန်ပါပဲ...။

စိတ်တွေနာဖျား နေရပါတယ်... အုပ်မိုးနေတဲ့ကောင်းကင်ကြီးကို အသစ်လဲ... စီးနေတဲ့ မြစ်တွေကို ပြောင်းပြန်လှန်.. လူတွေရဲ့ အသက်ပါတဲ့ မဲ့ပြုံးတွေကို အရေကျိုသောက် မာယာခပ်ကြီးကြီးလောက ကြီးကို ခဏလောက် အရွဲ့တိုက်ချင်တယ် မေမေရယ်လို့ ခပ်ဖွဖွလေး ညည်းတုန်းက ဒီလိုလုပ်ရင် နာဖျားနေတဲ့မင်းစိတ်တွေ ဖြေသာရောလားတဲ့..သားကိုပေးထားတဲ့ မေ့မေ့ ချစ်ခြင်းတွေနဲ့သာ ကုစားလိုက်ပါ.. အနည်းဆုံး ခဏတော့ သက်သာသွားမှာပါတဲ့... အိပ်မပျော်တဲ့ ညတွေကို ကုစားဖို့ မေ့မေ့ချစ်ခြင်းတွေနဲ့ တေးသီချင်းတွေ ဖွဲ့ဆိုလိုက်ရမှာပဲဗျာ... ။

သံသရာရဲ့အရွေ့က ၃၆၀ ကံတရားတွေက လည်ပတ်ကွေ့ကောက် နေတယ်လို့ မေမေပြောဖူးကတည်းက လက်တွေ့ဘဝမှာ မထူးချင်တော့ပါဘူး.. မြင်ရာကို ထင်သလိုလုပ်... သားသက်ပြင်းကို သားပြန်မျိုချ... သားရှိုက်သံကို သားပြန်ရိုက်သွင်းပြီး သတ္တိရှိရှိရင်ဆိုင်လိုက်မယ်... ကျမ်းစာကို ကုန်စင်အောင် မတတ်မြောက်ပေမယ့် မာဖီးစ်ရဲ့ သီအိုရီကို အသေအချာကျေညက်ပါတယ် မေမေ.. သူတပါးကိုပိုချစ်မိလို့ အနစ်နာပဲခံလိုက်ပါ့မယ်ဗျာ...။

ကမ္ဘာမြေကြီးရဲ့ လှုပ်နိုးခံရမှုနဲ့အတူ လမ်းကြောင်းပြောင်းသွားတဲ့အခါ အရာရာဟာ ပကတိအတိုင်းဖြစ်ခွင့်ရသွားကြမယ်တဲ့လား... ခုထိတော့ ကမ္ဘာကြီးက အိပ်မောကျနေဆဲပါမေမေ...။တစ်ဘဝလုံးရေးခြစ်လာတဲ့စာမျက်နှာတွေအတွက် အားလုံးကို အမှန်ချည်းပဲ မဟုတ်ပေမယ့် အမှန်ကို မသိကျိုးကျွံပြုပြီး အမှားခြစ်နေတဲ့ သူတွေအတွက် သားရဲ့ ရင်တွင်းမီးမငြိမ်းနိုင်တာတော့ ခွင့်လွှတ်ပေးပါ... ထိုက်တန်တဲ့သူကို စောင့်ရင်း မေတ္တာတွေက ပြည့်လျှံနေပါပြီးဗျာ...။

မနက်ဖန်များစွာကို ပိတ်ထားလိုက်ချင်တာထက် မနက်ဖန်ရဲ့တံခါးပေါက်တွေ အလင်းဝင်ပေါက်တွေကို ဖျက်ဆီးပြစ်လိုက်ချင်ပြီးဗျာ... ပိတ်ထားရင် တနေ့ပြန်ဖွင့်ဖြစ်နေလိမ့်မယ်... ပြင်ဆင်ခွင့်မရှိတဲ့ မနက်ဖန်တွေနဲ့အတူ လှပတဲ့နံနက်ခင်းအသစ်တွေကိုလဲ မလိုချင်တော့ပါဘူးမေမေ... လှပစွာထုဆစ်ခွင့်မရှိတဲ့ အိပ်မက်စိတ်ကူးနဲ့ နေ့သစ်တွေကို ကျောခိုင်းရင်း ဒုက္ခတွေကို အနုပညာမြောက်စွာ တစ်ကိုယ်တည်းထမ်းလိုက်တော့မယ်.. ဒီကနေထွက်သွားရင်သာ တခြားမဲ့မှာ ထာဝရ ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ရဖို့ မေ့မေ့မေတ္တာတွေနဲ့ သားအတွက် ဆုတောင်းပေးပါမေမေ...။


ချစ်ခင်လေးစားရသော မကြီး နှင့် ချစ်ရဆုံးသော ဇက်တို့ရဲ့ စာသားများနှင့် ပြန်လည်ခံစားရေးသားလိုက်ပါသည်။

စာရေးဆရာကြီးနှစ်ယောက်ကို ပြန်ပေးနိုင်သော ကော့မန့်လေးကတိုပါသည်။ စိတ်ရှည်စွာဖတ်ကြပါကုန်။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


မျောက်မျောက်

sonata-cantata said...

သားကို ကိုယ်ကချည်း အလျော့ပေး နေရတယ်ထင်တာ...တကယ်တော့ သူတို့တွေလည်း တခါတရံ ကိုယ့်တို့ရဲ့ လောင်းရိပ်မိကြရရှာတာ အမှန်ပါ...

Kay said...

မေမေ.. လောင်းရိပ် ဆိုတာ..အရိပ် ရဲ့ ဘယ်လို မူကွဲ ကိုပြောတာလဲ.. လရိပ်ကိုတော့..ကောင်းကောင်းသိနေပြီလေ..ဘာပဲဖြစ်ဖြစ်..အရိပ်ဆိုရင်တော့.. အေးမြ မှာပဲနော်..
မေမေရေ..မဒမ်ကျူရီက..အချစ်ဆိပ်တွေ တက်ပြီး..အသဲကွဲဘူးသလားတော့..သမီး မသိဘူး..သူ့ဘ၀ကြီး တခုလုံး..ပြဒါးဆိပ်တွေ တက်ပြီး..အသက်ပေးခဲ့ရတယ် လို့..သမီး သိဘူးလိုက်တယ်။ ဒါပေမဲ့..ဘုရားသခင်က..တရားတယ်လို့..သမီး သိပါတယ်..မေမေ..

မယ်ကိုး said...

မရေ... စာလေးက ကောင်းလွန်းလို့ ရင်ထဲပြည့်ပြီး ပြောမထွက်တော့ဘူး။
မေမေလို့ခေါ်ပြီး မှောင်မိုက်ကောင်းကင်အောက် မနေချင်တော့ဘူး လို့ ပြောချင်ပေမယ့် ...

rose of sharon said...

ဖတ်လို့ကောင်းလိုက်တာ မနော်........ အလွမ်းဟာ အနည်းဆုံး တစ်ရာသီ တော့ ခံလိမ့်မယ်တဲ့လား.... တကယ်ဘဲလားလို့ တွေးမိသွားတယ်

zaw said...

အမ...ကျွန်တော်က ဘုန်းနေသွန်းပါ...ကဗျာတွေအတွက် ကျေးဇူးပါ...ပျော်ရွင်ပါစေ

မီယာ said...

မေမေ့ အဖြေတွေက ရင်ထဲ တကယ်ပဲ ထိတယ် မနော်... လူတွေရဲ့ အကြည့်တချို့အတွက်တော့ ကိုယ့်စိတ်ကိုယ်ပဲ လျှော်ဖွတ်ပစ်ရ လိမ့်မယ် ဆိုတာ ကောင်းလိုက်တာ

ဆောင်းယွန်းလ said...

သန့်စင်ကြည်လင်တဲ့ ချစ်ခြင်း တွေနဲ့ လွှမ်းခြုံထားတဲ့ ကမ္ဘာကိုတော့ လူတိုင်းတပ်မက်ကြလိမ့်မယ်လို့ထင်ရင် မှားသွားမှာ ပေါ့သား..။ တချို့လူတွေက မွေးဖွားလာကတည်းက အရောင်တစ်ရောင်တည်းနဲ့ မှောင်နေကြ သူတွေဖြစ်တယ်။

အကြိုက်ဆုံးတွေထဲကမှ အကြိုက်ဆုံးနောက်တခုထပ်တိုးသွားတယ်မနော်...

ကိုရင်နော်ခင်လေးငယ် said...

အမေးလေးတွေ အဖြေလေးတွေ ကဗျာဆန်လှပ ရင်ထဲကို အတိအကျ ဝင်လာပါတော့တယ်..

ဖတ်ရင်းရရှိလိုက်တဲ့ စိတ်ခံစားမှု တစ်ခုအတွက်..
မနော်နဲ့ ကိုဇက်ကို အထူး ကျေးဇူး..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..