သေတမ်းစာ

Sunday, August 30, 2009



ဓါးတစ်လက်ဖြင့် ရင်ဝတည့်တည့်သို့ ထိုးစိုက်ချလိုက်သောအခါ စက္ကန့်ပိုင်းအတွင်းတွင် ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်ခြင်းသည် ပြီးဆုံးသွားပါလိမ့်မည်။ ကျွန်မသည်လည်း ပြီးဆုံး သွားပါလိမ့်မည်။ ထို့အတူ အဆုံးစီရင်ခြင်းသည်လည်း ပြီးဆုံးသွားပါလိမ့်မည်။
သို့သော်….
ကျွန်မ၏ ချစ်ခြင်းများကတော့ ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။

ထိုအခါ ချစ်သူသည် ဝိညာဉ် တစ်ခု၏ လွမ်းဆွတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် ဝိညာဉ် တစ်ခုက သူ့ကို လွမ်းဆွတ်နေသည်ကိုတော့ သိချင်မှသိလိမ့်မည်။ ဖြူဆွတ်အေးစိမ့်သော ခံစားမှုကို ချစ်သူက သူ့ထုံးစံအတိုင်း အကောက်အယူလွဲချင်လွဲနေလိမ့်ဦးမည်။ ဖျန်းကနဲ ထလာတေသာ ကြက်သီးဖုများကိုကြည့်ရင်း ခပ်ပေါ့ပေါ့ပါးပါးလည်း ရယ်မောချင်ရယ်မော နေလိမ့်မည်။
ကံတရားအတိုင်းသာရှိပါစေတော့။

(လွမ်းတတ်သော ဝိညာဉ်တစ်ခုသည် ချစ်သူ့အနားမှာရှိသည်။ ချစ်သူ့အနားမှာ လွမ်းတတ်သော ဝိညာဉ်တစ်ခုရှိသည်။ ဝိညာဉ်တစ်ခုသည် လွမ်းတတ်သော ချစ်သူ့အနားမှာ ရှိသည်။ ချစ်သူ့အနားမှာ လွမ်းတတ်သော ဝိညာဉ်တစ်ခုသည်… ….. ….. … စကားလုံးများ ရှုပ်ထွေးသွားကြသည်။)



ချစ်သူ၏ ဆောင်းရာသီ နှင်းများသည် ခါးသက်မူးဝေလှသည်ဟု ကြားဖူးသည်။ ချစ်သူ၏ ဆောင်းရာသီအလွန် နွေဦးပွဲတော် တချို့ကို ကျွန်မ ဆင်နွှဲခွင့် မရလိုက်သော်လည်း မည်သို့မှ မခံစားရပါ။ သို့သော် ကျွန်မ၏ မျက်ရည်မိုးစက်များကြားတွင်တော့ ချစ်သူကို ရှိနေစေချင်သည်။ သို့မဟုတ် ချစ်သူရှိနေပါလိမ့်မည်။ နှစ်သက်စွာ သို့မဟုတ် မနှစ်သက်စွာ သို့မဟုတ် သိမှတ်မဲ့စွာ..။

ဒိုင်ယာရီတစ်ခု၏ စာမျက်နှာများသည် သန့်စင်လေးနက်သော ဖြူစင်မွန်မြတ်သော ချစ်ခြင်းများနှင့် မွှေးသန့်နေခဲ့ဖူးသည်။ ပထမဆုံးပွင့်သော အဖြူရောင် ကမ္ဘာဦး ပန်းကလေး တစ်ပွင့်၏ရနံ့ကို သင်တို့ ရရှိခဲ့ဖူးပါသလား။ ချစ်သူကတော့ ကံကောင်းပါသည်။ တန်ဖိုးမထားတတ်သည်ကတော့ သူ၏ ခံယူမှုသာဖြစ်ပါသည်။

ကျွန်မကတော့ကံကောင်းသည်လား။ ဆိုးသည်လား ။ ရာသီစက်ဝန်းတစ်ခု၏ အစသည် ဆောင်းရာသီ ဖြစ်နေခဲ့ပြီး ကျွန်မက မိုးရေစက်များကြားတွင် နေထိုင်ရသောကြောင့် ဖြစ်သည်။

(ကျွန်မသည် ချစ်သူကို အရမ်းချစ်သည်။ ချစ်သူကို ကျွန်မသည် အရမ်းချစ်သည်။ ချစ်သူကို အရမ်းချစ်သည်။ ချစ်သူကို ကျွန်မသည်……….. ….. …… …. စကားလုံးများ ရှုပ်ထွေးသွားပြန်သည်။)


ဇီဇဝါ ရနံ့များ သင်းပျံ့နေတတ်ပြီး အဝါရောင် နှင်းဆီအိုးတစ်အိုး ထိုးစိုက်ထားသော စုန်းပြုခံ ညများသည် ကျွန်မ၏ ဒိုင်ယာရီ စာရွက်ဖြူဖြူများထဲသို့ ခုန်ပေါက် ဝင်လာခဲ့ကြသည်။ အရောင်ကွဲဆို၍ အဝါရောင် နှင်းဆီများသာရှိသော ကျွန်မ၏ အဖြူရောင် အခန်းလေးသည် ဝါလွင်လွင် ရနံ့များနှင့် ပြည့်နေတော့၏။ အိပ်ရာခင်းထက်မှာ ခန်းဆီးစ ဖြူဖြူထက်မှာ နံရံဖြူဖြူပေါ်မှာ အကျီ င်္ဖြူဖြူပေါ်မှာ ဘယ်နေရာ ကြည့်ကြည့် နေရာအနှံ့ … အဝါရောင် ရနံ့များစွန်းပေလျက်…။

မှော်ပူးနေသည်ဟု ထင်ရသော စကားလုံးလှလှများက ကျွန်မကို ဆွဲကိုင် ခြောက်လှန့် နေတတ်သည်။ ကျေးဇူးပြုပြီး ကျွန်မကို ပဉ္စလက်တွေနဲ့ မနှိပ်စက်ပါနဲ့လားချစ်သူ။ ဝဋ်ကြွေး တစ်ခု မကုန်ခမ်းသရွေ့ ပင်ပန်းခြင်းကြီးစွာ လွင့်မျောနေရဥိးမည့် တိမ်တိုက်တစ်စ ပမာ ကျွန်မ အချိန်တန်လျင် ငိုကြွေးမိပါလိမ့်မည်။ ကျွန်မသည် အဝါရောင်များကို မုန်းသော အဖြူရောင် တိမ်တစ်စသာ ဖြစ်သည်။

(ကျွန်မသည် အဝါရောင် နှင်းဆီပန်းများကို မုန်းသည်။ အဝါရောင်နှင်းဆီပန်းများကို ကျွန်မသည် မုန်းသည်။ မုန်းသည် အဝါရောင် နှင်းဆီပန်းများကို ကျွန်မ…. ….. ….. စကားလုံးများ ရှုပ်ထွေးသွားပြန်သည်။)


ဇိယုနတ်မင်းကြီးထံမှ ပြက္ခဒိန် လုပ်သောလက်ကို ကျွန်မ ခိုးယူချင်သည်။ သို့တည်းမဟုတ် အလဲအလှယ် ပြုလိုသည်။ သို့မဟုတ် ဝယ်ယူလိုသည်။ သက္ကရာဇ် အချို့ကိုဖယ်ထုတ် ပစ်ခဲ့ချင်၍ ဖြစ်သည်။ အထူးသဖြင့် သောကြာရထားစီးလာသော ထိုင်ခုံနံပါတ် (၁၃) နှင့် (၁၄) ကိုတင်ဆောင်လာသည့် ၁၉၉၆ ကိုဖဲ့ထုတ်ခဲ့ချင်သည်။ ထိုသို့ဆိုလျင် အတိတ်တွေ ပြင်ဆင်ခွင့် ရသွားလေမည်လား။

ထင်ရသော အနိုင်၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မမြင်ရသောအရှူံး ၊ ကျဆုံးမှု၊ မျက်ရည်စများ .. တို့နှင့် ကျွန်မ၏ နေ့ရက်များသည် စွတ်စို တိတ်ဆိတ်လာခဲ့သည်။ သို့သော် မျက်ရည်ကို မနှစ်သက်သော မယုံကြည်သော ဥပေက္ခာပြုတတ်သော ချစ်သူအတွက် ကျွန်မ၏ အဖြူရောင် ခေါင်းအုံးကလေးသည် ဓားစာခံ ဝါရော် စွန်းကွက် သွားရတော့၏။

(ကျွန်မသည် မျက်ရည်စက်များနှင့် ရင်းနှီးမှု မရှိခဲ့ပါ။ မျက်ရည်စက်များနှင့် ကျွန်မသည် ရင်းနှီးမှု မရှိခဲ့ပါ။ ရင်းနှီးမှုမရှိခဲ့ပါ….ကျွန်မသည် မျက်ရည်စက်များနှင့်…. ….. ….. စကားလုံးများ ရှုပ်ထွေးသွားကြပြန်သည်။)


တစ်လောကလုံးကို ကြယ်ကလေးတစ်လုံးတည်းနှင့် ကျွန်မကလင်းချင်းစေခဲ့သည်။ သို့သော် ထိုကြယ်ကလေး၏ ရာသီဥတုကတော့ မှိုင်းညို့ အုံ့ဝေနေခဲ့ဆဲ။ နှင်းရိပ်နှင်းငွေ့တို့ ဖျော့ဖျော့ပါးပါး ကျဆင်းရွာသွန်းနေခဲ့ဆဲ။ နှင်းစားသဖြင့် တဖြုတ်ဖြုတ် လွင့်ကြွေသွားသော ချစ်သူ၏ အနာဂတ်များအတွက် ကျွန်မသည် စိုးရိမ်မှုလွန်ကဲစွာ.. … သို့သော်.. .. ကျွန်မ၏ စိုးရိမ်မှုများသည် ဂျပန်ဓါးတစ်လက်ပေါ်သို့ သက်ရောက်သွားခဲ့သောအခါ…….

အရာအားလုံး ပြီးဆုံးလွင့်မျောသွားသည့်အခါ ကျွန်မ၏ အဖြူရောင် အခန်းကလေးသည် အဝါရောင်၊ အနီရောင်၊ များ စွန်းထင်းကျန်နေရစ်လိမ့်မည်။ ခရမ်းရောင်နုနု လွှမ်းခြုံထားသော ကျွန်မ၏ ဝိညာဉ်ကတော့ ချစ်သူကို ကောင်းကင်ယံကနေ ငုံ့ကြည့် လွမ်းဆွတ်နေပါလိမ့်မည် ။ ချစ်သူကရော……….။

(ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင်သည် ကျွန်မ ဖြစ်သည်။ ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင်သည် ကျွန်မ ဖြစ်သည်။ ခရမ်းနုရောင် အလွမ်းများတဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင် သည် ကျွန်မဖြစ်သည်။…..ထိုစကားလုံးများကတော့ စနစ်တကျ ခိုင်မာနေခဲ့လေသည်။)

မနော်ဟရီ
ရွှေဖူးစာ မဂ္ဂဇင်း အောက်တိုဘာ ၂၀၀၂


23 Comments:

Zephyr said...

သေတမ်းစာ ..
၂၀၀၂ ကသေတမ်းစာ ...။

လူတိုင်းသေတမ်းစာရေးခွင့် ရခဲ့စေချင်သည် ...။

Kay said...

မနော်- အခုရော..နှင်းဆီ အ၀ါတွေ မုန်းသေးလားဟင်..ကျမ ဘန်နာ ပြောင်းတော့မယ်။း)

အိုင်လွယ်ပန် said...

နှလုံးသားမှ
လွင့်စင်အံကျလာသော စကားလုံးများ
သိုလှောင်ရာ စာတစ်စောင် ...
ဘယ်သူက မျှော်လင့်ထားမလဲ
အဲဒါဟာ ... သေတမ်းစာ ....

လင်းဒီပ said...

သေတမ်းစာ...
မသေသောချစ်ခြင်းဖြင့် စီရင်ရေးသားထားသော သေတမ်းစာ...
ချစ်တတ်သည့် ဝိညာဉ်တစ်ခု၏ သေတမ်းစာ...

အိန္ဒြာ said...

မမ ဖတ်လက်စစာအုပ်တွေပိတ်ပြီးရင် သေလို့ရပြီတဲ့
ကိုမိုဃ်းဇော်က.......

ချစ်လက်စ အချစ်တွေ ပိတ်ပစ်ပြီးတော့ရော..
သေလို့ရမလား..
သေပစ်နိုင်မှာလား..
သေပျော်ပါသလား...

စကားလုံးတွေရှုပ်ထွေးကုန်ပြန်တယ်....

ရွှေပိုး said...

ဆရာမရှင့်။ လင့်ခ် ချိတ်ခွင့်ပြုပါ။ ကျမ်းမာရွှင်လန်းပါစေ။

ဆောင်းယွန်းလ said...

ထင်ရသော အနိုင်၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မမြင်ရသောအရှူံး ၊ ကျဆုံးမှု၊ မျက်ရည်စများ .. တို့နှင့် ကျွန်မ၏ နေ့ရက်များသည် စွတ်စို တိတ်ဆိတ်လာခဲ့သည်။

ကျကျနနနဲ့ရင်ဘတ်ကိုလှလှပပထိသွားခဲ့စေတယ်

ခရမ်းနုရောင် အလွမ်းများတဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင် သည် ကျွန်မဖြစ်သည်။…..ထိုစကားလုံးများကတော့ စနစ်တကျ ခိုင်မာနေခဲ့လေသည်။)

အလွမ်းရောင်တွေကတော့ဆေးသားမပြယ်တတ်ဘူးပေါ့မနော်ရေ...

အမှတ်တမဲ့ ဖောကြီး said...

2002 မှာ ဆယ်တန်းအောင်တုန်းရှိသေး :)
သေတမ်းစာဖတ်ပြီး ကျက်သီးတော့တဖြန်းဖြန်း :))
အသက်ရှုရတာမွန်းကျပ်သွားသလိုပဲ မနော်
ကောင်းသောနေ့ပါ :)

ဖိုးစိန် said...

သေတမ်းစာ

မီးခိုးရောင် ကောင်းကင်ကြီးအောက်က ရွေ့လျားနေတဲ့ အညိုရောင် တိမ်တိုက်တွေ ကြား ကျွန်တော်သည် ချစ်သူကို အမှတ်မထင် တွေ့ရှိခဲ့သည်... လုံးဝ ကဗျာမဆန်ပါ...

သို့သော် ပထမဆုံးသော သန့်ရှင်းလတ်ဆတ်သည့် မိုးဖွဲဖွဲလေးများကို ချစ်သူ အပေါ် ရွာသွန်းစေခဲ့သည်...

ထိုမိုးစက်တွေနဲ့အတူ ကျွန်တော်သည် ချစ်သူကို အရမ်း ချစ်ခဲ့သည်။ ထိုအချစ်တို့သည် ချစ်သူ၏ သွေးကြောများကို ပူနွေးစွာ အချစ်ရေစီးကြောင်း အဖြစ် စီးဆင်းစေခဲ့သည်။


ကံကောင်းခြင်းလား ဆိုးခြင်းလား တိတိပပ မသိနိုင်...။

ချစ်သူအတွက် စာမျက်နှာ တစ်ခု ဖွင့်ခဲ့သည်။

ထိုစာမျက်နှာတွင် ချရေးသောစာများသည် တစ်ချိန်ချိန် သေတမ်းစာဖြစ်နိုင်သည် ကို ကြိုသိနေသည်။

ထင်ရသော အနိုင်၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မမြင်ရသောအရှူံး ၊ ကျဆုံးမှု၊ မျက်ရည်စများ .. တို့နှင့် ကဗျာ မဆန်သော နေ့ရက်များသည် စွတ်စို တိတ်ဆိတ်လာခဲ့သည်။ သို့သော် မျက်ရည်ကို မနှစ်သက်သော မယုံကြည်သော ဥပေက္ခာပြုတတ်သော ချစ်သူအတွက် ကျွန်တော်၏ အဖြူရောင် ခေါင်းအုံးကလေးသည် ဓားစာခံ ဝါရော် စွန်းကွက် သွားရတော့၏။

မျက်ရည်များကို မနှစ်သက်သော ချစ်သူ၊ မျက်ရည်များနှင်း ရင်နှီးမှု မရှိသော ကျွန်တော့်အတွက် ကျွန်တော့်ချစ်သူကို မျက်ရည်များဖြင့် အချစ်သက်သေ ပြုနေခဲ့သည်။

မည်သို့ပင် ဖြစ်စေ ချစ်သူအတွက် လွမ်းဆွတ်ခြင်း အရသာကို မနာလိုစွာ နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေခဲ့မိသည်။

လွမ်းတတ်သော ဝိညာဉ် တစ်ခုသည် ချစ်သူ့အနားမှာ ရှိနေလျှင် ထို ဝိညာဉ် သည် သဝန်တို ခြင်း ၊စွန်လွှတ်ခြင်း ၊ နားလည်ပေးနိုင်အောင် ကြိုးစားနေခြင်း စသည် စိတ်စေသတိ များနှင့်သာ ရောထွေ နေပေလိမ့်မည်။

သို့သော် ကျွန်တော်သည် ချစ်သူကို တစ်မိနစ်တွင်ပင် စက္ကန့်တံ လှုပ်ရှားနေသမျှ လွမ်းဆွတ် တမ်းတနေခဲ့သည်။

ထိုအကြောင်းအရာကို ပြုံးရယ်လှောင်ပြောင်နေသော ချစ်သူအတွက် ပြန်ပေးနိုင်သည်မှာ ကျွန်တော့် နှလုံးသားမှ ကျဆင်းလာသော မျက်ရည် တစ်စက် သာ ဖြစ်ပေလိမ့်မည်။

ကျွန်တော် ချစ်သူကို အရမ်းချစ်သည်။

အရမ်းချစ်မိသူ မှာ လဲ ကျွန်တော့် ချစ်သူ တစ်ဦးတည်းသာ ဖြစ်မည်။ ချစ်သူ နှင့် အချစ်ကြား စကားလုံးများ ရှုတ်ထွေးသွားနိုင်ပေသည်။ သို့သော် ကျွန်တော် ချစ်ခဲ့သော အချစ်များသည် ကျွန်တော့် အတွက် သိင်္ဂါရ ရသ မြောက်ပြီး ချစ်သူ အဖို့ ဘယာနက ရသ ဖြစ်ပေနိုင်သည်။

မည်သို့ပင်ဖြစ်စေ ချစ်သူအတွက် ရင်ထဲက စကားလုံးများ ပြောချင်တာများကို ချရေးနေခဲ့သည်။ တစ်ချိန်ချိန် ချစ်သူ အတွက် နောင်တရစေရန် လွမ်းဆွတ်တမ်းတ စေရန်မရည်ရွယ်ခဲ့ပေ။ ချစ်သူ ကျွန်တော့်အချစ်ကို အသိအမှတ်ပြုရန်သာ ရည်ရွယ်ခဲ့လျှင် ကျွန်တော်သည် ချစ်သူထက် ကျွန်တော့်ခံစားချက်ကို ဦးစားပေးသည် ဟု ချစ်သူ၏ စွတ်စွဲခြင်းကို သေချာခိုင်မာစွာ ကြားရပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေ....


ချစ်သူရေ.....

ချစ်သူ ခွဲမသွားပါနဲ့....။
ဥပေက္ခာ မပြုလိုက်ပါနဲ့....။
အပြုံးတွေ ကြားမှာ အမုန်းတွေ ချန်မထားခဲ့ပါနဲ့...။

နှုတ်ကနေအကြိမ်ကြိမ်....

စိတ်ကနေ နှလုံးသားကို ရောင်စုံဆေးများသုတ်လိမ်းသလို....

ခုရေးမိသော သေတမ်းစာမှာလဲ


ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ ကျလာသော ကောင်းကင်ပြင်သည် ကျွန်တော်ဖြစ်လျှင်

ထိုကောင်းကင်တွင် တဆုပ်တခဲ ဖြူလွှလွှ အချစ်များ တရွေ့ရွေ့ ရွေ့လျားနေသော ဖြူဖွေးနုဖတ်နေသည့် တိမ်စိုင်များသည် ချစ်သူ ဖြစ်နေစေချင်သည် ဟု အကြိမ်ကြိမ် တိချခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ချရေးနေခဲ့မိသည်။

ခရမ်းနုရောင် အလွမ်းများကို ဖြူဖွေးနုဖတ်သော အချစ်များ ထာဝရ ဖုံးလွမ်းရွေ့လျားနေစေချင်သည်။

ကျွန်တော်၏ ရူးသွပ်နေသော စိတ္တဇ ဆန်သည့် သေတမ်းစာမှာ ဒီမျှသာ ဖြစ်သည်။ သိုသော သေတမ်းစာတွင် မပါဝင်သော စကားလုံးများကို သေတမ်းစာ ဖတ်နေသော ချစ်သူမှာ ဖြည့်စွက် ဖတ်နေလိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်မိသည်။




း)))


“အရေးအသား၊ စိတ်ကူးကောင်းသော မကြီး၏ စာများကို လှလှ ပပ ခံစားချက်အပြည့်ဖြစ် ဖျက်ဆီးသွားခဲ့သော မျောက်မျောက် ၏ ခံစားချက်များကို စာရေးဆရာမ နားလည်ပေလိမ့် ဟု ယုံကြည်မိသည်။”

ဒီသေတမ်းစာကို ဖတ်ပြီး ရေးမိသော သေတမ်းစာ တစ်စောင်သာဖြစ်သည်။

ချစ်ခင်လေးစားခြင်းများစွာဖြင့်

မျောက်မျောက်

ဖိုးစိန်

ဇော် said...

ဒီလိုသေတမ်းစာမျိုး မသေခင် ရေးတတ်ချင်တယ်။ =]

sweetpeony said...

ခံစားသွားတယ် အမ...
စကားလုံးတွေလည်း ရှုပ်ထွေးနေပြီ...
တဖွဲဖွဲကျလာမယ့်...........
.........
......... သိနိုင်ပ့ါမလား

tg.nwai said...

မနော်ရေ..လှပသပ်ယပ်ပြီး ခံစားမှုအပြည့်ပေးတဲ့ ဒီစာစုလေးကို ပြန်ဖော်ပြပေးလို့ ကျေးဇူးပါ...အနုပညာ ပဉ္စလက်နဲ့ ကျစ်လစ်သိပ်သည်းစွာ ပုံဖော်နိုင်စွမ်းတဲ့ စကားလုံးတွေကြားမှာ မနော်ရဲ့ လှပနူးညံ့တဲ့ နှလုံးသားတစ်စုံကို တစွန်းတစ မြင်လိုက်ရသလိုပါပဲ..။

tg.nwai said...

မနော်ရေ..လှပသပ်ယပ်ပြီး ခံစားမှုအပြည့်ပေးတဲ့ ဒီစာစုလေးကို ပြန်ဖော်ပြပေးလို့ ကျေးဇူးပါ...အနုပညာ ပဉ္စလက်နဲ့ ကျစ်လစ်သိပ်သည်းစွာ ပုံဖော်နိုင်စွမ်းတဲ့ စကားလုံးတွေကြားမှာ မနော်ရဲ့ လှပနူးညံ့တဲ့ နှလုံးသားတစ်စုံကို တစွန်းတစ မြင်လိုက်ရသလိုပါပဲ..။

အမရာ said...

ချစ်မ..ရေ..အရေးအသားတွေကို
တကယ်အားကျတယ်....
အရမ်းလဲကြိုက်တယ်....


ချစ်ခင်လေးစားစွာဖြင့်
အမရာ

nanwarwarmg said...

ကောင်းလိုက်တဲ့ စကားလုံးတွေကွယ်.
လှလှပပလေးဖတ်ရတယ်.
ဒါနဲ့ မီးကိုရောမုန်းသလားဟင်။း(
အ၀ါရောင်နှင်းဆီပန်းကိုပဲ မုန်းနော်.
အ၀ါရောင်ကောင်မလေးကိုတော့ မုန်းနဲ့.
ပရိုဖိုင်းက ဘယ်မှာလဲ မီးမတွေ့ဘူး။
စီဘုံးမှာ အော်မရတာ ဆိတ်နာဒယ်။း(

မယ်ကိုး said...

မရေ....လှပလွန်းတဲ့ သေတမ်းစာကို အမြတ်တနိုးဖတ်သွားပါတယ်။

မယ်ကိုး said...

မရေ...လှပလွန်းတဲ့ သေတမ်းစာကို အမြတ်တနိုးဖတ်သွားပါတယ်။

rose of sharon said...

အဝါရောင်နှင်းဆီပန်းကို မုန်းတယ်တဲ့လား... ဒို့ကနှင်းဆီပန်းဆို ဘာအရောင်ဖြစ်ဖြစ် ကြိုက်တာ.... အဖြူရောင်အခန်းလေးနဲ့ ခရမ်းရောင်နုနုလွှမ်းခြုံထားတဲ့ဝိညာဉ်လေး ကိုမြင်ယောင်ကြည့်လိုက်မိတယ်

yangonthar said...

အစ်မရေ လှပတဲ့ စာသားတွေကို ငေးမောနေရ
ပါတယ် အဖြူရောင်အခန်းငယ်ထဲက အဝါရောင်
တွေကို မုန်းတဲ့ မိန်းမငယ်ကို လည်း မျက်ဝါးထင်
ထင်မြင်သွားပါတယ် ခံစားချက်ကို ဖွဲ့ ထားတဲ့ 
အရေးအသားတွေကို လေးလေး စားစား မှတ်
သားသွား ပါတယ် ခင်ဗျာ
လေးစားခင်မင်လျှက်
အေးမြသာယာပါစေ :D
ရန်ကုန်သား

Julian said...

သေတမ်းစာဆိုလို့..........
မြန်မြန်လာဖတ်တာ
ဘာအမွေများပေးခဲ့မလဲလို့ပေါ့လေ......ငါ့နာမည်လေးများ စာတမ်းနောက်ဆုံးနောက်ကျောစာရွက်ရဲ့ အောက်နားမှာကပ်ပါလိုပါငြား။

ပေးစရာအမွေကလည်းသိပ်ကျန်ပုံမပေါ်ဘူး အမြဲ ၂၅ မိနစ်နောက်ကျနေတတ်တာကိုး။

အခုမှရှင်းတွားတယ် ဘယ်လိုပြောရမလဲ ၀ိဥာဉ်တစ်ကောင်၏ခြောက်နည်းအတတ်ပညာပေါ့။

အောင်မလေး နာ့ဂိုဂလောက်ဂျစ်တဲ့တူ ဘ၀ပြောင်းတွားရင်တော့ မပြောင်းခင် တိပ်ဂျစ်ချရာလိုဘူးလို့ပြောမှာ

လောလောဆယ်တစ်ကောင်တောင်မနဲထိန်းနေရတာ ၀ိဥာဉ်၂ကောင်ဆိုနိုင်ဘူး နိုင်ဘူး

ဂျူ

mo3s3t said...

အစ်မရေ ...
ခံစားသွားတယ် ...
အရမ်းကောင်းတယ်ဗျာ ...

မီယာ said...

မနော် နေကောင်းပြီလား... သေတမ်းစာ ဆိုလို့ မရဲတရဲ ဖတ်လိုက်တာ...

sait phay yar said...

မနော် ကြိုက်တယ် အတွေးကောင်းလေးတစ်ခုပါ ခံစားချက်တွေပါနေတယ်နော်..