အဖြူရောင်သက်တံတစ်စင်းနဲ့ ကျွန်မရဲ့ရောင်စုံသီချင်းတွေ

Saturday, August 15, 2009

နန်းညီ tag ထားတဲ့ ကျွန်မရဲ့ရောင်စုံတွေအတွက်.. ဒီပို့စ်အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။



အဖြူရောင်သက်တံတစ်စင်းနဲ့ကျွန်မရဲ့ရောင်စုံသီချင်းတွေ


ခရမ်းရောင်သစ်သီး



ခရမ်းရောင်ရနံ့တွေနဲ့…နလံမထုနိုင်တဲ့ရက်စွဲတွေကို ပိုက်ဆံလုပ်တဲ့စက်စုတ်တစ်လုံးထဲ ပစ်ထည့်လိုက်တော့မှ.အတော်လေးဟန်ကျပန်ကျရှိသွားသယောင် ကိုယ့်ကိုယ်ကို လှည့်စားနိုင်တော့တယ်။ ဒါပေမယ့်ရလဒ်ကတော့အဆင်မပြေပါဘူး ။ ပိုပြီးစွတ်စိုဝင်းမှည့်လာတဲ့ ခရမ်းရင့်ရောင်သစ်သီးတွေပဲ ထွက်ကျလာတယ်။ မကြာခင် အမှည့်လွန် ပျက်စီးသွားမှာပါ လို့….ထင်ရပေမယ့်ခုဆို..သက္ကရာဇ်တွေ တော်တော်တောင်ညောင်းသွားပြီ။ ခုထိ…. ဒီအတိုင်း။
ကျွန်မ အဲဒီသစ်သီးတွေကိုကြည့်ပြီး အစားမစားဖြစ်တာ တော်တော်တောင်ကြာသွားပြီ။ အရောင်တွေ၊ ရနံ့တွေရဲ့နှိပ်စက်ကလူပြုတာကိုလည်း ကျွန်မမခံစားနိုင်ဘူး။ နိုင်လိုမင်းထက် မဟုတ်ပါပဲနဲ့ကို တငွေ့ငွေ့သိမ်းသွင်း လှည့်ဖျား နှစ်မြှုပ်ထားခဲ့ကြတာ။ အံ့သြစရာ။
အိပ်မက်တွေကလည်း ၀ရုန်းသုန်းကားနဲ့ ခရမ်းရောင်တွေချည်း သွန်းကြဲပက်ချနေကြပြန်တယ်။.ခရမ်းရောင်သစ်သီးတွေကို နှစ်လိုစွာစားနေတဲ့ ကောင်မလေးတစ်ယောက်။ ‘ဟေ့…ဟေ့ ရပ်လိုက်’ ။ကျွန်မကို ထုံပေပေယုန်တစ်ကောင်လို ပြန်ကြည့်နေတဲ့ ကောင်မလေးနှုတ်ခမ်းမှာ…ခရမ်းရောင်တွေ စွန်းပေလို့။…တစ္ဆေမလှလှလေး တစ်ကောင်ရဲ့ နှုတ်ခမ်းလိုပဲ။ လှနေလိုက်တာ။ သိပ်ကြောက်စရာကောင်းတာဘဲ။ လန့်နိုးတော့ကျွန်မတစ်ကိုယ်လုံးအေးစက်လို့။
သံခြေကျင်းသံတွေဝဲနေတဲ့ခြေလှမ်းတွေက ဘယ်ကိုရောက်နိုင်မယ်လို့များ ရှင်ထင်လို့လဲ။ ကျွန်မ ပက်ပက်စက်စက် မုန်းပစ်ချင်လောက်အောင် နှစ်လိုမိတဲ့ရနံ့တွေထဲမှာပဲ လဲကျန်ရစ်ခဲ့ရ ပြန်တာပါပဲ ။ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားရင်းက မုန်းမုန်းနေမိတဲ့ ခြေလှမ်းတွေနဲ့ ရက်ရက် စက်စက်မုန်းဖို့ကြိုးစားရင်းက နှစ်လိုနေမိတဲ့ ရနံ့တွေရဲ့ တိုက်ပွဲမှာ ကျွန်မဟာ သွေးအေးတဲ့ ဒိုင်သူကြီးတစ်ယောက်ပမာ…ဟန်ဆောင်ကောင်းလို့။ လက်ခံရရှိလိုက်တဲ့. အော်စကာရုပ်တုပေါ်က မျက်ရည်စက်တွေ ကတော့ ကျရှုံးမှုရဲ့သက်သေဖြစ် နေပေမယ့် ဘယ်သူမှ မမြင်လိုက်ကြပါဘူး။

I.N.D.I.G.O


မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တစ်ချို့အကြောင်း ပြန်စဉ်းစားလိုက်တဲ့အခါမှာ အပြာရောင်လွင်လွင် သစ်ခွပွင့်တချို့ကို ပြန်သတိရမိတယ်။ ဘ၀မှာဘယ်တုန်းကမှ ပန်ဆင်ဖို့ စိတ်မကုးဖြစ်ခဲ့တဲ့ လွင်ပြင်ကမ္ဘာတွေနဲ့..တရင်းတနှီးကြီးကျွမ်းဝင်လာခဲ့ရတာ..ဘာလို့လဲ။.တစ်ခါတစ်ခါတော့လည်း အဲဒီရင်းနှီးပြီးသား ကံကြမ္မာဆိုတာကြီးကို ထိုင်ထိုင်ကြည့်ပြီး သူစိမ်းတစ်ရံစာ ဆန်ဆန်နေမိတာ..ဘာဆန်းတော့လို့လဲ။ ဘ၀ဟာ သိပ်ပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားဆန်မနေဖို့ ၊ အမြဲတမ်းဆန်းသစ်ပြောင်းလဲ ပစ်နေရတာတဲ့လား ။ ကျွန်မပျင်းလှပြီ။ အဲဒီမဲပြာရောင် ပိတ်ကားကြီးကို ၀ုန်းကနဲ ပစ်ချလိုက်ရင် တကယ်ပဲ ပြည်ဖုံးကားကျသွားမှာတဲ့လား။
‘ဒါဆိုခပ်သွက်သွက်ကလေး ၊ ဟေ့လူ….. လုပ်လေ…ဘာလုပ်နေတာလဲ’
အရောင်စုံလှပနေတဲ့ ဆပ်ပြာပူဖောင်းတွေလို အဲဒီစာကားလုံးတွေ ပေါက်ကွဲလွင့်မျော ပျောက်ဆုံးသွားတယ်။
လှလှပပလေး၊…..လေထဲမှာ။

အပြာရောင်ဒိုင်ယာရီ


ကျွန်မက စကားတွေတရစပ်ပြောနေရင် မော့ကြည့် နားထောင်နေတတ်ပြီး ကျွန်မ ခံစားမှုတွေနဲ့ဖိစီး လေးလံလာရင်တော့ သူကကောင်းကင်တစ်ခုလို အုပ်မိုးပေးထားတတ်တယ်။ ကျွန်မရဲ့စကားလုံး တွေပြာရီ မှုန်မှိုင်းလာပြီဆိုရင်တော့ သူက အဲဒီစကားလုံးတွေကို တစ်ခါမှမမြင်ဖူးတဲ့အရောင်တစ်ရောင်ကိုတွေ့သလို ငေးမောနေတတ်ပြန်ရော။
တစ်ခါတစ်ရံမှာ သူ့ရင်ထဲက စကားလုံးပြာပြာတွေ ထွက်ထွက်ကျနေတတ်လို့ လိုက်လိုက် ကောက် ပေးရတတ်တယ်။ အဲဒီအခါမှာသူနဲ့ကျွန်မစိတ်ကောက်တတ်ကြပါတယ်။ လျို့ဝှက်မှုအက်ဥပဒေကို မထိမ်းသိမ်းဘူးဆိုတဲ့ ပုဒ်မကြီးကြီးနဲ့ ကျွန်မက သူ့ကိုစွပ်စွဲပြီး သူက ကျွန်မကိုနှစ်သိမ့်ဖို့ စကားလုံးတချို့ကို ထုတ်ထုတ်ကြည့်မိတာပါလို့ ကာကွယ် ငြင်းဆိုတယ်။
အဲဒီလို ညတွေမှာဆိုရင် အပြာရောင်မင်တွေနဲ့ရေးထားတဲ့ စကားလုံးတွေ အခန်းထဲမှာ ပွစာကျဲလို့။ တံမြက်စည်းတစ်ချောင်းနဲ့ ကျွန်မကစိတ်လိုက်မာန်ပါ လှဲထုတ်နေပြီးဆိုရင် သူ ကျွန်မကို ပြုံးကြည့်နေတတ်တယ်။ မောမောနဲ့ ကျွန်မအိပ်မောကျသွာပြီးလို့ မိုးလင်းပြီဆိုရင်တော့..ကျွန်မအခန်းလေးနေ ရောင်ခြည်အသစ်တွေနဲ့အတူ လင်းစင်နေတာကိုတွေ့ရတတ်တယ်။ သူကစကားလုံးအကြွင်း အကျန်တွေကိုကျွန်မ မသိအောင်ရှင်းလင်းပစ်လိုက်ပြီလေ။
‘ဘ၀ဆိုတာ…..ဒီလိုပါပဲ’………….တဲ့။သူကကျွန်မကိုတည်ငြိမ်စွာပြောတယ်။ ကျွန်မကတော့ နေ့သစ်တစ်ခုကို ဇဝေဇ၀ါကြည့်ရင်း ညကလှဲကျင်းထုတ်ပစ်လိုက်တဲ့ စကားလုံးတွေအကြောင်းတွေးနေမိသေးတယ်။သူပြောတဲ့ ဒီလိုပါပဲ ဆိုတဲ့အထဲမှာ ဇဝေဇ၀ါနဲ့ အတိတ်တွေကို ပြန်ပြန် စဉ်းစားနေမိတတ်တာရော ပါလားမသိဘူး၊ ကျွန်မ မမေးဖြစ်လိုက်ဘူး ။
Jim Reeves ကတော့ ipod ထဲကနေအော်နေတယ်။
'Blue Skies, smiling at me
Nothing but blue skies do I see
Blue birds, singing a song
Nothing but blue birds, all day Long
I never saw the sun shines so bright
Never saw things going so right' တဲ့
သိပ်ရယ်ရတာပဲ။
အဲဒီသီချင်းပြောပါတယ်။ ကျွန်မလွမ်းဆွတ်နေတဲ့အပြာရောင်မျက်ဝန်းတစ်စုံအကြောင်းလည်းမပါဘူးလေ။



အစိမ်းရောင်ဒဏ်ရာ


ဒဏ်ရာက ရထားတာ အတော်လေးကြာနေပြီဆိုပေမယ့် အဲဒီဒဏ်ရာကျက်မကျက် ကျွန်မမသိဘူး။ ခဏခဏလှမ်းမေးနေရတာ ကြာတော့လည်း ကိုယ့်ကိုယ်ကို အားနာလာတယ်။ ရာဇ၀င်တွေကို ပြန်ပြန်မေ့တတ်တဲ့ ကျွန်မရဲ့မှတ်ဥာဏ်က အဲဒီဒဏ်ရာကို ဘယ်လိုရခဲ့မှန်းမသိတော့ဘူး။ အမြဲစိမ်းသစ်တောကြီးတွေဆီကကူးစက်တာလား။ ကျောင်းသူလေးတစ်ယောက်ရဲ့ဝတ်စုံကနေထိခိုက်မိခဲ့တာလား။ အစိမ်းရောင် သစ်သီးတစ်လုံးကြောင့်လား။ ဘာမှသိပ်မသဲကွဲတော့ဘူး။
ဖြစ်ရပုံက အစိမ်းရောင်သန်းနေတဲ့ အဲဒီဒဏ်ရာကိုကြည့်ပြီး ကျွန်မက ပြန်လည် လန်းဆန်းလာတတ်တာဆိုတော့ ဒဏ်ရာက မကျက်တော့တာဆန်းသလား။ ကျွန်မဖြတ်သန်းခဲ့တဲ့ သစ်တော လမ်းလေး ပေါ်က အစိမ်းရောင် ရက်စွဲတချို့ကိုကျပြန်တော့ သိပ်မကောင်းလှတဲ့ ကျွန်မရဲ့ ဦးနှောက်က စွဲမိစွဲရာ
ဆိုသလို အမှတ်ရနေပြန်တယ်။ ဒီဒဏ်ရာလေး ဘယ်လိုရခဲ့သလဲ မသိတာကလွဲရင်ပေါ့။
စိမ်းရွှေရွှေနံ့ရတဲ့ မျက်လုံးတွေကို ရှောင်ဖယ်လို့မရတတ်တဲ့အခါတိုင်း ကျွန်မ အဲဒီဒဏ်ရာလေးကို ငုံ့..ငုံ့ကြည့်မိတယ်။ ဒဏ်ရာလေးကတော့ ကျွန်မကိုစိမ်းစိမ်း ကား ကားဆက်ဆံမြဲပါပဲ။ သူ့ကြည့်ရတာ ကျွန်မ ဆီကနေဘယ်သောအခါမှခွာသွားမယ့်ပုံလည်းမပေါက်ဘဲနဲ့ ကျွန်မနဲ့ ကျတော့လည်း ငြိမ်းချမ်းရေးယူချင်ပုံ မရပြန်ပါဘူး။ တစ်ခါတစ်ရံမှာ စိမ်းဆတ်ဆတ်နဲ့ ကျွန်မကိုအသက်ရှုကြပ်စေပြန်သေးတယ်။
မိုးစက်တွေကျလာတဲ့အခါ သူကရောယောင်ငိုတယ်။ နှင်းငွေ့တွေစွတ်ဆိုလာတဲ့အခါ သူက ငေးငိုင်လွမ်းမောနေပြန်ရော။နွေရာသီရောက်ရင်တော့ သူဟာ ခေါင်းထောင် ကြည့်တတ်ပါတယ်။ ပြီးရင်တော့သူ့ဘာသာသူ စိမ်းမြဲစိမ်းဆဲပါပဲ။

အ၀ါရောင်ပန်းချီကား


သေချာပါတယ်။ တော်ရုံဦးနှောက်လောက်နဲ့ကတော့ လူရာဝင်အောင် မှတ်ထားတတ်တဲ့ ဗန်ဂိုး ရဲ့ပန်းချီကားတွေလောက်ပဲ သူတို့ခေါင်းထဲ ခုန်ပေါက်ဝင်လာကြမှာ။ တချို့လူတွေက အံ့သြပြချင်စရာကောင်းလောက်အောင်. ၀ါတာတာ နိုင်လွန်းတယ်။ ကျွန်မရဲ့ ပန်းချီကားထဲ မှာ..ဘာနေကြာပန်းမှ မပါပါဘူး၊ဗန်ဂိုးရဲ့ အ၀ါလည်းမဟုတ်ဘူး။ ပိတောက်တွေလူးတဲ့ ရွှေရည်မျိုးလည်း မဟုတ်ပါဘူး။(တုံးလိုက်တာ)
အ၀ါရောင်လူတွေကို စိတ်ရှိလက်ရှိ ပြွတ်ကြပ်ညပ်နေအောင် ဖိသိပ်ရေးဆွဲထားတာ။
တစ်ကားလုံးဝါလို့။ အဲဒီ အ၀ါဟာ ညှီတီတီတော့အရှိသား။ အနံ့အသက်ဆိုးတွေကို တော်ရုံမရတတ်တဲ့ ကျွန်မ အတွက်တော့ အဆင်ပြေပါတယ်။ ရှင်တို့ကတော့ တဆိတ် သည်းခံ ပေးကြပေါ့။ အနည်းဆုံး…နှာခေါင်းလောက်တော့ ရှုံ့နိုင်ပါတယ်။ သံခင်းံတမန်ခင်းအရ လက်ဝါးနဲ့တော့ မအုပ်မိစေနဲ့ပေါ့။ Diplomacy ဆိုတာကြီးကို ကိုယ်ကမသိတောင် သူများတွေ သိနေတယ် ဆိုတာလောက်ကိုတောင်မှ ..မသိတဲ့သူတွေအတွက်တော့ ကျွန်မ ပန်းချီကားက..တော်တော်လေး..သရော်တော်တော်နိုင်နေပါလိမ့်မယ်။ ‘လောကမှာဘာမှမသိတဲ့လူဟာဘာမှသိပ်ရှက်စရာမလိုပါဘူး’……..တဲ့။
ဘယ်သူမှပြောခဲ့တာမဟုတ်ပါဘူး ။ ကိုယ့်ဘာသာကိုယ်မနေ့ညကပဲ ပုလဲကွန်ဒိုအောက်က
Asia Light နားမှာကောက်ရခဲ့တာ။ ပိုင်ရှင်တွေ့ရင်တော့ပြန်ပေးမှာပါ။ ဒါပေမယ့်သက်သေ အထောက်အထားပြခိုင်းတဲ့အခါမှာ အဲဒီစကားလုံးတွေဟာ အ၀ါရောင်တွေ လို့တော့မလိမ်မိစေနဲ့ပေါ့။ ကျွန်မက ညှီနံ့တွေနဲ့ ယဉ်ပါးနေတာတောင်မှု ဇီဇာတော့ ကြောင်တတ်သေးတဲ့…ခပ်ကြောင်ကြောင်လူတစ်ယောက်ပါ။


လိမ္မော်ရောင်အကျီ င်္


တကယ်ဆိုအဲဒီအကျီ င်္က၀တ်ဖို့မဟုတ်ခဲ့ဘူး။ ရွှန်းစိုနေတဲ့ လိမ္မော်သီး လှလှကြီးတွေ ပါတာမို့ သိပ်အရသာရှိမှာပဲ ဆိုပြီး ၀ယ်သိမ်းထားလိုက်တာပါ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်ခါမှမမှည့်နိုင်တဲ့ လိမ္မော်သီးတွေကိုကြည့်ပြီး ကျွန်မနာကျင် လာတယ်။
‘အဲဒါဘာလဲ’
‘အကျီင်္တစ်ထည်ပေါ့’
‘ဟင့်အင်း….လိမ္မော်သီးတွေပါ’
‘မယုံရင်ရှင်ဝတ်ကြည့်ပါလား၊..ဒါပေမယ့်အခုထိတော့မမှည့်သေးဘူး’
‘အကျီင်္ဆိုတာ..မှည့်စရာမလိုပါဘူး’
‘လိမ္မော်သီးတွေကလည်း…၀တ်ဖို့မလိုပါဘူး’
မေးခွန်းတွေ သယ်လာသောသူတစ်ယောက် သူ့မေးခွန်းတွေပြန်ကောက်သိမ်းကာ လာရာလမ်းအတိုင်း..ပြန်သွားတာတွေ့လိုက်ရသည်။သူ့နောက်မှ လိမ္မော်ရောင် အကျီတစ်ထည်တလိမ့်လိမ့်နှင့်ပါသွားတာ…သူမသိလိုက်။
လိမ္မော်ရောင်ဟာ ချိုမြိန်တဲ့အရောင် မဟုတ်တာ သေချာပါရက်နဲ့ အဲဒီအကျီ င်္
ပေါ်မှာ ပုရွက်ဆိတ် တကောင်ကို တအံ့တသြ တွေ့လိုက်ရသေးတယ်။

အနီရောင်ရက်စွဲ


အဲဒီမနက်က ပန်းတွေ လုံးဝမပွင့်ခဲ့တာ သေချာကြောင်း သက်သေပြဖို့ ကျွန်မမှာ အချက်
အလက် တစ်စုံတစ်ခုမှ အသင့်ရှိမနေခဲ့ပါဘူး။ သေချာတာကအဲဒီနေ့မှာလူတစ်ယောက်
သေဆုံးသွားခဲ့ပြီး…အဲဒီလူက ကျွန်မကိုယ်တိုင် ဖြစ်နေတာပါပဲ။အဲဒီလူဟာ ကျွန်မဖြစ်ကြောင်း သက်သေပြဖို့ဆိုရင်တော့. အတော်ကို ခက်ခဲပါလိမ့်မယ်။
ကျွန်မရဲ့ ID card မှာ မင်နီတွေ စွန်းနေခဲ့လို့ပါ။
ပန်းစည်းနီနီတွေ၊ ပန်းပွင့်နီနီတွေက အဲဒီဈာပနဆီ အုပ်ဖွဲ့ပျံသန်းလာခဲ့ကြတယ်။
စံပယ် တစ်ပွင့် တစ်လေတောင်မှ ယောင်ယမ်းပြီး မမွှေးမြခဲ့တာတော့ကြံစည်မှု
တစ်ခုခုပါဝင်လိမ့်မယ် ထင်ပါရဲ့။တကယ်တော့ အဲဒီနေ့က နေမသာခဲ့ပါဘူး။
ဟန်ဆောင်ပန်ဆောင် မိုးခြိမ်းသံတစ်ချို့ကိုတော့ ကြားလိုက်ရတယ်။
ရွာချလိုက်ဖို့ ဘာအင်အားမှမရှိဘဲနဲ့ဘာလို့များ အပင်ပန်းခံနေတာပါလိမ့် ။ မျက်ရည်တစ်စက်မှ မပါဝင်တဲ့ ဈာပနလေးဟာ ခြောက်ခြောက် သွေ့သွေ့လေးနဲ့ စွတ်စိုပြီးဆုံးသွားပါလိမ့်မယ်။
ကျေးဇူးပြုပြီး ကျွန်မကို စံပယ်အဖြူရောင် တစ်စက်လောက် ပေးကြပါ။
နီမြန်း စူးရှနေရတာ ကျွန်မ ပင်ပန်းလှပါပြီ။
နေ၀င်သွားခဲ့ရင်တော့ အဲဒီနေ့ဟာ သူ့အလိုအလျောက် ပြီးဆုံးသွား ပါလိမ့်မယ်။ သမိုင်းတင်စရာမလိုတဲ့ ရက်စွဲတစ်ခုလည်းဖြစ်တာမို့ သူ့အလိုလို အငွေ့ပျံပြီး ပြီးဆုံးသွားပါလိမ့်မယ်။ အရာအားလုံးကို ဟန့်တားနိုင်စွမ်းတဲ့ အနီရောင်ဟာ သေခြင်းတရားကိုတော့..ငေးမောကြည့်နေခဲ့ရပါတယ်။

အဖြူရောင်သက်တံ


ဆူညံပေါက်ကွဲနေသော အရောင်များ ငြိမ်သက် မောဟိုက်သွားကြသောအခါ အဖြူရောင်
သက်တံတစ်စင်းကို မြင်လိုက်ရသည်။ ထိုသက်တံကို ကျွန်မ မပိုင်ပါ။
ရှိနေသော မရှိခြင်းတရားကို ကျွန်မတို့ အဘယ်မှာ ပိုင်ဆိုင်နိုင်မည်နည်း။ ဖြူမှုန်လင်းဝေနေသော သက်တံ တစ်စင်းက ငုံ့ကိုင်း ကြည့်လိုက်သောအခါ ကမ္ဘာသည်………………..။

စာကြွင်း
စာမူပြီးဆုံးရက် - မုန်တိုင်းစဲပြီးသောနေ့
ပါဝင်သောအရာများ - နှလုံးသားခံစားမှု ၂၅%

ဦးနှောက်နှင့်အတတ်ပညာ ၂၅%

အနုပညာ ၅၀%

မှတ်ချက် - စိတ်ခံအားမကောင်းသူများ၊ နှလုံးရည်အားနည်းသူများ၊ မစ္ဆိယစိတ်များသူများနှင့်
အသိဥာဏ်နုံ့နဲသူများနှင့်မအပ်စပ်ပါ။ တားမြစ်သည့်ကြားမှဖတ်မိပါက ကျွန်မတွင်တာဝန်မရှိပါ။


27 Comments:

Zephyr said...

ဒုတိယအကြိမ်မြောက် မန့်ရတဲ့ Post ပဲ။
ပထမ တစ်ကြိမ်ကမေးထားသလိုပဲ ...။
နောဧ တစ်ယောက် သက်တံရောင် ချိုးငှက် သံလွင်ပင် အသေတွေနားမှာ စင်းစင်းသေနေတာတွေ့ခဲ့လေရဲ့ ...။

ဖိုးစိန် said...

Z အစားတစ်ယူပေးတာ အဟိ

မယ်ကိုး said...

တစ်ခါတစ်လေလေး တစ် ဦးကြည့်တာ :P

မယ်ကိုး said...

အဲ ရှက်တာင် ရှက်သွားပြီ သုံးဆိုလို့...
မရေ..အစတုန်းက တစ်မဦးဘဲ စာဖတ်နေလို့ နောက်ကျသွားတာ :P

စာလေးက ရောင်စုံရွှန်းလဲ့ လှလိုက်တာ မရယ်။
အောက်ဆုံးက စာကိုတော့ အကြိုက်ဆုံးပဲ :D

Yu Ya said...

အစ်မရေ...စာကြွင်းနဲ့ ၁၀၀% လွတ်လို့ သေသေချာချာ ဖတ်မှတ်သွားပါတယ်ခင်ဗျာ...:P။

yu ya

အမရာ said...

ချစ်မရေ...အရှေ့ကလူတွေ..တစ်လုနေကြတာလား
အမှန်က အမရာကတစ်ပါ....ဒါပေမယ့်
စာလုံးတိုင်းမှာမျောပါနေလို့...နောက်လူတွေ
တစ်ဦးသွားတာပါ........
စာကြွင်းကတော့အလန်ပါပဲလား...ချစ်မရေ...
:P



လေးစားချစ်ခင်စွာဖြင့်
အမရာ

Zephyr said...

အမရာ ...
တစ်လုနေခြင်းမဟုတ်ပါ။
တစ်ရသောသူမှာ ဖတ်ပြီးမှမန့်ခြင်းဖြစ်ကြောင်း အသိသက်သေများစွာရှိသည်ဟု သတင်းအရသိရပါသည်။

ဒုတိယရသွားသော ဖိုးစိန်မှာ ပထမနေရာမှာမန့်သွားသူ၏ လယ်ထဲတွင် ရိတ်သိမ်းနေတုန်မလို့နောက်ကျသွားခြင်းဖြစ်ကြောင်း ...

လေးစားစွာဖြင့်
အသိသက်သေ(၁) ...

Zephyr said...

အော်မေ့သွားတယ် .. တတိယရသွားသော မယ်ကိုးမှာ ရှက်ရှက်နဲ့ အောက်ဆုံးက စာပိုဒ်ကို ၃ ခါဖတ်ပြီးပြန်သွားသည်ဟု လည်း သတင်းရထားပါကြောင်း ...။

eaindraomtt said...

အဖြူရောင်သက်တံ့
ရှိတော့ရှိတယ် အရှိမဲ့ တဲ့ မမ

ဘယ်လောကအထိပျော်ဝင်သွားသလဲ ကိုယ့်ကိုကိုယ်
သတိမထားမိခင်....
အရောင်တွေနောက် ကောက်ကောက်ပါသွားခဲ့တယ်...

စကားလုံးတိုင်းမှာ..အနာတရတွေ..
အနာတရတိုင်းက ယစ်မူးချင်စရာ လှ ပ နေတော့တာ...

အရောင်တွေ...
အာရုံတွေ ကျိမ်းစပ်လာတယ်...မမရေ...

rose of sharon said...

ဖြူမှုန်လင်းဝေနေသောသက်တံတစ်စင်းတကယ်ရှိလာခဲ့ရင်.... ကမ္ဘာကြီးကရော တည်ရှိနေအုန်းပါ့မလား?
(ကိုယ့်ဟာကိုယ်တွေးမိလိုက်တာပါ)

pandora said...

အဲဒီစာလေး ဖတ်ခဲ့တုန်းက ကြိုက်တယ် အခုလည်းကြိုက်တယ်
ခရမ်းရောင်အသီးကိုတော့ စားချင်စိတ်ပေါက်သွားတယ်။

အိုင်လွယ်ပန် said...

ဒုတိယ မြောက် မျောလွင့်ခြင်း :)

ကောင်းသောနေ့ပါအစ်မရေ ...

Julian said...

ပြန်မန့်ရမှာလား

ပျင်းတယ်

မန့်ဘူး ၊

ပုံတွေမိုက်တယ်

လက်ခံလိုက်ပါ အခုမှရှင်လိုချင်သောအရာတွေ ထည့်ချင်သောအနုပညာတွေ လိုသလိုလုပ်လို့ရတယ်

အရာရာတိုင်းအဆိုးချည်းမဟုတ်သလိုအကောင်းချည်းလည်းမရှိပါ ရောက်တဲ့အရပ်မှာပျော်အောင်နေ..... ( ခပ်တည်တည်သူများကိုဆုံးမသလိုလိုနဲ့ ကိုယ့်ကိုယ်ကိုယ်ပြောသွားသည် )


ဂျူ

မယ်ကိုး said...

မ.........ကိုဇက်ရယ် ... မယ့်ကို လာရန်စနေတယ်။ :P
သူ့ဆီမှာ စီဗုံးမထားတာ အခွင့်ကောင်းယူပြီး ပြောပါတယ်။စာကြွင်းကို သုံးခေါက်ဖတ်ရလောက်အောင် မယ် မညံ့ပါဘူး။ တစ်ခါဖတ်ရုံနဲ့ နားလည်ပါတယ်။ :P

ဖိုးစိန် said...

ကြွေလွန်ခဲ့တဲ့ မိုးငွေ့တရှိုက်...

တိမ်ဖြူတွေကို ဖွဖွနင်းတော့

ဖြူမှုန်လင်းဝေနေတဲ့ သက်တံ့တစ်စင်း ကိုလှမ်းမြင်လိုက်တယ်...

အမှတ်တရ အဖြစ် အပြာရောင်ဒိုင်ယာရီမှာ ဒီအကြောင်းတွေ ချရေးမလို့ပေါ့..

ဒိုင်ယာရီကို လှန်ကြည့်လိုက်တော့ အစိမ်းရောင် ဒဏ်ရာတွေ နဲ့အတူ အနီရောင် ရက်စွဲတွေသာ ကြီးစိုးနေတယ်...

မဲပြာရောင် ဘဝပိတ်ကားကြီးပေါ်မှာ ခရမ်းရောင် သက္ကရာဇ်တွေ တော်တော်ညောင်းသွားလေရဲ့...

‘လောကမှာဘာမှမသိတဲ့လူဟာဘာမှသိပ်ရှက်စရာမလိုပါဘူး’……..

တဲ့...

လိမ္မော်ရောင် အကျီဝတ်ထားပြီး ကြောင်တောင်တောင်နဲ့ အဝါရောင်တွေ ပြွန်းသိပ်နေတဲ့ ပန်းချီကားတစ်ချပ်ကို ခပ်တွေတွေ ငေးစိုက်လိုက်ပြီးမှ....

စိတ်ထဲမှာရေးချင်တာကို ခပ်သောသောလေး အောက်ပါအတိုင်းရေးချလိုက်တယ်းးး


ဆူညံပေါက်ကွဲနေသော အရောင်များ ငြိမ်သက် မောဟိုက်သွားကြသောအခါ အဖြူရောင်
သက်တံတစ်စင်းကို မြင်လိုက်ရသည်။ ထိုသက်တံကို ကျွန်မ မပိုင်ပါ။
ရှိနေသော မရှိခြင်းတရားကို ကျွန်မတို့ အဘယ်မှာ ပိုင်ဆိုင်နိုင်မည်နည်း။ ဖြူမှုန်လင်းဝေနေသော သက်တံ တစ်စင်းက ငုံ့ကိုင်း ကြည့်လိုက်သောအခါ ကမ္ဘာသည်………………..။ တဲ့....


မကြီးရဲ့ အနုပညာခံစားချက်ကို တတ်သလောက်ခံစားသွားပါတယ်...

အရောင်တွေ အရောင်တွေကို ရွေးချယ်မယ်ပေါ့...

အပြာရောင်နဲ့ အဖြူရောင် က အငြိမ်းချမ်းဆုံးနဲ့

အဖြူစင်ဆုံး အကြိုက်ဆုံးပါပဲ....

ချစ်ခင်လေးစားခြင်းများစွာဖြင့်


ဖိုးစိန်

MANORHARY said...

မယ်ရေ.. နီးနီးလေး
တွေ့ရင်ချောင်းသာရိုက်လိုက်
သိလား
အားမနာနဲ့
း))

မိုးခါး said...

ဖြူစင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို လိုလားပါတယ် ..
ဒဏ်ရာတွေကိုတော့ ပိတ်ကားနောက်ထဲ ပစ်ထဲ့ထားလိုက်ချင်တာပဲ ..း))
ပျော်ရွှင်ပါစေ မကြီးး))
(မကြီးလို့ပဲ နောက်ကို ခေါ်တော့မယ်နော် ..း)

မယ်ကိုး said...

ဟေး...ပျော်သွားပြီ။ မ... က မယ့်ဖက်မှာ။
နောက်တစ်ခါ အရောင်ဖျော်ရင် သူ့ကိုပါ ထည့်ဖျော်လိုက်မယ်နော်...မ
ရောင်စုံသီချင်းပြီးတော့ ရောင်စုံလူပေါ့ :P

Republic said...

စာလာဖတ်ပါတယ် အစ်မ မနော် ၊၊ ဖွဲ့စည်းထားတာတွေကို သဘောကျမိတယ်။

stella said...

လိမ္မော်ရောင်ဟာ ချိုမြိန်တဲ့အရောင် မဟုတ်တာ သေချာပါရက်နဲ့ အဲဒီအကျီ င်္
ပေါ်မှာ ပုရွက်ဆိတ် တကောင်ကို တအံ့တသြ တွေ့လိုက်ရသေးတယ်။
ကျေးဇူးပြုပြီး ကျွန်မကို စံပယ်အဖြူရောင် တစ်စက်လောက် ပေးကြပါ။
နီမြန်း စူးရှနေရတာ ကျွန်မ ပင်ပန်းလှပါပြီ။
မိုးစက်တွေကျလာတဲ့အခါ သူကရောယောင်ငိုတယ်။ နှင်းငွေ့တွေစွတ်ဆိုလာတဲ့အခါ သူက ငေးငိုင်လွမ်းမောနေပြန်ရော။နွေရာသီရောက်ရင်တော့ သူဟာ ခေါင်းထောင် ကြည့်တတ်ပါတယ်။ ပြီးရင်တော့သူ့ဘာသာသူ စိမ်းမြဲစိမ်းဆဲပါပဲ။

ကြိုက်တယ် ခံစားမှုနဲ့ အနုပညာပေါင်းစပ်လိုက်တာ တော်တော်လေးလှတယ် မမ..အရောင်တွေက ဘယ်လောက်ပဲ မရိုးနိင်တဲ့ ခံစားမှုတွေ ပေးပေး တခါတရံတော့လည်း အေ၇ာင်တွေနဲ. ကစားချင်သား.....

Winkabar said...

ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ အရမ်းထိတယ် အစ်မရေ။

ဇော် said...

အောက်ဆုံးက စာကြွင်းကို သဘောအကျဆုံးပဲဗျာ။ =)

နန်းညီ said...

“အ၀ါရောင်လူတွေကို စိတ်ရှိလက်ရှိ ပြွတ်ကြပ်ညပ်နေအောင် ဖိသိပ်ရေးဆွဲထားတာ။
တစ်ကားလုံးဝါလို့။ အဲဒီ အ၀ါဟာ ညှီတီတီတော့အရှိသား”

အစ်မရေ.. တဂ်ထားသူက အရင်ဆုံးလာမဖတ်လိုက်ရဘူးဂျာ.. ဘယ်လိုပဲ ပြောပြော ကျေးဇူးတင်ပါသည်..း)

နေရာဇာ said...

အရမ်း ကို ဖတ်လို့ကောင်းပါတယ်။နောက်လဲဆက်ဖတ်ပါဦးမယ်နော်.....

လေပြေ said...

ကျနော်လာလည်ပါခင်ဗျာ....။အားလုံးထဲမှာသ
ဘောအကျဆုံးလေးကတော့။စာကြွင်းလေးပါပဲခင်ဗျာ။
ဟုတ်ပါတယ်တကယ်တော့ခံစားတတ်သူအဖို့ တော့
တန်ဖိုးတစ်ခုဆိုတာရှိပါတယ်။

လေပြေ said...

ကျနော်လာလည်ပါခင်ဗျာ....။အားလုံးထဲမှာသ
ဘောအကျဆုံးလေးကတော့။စာကြွင်းလေးပါပဲခင်ဗျာ။
ဟုတ်ပါတယ်တကယ်တော့ခံစားတတ်သူအဖို့ တော့
တန်ဖိုးတစ်ခုဆိုတာရှိပါတယ်။

sonata-cantata said...

မသီတာ ဘာရေးရေး မနော်က ဖတ်ပေးတယ်။ ကော်မန့်လေးတွေ ရေးပေးတယ်။
မနော်ရေးတာကျ မသီတာက ကော်မန့်တွေ ပြန်မရေးပေးနိုင်ဘူး။ ဒီတပုဒ်ဖတ်ပြီး စိတ်ထဲပေါ်လာတဲ့အတိုင်း ရေးလိုက်ရမလား စိတ်မဆိုးကြေး
ကိန္နရီလို့ ခေါ်လိုက်တယ်...မနော်ဟရီကို ကိန္နရီလို့ ယောင်မှားခေါ်တာမဟုတ်ဘူးနော်...အဖြူရောင်သက်တန့်တခုကို ခုနစ်ရောင်စဉ်ခွဲချလိုက်တာ...
အကယ်၍များ
....ရင်
နှစ်ပေါင်း ခုနစ်ရာ ဆွေးမည့်သူလေးလို့ တွေးမိလို့...