တစ်ခါတုန်းက မှော်ဆရာ

Thursday, August 13, 2009


တစ်ခါတုန်းက မှော်ဆရာ
တချိန်တုန်းက မှတ်မှတ်ရရပြောရရင် ၁၉၉၀ ရာဇဝင်များရဲ့ သတို့သမီးမထွက်ခင် အချိန်က မဂ္ဂဇင်းတစ်အုပ်ထဲမှာပါခဲ့တဲ့ ထူးအိမ်သင်ရဲ့ စကားတွေကို ကူးထားခဲ့တာပါ။ ဘာလို့ ဒီစကားလုံးတွေကိုမှရွေးကူးခဲ့မိလဲဆိုရင် ကျွန်မ ကိုယ်၌ကလည်း ဧရာဝတီကို ချစ်ခဲ့ဖူးသူတစ်ယောက်မို့ပါပဲ။ ချစ်တဲ့ ဧရာဝတီကို ပြည်မြို့ မြစ်ကမ်းနဖူးပေါ်ကနေငေးရင်း ဧရာဝတီနဲ့ပတ်သက်တဲ့ အနုပညာတစ်ခုခုတော့ဖန်တီးကြည့်ချင်ခဲ့ဖူးတယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကိုဆိုညည်းရင်း…။တကယ့်တကယ်ကျတော့ ဧရာဝတီရဲ့ညှို့ငင်နိုင်စွမ်းတဲ့သမိုင်း ဟာ ကျွန်မကို လက်လျှော့သွားစေခဲ့ပါတယ်။ ဟုတ်တယ်။ ကျွန်မမှာ ဖွဲ့စရာ စကားလုံး တွေထိုက်တန်တယ်လို့မထင်မိအောင်ကို ရှားပါးကွယ်ပျောက်နေခဲ့ရတယ်။ဘယ်လို မြင့်မြတ်ခြင်းဖွဲ့စာလုံးတွေနဲ့ နှိုင်းဆင့်ရမှန်းမသိစေခဲ့တဲ့ ဧရာဝတီ……
နောက်တော့ ကိုငှက်(ထူးအိမ်သင်)ရဲ့ ရာဇဝင်များရဲ့ သတို့သမီး ဆိုတာထွက်လာတယ်။ ဒီအင်တာဗျူးဆန်ဆန်စာစုဟာ အဲဒီခွေမထွက်ခင်ကပါ။ ဒီစကားလုံးတွေမြင်လိုက်ရတဲ့အခါ ကျွန်မ မြောက်တက်သွားမတတ်ခံစားလိုက်ရတယ်။ ဧရာဝတီနဲ့ ကျွန်မတို့ အမိနိုင်ငံရဲ့ အသက်သွေးကြောနဲ့ ထိုက်တန်တဲ့ မှော်ပေါက်နေတဲ့ စကားလုံးတွေ…။ဘယ်လို လေးမြတ်ခြင်းဝိညာဉ်တွေကများ သူ့ကို ပူးကပ်ငြိတွယ်ခဲ့ပါသလဲ။ ဒီလို မှော်ပေါက်နေတဲ့ စကားလုံးတွေ သံစဉ်တွေကို ဘယ်ကများရပါသလဲ။ ကောင်းကင်တော်က အလိုရှိခဲ့တဲ့ သတို့သမိးတစ်ယောက်အတွက် ထိုက်တန်ရာ စကားလုံးတွေ ဘယ်လိုများ သူ့ရင်ထဲ ကိန်းအောင်းနေခဲ့တာလေလဲ။ သေချာတာကတော့ ထပ်မံဖွဲ့နွဲ့စရာ အကြောင်းမရှိဆိုတာ ပါပဲ။
မနော်ဟရီ


ကွယ်လွန်ပြီးသောအိပ်မက်များ…. ထာဝစဉ် လဲလျောင်းအိပ်စက်ရာ က္ကုနြေ္ဒကြီးမားလွန်တဲ့ ဒီမြေမှာတို့ရဲ့သွေးတွေ ဖြတ်သန်းရင်းစီးဆင်း သူဟာ ရာဇဝင်များရဲ့ လျို့ဝှက်ချက်ကိုသိမ်းဆည်းထား ဧရာဝတီ……..





ရာဇဝင်များရဲ့သတို့သမီး
၁၉၇၀ပြည့်နှစ်တုန်းက မြန်မာ့အသံအင်္ဂလိပ်ပိုင်အစီအစဉ်မှာ လွှင့်တဲ့ Pussy Cat ရဲ့ Mississippi ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ကိုအရမ်းစွဲလန်ခဲ့ဖူးပါတယ်။ Mississippi မြစ်ဝှန်းသားတွေ သူတို့ရဲ့ ဒီမြစ်ကြီးကို ဘယ်လိုများရင်ခုန်ခဲ့ပါသလဲ။ ကျွန်တော်လည်း ဒီသီချင်း လေးကို နားထောင်ရင်း လိုက်ဆိုရင်းနဲ့ ကျွန်တော်ကိုယ်တိုင်မမြင်ဖူး မတွေ့ဖူးးတဲ့ Mississippi မြစ်ကြီးကိုရင်ခုန်ခဲ့ရတယ်။ ကျွန်တော်သီချင်းစရေးတဲ့အချိန် ကတည်းက တစ်နေ့နေ့ကျရင် ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးကို သီချင်းတစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့မယ်လို့ အမြဲအိပ်မက်မက် ခဲ့ပါတယ်။ ဒါပေမယ့် ဧရာဝတီရဲ့ရင်ခုန်သံကို ပီပီပြင်ပြင် ဖမ်းဆုပ်နိုင်စွမ်း ကျွန်တော့်မှာမရှိခဲ့တဲ့အတွက် ဧရာဝတီဟာ ကျွန်တော့်ရင်ထဲမှာပဲ တိုးတိုးတိတ်တိတ် စီးဆင်းနေခဲ့ရပါတယ်။ အဲဒီရင်ခုန်သံ ဟာ တစ်ခါတစ်လေတော့ တိုးတိုးသဲ့သဲ့ တစ်ခါတစ်လေကျတော့ ကျယ်ကျယ်လောင်လောင်နဲ့ ဒီလိုနဲ့ပဲ အချိန်တွေအများကြီး ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပေါ့။
၁၉၈၆(ပုဂံ)
ဒီဧရာဝတီမြစ်ကြီးရဲ့ မြစ်ဝှန်းမှာ ကျွန်တော်တို့ ဘိုးဘေးတွေ ရှေးမျိုးဆက်ဟောင်းကြီးတွေ ဘယ်လိုများတောက်ပတဲ့ ယဉ်ကျေးမှုမျိုးတွေထူထောင်ခဲ့ကြပါသလဲ။ ဘယ်လိုများ ရွှေရောင် တောက်စားတဲ့ မြို့ပြအဆောက်အဦတွေပါလိမ့်၊ဘယ်လိုများ ခိုင်ခံ့ခဲ့တဲ့ နိုင်ငံတော်တွေပါလိမ့်။ ဘယ်လိုကြံ့ခိုင်သန်မာတဲ့ အင်အားတွေပါလိမ့်..။သေချာတာတစ်ခုကိုတော့ ကျွန်တော် ပြက်ကနဲ မြင်လိုက်ရတယ်။ဧရာဝတီမှာ ရာဇဝင်ရှိတယ်…ဆိုတာပဲ။ ကျွန်တော့်ထက် အရင်လူတွေ ဧရာဝတီကို ရင်ခုန်ခဲ့ကြဖူးပါပြီ။ မြန်မာ့အသံက မြစ်ကြီးဧရာဝတီ တို့ ၊ကိုခင်ဝမ်းရဲ့ ဧရာဝတီ တို့ ကျွန်တော်တို့ခံစားဖူးကြပါပြီ။ ဒါပေမယ့် ကျွန်တော့် ဧရာဝတီရဲ့ ရင်ခုန်သံက သူတို့နဲ့မတူဘူး။ ကျွန်တော်က ဧရာဝတီကို အရင်လူတွေနဲ့ မတူခြားနားပြီးမြင်တယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပါ။ ကျွန်တော်တို့ရဲ့ သွေးကြော ကြီးပါ။ ဒီဧရာဝတီ မြစ်ဝှန်းမှာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးမိဘတွေ ရှေးမြန်မာကြီးတွေ …… သူတို့ရဲ့ ကြီးကြမ်းမောက်မာသလောက် သိမ်မွေ့နူးညံ့တဲ့ နှလုံးသားနဲ့ သန်မာကြံ့ခိုင်သလောက် ပြောင်းညွတ်တဲ့လက်ရုံးတွေနဲ့ ..တောက်ပတဲ့ ယဉ်ကျေးမှုတွေ ခမ်းနားတဲ့ မြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြတယ်။ ဒီမြေ ၊ဒီရေ၊ကိုပိုင်ဆိုင်ဖို့ အတွက်၊ကာကွယ်ဖို့အတွက် သွေးမြေကျ စစ်ပွဲ ကြီးတွေ ဒီမြစ်ဝှန်းမှာ ခင်းကျင်းခဲ့ပါတယ်။ ဧရာဝတီရဲ့ သူရဲကောင်းတွေ ဒီမှာပဲ မွေးဖွား ဒီမှာပဲ စတေးပြီ ဧရာဝတီရဲ့သမိုင်ကို ခိုင်ခံ့အောင် ဆောက်တည်ခဲ့ကြတယ်။ ရာဇဝင်တွေ တစ်ခုပြီးတစ်ခု ဟောင်းသွားကြတယ်။ တစ်ခုပြီး တစ်ခု သစ်လာကြတယ်။ ဧရာဝတီက ရာဇဝင်များစွာရဲ့ သတို့သမီး ၊ကျွန်တော်တို့ရဲ့ မိခင်၊ ကျွန်တော် တို့ရဲ့ ဝိညာဉ်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကြားမှာ ဧရာဝတီရဲ့ ရာဇဝင်သစ် တွေအတွက် ကျွန်တော် ကြိုဆိုရင်း ရင်ခုန်ရပါတယ်။
ထူးအိမ်သင်



နောက်တစ်ခုက အမေ့ရဲ့ဒုက္ခအိုးလေး။ ထင်းရူးပင်ရိပ်ကို ဖတ်စဉ်က ဒိကဗျာအတွက် ဒီလောက် တနင့်တသီး မခံစားခဲ့လိုက်မိတာဘာကြောင့်လဲလို့ ပြန်တွေးမိတဲ့ထိ ဖြစ်သွားခဲ့ ဖူးတယ်။ ကျွန်မတို့အားလုံးဟာ တကယ့်ကို အမေ့ရဲ့ ဒုက္ခအိုးကလေးတွေ ဖြစ်ခဲ့ကြတယ်။ အထူးသဖြင့် အနုပညာ ဆိုပြီး ဖက်တွယ်ရူးသွပ်ခဲ့ကြတဲ့သူတွေပေါ့။ ကျွန်မတို့မှာ ပိုင်ဆိုင် တာဆိုလို့ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပွက်ပွက်ထ အနုပညာသွေးတွေပဲ မာနအဖြစ် ပိုင်ဆိုင်ထားခဲ့ကြတယ်။ ဘယ်လိုလူတွေရဲ့နားလည်မှုကများ ကျွန်မတို့ရဲ့ အနုပညာတွေ ကိုဖြတ်သန်းစီးဆင်းသွားနိုင်မှာတဲ့လဲ။ အမေ ပဲပေါ့ ။ အနုပညာကို မဟုတ်သည့်တိုင် ဒီမာနတွေကို မက်တွယ်နေတဲ့ သူတို့သားသမီးတွေကိုတော့ သူတို့ ခွင့်လွှတ်စိတ်နဲ့ နားလည်ပေးချင်နေတတ်ခဲ့ကြတယ်။ ကိုယ်တိုင်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ပိုပြီး နားလည်လာခဲ့တယ်။

ပိုက်ဆံတစ်ပြားမှမရှိတယ်။သူသိက္ခာရှိချင်သေးသတဲ့…ကျွန်မတို့ဟာ ပိုက်ဆံရှိချင်တဲ့ သူတွေမဟုတ်ဘူးအမေ ..လို့ ဘယ်လိုခွန်အားနဲ့ ဒီနေ့ခေတ်ကာလမှာငြင်းဆိုကြမလဲ။ တစ်ခါတစ်လေ commercial art ဆိုတဲ့စကားလုံးကြီးတွေကိုတွင်တွင်သုံးပြီး ဖြစ်ချင်တာ နည်းနည်းမကလျှော့ မဖြစ်ချင်တာတွေခပ်များများထည့်ပြီး စကားလုံးအတုတွေနဲ့ ရဲရင့်ပစ် လိုက်ရလို့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ခဲ့ကြတဲ့သူတွေထဲ ကျွန်မလည်းပါမယ်ထင်ပါတယ်။ ပါဝင်ခွင့် မရတဲ့ အနုပညာသမားစစ်စစ်တွေကိုလည်း ဒီနေရာကနေဥိးညွတ်လိုက်ပါတယ်။
မနော်ဟရီ




အမေ့ရဲ့ ဒုက္ခအိုးလေး (မွေးနေ့) အမေ့ရဲ့ ဒုက္ခအိုးလေးမွေးနေ့မှာ ဖြစ်နိုင်ရင် အမေ့ကို နှုတ်ခွန်းဆက်ချင်ပါတယ် အမေ.. ဒီခေတ်အပေါ် ကြင်နာမှုကင်းစွာ ကိုးကွယ်တာကို သူ အမေ့ဆီက အမွေရခဲ့ခြင်းပါ။
ယက်ဗ် တူရှစ် (ရုရှစာဆို) မောင်သာနိုးမြန်မာပြန်

ဒီကဗျာလေးကိုဖတ်ပြီး ကျွန်တော် တော်တော်ခံစားရပါတယ်။ တကယ်ပဲ ကျွန်တော်အပါအဝင် ကျွန်တော်တို့သူငယ်ချင်းတွေ လူငယ်တွေ တော်တော်များများဟာ အမေ့ ဒုက္ခအိုးကလေးတွေ ဖြစ်နေကြတယ်။ သိပ်ကံကောင်းတဲ့ ဒါမှမဟုတ် သိပ်တော်တဲ့လူတချို့ကလွဲရင်ပေါ့။ အမေတို့ ယုံကြည်သလို၊မျှော်လင့်သလိုလည်းမဖြစ်၊ ကျွန်တော် မျှော်လင့်သလို၊ယုံကြည်သလို လည်းမဖြစ်တဲ့ ကျွန်တော်တို့ပါပဲ။ ဒီကြားထဲ ကိုယ်ယုံကြည်ရာကိုပဲ စွဲမြဲချင်သတဲ့။ ခေါင်းကလည်း မာလိုက်သေးရဲ့..။အသက်တွေ တဖြည်းဖြည်းကြီးလို့လာတယ်။ ကျွန်တော့်အိပ် မက်တွေကတော့ မပြောင်းမလဲ။။ဒီအတိုင်းပဲလေ။ ကိုယ်ယုံကြည်ရာမှာပဲ အဆုံးအရှုံးတွေနဲ့ ရင်ခုန်နေကြတယ်။ ဘဝမှာ အောင်မြင်မှုက လည်းဘာမှမရ ဒါတောင်မှမာနက လည်းကြီးချင်ရ..။ပိုက်ဆံသာ တစ်ပြားတစ်ချပ်မှမရှိတာ။ ဂုဏ်သိက္ခာကလည်းရှိချင်ရဲ့။ အဲဒီလိုမျိုး ဆန့်ကျင်ဖက် အဖြစ်အပျက်တွေနဲ့ စိတ်အခြေအနေတွေကြားမှာ အသက်ရှင်နေထိုင် ကြရတဲ့လူငယ်တွေဟာ ကျွန်တော်တို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်မပျက်ကြပါဘူး။ ကမ္ဘာကြီးမှာ မသမာစွာ နေထိုင်ရမှာနဲ့စာရင် ရိုးသားစွာ ရှင်သန်နေထိုင်ခွင့် ရတာကိုပဲ ကျေနပ်နိုင်ကြပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဘဝရဲ့ အနက်အဓိပ္ပာယ်ကိုသင်ကြားရင်း ကြိုးစားအားတင်းပြီး ကိုယ့်လိပ်ပြာ ကိုယ်သန့်နေရင်းက မိတ်ဆွေတချို့ရဲ့ ပျက်ရယ်ပြုမှုကိုခံရတဲ့အခါမျိုးမှာ နောက် ကိုယ့်ချစ်သူက ကိုယ့်ကိုနားမလည်တတ်တဲ့အခါမျိုးမှာ ကျွန်တော်တို့ တကယ်ပဲ အသည်းကွဲကြရပါတယ်။
ထူးအိမ်သင်

(Htoo Eain Thin Memorial )14th August'09
ထူးအိမ်သင် ရေးသားခဲ့သော ကဗျာများကို ကျွန်မချစ်သောကဗျာများ တွင်ဖတ်ရှုနိုင်ပါသည်။
(ကဗျာတချို့နဲ့ ပုံတွေကို ကိုဖိုးသားရဲ့ htooeainthin.com ကနေယူပါတယ်။)


22 Comments:

Zephyr said...

ကိုငှက်၊

ကောင်းကင်ဘုံမှာ တေးသံချိုလေးတွေ ဆက်ဆိုနေပါစေ ...။

Yu Ya said...

ကိုငှက်ကြီးကို အသက်ပြန်သွင်းလို့ရရင် ကောင်းမယ်ဗျာ။

yu ya

little brook said...

ကိုငှက်ကောင်းရာသုဂတိလားပါစေဗျာ
ချစ်ခြင်းအားဖြင့် ဆိုတဲ့စာသားလေးကို အမြဲသတိရတယ်ဗျာ

လင်းဒီပ said...

ခေတ်တစ်ခေတ်ကို ထားရစ်ခဲ့တဲ့ ရေရေလည်လည် လေးစားရသော အနုပညာရှင်...
ကျွန်တော့်ရင်ထဲတွင် အမြဲရှင်သန်နေသော အနုပညာရှင်...

မယ်ကိုး said...

သူ့သီချင်းတွေကို သိပ်နားမထောင်မိပေမယ့် လေးစားမိတဲ့အနုပညာရှင်ပါ။

။ဘယ်လို လေးမြတ်ခြင်းဝိညာဉ်တွေကများ သူ့ကို ပူးကပ်ငြိတွယ်ခဲ့ပါသလဲ။ ဒီလို မှော်ပေါက်နေတဲ့ စကားလုံးတွေ သံစဉ်တွေကို ဘယ်ကများရပါသလဲ။ ...လို့ မ ညွှန်းဆိုသလို ... မေ့ပစ်လို့ မဖြစ်နိုင်တဲ့ အနုပညာရှင်ပါ။

phoethutaw said...

သေချာ လာဖတ်သွားပါတယ် အန်တီ.

သူတော် ( ၁၃.၀၈.၂၀၀၉)

stella said...

တာရာတို.ကသူခေတ်ကိုမမှီပင်မယ့် သူ.သီချင်းတွေတော့ကြိုက်တယ် မမ..ဒါပေမယ့် နားထောင်ပြီးရင် အိမ်ကိုသိပ်လွမ်းတာပဲ..

ဖိုးစိန် said...

ထူးအိမ်သင်

ထူးအိမ်သင် အကြောင်းပြောရင် ဝမ်းနည်းမိတာအမှန်ပဲ...


လူ့လောက မှာ မရှိတော့တဲ့ သူတစ်ယောက်ကို ခုထိ သူ့ အသံတွေ နဲ့

အရူးအမူး စွဲလန်းနှစ်ခြိုက်နေတုန်း...

သူ့ရဲ့ သီချင်းတွေ သူ့ရဲ့ အသံက

ထူးအိမ်သင်လို့သိတတ်စကတည်းက ကြိုက်လာတာ..

ခုထိ.. ဘယ်အချိန်မဆို.. ဘယ်နှကြိမ် ဖွင့်ဖွင့်

မရိုးနိုင်ဘူး....

မေမေချစ်တဲ့သားကြီး.. သီချင်းကို နားထောင်ပြီး

ခုထိမျက်ရည်ကျတုန်း...

ပြီးတော့ လူနဲ့ အကျီ ....

ကောင်းကင်ထဲက မြစ်တစင်း....

စသဖြင့်...


စသဖြင့် ချရေးနေရင် ဆုံးမှာ မဟုတ်ဘူး..

သီချင်းအပုစ်တိုင်းကို ကြိုက်တယ်..



ခုထိ အကြောင်းတိုက်ဆိုင်ရင် ညည်းမိနေတုန်း

ဂျက်ဆင်ထိပ်က လရိပ်ပြာဆိုတာ ကျောင်းတက်တဲ့

တစ်ချိန်လုံး ဆရာများဆောင်များဂစ်တာတီးပြီး ဟစ်နေကျ...

ကိုငှက်နဲ့ ပတ်သက်လာရင် သူ့ သီချင်းတွေက ရင်ထဲမှာ အပြည့်


1. နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇
2. မှော်ဆရာအိပ်မက် ၁၉၈၈ (Feb)
3. သက်ငြိမ် ၁၉၈၉ (Oct)

4. အတ္တပုံဆောင်ခဲများ ၁၉၉၁ (Jan)
5. အကြင်နာအိပ်မက် ၁၉၉၁ (Jun)
6. အရင်အတိုင်း ၁၉၉၁ (Dec)

7. စကားလုံးမရှိတဲ့ ကောင်းကင် ၁၉၉၅ (Feb)

8.

ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium)
၁၉၉၆ (Dec)

9. မြို့ပြလရောင်တမ်းချင်း ၁၉၉၆ (Oct)

10. ဝင်ရိုးစွန်းမီး ၁၉၉၇ (Feb)

11. အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း ၁၉၉၇ (May)

12. အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉၉၉ (Jun)

13. အစိမ်းရောင် ရက်စွဲများ ၂၀၀၁ (Nov)

14. တစ်နေ့စာအလွဲများ ၂၀၀၃ (Oct)

15. ချစ်ခြင်းအားဖြင့် ၂၀၀၅ (Aug)

ဒီသီချင်းအခွေတွေ ကိုငှက်နဲ့ပတ်သက်တဲ့

သီချင်းစာအုပ်တွေ သူ့ပုံရိပ်ပါတဲ့ အရာတွေ

သူဆိုခဲ့တဲ့ သီချင်းတွေ အားလုံးက

သူ့ဂီတကို ရူးသွပ်တဲ့ ကျနော့်အနေနဲ့

သူ့ သီချင်းတွေကို ညည်းရင်း သူ့ကို့ ကို နှလုံးသားထဲမှာ ထာဝရ လေးစားစွာ အမှတ်တရ ရှိနေပါတယ်..

သူ့အကြောင်းရေးထားတဲ့ ဆောင်းပါးတွေ စာတွေကို ဖတ်တိုင်းလဲ သူ့ကိုနှမြောလို့ ကြေကွဲ ဝမ်းနည်းမိပါတယ်...

လေးစားရတဲ့ ဂီတမှော်ဆရာ

ရောက်ရာဘုံမှာ ပျော်ရွင်ငြိမ်းချမ်းပါစေ..။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

sweetpeony said...

အိမ်ပြန်ချင်တယ် ဟူးးးးးးးးး
အနွေးထွေးဆုံးအမေ့အိမ်........

ကိုငှက်က ဂီတမှာ တကယ့် ရတနာတပါး....

rose of sharon said...

မနော်ရေ.... အတူတူခံစားပြီး အတူတူလာလွမ်းသွားပါတယ်

Moe Myint Tane said...

သူ့သီချင်းတွေကို သိပ်ကြိုက်ခဲ့တာပေါ့။ အဆိုကော အရေးကော တော်တဲ့လူတစ်ယောက်ပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

နွေဆူးလင်္ကာ said...

ကိုငှက်အကြောင်းပြောရင် အမှတ်တရစာအုပ်ထဲက နီကိုရဲရဲ့ စာကိုပဲ သတိရမိတယ်။ ဘေ့စ်ဘောရိုက်တဲ့ ဒုတ်ကြီးကိုင်ပြီး ရဲဝင်း မင်းပြေးတော့ဆိုပြီး ကားပေါ်က ဆင်းသွားတာ မြင်ယောင်မိတယ်။ လူတိုင်းမှတ်မိနိုင်တဲ့ ရုပ်ကြီးကို မွေးထားပေးတဲ့ အမေ့ကိုပဲ ကျေးဇူးတင်တဲ့။ အစ်မရေ ကျနော့်ဆီကို လာပါဦး။ လူတိုင်းရဲ့ အမြင်ထက် အစ်မရဲ့ အမြင်ကို ပိုပြီး လိုချင်မိပါတယ်။

sonata-cantata said...

ထူးအိမ်သင်ရဲ့ သီချင်းအတော်များများကို ကြိုက်တယ်။ သီချင်းတင်မက သူ့ရဲ့ အသံနဲ့ ဆိုဟန်ကိုလည်း ကြိုက်တယ်။ သူ့သီချင်းတွေထဲက အကြိုက်ဆုံးသီချင်း နှစ်ပုဒ်က “ရာဇ၀င်များရဲ့ သတို့သမီး” နဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး” ပါ။ သူ့ရဲ့ စကားလေးတွေကို မှတ်မှတ်ရရ ပြန်လည်ဖော်ပြပေးတာ ကျေးဇူးပါ။

ချစ်ခြင်းအားဖြင့်
ဧရာသီတာ

ဇော် said...

ဘာလိုလိုနဲ့ ၅နှစ်တောင် ရှိသွားပြီနော်။ ကောင်းကင်မှာ ကြယ်တစ်ပွင့်လျော့သွားခဲ့တာ။ =)

အိန္ဒြာ said...

သက်ငြိမ် ပန်းချီကားတစ်ချပ်..ထဲကညနေကြယ်

နောက်ထပ်မတူ မရှိနိုင်တော့တဲ့ မှော်လက်

နတ်ဝှက်ခံလိုက်ရတာပါ...

တကယ်တော့

Julian said...

သို့
ထူးအိမ်သင်










မှ
ဂျူ

ခင်မင်းဇော် said...

လွမ်းတယ်.....

အမရာ said...

ထားသွားခဲ့လိုက်တာ
အမှတ်တမဲ့လိုနဲ့အမှတ်တရတွေ
တသက်လုံးရှင်သန်နေမယ့်သီချင်းတွေနဲ့ရောပေါ့....

အိုင်လွယ်ပန် said...

မဟာဝီရ အို ဗုဒ္ဓ ထဲက စကားလုံးတွေရဲ့ ညှို့ငင်အားကို
ကျွန်တော် အချိန်ကြာကြာ တုန်လှုပ် အံ့သြခဲ့ ဖူးတယ် ..

အေးချမ်းစေကြောင်း ဆန္ဒပြုလိုက်တယ် ကို ငှက် .....

bokkalay said...

မြစ်တွေ အကြောင်းဖွဲ့တဲ့ သီချင်းတွေ နားထောင်မိတိုင်း....ကိုယ့်ရင်ခုန်သံကို မြစ်တွေရဲ့ ရေစီသံ အတိုင်းပြန်ကြားရသလိုမျိုး ခံစားဖူးပါတယ်။
Pussycat ရဲ့ Mississippi......။
Enya ရဲ့ Orinoco Flow .....။
မော်လမြိုင်သား မှော်ဆရာရဲ့ ပုဂံမြေပုံရိပ်ဧရာဝတီ....။
ဦးခင်ဝမ်း ရဲ့ ရခိုင်ရိုးမ တစ်ဘက်ကမ်းက ဧရာဝတီ....။
မြစ်တွေဟာ အားအင်တွေ ပေးတယ်...။
မြစ်တွေ အကြောင်းဂီတသံစဉ်တွေ အမြဲပဲ ကြားချင်ပါတယ်။
ကျေးဇူးပါ မ...။
ကျမ်းမာပျော်ရွှင်ပါစေ...။

မိုးခါး said...

မကြီးရေ
ထပ်တူခံစားသွားပါတယ်
အရမ်းကို နှမြောပါတယ်
တကယ်ကို မှော်ဆရာ တဦးပါပဲ

Multicanvas said...

ကို ထူးအိမ်သင်...ရဲ့ သီချင်းလေးတွေပါ...
http://music.multicanvas.net/index.php?p=1062