လယ်တောလေးနှင့်ချစ်သောအိမ်

Sunday, August 9, 2009

လယ်တောလေးနှင့်ချစ်သောအိမ်

တစ်ချိန်က (ကို) ခင်မောင်တိုးသီချင်းလေးတစ်ပုဒ်ကတော့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေးတဲ့။ အဲဒီသီချင်းလေးကို နားထောင်ပြီး ဟိုးပုသိမ်ကောလိပ်ဝန်းထဲက မြက်ခင်းစိမ်းတွေ၊လယ် တောတွေကိုဖြတ်သွားရင်ရောက်တဲ့ လယ်တဲလေးတွေကိုသွားသတိရတယ်။ သိပ်သတိရ တဲ့အခါကျထိုင်ဖို့ အိမ်ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေး စိုက်ခဲ့ဖူးတယ်။ခုတော့လည်း မရှိတော့ ပါဘူး။ အရာအားလုံးဟာ နေ့ရက်တွေနဲ့အတူဟောင်းအိုကျန်နေခဲ့ပေါ့။
ခုတော့လည်း လူတွေမှာဖြစ်နေကျအတိုင်း ပုံရိပ်ယောင်တွေနဲ့ပျော်နေတတ်ခဲ့ပြီ။ facebook ဆိုတဲ့ တကယ်မမြင်ရတဲ့ မျက်နှာစာအုပ်လေးထဲမှာ ကိုယ်ပိုင်စိုက်ခင်းကိုယ်စီနဲ့ ကိုယ်ပိုင် စိမ်းလန်းမှုတွေကို စိတ်ကူးနဲ့ဖန်တီးနေတတ်ခဲ့ကြပြီ။ ပထမဆုံးကျွန်မကို လယ်တောဆီ ရောက်အောင်ခေါ်တဲ့ julydream ကိုကျေးဇူးတင်ပါတယ်။(သူကတော့ ခု မကောင်းမှုကိုပဲ စိုက်လိုက်မတ်တတ်လုပ်ပါတော့တယ်..မာဖီးယားကြိးလုပ်နေတာကိုပြောတာပါ..သူ့ဟာသူ ကျွန်မကို လယ်တောကိုခေါ်ခဲ့တဲ့သူဆိုတာတောင်မေ့နေပါပြီ..)
ပထမတော့ သူပို့လိုက်တဲ့ ဝက်တစ်ကောင်နဲ့ စိုက်ခင်းထဲပါလာတဲ့အခင်းသုံးလေးခုနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိပါဘူး။ ဘဝမှာလည်း ဂိမ်းတွေကိုဆော့လေ့မှမရှိတာ။ တော်တော်ကြာပစ်ထားလိုက်သေးတယ်။နှလုံးသားရပ်ဝန်းကပါဆိုတဲ့ Boyz ဆီကလည်း အပင်တွေဘာတွေရသေးတယ်။ နောက်တော့သူလည်း တိုက်ရခိုက်ရတာပဲဝါသနာပါသွား ပုံရတယ်။မတွေ့တော့ဘူး။

စိုက်ခင်းများနဲ့အိမ်ကလေး


လယ်တောထဲက ကျွန်မအိမ်ကလေးနဲ့ပန်းခင်းလေးတွေ
ဘာလုပ်ရမှန်းမသိလို့ ရသမျှပစ္စည်းတွေစုသိမ်းပြိးဒီတိုင်းပစ်ထားလိုက်တာတော်တော်ကြာ ပါတယ်။ နောက်မှ ဟိုကလစ် ဒိကလစ်နဲ့ လယ်ထွန်တတ်၊အပင်စိုက်တတ်သွားတယ်။ စိုက်ပြီးရင်သွားရောင်းလို့ရတယ် ။ရတဲ့ပိုက်ဆံနဲ့ ပြန်စိုက်လို့ရတယ်ဆိုတာသိလာတယ်။ အဲဒါနဲ့ အားတွေတက်ပြီးစိုက်လိုက်ပျိုးလိုက်တာ တော်တော်ကြာသွားတယ်။ အိမ်နီးချင်းဆို တာတွေလည်း လာ addရင် လက်ခံလိုက်တယ်။ ကိုယ်က ပြန်မaddဖြစ်ဘူး။အရင်က တော့ သူတို့က လာ addလို့ လက်ခံလိုက်ရင် သူတို့လည်း ကိုယ့် အိမ်နီးချင်းစာရင်းထဲ ဝင်လာသလို ကိုယ်လည်းသူတို့အိမ်နီးချင်းစာရင်းထဲဝင်သွားတယ်။ခုကျတော့ အဲလိုမဟုတ် ပြန်ဘူး ။ ကိုယ်ကလိုချင်ရင် ကိုယ်က add ရတယ်။ သူတို့ကလိုချင်ရင်သူတို့ကadd ရ တယ် ။အဲဒါ မှားချင်လည်းမှားပါလိမ့်မယ်။ ကျွန်မဆီမှာတော့ဒီတိုင်းပါပဲ။
နောက် ကစားတာလယ်ဗယ်တစ်ဆယ်ကျော်သာရောက်ရော စိုက်ထားသမျှတွေကို သူများကို ရိတ်သိမ်းခိုင်းလို့ရတယ်ဆိုတာ မသိပါဘူး။ တစ်ရက်ကျတော့ ဆောင်းကြယ်ဖြူ ဆိုတဲ့ညီမလေးက ကျွန်မကို လယ်ရိတ်တာလာကူပါ ဆိုတဲ့ မက်ဆေ့ခ်ျလေးနဲ့ခေါ်ပါတယ်။ သူတို့က အဲဒီတုန်းက လယ်ဗယ်အမြင့်သမားတွေပေါ့။ကိုယ်က သူတို့ကိုအားကျရသူ။သူ့ ဆီလိုက်သွားတော့ အားပါး..သူ့လယ်မှာ ရွှေဖရုံသီးတွေဝင်းလို့။တစ်ခင်းရိတ်ရင် ၉၉ကျပ် ရတယ်။ အဲဒီနေ့ ဝင်ငွေတော်တော်ကောင်းသွားလိုက်တာ ကိုယ်လည်း မျိုးစေ့ကောင်းကောင်း ဝယ်စိုက်နိုင်သွားတယ်။ ဒါတောင် ကိုယ့်အလှည့်ကျရင် သူများကို ခေါ်ရိတ်ခိုင်းဖို့မတွေးမိဘူး။ နောက်မှသိရတာက သူများကိုခေါ်ရိတ်ခိုင်းလို့ရတဲ့အသီး တွေက ပိုပြီးဈေးရတယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ ကျွန်မကို မိတ်ဆွေတွေက သင်ကြပါတယ်။ စိုက်ခင်းတွေကို တစ်ကွက်နဲ့တစ်ကွက် ကြားချဲမရှိအောင်ဘယ်လိုလုပ် ရတယ်။ နောက်..သစ်ပင်တွေ၊ပန်းပင်တွေ၊အဆောက်အဥိတွေကို လိုသလို ခဏဖျောက် ထားလို့ရတယ်ဆိုတာတွေသင်ပေးတယ်။
တကယ်တော့ လယ်တောထဲက မိတ်ဆွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဘယ်သူမှန်း တောင်မသိကြပါဘူး။ facebook id ကတစ်မျိုး၊ farm town id ကတစ်မျိုးနဲ့လူတွေ အများ ကြီးပါ။ ကိုယ့်လို id တစ်မျိုးတည်းနဲ့လုပ်နေတဲ့သူက နည်းပါတယ်။ ဒါပေမယ့် အဓိကက အိုင်ဒီတွေ အမည်နာမတွေမဟုတ်ပါဘူး။ လယ်တောမိတ်ဆွေချင်းကတော့ အလိုလိုကို ရင်းနှီးကြပါတယ်။ ဒီထဲမှာ ရှေ့ကနေပြေးပြီးအပြိုင်အဆိုင် ပန်းဝင်သွားကြတဲ့ လယ်ဗယ် ၃၄ ရောက် ကျွန်မမိတ်ဆွေလယ်သမားကြီးနှစ်ယောက်လည်းရှိပါတယ်။ သူတို့က ကျွန်မ ကို အများကြီးအကူအညီပေးခဲ့ကြတယ်။ခုလည်း သူတို့ပန်းဝင်သလိုဖြစ်နေပြီမို့ မကစားချင် တော့တဲ့တိုင် ဈေးထဲသွားအလုပ်မရှာတတ်တဲ့ ကျွန်မအတွက် အပင်တွေစိုက်ပေးနေတုန်း ပါပဲ။ (ကျေးဇူးတင်ပါတယ် KTM နဲ့ Danny Arkar)


KTM ရဲ့အိမ်(ခိုးရိုက်ထားတာပါ :P)


Danny's Mansion :)
နောက်ပိုင်းကျတော့ သူငယ်ချင်းတွေအများကြီးလယ်ထဲရောက်လာခဲ့တယ်။ ဘလော်ကာ တွေချည်းများပါတယ်။ ကိုဖြိုးနဲ့ အိအိ တို့စုံတွဲ၊ သူငယ်ချင်းမဂျူ၊ ဖိုးစိန်၊မိုးကုတ်သား၊ Sweetpeony.. မခင်မင်းဇော်၊ မသိဂီ င်္နွယ်၊စသဖြင့်…တပျော်ကြီး ရောက်လာကြတယ်။ အရင်က KTM ရယ် Danny Arkarရယ် ကျွန်မရယ် ပျော်ရွှင်စွာလယ်စိုက်ကြရိတ်ကြဖူး တယ်။နောက်တော့ သူတို့အလာကျဲသွားတော့ ကျွန်မ ရယ် မဂျူရယ်၊ဖိုးစိန်၊မိုးကုတ်သားနဲ့ ဆွိရယ်၊နောက် ပါမောက္ခညို ရယ် လယ်ထဲမှာပျော်ရွှင်စွာစိုက်ဖြစ်ပျိုးဖြစ်ကြတယ်။
လယ်ထဲမှာက အိမ်ကလေးတွေကိုယ်စီ၊ပန်းခင်းတွေကိုယ်စီ၊စမ်းချောင်းတွေကိုယ်စီနဲ့ သီးပင်စားပင်တွေကလည်းစုံလို့…။ စမ်းချောင်းကလေးဘေးနားသွားထိုင်မလား၊ ပန်းခင်းတွေကြားပဲ နေမလား စိတ်ချမ်းမြေ့စရာပါပဲ။ တစ်ခါတစ်ခါများဆို စကားပြောစရာ နေရာတွေအများကြီးရှိပါလျက် လယ်ထဲမှာရပ်ပြီးစကားတွေပြောနေဖြစ်ကြတယ်။ ကဗျာတွေအကြောင်း၊စာတွေအကြောင်း၊ ကိုယ်ရေးနေတဲ့ဘလော့ခ်တွေအကြောင်း၊ ခဲခြစ်ပန်းချီအကြောင်း(KTMနဲ့)၊ သီချင်းတွေအကြောင်း စသဖြင့်အစုံအစုံပေါ့။ ဂျီတော့ခ် ကိုခြေမချချင်တဲ့သူတွေအတွက် နေရာတစ်နေရာပေါ့။ ကျွန်မဆို ဂျီတော့ခ်ကို ပိတ်ထားတတ်တာကြာပါပြီ။ စီဘောက်စလည်းလူစုံတတ်ပါလျက်နဲ့ အမီမလိုက်နိုင်လို့ သိပ်မပြောဖြစ်ဘူး၊ လယ်ထဲမှာတော့ ပြောဖြစ်ကြပါတယ်။

မိုးကုတ်သားလယ်ထဲမှာဝိုင်းဝန်းရိတ်သိမ်းထွန်ယက်နေစဉ်
အားလုံးရဲ့တညီတညွတ်တည်းအသံကလည်း ဒီလိုမျိုးစိုက်ခင်းစိမ်းစိမ်းတွေနဲ့ သိပ်သာယာ တဲ့အိမ်ကလေး ယာကလေးနဲ့ ဘဝလေးတွေကိုတောင့်တမိကြတယ်ဆိုတာပါပဲ။ ရုပ်ဝတ္ထု တွေရှိရာဆီ ဘယ်သူမှစေခိုင်းမှုမပါပဲနဲ့ ခြေကုန်သုတ်လိုက်နေမိကြတဲ့ ကျွန်မတို့တွေ တစ်ခါတစ်လေတော့လည်း မသိစိတ်က မြက်ခင်းစိမ်းနဲ့တဲငယ်လေးတွေကိုတမ်းတတတ် ကြမှာပါ။ ဒါပေမယ့် တကယ့်တကယ်ကျ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အတိတ်မြက်ခင်းစိမ်း တွေရှိရာ ခြေဦးပြန်မလှည့်နိုင်သလိုပဲ စိတ်ကူးအိပ်မက်ထဲက လယ်တောအိမ်လေးရှိရာဆီ လည်းအရောက်မသွားနိုင်ခဲ့ကြပါဘူး။ ဟောဒီပူလောင်တဲ့မြို့ပြကန္တာရကြီးတွေဆီမှာ မိသား စုတွေ ဒါမှမဟုတ် ချစ်ခင်သူတွေအတွက် အိုအေစစ်တွေကိုရှာဖွေရင်း ချစ်သူတွေနဲ့ ဝေးရာမှာ ဝေးကွာမှုကိုစိတ်ကူးနဲ့ဆွဲဆွဲချုံ့လို့ နာကျင်နေကြဆဲပါပဲ။
လယ်တောထဲက ချစ်စရာအိမ်ကလေးတွေကိုငေးရင်း လက်တွေ့ဘဝကို နာကျင်ရင်း မလှမ်းနိုင်တဲ့ခြေလှမ်းတွေကို စိတ်ပျက်ရွံရှာမိရင်း နွေးထွေးတဲ့အိမ်ကလေးတစ်လုံးကိုတော့ အားလုံးတောင့်တနေကြလိမ့်မယ်ထင်ပါတယ်။
အိမ်…တဲ့။
နေထိုင်ခိုနားရာနေရာလေးတစ်ခုလို့ နားလည်ထားခဲ့တဲ့နေရာလေးပေါ့။အဲဒီထဲမှာ မိသားစု လို့ခေါ်တွင်တဲ့ ဝေါဟာရတစ်စုရှိမယ်၊မေတ္တာ၊သံယောဇဉ်၊နားလည်မှု၊နားမလည်မှု၊နာကျင်မှု စတဲ့ခံစားမှုတွေနဲ့ပြွန်းနေတဲ့ အရိပ်တွေအယောင်တွေရှိမယ်၊ ရှေ့ရေးတွေ အနာဂါတ်တွေ ကျေးဇူးတုံ့ပြန်မှုတွေနဲ့ ခုန်ပေါက်နေတဲ့ အိပ်မက်တချို့ရှိမယ်။ ဒါတစ်ချိန်ကအတွေးပေါ့။ ခုချိန်ကျတော့လည်း ဓီရာမိုရ်သီချင်းထဲကလိုပါပဲ။ အိမ်အစစ်တွေနဲ့ဝေးနေကြတဲ့သူတွေ အတွက်တော့ နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ် ဆိုတာလိုပဲ…ကျွန်မတို့နှလုံး သားတွေနွေးထွေးနေတဲ့နေရာလေးတစ်နေရာကိုတွေ့ခဲ့ကြတယ်။
ကျွန်မ ဘလော့ခ်လောကထဲစရောက်တော့ အိမ် ဆိုတဲ့အသုံးအနှုန်းကိုနားမယဉ်ဘူး။ နောက်ပိုင်းကျမှ ကိုယ့်ဘလော့သူ့ဘလော့ကို အိမ် ဆိုတဲ့ဝေါဟာရလေးနဲ့ ခိုင်းနှိုင်းကြတယ် လို့နားလည်လာတယ်။လက်ခံနိုင်လာတယ်။ ခုဆို ကျွန်မ အိမ်ကလေးဟာလည်း ကျွန်မ ချစ်တဲ့သူတွေ၊ကျွန်မကို ချစ်တဲ့သူတွေနဲ့ဝေစည်လို့။ ညညဆို စီဘုံးလေးမှာပါတီပွဲကျင်းပ သလားလို့ တခြားသူတွေက ပြောစမှတ်ပြုရလောက်အောင် လူစည်နေတတ်တယ်။
အချင်းချင်းစကားပြောစရာနေရာတွေအများကြီးရှိပါလျက် ဒီနေရာလေးမှာပဲလာလာစုဝေး နေတတ်ကြတာဘာလို့ပါလဲ။ ကျွန်မ ထင်တာကတော့ နွေးထွေးတဲ့နေရာလေးတစ်ခုမို့ပဲ လို့ထင်ပါတယ်။ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နှလုံးသား တွေကတော့နီးစပ်နွေးထွေးနေကြတယ်။ ဒီတော့ ပျော်ရွှင်ရာ ပုံရိပ်ယောင်အိမ်ကလေးထဲ မှာပဲ ကျွန်မတို့ ဖြေသိမ့်နွေးထွေးတတ်လာတယ်။ တစ်ယောက်ငိုနေရင် တစ်ယောက်က ဖေးကူမယ်၊တစ်ယောက်စိတ်ညစ်နေရင် တစ်ယောက်က ပျော်အောင်လုပ်ပေးတယ်။ တစ်ယောက်က ပျော်ရွှင်နေရင် အဲဒီပျော်ရွှင်မှုကိုဝေမျှကြတယ်။ ဒီလိုနဲ့ နှလုံးသားတွေနဲ့ မီးဖိုထားတဲ့ အိမ်ကလေးတွေလင်းချင်းပျော်ရွှင်လာခဲ့တယ်။
ကျွန်မ ဆိုရင် ဘလော့ခ်လောကထဲရောက်မှ မိတ်ဆွေတွေအများကြီးရလာတယ်။ (ရန်သူ တွေကတော့ သူတို့ဟာသူတို့ ကွယ်ရာကနေရှေ့ကနေထိုးမစိုက်ရဲတဲ့ ဓားတွေကို သွေးနေကြပါလိမ့်မယ်..အခါခပ်သိမ်းတော့လည်းကျွန်မတို့….သူတို့ကိုသတိရနေကြမယ်မထင်ပါဘူး)..။ ချစ်စရာခင်စရာကောင်းတဲ့ မောင်နှမ တွေရလာတယ်။ ပျော်စရာအိမ်ကလေးတွေကိုယ်စီနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားတတ် လာတယ်။ ခုဆို ကျွန်မမှာ ချစ်ခင်စရာ အစ်ကိုတွေ၊အစ်မတွေ၊မောင်တွေ၊ညီမတွေ၊တူတွေ တူမတွေနဲ့သားတစ်ယောက်တောင်ပိုင်ဆိုင်ထားခဲ့ပါပြီ။
ဒီလူတွေရဲ့ဆုံဆည်းမှုကရော …လောကရဲ့ဓမ္မတာကို ဘယ်လောက်ထိ အံတုကျော်လွှား နိုင်ကြမှာမို့တဲ့လဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်းပြန်လည်ဝေးကွာသွားနိုင်သေးတာပဲ။ ဒါပေမယ့် ပြန်တွေးလိုက်တဲ့အခါတိုင်းကြည်နူးမှု ချစ်ခြင်းရနံ့တွေနဲ့သင်းပျံ့ကျန်နေခဲ့မယ့် မိသားစုဆန်ဆန် အိမ်ရနံ့သင်းသင်းနဲ့ နွေးထွေးတဲ့ ရက်စွဲတွေကိုရဖို့ ခုချိန်မှာတည်းက ကျွန်မတို့အချင်းချင်းနားလည်မှုတွေနဲ့လက်တွဲထား ကြဖို့လိုလိမ့်မယ်လို့ထင်ပါတယ်။
တကယ်ပဲ တစ်နေ့မှာ ကျွန်မတို့ ချစ်သော ခြေတစ်ချောင်းထောက် မြေပုံလေးပေါ်က နေရာ စိမ်းစိမ်းလန်းလန်းတွေမှာ ကျွန်မတို့လိုချင်တဲ့ စိမ်းလန်းအိပ်မက်တွေနဲ့ပုံဖော်ထားတဲ့ လယ်တောနဲ့အိမ်ကလေးတွေကိုပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်……………………
…………………………………………….


31 Comments:

Zephyr said...

ခေတ္တကမ္မ (လယ်ထွန်ုခြင်း) သည် ပျော်ရွှင်ဖွယ်ကောင်းလေစွတကား ...

ဖိုးစိန် said...

zZZZZZZZZZZZZZZZZZZ


လာတစ်တာ တူ က တစ် တွားတယ် ....း)))

little brook said...

အင်း အိမ်ပြန်ပြီး အမေနဲ့ပဲနေရင် ကောင်းမလား ... အိမ်၊ အိမ်၊ အိမ်

ဖိုးစိန် said...

ကျွန်မ ထင်တာကတော့ နွေးထွေးတဲ့နေရာလေးတစ်ခုမို့ပဲ လို့ထင်ပါတယ်။ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နှလုံးသား တွေကတော့နီးစပ်နွေးထွေးနေကြတယ်။ ဒီတော့ ပျော်ရွှင်ရာ ပုံရိပ်ယောင်အိမ်ကလေးထဲ မှာပဲ ကျွန်မတို့ ဖြေသိမ့်နွေးထွေးတတ်လာတယ်။ တစ်ယောက်ငိုနေရင် တစ်ယောက်က ဖေးကူမယ်၊တစ်ယောက်စိတ်ညစ်နေရင် တစ်ယောက်က ပျော်အောင်လုပ်ပေးတယ်။ တစ်ယောက်က ပျော်ရွှင်နေရင် အဲဒီပျော်ရွှင်မှုကိုဝေမျှကြတယ်။ ဒီလိုနဲ့ နှလုံးသားတွေနဲ့ မီးဖိုထားတဲ့ အိမ်ကလေးတွေလင်းချင်းပျော်ရွှင်လာခဲ့တယ်။

အဲဒီစကားလေးက သိပ်မှန်တာပဲဗျာ...

မကြီးရဲ့ စီဘုံးလေးမှာ ပျော်ခဲ့ရတယ်...


စိတ်ညစ်တာတွေ ပျောက်ပြီး မောင်နှမတွေ စနောက်ခဲ့ကြတယ်..

ဒီမောင်နှမတွေကို စိတ်ကောက် လိုက် စိတ်ဆိုးလိုက်
နဲ့ အကိုတွေ အမတွေကို ချစ်ခွင့်ရ ခဲ့ရတယ်... ဆုံးမစကားတွေကိုနားထောင်ပြီး... အလိုလိုက်ချင်းကိုခံရတာ ပျော်စရာကောင်းတယ်လေ

ပြီးတော့ လယ်ထဲရောက်လာတယ်

စိတ်ငြိမ်.... ပျော်တယ်...

လယ်တောထဲမှာ အော် ဟစ် လိုက်

ပျောက်သွားလိုက်


ပြန်တက်လိုက်...


ကျသွားလိုက်...

ပျော်စရာကောင်းနေတာပဲ..

လယ်တောမှပျောက်ရင် စီဘုံးမှာလာပြန်ရှာကြ...

ဒီလိုပျော်စရာကောင်းတဲ့အ ချိန်တွေ ကို တချိန်ချိန်မှာ
ပြန်သတိရလွမ်းဆွတ် ဒီအချိန်တွေ ကုန်ဆုန်သွားမှာကိုတော့ နှမြောမိပါတယ်...

ချစ်ခင်လေးစားခြင်းများစွာဖြင့်


ဖိုးစိန်

မျောက်မျောက်

အိုင်လွယ်ပန် said...

လယ်တော နဲ့ အိမ်လေးတွေ
ငေးသွားတယ် အစ်မ :)

ကိုရင်နော်ခင်လေးငယ် said...

အင်း...
ခေါ်နေကြတာတော့ ကြာပြီး..
လာမယ် လာရမယ်.. အဲ့ဒီနေရာကို.. လာခဲ့မယ်..

ခင်လေးကို လယ်စိုက်ခိုင်းမယ်..း)
ကျနော်ကတော့ လိုက် ရောင်းမယ်..း))

ခင်မင်းဇော် said...

ဟုတ်ပ အပြင်မှာ တောင့်တတဲ့ စိမ်းလန်းငြိမ်းချမ်းမှုတွေကို အဲဒီထဲမှာ တွေ့နေရတော့ တနေ့တခေါက် မရောက်ရမနေနိုင်ပေါ့ မနော်ရေ...အမလဲဒီလယ်ထဲကို ဘလော်ဂါ ဆုမွန်တို့ ပြည့်စုံတို့ကို ခေါ်ထားတယ် သူတို့ဆိုလဲ လယ်ထဲ ပျော်နေတဲ့ လယ်သူမကြီးစစ်စစ်တွေ ဖြစ်နေပြီတဲ့...

rose of sharon said...

ဒို့လဲfacebookမှာအဲဒီgameဆော့တယ်... invite လုပ်ရင်လက်ခံနော် :)

အောင်သာငယ် said...

မာဖီးယားနဲ့တင် မအားတော့ လယ်မစိုက်နိုင်တော့ဘူး...း)
စိုက်နိုင်သူတွေ စိုက်ကြပါ... နောက်မှ protection fee လာကောက်မယ်...း)

နိုင်းနိုင်းစနေ said...

အစ်မရေ.. ကျွန်မက facebook မှာတော့ လယ်မလုပ်ဖူးဘူး။ လက်တွေ့ဘဝမှာက လယ်သမားသမီးဖြစ်နေလို့ပါး) လယ်ထဲသွားနေရရင် တကယ်ကို ငြိမ်းချမ်းပါတယ်။ လေကတဖြူးဖြူး၊ ပြီးတော့ ရေညှိနံ့လေး၊ စပါးနှံ့နံလေး၊ ရွံ့နံ့ခပ်သင်းသင်းနဲ့... တစ်ခါတစ်ခါ ကိုယ့်ရှေ့မှာ ခုန်ခုန်သွားတဲ့ ဖားပြုပ်လေးတွေ၊ လူကိုတွေ့လို့ တွင်းထဲ ဝင်ပြေးကြတဲ့ ဂဏန်းလေးတွေ.. တကယ်ကို ပျော်စရာကောင်းပါတယ်။

အလှဆုံးကတော့ စိမ်းစိုစိုနဲ့ စီစီတန်းတန်း စိုက်ထားတဲ့ ပျိုးပင်လေးတွေပေါ့။ ဗျိုင်းဖြူဖြူလေးတွေကလည်း ဟိုတစ်ကောင် ဒီတစ်ကောင်နဲ့ အရမ်းသာယာပါတယ်

လယ်ရိတ်ချိန်ဆိုရင် ရေခြောက်ပြီလေ.. အဲဒီမှာ ဝါဝါဝင်းဝင်းနဲ့ စပါးတွေရိတ်သိမ်းကြချိန်ဆိုရင် လယ်သမားတွေ အပျော်ဆုံးပေါ့.. စပါးအထွက်ကောင်းရင် ဝမ်းသာကြတယ်။ တစ်နှစ်တာအတွက် ပင်ပန်းရကျိုးနှပ်ကြလို့လေ။
စပါးရိတ်ခါနီး ရေကြီး၊ မိုးကြီးရင်တော့ ညဆို အိပ်မပျော်ကြဘူး...

အစ်မပို့စ်ဖတ်ပြီး ရွာပြန်ပြေးချင်စိတ်တောင် ပေါက်တယ်။ ခုဆိုရင် လယ်စိုက်ပြီးချိန်လေ... ဖြစ်နိုင်ရင် အစ်မကို တစ်ခါတခေါက်လောက် ရွာကို အလည်ဖိတ်ခေါ်ချင်ပါတယ်။ တကယ်လက်တွေ့ လယ်သမားဘဝတွေကို ကြည့်စေချင်ပါတယ်း)
လယ်တောမှာ စားတဲ့ ထမင်းဟင်းတွေက ပိုချိုလို့ပါ..

stella said...

မမရေ တာရာလည်းဒီလိုပဲ .. လယ်ထဲရောက်ရင်ပျော်နေတတ်တယ်.. မမလယ်တောအိမ်လေးကိုသွားသွားကြည့်ပြီး ကြိတ်အားကျနေတာ..နောက်ကျရင်အဲ့လိုဖြစ်လာအောင်လုပ်မယ်ပေါ့လေ... အခုတလောတော့ သူများလယ်မှာ သွားသွားပြီးလယ်ထွန်နေတယ်... ဟီးဟီး.. လယ်ဘယ်တက်ချင်တာလည်းပါတာပေါ့လေ... ကဲ လယ်တောထဲမှာမောင်နှမတွေ စုံလိုက်ကြစို့နော်....

မေ့သမီး said...

အမရေ ညီမလည်းကိုဓိရာမိုရ်သီချင်းကိုအရမ်းကြိုက် တာပါ။ အိမ်နဲ့ပါတ်သက်ပြီးလည်း ခံစားချက်တွေ နင့်နင့်နဲနဲရှိခဲ့ဘူးတာပေါ့။ တချိန်မှာတော့ စိမ်းလန်းအေးမြတဲ့နေရာလေးတခုစီမှာ ညီမတို့ချစ်တဲ့ခင်တဲ့သူတွေနဲ့ ကိုယ်ပိုင်ကမ္ဘာလေးတွေ တည်ဆောက်နိုင်ကြမယ်လို့မျှော်လင့်မိပါရဲ့။ အခုလောလောဆယ်တော့ Facebook ထဲကလယ်ကွင်းစိမ်းနဲ့တဲအိမ်လေးကလည်း ကိုယ့်စိတ်ကိုချမ်းမြေ့စရာပါပဲလေ။

sweetpeony said...

စိတ်ကူးထဲကအိမ်ကလေးကို ဆောက်မယ်....
မောင်နှမတွေနဲ့နေမယ်...
း)
တစ်ယောက်နဲ့တစ်ယောက်ကူကြမယ်...
စိတ်ချမ်းသာစရာ...
း)

မေဇင် said...

မမရေ..... နောင့် အမြဲစိတ်ကူးယဉ်မိတဲ့ နေရာလေးပေါ့....ဒီဘ၀လေး အပြင်မှာ ရရင်ဘယ်လောက်ကောင်းမလဲ လို့...... ဆင်းရဲမှာ မပူရတော့ဘူး.... အိမ်နီးချင်းလေးတွေနဲ့ လဲ စိုစိုပြည်ပြည်...။

Moe Myint Tane said...

ဒါဆို အမလည်း လယ်စိုက်ရတာပျော်နေပြီပေါ့။ ဒီကစားနည်းတွေ အခုတော်တော်များများကစား
နေကြတယ်။စိတ်အပန်းလည်းပြေတာပေါ့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Kay said...

လယ်ထွန်မင်္ဂလာ ဆင်းတော့မယ်ပေါ့။
ဖဘ ကို စခေါ်တဲ့ ကျေးဇူးရှင်ကြီး မနော်.. လယ်ထဲကိုကျ မခေါ်ဘူးနော်။
အင်း..တလောကလုံးကို အဆက်အသွယ်ဖြတ်ထားတော့..လယ်တဲ လိုက် စကားပြောမှပဲ ထင်တယ်။

Mogok Thar said...

;-) :-D
အနော့် လယ်တောလေးထဲ ၀ိုင်းရိတ်ကြ အော်ကြ စကြနဲ့ ပုံလေး မနော်ဆီမှာ တွေ့ရောတ့ ပျော်လိုက်ထာဗျာ။
လယ်တောလေးက တကယ့် အစစ် မဟုတ်ပေမဲ့ စစ်မှန်တဲ့ ပျော်ရွှင် နွေးထွေးမှုတွေကိုတော့ အဲဒီကနေ ရကြတယ်လေ ဏော။

*နွးထွေးတဲ့နေရာလေးတစ်ခုမို့ပဲ လို့ထင်ပါတယ်။ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နှလုံးသား တွေကတော့နီးစပ်နွေးထွေးနေကြတယ်။ ဒီတော့ ပျော်ရွှင်ရာ ပုံရိပ်ယောင်အိမ်ကလေးထဲ မှာပဲ ကျွန်မတို့ ဖြေသိမ့်နွေးထွေးတတ်လာတယ်။ တစ်ယောက်ငိုနေရင် တစ်ယောက်က ဖေးကူမယ်၊တစ်ယောက်စိတ်ညစ်နေရင် တစ်ယောက်က ပျော်အောင်လုပ်ပေးတယ်။ တစ်ယောက်က ပျော်ရွှင်နေရင် အဲဒီပျော်ရွှင်မှုကိုဝေမျှကြတယ်။ ဒီလိုနဲ့ နှလုံးသားတွေနဲ့ မီးဖိုထားတဲ့ အိမ်ကလေးတွေလင်းချင်းပျော်ရွှင်လာခဲ့တယ်။*

တကယ်ပါပဲ.. ပျော်စရာ အချိန်လေးတွေ...
ဒါကို သိသူလဲ ရှိ၊ မသိသူလဲ ၇ှိပေါ့ဗျ ဏော။ ဒါပေမဲ့ ကျွန်တော်တို့ တတွေအတွက်တော့ ဒါ.အမှတ်ရစရာလေးတွေပါပဲ။ ကျွန်တော်တို့ ပျော်၇ီင်ခဲ့ပြကတယ်။ ပျော်ရွှင် နေကြတယ်။ ဒါတွေဟာ.. ဒီ အိမ်လေးတွေဟာ အခြေအနေ အကြောင်းကြောင်းကြောင့် ရပ်တံချြင် ရပ်တံ့သွားမယ်။ ကျနေယ်တို့မှာတော့ အိမ်ကလေးတွေမှာ ပျော်ရွှင်ခဲံကြတာတွေ အမြဲ အမှတ် ၇နေကြတော့မှာပါ။
တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်းပြန်လည်ဝေးကွာသွားနိုင်သေးတာပဲ ဆိုပေမဲ့ အမှတ်တ၇ ပျော်၇ွှင်ခဲ့ကြတာတွေတော့ ဘယ်သူကမှ လာဆွဲ နှုတ်ယူသွားလို့ မရပါဘူးးး မကြီးရေ။

အိပ်မက်တွေ.. ဆနဓနဲပ ဘ၀တွေ တထပ်တည်း ကြစေချင်တဲ့ ကျဖို့ ကြိုးစားနေတဲ့ ဆန္ဒမွန်ဖြင့်

Julian said...

ဒီလယ်တောအိမ်ကလေးက
အထီးကျန်နေသူကို ပျော်ရွှင်စေနိုင်ပါတယ်
သူငယ်ချင်းတွေလဲပျော်နေကြမယ်ဆိုတာယုံပါတယ်
တနေ့တနေ့ အိမ်ကလေးကိုကြည့်ပြီးလူသားပီပီတွယ်ငြိလာတဲ့စိတ်ကိုတအံ့တသြ ရုတ်တရက်သိလိုက်ရတယ်
ဒီအိမ်လေးက ကိုယ့်အတွက်တော့ အမောဟူသမျှအကုန်ပြေတတ်ပြီး အိမ်နီးချင်းတွေလယ်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် အမှိုက်လှည်း ရေလောင်းနေရတာလည်းပျော်တယ်
လောလောဆယ်တော့ ဘာအကြောင်းကြောင့်မှန်းမသိဘဲလယ်တောအိမ်ကိုသွားရတာခက်လာတယ် နက်ကြောင့်လား ကွန်ပြူတာကြောင့်လားတော့မသိဘူး
မရတဲ့ကြားကအတင်းဝင် ခဏခဏကြိုးစားဝင် ရောက်ရင်ပြန်ထွက်ရမှာကြောက်နေတတ်တယ် ထွက်ပြီးရင် ကိုယ့်လယ်တောအိမ်ကို ပြန်ဝင်ဘို့ ရီစတာ့ လုပ်ရပြန်တယ်
အင်း ဒီကွန်မန့်ကိုလည်း နာရီဝက်ကြာအောင်ရေးယူရတယ်။
တစ်ခုခုတော့မှားနေပါဘီ။


ဂျူ

ဆောင်းယွန်းလ said...

မြက်ခင်းစိမ်းနဲ့တဲငယ်လေး.................

ခံစားချက်တသီတတန်းကြီးကို သယ်ဆောင်ပြီးပြန်သွားပြီ မနော်ရေ......

WWKM said...

လယ်တောလေးတွေကချစ်စရာ..
မီးလည်းမနေ့က ၀က်တစ်ကောင်၊နွားတစ်ကောင်၊လယ်တစ်ကွက်နဲ့ သစ်ပင်လေးတွေ လက်ဆောင်ရခဲ့တယ်. ဒါပေမယ့်
မီး မကစားချင်သေးဘူး။သူများတွေ လယ်တွေပိုင်နေတာကိုတော့ အားကျတယ်.း)))
စီဘုံးမှာ ရေးလို့မရဘူး။
နှုတ်ဆက်လို့မရဘူးပေါ့.း(

sin dan lar said...

Farm Town က လယ်သူမလေးကို Farm Ville ကလည်း ဖိတ်ခေါ်ပါတယ်...။ အလည်တစ်ခေါက်လောက်လာခဲ့ပါ...။

နန်းညီ said...

အဲဒါတအားဆော့ချင်တာ ဒါမယ့် loading တအားကြာလို့ လုံးဝဝင်မရဖူးဘူး.. ဖလက်ရှ်မရှိတာကြောင့်လည်းပါမယ်. ကိုးနတ်ရှင်ကြောင့်လည်းပါမယ်..း(

မယ်ကိုး said...

မရေ..မရဲ့  စာလေး ဘယ်လို ကျော်သွားလဲ မသိဘူး။ အခုမှ ဖတ်ရတာ။
မရဲ့ လယ်လေးအကြောင်းကို အစ်ကို မိုးကုတ်သားဆီက ကြားကတည်းက မရဲ့ လယ် လေးကို လာရိတ်ပေးချင်နေတာ။

လုံးဝမအားလို့ ... facebook account လည်း မရှိလို့... လုံးဝအားသွားတဲ့နေ့မှာ တကယ်လာရိတ်ပေးမယ်နော် ...မ။

eaindraomtt said...

ဟုတ်တယ်တော့...

ညီမလေးလဲ..မယ်ကိုးလို...ဘယ်လိုကျော်သွားတယ်မသိ

မမရေ..ဘာတွေမှည့်ပြီလဲ..
ဘာတွေစားလို့ရပြီလဲ...
အလည်လာခဲ့မယ်..နော်..တစ်ခေါက်..
ကြည့်ရတာ၊ဖတ်ရတာနဲ့တင်..ပျော်စရာကောင်းလိုက်တာ
မိုးကုတ်သားနဲ့ ကိုရင်နော်လဲ ဖိခိုင်းပေးနော်..မမ
အပိုးကျိုးအောင်...

ညီမလေးလည်း အားရင် ပေါင်း လာနှုပ်ပေးပါ့မယ်..။

ချစ်တဲ့

ညီမလေး..

အိန္ဒြာ

ဇော် said...

အိ..
ငေးမိသွားတယ် ဒေါ်လေးမေ..။

tg.nwai said...

မနော်ရေ...တကယ်တမ်း ဘယ်လောက်ရုပ်ဝတ္ထုတွေ တိုးတက်လာပစေ..သဘာဝလောက် လွတ်လပ်ငြိမ်းချမ်းတာတော့ရှိမယ် မထင်ဘူးနော်..
သူများတွေကို အားကျပေမယ့် နေ့တိုင်းလည်း မတက်နိုင်တော့ ကြာကြာခံမယ့် အပင်တွေပဲစိုက်ထားရတာ။ ဒီကနေ ကစားနေရတာ တော်တော်ဆိုးတာပဲ.. စီးပွားရေးတော်တောိထိခိုက်ပါတယ်..ကွန်နက်ရှင်မကောင်းလို့ စိုက်လိုက် ပျောက်သွားလိုက် ပြန်စိုက်လိုက်နဲ့ဆိုတော့ တော်တော် ထိတယ်။ ဒီကြားထဲ ဂိမ်းကစားတာတောင် သူများတွေနဲ့ ဆက်စပ်လို့ မရတဲ့ တယောက်တည်း သမားဖြစ်နေတော့ သူများကိုလည်း သွားကူမရ၊ ကိုယ်ကလည်း သူများ အကူခေါ်လို့မရ...အထဲက လယ်သမားဘ၀ တော်တော် ပင်ပန်းပါတယ်မနော်ရယ်..ဟဲဟဲ

lovelessguiter said...

အစ်မရေ..ကျွန်တော်ကတော့ ဂိမ်းကို မဆော့တတ်ဘူးဗျ..သေချာ မဆော့ဖူးတာလည်း ပါမှာပေါ့နော်..။
အစ်မတို့ အဲလိုမျိုးပို့စ်လေးတင်လိုက်တော့လည်း ကိုယ်ပိုင်လယ်တောလေးတော့ လိုချင်သား....ဒါပေမယ့်ဘယ်လိုလုပ်ရမှန်းမသိဘူး...
်facebook မှာလည်း ကျွန်တော်ရှိပါတယ်... ဒါပေမယ့် တစ်ခါမှ မဆော့ဖူးဘူး..။

mo3 said...

အစ်မရေ ... ကျွန်တော်လည်း မအားတာနဲ့ အခုမှ ရောက်ဖြစ်တယ် ... တကယ်တမ်းတော့ အဲဒါလေးကို ကစားနေရတဲ့အချိန်က စိတ်ချမ်းသာစရာ အကောင်းဆုံးပါပဲ ... အပြင်လောကကို ခဏမေ့ထားလို့ရတယ်လေ ...

အမရာ said...

ချစ်မက...လယ်တောလေးရော
ချစ်စရာအိမ်လေးပါရှိတယ်ပေါ့.....
အားကျလိုက်တာ..........

ကေ.တီ.အမ် said...

မနော်ရေ .. ကျွန်တော်ကတော့ နောက်အကျဆုံးဖြစ်နေပြီခင်ဗျ ...
တစ်နေ့တစ်နေ့ မရေရာ မသေချာခြင်းတွေနဲ့ အချိန်ကုန်နေတာ ...

မနော်က .. KTM ပဲရေးပြီး smile ကျ ဖြုတ်ထားတယ် ... smile ကလည်း ကျွန်တော့် နာမည်ပါပဲ .. Eng nick .. အမေပေးထားတာ ;)

ဒါနဲ့ ... မနက်ဖြန်ဆို . နာနတ်တွေရတော့မှာနော .. :D

Nee said...

အမရေ အမရေးတဲ့ဒီလယ်ခင်းလေးကို facebook မှာ တွေ့လိုက်လို့ ကလစ်လုက်ပြီးဖတ်တာ အရမ်းကြိုက်သွားတယ် ဒီလောကမှာ ကျမလိုစိတ်မျိုး ရှိတဲ့ လူရှိသေးပါလား လို့တွေးပြီး တော်တော်ပျော်သွားတယ်။ ကျမလည်း ခြံလုပ်တာဝါသနာပါတတယ် Game ထဲမှာတော့မဟုတ်ဘူး အပြင်မှာ တနွေလုံး ကျမနေပူကြီးထဲစိုက်ခဲ့တာ ဒီတဆောင်းခရမ်းချဉ်သီးနှင့် ချဉ်ပေါင် ၀ယ်စားဖို့မလိုတော့ဘူး ရေခဲထားလိုက်တယ်။ အမပြောသလိုပဲ အိမ်နားနီးချင်းတွေ ကျမတောင်ယာကိုလာလည်ကြပါတယ်။ အသီးတွေလည်းဝိုင်းခူးကူကြတယ် တကယ်အပြင်မှာပါ။ အခုဆောင်းတွင်းရောက်ပြီဆိုတော့ အမတို့စိုက်ခင်းဖက်ကိုများ အလည်သွားရမလား စဉ်းစားနေတယ် ဒီရောဂါလည်းမသေးဘူး။