ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းများ

Thursday, August 6, 2009


ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းများ

နံနက်ခင်းလေးတစ်ခုခုက ကျွန်မကိုလွမ်းဆွတ်နေပါတယ်ဆိုရင် သေချာတယ် အဲဒီနံနက်ခင်းလေးဟာ နှင်းငွေ့တွေဝေနေတဲ့ သိဟ်ရာသီနက္ခတ်အောက်က နံနက်ခင်းလေးတစ်ခုလည်းပါဝင်နေလိမ့်မယ်။ ကျွန်မမကြားရဲတဲ့နံနက်ခင်းတေးသွားတစ်ခုကိုခပ်တိုးတိုးညည်းဆိုနေရင်း.ကျွန်မကိုပုဂံလမ်း ထက်ကနေ စောင့်မျှော်နေခဲ့လိမ့်မယ်။အို….ကျွန်မ…နှင်းတွေကြားထဲမှာလမ်းပျောက်နေခဲ့ပါပြီ။ ပြန်လာခဲ့ချင်ပေမယ့် သက္ကရာဇ်အထပ်ထပ်တွေက ကျွန်မရှေ့မှာပိတ်မှောင်ကာဆီးလို့……….။

နံနက်ခင်းလေးနဲ့အတူ ကံကော်တွေကလည်းကျွန်မကိုလွမ်းဆွတ်လို့တဲ့ ကဗျာရှည်တစ်ပုဒ်ကိုဖွဖွညင် ညင် ရွတ်ဆိုမြည်တမ်းလို့ ။စိမ်းစိမ်းချွန်ချွန်ကံ့ကော်ရွက်တွေကလည်း ကံကြမ္မာကိုသူတို့ရဲ့ချွန်ထက်တဲ့ လက်သည်းတွေနဲ့ပဲ ကျွန်မကိုယ်စားထိုးစိုက်ပေးတော့မယောင်နဲ့…ညင်သာသွယ်ပြောင်းစွာ ခက်ထန် မာကျောလို့…။ကျွန်မ ကလဲ့စားခြေမှုတွေကိုမုန်းပါတယ်ကွယ်။ထားခဲ့လိုက်ပါတော့နော်။

လက်ဘက်ရည်ဆိုင်အိုလေးထဲက ဟောင်းနွမ်းနေတဲ့ခုံလေးပေါ်က လက်ဘက်ရည်ခွက်လေးတစ်ခွက် ပါဝင်တဲ့ နံနက်ခင်းလေး ကလည်း ကျွန်မကိုမျှော်လင့်လွမ်းဆွတ်နေခဲ့တယ်။
အမ မသောက်တော့ သူ့ခမျာ သနားပါတယ် ….တဲ့။
စားပွဲထိုးလေးကပြောတယ်။ဟန်ဆောင်တင်းမာနေတဲ့ မျက်နှာပြင်အောက်ကအပူငွေ့တွေနဲ့ လက်ဘက်ရည်ခွက်ကလေးဟာ ကျွန်မကို..မသိကျိုးကျွံပြုကာ..တမ်းတလို့………။ ကျွန်မ..မရေမတွက်နိုင်တဲ့……အပေါ်ယံကော်ဖီခွက်တွေကိုမုန်းလှပါပြီ။ကျွန်မပြန်လာခဲ့ပါ့မယ်။ ဘယ်တော့လဲဆိုတာတော့ကျွန်မလည်း မသိသေးလို့ ခွင့်လွှတ်ပါဥိး။

ကျွန်မရဲ့ခြေသံကိုတိတ်ဆိတ်စွာမျှော်လင့်စောင့်စားနေတဲ့ နံနက်ခင်းကလေးကတော့ ခုထိ မျှော်လင့်ခိုး တွေတဝေဝေနဲ့ ကျွန်မကို လွမ်းဆွတ်နေတုန်း။ ကျွန်မ သူ့ကို ဘာတွေနဲ့ဖြေသိမ့်ပေးလိုက်ရမှာတဲ့လဲ။ တကယ်တော့ နံနက်ခင်းတွေကို ကျွန်မတို့က ရွေးချယ်ခွင့်မရှိသလို နံနက်ခင်းတွေကလည်း ကျွန်မတို့ ကိုရွေးချယ်ခွင့်မရှိတာ ကျွန်မ ဘယ်လိုရှင်းပြလိုက်ရပါ့။ ပစ်ချခံလိုက်ရတဲ့ဘဝကိုယ်စီမှာ အတိတ်ကံ အင်္ကျီဟောင်းတွေကို မနှစ်လိုစွာဝတ်ဆင်ရင်း သက်ပြင်းတွေကိုသာခပ်ကြမ်းကြမ်းမှုတ်ထုတ်ပစ်လိုက် ရတဲ့အခါ ကျွန်မကမ္ဘာဟာလည်း နံနက်ခင်းလေးလိုပဲ သက်ပြင်းခိုးတွေနဲ့စိမ့်ဝေနေခဲ့ပြန်ပါတယ်။

တစ်ချိန်တုန်းကတော့ နံနက်ခင်းဝေသီသီထဲမှာ ပုဂံလမ်းပေါ် တစ်လှမ်းချင်းခြေချနင်းလျှောက်ရတာကို ပျော်မွေ့နေခဲ့ဖူးတယ်။ တိတ်ဆိတ်နေတဲ့ နံနက်ခင်းထဲမှာ ကျွန်မရဲ့ခြေသံကလွဲရင် ကံ့ကော်ပွင့်တွေရဲ့ ဝတ်မှုန်တေးသံတချို့သာ သာသာယာယာကြားနေရတတ်တာပေါ့။ အနက်ရောင်လမ်းမလေးရဲ့ ခပ်သဲ့သဲ့ ငိုရှိုက်သံတွေကို အဲဒီတုန်းကတော့ ကျွန်မက မသိကျိုးကျွံပြုခဲ့မိတယ်။ ဒီရာဇဝင်လမ်းကလေး မှာ ပုံပြင်တွေအများကြီးနဲ့ ရင့်အိုနာကျင်နေခဲ့ရှာမှာပဲလို့ မတွေးခဲ့မိဘူး။ခုတော့ သူ့ပုံပြင်တွေထဲမှာ ကျွန်မက ဒဏ္ဍာရီဇာတ်ကောင်တစ်ကောင်အဖြစ်အသက်ဝင်ခဲ့ရပြီပဲ။

နံနက်ခင်းကလေးရေ…ကျွန်မကိုလွမ်းတိုင်း ပုဂံလမ်းမပေါ်က ဒဏ္ဍာရီတွေကိုသွားဖတ်တတ်တယ်တဲ့ လား………။ အဲဒီမှာ မာကျောကျော ကျွတ်ဆတ်ဆတ်ပုံပေါက်နေတဲ့ သံမဏိပွင့်ဖတ်လေးရဲ့ အတ္ထုပ္ပတ္တိ တစ်စကို တွေ့ရလိမ့်မယ်။ ULB အဆောက်အဦဘက်သွားတဲ့လမ်းမဖက်ဆီ ငေးရီရင်း ကျွန်မများ အရင်တချိန်ကလို တစ်စုံတစ်ခု ပျောက်ဆုံးနေလို့လာရှာသလို ခြေဦးလှည့်လာလိမ့်ဦးမလားဆိုတဲ့ အတွေးတွေနဲ့ ငေးကြည့်နေမိတတ်သေးသတဲ့။ ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့။ ကျွန်မဟာ ပျောက်ဆုံး နေသောနာကျင်မှုတွေနဲ့ အသားကျနေခဲ့သူပါ။ လူးလာခေါက်တုံ့ပြန်ပြန်လှည့်လာတဲ့ ဖန်တရာထေ ကံကြမ္မာဆိုးတွေကို လက်ခံနေမိတတ်သူပါ။

နှင်းရည်တွေနဲ့စိုလဲ့နေတဲ့မြက်ခင်းစိမ်းနုနုလေးတစ်ခုပါဝင်တဲ့နံနက်ခင်းကလေးကလည်း ကျွန်မကို လွမ်း နေသတဲ့။ စကားလုံးတွေ၊စာအုပ်တွေ စကားပွင့်ကြွေတွေ နဲ့သူ့ရင်ခွင်မှာလာဖြန့်ကျဲထားတတ်ပြီး သူ့ကို တော့မေ့လျော့နေတတ်တဲ့ ၊ကုန်ဆုံးသွားတဲ့နံနက်ခင်းတွေကို လက်ဘက်ရည်တစ်ခွက်နဲ့ အရသာခံနေ တတ်တဲ့ ကျွန်မကို သူလွမ်းဆွတ်နေသင့်ရဲ့လား။ တကယ်တော့ ကျွန်မဟာ မတရားခဲ့သူပါ။ ခုတော့ လည်းပြန်စရာလမ်းတွေက ပျောက်ဆုံးနေခဲ့ရပြီ။ဝင်္ကပါအထပ်ထပ်နဲ့ ထွက်ပေါက်မဲ့နေတဲ့ ဘဝတွေထဲ ငါလည်း မင်းကိုလွမ်းနေတယ်လို့ ပြောလိုက်ဖို့တောင် အားအင်တွေမဲ့နေခဲ့ရပေါ့။

တစ်ထစ်ပြီးတစ်ထစ် နင်းတက်လာရတဲ့လှေခါးတွေကိုခေါင်းအုံးမော့ကြည့်လိုက်တော့ မိုးကချုပ်စပြုနေ ခဲ့ပြီ။ ဒီတစ်ညကိုဖြတ်ကျော်လိုက်ရင် ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းကလေးဆီ ပြန်လှည့်နိုင်မှာ မို့လား။ ညညတွေမှာ အိပ်စက်ခြင်းကင်းမဲ့စွာ နံနက်ခင်းတွေကို စောင့်ကြိုဖမ်းဆုပ်ဖို့ကြိုးစားနေခဲ့ ပေမယ့် တကယ်တမ်းကျ ကျွန်မက နံနက်ခင်းတွေထက် နောက်ကျနေခဲ့ရပြန်တယ်။ နာရီတွေကို နောက်ပြန်လှည့်ပစ်ဖို့ပညာရပ်မတတ်စွမ်းခဲ့သလို နံနက်ခင်းတွေကိုလည်း ခရီးထွက်လာနိုင်စေဖို့ မစွမ်း ဆောင်နိုင်ခဲ့တဲ့ငါဟာ လူညံ့တစ်ယောက်ပါ။ ပစ်စလက်ခတ်ညံ့ဖျင်းမှုတွေနဲ့ အသံသေနေခဲ့သူပေါ့။

ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့..လေညင်းကလေးရေ…မင်းချစ်တဲ့နံနက်ခင်းတွေကိုပြောပြလိုက်ပါ။ လွမ်းဆွတ်ခြင်းတွေကို တနင့်တပိုးလက်ခံရရှိထားတဲ့အကြောင်းပေါ့။ အရာကိုကိုခွာချထားရစ်တတ်ချင် တဲ့..ငါ..ခုကျကာမှ ဒီလွမ်းဆွတ်ခြင်းတွေကို ဘာလို့များ နင့်နင့်သီးသီးလက်ခံထားမိရတာတဲ့လဲ။ ကျွန်မ ကိုမလွမ်းကြပါနဲ့ လို့လည်း မတားရက်နိုင်ပြန်ပါဘူး။တကယ်ဆိုရင်လည်း ကျွန်မဟာ လွမ်းဆွတ်ချင်စရာ မကောင်းတဲ့သံမဏိစလေးတစ်စသာသာပါပဲ။ ကိုယ့်ကိုယ်ကိုပါးလျပ်မာကျောဟန်ဆောင်ထားရင်း အပေါ်ယံကြောတင်းနေတဲ့ ကော်ဖီခွက်တွေကိုမေ့လျော့ရှောင်ကွင်းရင်း နံနက်ခင်းတွေကို လျစ်လျူရှု ထားခဲ့မိတာလေ။

အလင်းစက်တွေပြိုကျလာတဲ့ လမ်းအိုလေးကတော့ ကျွန်မနာမည်ကို ခပ်ဖွဖွရွတ်ဆိုလို့ နံနက်ခင်းလေး ကိုနှစ်သိမ့်ဖို့ကြိုစားခဲ့သတဲ့။ ခြေတစ်လှမ်းအချမှာ ကျွန်မခပ်ဖွဖွရွတ်ဆိုတတ်တဲ့သံစဉ်တွေကို မှတ်တမ်း တင်ထားတတ်တဲ့နံနက်ခင်းကလေးကတော့ ကျိုးပျက်ကျန်နေခဲ့တဲ့နရီတွေကို လိုက်ကောက်နေခဲ့တုန်း။ ဘယ်လိုမှ ပြန်လည်ဖွဲ့သီလို့မရတော့မှာ သိရက်သားနဲ့..နံနက်ခင်းတွေမှာလည်း မျှော်လင့်ချက်မှုန်မှုန် တွေကျနေတတ်ပါသေးလား…။ဘယ်လိုနေရောင်ခြည်ကများ ဒီမျှော်လင့်ချက်တွေကို အငွေ့ပျံစေခဲ့တာ ပါလိမ့်။
သိင်္ဂါရ ရသမြောက်တဲ့ လက်တစ်ကမ်းအကွာကခြေလှမ်းတွေကိုလွမ်းဆွတ်မိတဲ့အခါ နံနက်ခင်းတချို့က ကျွန်မနဲ့အတူကပ်ပါလာတယ်။ စောင့်မျှော်ခြင်းလက်ဘက်ရည်ခွက်တွေကို မသိကျိုးကျွံပြု ကျော်ကျော် သွားပြီးမှ မသိသလိုပြန်ပြန်လှည့်လာတတ်တဲ့ အရိပ်တွေကိုများ လိုက်လံရှာဖွေနေရော့သလား…။ စစ်ကိုင်းလမ်းပေါ်က ရယ်မောသံတချို့တောင်ကွယ်ပျောက်နေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။ ဒါဟာ တချိန်က ငါတို့ရဲ့ နေရာတဲ့လား။ ကံ့ကော်တင်းကုတ်လေးတစ်ခုသာပါဝင်တဲ့ နေဝင်ရီတရောအချိန် လေးတွေကိုမှ ကျွန်မတို့က.ဘာလို့တပ်မက်ခဲ့ကြတာလဲ။သင်းပျံ့ကျန်နေရစ်ခဲ့ပေမယ့် ပြန်လည်ဆက်သီ မရတော့တဲ့ ရနံ့တွေနဲ့အတူ ငါတို့ ရူးသွပ်ခဲ့ကြတော့မယ်။ နံနက်ခင်းလေးရေ ကျေးဇူးပြုပြီး ငါ့ကိုမလွမ်း လိုက်ပါနဲ့တော့…။ငါ့ပေါ်ရွာရွာကျလာတဲ့ မျှော်လင့်ခြင်းအခိုးအမှုန်တွေကို ငါက တုန်နေအောင်ကြောက် တတ်တဲ့သူပေါ့။ သံမဏိပွင့်ဖတ်တစ်ခုလို ဟန်ဆောင်နေထိုင်ကျင့်ကြံခဲ့ဖူးတာဝန်ခံလိုပါရဲ့။ ဒါပေမယ့် ငါဟာ ငါ့ရနံ့တွေကိုတော့သိုဝှက်မထားခဲ့မိပြန်ပါဘူး။ညံ့ပြီးရင်းညံ့ဖျင်းနေခဲ့ရတဲ့သူပါ။

တချို့ပုစ္ဆာတွေက အဖြေမရှိဘူး။ တချို့ပုစ္ဆာတွေရဲ့အဖြေက အနန္တ၊တစ်ချို့ပုစ္ဆာတွေရဲ့အဖြေက သုည။ သုညတွေအများကြီးကိုထမ်းပြိး အနန္တတွေရှိရာဆီ ရမ်းရော်ခရီးဆက်ကြတဲ့အခါ မရေရာခြင်းတွေသာ ပြိုကျလာတော့ရဲ့။ ပြန်ဆုံခွင့်မရှိတော့တဲ့ နံနက်ခင်းတွေရဲ့ အော်ဟစ်ညည်းညူသံကို မကြားလိုတော့ ပါဘူး။ ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့။ ကျွန်မမှာ လှည့်ပြန်လာစရာလမ်းရှိခဲ့ရင်တောင် ကျွန်မခြေလှမ်း တွေက ဆွံ့အ ထုံကျင်နေခဲ့တော့မယ်။ မတော်တဆ ပြန်လည်ကောက်ရသလိုမျိုးများ ကျွန်မကို ပြန်ကောက်ရခဲ့မယ်ဆိုရင် နံနက်ခင်းကလေးတွေရေ …ကျွန်မကို သေချာပြန်လည်သိမ်းထုတ်ပေးလှည့် ပါ။ မြက်ခင်းစိမ်းစိမ်းနဲ့ စကားပွင့်ကြွေတွေသာပါတဲ့ ပုဂံလမ်းပေါ်က နေ့ရက်ခြေသံတွေထဲသာ အသေ အချာသိမ်းထုတ် ထားပစ်လိုက်ပါ။ ခုတော့ နံနက်ခင်းတွေမပါတဲ့ အလင်းတွေဟာ လင်းတောက်စူးရှစွာ ရင့်မှောင်နက်ရှိုင်းနေခဲ့ပါတယ်။ ၊
မနော်ဟရီ



27 Comments:

Zephyr said...

မနက်ခင်း တစ်ခုစာ ...
စိတ်ချမ်းသာပါစေသော်ဝ် ...။ ။

Zephyr

eaindraomtt said...

သံမဏိပေမယ့်
ပွင့်ဖတ်ပေပဲ မမရယ်...

တကယ်တော့
နူးညံ့လှပမှုတွေကို မာကျောကျစ်လစ်စေခဲ့တာ...

ပြန်လာခြင်းခရီးတစ်စအတွက်...
လမ်းဟာ..စောင့်ကြိုခြင်းကို ဖြန့်ခင်းထားလေမလား..

ကံကော်တင်းကုတ်လေး....
ကံကော်တင်းကုတ်ကလေး..မှာ...
ဝတ်မှုန်တွေ အနံ့..အ..ကုန်ကြပါပေါ့...

ချစ်တဲ့

အိန္ဒြာ

လင်းဒီပ said...

ပစ်ချခံလိုက်ရတဲ့ ဘဝကိုယ်စီမှာ အတိတ်ကံ အင်္ကျီဟောင်းတွေကို မနှစ်လိုစွာဝတ်ဆင်ရင်း....
နောက်ဆုံးတော့လည်း...
အလွမ်းတွေနဲ့ ရင်ရော် ဆွံ့အနေရတဲ့ ဘဝတွေပါလေ

ဇော် said...

ဝေးဟေးဟေး
အီဖေကိုယ် ၃ဗျ။
ငှဲငှဲငှဲ။

မယ်ကိုး said...

မရေ...ဒီစာလေးက အသစ်ကလေးထင်တယ်နော်။

ရေးဟန်လေးညက်လွန်းလို့  မလွမ်းပါနဲ့  ဆိုလည်း လွမ်းမိသွားတယ်။
သံမဏိပွင့်ဖတ်ရဲ့  ကြေကွဲခြင်းတွေကို တွေ့ ထိရတယ်။

မီယာ said...

ပုံလေးက စာနဲ့ လိုက်ဖက်လိုက်တာ... လွမ်းစရာလည်း ကောင်း သနားစရာလည်း ကောင်း...
ဖတ်ရင်း ကံ့ကော်ပန်းတွေရယ် အရုဏ်ဦး အချိန်ရယ် ပုဂံလမ်းရယ်ကို သတိရလိုက်တာ

Kay said...

ရီဝေေ၀..အတွေးများနဲ့..အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ..လွမ်းမောစရာ..အကြင်နာ မိုးသဲထဲမှာ.. ကိုယ်တယောက်ထဲ..ဆွေးစိတ်မပြေ..အချစ်ရေ..ပြန်လှမ်းခဲ့တော့လေ.. မိုးနဲ့အတူ..ပုဂံလမ်းက..စောင့်နေမယ်..

( ခုတလော..သိပ်ဆိုလို့ကောင်းနေတုန်း တိုက်တိုက်ဆိုင်ဆိုင်)

အိုင်လွယ်ပန် said...

အလွမ်းတွေ ...
မှိန်နေပေမယ့်
အရောင်တစ်အားရင့်တယ် အစ်မ ...

မောင်ခင်လေး said...

နံနက်ခင်းတွေဆီ အရောက်လှမ်းနိုင်ပါစေ မနော် :)
ကောင်းသောနေ့ပါ :)

ဖိုးစိန် said...

မြူခိုးတွေ ဆိုင်းနေတဲ့ လွမ်းဆွတ်ဖွယ် နံနက်ခင်းမှာ


ငြိမ်သက်စွာလဲလျောင်းနေတဲ့ ရာဇဝင်ထဲက

ပုဂံလမ်း...


တချက်ချက် ဆွတ်ပျံ့ပျံ့လွင့်လာတဲ့ ကံ့ကော်

ရနံ့တွေ...


ပျင်းရိလွန်းတဲ့ လေပြေ တစ်ချက်နဲ့ လှိမ့်လူးလာတဲ့

ကြွေရွက်ခြောက်တွေ...

ဒီရွက်ခြောက်တွေ ကြား တရှပ်ရှပ် လျှောက်လာနေတဲ့

ခြေသံတစ်စုံ...

ဦးတည်ရာက ဟောင်းနွမ်းနေတဲ့ ခုံလေးတစ်ခုံ

ရှိနေမယ့် မမြင်သာထောင့် စွန်းစွန်း တစ်ခုနားက

စားပွဲဆီသို့....

ခါးသက်သက် အနံ့ပါတဲ့ ကျဆိမ့်

လက်ဘက်ရည်တခွက် မရောက်ခင်

စာပါတဲ့ စာအုပ်ကို ထုတ်လို့

မရောင်မလည် ပြန်လှမ်းခဲ့ တဲ့ ပုဂံလမ်းလေးကို

ပြန်ငေးလို့....


ခြေရာထပ်အောင် လျှောက်ခဲ့ဖူးတဲ့ ဒီလမ်း....

ဒီလမ်း....ကို...

ငါလွမ်း...

ငါလွမ်း....

ငါလွမ်း....

တစ်စုံတစ်ယောက်များ ငါ့လို ငါ့နဲ့အတူ ငါ့နဲ့ တချိန်တည်း ရောက်မလားမလား....


တွေးတော ငေးမေားးး


ဟိုအတိတ်ရဲ့ အရိပ်တွေ ဆီ....

ခုတော့ ....

ခုတော့.....

လွမ်း... ဆွတ်... ကြေ...ကွဲ...

ဝေး....ဆဲ....


မကြီးရဲ့ နူးညံ့သိမ်မွေးတဲ့ အရေးအသားကြောင့်

ရောက်ခဲ့ လျှောက်ခဲ့ ပျော်ခဲ့ ဖူးတဲ့ ပုဂံလမ်းလေး နဲ့

နံနက်ခင်းများစွာကို လွမ်းမောသွားပါတယ်...


မကြီးရေ...

လှပသာယာတဲ့ နှင်းမှုံတွေ ကြားက မနက်ခင်းတစ်ခုမှာ

မကြီးအတွက် အသေအချာ ထုတ်သိမ်းထားတာတွေကို

မကြီးလွမ်းမော စွာ ပြန်မြင်ရဦးမှာပါ...

အဲဒီလွမ်းမော စရာ နံနက်ခင်းထဲမှာ ကံ့ကော်နံ့တွေ သင်းပျံ့နေတဲ့ ပုဂံလမ်းကို လျှောက်ပြီး လက်ဘက်ရည် ကျဲကျဲ တစ်ခွက် သောက်နေတဲ့ အချိန်ထိ မကြီး လွမ်းနေခဲ့တဲ့ ဒီအလွမ်းတွေ အတွက် ဆက်ပြီးလွမ်းမော နေမိဦးမှာပါ....


မကြီးလွမ်းဆွတ်နေတဲ့ နံနက်ခင်း လမ်းမပေါ်မှာ

မကြီး ပျော်ရွင်ကြည်နူးစွာ ကဗျာ ရှည်ရှည်တစ်ပုစ်ကို ရွတ်ဆိုရင်း ဘဝအမောတွေ ခေတ္တ ခဏတော့ ဖြေသိမ့်နိုင်မှာပါဗျာ။။။။

လွမ်းနေတဲ့ သူတစ်ယောက် ရေးတဲ့ စာကို

လွမ်းဖို့ပဲ ကြိုးစားနေတဲ့သူက အားရပါရ လွမ်းသွားရပါတယ်....


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကိုရင်နော်ခင်လေးငယ် said...

မတော်တဆ
ပြန်လည်ကောက်ရသလိုမျိုးများ
ကျွန်မကို ပြန်ကောက်ရခဲ့မယ်ဆိုရင် နံနက်ခင်းကလေးတွေရေ.....
နံနက်ခင်းကလေးတွေရေ.....
နံနက်ခင်းကလေးတွေရေ.....


အလွမ်းတွေ ကူးစက်ခံစားရင်း...

ချစ်ခင်စွာဖြင့်

Craton said...

ကံကော်.... စကား.....
ဘာလို့များ သူတို့တွေကို စာတိုင်းမှာကောက်ရမိနေသလဲ
အလွမ်းတွေဟာ သူတို့ကိုမြင်တိုင်း နှလုံးသားထဲက ခုန်ခုန်ထွက်လာတယ်.. တားမရဆီးမရ..

ဒီလိုပါပဲ ... ဟန်ဆောင်ကောင်းတဲ့ သံမဏိပွင့်ဖတ်တောင် လွမ်းနေသေးရင်
နံနက်ခင်းလေးတွေဟာလည်း တို့တတွေကို လွမ်းနေပေါ့

လက်ဖက်ရည်တစ်ခွက်ဟာလည်း တို့အတွက်
ဂန္တ၀င်သိပ်မြောက်တဲ့ ရသမျက်ရည်ပါပဲလေ..

သိပ်ခံစားရတယ် အင်းလျားရယ်...

WWKM said...

စစ်ကိုင်းလမ်းပေါ်က ရယ်မောသံတချို့တောင်ကွယ်ပျောက်နေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။ ဒါဟာ တချိန်က ငါတို့ရဲ့ နေရာတဲ့လား။ ကံ့ကော်တင်းကုတ်လေးတစ်ခုသာပါဝင်တဲ့ နေဝင်ရီတရောအချိန် လေးတွေကိုမှ ကျွန်မတို့က.ဘာလို့တပ်မက်ခဲ့ကြတာလဲ။သင်းပျံ့ကျန်နေရစ်ခဲ့ပေမယ့် ပြန်လည်ဆက်သီ မရတော့တဲ့ ရနံ့တွေနဲ့အတူ ငါတို့ ရူးသွပ်ခဲ့ကြတော့မယ်။ နံနက်ခင်းလေးရေ ကျေးဇူးပြုပြီး ငါ့ကိုမလွမ်း လိုက်ပါနဲ့တော့…။ငါ့ပေါ်ရွာရွာကျလာတဲ့ မျှော်လင့်ခြင်းအခိုးအမှုန်တွေကို ငါက တုန်နေအောင်ကြောက် တတ်တဲ့သူပေါ့။

စကာလုံးလှလှလေးတွေဖတ်ပြီး မီးလည်းလွမ်းသွားတယ်.း(

မယ်ကိုး said...

ချစ်တဲ့မရေ...

စီဗုံးက လက်မခံလို့  ဒီမှာလာပြောရတာ စိတ်မရှိပါနဲ့ နော်။
.ကြွေးပူလွန်းလို့  မအိပ်နိုင်ဘဲ စောစာစီးစီး အကြွေးဆပ်လိုက်ကြောင်းလေး အစီရင်ခံချင်လို့ ပါ။

ဆောင်းယွန်းလ said...

တချို့ပုစ္ဆာတွေက အဖြေမရှိဘူး။ တချို့ပုစ္ဆာတွေရဲ့အဖြေက အနန္တ၊တစ်ချို့ပုစ္ဆာတွေရဲ့အဖြေက သုည။ သုညတွေအများကြီးကိုထမ်းပြိး အနန္တတွေရှိရာဆီ ရမ်းရော်ခရီးဆက်ကြတဲ့အခါ မရေရာခြင်းတွေသာ ပြိုကျလာတော့ရဲ့။
သိပ်ကောင်းတဲ့ဖွင့်ဆိုချက်ကလေးပါ
အတွေးလေးကိုပုံဖော်ထားတဲ့စကားလုံးတွေကလည်း
မက်မက်စက်စက်ဖက်တွယ်ထားချင်စရာစကားလုံးတွေ
ပါပဲမနော်ရေ..
မရေရာခြင်းတွေပြိုကျခံနေရတဲ့လူအပေါ်မှာ လွမ်းဆွတ်ခြင်းတွေကပျံ့ပျံ့သင်းသင်း ခင်းကျင်းနေတာကိုတော့ အသေအချာတွေ့ရလေရဲ့
ဒီလိုပါပဲမနော်ရေ...

rose of sharon said...

တချို့ပုစ္ဆာတွေကတကယ်ကိုအဖြေမရှိဘူးကွယ်... အရေးအသားလေးတွေတကယ်ညက်ညောတယ်... အားကျတယ်... အဲလိုရေးတတ်ချင်လိုက်တာ...

အမရာ said...

ချစ်သောမ..ရေ...တပုဒ်လုံးဖတ်ရင်း....
အလွမ်းတွေနဲ့မျောရင်း...ဆုံးမှန်းမသိဆုံး
သွားတယ်.....အရမ်းကြိုက်တယ်........

tin min htet said...

မနက်ခင်းတွေက သူ့ကိုလွမ်းသတဲ့ ..
မနက်ခင်းတွေက သူ့ကိုလွမ်းသတဲ့ ..

Julian said...

မလွမ်းချင်ဘူး
မလွမ်းဘူး
မလွမ်းဘူး
မလွမ်းဘူး......... အထပ်ထပ်အခါခါရေရွတ်ရင်း
မျက်ရည်တွေတားမရအောင်ကျခဲ့..........

မတတ်နိုင်ဘူးဆိုတာလဲအခါခါရွတ်ရင်း .........ငါအခုပိုပြီးကြေကွဲနာကျင်တယ်

ငါတစ်ယောက်တည်းနွေညလယ်မှာပေါ့သူငယ်ချင်းရယ်


ဂျူ

မေငြိမ်း said...

ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ကံ့ကော်ပွင့်တွေလို့ စဉ်းစားလိုက်တိုင်း ရင်ထဲ စူးကနဲ ထိုးအောင့်သွားခဲ့တာ.. ခုတော့ လွမ်းနေတဲ့ မနက်ခင်းကို အဖြတ်မှာ မျက်ရည် ပေါက်ပေါက်ကျရပြန်တယ်။

pandora said...

ပုဂံလမ်းမပေါ်က ဒဏ္ဍာရီတွေကို......

အဲဒီဒဏ္ဍာရီတွေမှာ ကံ့ကော်နံ့တွေ ပျော်ဝင်နေတယ်။ မနက်ခင်းနဲ့ ကိုယ်နဲ့ အပြန်အလှန် လွမ်းနေကြတာပါ။

မေ့သမီး said...

ကံ့ကော်တင်းကုပ်လေးတခုသာပါဝင်တဲ့ နေ၀င်ရီတရောဆိုတာတောင် အဲဒီမှာဘ၀တွေများစွာပါဝင် ခဲ့တာပဲ။ တချိန်မှာတော့ ပျော်စရာမနက်ခင်းတွေကို ပြန်ပိုင်ဆိုင်ရပါစေအမရေ။

လေပြေ said...

နံနက်ခင်းကလေးရေ…ကျွန်မကိုလွမ်းတိုင်း ပုဂံလမ်းမပေါ်က ဒဏ္ဍာရီတွေကိုသွားဖတ်တတ်တယ်တဲ့ လား………။

တီလေးရေ.....တော်တော်လေးသဘောကျမိပါတယ်ခင်ဗျာ။

mirror said...

အစ်မ..ဟိုးအထဲထိ လှမ်းမြင်အောင် ကြည့်ခဲ့တယ်။

လေးစားခင်မင်စွာဖြင့်

ဇော် said...

တက်ဂ်ပိုစ့် ရေးပြီးကြောင်းပါ ဒေါ်လေးမေ။
စီဘောက်စ်မှာ အော်မရဘူး ဒေါ်လေးမေ။ ကျနော် အဲ့ဒါ မလုပ်တတ်ဘူး။ =(
နောက်ကျသွားလို့ ခွင့်လွှတ်ပါ။ အဟဲ။ =)

tg.nwai said...

လွမ်းလိုက်တာ မနော်ရယ်..ဖတ်ပြီးတော့ အဲဒီခံစားမှုပဲ ထင်ထင်ရှားရှား နင့်နင့်သီးသီးကျန်ရစ်ခဲ့တယ်လေ..

Mogok Thar said...

တချို့ပုစ္ဆာတွေက အဖြေမရှိဘူး။ တချို့ပုစ္ဆာတွေရဲ့အဖြေက အနန္တ၊တစ်ချို့ပုစ္ဆာတွေရဲ့အဖြေက သုည။
သုညတွေအများကြီးကိုထမ်းပြိး အနန္တတွေရှိရာဆီ ရမ်းရော်ခရီးဆက်ကြတဲ့အခါ မရေရာခြင်းတွေသာ ပြိုကျလာတော့ရဲ့။

ပုဂံလမ်း၊ ရာဇ၀င်တွေ ထုပ်ပိုးထားတဲ့လမ်း၊ အဲဒီလမ်းမှာ သုညတွေထမ်းပီး နံနက်ခင်းနဲ့အတူ လွမ်းခဲ့တယ်ဗျာ။