နှောင်ထုံးမဲ့ကျောက်စာ

Wednesday, July 22, 2009


ဒီဝတ္ထုတိုကို..ဘယ်တုန်းကရေးဖြစ်တာလဲတော့..မမှတ်မိ တော့ဘူး။ People Magazine မှာပါတော့ ၂၀၀၂ ပါ။ အဲဒီ တုန်းက ခင်မျိုးသန်း ခင်မျိုးသင်းညီအစ်မက ကျွန်မကို ပင်တိုင်ရေးနေသလားမှတ်ရအောင် စာမူ တောင်းခဲ့ကြသူတွေပါ။အဲဒီ နှောင်ထုံးမဲ့ကျောက်စာ ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ လုံးချင်းတစ်အုပ်လည်း ရေးဖြစ်ပါတယ်။ ဒီထဲက စာသား တွေကိုအဖွင့်နဲ့အပိတ်မှာ ထည့်ခဲ့ပါတယ်။အက်ဆေးဆန် တဲ့ဝတ္ထုတိုမျိုးဖြစ်ပါတယ်။

နှောင်ထုံးမဲ့ကျောက်စာ

ကျွန်မသည် မျှော်လင့်ခြင်းများ၏ သတ်ဖြတ်မှုကြောင့် သေအံဆဲဆဲဖြစ်နေသည့် ပစ္စုပ္ပန်တစ်ခု ဖြစ်သည်။ နှင်းစက်တို့ထိစို အုံ့ဆိုင်းနေသော လောင်းရိပ်တစ်ခု၏ အတွင်းသံ စစ်စစ်ကို သင်ကြားနာလိုပါသလော။ မိုးတိမ်နက်နက်တို့နှင့် အတိပြီးသော သီချင်းများ၏ ဂီတတွင် ကျွန်မတို့ နေထိုင်နေရပါသည်။ ဖယောင်းတိုင်တစ်တိုင်စာမျှပင် လင်းချင်းခွင့် မရသောကံတရားအား ကျွန်မ မည်ကဲ့သို့ စွဲချက်တင်နိုင်ပါမည်နည်း။ အမှန်တော့ လှည့်စား ခံရခြင်းသည် လှည့်စားသူက တော် ခြင်းကြောင့်သက်သက်မဟုတ်ပါ။ ကန့်လန့်ကာ သို့မဟုတ် ပြည်ဖုံးကားတစ်ခုခြားထားသော ကိန်းဂဏန်းအရေအတွက် တစ်ခုကြောင့် ဖြစ်သည်။ သူ့တွင် မျက်နှာဖုံးပြောင် နှစ်ခုပါ၏။ 00 ..။
မိတ်ဆွေ……..သင့်၏မသိမှုများထဲတွင် လေးလံကြပ်ခဲနေသော ကျွန်မ၏ ဒုက္ခနှင်းကြွင်း များကို ဝေမျှဖိသိပ်ထည့်ပေးနိုင်ပါမည်လား။
မှားယွင်းမှု …ဆိုကတည်းက ဘယ်သောအခါမှ အမှန် ပြန်မဖြစ်နိုင်တော့ပါ။ Better late than never ဆိုသော စကားပုံသည် နေရာတိုင်းနှင့် ဆီလျော်မှု မရှိလှကြောင်း လက်တွေ့ သိခဲ့ရချိန်တွင် မှန်ပြင်စများ ကွဲအက်ကျဆင်းလာခဲ့ပြီ။
တကယ်ဆို ကျွန်မ၏ညံ့ဖျင်းမှုများကို တိတိပပဝေဖန်ပစ်ခဲ့ဖို့ကောင်းသည်။ခုတော့ ညံ့ဖျင်းမှုများက ကျွန်မကို တိတိပပ ဝေဖန်ပြစ်တင်လာသောအခါ …ကျွန်မ၏အာရုံများ တင်းမာကန်းဆွံ့သွားကြတော့၏။
ကျွန်မသည် တယောတစ်လက်မဟုတ်ခဲ့ပါ။ ထို့ကြောင့် ဘိုးတံနှင့်လည်းဝေးဝေးနေစရာ အကြောင်းမရှိ။ တကယ်တော့ ကျွန်မသည် ပက်ထရမ်ပြားသေးသေးလေး၏ လာရောက် ထိခတ်မှုကို သွေးပျက်တတ်သော ဂစ်တာကြိုးတစ်ကြိုးမျှသာ ဖြစ်၏။ အကြောင်းမှာ ကျွန်မ၏ မလှပခဲ့သော ကံကြမ္မာအမှားများ ပေါက်ထွက်လာမည်ကိုစိုးသောကြောင့် ဖြစ်သည်။
နင့်နင့်သီးသီးလိုချင်တပ်မက်ခဲ့၍လားမသိ။ ဘဝတွင် တစ်ခါမှ မကြုံခဲ့ရဖူးသော သစ္စာတရား ဆိုသောအရာကို မျှော်လင့်စောင့်စားရင်း သေအံ့မူးမူး ဖြစ်နေခဲ့ရပြီ။ ကျွန်မ၏ ဂီတသည် ..နင့်သီး၏။နက်မှောင်၏။နက်နဲသိပ်သည်း၏။အဘယ်သူမျှ နားမလည်နိုင်သော ဂီတကို ကျွန်မ ဖော်ကျူးခဲ့မိပြီလား။ ထို့အတွက် ကျွန်မတောင်းပန်စရာဆို၍ ကြယ်ကလေး သုံးလုံးတန်းနေသော မောင်ရင်ဆိုင်းထမ်းကြယ်စုကလေးသာရှိပါသည်။ အချိန် ဟူသော ကြိုးတစ်ချောင်းနှင့် ရှစ်ကြိမ်တိုင်တိုင်ပတ်ချည်ခဲ့သူသည် ကျွန်မ မဟုတ်ခဲ့ရပါ။ သို့သော် မပြေးသော်လည်း ကံရာကရှိခဲ့လေပြီ။
ပန်းတစ်ပွင့်မှမပွင့်သော ဖုန်းဆိုးမြေတလင်းတစ်ခုအား အာရုံမှားယွင်းခဲ့မိသည့်အတွက် ခွင့်လွှတ်ပါ..ဟု ကျွန်မ ..မည်သူ့ကိုမှ အသနားမခံလိုပါ။ထိုအရာအားလုံးသည် ဘုရားသခင်၏ ဗျာဒိတ်တော်ဖြစ်ခဲ့သည်ဆိုလျင်…ကျွန်မကိုလွတ်မြောက်ခွင့်ပေးပါ။ သံခြေ ကျင်းသံများဆူညံနေသော ပြေးလမ်းတစ်ခုရှိခဲ့ကြောင်း ဆယ်နှစ်ခန့်နောက်ကျပြီးမှ ကျွန်မ သိခဲ့ရသည်။ ထွက်ပြေးနေရတာကိုက ထွက်ပြေးမရတာ ..ဟူသော ကဗျာစာသားလေးကို ရွတ်ဆိုမိရင်းပေါ့။ လှမ်းမျှော်ကြည့်လိုက်သောအခါ ..ရှေ့တူရူမှ အနက်ရောင်ကတ္တရာလမ်း သည် ကျွန်မရင်ဝတည့်တည့်သို့ စိုက်ဝင်နေပြီ။ကျွန်မသည်လမ်းနှင့် အသားကျလှသူတစ် ယောက်မဟုတ်ခဲ့ပါ……..။
ကဗျာစာသားတချို့ကို သူရူးတစ်ယောက်လို ဟစ်အော်ပေါက်ကွဲရင်းအဖြူငွေ့ငွေ့တွေကို ကျွန်မ လိုက်လံရှာဖွေနေခဲ့မိသည်။ ရာစုသစ်မြစ်ကျဉ်းများ၊မျှော်လင့်အိပ်မက်များ၊ ကျန်းမာ ခြင်းအသစ်၊တစ်မိုးတည်းအောက်မှာ၊သင်းကွဲပင်လယ်၊ လမ်းနဲ့မဆန့်တဲ့ခရီး၊ကောင်းကင်အ ရိပ်၊တိတ်ဆိတ်ခြင်း၏နာမတော်၊ မီးဘုရင်မ၏ကျိန်စာ…….အားလုံး ကျွန်မထံမှ ပျောက်ဆုံး သွားကြသည်။ တကယ်တော့ တိမ်တွေကို ကျောက်ချရပ်ထားနိုင်စွမ်း ကျွန်မမှာ မရှိခဲ့ပါ။ မည်သူက..ကျွန်မကိုမောင်းနှင်နေပြီး မည်သူ့ကို ကျွန်မက ဆုပ်ကိုင်ထားမှန်းလည်း ကျွန်မ မသိခဲ့ပါ။
ကျွန်မ၏များပြားလှစွာသော မသိခြင်းတွင်းနက်များထဲတွင် မတော်တဆမဟုတ်ဘဲ ပါသွား ခဲ့သည့် တလက်လက်မှိန်ဖျော့နေသော မျှော်လင့်ခြင်းများကို သင်တွေ့ရလိမ့်မည်။ မည်သည့် သမားတော်၏ ဆေးစွမ်းကောင်းနှင့်မှကုသ၍ရတော့မည်မဟုတ်ပါ။
ကျွန်မ၏သေဆုံးခြင်းသည် ဂီတတစ်ခု၏အစသာလျင်ဖြစ်ခဲ့လိမ့်မည်။မည်သို့သောဂီတပါလဲ ဟုမေးစရာမလိုပါ။သင့်တွင် Vasco Popa ၏နှင်းဆီပွင့်များပွင့်လင်းနေမည်ဟု ကျွန်မယုံပါ သည်။ကြက်ခြေခတ်အနီရောင်များ အုပ်ဖွဲ့ပျံသန်းနေသည့် ကောင်းကင်ပြင်သည် ကျွန်မ၏ အနာဂါတ်လား…။အတိတ်လား…။တံမြက်စည်းကောင်းကောင်း တစ်ချောင်းတော့ လိုအပ် လာလိမ့်မည်။
မည်သူသည် ပြင်ဆင်ခွင့် ဟူသော ဆု ကို ကျွန်မအားပေးသနားပါမည်နည်း။ ဝိဘစ္တရသများ ဟားတိုက်ရယ်မောနေသောတိမ်တိုက်သည်လည်း ကျွန်မကို မိုးရွာချရန် ကြိုးစားနေခဲ့သည်။ လွတ်မြောက်ခြင်း ဟူသော ဝေါဟာရသည် အဘိဓာန်ထဲတွင် အမှန် တကယ် ရှင်သန်ခဲ့ဖူးတာသေချာပါသလား။ ကျွန်မ မသိပါ။ တကယ်ဆို ကျွန်မထံတွင် ပုံသဏ္ဍန်ပြောင်းတတ်သော ရယ်စရာမှန်တစ်ချပ် ရှိမနေခဲ့တာကို သင်..သိသင့်ပါသည်။ ကျွန်မ၏ မသိခြင်းသည် ..သူ၏သိခြင်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်၏။
လှောင်အိမ်ထဲမှ ကျားတစ်ကောင်၏ ပမာမခန့်ရိုကျိုးမှုကို မြွေအလမ္ပာယ်ဆရာက သတိ ထားစရာမလိုပါ။မိန်းမများသည်အေးစိမ့်ခွေခေါက်နေသော အဆိပ်ပြင်းမြွေများဖြစ်သည်ကို သာသတိထားစရလိုသည်။ ဆောက်ချက်များ၏ လွဲချော်မှုသည် အစားပြန်မရနိုင်သကဲ့သို့ ကျွန်မ၏ပဲ့ထွက်သွားခဲ့ရသော သက္ကရာဇ်များကိုလည်း မည်သူကမျှ အစားပြန်မပေးနိုင်ခဲ့ ကြပါ။
တကယ်တော့ ကျွန်မသည် စိတ်ကူးယဉ်သမားမဟုတ်ခဲ့ပါပဲ..လရောင်ထဲလှည့်စားခံနစ်မြုပ် ခြင်းကို မရှုမလှ ခံလိုက်ရသူတစ်ဦးသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကံကြမ္မာသည် လွဲချော်တတ်သည် ဟု ဘယ်လိုပဲပြောပြော … ထိုလွဲချော်မှုသည် တစ်ဘဝစာ ဖြစ်ကြောင်း ကျွန်မသာ ခံစားနိုင်ပါလိမ့်မည်။
မတော်တဆမဟုတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ပြုတ်ပြုတ်ကျလာသော အမှန်တရားယောင် ဆောင်ထားသည့် ကြိုးကွင်းများသည် ကျွန်မလည်ပင်းကို လာရောက်ထိခတ်နေကြသည်။ ထိုကြိုးကွင်းများသည်ပင် ကျွန်မအတွက် အဆုံးအဖြတ်လား….။စီရင်ချက်လား..။တရားမျှ တမှုတစ်ခုလား…..။လောကပါလတရားလား………..။ ယုတ်မာမှုနောက်ဆက်တွဲလား…..။ သေသပ်ကျနလွန်းသော အကျင့်ပျက်ဝိသေသ တစ်ခုလား……။
ကျွန်မ… မဝေခွဲတတ်ခြင်းမဟုတ်ဘဲ ..မဝေခွဲတတ်ချင်ယောင်ဆောင်နေခဲ့ရသည်။ အဝင်လွယ်၍ အထွက်ခက်သော ဝင်္ကဘာတစ်ခုထဲ ကျွန်မရောက်ရှိနေခဲ့လေပြီ။ စမ်းချောင်းများတစ်စ တစ်စ တိမ်ကောသွားကြသည်။ ကဗျာများ၏အချို့အပိုဒ်များသည် အကြောင်းကြောင်းကြောင့် သေဆုံးသွားခဲ့ရသည်။ မကြားရတော့သော ပင်သက်ရှိုက်သံ များ၏အဆုံးတွင် ရောင်စဉ်ဖြာနေသော သက်တံတစ်ကုံးရှိသည်။ ထိုအရာအားလုံးနှင့် လဲလှယ်ရန် သင့်တွင်စုဆောင်းထားသောအမှိုက်များရှိပါသလား…။ မည်သည့်အရာကိုမှ အလကားမရသော လောကကြီးထဲသို့ ကျွန်မတို့ခြေဗလာလက်ဗလာနှင့် ဝင်ခဲ့ကြသူများ ချည်းဖြစ်၏။သို့သော် တဖြည်းဖြည်းနှင့် မပြေးသောခြေထောက်များ ရွှေသီးလာခဲ့ကြသည်။ မြေဆီ မြေသြဇာ အခံကောင်း၍ဖြစ်မည်ဟု ကျွန်မကဆိုသောအခါ လူအများက ကျွန်မကို ထုံအနေသော အသီနာ (Athena)၏ဇီးကွက်တစ်ကောင်ကို တွေ့ရသည့်နှယ် အထူးအဆန်း ဝိုင်းကြည့်ကြ၏။ မျက်လုံးများသည် အဆိပ်လူးမြားများထက် အရှိန်ပြင်းကြောင်း ကျွန်မသိခဲ့ရချိန်တွင် နာရီတစ်လုံးသည် မထင်မှတ်ပဲရပ်တံ့နေခဲ့လေပြီ။
ကျွန်မ၏ဂီတသည် ရူးသွပ်ရဲရင့်၏။နူးညံ့ညင်သာ၏။ သူရဲကောင်းဆန်ကာနက်ရှိုင်း လင်းပွင့်၏။ သို့သော်..ရာသီဥတုက မျက်နှာသာမပေး၍ ကျွန်မရှုံးခဲ့ရသည်။ ဟိုးဝေးဝေး.. အနာဂါတ်တွေရေးရေးထုတ်နေသော တောင်ကုန်းကလေး၏ နောက်တွင်နေဝင်သွားခဲ့ပြီ။ မည်သူသည် မိမိအတ္တကိုစွန့်လွှတ်ကာ လူတစ်ယောက်ကို ပေးဆပ်ခဲ့ဖူးပါသနည်း။ ကျွန်မ သည် ရာဇဝင်အဆက်ဆက် သက္ကရာဇ် အဆက်ဆက် ၏ ဒဏ္ဍာရီတစ်ခုသာဖြစ်ကြောင်း ကျောက်ထက် အက္ခရာတင်ခဲ့ပါရစေ။ ( ထိုကျောက်စာတွင် ..ကျိန်စာမပါသလို..မည်သည့် ဆုတောင်းမှလည်းမပါဝင်ပါ။)

မနော်ဟရီ


18 Comments:

ဖိုးစိန် said...

တစ်ပါ

Moe Z said...

မွေးနှေ့ရှင်ကို ဦးစားပေးလိုက်ပါတယ် ... :P

ဖိုးစိန် said...

သိပါတယ် သိပါတယ်... လိုချင်ပါတယ် တစ်ကို...

အဟဲဟဲ...

အိန္ဒြာ said...

ကျွန်မ သည် ရာဇဝင်အဆက်ဆက် သက္ကရာဇ် အဆက်ဆက် ၏ ဒဏ္ဍာရီတစ်ခုသာဖြစ်ကြောင်း ကျောက်ထက် အက္ခရာတင်ခဲ့ပါရစေ။ ( ထိုကျောက်စာတွင် ..ကျိန်စာမပါသလို..မည်သည့် ဆုတောင်းမှလည်းမပါဝင်ပါ။)

သိပ်ကို သိပ်သည်းလှပတဲ့ အက်ဆေးတစ်ပုဒ်ပဲ မမရယ်...

အနာတရတွေဟာ..အလှအပ ဖြစ်သွားခဲ့တယ်...

သေသေချာချာ မြင်လိုက်ရသလို..
နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ်..
သေသပ်ထူးဆန်းတဲ့ စကားအဖွဲ့အနွဲ့တွေကြားမှာ...
မျက်ရည်တွေတောင် ပုလဲရောင်တောက်တောက်လှပလို့....

မမရေ...မနော်ဟရီ့ အက်ဆေးတွေ ဖတ်ပြီးရင်..
အိန္ဒြာ ဘယ်နားသွားဖွက်ထားရမယ်..မသိတော့

လင်းဒီပ said...

“ကျွန်မသည် ပက်ထရမ်ပြားသေးသေးလေး၏ လာရောက် ထိခတ်မှုကို သွေးပျက်တတ်သော ဂစ်တာကြိုးတစ်ကြိုးမျှသာ ဖြစ်၏။ အကြောင်းမှာ ကျွန်မ၏ မလှပခဲ့သော ကံကြမ္မာအမှားများ ပေါက်ထွက်လာမည်ကိုစိုးသောကြောင့် ဖြစ်သည်။”

“ဟိုးဝေးဝေး.. အနာဂါတ်တွေရေးရေးထုတ်နေသော တောင်ကုန်းကလေး၏ နောက်တွင်နေဝင်သွားခဲ့ပြီ။”

ကျွန်တော့်မျက်စိထဲတော့ နုစိုနေတဲ့ အက်ဆေးလေးလိုပဲ ခံစားမိတယ်။

သူဘာသာ လင်းခဲ့ ပွင့်ခဲ့ ပြီးတော့ ပြန်သွားတဲ့ကျောက်စာလေးပေါ့...။

Craton said...

"လှမ်းမျှော်ကြည့်လိုက်သောအခါ ..ရှေ့တူရူမှ အနက်ရောင်ကတ္တရာလမ်း သည် ကျွန်မရင်ဝတည့်တည့်သို့ စိုက်ဝင်နေပြီ။ကျွန်မသည်လမ်းနှင့် အသားကျလှသူတစ် ယောက်မဟုတ်ခဲ့ပါ……"

Even though I can't see what exactly exists in it, that sentence is rly touching for me and sounds just bitter enough!!!

You did the best in this essay , aunty!

tin min htet said...

မနော်ကတော့ မျက်လှည့်ပြသလိုကို
တပုဒ်ပြီး တပုဒ် ထုတ်ပြနေတော့တာပဲ ..

နောက်ဆုံးစာကြောင်းက တကယ်ကို လှပါတယ်။

မယ်ကိုး said...

စကားလုံး ဝါကျတိုင်း ဖြည်းဖြည်းချင်း အရသာခံဖတ်သွားရတယ်။

လှလွန်းအားကြီးလို့  ပြောစရာစကားတောင် မရှိတော့ပါဘူး မရယ်။

ဒီအက်ဆေးလေးကို ဘယ်လို ကြိုက်ကြောင်း ခက်ဆစ်ဖွင့်ရင် စာတစ်အုပ်တောင် ရလောက်မယ် ထင်ပါတယ်။

သက်ပိုင်သူ said...

မမနော်ရယ်
စကားလုံးလေးတွေ လှလိုက်တာ
အဲလို့ ရေးတတ်ချင်တယ်..

အိုင်လွယ်ပန် said...

အဲဒီမကြားရတဲ့
ပင့်သက်ရှိုက်သံများရဲ့အဆုံးမှာ
ရောင်စဉ်ဖြာနေတဲ့ သက်တံ တစ်ကုံး ... ။

ဒဏ္ဍာရီတစ်ခုသာ ဆိုပေမယ့်
နှလုံးသားတစ်ခုခုမှာ
ဒါမှမဟုတ်
တစ်ခုထက်ပိုတဲ့နှလုံးသားတွေမှာ
အက္ခရာ မထင်ကျန်ခဲ့ဘူးလို့
ဘယ်သူငြင်းမလဲ .... ။

အနာဂတ်တွေ
ရေးရေးထုတ်နေသော
တောင်ကုန်းလေးရဲ့အောက်
နေကား
ဝင်...သွား...ခဲ့...ပြီ ....။။။

မောင်ခင်လေး said...

စာတွေလာဖတ်ဖြစ်တယ် မနော် ကောင်းသောနေ့ပါဗျာ :)

pandora said...

ဒီကျောက်စာကို စာမေးပွဲမှာ မေးရင်တော့ ဒုက္ခပါပဲ။ စကားလုံးတွေ နင့်နင့်သီးသီးနဲ့ ပြောင်မြောက်လွန်းလို့.. အလွတ်ကျက်နိုင်မယ်မထင်ဘူး။

ဖိုးစိန် said...

“နင့်နင့်သီးသီးလိုချင်တပ်မက်ခဲ့၍လားမသိ။ ဘဝတွင် တစ်ခါမှ မကြုံခဲ့ရဖူးသော သစ္စာတရား ဆိုသောအရာကို မျှော်လင့်စောင့်စားရင်း သေအံ့မူးမူး ဖြစ်နေခဲ့ရပြီ။”

ဒီစာသားလေးက ကောင်းလိုက်တာ မကြီးရယ်...

တစ်ပုစ်လုံးက စကားလုံးတွေ ကျစ်လစ်ပြီး အဓိပါယ်ရှိလိုက်တာ...

ကျောက်စာမှာ ကျိန်စာမပါသလို ဆုတောင်းလဲ မပါဝင်ဘူးဆိုရင်တောင်မှ

မေတ္တာတွေ ပြည့်နှက်နေတဲ့ ဆောက် ထွင်းနေတဲ့လက်ကအကြင်နာ တရားကြီးစိုးတဲ့ လက်များပိုင်ရှင် ဂရုဏာ အပြည့်နဲ့လူသား က

နူးညံ့ သိမ်မွေ့တဲ့ နှလုံးသားကျောက်စာပေါ်မှာ ညင်သာစွာ ထိုးထွင်းနေတာမျိုးတော့ ဖြစ်ချင်ပါရဲ့...





မမဒါက “မမရေ...မနော်ဟရီ့ အက်ဆေးတွေ ဖတ်ပြီးရင်..
အိန္ဒြာ ဘယ်နားသွားဖွက်ထားရမယ်..မသိတော့” လို့ပြောရင် ဖိုးစိန်က မမဒါကိုဖွက်မဲ့နေရာရဲ့ ဂျောင်လေးတစ်ခုထဲက ပုံးသေးသေးလေးတစ်လုံးရဲ့ဒေါင့်နားက နံရံသေးသေးလေးမှာ အိမ်မြှောင်ပေါက်စလို ကပ်နေမယ်ထင်ပါရဲ့....


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


မကြီးရေ... တစ်ယူပြီး သားသားလာဖတ်တယ်နော်...


မမဒါ ချွဲခဲ့သလို ချွဲကြည့်တာ.....


ခုမှ စာဖတ်ဖို့အတွက် ဦးနှောက်က ရယ်ဒီဖြစ်တယ်...

ဖတ်ပြီးတဲ့အချိန်က ၁၂း၄၇

း)))

ဘယ်သူမှ ရှိဖူး... မကြီးအိမ်မှာတစ်ယောက်တည်းဖတ်နေတားးးး)

ဆောင်းယွန်းလ said...

ကျွန်မသည် မျှော်လင့်ခြင်းများ၏ သတ်ဖြတ်မှုကြောင့် သေအံဆဲဆဲဖြစ်နေသည့် ပစ္စုပ္ပန်တစ်ခု ဖြစ်သည်။

ကျွန်မ သည် ရာဇဝင်အဆက်ဆက် သက္ကရာဇ် အဆက်ဆက် ၏ ဒဏ္ဍာရီတစ်ခုသာဖြစ်ကြောင်း ကျောက်ထက် အက္ခရာတင်ခဲ့ပါရစေ။ ( ထိုကျောက်စာတွင် ..ကျိန်စာမပါသလို..မည်သည့် ဆုတောင်းမှလည်းမပါဝင်ပါ။)

သိပ်ကောင်းတာပဲမနော်ရေ
ဒုတိယနှစ်နဲ့ကျောင်းဝေးခဲ့ရတာနာတာပဲ
ကျောက်စာဖတ်ခွင့်မရခဲ့ဘူးလေ....
ခုမှပဲ ဒီဆရာမဆီမှာကျောက်စာလာဖတ်ခွင့်ရတာ ကျေးဇူးပါဗျာ

ရွှင်လန်းချမ်းမြေ့ပါစေမနော်ရေ

မြစ်ကျိုးအင်း said...

စကားလုံးလေးတွေရဲ့ လှပ ညွှတ်ပျောင်းမှုကို ပြန်ပြောရင် နဂိုတန်ဖိုးလေးကျသွားမှာ စိုးမိပါရဲ့....။

အလှဆုံးကျောက်စာ တချပ်များလား....။

..ခင်မင်သောအားဖြင့်...

ဇော် said...

နောက်ကျမှ ဖတ်ရတာလဲ အရသာတစ်မျိုးပဲနော် ဒေါ်လေးမေ။ =)

minn thuka said...

ဆရာမရေ..ဘာပြောရမှန်းတောင်မသိတော့ဘူး
စကားလုံးတွေက အားကောင်းလိုက်တာ၊
ဟိုင်းဝေးလမ်းမ တစ်ခုလိုပဲ...အကွေ့အကောက်ပြေပြေလေးတွေ၊
အရှိန်သတ် လိုင်းတုံးလေးတွေနဲ့ နဲနဲမှကို အိပ်မငိုက်တော့တာ၊
လေးစားစွာဖြင့်

Julian said...

မတော်တဆမဟုတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ပြုတ်ပြုတ်ကျလာသော အမှန်တရားယောင် ဆောင်ထားသည့် ကြိုးကွင်းများသည် ကျွန်မလည်ပင်းကို လာရောက်ထိခတ်နေကြသည်။ ထိုကြိုးကွင်းများသည်ပင် ကျွန်မအတွက် အဆုံးအဖြတ်လား….။စီရင်ချက်လား..။တရားမျှ တမှုတစ်ခုလား…..။လောကပါလတရားလား………..။ ယုတ်မာမှုနောက်ဆက်တွဲလား…..။ သေသပ်ကျနလွန်းသော အကျင့်ပျက်ဝိသေသ တစ်ခုလား……

*** ခက်တာကသူငယ်ချင်းရယ် ဒီကျောက်ထွင်းရာဇ၀င်စာစုကိုဘယ်လိုမန့်ရမယ်မသိတော့တာပါ ။ စကားလုံးအားကောင်းသလို ပုံရိပ်တွေကလဲအရောင်လက်နေတာကိုး ။

ကျိန်စာတစ်ခုလဲမဟုတ် ဆုတောင်းတစ်ခုလဲမဟုတ်ခဲ့ပေမယ့် ကိုယ်တိုင်ရေးသူများဖြည့်စွက်ခံကျောက်စာလေးတစ်ချပ်ကိုတော့အမှတ်ရနိုင်ကြမှာပါ။

ဂျူ