သတိရကြောင်း

Sunday, June 28, 2009


သတိရကြောင်း

(က)
သတိရခြင်းတွေက မိုးတိမ်လိုပြိုကျတဲ့အခါ
ငါ့ပေါ်မှာ လွမ်းဆွတ်ခြင်းမိုးဖွဲတွေရွာတယ်
တစ်ချိန်ကအတိတ်နေရောင်တွေကိုတမ်းတ
ငွေ့ရည်ဖွဲ့လာတဲ့မျက်ဝန်း…
ရေခိုးရေငွေ့တို့စွန်းထင်းလာခဲ့ရဲ့။

ပထမဆုံးသတိရမိတာက ခြေထောက်ကလေးတစ်ချောင်းတည်းနဲ့ ထောက်ရပ်နေပေမယ့် သိပ်ပြီးကြံ့ခိုင်တဲ့ သိပ်လှတဲ့ ကမ္ဘာပေါ်ကအလှဆုံးမြေပုံလေးနဲ့ အမိနိုင်ငံကိုပါ။ ဘာတွေပဲ ဖြစ်နေနေ ဘုရားသခင်က ကျွန်မကိုအဲဒီမြေပေါ်မွေးဖွားရှင်သန်ခွင့်ချပေးခဲ့သလို အဲဒီမြေ ကြီးကလည်း ကျွန်မကိုနွေးထွေးစွာကြိုဆိုခဲ့တာပါပဲ။ဖြတ်လျှောက်ခဲ့တဲ့လမ်းသွယ်တစ်ချို့ ကိုသတိရမိလေတိုင်း ဒီလမ်းတွေပေါ်မတိမ်းစောင်းစေခဲ့တဲ့နေ့ရက်တွေကိုလည်းသတိရမိ ပါရဲ့။ဘာကိုမှမသိတဲ့ကလေးငယ်တစ်ယောက်ရဲ့နိဗ္ဗာန်ဘုံနေ့ရက်တချို့ဟာ ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်နေခဲ့ရပြီ။သေချာတာက နိဗ္ဗာန်ဘုံရယ်လို့မရှိခဲ့ရှာတဲ့ကလေးတွေရှေ့မှာတော့ ကျွန်မတို့က ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ ဆိုတဲ့သီချင်းကို မျက်ရည်တွေနဲ့မဆိုခဲ့သင့်ဘူး မဟုတ်လား။

(ခ)
သန့်စင်ခြင်းတွေနဲ့အိပ်မက်မက်ခွင့်ပေးခဲ့တဲ့
တစ်ကိုယ်ရေမြို့ကလေး သင့်တေးသီချင်းကို
ငါ ..ဆိုပါရစေ…………

ဒုတိယသတိရမိတာကတော့ ပထမဆုံးရွှေ့ပြောင်းရောက်ရှိခဲ့ဖူးတဲ့ ပုသိမ်ကောလိပ်။ မုန်တိုင်းစဲပြိးကာစကာလမှာရောက်သွားခဲ့တာမို့ မြို့ကလေးက အပြိုပြို အယိုင်ယိုင်၊နိုဟီ ရဲ့ အုတ်ပုံတွေကိုကြည့်ပြီး ဒါတွေက ဘာဖြစ်တာလဲဆိုတော့ မုန်တိုင်းကြောင့်ပြိုတာ ဆိုတဲ့ အဖြေကိုရခဲ့တယ်။အဲဒီကတည်းက (ပထမတန်းကျောင်းသူကျွန်မက) မုန်တိုင်းဆိုတာ သိပ်ကြောက်စရာကောင်းမှာပဲလို့တွေးခဲ့တဲ့ကျွန်မ.. ၂၀၀၈ကျမှပဲ တကယ့်မုန်တိုင်းဆိုတာနဲ့ ပက်ပင်းတိုးတော့တယ်။

တကယ်တော့ ပုသိမ်မြို့ကလေးဟာ တိတ်ဆိတ်နေတဲ့ ကလေးငယ်တစ်ယောက်လို ရိုးသားစွာလှပတဲ့မြိုကလေးပါ။ သူ့ရင်ခွင်မှာနေခဲ့ရတဲ့နှစ်လတွေဟာ ရိုးစင်းအေးမြမှုကို လက်တွေ့သင်ကြားခံခဲ့ရတဲ့ မိဘရင်ခွင်အောက်က ကလေးငယ်တစ်ယောက်လိုနေ့ရက် တွေပါပဲ။သတိရနေမိတဲ့သူတွေကပုသိမ်ကောလိပ်စာကြည့်တိုက်က.စာကြည့်တိုက်မှူးအန်ကယ်
ဦးဥာဏ်ထွန်း(ဦးအောင်စည်)၊သူငယ်ချင်းဝင်းမင်းထွန်း၊မီးငယ်၊စာသင်သိပ်ကောင်းတဲ့ ဆရာကြီးဦးအုန်းမောင်၊ဆရာဦးလေးမောင်၊ဒေါ်အေးအေး၊ဒေါ်စန်းစန်းရီ……စာရေးဆရာဆိုတာသေ ချာမြင်တွေ့ဖူးတဲ့ထဲ ပထမဆုံးက အဲဒီချိန်က ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး တက္ကသိုလ် ဘုန်းနိုင်ဆိုရင် ဒုတိယလူဟာ ကျွန်မဆရာမ ဒေါ်စန်းစန်းရီပါပဲ။စာရေးဆရာမ စိမ်းနှင်းဆီ..တဲ့။အဲဒီအချိန်တည်းက..စာတွေကိုဖတ်ရုံတင်မက….ကျွန်မရေးဖို့ကြိုးစားနေခဲ့ပါပြီ။
အဲဒီတုန်းက..ကျွန်မ(၆)တန်း။စာပေခရီးကိုအဲဒီကျောင်းနံရံကပ်စာစောင်နဲ့မြို့နယ်နံရံကပ်စာစောင် တွေကနေစခဲ့ပါတယ်။

(ဂ)
ဂျပ်ဆင်လမ်းကြားကပြေးထွက်လာမယ့်

တစ်ရံတစ်ခါဆီက ငါတို့ရဲ့ရယ်မောသံတွေ

“အဓိပတိ ”မြေကိုကျော်
“ စစ်ကိုင်းလမ်း”ပေါ်ဖြတ်
“ ပုဂံလမ်း”ထိမရပ်တန့်
“ သထုံလမ်း”ထိခရီးဆန့်
အမြဲတည်တံ့နေလိမ့်မယ်။
သတိရကြောင်းတွေကိုပြောမယ်ဆိုရင် မြကျွန်းညိုညို တက္ကသိုလ်ကိုလည်းချန်ထားလို့ မဖြစ်ပါဘူး။တက္ကသိုလ်ကဆရာတစ်ယောက်ရဲ့သမီးမို့ ဒီလမ်း၊ဒီစခန်းတွေက ရင်းနှီးနေပြီး သားဆိုပေမယ့် တကယ်ကိုယ်တိုင်တက်ရတဲ့ကျောင်းသူဘဝနဲ့တော့ဘယ်လိုမှမတူနိုင်တာ သေချာပါတယ်။ ဒီ သီရေတာတွေ၊ဒီဓါတ်ခွဲခန်းတွေ၊သစ်ပုတ်ပင်၊ငွေစာရင်းရုံး၊သိပ္ပံကင်တင်း ပုဂံလမ်း၊စစ်ကိုင်းလမ်း၊စတာတွေက ကျွန်မငယ်ငယ်တည်းကခြေရာထပ်ခဲ့တဲ့နေရာတွေပဲ။ တကယ့်တကယ်ရန်ကုန်တက္ကသိုလ်ပင်မထဲရောက်သည့်တိုင်၊အဲဒီမြေကထွက်ခွာလာခဲ့တဲ့ တိုင် ကျွန်မ အဲဒီလမ်းတွေကိုပြန်လျှောက်ချင်နေတုန်း။ပုဂံလမ်းဆိုတာကကျောင်းလာတိုင်း ပုဂံလမ်းမှတ်တိုင်မှာဆင်းလျှောက်နေကျလမ်း၊ကျောင်းရှေ့ကနေဝင်ဝင်၊ဘွဲ့နှင်းသဘင်ရဲ့ နောက်ဖက်ပေါက်ကနေဝင်ဝင် ဘယ်လိုဝင်ဝင်ပိုနီးပေမယ့် ပုဂံလမ်းကနေပဲနေ့တိုင်းဆင်း လျှောက်ခဲ့တဲ့တိုင် တစ်နေ့မှမရိုးနိုင်တဲ့လမ်းကလေး။ပုဂံလမ်းပေါ်က အမှတ်တရနေ့ရက် တွေကိုလည်း မမေ့နိုင်စတမ်းပေါ့။

မိုးလင်းကနေမိုးချုပ် အတန်းမှန်သမျှတက် ကျောင်းထဲမှာတစ်နေကုန်နေတတ်တာ ကျွန်မ တို့အုပ်စုပဲရှိလိမ့်မယ်ထင်တယ်။မနက်တစ်ဝက် ညနေတစ်ဝက် ခွဲထားတဲ့နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတန်းခွဲနှစ်ခုမှာ ကျွန်မတို့က မနက်ပိုင်းပါ။ဒါကိုမနက် ၇နာရီခွဲကနေကျောင်း စတက်လိုက်တာ ညနေတန်းခွဲပြီးတဲ့ငါးနာရီမှပြန်ပါတယ်။အဓိကအကြောင်းပြချက်ကတော့ ညနေပိုင်းသင်တဲ့ ဒေါက်တာထွန်းခင်အတန်းကိုတက်တာပါ။ဒါပေမယ့် အဲဒါအဓိကအချက် တော့မဟုတ်ခဲ့တာကိုယ့်ကိုယ်ကိုသိပါတယ်။ကျောင်းထဲမှာတတ်နိုင်သမျှနေမယ်ဆိုတဲ့စိတ် ကလေးနဲ့နေခဲ့လိုက်တာပါ။နောက် မဟာ တန်းဆိုတာက ဆက်တက်ဖြစ်သည့်တိုင်ဒီလူ တွေအကုန်ပါမလာနိုင်တော့ဘူးဆိုတာကို ကျွန်မကြိုတွေးထားခဲ့ပြီပဲ။ပန်းလှေလမ်းခွဲကဗျာ စုကိုတောင် ဒုတိယနှစ်ဂုဏ်ထူးတန်းအပြိးကျောင်းပိတ်ရက်ကတည်းကရေးပြီးနေခဲ့ပြီလေ။

မြကျွန်းညိုကိုသတိရပြီဆိုမှဖြင့် မြကျွန်းသာလက်ဘက်ရည်ဆိုင် (ဝိဇ္ဖာကင်တင်းက) ကိုလည်းသတိရမိပါတယ်။သိပ္ပံဘက်ကနေကျော်ကျော်ပြီး ဝိဇ္ဇာကင်တင်းမှာထမင်းသွားစား ရခြင်းအကြောင်းအရင်းက အင်းဝရှေ့ကခုံတွေကို မဦးနိုင်လို့တစ်ခုတည်းမဟုတ်ပါဘူး။အဲဒီ မှာ မောင်ကြည်သစ်ရှိတယ်၊နန္ဒသိန်းဇံရှိတယ်၊မောင်မောင်ဇေယျရှိတယ်…။နောက်ပိုင်းကျ ကျွန်မတို့ ရာစုသစ်အုပ်စုက သူငယ်ချင်းလေးတွေပါရှိလာတော့ အဲဒီဖက်ပဲခြေဥိးလှည့်ဖြစ် ပါတော့တယ်။အဲဒီကနေတဆင့်မှ ဆက်သွားချင်တယ်ဆိုရင် ဦးချစ်ဖက်ပေါ့။နယ်မြေကျော် ကျော်လာတဲ့ ကျွန်မကို ဒဂုံဆောင်ပေါ်က သူငယ်ချင်းတွေကလှမ်းလှမ်းအော်နေကျပါ။ဒဂုံ ဆောင်ဆိုတာက များသောအားဖြင့် နေဆူးသစ်တို့လို ဘူုမိကျောင်းသားတွေထားတဲ့ နေရာ ပေါ့..။(အော်တဲ့ထဲသူမပါပါဘူး..အဲဒီတုန်းက သူတွဲနေကျ ညီဆင်းသစ်နဲ့ အဝေးတစ်နေရာ ကနေ လက်လှမ်းပြသွားတတ်ရုံပါပဲ..)

ညနေဆို တော်တော်နဲ့မပြန်သေးပြန်ပဲ ဦးချစ်မှာစကားလက်ဆုံကျနေတတ်တဲ့နေ့ရက်တွေ ကိုလည်းသတိရတယ်။အိမ်မှာဆို ရေနွေးကြမ်းဟာ ဘာအဖတ်တွေရောထားမှန်းမသိတဲ့ ရေပူပူပေါ့။အဲဒီမှာဆိုရင်တော့ ရေနွေးကြမ်းလည်းတစ်အိုးပြီးတစ်အိုးသောက်ကြတယ်။ ပြောမကုန်နိုင်တဲ့စကားတွေလည်းပြောကြတယ်။ နောက်ပိုင်းကျတော့ရာစုသစ်မြစ်ကျဉ်း အုပ်စုတွေကဗျာအတွက်ဆုံကြတော့လည်း ဦးချစ် သို့မဟုတ် အရှည်ကြိးရဲ့ တောင်ပိန္နဲပင် အောက်ကခုံတွေမှာပါပဲ။

သိပ္ပံဆောင်ဟာ ဇာတိမြေဆိုရင် မြကျွန်းသာဟာ အနုပညာတချိုကနဲ့ဝေစည်နေတဲ့ဥယျာဉ် လေးတစ်ခုပေါ့။တောင်ငူဆောင်နဲ့ ဦးချစ်ဆိုင်ကတော့ သိပ်ကိုချိုမြတဲ့ ဂန္ထဝင်များစွာနဲ့ဖွဲ့သီ ထားတဲ့အရပ်။ပုဂံလမ်းက အမှတ်တရနေ့ရက်များစွာဝှက်သိုသိမ်းဆည်းရာနေရာ။ စစ်ကိုင်း လမ်းကတော့ ပျော်ရွှင်မှုများစီးဆင်းသွားရာအရပ်၊(ကိုနေဝင်းအတွက်ကတော့..ခုညတော့ အိပ်နိုင်မယ်မထင်ဘူး ဆိုတဲ့လမ်းကလေး..)..သထုံလမ်းကလေးကတော့ မိုးပိတောက်တွေ နဲ့စိမ်းစိုတိတ်ဆိတ်နေတဲ့အတိတ်ရပ်ဝန်း။လွမ်းတယ်။အကြောင်းပြချက်များစွာထဲက တစ်ခု မှမကြွင်းကျန်ခဲ့ရင်တောင်လွမ်းနေဦးမယ့်နေရာလေးတစ်ခုပါပဲ။

မြကျွန်းညိုနဲ့အတူသတိရနေကြောင်းပြောချင်မိသူတွေက ဘယ်သောအခါမှ ကိုယ့်အတွက် negative ဆိုတာမပေးခဲ့ပဲ (နင့်ဆီမှာနိုးလို့ပြောတတ်တဲ့အကျင့်ရောရှိသေးလားလို့မေးချင် ရလောက်အောင်သဘောကောင်းခဲ့တဲ့သူငယ်ချင်း)သံလွင်ချမ်းမြေ့။ခုဆိုရင်တော့ သူဟာ တစ်ချိန်က အဲလိုလူပါလားလို့ ပြန်တွေးရမှာတောင်ခပ်ခက်ခက်ဖြစ်စေတဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ဆတ်ဆတ်ကျဲ။မဟုတ်မခံ၊မန်းဆေးတက္ကသိုလ်ရဲ့ ပြဿနာလေးတစ်ပွင့်ကိုဖြစ်
လို့..။နောက်..ကျွန်မ နားမှာတစ်ချိန်လုံးဆိုးအတူကောင်းအတူနေခဲ့ပြီးကာမှ Thesis ပြီးခါ နီးချိန်ကျမှ သင်းကွဲဘဝကိုတစ်စုံတစ်ယောက်ကဆွဲထုတ်မွှေနှောက်သွားတာကိုခံလိုက်ရ တဲ့ ကျွန်မရဲ့အကောင်းစားသူငယ်ချင်းလေး။တစ်ချိန်ကသိပ်ထက်မြက်ခဲ့ပါတယ်လို့ ဘုရား စူးကြိမ်ပြောရမယ့်နင့်သူငယ်ချင်းကိုကြည့်စမ်းလို့ ..ပြောယူရတဲ့ထိ နယ်မြို့ကလေးတစ်မြို့ က စီးပွားရေးသမား ကလေးနှစ်ယောက်အမေ သူငယ်ချင်းလေး။ဘဝမုန်တိုင်းဒါဏ်တွေကို ငယ်ငယ်တည်းက ရုန်းခံတွန်းလှန်ခဲ့ပြီး ခုထိလည်းရုန်းကန်နေရဆဲ မတည်ငြိမ်နိုင်သေးတဲ့ ဒလဖက်ကမ်းက ကျွန်မတို့အုပ်စုရဲ့ မွေးစားကလေးလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။

တွေ့လေရာတကောက်ကောက်လိုက်မုန့်တောင်းစားတတ်တဲ့ ဥပဒေပညာရှင်ကြီးတစ်စု လည်းရှိသေးတယ်။တစ်ခါတစ်ခါသူတို့များသိပ်အားနေရင် ရူပဗေဒအဆောင်တစ်ဆောင် လုံးကိုပတ်လို့ ကိုယ့်နာမည်အော် ပြီးမုန့်ကိုကြွေးတောင်းသလိုလာတောင်းစားတတ်တဲ့သူ တွေ ။အဲဒီတုန်းကတော့ ကြောက်လို့ထွက်ပြေးတာပဲ။ခုတော့လည်းသူတို့ကိုသတိရပါမိပါ ရဲ့ ။အဲဒီထဲက ကာတွန်းမင်းသားကတော့မင်းသမီးဟောင်းတစ်ယောက်နဲ့အကြောင်းပါသွား တာသိခဲ့ရတယ်။

နောက်ဆုံးနှစ်ဂုဏ်ထူးတန်းမှာ စာသင်ဝိုင်းတစ်ခုအဖြစ်ဆုံဆည်းပြီးပိုတွဲဖြစ်ခဲ့ကြတဲ့သူငယ် ချင်းတွေလည်း ခုတော့တစ်နေရာစီမှာ။ပဲခူးဆောင်ရဲ့ဂီတမှူးတစ်ယောက်ကတော့တစ်ခါ တစ်ခါ မျက်စိလည်လမ်းမှားပြီးဘလော့ကိုရောက်ရောက်လာတတ်တယ်။တစ်ယောက်က တော့ အင်္ဂလန်မှာ၊စာရင်းတွေဇယားတွေနဲ့ဘဝကိုမြုပ်နှံလို့။တစ်ယောက်ကလည်းတတ်တဲ့ ပညာမနေသာဆိုသလို နယ်မြို့ကလေးတစ်မြို့မှာကလေးတွေကိုစာသင်လိုက် electric current တွေမမေ့အောင်မီးသွယ်တဲ့အလုပ်လုပ်လိုက်နဲ့တဲ့..။(ကလေးတွေရှေ့ရေးနဲ့ မီးရေး ကိုတော့ ထူးပြီးတွေးမပူနေတော့ပါဘူး..:P ) မိဘနှစ်ပါးကိုပြုစုဖို့မိန်းမတော့ယူမှဖြစ်မယ်ဆို ပြီး နယ်ပြန်သွားပြီးကတည်းကတစ်ခါမှမဆုံတော့တဲ့သူငယ်ချင်းတစ်ယောက် မနှစ်ကပြန် တွေ့တော့ လူပျိုကြီးပဲ တဲ့။ရန်ကုန်လိုနေရာမှာလမ်းလေးနှစ်ခုခြားတာတောင်ဖုန်းတစ်ချက် ဆက်စကားပြောဖော်မရတဲ့သူတို့သူငယ်ချင်းမလေးကိုသူတို့လည်းသိပ်သတိရတော့မယ်မ ထင်ပါဘူး။


(ဃ)
ဘဝတစ်ခု ပြိုကျမသွားခင်
ကျားကန်ထိန်းသိမ်းပေးခဲ့ရာ နေရာလေး
စိတ်ရှုပ်စရာဆိုတာတွေးချိန်မရှိအောင်
အချိန်ပြည့်အလုပ်တွေနဲ့
ကွယ်ကာကုသပေးခဲ့တဲ့နေရာလေး..
မင်းရင်ခွင်သေးသေးလေးကိုလွမ်းတယ်
အလူမီနီယံတံခါးတစ်ချပ်ကိုဆွဲပိတ်လိုက်ပြီဆို ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုဖြစ်သွားစေတဲ့ ကျွန် မအလုပ်လုပ်ရာ ရုံးခန်းကလေး။တခြားလူတွေဘယ်လိုပဲပြားပန်းခတ်မျှအောက်မှာလှုပ်ရှား နေနေ ကျွန်မကတော့တံခါးလေးတစ်ချပ်ပိတ်လိုက်တာနဲ့အာရုံတွေဖြန့်ကျက်လို့ရတဲ့နေရာ တစ်ခုဖြစ်သွားခဲ့ပြီ။ကွန်ပျူတာရှေကထိုင်ပြီး အင်တာနက်ကွန်ယက်နဲ့အတူစီးမျောမလား။ စားပွဲပေါ်မှာပြန့်ကျဲမို့မောက်နေတဲ့ စာအုပ်တွေရဲ့ခေါ်ဆောင်ရာအတိုင်းအတွေးကွန်ယက် ဖြန့်ကျက်လိုက်သွားမလား။ဒီဇိုင်းစာရွက်တွေ၊စာမူပုံတွေ၊စာအုပ်ပုံတွေ၊ပြဿနာပုံတွေထဲမှာ ခေါင်းမဖော်နိုင်ခဲ့သည့်တိုင် အဲဒီနေ့ရက်တွေနဲ့နေရာလေးကိုတော့သတိရနေတုန်း။

အလုပ်ခန်းလေးနဲ့အတူ ကျွန်မနဲ့အလုပ်တူတွဲလုပ်ခဲ့ကြဖူးတဲ့စာပေမောင်နှမတွေ .. မိတ်ဆွေသူငယ်ချင်းတွေကိုလည်းသတိရပါတယ်။

(င)
မိတ်ဆွေ တဲ့
စိတ်စေတနာမပါပဲ
တစ်ဆစ်စာလျှာဖျားကိုအသုံးပြု
ဝေါဟာရတုတွေခပ်များများနဲ့
ငါ့ရဲ့နေ့တွေကိုကျန်းမာရေးကောင်းစေခဲ့သူများ
သင်တို့အား ငါကောင်းချီးပေးပါရစေ။

ကျန်းမာရေးသိပ်မကောင်းတတ်တဲ့ကျွန်မကို ဖုန်းဆက်လိုက်တိုင်း မသေသေးဘူးလားလို့ ခေတ်သစ်လူမမာမေးနည်းနဲ့မေးတတ်တဲ့အကြည်တော်၊မနော် အားရင်ဒီဖက်လျှောက်ခဲ့ဥိး လို့ ကိုယ်တစ်ယောက်တည်းလမ်းလျှောက်တတ်ပြီးသူကျ လမ်းမလျှောက်တတ်သလိုခေါ် တဲ့ ကိုသျှီ(သူများတွေကတော့သူ့ကို အစ်ကိုအောင်လို့ခေါ်ကြတယ်။ကိုယ်ကတော့ရိုင်းရာ ကျမှာစိုးလို့မခေါ်ပါဘူး. :P)..။ နင်က သမီးလှလှလေးတွေမှ ကိုသျှီ့လိုမွေးမထားတာ သား ချည်းပဲ ဆိုတော့နင့်ဆီလာမလည်ချင်ဘူး ဆိုတဲ့ကိုဇော်သက်ထွေး၊လာလိုက်ရင် ဖင်ပူ အောင်မထိုင်ရသေးဘူး ကန့်သတ်ချိန်နာရီကိုတကြည့်ကြည့်နဲ့ (ထိုက်ထိုက်ကန့်သတ်ပေး လိုက်တဲ့အချိန်အတိုင်းပြန်ပြေးဖို့ကြိုးစားနေတဲ့) ကိုမျိုးမင်းယု(မျိုးကိုမျိုး)၊သတင်းပေါင်းစုံ ကိုဟုတ်တာရောမဟုတ်တာရောအကုန်သယ်လာတတ်တဲ့ဝေမှူးသွင်၊ကျွန်မနဲ့ အသွင်လဲမ တူပါပဲ ညီအစ်မတွေလိုခင်နေကြတဲ့ မမသည်း(ခင်လိမ္မာ)၊မချို(ခင်ချိုချိုဦး)၊ဝင်းမာ၊သီတာစိုး သူတို့နဲ့အတူ တစ်နေရာကနေတစ်နေရာကူးပြီးသူတို့ရဲ့ သတင်းသမားဘဝကို ဘေးက လိုက်ထိုင်ကြည့်လေ့လာခဲ့ဖူးတဲ့နေ့ရက်တွေ။

သူတစ်ပါးကဥိးနှောက်ဖောက်စားထားတာကို.ခံထားရလို့လားမသိဘူး….တစ်နေ့တခြားအရွယ်နဲ့
မမျှအောင်အိုစာလာတဲ့..အဖိုးကြီးရုပ်ကလေးနဲ့..ကိုယ့်ကိုယ်ကိုယ်..စိတ်ဓါတ်မြှင့်တင်ရေးလုပ်တဲ့
အနေနဲ့ကိုယ့်ကိုအန်တီလာလာခေါ်ဖို့ကြိုးစားတတ်တဲ့.မောင်သစ္စာ(သစ္စာပိုင်စိုး)၊ရုပ်တည်ကြီးနဲ့ လူတွေကိုကလောင်တစ် ချောင်းနဲ့အမိအရနှိပ်စက်တတ်လို့ တစ်သက်စာ ဘီတီဘီတီဗန်ဗန် ဆိုတဲ့သံစဉ်နဲ့တွဲမှတ်မိ ခံရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ခုထိလည်း နင်မကြောက်ရင်ငါ့အကြောင်းရေးလိုက်ပေါ့…လို့ခြိမ်းချောက်သံနဲ့ဆိုတဲ့…ကိုမင်းလူ..၊အမြဲတမ်းလို
အလုပ်ရှုပ်နေတတ်ပြီး..သောကတွေဘယ်လောက်များများအမြဲပြုံးချိုစွာနေတတ်တဲ့ သူငယ်ချင်းလူပန့်ငယ်။

(စ)
ရောင်စဉ်တံလျှပ်တွေအထပ်ထပ်နဲ့

ရေကြည်သန့်တွေကိုငတ်မွတ်ခဲ့သောနေ့ရက်များမှာ

ငါ့ကောင်းကင်တောင်ကြားလမ်းကအလင်းတချို့
ငါ့ရင်ကိုဆို့နင့်စေခဲ့ဖူးတယ်

ကြေကွဲလွယ်တယ်ဆိုပေမယ့်
မေ့တော့မမေ့လွယ်ခဲ့ပြန်ပါဘူး။

သူ့အိမ်ရောက်တာနဲ့ ထမင်းချိန်ထမင်း ၊ကော်ဖီချိန်ကော်ဖီ တစ်ခုခုလုပ်ကျွေးတတ်ပြီး လူကိုကြည့်လို့အားမရရင် အားဆေးပါတိုက်လိုက်သေးတဲ့၊ဆေးရုံအရေးပေါ်တင်လိုက်ရပြီ ဆိုအနားကနေ စောင့်အိပ်ပေးတတ်တဲ့ မသန္တာ၊ပင်ပမ်းမယ့်အလုပ်ဆို လေတောင်မချွန်စား တဲ့ လက်ဘက်ရည်ဆိုင်တစ်ခါထွက်ထိုင်ဖို့အတွက်ကားနဲ့ပင့်ယူရတတ်ပေမယ့် သူအလိုရှိ ရင်တော့ ဘယ်လိုချိန်ဖြစ်ဖြစ်ရောက်လာတတ်တဲ့ မဆွေ(ကိုတာရာမင်းဝေတောင်သူ့ကို မှော်ဆရာရဲ့ကျောင်းစာအုပ်ထဲမှာ ထည့်ရေးထားသေးတယ်)၊ ကလေးတစ်ယောက်တော့ မွေးစမ်းပါဟယ် ငါတို့လည်း ရှိနေတာပဲ အကုန်ဝိုင်းမွေးပေးမှာပေါ့ ဆိုပြီး ကလေးမွေးတော့ တစ်ကောင်မှအနားမှာမရှိတဲ့ ဆေး(၂)ကချစ်လှစွာသောသူငယ်ချင်းများ၊(ယုံစားမိတော့လဲ ကလေးတစ်ယောက်အဖတ်တင်တာပေါ့ သူတို့ကိုတောင်ကျေးဇူးတင်ရဦးမှာ..အဲဒီထဲက ဒီ ဘလော့ကိုလာလာဖတ်နေတဲ့ မီရေ အားလုံးကိုကြုံရင်ပြန်ပြောပြပေးပါ။သတိတရကျေးဇူး တင်ရှိနေကြောင်း…)


အချိန်တွေက တရွေ့ရွေ့နဲ့။ အချိန်ဆိုတာ တကယ်အကုန်မြန်တတ်တဲ့အရာလား။ မရွေ့ တရွေ့နဲ့ တကယ်ပဲမရွေ့နိုင်တတ်တဲ့အရာလေလား။စိတ်တွေရဲ့စေစားရာတွေအတိုင်းရွေ့ မျောရင်း သတိရခြင်းတွေက တားမနိုင်ဆီးမရ ငွေ့ရည်ဖွဲ့လာတဲ့အခါ ငါဘယ်မှာရွာချလိုက် ရတော့မလဲ…………….။ကျောက်ထက်အက္ခရာတွေထွင်းထု၊စကားလုံးအစုစုတွေက ငါ့ကို လိုက်လံစိုစွတ်စေခဲ့ပြီ။မနက်ဖြန်မှာမင်းမရှိတော့ဘူးဆိုရင် မနက်ခင်းရဲ့အလင်းတွေကိုလဲ ငါမလိုချင်ပါဘူး။အစတည်းက ဘာလို့ အရာရာကိုငြင်းမထုတ်နိုင်ခဲ့ရတာတဲ့လဲ။ခုတော့….. သူရေးခဲ့တဲကဗျာလေးတစ်စကဖြင့် သတိရကြောင်းတွေကိုပြောပြစေခဲ့ပြီ။


ကဲ....မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊ ၊၊
မနော်ဟရီ


32 Comments:

Zephyr said...

ကဲ....မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊ ၊၊

..ဒီကဗျာလေးကိုလည်းလွမ်းဆွတ်လိုက်ပါတယ် ... တလက်စတည်း ....။ မိတ်ဆွေတွေဆုံတွေ့စတုန်းက ခွဲခွာရလိမ့်မယ်လို့ မတွေးမိခဲ့ကြတာကိုက လူတိုင်းရဲ့အားနည်းချက်ပါ ...။

တွေ့ဆုံ ကြုံကွဲတာကလည်း မတွေ့မဆုံမကြုံမကွဲတာထက်တော့ တော်ပါသေးရဲ့လို့ပဲတွေးလိုက်ပါတယ် ...။

ပျော်ရွှင်ပါစေအမရေ ...။

မဒါတို့ကတော့ အကိုအောင် ဆိုပဲ ... ပြောင်းပြန်တော့ မကြားလောက်ဖူးထင်ပါရဲ့ ... :).


With Peace
Z

အိန္ဒြာ said...

ကဲ....မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊ ၊၊

(မမရေ ဇက်ဦးသွားလဲပြောမှာပဲ...)


အလွမ်းတွေ စွတ်စိုထိုင်းမှိုင်းနေလိုက်တာ..မမရယ်..
ဟိုး ခပ်ဝေးဝေးကို ဘာကိုမှမကြည့်ပဲ လှမ်းမျှော်ကြည့်နေတဲ့ မမ မျက်ဝန်းတွေကို မြင်ယောင်လာပါတယ်..။

အလွမ်း...
(ဒီစကားလုံးက လူကြိုက်သိပ်များတာပါ..။)
တမြေ့မြေ့တမ်းတနေတတ်တာတဲ့..

သတိရတယ်...
အမှတ်တထင်၇ှိနေတာ..

သတိတရလွမ်းဆွတ်မိနေတယ်ဆိုရင်တော့...

အဲဒီ့ကြေကွဲခြင်းက လှိုက်လှဲနင့်နည်းလွန်းနေတော့မယ်..။

မမရေ..

နေကောင်းအောင်နေ နော်..။

ချစ်ခင်လေးစားတဲ့

အိန္ဒြာ
( ဟုတ်တယ် z ရေ ကိုအောင် )

thitkaungeain said...

ငါ့အမ ခနခနနေမကောင်းဖြစ်ဖြစ်နေတာ
ဘာကြောင့်လည်းဆိုတာ ခုမှသဘောပေါက်တော့တယ်
လက်စသတ်တော့ ရွာသားနှောက်ယှက်နေတာကို

thitkaungeain said...

လွမ်းခွင့်ရတာနဲ့ တယောက်ကလည်း တမှောင့်ဝင်လွမ်းနေပြန်ပြီ
မကြီးမငယ်နဲ့လွမ်းနိုင်ကြပါပေ့
တွေ့ရင်တော့ဖြင့်လွမ်းအောင်ချွဲဂိုဏ်းသားတွေ ပီသပါပေတယ်

အိန္ဒြာ said...

ဘာမနာလိုဖြစ်နေတာလဲ...

လွမ်းတာတောင်..ဗီဇာလျှောက်ရမလိုပဲ...

ကိုယ့်ဒီမိုကရေစီနဲ့ကိုယ်လွမ်းတာ...

မမရေ..သူကဖြင့် ခုပဲ အလွမ်းတွေနဲ့ မျက်နှာသစ်လိုက်သတဲ့....

ပစ်ချွဲချွဲနိုင်နေမှာပဲနော်လို့ပြောထားတယ်

WWKM said...

မိုက်တယ်ဗျာ..း)
မေခရေ..
မီးလည်းပုသိမ်မှာ တစ်နှစ်လောက်နေခဲ့ဘူးတယ်..
မြို့လယ်လမ်းဆုံနားက သန်မြန်သူသွားဆေးခန်းမှာ
မောင်က ဆေးခန်း ၁နှစ်လောက်သွားတိုင်ခဲ့သေးတယ်
လေ.. ပုသိမ်မြို့ကလေးကပျော်စရာလေးပါ.ပုသိမ် ညဈေးလေးကိုလဲလွမ်းတယ်...

မိန်းထဲမှာ အတူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းလေး
တွေကို လွမ်းသွားပြီ...း(

ကျန်းမာပျော်ရွှင်ပါစေရှင်.
ဝါ

မယ်ကိုး said...

မရဲ့  အလွမ်းတွေကို ကြားနာသွားပါတယ်။

မ နေကောင်းလို့  စာများများရေးနိုင်ပါစေ...

ကိုလူထွေး said...

ဖိုးစိန်ဆီမှာ အသစ်တင်ထားတယ်ပြောလို့ လိုက်လာခဲ့တာ...

"သေချာတာက နိဗ္ဗာန်ဘုံရယ်လို့မရှိခဲ့ရှာတဲ့ကလေးတွေရှေ့မှာတော့ ကျွန်မတို့က ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံ ဆိုတဲ့သီချင်းကို မျက်ရည်တွေနဲ့မဆိုခဲ့သင့်ဘူး မဟုတ်လား။"

တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ပဲ မချိုသင်းအိမ်မှာ အဲဒီသီချင်း သွားဆိုပြခဲ့တာ...

းဝ)

Yu Ya said...

စာတွေ အများကြီးဖတ်သွားပြီး ဗဟုသုတတွေ ယူသွားပါတယ်။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။

ကျေးဇူးတင်စွာဖြင့်
yu ya

Kay said...

နေဆူးသစ်က.. ပေါ်တင် မအော်တာ နေမှာပါ။
ဒါမှ မဟုတ်.. ဒန်အိုးခေါက်တဲ့ အချိန်.. ရေချိုးခန်းထဲ ရောက်နေလို့ဖြစ်မယ်။း))

ဖိုးစိန် said...

ဝါးးးးးးးးးးးးးးးးးးးးးးး

ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


သူများတွေ ဥသွားပြီးးးးးး


နက်ကျသွားတာ.... မဂျုနဲ့စကားပြောရင်းနက်ကျသွားတာ...

ဒီလိုအဖြစ်ဖြစ်မယ်ဆိုတာကြိုတင်နေလို့ တစ်နေကုန် ရင်တထိပ်ထိပ်နဲ့စောင့်နေတာ.... အသက်တောင်မရှုဖူး.. မဂျုကပြောတယ်... မကြီးမနက်ဖန်မှတင်ဖြစ်တော့မယ်ဆိုပြီး....

ခုစိတ်မချလို့တက်လာတယ်... ကိုယ်ကနောက်ကျသွားပြီး။။

ဒါပေမယ့် တစ်ပါပဲ... သုညကိုဖြုတ်ထားလိုက်ရင်...
ငိုနေတာကြာနေရင်သူများ ဥ သွားဦးမယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

လင်းဒီပ said...

သတိရခြင်းတွေကို ကျဲချလိုက်တယ်..
ကောင်းကင်ဆီ တိမ်တွေဆီ
မြစ်တွေဆီ ပင်လယ်တွေဆီ
မိတ်ဆွေတို့ရယ်
ကိုယ်တိုင်ကိုယ်ကျ ရောက်မလာနိုင်ခဲ့ဘူး
ငါ့သတိရခြင်းမှာ ထပ်တူ စိုစွတ်ကြပါတော့...။

ဖိုးစိန် said...

သတိတရ လွမ်းနေတာလားမကြီး...


ခုလွမ်းစာတွေ တေးဖွဲ့သီကုံးနေတဲ့အချိန်နဲ့နေရာကို

တစ်ချိန်ချိန်မှာ သတိတရလွမ်းကြောင်းဖွဲ့ရင်ရဦးမယ်နော်...


စာရေးချိန် သာလိကာလိုလာလာနှောက်ယှက်ကြတဲ့ စီဘုံးမန်နေဂျာကြီးနဲ့တကွ အပေါင်းအပါတွေကိုပေါ့...း)


ပျောက်ဆုံးသွားသောနိဗာန်ဘုံကို ဒီနေ့ပဲ ညည်းဖြစ်သေးတယ်... မနက်ဖန်အတွက်ပေါ့...


ကျောင်းကိုလဲလွမ်းသွားမိပါရဲ့...

“အသည်းပန်း” ကိုပါအဆစ်လွမ်းသွားပါတယ်...

သတိရလွမ်းဆွတ်ကြောင်းဖတ်တော့

လွမ်းဆွတ်သတိရမိသွားပြန်ပီး


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မြစ်ကျိုးအင်း said...

ကိုယ့်ဘ၀နဲ့ကိုယ် လွမ်းဆွတ်အောင်ရေးတတ်လို့ ကျွန်တော်လည်း တချို့အရာတွေကို သတိတရနဲ့ လွမ်းသွားမိပြီ... ပြန်မလာ တော့တဲ့တိမ်တွေကိုလည်း သတိရနေမိတယ်...
(ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာတယောက်ကို တိမ်နဲ့တင်စားမိပါတယ်)

မေငြိမ်း said...

သတိရကြောင်းတွေကိုတော့ စာတောင်မရေးနိုင်တော့ပါ..:(

Julian said...

စကားချီး။ ကျမအိပ်မယ်ဆိုပြီး သူ့အိမ်လေးကထွက်ခဲ့တာ ၁၉း၅၇ ။ သူ့အိမ်လေးထဲမှာ သူလွမ်းရသမျှတွေစပြောပြချိန်က ၂၀း၀၅။ ၈ မိနစ်ဘဲခြားခဲ့တာ ။ ကျမ အိပ်ယာကတရေးနိုးတော့ ၁၄ယောက်တောင် ဧည့်သည်တော်မှတ်တမ်း ရေးထိုးပြီးသွားကြပြီ ။ ဒါကလည်း သူပြောပြောနေကျ ကံကြမ္မာကြီးဆိုတာနဲ့ဆိုင်သလိုလို မဆိုင်သလိုလို။

စာကိုယ် ။ ရင်ကိုထိသောစာကြောင်းများ........
"ဘဝတစ်ခု ပြိုကျမသွားခင် ၊ ကျားကန်ထိန်းသိမ်းပေးခဲ့ရာ နေရာလေး ၊ စိတ်ရှုပ်စရာဆိုတာတွေးချိန်မရှိအောင် အချိန်ပြည့်အလုပ်တွေနဲ့ ၊ ကွယ်ကာကုသပေးခဲ့တဲ့နေရာလေး.. မင်းရင်ခွင်သေးသေးလေးကိုလွမ်းတယ်။ .....
ရောင်စဉ်တံလျှပ်တွေအထပ်ထပ်နဲ့ ၊ ရေကြည်သန့်တွေကိုငတ်မွတ်ခဲ့သောနေ့ရက်များမှာ၊ ငါ့ကောင်းကင်တောင်ကြားလမ်းကအလင်းတချို့ ငါ့ရင်ကိုဆို့နင့်စေခဲ့ဖူးတယ်၊ ကြေကွဲလွယ်တယ်ဆိုပေမယ့် ၊ မေ့တော့မမေ့လွယ်ခဲ့ပြန်ပါဘူး။......"

ငါ့အတွက်တော့ဒီမှာမြန်မာဆိုတာတောင်မသိတဲ့ငါ့အလုပ်ကသူငယ်ချင်းတွေကို ကံ့ကော်ပြည်ကြီးအကြောင်း ငါတို့သူငယ်ချင်းတွေအကြောင်း ယဉ်ကျေးမှုနဲ့ယုံကြည်မှု အယူသီးမှုတွေ ခဏခဏပြောလွန်းလို့ သူတို့အလွတ်ရနေပြီ :D ။

စကားမစပ်။ မသန္တာနဲ့မဆွေကိုဒီစာဖတ်ပြီးတူတူလွမ်းလိုက်ပါတယ်။

အဆုံးသတ်။ တကယ်တော့လွမ်းခွင့်ရတာကိုကကံကောင်းနေပြီ။



ဂျူ

စကားချပ်။ နေကောင်းခြင်းမကောင်းခြင်းဟာငါ့အတွက်တော့စိတ်နဲ့တိုက်ရိုက်အချိုးကျတယ်။ ရှင့်အတွက်တော့ အဲဒီသီအိုရီမှန်မမှန်မသိဘူး။ ငါနေမကောင်းဘူး :(

အိုင်လွယ်ပန် said...

ကဲ....မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊

ကောင်းလိုက်တာဗျာ ...
အဲဒီကဗျာပိုဒ်လေးက ထွက်လာတဲ့
သတိရခြင်းတွေက လည်း စွတ်စိုထိုင်းမှိုင်းလို့ ...

မီယာ said...

မနော် လွမ်းစရာ သတိရစရာတွေ တပုံတပင်ကြီးနော် နေရာဟောင်းကို လွမ်းပေမယ့်လည်း လူကြီးတွေ ဆုံးမသလို တော်ရာမှာနေ ဆိုတဲ့စကားလေးနဲ့ တခါတလေ ဖြေသိမ့်ရတာပဲ

tin min htet said...

လွမ်းတော်မူဖို့ စာကိုစီတယ် .. ဆိုလား

ဒေါက်တာထွန်းခင်ကိုတော့ မှတ်မိသေးတယ်။ သူ့အတန်းဖက်တွေ အမြဲတန်းရောက်နေတော့၊ သူ့ကိုလဲ မင်္ဂလာပါဆရာ ဆိုပြီး နှုတ်ဆက်နေတော့ သူ့တပည့်မှတ်နေတာ။ တရက် သူ့အတန်းအပြင် စာထိုင်ဖတ်နေတော့ (တကယ်က မဟေသီလောင်းကို လာစောင့်နေတာ) "တယ်ဟုတ်ပါလား၊ စာတွေဘာတွေ ဖတ်လို့" ဆိုပြီး စာအုပ်ယူကြည့်မှ၊ သူ့တပည့် မဟုတ်မှန်း သိသွားတာ :P

သက်ပိုင်သူ said...

မမနော်ရဲ့
အရေးအသားလေးတွေကလည်း သွက်ပါ့..
သတိရစရာတွေကလည်း များပါ့နော်

မိုးခါး said...

အရမ်းကြိုက်တယ် မမနော်နော်ရေး)
တကယ်ပါ
လွမ်းသလိုလိုဖြစ်သွားသေးတယ်
ဘာရယ်တော့မသိဘူး
အဆင်ပြေပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်နော် ..

April said...

မ..ကတော့နော်..ထိလိုက်တိုင်းရွှေဖြစ်တယ်..

ပျော်ရွှင်ပါစေ..
မိုးနေ

tg.nwai said...

မနော်ရေ..လွမ်းလိုက်တာ..ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်..ဘယ်သူ့ကျောင်းပဲဖြစ်ဖြစ်..ကျောင်းတက်ခဲ့ရတဲ့ အချိန်လေးတွေအတွက်တော့ ကျောင်းသားဘ၀ချင်းက အတူတူပါပဲလေ..။

ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ.....သူ့ကို သတိရကြောင်း
ပြောပြပေးပါ......၊၊ ၊၊

မနော်လွမ်းတော့ သိပ်ဖတ်လို့ ကောင်းတဲ့စာတပုဒ်ထွက်လာတယ်.. ဒါပေမယ့် ..နေကောင်းအောင်နေနော် မနော်..

ချစ်တဲ့
tg

နွေဆူးလင်္ကာ said...

ကျွန်တော်တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့တယ်ဆိုရင်လည်း အဲဒါဟာ အိပ်မက်ဆိုးတွေနဲ့ မှော်ဝင်မြို့ပျက်ကြီးတစ်ခုပဲ... အရာရာဟာ လွမ်းဆွတ်စရာမပါပဲ စနစ်တကျ စိတ်ပျက်လက်ပျက် တည်ဆောက်ထားတဲ့ နောင်တတွေနဲ့ နာကျင်စွာ ကျွန်တော် ကျောခိုင်းထားရစ်ခဲ့တဲ့ ဘ၀တစ်ခုပေါ့ ... အားလုံးကောင်းပါတယ်ခင်ဗျား လို့ ထောင်ထဲကလို မအော်ရုံတမယ်ပါပဲ ...

Moe Myint Tane said...

အလွမ်းတဲ့...

အသည်းတစ်ခြမ်း အလွမ်းနဲ့ပြီးတယ်..

ကျန်တစ်ခြမ်းကော...

နောက်လာမယ့်အလွမ်းတွေကို ငံ့လင့်လို...

ကဲ..

အတိတ်၊ပစ္စုပန်၊အနာဂတ် ဒီသုံးရပ်စလုံး..

ကိုယ်မှာ အလွမ်းနဲ့ပြီးတယ်...။

တကယ်တမ်း သွေ့ခြောက်မှုကင်းမဲ့လောက်အောင် ဆွတ်ဆိုနေတတ်လွန်းတော့လည်း....

ဘ၀များစွာ လွမ်းကြရဦးမယ်...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အမရာ said...

မ..ကိုသတိရလို့လာရင်း
မ...ရဲ့ သတိရကြောင်းတွေကို
အတိုးချဖတ်သွားတယ်..သိလား...

Wunna-social said...

မေ၀င်းရေ
ထပ်ပြီး တောင်းပန်ပါတယ်
ဒါပေမယ့် ရှင် ကျုပ်တို့ကို သတိတရ ကျေးဇူးတင်တဲ့ အတွက် ကျေးဇူးတင်ပါတယ် (တကယ်လည်း ကျေးဇူးတင်သင့်ပါတယ် ဟဲဟဲ)
တခြားသူငယ်ချင်းတွေကိုလည်း ပြောလိုက်ပါ့မယ်။
ရှင်လွမ်းတဲ့ လူတွေ နေရာတွေက ကျုပ်နဲ့ မတိုက်ဆိုင်ပေမယ့် ရှင့်စာကို ဖတ်ပြီး အရမ်းလွမ်းလာမိတယ်။
ဒါပေမယ့် ရှင်ရဲ့ အလွမ်းတွေက သိပ်မပြည့်စုံဘူး၊ တစ်စုံတစ်ခု (တစ်စုံတစ်ယောက်) ကျန်နေသလားလို့။
မီ

ဆောင်းယွန်းလ said...

သတိရစရာသိပ်ကောင်းတဲ့ အမိမြေအကြောင်းကို သိပ်ကိုသတိရတတ်တဲ့လူတယောက်ကရေးထားလို့လားတော့မသိဘူး ဖတ်ရတဲ့သူမှာလည်း သတိရစရာတွေသိပ်များသွားတယ်မနော်ရေ

mysterysnow said...

မနော်ရေ
ဒီပို့စ်လေးကိုတော့ အရမ်းကြိုက်ပါတယ်....
သတိရစရာတွေ ပြောပြလို့ မကုန်အောင်ကို ရှိနေတတ်ပါတယ်...

နှင်းနဲ့မာယာ

ဇော် said...

ဒေါ်လေးမေ
( နာမည်အရင်းထဲက ဒီတစ်လုံးကို သတိတရနဲ့ ကျနော် ခေါ်ပါရစေ။ )

ကျနော့်ရဲ့ မြန်မာပြည်ထဲက ဖေးဘရိတ် စာရေးဆရာမို့လို့လား မသိဘူး။ ဒေါ်လေးရေးသမျှ ကျနော့်ကို ပိုပြီး ခံစားမိစေတယ်ဗျာ။
ကျနော်ကိုယ်တိုင် ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်မှာ တက်ခဲ့တာပါ။ မာစတာ အောဖ့် အီးမေဂျာပေါ့။ ဒါပေမယ့် ဒေါ်လေးပြောသလို ကျနော် မတွေးတတ်ခဲ့ဘူး အဲ့တုန်းက။ ခုမှ ဒေါ်လေးပြောမှ ပြန်တွေးလိုက်မိတာ ဟုတ်တယ်ဗျာ။ ကျနော် အရမ်းလွမ်းသွားပြီ။ =(

summer said...

မနက်ဖြန်မှာမင်းမရှိတော့ဘူးဆိုရင် မနက်ခင်းရဲ့အလင်းတွေကိုလဲ ငါမလိုချင်ပါဘူး။
အရမ်းကြိုက်တယ် အမ။ အရမ်းလည်း လွမ်းသွားတယ်။ ပျော်ရွှင်ပါစေ..

Phyu Ei Thein said...

အရမ်းသတိရသွားပြီ။ ဒဂုံဆောင်နောက်ကလမ်းကဖြတ်ရင် အဆောင်ပေါ်ကနေအော်ခံရတာတွေ၊ ဒေါက်တာထွန်းခင်အတန်းဆို မလွတ်စေရဘူး။
ဟဲဟဲ ဒေါက်တာစိန်ထွန်းအချိန်ဆိုရင်လည်းမလွတ်စေရပါဘူး။
နည်းနည်းတော့အိပ်ငိုက်တာပေါ့နော်။
ကိုပုဆိုင်က ထမင်းကျော်၊ အင်းဝကန်တင်းက ထမင်းပေါင်း၊ တောင်ငူကန်တင်းက ကော်ရည်၊....အဆောင်ဒင်နာတွေ၊ အဲဒီသတိရစရာတွေနဲ့အတူ မနော်ဟရီ၊ နေဆူးသစ်၊ ညီဆင်းသစ်၊ .........တို့ရဲ့ကဗျာတွေ ၊
ဟင်း..... အသစ်တွေဖြစ်ကုန်ပြီ။