တူညီစွာတိမ်းနွဲ့တတ်သောဓားတစ်စင်း.............

Tuesday, June 23, 2009

တူညီစွာတိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

It’s been 8 years !! 2001 to 2009..

When I read again while I was typing that mini-fiction, I found something, that’s my fiction is just a complete half ! Then I wish I could read on the other side of complete half ! Now , I got it , my wish is fulfilled !! You will be noticed there will be no author name at the end of the story !! Guess it !! Who wrote it ?



တူညီစွာတိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း

(အခန်း၁)
တိုက်ဆိုင်မှုတစ်ခုတဲ့လား …. ……..
တိုးတိုးလေးသက်ပြင်းချသံ …

အဲဒီနေ့ …
(အချိန်အခါမဟုတ်) မြစ်ရေတွေလျံခဲ့တယ်…။ ။

အညိုရောင်ဖျော့ဖျော့နေ့ရက်တွေ … လို့အဲဒီနေ့တွေကို ညို နာမည်တစ်ခုပေးထားခဲ့မိတယ် …။ သူက ညိုနဲ့ သံတူကြောင်းကွဲ သံစဉ်လေးတစ်ခုလည်းဖြစ်တယ် …။ ဖြတ်သွားဖြတ်လာတွေကြားမှာ သမားရိုးကျ ကြွေကျသွားတဲ့ သစ်ရွက်လေးလို ညို့ရဲ့ နေ့တဓူဝလမ်းခရီးတွေမှာ သူ မတော်တဆပါဝင်လာခဲ့တယ်လေ …။

အညိုရောင်ဆံပင်နဲ့ကောင်လေးတစ်ယောက် သူ့ဆံပင်တွေကို ဘုရားသခင်က နှစ်မျိုးဖန်ဆင်းရမှာပျင်းလို့လားမသိဘူး .. ညို့ဆံပင်တွေနဲ့အတူတူ ဖန်ဆင်းပေးလိုက်တယ် …။ ဒါမှမဟုတ် ကံတရားကြောင့်ဆိုရင်လည်း ဒီကံတရားကိုက မူရင်းကောင်း လို့ မိတ္တူကောင်း တာလား မသိ …။ ဘယ်သူကမူရင်းမှန်းလည်းမသိဘူးလေ …။ အဲဒီကောင်လေးက အညိုရောင်သစ်ရွက်လေးတစ်ရွက်လို မကြာမကြာ ညို့မျက်စေ့ရှေ့မှာ မတော်တဆကြွေကျနေတယ် …။

သူ့ကိုစတွေ့တော့ ပညာရွှေတောင်စာအုပ်ဆိုင်မှာ …။ ကျယ်ကျယ်ဝန်းဝန်းရှိလို့မကြာမကြာရောက်ဖြစ်တယ် …။ တခါတလေ ရင်ကိုအေးမြစေသား စာအုပ်တွေအလကားပေးတတ်တာရယ် … စာရွက်ကျော်နေလို့ပြန်လဲရင် ပြုံးပြုံးရွှင်ရွှင်နဲ့လဲပေးတတ်တဲ့ ညီမငယ်လေးတွေနဲ့ခင်နေတာနဲ့ အမြဲလိုလိုရောက်ဖြစ်တာပါ …။ ကဗျာစာအုပ်ရောင်းတဲ့ စင်နားမှာ လူတစ်ယောက် အလကားမြည်းလို့ရတဲ့စာအုပ်ကို မုန့်ဟင်းခါးဟင်းရည် အဆစ်ပေးသလိုမြည်းနေလေရဲ့ …။
ခဏစောင့်ကြည့်နေသေးတယ် …. ဆံပင်အညိုတွေနဲ့ … ကိုယ့်ဆံပင်တွေကို copy & paste လုပ်ထားသလိုခံစားရတယ် …။ သူက ကဗျာစာအုပ်ထူထူကြီးကိုမြည်းနေပုံရတယ် .. ..ကိုယ်ဝယ်ချင်တဲ့ ဇေယျာလင်းဘာသာပြန်တဲ့ ဟိုက္ကူ ကဗျာစာအုပ်က အဲဒီနားမှာ … မြန်မာအချင်းချင်း excuse me ပြောရတာလည်းဝါသနာမပါဘူး … နည်းနည်းလောက် ဆိုပြီး တခုခုတောင်းစားသလိုမျိုးလည်းငယ်ငယ်ကတည်းကမပြောတတ်ဘူး .. ဒါနဲ့ပဲ လမ်းပိတ်ထားတဲ့ ကားကို ကျော်တက်သလို … သူ့ကိုကျော်တက်လိုက်တယ် …။ စာအုပ်ပုံအောက်မှာ ဖြူဖြူလေးခွေနေတဲ့ မြွေသေးသေးလို ကဗျာစာအုပ်လေးကိုဆွဲထုတ်ပြီး … ငါလာသည် ၊ ငါတွေ့သည် ၊ ငါ ငွေရှင်းမည်ဆိုတဲ့ ခေတ်သစ် ၂၁ ရာစု ဂျူးလီယက်ဆီဇာလို ခပ်တည်တည်ပဲထွက်လာလိုက်တယ် …။
အဲဒီတုန်းကတော့ စာမြည်းတဲ့ အထဲမှာ အညိုရောင်ဆံပင်နဲ့လူတယောက်ရှိတယ်ဆိုတာ မှတ်မိစေတဲ့လိုင်းလေးတစ်ခုတောင်ဦးနှောက်ထဲမှာရေးရေးလေးမဖြစ်ထွန်းခဲ့တာအသေအချာပဲ ပေါ့ …။


(အခန်း၂)


မကြာပါဘူး … သူနဲ့ထပ်ဆုံတယ် … မျဉ်းကြားတစ်ခုကိုဖြတ်ရင်းလေ … ဖြစ်နိုင်တာက သံသရာဆိုတဲ့ ရုပ်ရှင်ကားတစ်ကားမှာ ညိုနဲ့သူနဲ့ ဖြတ်လျောက်လုပ်ခဲ့ကြဖူးသူတွေလား … ဖြစ်နိုင်တယ် .. သူကလည်းကိုယ့်ရှေ့ကဖြတ်လျှောက် … ကိုယ်ကလည်းသူ့ရှေ့ကဖြတ်လျှောက် … တယောက်နဲ့တယောက် မိတ္တူကို မူရင်းက ကြည့်သလိုကြည့်မိတယ် …ဒီလောက်ပါပဲ … တယောက်နဲ့တယောက် ဖြတ်လျှောက် သရုပ်ဆောင်ကြေးပေးဖို့ သံသရာကလည်း ဝေးခဲ့ပါပြီ ... လို့တွေးပြီး ပြုံးချင်သွားခဲ့မိသေးတယ်လေ။


(အခန်း၃)


ညို့ဝါသနာက ရောင်စုံဘောပင်လေးတွေနဲ့ Markerရောင်စုံလေးတွေကိုစုတတ်တာ …။ pen friends တွေကို စာရေးတဲ့အခါအသုံးဝင်လို့ … ပြီးတော့ စာကို Notes ထုတ်တဲ့အခါ အရောင်နဲ့မှတ်တယ် ပုံတွေနဲ့မှတ်တယ် … ရယ်စရာကောင်းတာက စာမေးပွဲမှာ ဒီပုံနဲ့အရောင်နဲ့မှတ်ထားတဲ့ စာမျက်နှာကိုသတိရပြီး စာကမေ့နေတာမျိုးလေ …။ အထူးသဖြင့် Uni နဲ့ Pental အမျိုးအစားလေးတွေသဘောကျတယ် …။ များသောအားဖြင့် Apex မှာဝယ်လေ့ရှိတယ် …။ စာအုပ်တွေဝယ်တဲ့အခါ … Apex ရဲ့ဟိုဘက်လမ်းက စာအုပ်တွေကို ပလတ်စတစ်ဖုံးပေးတဲ့ ညီအစ်ကို နှစ်ယောက်ဆိုင်မှာ စာအုပ်လေးတွေဖုံးခိုင်းထားပြီး Apex မှာ စာရေးကိရိယာတွေဝယ်လေ့ရှိတယ် …။

အရောင်းစာရေးတွေနဲ့လည်းခင်တယ်လေ… သူတို့မွေးထားတဲ့ Arowanaကြီးက ပျင်းပျင်းရိရိရေကူးနေတော့ ငွေတွေက ဘယ်လာမလဲ ပျင်းပျင်းရိရိကြီး လာရင်းနောက်ကျကုန်မယ်ဆိုလို့ ဆိုင်ရှင်က ငါးကိုရေမြန်မြန်ကူးခိုင်းလို့ရလားတဲ့ …။ ညိုက အလှမွေးငါးတွေ နှစ်ပေါင်းများစွာမွေးခဲ့ဖူးတယ်ဆိုတော့ မှန်ပုံးသေးနေတယ် … ငါးရဲ့ ရေသန့်စက်က အလတ်စားဖြစ်နေတယ်လို့ပြောပေးလိုက်တယ် …။ ပညာကိုတန်ဖိုးထားတဲ့ ဆိုင်ရှင်ကအစိမ်းရောင် ဘောပင်တစ်ချောင်းလက်ဆောင်ပေးရင်း ၊ အခုနပဲ သမီးအကို လည်းလာဝယ်သွားတယ် … သမီးတို့က ရုပ်ချင်းတကယ်တူတာပဲနော် …။ အင်း ဟိုမိတ္တူကြီးကတော့ လာသွားတယ်ထင်ပါရဲ့ …လို့တွေးမိတယ် ။ အရေးထဲအပြန်လမ်းမှာ ကလေးတယောက်က သူ့အမေကို မေးနေသံကြားတယ် … မေမေ …တရွာဝင်တကျီဆောက်တယ်ဆိုတာဘယ်လိုလဲမေမေတဲ့ …။ သူ့အမေကလည်း ရှင်းရှင်းပဲဖြေတယ် .. သမီးဖေဖေကိုမေးကွဲ့တဲ့ …။

အင်း ..
ညိုလည်း ဖေ့ဖေ့ကိုမေးရဦးမယ် …
ဘယ်ကကျီလဲလို့လေ … ဘယ့်နှယ့် အတည်ပေါက်ကြီးရုပ်လိုက်ဆင်နေတာ နည်းနည်းတော့ ခံပြင်းဖို့ကောင်းသလိုလိုပဲလေ … ကိုယ့်အတွေးကိုယ်သဘောကျပြီးလမ်းမှာရယ်မိသေးတယ် …။


(အခန်း၎)

တခါလည်း မုန့်ဟင်းခါးဆိုင်မှာဆုံသေးတယ်လေ… အဲဒီဆိုင်က ညပိုင်းလေးပဲဖွင့်တဲ့ဆိုင်လေ…။ silver light နားကဈေးတန်းလေးမှာဖွင့်တဲ့ဆိုင် …။ ညပိုင်း မြို့ထဲရောက်တိုင်းစားဖြစ်တယ် …။ဆယ်တန်းတုန်းကလည်း ကျူရှင်ကပြန်တိုင်းစားဖြစ်တယ် …။ ရောင်းတဲ့သူကလည်းဝင်ထိုင်လိုက်တာနဲ့ ဘဲသွေး၊ ကြက်သွန်ကြော်နဲ့ ငါးဖယ် နဲ့ တပွဲအမြဲအဆင်သင့် …။ မုန့်ဟင်းခါးစားရင် ဒီသုံးမျိုးမရတဲ့ဆိုင်ဆိုရင် စိတ်နာသလိုကိုဖြစ်တယ် …။ (အဲဒီမှာစားရင်း မ၀သေးရင် ဘေးနားမှာ ဖွင့်တဲ့ မုန့်လိပ်ပြာဆိုင်က မုန့်လိပ်ပြာတွေဝယ်သွားပြီး တလမ်းလုံးစားသွားတယ် .. ညိုက ပါစက၀မ်းမီးလေပင့်နေတာလို့ဖေဖေကပြောရလောက်အောင် စားနိုင်တယ် …။ သူငယ်ချင်းတွေက တော့ ညိုတို့က စားနိုင်သောက်နိုင်လို့ စီးပွားရေးကိုပြောသလိုလိုနဲ့ ကိုယ့်ကိုနှိပ်ကွပ်ကြတယ် …။ )… ဒီတစ်ခါ …ဆိုင်ကိုအ၀င်မှာ မိတ္တူကြီးနဲ့ဆုံတယ် … အရေးထဲ ကမ္ဘာလူသားသန်းထောင်နဲ့ချီထဲမှာ ဒီလူက အကြွေးရှင်လို ခဏခဏ ဆုံနေတာ ခံစားရခက်တယ် …။ သူကလည်း သူ့ကိုယ်သူမူရင်းပါဆိုတဲ့ပုံနဲ့ကြည့်တယ် …။ အမယ် သူခိုးကလူကိုဟစ်တဲ့အကြည့်လို့ ကိုယ့်ဘာသာကိုယ် နာမည်ပေးပစ်လိုက်တယ် …။ ရုပ်ကိုက သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါဆိုတဲ့ အထက်စီးရုပ်နဲ့ …။ထုပ်စည်းတိုးတဲ့သူတွေနဲ့တွေ့မှ ထမင်းရည်ပူစည်းတားခိုင်းရမယ့်ရုပ်မျိုးလေ …။ အခုတလော ကဗျာမှာ အလင်္ကာတွေကို ဖြုတ်ပြီး ပကတိသဘောကိုလေ့လာနေချိန်ဆိုတော့ အားရပါးရလှမ်းမှာလိုက်ရတယ် ...။ “မုန့်ဟင်းခါးတစ်ပွဲ အကြော်မထည့်ဘူး..”။ ... ဒီတစ်ခါတော့ခပ်သွက်သွက်စားပြီးထွက်လာခဲ့လိုက်တယ် ..။

ဆိုင်ရှင်က သမီးပေါင်းရှင်းသွားပါလားအစ်ကို့အတွက်တဲ့ …။ သေလိုက်ပါတော့ …။ မသိချင်ယောင်ဆောင်လို့မရတာနဲ့ သိချင်ယောင်မဆောင်ဘဲ ခပ်တည်တည်ဘဲထွက်လာခဲ့လိုက်တယ် …။ မိတ္တူကြီးရေ နေရစ်ပေတော့ …။

(အခန်း၅)

ဒီလိုတိုက်ဆိုင်မှုတွေနဲ့ပတ်သက်လို့ အခင်ဆုံးသူငယ်ချင်း ယမင်းကို ပြောပြမိတယ် …။ အော် ဒီလူက နင့်ရဲ့ ကံရုပ်ကြီးလားမှမသိတာတဲ့ … သူပြောတဲ့ဥပမာကြီးကလည်းစိတ်လေစရာ … အတိတ်ဘ၀က ကိုယ်ကသူ့ပေါ်မကောင်းခဲ့လို့ တကယ်မရှိဘဲပေါ်တဲ့ ကံရုပ်တဲ့လေ …နေစမ်းပါ .. ကံရုပ်က မုန့်ဟင်းခါးစားတယ်လို့ ဘယ်ဒေသနာမှာမှ ငါမကြားမိပါလားဟယ် လို့ပြောတော့ …
ဒါဆိုရင် .. ငါထင်တာက …
အမယ်အရေးထဲ ရှားလော့ယမင်းက ဆေးတံမပါဘဲ တွေ့ကရာစကားလုံးတွေခဲပြနေသေးတယ် .. ကိုယ့်ကိုယ်ကို ၀ပ်ဆန်လိုလို ..၊ မသိန်းမောင်လိုလိုဖြစ်အောင်လာလုပ်နေတယ် …။
…နင်ထင်တာတော့ ဒီလူဟာ မှတ်ပုံတင်နံပါတ်တစ်ခုနဲ့ ခြေထောက်အသုံးပြုပြီးလမ်းလျှောက်တဲ့သတ္တ၀ါ လားဆိုပြီးငေါ့လိုက်မှ … နည်းနည်းဟိတ်ဟန်လျော့သွားတယ် …။
ငါထင်တာတော့ သူက ရိုးရိုးသားသားလမ်းမှားနေတဲ့ ငှက်တကောင်ပဲတဲ့ …။
အင်း သူပြောမှ .. အိမ်ထဲမှာ ညဘက်ဝင်လာပြီးပြန်မထွက်တတ်တဲ့ စာကလေးတွေကိုသတိရတယ် … အင်းဖြစ်နိုင်တယ် … ဒီလူက ပိကျိပိကျိ သာမအော်တယ် .. သူ့ကြည့်ရတာ လူးလာခေါက်တုံ နိုင်တယ် …။ အရေးထဲ ငါ့မျက်စိအိမ်ထဲမှာမှ လမ်းမှားရောက်လာတယ် … ငါသူ့ကိုမြင်ရတာကိုက ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်ဖြစ်သွားသလိုပဲ … တကောင်နဲ့တကောင်မကွဲဘူးဟာ …။ ထားလိုက်ပါဟာ ဒီမိတ္တူကြီးအကြောင်း ။…ငါတို့ခရေမြိုင်လမ်းးဘက်လမ်းလျှောက်ထွက်ရအောင် …။

လမ်းကခရရနံ့သင်းတမြမြနဲ့မွှေးနေတယ် … ခရေပင်လေးတွေက ကုပ်ကုပ်လေးပုန်းနေတဲ့ကလေးတွေလို စုစုဝေးဝေးနဲ့ချစ်စရာကောင်းတယ် ..။ ငယ်ကတည်းက ဒီလမ်းလေးမှာလျှောက်ရရင်စိတ်ချမ်းသာတယ် … star flower ကို ခရေပန်းမှန်းမသိခင် ဖေဖေက ကြယ်ကြွတွေသွားကောက်ရအောင်ဆိုပြီးခေါ်လာခဲ့ကတည်းက ဒီလမ်းလေးကို ချစ်ခင်နေမိတယ် …. ကြယ်ကြွေတွေတဖွေးဖွေးလေးနဲ့ ဆောင်းညနေလေးဟာ တန်ခိုးရှင်တပါးပါးလွတ်ကျသွားတဲ့ ဥယျာဉ်တခုလို ခမ်းနားလှပနေတယ် …။ ယမင်းနဲ့အတူတူ ကောင်းကင်ကကြယ်တွေကိုရေတယ် … ငယ်ကတည်းကိုယ့်နာမည်ပေးထားတဲ့ကြယ်လေးဟာ တတိယ မြောက်ခရေပင်ရဲ့ထောင့်မှာလင်းပနေလေရဲ့ ..ယမင်းရဲ့ကြယ်လေးက ဒီနေ့နည်းနည်းဖျော့နေတယ် .. နှစ်ယောက်သား ကြယ်ကြည့်တဲ့ဝါသနာကို အခုအထိမစွန့်နိုင်သေးဘူးလေ… ။ ရှေ့နားမှာ လူနှစ်ယောက်လည်းလမ်းလျှောက်နေတယ် …
အလင်းတွေက ညီအစ်ကိုမသိတသိအလင်းတွေ .. ဒါတောင်မှ ဒီဆံပင်တွေဟာ မိတ္တူကြီးခေါင်းက ဆဲလ်အသေတွေမှန်း စိတ်ကဖျပ်ခနဲသိလိုက်တယ် … သေစမ်းပါ မိတ္တူကြီးရယ် … အခုနက ဥယျာဉ်တောင် ဖြတ်လျောက်ခန်းထဲက ဆက်တင်တစ်ခုလို ချက်ချင်းပြဇာတ်ဆန်သွားတယ် …။
ယမင်း …ယမင်း ..ရှေ့ကမိတ္တူကြီးကိုကြည့်လော့ … အသင် သကောင့်သားသည်ပင်လျှင် သင်ပြောသော မုန့်ဟင်းခါးစားသည့် ကံရုပ်ကြီးဖြစ်လေကုန်၏ လို့ပြောပြီး .. လှည့်ပြန်လာဖြစ်တယ် …။
ယမင်းကလည်း ခေါင်းကို အငြိမ့်သမ ရုပ်သေးက ကသလို လှည့်ကြည့်လှည့်ကြည့်လုပ်တယ် … ။
နင်ကလည်း အမြန်လာစမ်းပါ …တော်ကြာ သူက ငါ့ကို သူ့ကံရုပ်ကြီးထင်နေပါဦးမယ်ဟဲ့ ..ဆိုမှ ယမင်းလည်း ရုပ်သေး က’ ရပ်တော့တယ် ..။


(အခန်း၆)

အကျည်စားသန်သောနတ်တို့သည်ရှိကြလေကုန်၏ဆိုပါတော့
…တကယ်ဆို အဲဒီနတ်တွေနဲ့ရန်ဖြစ်ဖို့မကောင်းဘူးလား …


အဲဒီလိုအတွေးနဲ့ပဲ တစ်မနက်ခင်းစတင်ခဲ့တယ် ... ကော်ဖီတွေတခွက်ပြီးတခွက်သောက်လိုက်ရင်းတစ်နေကုန်အိမ်မှာနေနေလိုက်တယ် ….။
မနေ့က၀ယ်လာတဲ့ Yanni ရဲ့ musicals အခွေလေး ဖွင့်ပြီးစိတ်ကို relax လုပ်ထားလိုက်တယ် … မနေ့က အဖြစ်အပျက်တွေက စန္ဒရားသံနဲ့အတူ တိုးသက်ညင်သာစွာဆိုက်ရောက်လာတယ် ….။ Kitaro စီဒီတွေ ၀ယ်မရခဲ့တာကိုတွေးမိတယ် …။ ဆိုင်ရှင်ကတော့ မရောင်းနိုင်လို့ပါတဲ့ သူ့မောင်လေး မှာထားလို့တဲ့ … အပြန်လမ်းမှာ မိတ္တူကြီးကိုတွေ့တယ် … အလိုလိုခံစားမိတဲ့စိတ်က Kitaro အခွေတွေကို ဒီလူမှာထားတာများလို့ … တွေးမိလိုက်တယ် …။ ဒါနဲ့ပဲ လှေကားကို ပြန်တက်ပြီး မိတ္တူကြီး စီဒီဆိုင်ကိုဝင်မ၀င် တစ်ချက်လှမ်းကြည့်မိတယ် …။ ထင်တဲ့အတိုင်းဝင်သွားတယ် … ဆိုင်ရှင်က၀မ်းသာအားရနှုတ်ဆက်ပုံကြည့်တာနဲ့ အဖြေက သေချာသလောက်ပဲ … ထားလိုက်ပါတော့ … ဒီအခွေတွေ သူကိုင်ပြီးထွက်လာမှာသေချာတယ်လို့ကိုယ့်ဘာသာကိုယ်လောင်းရင် ကိုယ်ပဲနိုင်ဦးမယ် …။ ဒါနဲ့ပဲ FMI ကထွက်လာလိုက်တယ် …။ ဇော်ဂျီဟောက်စ်ဆိုတဲ့ ကော်ဖီဆိုင်ကို လှမ်းကြည့်ရင်း မိတ္တူကြီး ဒီဆိုင်မှာ ကော်ဖီသောက်တုန်းဗုံးပေါက်ရမှာလို့ ကြံကြံဖန်ဖန်တွေးမိတယ် …။ သူ့ကိုမုန်းလို့မဟုတ်ပါဘူး … ဆံပင်ရောရုပ်ရောခပ်ဆင်ဆင်မက လာတူနေတာကို ရင်နာလို့ပါ …။ အရင်ကဆို ဒီလိုဆံပင်လေးတွေနဲ့ဆိုပြီး ကိုယ့်ကိုယ်ကိုကျေနပ်နေတာ …အခုတော့ “မင်းတယောက်တည်းမဟုတ်ဘူး … “ဆိုတဲ့ ဇော်ဝင်းထွဋ်သီချင်းကတောင် ကိုယ့်ကို ရွဲ့ ဆိုနေတယ်လို့ခံစားရတယ် … … …..။ အာရုံကိုပြန်စိုက်လိုက်တော့ Yanni ရဲ့စန္ဒရားသံပြန်စီးဆင်းလာတယ် … သိမ်မွေ့တဲ့သိုးလေးတကောင် ပြုံးတာကိုမြင်လိုက်ရရင် ခံစားရမယ့်ခံစားမှုမျိုး ခံစားရတယ် …။

(အခန်း၇)

... ကြွက်ကလေးတွေတောင် ဗိုက်ဆာလာတဲ့အခါ လှောင်အိမ်ထဲကမောင်းတံကိုနင်းတတ်လာတယ် ...
ဒါနဲ့စကားမစပ် .. လူသားတွေကရော တနေ့တနေ့ ထမင်းစားရဖို့ မောင်းတံတခုခုကို ဘယ်နှကြိမ်နှိပ်နေရပါလိမ့် ...။ ညို့အတွေးထဲမှာ ကြွက်တွေ မောင်းတံတွေ လူတွေနဲ့မျောနေတယ် ...။ ဖေဖေ့လို (thinker type personality သမားလို)ု အတည်အတံ့မတွေးပေမယ့် အမြဲတမ်းဦးနှောက်ထဲမှာ စကားလုံးအသစ်တွေနဲ့ အတွေးအသစ်တွေကို ဖြည့်ထားရတာကို ညိုသဘောကျတယ် ...။ အခုလည်း taxi driver ဦးလေးကြီးက စကားပြောလိုက်မှ ကိုယ့်ကိုယ်ကို taxi ပေါ်မှာမှန်းသတိရတယ် ...။ အဲဒီဦးလေးကြီးက အရပ်ပုပုနဲ့ ရုပ်လေးက ကာတွန်းထဲက ရိုးသားတဲ့ လယ်သမားဦးကြီးရုပ်မျိုးလေ...။ သူက သီချင်းတော့ကြိုက်ပုံရတယ် ... Guns N Roses ရဲ့ Knocking on the heaven's door ကို တိုးတိုးလေးဖွင့်ပြီးလေချွန်နေတယ် ...။ ကားငှားဖြစ်တာလည်းရယ်စရာ ... သူ့ကားက အပြာရောင်လေ... အဲဒါရှေ့ကအဒေါ်ကြီးတွေက ကားကိုတားပြီးမှ သူတို့ထဲက တစ်ယောက်က အငှားကားကလည်း အပြာကြီးတဲ့ ... ။ ကိုယ်တောင် အံ့အားသင့်သွားတယ် ... အငှားကားက အပြာဆိုရင်ဘာများဖြစ်သလဲပေါ့လေ...။ ဦးလေးကြီးကလည်း နောက်တတ်တယ်ထင်တယ် သူ့နေကာမျက်မှန်ပေးပြီး ဒါလေးတပ်ထားပြီး ငှားပါဗျာလို့နောက်တယ် ...။ ဒါပေမယ့်မငှားဖြစ်ကြဘူး ဒါနဲ့ပဲ ကိုယ်က Main ထဲကိုသွားချင်လို့ပါ ဘယ်လောက်လဲဆိုတော့ သူက ပုံမှန်ဘယ်လောက်ပေးရလဲ... ပေးနေကြအတိုင်းပဲပေးပါဗျာ..ဆိုတာနဲ့ ကိုယ်လည်း ပေးနေကြဈေးကိုပြောပြီးတက်လာလိုက်တယ် ...။...တစ်လမ်းလုံးသူကလည်း သူ့ဘာသာသူမောင်းရင်းလေချွန်နေတာပဲ ခပ်တိုးတိုးလေးပဲ ... ။ သူကောင်းမောင်းတာ ညင်သာတယ်လို့ခံစားရတယ် ...။ တချို့ကားဆရာတွေက ဘရိတ်အုပ်လိုက်ရင် လူက ယိမ်းသမလို ယိမ်းယိမ်းသွားတယ် ... သူကတော့ သာသာယာယာပဲ ... ပုံမှန်ပဲ ကီလို ၅၀ လောက်မှာပဲမောင်းတယ် ... တော်တော်အချိုးပြေတဲ့ ကားဆရာပဲ .....။စိတ်အနှောင့်အယှက်မဖြစ်ရဘူးလေ ... တချို့ကျတော့လည်း အင်တာဗျူးလုပ်သေးတာ ဘယ်သွားမလဲ ထမင်းစားပြီးပြီလား၊နေပူတယ်နော်၊ ကျောင်းဆရာမလား .. စသဖြင့် ...။ အခုတော့ ဦးလေးကြီးက ဘယ်နားရပ်ပေးရမလဲပဲမေးတာ ...။ ကိုယ်လည်း စစ်ကိုင်းဆောင်နဲ့ အနီးဆုံးနေရာမှာရပ်ခိုင်းပြီး ဆင်းလိုက်တယ် ...။ ကိုယ်ပေးတဲ့ပိုက်ဆံကိုရေလည်းမရေဘဲ အိတ်ထဲကောက်ထည့်ပြီး ကျေးဇူးပါပဲဗျာလို့ပြောသွားသေးတယ် ..။ အော် ဒီမောင်းတံနင်းနေတဲ့ ကြွက်တွေလိုလို လူတွေထဲမှာတော့ ဒီဦးလေးကြီးက ယဉ်ကျေးတယ်လို့ အသိအမှတ်ပြုပြုံးပြပြီး ကျေကျေနပ်နပ်ကြီး ကံကော်နယ်မြေထဲကိုဝင်လာခဲ့တယ်....။

စာအုပ်ငှားချင်လို့လာခဲ့ပေမယ့် ဒီနယ်မြေရဲ့ အေးဆိတ်ငြိမ်သက်မှုကိုသဘောကျတယ် ...။ ကိုယ်ကတော့ဒီမှာမတက်ဖူးလို့သိပ်မရင်းနီးပေမယ့် အသိဆရာတစ်ယောက်ရှိတာနဲ့ သုံးလေးငါးခေါက်တော့ရောက်ဖူးတယ် ...။ ရောက်တဲ့အခါတိုင်း လမ်းအကြာကြီးလျှောက်ကြည့်ဖြစ်တယ် ... အခုလည်း ငှားချင်တဲ့စာအုပ်ရတာနဲ့ လမ်းမှာ လှန်လျောဖတ်ရင်း အင်းဝဆောင်ဘက်ကနေပြန်မယ်ဆိုပြီး စာအုပ်ကိုသိမ်းလိုက်တယ် ...။ ရှေ့နားမှာ သိပ္ပံကင်တင်းလေးက အရိပ်အာဝါသကောင်းကောင်းနဲ့အပင်တွေကြားထဲမှာ ရိုမန်တစ်ကျေးရွာလေးလိုလှနေတယ် ....။ အော်အော် .. ရိုမန်တစ်ကျေးရွာလေးမှာ ဗီလိန်တစ်ယောက် ခါးထောက်ထားတဲ့မျက်လုံးတွေနဲ့ ကိုယ့်ကိုကြည့်တယ် .. ငါ့နှယ် ... ဒီလောက်တောင် ဆုံဖို့ အခွင့်အရေးဖြစ်တန်စွမ်း ၀.၀၀၀၀၀၃၂၃ လောက်ရှိတဲ့နေရာမှာမှ ဒီလူနဲ့ဆုံပြန်ပြီ ... သံသရာမှာ အကြွေးရှိခဲ့ရင် ကန်တော့ပါသေးရဲ့ လို့ပြောလိုက်ချင်တယ် မိတ္တူကြီးရယ် မိတ္တူကြီးရဲ့ ... ....။
သူ့ဘာသာသူလာတာပဲနေမှာပေါ့ ... ဒါတောင်ကိုယ့်ဘာသာကိုယ်လာတဲ့ ညိုနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့ ....။ အင်းလေ ... ဒုလ္လဘထဲမှာ အကြိမ်ကြိမ်တည့်တည့်ကျနေတဲ့ ကောင်းကင်က အပ်တစ်စင်းနဲ့ မြေပြင်က အပ်တစ်စင်းပဲလား ...။ ... ကံတရားဆိုတဲ့ ကြွက်တကောင်ကလည်း ဒီမောင်းတံကိုနင်းမိတိုင်း တိုက်ဆိုင်မှုတွေ ပြုတ်ကျလာမယ်လို့များသိနေခဲ့သလား ......
အရေးမပါလိုက်တာကွာ ....လို့ ဘာကိုစိတ်တိုရမှန်းမသိဘဲတိုသွားမိတယ် ..။


(အခန်း၈)

ဖေဖေနဲ့ ညပိုင်းသမီးအဖစကားဝိုင်းမှာ လူတယောက်နဲ့ မီးပွိုင့်ခဏခဏမိသလို ဆုံနေတာပြောဖြစ်တော့ ဖေဖေက ပြုံးတယ် ...။ သမီးရယ် သံသရာမှာ မတော်ဖူးသည့် ဆွေမျိုးဟူသည်မရှိမဟုတ်လား ...လို့ပြောတယ် ...။ပြီးတော့ ဖေဖေ ဟော်လန်သွားဖို့ ကိစ္စတွေ ပြောဖြစ်ကြတယ် ...။ ဖေဖေက ဟော်လန်မှာ Post Grad diploma ယူခဲ့တာ ...။ အခုလည်းဟိုကကျောင်းက ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ကမ်းလှမ်းလာတယ် ...။ မြန်မာနိုင်ငံမှာလည်းရုံးက နားလိုက်ပြီဆိုတော့ အဲဒီကိစ္စကိုပိုပြီးဖိဖိစီးစီးလုပ်နိုင်သွားတယ် ...။
အင်း ..
ဖေ့ဖေ့ အယူအဆအရတော့ ဒီမိတ္တူကြီးက.. သံသရာမှာမတော်ဘူးသည်မရှိသည့် ဖိနပ်ကြီးပေါ့ ...။

(အခန်း၉)

ဒီနေ့ ပျင်းတာနဲ့ ယမင်းကိုခေါ်ထုတ်ပြီး မြို့ထဲသွားကြတယ် ...။ ဒီနေ့ညို့ကဗျာတစ်ပုဒ် သရဖူမှာပါလို့ စာမူခသွားထုတ်ရင်း စေတီတခုမှာလှူဖို့ ဆူးလေကိုသွားတယ် ...။
နေ့နံနဲ့ကိုက်ညီနဲ့ဆင်းတုတော်အသီးသီးရှေ့မှာ ၀တ်ပြုဆုတောင်းရင်း စိတ်ချမ်းသာနေမိတယ် ...။ ရွှေသင်္ကန်းကပ်ဖို့ရတဲ့စာမူခလေးကိုလှူလိုက်တယ်...။ ယမင်းကတော့ ရွှေသင်္ကန်းလှူပြီး ထုံးစံအတိုင်း အဘိဓမ္မာ ကျမ်းရွတ်ပွဲအတွက်သွားလှူတယ် ... ဘုရားမှာစိတ်ချမ်းသာလက်ချမ်းသာ ရှိခိုးလှူဒါန်းပြီး နှစ်ယောက်သား ကော်ပြန့်စိမ်းသွားစားကြတယ် ..။ လမ်းသုံးဆယ်နားက ကော်ပြန့်စိမ်းဆိုင်လေး၊ အဲဒီဆိုင်မှာက နွားနို့စစ်စစ်လည်းရတယ် ..ဆိုတော့ နှစ်ယောက်စလုံးကြိုက်ကြတယ် ..။ ယမင်းတယောက် ကော်ပြန့်စိမ်းစားရင်း အချဉ်ညှစ်လိုက်တာ ငရုတ်ဆီက သူ့အင်္ကျီ လက်ပေါ်ကိုနည်းနည်းကျသွားတယ် ...။ ဖြစ်ချင်တော့ သူလက်ရှည် ပန်းနုရောင်ဖျော့ဖျော့လေးဝတ်လာတဲ့နေ့မှ အချဉ်ကကျရတယ်လေ...။ စားပြီးမှ cleaning room ရှာတာပေါ့ဟာ ဆိုပြီးတော့ လောလောဆယ်တစ်ရှူးနဲ့ သုတ်ခိုင်းထား လိုက်တယ်။ ငရုတ်ဆီက လက်ကိုလည်းနည်းနည်းပေသွားတော့ ယမင်းလည်း ကပ်စေးကပ်စေးဖြစ်နေတယ် ...။ အဲဒါနဲ့ပဲ နင်လည်းအခုမှ ဒေါ်ကပ်စေးဖြစ်တော့တယ်လို့စမိတယ် ...။
စားသောက်ပြီးတော့ လမ်းကူးလိုက်တယ်။ ဆူးလေမှာ အများသုံးအိမ်သာဆိုလို့ နှစ်ခုတိတိရှိတယ် ... ဟိုဘက်ဂုံးတံတားနားက မြေအောက်အိမ်သာကတော့ ပုံစံကိုက မာဖီးယားဂိုဏ်းသားတွေရဲ့ လျှို့ဝှက်ဆုံရပ်လိုလိုဘာလိုလိုနဲ့ ... လူလည်းမကူးရတဲ့ လူကူးဂုံးကျော်တံတားကြီးပေါ်မှာတော့ တိုးရစ်တွေခဲရာခဲဆစ်တက်ပြီးဆူးလေစေတီတော်ကို ဓာတ်ပုံရိုက်နေကြတယ် ...။ ကံကောင်းတာကတော့ ကိုယ်တို့အတွက် ဒီဘက် မှာ အများသုံးသန့်စင်ခန်းလေးတစ်ခုလာဖွင့်ပေးထားတာပဲ ...။ ထုံးစံအတိုင်း ခေါင်းတွဲမပါရင် ဘူတာတောင်မဆိုက်ဘူးဆိုတဲ့ရထားလို ယမင်းကလည်း တယောက်တည်းမ၀င်ရဲပြန်ဘူး ...။ ကိုယ်ကပဲ bodyguard ကားထဲက မင်းသားကြီးလိုခပ်တည်တည်ကြီးလိုက်ဝင်လိုက်ရတယ် ...။ သူ့လက် နဲ့ အင်္ကျီလက်ကို အသေအချာဆေးကြောနေပုံက အခုပဲ မီးဖွားပေးလိုက်တဲ့ အသန့်ကြိုက်တဲ့ အထူးကုကြီးပုံစံနဲ့ ... ကိုယ်လည်း ပျင်းလာတာနဲ့ ဆေးပြီးထွက်လာတော့ဟာ ငါအရှေ့ကစောင့်နေမယ် ဆိုပြီးထွက်လာလိုက်တယ် ..။
အော် ..ဖြစ်ရမယ် ..
ဟိုဘက်မှာထွက်လာတဲ့ တစ်ယောက် ... ရုပ်ကိုက အိမ်သာတက်စားနေတဲ့ရုပ်မျိုးနဲ့ ...။ ချိန်းထားရင်တောင်လွဲဦးမယ်ဆိုပြီးပြောရအောင်လည်း ဒီနေရာက ချိန်းစရာကောင်းလောက်တဲ့ ဆွတ်ပျံ့ဖွယ်အရပ်ဒေသမဟုတ် ...။ ဒါပေမယ့်လည်း တိုက်ဆိုင်မှုတွေထဲမှာ တော်တော်လေး chaotic ဖြစ်တဲ့တိုက်ဆိုင်မှုပေါ့ ...။ အရေးထဲ သူ့ဘေးနားက ကောင်လေးက သူ့ကိုကြည့်လိုက် ကိုယ့်ကိုယ်ကြည့်လိုက်နဲ့ ...။ သုံးစကန့်ထက်ပိုကြည့်ရင် ရိုင်းတယ်ဆိုတာကို လက်ခံတဲ့သူတွေထဲမှာသူလည်းပါပုံရပါတယ် ...။ နှစ်စကန့်ခွဲလောက်မှာ .. သူ့အကြည့်တွေသူရုတ်သိမ်းပြီး လှည့်ထွက်သွားလေရဲ့ ... သူ့အကြည့်ဆိုတာကတော့ သိတဲ့အတိုင်း သူခိုးက လူဟစ်တဲ့အကြည့်ပဲလေ ...။ ဖြစ်နိုင်ရင် ဒီဆံပင်နဲ့ ဒီရုပ်ကို ကျွန်မသာ ပိုင်ရှုင်အစစ်ဖြစ်ကြောင်း ရီဂျစ်စတာလုပ်ထားချင်ပါရဲ့ ...။ ယမင်းက ခဏကြာတော့ အူတူတူနဲ့ထွက်လာတယ် ... ပြီးတော့ နင်ကလည်းဟာ ခဏလေးစောင့်ရတာကို အလိုမကျတဲ့ရုပ်နဲ့ တဲ့ ... ။

....
အပြန်လမ်းမှာ ... ခရမ်းရောင်ဓားသွားတစ်ခုအကြောင်းကိုတွေးမိတယ် ...
ယမင်း ...
....မြတ်နိုးတယ်ဆိုတာ အမြတ် No ဆိုတော့ ရှုံးတာပေါ့နော် ...ဆိုတော့ သူက ... ထုံးစံအတိုင်း ငါထင်တာတော့ ... ဆိုပြီး အစချီပြန်တယ် ...
နင်ထင်တာတော့ ငါသိတယ် .. နင် taxi ခပေးမယ်မဟုတ်လား ဆိုတော့မှ ... ကိုယ့်လှည့်ကွက်ကို သူသဘောပေါက်တယ် ...။
အင်း ..နင်လည်း လူလည်ကျလာတာ ငါ့တစ်သက်ပဲတဲ့ ...။
ကိုယ်ကပဲ သူ့လက်ပေါ်မှာကြီးလာသလိုလိုနဲ့ ... ယမင်း ငတုံး ...လို့မျက်စောင်းထိုးဖို့အားယူလိုက်တယ် .... ။ ဖြစ်ချင်တော့ အားလွန်သွားတဲ့မျက်စောင်းက ဘေးနားက ကားပေါ်မှာပါသွားတဲ့ မိတ္တူကြီးကိုတွေ့လိုက်တယ် ...။
ဟဲ့ယမင်း ..ဘေးမှာတွေ့လား နင်ပြောတဲ့ကံရုပ်ကြီး ... ကံရုပ်ကြီးက မုန့်ဟင်းခါးစားတယ် ၊ အိမ်သာလည်းသွားတယ် taxi လည်းငှားတယ်ဟဲ့ အံ့ရောနော် ဆိုမှ သူလည်း .. ကြည့်ရင်း တဟားဟားရယ်တယ် ...။


(အခန်း၁၀)

တိုက်ဆိုင်မှုတွေက အသားကျလာတတ်သတဲ့လား ... ......... အခုတော့ တခုခုမပိုင်ဆိုင်ခဲ့ပဲ တစ်ခုခုပျောက်ဆုံးနေတယ် .. တစ်ခုခုမရရှိခဲ့ပဲ .. တစ်ခုခု ပျောက်ဆုံးနေတယ် ..........။


မိတ္တုကြီးကိုမတွေ့တာကြာပြီ .. ကိုယ်ကလည်း ကိုယ့် thesis အတွက် Final Defence မှာ ဖြေစရာလေးတွေစုဆောင်းနေတယ် ...။ တစ်နေ့တစ်နေ့ လှိုင်သာယာသွားလိုက် ...၊ Thesis supervisor ရှိတဲ့ လှည်းတန်းကိုပြေးလိုက် ၊အင်တာနက်ဆိုင်မှာ လိုတာတွေဒေါင်းလုဒ်သွားလုပ်လိုက်နဲ့ ကိုယ့်အချိန်ဇယားထဲမှာ ကိုယ်ပိနေတယ် ...။ စာရွက်တွေကိုမိတ္တူသွားဆွဲတုန်း မူရင်းကောင်းမှမိတ္တူကောင်းမည်ဆိုတာကိုတွေ့တော့ ဘာရယ်မဟုတ် စိတ်ထဲကို မိတ္တူတစ်ရွက်ဝင်လာတယ် ...။
.........
...............
(အခုတလော အသက်ရှူမ၀ဘူး ...။ ရုတ်တရတ်အောက်ဆီဂျင်နည်းသွားသလား ...။ ဖေဖေ့ကိုမေးကြည့်တော့လည်း သူတော့ အရင်လိုပါပဲတဲ့ ..။ ယမင်းကိုမေးကြည့်တော့လည်းထိုနည်းလည်းကောင်း ... ကိုယ်ကတော့ အသက်ရှူမ၀ဘူး ...။ ပန်းပင်တွေကြားထဲမှာထိုင်နေတာတောင် အသက်ရှူမ၀ဘူး ...။ .. ဘာလို့လဲ ... ဒါကိုကိုယ်မသိဘူး ... အင်း ဒါကိုကိုယ်မသိဘူးလို့ထင်တယ် ....။)

အဲဒီနေ့တွေ ...
ကိုယ်ရဲ့ကြယ်လေးမှိန်ဖျော့ ...
ကြည်လင်သာယာသောအုံ့မှိုင်းမှုထဲ
ဖူးနေတဲ့ စံပယ်ပန်းလေးရော ..
အသက်ရှူဝရဲ့လားကွယ် ...။ ။

အဲဒီညနေက စာအုပ်အထူကြီးလေးအုပ်နဲ့ ညို supervisor အိမ်ကနေပြန်လာခဲ့တယ် ...။ ကားဂိတ်ကနေ စာအုပ်တွေမ’ရတာမသက်သာလို့ ဆိုက်ကားစီးပြီးပြန်လာရင်း လက်ဖက်ရည်ဆိုင်ရှေ့နားမှာထိုင်နေတဲ့ အညိုရောင်ဆံပင်တွေနဲ့လူတယောက်ကိုတွေ့တယ် ။ သေချာစူးစိုက်ကြည့်မိလိုက်တယ်..
မိတ္တူကြီးပါလား ... ။
... ရုတ်တရတ် အောက်စီဂျင်တွေလေထဲမှာပြန်ပြည့်လာသလိုပဲ ...။
... ထူးထူးဆန်းဆန်း ကျေနပ်သလိုလို၊ နည်းနည်းပျော်သလို ဖြစ်သွားမိတယ် ။ အံသြသွားတဲ့အချိန်မှာ ကြည့်လိုက်မိတော့ သူ့ရဲ့အံ့သြမှုကိုမြင်တယ် ...။
ဒီတစ်ခါတော့ သူ့အပြုံးက ပိုက်ဆံကောက်ရတဲ့ ချာတိတ်လေးဆန်နေတယ် ...။ ထုံးစံအတိုင်း အကြည့်တွေရဲ့သက်တမ်းဟာ သုံးစက္ကန့်နီးပါးကြာမြင့်ခဲ့တယ်....။

တိုက်ဆိုင်မှုတွေကိုသဘောတကျပြုံးလိုက်မိတယ် ...နောက်နေ့တွေမှာတော့ ... Final Defence နဲ့ Passport ကိစ္စတွေက ခေါင်းထဲဝင်လာပြန်တယ် ...။ မိတ္တူကြီးကိုလုံးလုံးမေ့သွားပြန်တယ် ...။

(အခန်း၁၁)

ကောင်းကင်နဲ့မြေကြီးဟာ ... မိုးရေစက်လေးတွေနဲ့တွယ်ဆက်လို့လေ ...
အဲဒီအခိုက်အတန့်လေးမှာ သူတို့ရင်ထဲကအကြောင်းတွေ ... ဖြတ်သန်းစီးဆင်းနေမှာလား....

အင်း ..
မိုးတွင်းဟာ တခြားသူတွေလွမ်းမလွမ်းတော့မသိဘူး .. ညို့အတွက်တော့ မုန်တိုင်းနဲ့ တုပ်ကွေးရောဂါက ကန့်လန့်ခံနေတဲ့ ဆူးနှစ်ချောင်းလိုပဲ ....။
အခုလည်း ဖေဖေနေမကောင်းချင်သလိုဖြစ်နေတယ် .. မနေ့ကမိုးမိလို့တဲ့ ...။ သောက်နေကျဆေးတွေထဲမှာ Anitibiotics တွေနဲ့တွဲသောက်ဖို့ Cramil-S ကုန်နေတယ် ...။ ဘာဆေးဝယ်စရာရှိသေးလဲလို့ကြည့်တော့ Paracetamol လည်းကုန်နေတယ် ....။ အနားကဆေးဆိုင်ကိုသွားလိုက်တယ် ...။ ဆေးကောင်တာမှာ “ပါရာစီတမောလ် တစ်ကဒ်နဲ့ ခရစ်မေးလ် အက်စ တစ်ကဒ်ပေးပါ..” လို့ပြောရင်း ကွန်ပေါင်ဒါဆေးကဒ်ယူတာစောင့်နေလိုက်တယ်။ ဆေးကောင်တာနောက်မှာ ဖျားနာနေတဲ့လူနာတစ်ယောက် ဆရာဝန်စောင့်ရင်း အိပ်ပျော်နေတာတွေ့လိုက်တယ် ...။ သေချာကြည့်လိုက်တော့ မိတ္တူကြီးဖြစ်နေတယ် ...။ အရေးထဲ ဒီလူ့နှယ် ဆေးခန်းမှာမှ လာဆုံတယ်လို့ ....။ ရယ်ချင်သလိုတောင်ဖြစ်မိသွားတယ် ... သူလည်းမျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်တယ် ... တိုက်ဆိုင်နေကျသူတွေအချင်းချင်းအသိအမှတ်မပြု ချင်ပြုချင်အကြည့်ပဲ ..။ ... ကိုယ့်လို လူကောင်းကြီးက လူမမာတွေပဲလာသင့်တဲ့အရပ်ကို ချော်တောငေါ့လာရသလားဆိုတဲ့ အံအားသင့်ပုံက ရယ်ချင်ပက်ကျိဖြစ်စရာ ... ဒါပေမယ့် ညိုကလည်းပက်ကျိမဟုတ်တော့ ရယ်ချင်ပေမယ့် ခပ်တည်တည်ပဲ ပြန်ထွက်လာခဲ့တယ် ...။

မိုးငွေ့မပါဘဲနဲ့...
အဲဒီနေ့လေးဟာ ...

အေးမြနေခဲ့တယ် ...။ ။



(အခန်း၁၂)

မာစတာဘွဲ့အတွက် အားလုံးအောင်မြင်စွာပြီးစီးသွားလို့စိတ်ချမ်းသာနေတယ်။
ဖေဖေလည်း ဟော်လန်သွားဖို့အဆင်သင့်ဖြစ်ပြီ ... သားအဖ နှစ်ယောက်ထဲဆိုတော့ ညိုလည်း အတူလိုက်သွားဖို့ အစစအရာရာပြင်ဆင်နေလိုက်တယ် ...။ ကျူးလစ်ပန်းခင်းတွေ နဲ့သိပ်လှတဲ့ မြို့ကလေး .....။ပင်လယ်ရေမျက်နှာပြင်နဲ့ တန်းတူပဲရှိတဲ့ ကုန်းမြေပေါ်ကမြို့ကလေးပေါ့ ... ဓာတ်ပုံတွေထဲမှာတော့ သိပ်ချစ်စရာကောင်းတဲ့မြို့လေးပဲ ...။ ဖေဖေကလည်း ပါရဂူဘွဲ့အတွက် ကျောင်းသားလေးပြန်ဖြစ်တော့မှာဆိုပြီး တက်ကြွနေတယ် ... ညိုကလေည်း နိုင်ငံရပ်ခြားမှာ သုံးနှစ်သွားနေတဲ့အချိန်အတွင်းမှာ ဘာတွေလုပ်မလဲလို့ စီမံကိန်းတွေချနေတာနဲ့ အချိန်တွေကုန်လို့ကုန်မှန်းမသိဘူး ....။

အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပါပြီဆိုတဲ့နေ့ရဲ့နောက်တနေ့မှာ ယမင်း အိမ်ကိုရောက်လာတယ် ...။ သူ့လက်ထဲမှာက သူ့အချစ်တော် တားရော့တ်ကဒ်တွေနဲ့ ...။ သူ့ထုံးစံအတိုင်း တားရော့တ် ဟောမယ်ဆိုပြီးဟောပါလေရောလေ....။ကိုယ်ဆွဲထုတ်လိုက်တဲ့ ကဒ်လေးက

Eight of Wands ..







ကိုယ့်အတွက်တော့ ဒါဟာသမားရိုးကျဖြစ်စဉ်တခုပါပဲ ... သွားလာရမယ့်ခရီးတွေကလည်းအားလုံးအဆင်သင့်ဖြစ်နေပြီလေ...။ ဒီအချိန်မှာဆွဲလို့ ဒီကဒ်မှမထွက်ရင်ဘယ်ကဒ်ထွက်မှာလဲလို့တောင် ပြောမိသေးတယ် ...။
...
......
သူငယ်ချင်းနှစ်ယောက်ထွေရာလေးပါးကနေ ထွေရာရှစ်ပါး ၊ ထွေရာရှစ်ပါးကနေ ထွေရာ တစ်ဆယ့်ခြောက်ပါးအထိပြောကြရင်း နောက်ဆုံး ယမင်းကစကားတစ်ခွန်းကိုဖောက်ခွဲလိုက်တယ် ....
နင့်မိတ္တူကြီးကိုနင်လွမ်းနေတော့မှာပဲနော် ....တဲ့လေ။
..

....
ရုတ်တရတ်အလည်ပြန်ရောက်လာတဲ့ ကန္တာရလို ... အရာရာဟာ တိတ်တိတ်လေးခြောက်ကပ်သွားတယ် ....။ ပူုပြင်းမှုက ရင်ဘတ်ထဲမှာ လူးလွန့်နေတဲ့နဂါးတစ်ကောင်လို။ .... အပေါ်ယံအလွှာအက်ကွဲသွားတဲ့ နောက် ကျောက်ရည်ပူတွေစီးထွက်လာတဲ့ခံစားမှုမျိုးဖိစီးဆို့နစ်လာတယ် .... ။ ဘာမှမဟုတ်ခဲ့တာလေးတစ်ခုက ဒီလောက်ပဲ ပြင်းထန်သတဲ့လားကွယ် ...။

...
.......
ယမင်း ... ငါ့စိတ်ထဲက ခံစားချက်တစ်ခုအတွက် တားရော့တ်ဆွဲကြည့်ရအောင်ဟာ ...။
.....
...................
.............................


(အခန်း၁၃)

မနက်ဖြန်ဟာ ဒီဇင်ဘာ ၁၃ ...
နင်လွမ်းနေမလား ဆောင်းရယ် ...
နှင်းဘူတာရုံလေးဝပ်စင်း ...

သံလမ်းတွေလည်း စီးဆင်းဝေးကွာသွားတယ် ...


............................. မနက်ဖြန်ဆိုရင် ... ညို တို့သားအဖ မြန်မာပြည်ကနေထွက်ခွာသွားတော့မယ် ... အနည်းဆုံးသုံးနှစ်ကနေ အများဆုံး အပြီးတိုင်ဖြစ်သွားနိုင်တဲ့ ထွက်ခွာမှုမျိုးလေ ....။

အိပ်မရတဲ့ည ...
ဒိုင်ယာရီလေးကို လှန်လိုက်တော့ ....
ကဗျာအတိုအစတွေ စီးဆင်းလာတယ် ....

သစ်ရွက်လေး ..
နင်ဟာ တိတ်တိတ်လေးကြွေခဲ့တယ် ..

အဲဒီသစ်ရွက်ကြွေသံဟာ ..

ငါ့ရင်ထဲမှာ အခါခပ်သိမ်း …
ပဲ့တင်ထပ်နေတော့မှာ …။

ဒီဇင်ဘာ ၂၈၊
(ပထမဆုံးတွေ့ဆုံမှု ...)


အခုရောသူ ကဗျာစာအုပ်တွေကို မုန့်ဟင်းရည်လိုမြည်းနေတတ်သေးလား ....။ တွေးမိတော့ပြုံးလိုက်မိတယ် ...။


မတော်တဆကျောက်ဖြစ်သွားတဲ့
တိုက်ဆိုင်မှုတစ်ခုပါ ...
...
သတိရလိုက်တိုင်း
...
သတိရလိုက်တိုင်း
...
သတိရလိုက်တိုင်း
...
ငါအသက်ရှူမ၀ဘူးကွယ် ....

ဂျွန်လ ၁၆(မွန်းကြပ်မှု ...)


မိတ္တူကြီး ... ရှင်ရော အသက်ရှူဝရဲ့လား ....။ ညိုတို့ဟာ မျက်မှန်းတန်းနေတဲ့ သူတစိမ်းတွေပဲလား ... ဒါဟာမတော်တဆမှုတွေနဲ့ ကျောက်ဖြစ်သွားတဲ့ သတိရမှုတစ်ခုပဲလား ... အသက်ရှူဝနေရဲ့လား .... ညိုတော့အသက်ရှူမ၀ဘူး ....။ မနက်ဖြန်မှာ မတော်တဆတိုက်ဆိုင်မှုတစ်ခုကိုထပ်ပြီးမျှော်လင့်လို့မရတော့ဘူးလေ.....။

မိုးငွေ့မပါဘဲနဲ့...
အဲဒီနေ့လေးဟာ ...

အေးမြနေခဲ့တယ် ...။ ။
သြဂတ်(စ်) ၂၁ (ဂီလာန..)


မိတ္တူကြီး .. ရှင်ဖျားနေသေးလား ....။ ဆေးခန်းမှာကွေးပြီးအိပ်နေသေးလား .... သူခိုးကလူဟစ်တဲ့အကြည့်တွေကြည့်နိုင်သေးရဲ့လား ....။

မထင်မှတ်ဘဲ
သူဟာ

အောက်စီဂျင်စိုက်ပျိုးသူဖြစ်တယ် ..

ငါ့ရဲ့ မိုးခေါင်ရေရှားဒေသလေးဟာ ...
မတော်တဆမှုတွေမျှော်လင့်မိနေခဲ့ ...။

စက်တင်ဘာ(၁၃)
(မိုးနည်းရပ်ဝန်းဒေသ)


အခုတော့လည်း လွမ်းဆွတ်ခြင်းဟာ အအေးဓာတ်လိုစိမ့်ဝင်နေတော့တယ်လေ...။ ... သတိရလိုက်တော့ ကိုယ့်မျက်ဝန်းညိုမှာမြူတွေတောင်ဝန်းခိုလို့ ....။

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဘယ်ဘက်လက်ထဲမှာ ... သူနဲ့ပတ်သက်ပြီး ... ကိုယ်နောက်ဆုံးဆွဲခဲ့တဲ့ တားရော့တ်ကဒ်လေး ...။ေ၀၀ါးနေတဲ့ မျက်လုံးတွေနဲ့ငေးကြည့်နေမိတယ် ....သေချာမမြင်ရပေမယ့် ညိုသိပါတယ် ...။ ကဒ်ကလေးမှာ The Fool လို့ရေး ထားတယ်။လူပျော်တစ်ယောက်ပုံအဝတ်အစားမျိုးနဲ့ အထုတ်တစ်ထုတ်လွယ်ထားတဲ့လူ တစ်ယောက်ဟာ ချောက်ကမ်းပါးပေါ်မှာခြေတစ်ဖက်လှမ်းနေလေရဲ့။






မိတ္တူကြီး ... ညို ရှင့်ကို တကယ့်ပဲလွမ်းနေတော့မယ်ထင်ပါရဲ့ ....။ ။


20 Comments:

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ... ဒါကို ကျနော်လည်း မျှော်လင့်နေမိတာ.. အခုတော့ သိရတော့မယ်.. ခဏနော် ဖတ်လိုက်ဦးမယ်.. အရင် ကြိုမန့်ထားတာ... (မောင်ဖိုးစိန်လို တစ်ချင်လို့..)

ကိုရင်နော်

မယ်ကိုး said...

ဒီလိုလေး တစ်ဖက်က ပြန်ရေးထားတော့ ပြည့်ပြည့်စုံစုံနဲ့  ပိုလှပြီး ပိုပြီးလည်း သတိရနေမိတော့မှာပါ။
စာကြောင်းတိုင်း ကောင်းလွန်းအားကြီးလို့  မရဲ့  ဝတ္တုရှည်တွေကို အခုတောင် ဖတ်ချင်လာမိပြီ။

မီယာ said...

မျှော်လင့်ချက် ရှိသေးတာပေါ့... မနော် ဒီတခြမ်းကို အခုမှ ပြန်ရေးလိုက်တာလား။ ရေးသူတင်မက ဖတ်သူလည်း ကျေနပ်ပါတယ်

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..
ညို့ဘက်က ဖတ်ရတော့လည်း မိတ္တူကြီးက တစ်မျိုးနော်.. ဖတ်လို့ အရမ်းကောင်းတယ်..

စိတ်ထဲမှာတော့ တွေ့ပေးချင်နေမိတယ်..

တွေ့ရင် ဘယ်လို ဖြစ်မလဲလို့ ကဒ် တစ်ကဒ် ထပ်ဆွဲကြည့်ရင်တော့ The Fool မဖြစ်ပါစေနဲ့နော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်

Mogok Thar said...

ညို ဆိုတဲ့ ကောင်မလေးဘက်က ပြနရေးထားတာလေးလဲ ဖတ်လို့ကောင်းနေတာပဲ။
အတွေးထဲ ပြန်ဆုံပေးလိုက်တယ်ဗျာ။

Sweet said...

မနော် ရေးထားတာလို့ ခံစားလို့ မရဘူး။ တခြားသူရေးထားတာထင်တယ်။ မှန်မမှန် သိပါရစေ။ ဒီလိုပြောလို့ စိတ်မဆိုးပါနဲ့နော်။ မနော်ရဲ့ အရေးအသားနဲ့ မတူဘူး။ ကွဲထွက်နေတယ်။ Guess it ဆိုလို့ ခန့်မှန်းလိုက်ပါတယ်။ မနော် လုံးဝ မဖြစ်နိုင်ဘူး။
မနော်ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး

တေဇာ said...

ပြည့်စုံတဲ့တစ်ဝက်၊ ဒီတစ်ပုဒ်ပဲဖတ်ဖူးတာဆိုတော့ တခြား ပြည့်စုံတဲ့တစ်ဝက်ကိုတော့ မဖတ်ဖူးသေးဘူး။ မှန်းကြည့်ရတာတော့ မိတ္တုကြီးဘက်က ရေးထားတဲ့ တစ်ဝက်နဲ့တူတယ်။ Fiction ဆိုတဲ့အတိုင်း စိတ်ကူးယဉ်ဆန်ပေမဲ့ အရေးအသားကဆွဲခေါ်သွားလို့ ဆုံးတဲ့အထိ ကန့်လန့်ကန့်လန့်ကြီး ပါသွားရတယ်။
နစ္စတယ်ရွိုင်းတို့ဇာတိမြို့ကလေးကို တစ်နေ့တော့ မိတ္တူကြီးလည်း ရောက်လာနိုင်ကောင်းပါရဲ့…။

အိန္ဒြာ said...

မမ..

""" စိတ်ဝင်စားတယ်...စိတ်ဝင်စားတယ်.."""".

နောက်တစ်ခြမ်းကို၇ှာတွေ့လိုက်သလိုပေါ့....

ဘယ်သူရေးတာလဲ...
ဖတ်လို့ကောင်းတာကတော့ ပြောနေစရာမလိုပါ..နော်..။

ထင်တာကတော့.....
တစ်ယောက်ယောက်ပေါ့.....
မှားမှားမှန်မှန် မုန့်ဝယ်လာခဲ့....နော်

summer said...

ဂျပင် အညိုနဲ့ ကောင်လေးဆိုတော့ တယ်ချောမှာပဲနော်၊ h`h` အဲလိုလေးစိတ်ကူးယဉ်ကြည့်တာ..အို...သိပ်သိပ်မိုက်!!
ဖတ်လို့ကောင်းတယ် အမ၊ နောက်ထပ် ဖတ်ဖို့စောင့်နေတယ် =D

Zephyr said...

Hello Sis,

I don't know the answer, I cannot guess but I see the phrase မျက်ဝန်းညိုမှာမြူတွေတောင်ဝန်းခိုလို့ ..
this one is from one of your poem.

And I found out a lot of differences in some proses. So I am sure this one is not yours.

Anyway, he or she also can write a lot and I had to magnify the words that I cannot see the small fonts.

Please say thank you to him or her for his or her mini fiction.

Thanks Sis,
Z

eaindraomtt said...

မမ..ဒီညမေးလ်ကို
အဖြေပို့ထားပေးနော်..

အိပ်တောင်ပျော်ပါ့မလား..
သေချာတာ..ဇက်ပြောသလို he or she မဟုတ်..
he ပဲ

Julian said...

သေချာတာက အပြန်ရေးသူ ငါမဟုတ်ပါ ..... ဟားဟားဟား

အင်း... သဘောကျတယ်....ဒါပေမယ့်ဘ၀င်မကျဘူး
( မှတ်ချက်*** ဘ၀င်မကျဘူးလို့ပြောတာနော် ၊ မကြိုက်ဘူးလို့ပြောတာဟုတ်ဘူး ၊ တော်ကြာ သူတို့အမ(ဆရာမ)ကိုချစ်တော့ နာ့ကိုတယောက်တစ်ချက်နှက်ကြရင်ပြေးပေါက်မရှိဘူးဖစ်တွားမှာလဲစိုးရတေး ( အဟီး )
ရေးထားတာသိပ်ကောင်းတယ်၊ အချီအချအမှီလိုက်ပေးတယ်......... သို့သော်......

ကိုယ်သာဆိုရင် ပထမပိုင်းအတိုင်းဘဲထားမယ်....
ဒုတိယပိုင်းကိုဖြည့်စွက်လိုက်တဲ့အတွက် ခံစားရတဲ့ရသဟာပေါ့ပျက်ပျက်ဖြစ်သွားတယ်လို့ ( ကိုယ့်ခံစားချက်ရေးတာပါ )ခံစားရတယ် ။

တစ်ခါတစ်ရံမှာ ပဟေဠိဟာ ပဟေဠိ ဘဲဖြစ်သင့်ပြီး Q&A မဖြစ်သင့်ဘူးမို့လား.........

အင်း...ပြောချင်တဲ့အဓိပ္ပါယ်အတိအကျမပြောတတ်ပြန်ဘူး ( ဒါကြောင့်စာမရေးတာ.....ဟဲဟဲ )

ဂျူ

အိုင်လွယ်ပန် said...

ကျွန်တော် သိပ်ကြိုက်ခဲ့ရတဲ့
ကဗျာဆရာ ဝတ္ထုဆရာ တစ်ယောက်ရဲ့
စကားလုံး အငွေ့အသက်တွေ
လွမ်းလွမ်းဆွတ်ဆွတ်ပြန်ခံစားရတယ်အစ်မ ....

ကျွန်တော်ထင်တာမှားရင်လည်းမှား
မှန်ရင်လည်းမှန်ပေါ့ :)

အံဝင် ဂွင်ကျ လိုက်ရေးပေးထားတဲ့ ပညာကလည်း
တကယ့်ကို အံ့မခန်းပါပဲ ...
ဒါပေမယ့် ကျွန်တော်ကတော့ နှစ်ပုဒ်ဆီ မှာ ရသ
သက်သက်ဆီ ရနေတယ် ...

ဘာပဲဖြစ်ဖြစ် သက်သက်ဆီလည်းကောင်း ပေါင်းစပ်နေရင်လည်းကောင်းနေတဲ့ အနုပညာ အစွမ်းအစ တစ်ရပ် မြင်တွေ့ခွင့်ရ လိုက်တဲ့ အတွက် ကျေးဇူးအထူးပါ အစ်မ ....
ပျော်ရွှင်ပါစေအစ်မရေ .......။။။

မယ်ကိုး said...

မရေ...

အဖြေဘယ်တော့ ရမလဲလို့  ခဏခဏလာကြည့်မိတယ်။

sonata-cantata said...

အပေါ်က မယ်ကိုး ပြောတာကို ditto ချသွားတယ်

tg.nwai said...

မနော်..ဖတ်လို့ကောင်းတာတော့ အမှန်ပဲ.. မနော်များ ရေးတဲ့ပုံစံ ပြောင်းထားတာလား၊ အရင်တုန်းက ရေးထားတာလားလို့ ထင်နေခဲ့တာ။

ဒါကတော့ နောက်တဖက်က ရေးထားတာပေါ့လေ...ဆုံးတဲ့နေရာကတော့ တူနေပြီ..ဆုံမှာလားဟင်...

ကောင်းကင်ကို said...

စာပိုဒ်တိုင်းကကို ကဗျာတပုဒ်စီဖြစ်နေတယ်ဗျာ။ အရေးအဖွဲ့ ကောင်းလိုက်တာ။ တခြား တဝက်ကို ရေးတဲ့ တယောက်ကိုတော့ ခန့် မှန်းလို့ မရဘူးဗျာ။

WWKM said...

ဟိုဘက်အပိုင်းလေးက ဆွဲဆောင်မှု့ကောင်းသလို ဒီအပိုင်းလေးကလည်း ဖတ်လို့ကောင်းပါတယ်...း)
ဘယ်သူရေးတာလဲတော့ မသိဘူး..ဒါပေမယ့် မနော်ရေးတယ်လို့ပဲ မှတ်လိုက်တယ်....

အဲလိုလေးတွေဖတ်ချင်သေးတယ်..း))))

ကျန်းမာပျော်ရွှင်ပါစေ မေခရေ.

ဝါ

nadine said...

မိတ္တူကြီးကို ညို တကယ်လွမ်းနေမှာပဲနော်.........

အစဉ်အားပေးလျှက်

(နဒင်း)

မိုးခါး said...

ဖတ်ရတာကြိုက်လိုက်တား)