တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း(၃)

Friday, June 19, 2009

(ဇာတ်သိမ်းပိုင်း)
(၉)

လေညင်းကလေးနဲ့မဆုံတာ တစ်ရက်ကနေနှစ်ရက်ဆို ကျွန်တော်သတိထားမိပြီ။ကျွန်တော် မျက်စိမှောက်တာလည်းမဟုတ်လောက်ဘူးလို့ တွေးစပြုနေပြီ။
“နေရထိုင်ရတာ ခြောက်ကပ်ကပ်နဲ့..”
လတ်ဝဏ္ဏက ဟက် ကနဲရယ်ပါတယ်။ပြီး..
“လေ မတိုက်လို့လား..”
“အဲဒီလိုလည်းမဟုတ်ပါဘူး.”
“ဒါဆို ဘယ်လိုမျိုးလဲ..”
“လူတွေ အသက်ရှူနေပေမယ့် လေရှိတာကို မေ့နေသလိုမျိုး..”
“ဘာမှ မဆိုင်ဘူး..”
“မပြီးသေးဘူးလေ..တစ်ခါတစ်ခါ ..အသက်ရှူမဝတော့မှ လေကိုသတိရပြီးခေါင်းမော့ ရှူရ သလိုမျိုး..”
“နီးစပ်လာပြီ..”
“အဲလို သတိရပြီးခေါင်းမော့ရှူတဲ့အခါကျတော့…”
ကျွန်တော် စကားမဆက်ဖြစ်တော့ဘူး။လတ်ဝဏ္ဏက ကျွန်တော့်စကားကိုစာဖတ်ရင်းနား ထောင်နေတာမို့ ဆက်မပြောတာမဟုတ်ပါဘူး။စကားလုံးတွေ လေတိုက်ခံလိုက်ရလို့ပါ။
အဖြူရောင် လေညင်းလေးက အငှားကားတစ်စီးပေါ်ကနေ လမ်းဘေး လက်ဘက်ရည်ဆိုင် ထိုင်ခုံ့ပုလေးတွေမှာ အကျအန ကျောက်ချထိုင်နေတဲ့ ကျွန်တော်တို့ကို သမင်လည်ပြန် တောင်ကြည့်သွားသေးတယ်။ကျွန်တော်လည်း ဒီတစ်ခါတော့ တအံ့တသြနဲ့ကို လိုက်ကြည့် မိတယ်။သူနဲ့ပတ်သက်တာတွေပြောနေမိတဲ့အချိန်ကိုး။
ဒါပေမယ့် ကျွန်တော်တို့အကြည့်တွေဟာ အကြည့်သက်သက်ပဲဖြစ်ကြတယ်။အဲဒီအတွက် အကြည့်တွေ ပြီးဆုံးသွားချိန်မှာ ဘာမှမကျန်တော့ဘူး။ကျွန်တော်ကလည်း အသက်ရှူကြပ် နေတုန်း လေတွေတစ်ဝကြီးရှိုက်သွင်းလိုက်ရသလိုပဲ။ဒိထက်မပိုပါဘူး။ပြီးတော့လည်း မေ့ သွားပြန်ရော။
ကျွန်တော်စကားမဆက်တာကို မဆက်ချင်လို့ မဆက်တာပဲလို့ထင်ပုံရတယ်။ဘာမှဆက်မ ပြောဘူး။သူဖတ်နေတဲ့ ယက်ဗတူရှင်ကို အတ္ထုပ္ပတ္တိ ကိုပဲစိတ်ဝင်တစားဆက်ဖတ်နေတယ်။
အဲဒီ စာအုပ်လေးဘေးချလိုက်တော့လည်း ကျွန်တော်တို့စကားဝိုင်းက ဘီလ်ဂိတ်ဆီ ရောက်သွားပြန်ရော။ဘယ်လောက်ထိ စကားကောင်းသွားကြသလဲဆိုရင် လေတွေကြမ်း ကြမ်းတမ်းတမ်းတိုက်လာပြီး မိုးငွေ့တွေပါလာတာတောင် သတိမထားမိလို့ ကျွန်တော်တို့ မိုးမိခဲ့ကြပါရောလား။

(၁၀)
ဖျားတယ် နာတယ် ဆိုတာ ဘယ်လိုနည်းလေးနဲ့မှ မကောင်းပါဘူး။ကျွန်တော့်လို တစ် ယောက်တည်းနေရတဲ့သူတွက်ပိုဆိုးတာပေါ့။ဆေးလည်းထ မသောက်နိုင်။လာတိုက်မယ့် သူလည်းမရှိ။။ဆေးခန်းလည်းမသွားချင်။လိုက်ပို့မယ့်သူလည်းမရှိ။
ဒါပေမယ့် မလုပ်ချင်တာ မလုပ်နိုင်တာ တစ်ပိုင်း။လုပ်ရမှာက တစ်ပိုင်းလေ။ကျွန်တော်နေမ ကောင်းရင် တပည့်တွေကပျော်ချင်ပျော်နိုင်ပေမယ့် ကျောင်းသားမိဘတွေကတော့ပျော်နိုင် ကြမှာမဟုတ်ဘူး။သူတို့ကငွေပေးထားရတာမဟုတ်လား။သူတို့က ကျွန်တော့်ကိုကျွန်တော့် ဘဝအတွက်ငွေပေးတယ်။ကျွန်တော်က သူတို့သားသမီးတွေကို သူတို့ပေးစေချင်တဲ့ ကျွန် တော့်ပညာကိုဝေမျှပေးတယ်။ဝတ္တရားတွေလဲလှယ်ရာမှာ ကျွန်တော့်ဘက်က ပျက်ကွက်လို့ မဖြစ်ဘူးလေ။
ဒါကြောင့် ရှိတဲ့ ပါရာစီတမောလ်လေးသောက်၊တစ်ရေးအိပ်၊နိုးလာလို့နည်းနည်းသက်သာ တဲ့အချိန်မှာ ဆေးခန်းအရှာထွက်ရပါတော့တယ်။ကျွန်တော်တို့ တိုက်ခန်းနားမှာဆေးခန်းမှ မရှိတာ။ကျွန်တော်နေတဲ့နေရာကနေ သုံးမှတ်တိုင်လောက်စီးသွားရတဲ့နေရာမှာ ဆေးခန်း ကြီးတစ်ခုရှိတယ်။အဲဒီကိုရောက်တော့ ဆရာဝန်မရောက်သေးလို့စောင့်ရသေးတယ်။ရောဂါ ခံစားနေရချိန်မှာဆရာဝန်ထိုင်စောင့်ရတာလောက်စိတ်ညစ်စရာကောင်းတာရှိမလား။ ကျွန် တော်စိတ်ပျက်လက်ပျက်နဲ့ မျက်စိကိုစုံမှိတ်ပြီး ခုံကိုမှီအိပ်နေလိုက်တယ်။
“ပါရာစီတမောလ် တစ်ကဒ်နဲ့ ခရစ်မေးလ် အက်စ တစ်ကဒ်ပေးပါ..”
ကျွန်တော်ရုတ်တရက် ထိုင်ရာကထမိမလိုဖြစ်သွားတယ်။ဆရာဝန်လာလို့မဟုတ်ပါဘူး။အဲ ဒီကြားဖူးသလိုအသံဖြူဖြူလေးကိုကြားလိုက်ရလို့ပါ။မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဆေးကောင်တာက အမျိုးသမီးကြီးကိုကျော်ပြီး ကျွန်တော့်ကိုကြည့်နေတဲ့ လေညင်းလေး ကိုတွေ့လိုက်ရတယ်။ကောင်းကောင်းမွန်မွန်ကြီးပါပဲ။ဒါတောင် ဒီနေရာမျိုးမှာလာဆုံဖြစ် အောင်ဆုံသေးတယ်။
“အဓိပ္ပာယ်ကိုမရှိဘူး..”
ကျွန်တော့်ရင်ထဲက ခပ်ဖွဖွရေရွတ်လိုက်တာပါ။
အဖျားသွေးတောင် ပြန်တက်လာသလိုခံစားရတာမို့ မျက်စိကိုစုံပြန်မှိတ်ထားလိုက်တော့ တယ်။ကျွန်တော်ဆက်ကြည့်နေလို့ ဘာမှထူးလာမှာမဟုတ်သလို..သူမကလည်း အချိန် ကုန်ခံပြီး ရပ်ကြည့်နေမှာမဟုတ်ပါဘူး။သူ့လမ်းသူ သွားမှာပါပဲ။
အိပ်ရာထဲနှစ်ရက်လောက်လဲလိုက်တဲ့ဒုက္ခက ဘာနဲ့မှလဲလို့မရပါဘူး။တော်တော်စိတ်ပျက်စ ရာကောင်းတာပဲ။နောက်ဆိုရင်တော့ မိုးမမိအောင် မိုးငွေ့ပါတဲ့လေတွေတိုက်ခတ်လာက တည်းက သတိထားမိတတ်အောင် မိုးလွတ်ရာကိုသိအောင် ကြိုးစားထားရဦးမယ်။

(၁၁)
ပန်းချီပြပွဲလိုနေရာမျိုး၊စာအုပ်ဆိုင်၊လက်ဘက်ရည်ဆိုင်လိုနေရာမျိုးက လူစုံတတ်တဲ့နေရာ တွေမို့ သူနဲ့ကျွန်တော်တွေ့ကြတာသိပ်တော့မဆန်းပါဘူး။ဒါပေမယ့် သူနဲ့ကျွန်တော်တွေ့ပုံ က အဲလောက်မှမကတာ။နည်းနည်းတောင်မကအောင် သတိထားမိနေကြပြီ။ကိုယ့်ဘာ သာကိုယ်မသိမသာပြုံးမိရင်း ရုပ်ရှင်ထဲမှာသာဆိုတော်တော်လေး ရင်းနှီးနေလောက်ပြီလို့ လည်းတွေးမိတယ်။
ခုတော့ ကျွန်တော်က ကျွန်တော်ဖြစ်နေပြီး သူက သူဖြစ်နေတဲ့အပြင် ကျွန်တော်တို့ဇာတ် ကလည်း ပြဇာတ်မဟုတ်ခဲ့ဘူးလေ။ဒါပေမယ့် ခရီးသွားဟန်လွှဲ၊လမ်းပေါ်က တွေ့မြင်နေကျ ဓါတ်တိုင်တစ်တိုင်၊စာတိုက်ပုံးတစ်ပုံးကိုတွေ့တာထက် နည်းနည်းလေးလောက်ပိုမယ်ထင် ပါတယ်။ဒိထက်တော့ မပိုကြပြန်ဘူး။ကျွန်တော်တို့ အဖြစ်ကရယ်ရတယ်လို့ ပြောရအောင် ကလည်း တကယ်မရယ်ရဘူး။
အဲဒီလိုနဲ့ လမ်းတကာ့လမ်းတွေကိုလျှောက်သွားရင်းနဲ့ သတိရလည်းတွေ့ သတိမရလည်း တွေ့နဲ့ ကိုယ်နဲ့ဆင်တူကောင်မလေးတစ်ယောက် တကယ်ရှိနေတာ သေချာပါတယ်။
“ဘယ်လိုလဲ..”
“ဘာ ..ဘယ်လိုလဲ လဲ”
“ဒီနေ့လည်း လေတိုက်တာပဲလား..”
“အင်း..”
“လေသာ မတိုက်တော့ရင် ဘယ်လိုလုပ်မလဲ..”
“ဘယ်လိုမှမလုပ်ပါဘူး သိလိုက်မယ်လည်းမထင်ပါဘူး..”
“အစက မသိပေမယ့် အသက်ရှူကြပ်လာတဲ့အခါ..”
လတ်ဝဏ္ဏနဲ့ ကျွန်တော် အဓိပ္ပာယ်နည်းနည်းလေးကိုများများရယ်မိကြတယ်။
“သိပ်ရယ်မနေနဲ့နော် လတ်ဝဏ္ဏ”
“ဘာဖြစ်ရပြန်တာလဲ..”
“လေဝင်သွားမှာစိုးလို့..”
“ဘာ..”..ဆိုပြီး လတ်ဝဏ္ဏ သူ့နောက်ကျောကို ဆတ်ခနဲလှည့်ကြည့်တယ်။အမိုးကလေး နဲ့ဆိုက္ကားပေါ်မှာ တလှုပ်လှုပ်ပါသွားတဲ့ အဖြူရောင်ကောင်မလေးကိုကြည့်ပြီး လတ်ဝဏ္ဏပို ရယ်ပါတော့တယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။
ကျွန်တော်တို့ထိုင်နေတာ စည်ဘီယာဆိုင်တစ်ဆိုင်ပါ။ဘယ်လိုမိန်းကလေးမှ ရောက်လာ နိုင်စရာအကြောင်းသိပ်မရှိပါဘူး။ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ကွယ်ရာမှာအတင်း ပြောသလိုသူ့အတင်းပြောနေကြတာ။
“တော်တော် အသက်ရှည်မယ့်ဟာမလေး..” …လို့ လတ်ဝဏ္ဏကကြိတ်ရေရွတ်တယ်။
တကယ်တော့ ခဏခဏတွေ့နေကြလို့သာ..အထူးအဆန်းလိုဖြစ်နေတာ။မတွေ့ကြတော့ ဘူးဆိုရင်လည်း ထူးဆန်းသလိုခံစားနေရဦးမလားတွေးမိသေးတယ်။
အဲဒီအတွေးကလည်း ခဏပါ။တကယ်မတွေ့ကြတော့မှပဲ ဆက်တွေးတာပေါ့။

(၁၂)
နယ်က အစ်ကိုတစ်ယောက်နေမကောင်းလို့ ကျွန်တော့်ကို အရေးတကြီးလှမ်းမှာနေတာနဲ့ ကျွန်တော် နယ်ကိုသုံးရက်လောက်သွားလိုက်ရတယ်။ကျွန်တော်ပြန်ရောက်တယ်ဆိုရင်ပဲ ကျွန်တော့် စူပါဗိုက်ဇာ နေမကောင်းလို့ ဆေးရုံမှာသုံးရက်လောက်စောင့်ပေးရပြန်ရော။ ဆရာဆေးရုံကဆင်းတဲ့နေ့မှာပဲ လတ်ဝဏ္ဏအဖေက အူအတက်ခွဲရတယ်။အဲဒီလိုလူမမာ တစ်စုနဲ့ကျွန်တော်လုံးပမ်းနေလိုက်တာ..ကလေးတွေနဲ့လည်းစာသင်ပျက်ခဲ့ရတယ်။
ပိုဆိုတာက အဲဒီဆယ်ရက်လောက်ကို လေညင်းကလေးနဲ့လုံးဝမဆုံတာပါပဲ။ထုံးစံအတိုင်း အစကတော့သတိမထားမိပါဘူး။ကိုယ့်ဇောနဲ့ကိုယ်ကိုး။သတိထားမိတဲ့အချိန် သူမနဲ့မတွေ့ တာဆယ်ရက်ရှိသွားခဲ့ပြီဆိုတာသိလိုက်တယ်။
ဒီနေ့တော့ ကျွန်တော် အလုပ်ကိုပုံမှန်ပြန်လုပ်တယ်။သွားနေကျနေရာတွေကို အရင် ပရိုစီ ဂျာအတိုင်းပုံမှန်ပြန်သွားတယ်။အဲ..ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကတော့ အာရုံတွေမူး နောက်လာတဲ့အထိ လေညင်းကလေးကိုရှာနေမိတာပါပဲ။ဘယ်နေရာမှာမှ တူတာလေး တောင်မတွေ့ရတော့ပါဘူး။
တစ်ရက်…….
နှစ်ရက်…
……….
ဆယ်ရက်………
ရက်နှစ်ဆယ်………
လနဲ့ချီကြာသွားခဲ့တယ်။
ဟိုးတုန်းက မတွေ့ကြပြန်ရင်လည်းထူးဆန်းသလိုခံစားရမှာပဲလို့တွေးမိတဲ့အတွေးကို ခုဆက်တွေးနေရပြီ။ကျွန်တော် ဘာတွေတွေးနေနေ လေညင်းလေးကိုမတွေ့တာက မတွေ့တာပါပဲ။
ဟိုးအရင်တုန်းက တွေ့မြင်နေကျနေရာတွေကို အမှတ်မထင်လိုလို တမင်လိုလိုနဲ့ ကျွန်တော် ရောက်သွားတတ်တယ်။လက်ဘက်ရည်ဆိုင်သေးသေးလေးက အစ။ပညာရွှေ တောင်နဲ့ FMI အလယ်၊Toilet တွေအဆုံးပေါ့။အင်းဝဆောင်ဖက်လည်းရောက်တာပဲ။ ဆိုက္ကားတွေ အငှားကားတွေလည်း မလွတ်တမ်းကြည့်တာပဲ။ဘယ်မှာမှ မတွေ့တော့ဘူး။
“မင်း..အသက်ရှူကြပ်နေပြီလား..”
လတ်ဝဏ္ဏက အဓိပ္ပာယ်ပါပါမေးတယ်။
“အင်း..”
အဲဒီထက်သေချာတဲ့အဖြေ မရှိတော့ဘူးလေ။
မြို့လယ်ကောင်ကလမ်းတွေမှာ ဆံနွယ်ညိုညိုတွေနဲ့ အိတ်တစ်လုံးလွယ်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ကောင်လေး တစ်ယောက်ဟာ ကျွန်တော်ပါပဲ။
လေညင်းတွေကြွေကျလာရာ လမ်းတွေကိုငေးမျှော်ကြည့်ရင်း အရောင်မဲ့လေညင်းတွေကို ဖြတ်သန်းတိုးခွဲရင်း၊တစ်ခါတစ်လေများ ပြန်လည်ရောက်ရှိလာနိုင်မလားလို့ လေညင်းဖြူဖြူ လေးကို စောင့်မျှော်နေမိတတ်တာ ကျွန်တော်ဝန်ခံပါတယ်။
သူမကရော…..။
………….
………………….
…………………………….
…………………………………..
ကျွန်တော်မတွေးတတ်ပါဘူး။တွေးတတ်ရင်လည်းမတွေးချင်တော့ပါဘူး။

သေချာတာကတော့သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ဘူး။သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ ဘူး၊သူနဲ့ကျွန်တော်ပြန်မဆုံကြတော့ဘူး။သူနဲ့ကျွန်တော်ပြန်ဆုံကြတော့ဘူး။သူနဲ့ကျွန်တော် ပြန်မဆုံကြတော့ဘူး။

(၁၃)
ပုံမှန်မဟုတ်တော့တဲ့အရာတွေကိုပုံမှန်ပြန်လုပ်ရတာခက်ပါတယ်။ပြန်ကြိုးစားရင်းကြိုးစား ရင်းနဲ့ကျွန်တော်ဟာ ဟိုးအရင်ကထက်ပိုပြီး ဂျစ်ပဆီဆန်လာပါတယ်။တစ်နေ့တစ်နေ့ လမ်းတကာလမ်းတွေကိုလျှောက်သွားတယ်။ စာသင်တယ်။လေညင်းကလေးကိုရှာတယ်။ အမှုမဲ့အမှတ်မဲ့များပြန်တွေ့လေမလားလို့ အမှုမဲ့အမှတ်မဲ့နေကြည့်တယ်။မထူးပါဘူး။ဒီတိုင်း ပါပဲ။
“အဟွတ်…အဟွတ်..အဟွတ်..”
ချောင်းဆိုးသံတစ်ဟွတ်ဟွတ်ကြောင့် ကျွန်တော်လှည့်ကြည့်မိတယ်။
လမ်းထောင့်သစ်ပင်ရိပ်ကလေးမှာ အဘွားအိုတစ်ယောက်။ဇရာရဲ့အရေးအကြောင်းတွေက သူ့မျက်နှာမှာလှိုင်းထလို့။ သစ်ပင်ကိုမှီထိုင်ရင်း အသက်ကိုအနိုင်နိုင်ရှူလို့ ပင်ပမန်းမော ဟိုက်နေပုံရတယ်။သူ့ရှေ့မှာက သူ့လိုပဲအိုမင်းနေပြီဖြစ်တဲ့ စားပွဲခုံသေးသေးလေးတစ်လုံး။ စားပွဲလေးပေါ်မှာ ဖဲထုတ်တစ်ထုတ်။
“အဘွားက ဘာလုပ်တာလဲဟင်..”
“အဟွတ်..အဟွတ်..ရှေ့..ရှေ့ဖြစ် ..အဟွတ်..ဟောတာ..”
အဘွားအိုကြည့်ရတာ အရမ်းကိုနွမ်းပါးပုံရပါတယ်။ဒီလောက်ကျန်းမာရေး မကောင်းတာ တောင်နားခွင့်ရှိပုံမပေါ်ဘူး။အနားက ဆိုက္ကားသမားလေးက
“အဘွား ကျန်းမာရေးက တော်တော်ဆိုးနေပြီ နားပါတော့လား..”..လို့ဝင်ပြောတယ်။
အဲဒါနဲ့ ကျွန်တော်စိတ်ကူးတစ်ခုရလိုက်တယ်။အဘွားအိုလည်း ဆေးဖိုးဝါးခရပါစေတော့ ဆိုပြီး .. ကျွန်တော် အဘွားအိုရှေက မြေပြင်ပြောင်ပြောင်လေးမှာ အကျအနဝင်ထိုင်လိုက် တယ်။
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့အဘွားအိုက ကျွန်တော့်ကိုမော့ကြည့်ပြီး ..
“သား..ဘာမေးမလဲ…” ..တဲ့။
အဲဒါမှပြဿနာပါ။
ကျွန်တော်လည်းဘာမေးရမှန်းမသိဘူး။ကျွန်တော့်မှာဗေဒင်မေးရလောက်အောင် ခက်ခဲရှုပ် ထွေးနေတဲ့ ဘဝမျိုးလည်းမပိုင်ဆိုင်ထားဘူး။ရုတ်တရက် ကျွန်တော့်ခေါင်းထဲကိုဖျတ်ကနဲ ဝင်လာတာကတော့ လေညင်းလေးပါပဲ။
“ကျွန်တော် အရင်တွေ့မြင်နေကျ လူတစ်ယောက်အကြောင်းမေးချင်တယ် ”
အဘွားအိုက ခေါင်းညိတ်ပြတယ်။
“အခု..ဘယ်မှာလဲ..သိချင်လို့..”
အဘွားအိုက ဖဲထုတ်ကိုဖြန့်ချပြီး တစ်ချပ်ဆွဲခိုင်းပါတယ်။
ကျွန်တော် ဘယ်လက်နဲ့ဆွဲပြီးတရိုတသေပေးလိုက်တော့…အဘွားအိုက ကဒ်ကိုသေသေ ချာချာ စူးစိုက်ကြည့်တယ်။ပြီး…ပြောမယ်လုပ်ပြီးမှ အဘွားအို ချောင်းတွေပြန်ဆိုးလာပြန်ပါ တယ်။
“အဟွတ်..အဟွတ်…အဟွတ်..”
ဆိုးလိုက်တာမှ မရပ်မနားပါပဲ။အသက်တောင်မရှူနိုင်တော့လောက်အောင် မရပ်မနားဆိုး တယ်။ခဏကျတော့ ချောင်းဆိုးရပ်သွားပြိး ကျွန်တော့်ကိုတစ်ချက်ကြည့်တယ်။ပြီး..ကဒ်ကို ပြန်ကြည့်တယ်။ပြီး..ပြောမယ်လုပ်ပြီးမှ ချောင်းတစ်ချက်ခပ်ပြင်းပြင်းထန်ထန် ထပ်ဆိုးပြီး အဘွားအိုဟာ နေရာမှာတင် ခွေကနဲလဲသွားပါတော့တယ်။သူ့လက်ထဲက ဖဲချပ်လေးလည်း လွင့်သွားတယ်။
အဘွားအိုလဲသွားတော့ အနားကလူတစ်ချို့အုံလာတယ်။
“သေပြီထင်တယ်”
“ဆေးရုံ ပို့ရအောင်..”
“မရတော့ပါဘူး..”
“ဝဋ်ကျွတ်တာပေါ့..”
သူတို့ဘာတွေဆက်ဖြစ်ကြတယ်မသိပါဘူး။ငါးရာတန်တစ်ရွက်ကို ဖဲထုတ်လေးနဲ့ဖိပြီးစားပွဲ ပေါ်မှာထားခဲ့လိုက်တယ်။ပြီး …လွင့်ကျသွားတဲ့..(အဘွားအို နိမိတ်မဖတ်လိုက်ရတဲ့)ဖဲချပ် ကလေးကို အမြတ်တနိုးကောက်ယူပြီး အဲဒီနေရာက ထွက်လာခဲ့လိုက်တယ်။
ပထမဆုံး လေညင်းကလေးနဲ့ဆုံတဲ့ လက်ဘက်ရည်ဆိုင်လေးကိုရောက်မှ ကျွန်တော် ကောက်လာတဲ့ကဒ်ပြားလေးကိုသေချာကြည့်မိတယ်။ကဒ်ကလေးမှာ The Fool လို့ရေး ထားတယ်။လူပျော်တစ်ယောက်ပုံအဝတ်အစားမျိုးနဲ့ အထုတ်တစ်ထုတ်လွယ်ထားတဲ့လူ တစ်ယောက်ဟာ ချောက်ကမ်းပါးပေါ်မှာခြေတစ်ဖက်လှမ်းနေလေရဲ့။


အဲဒီပုံရဲ့အဓိပ္ပာယ်ကို ကျွန်တော်မသိပါဘူး။ကျွန်တော်မေးတဲ့ မေးခွန်းရဲ့အဖြေနဲ့ရော ဘယ်လို ဆက်စပ်နေလဲ။ကျွန်တော်မသိပါဘူး။
“လတ်ဝဏ္ဏ”
“ဘာလဲ”
“အဲဒီကဒ်ရဲ့ အဓိပ္ပာယ်ကဘာလဲ”
“The Fool ပါဆိုမှ အရူးပေါ့..”
“အဲဒီကောင်မလေးက အရူးလား..”
“ဟင့်အင်း..မင်းကရူးနေတာ..”
“တော်ပြီ ..မင်းလိုနားမလည်တဲ့သူကိုမမေးဘူးနာလည်တဲ့သူကိုမေးမယ်..”
“ငါလည်း နားလည်ပါတယ် မင်းလေမဝလို့ အသက်ရှူအားနည်းပြီး ဦးနှောက်ပါထိချင်နေတာ…”
ကျွန်တော် အသံတိတ်ဆဲရေးပစ်လိုက်တယ်။ညစ်ညမ်းသွားတဲ့လေထုကြောင့်လားမသိဘူး ကျွန်တော် အသက်ရှူမဝတော့ဘူး။

(၁၄)
ပုံပြင်တွေ၊ဒဏ္ဍာရီတွေကိုငယ်ငယ်တည်းက ကျွန်တော်နားထောင်လေ့မရှိဘူး။
ရန်ကုန်မြို့ရဲ့လမ်းမတွေမှာ ဆံနွယ်ညိုညို လိမ်လိမ်လေးတွေနဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ ကောင်လေးတစ်ယောက်၊The Fool ကဒ်လေးကိုကိုင်လို့ တွေ့ရာလူကို အဓိပ္ပာယ်လိုက် မေးနေတာ ပုံပြင်မဟုတ်ပါဘူး။တကယ်ပါ။အမေးခံရတဲ့သူတွေက ကဒ်ကိုတစ်လှည့် ကျွန် တော့်ကိုတစ်လှည့်ကြည့်ပြီးပြုံးချင်ကြတယ်။အဖြစ်အပျက်တွေကိုပါသိနေတဲ့ လတ်ဝဏ္ဏလို ကောင်မျိုးကျတော့ ကျွန်တော့်ကို အရူးတစ်ယောက်လိုပါကြည့်တယ်။
ဒါတွေဟာဂရုစိုက်စရာမဟုတ်ပါဘူး။
ကျွန်တော် မေးခဲ့တဲ့မေးခွန်းနဲ့ကိုက်ညီကျေနပ်စရာကောင်းတဲ့အဖြေကို မရသရွေ့ ကျွန်တော် လိုက်မေးနေမှာပဲ။
သေချာတာကတော့…
အဲဒါဟာ ပုံပြင်လည်းမဟုတ်ဘူး။ဒဏ္ဍာရီလည်းမဟုတ်ဘူး။ဇာတ်ညွှန်းတစ်စောင်လည်း မဟုတ်ဘူး။ကျွန်တော့်ရင်ခွင်ထဲကို တစ်ချိန်က အဖြူရောင်လေညင်းလေးတစ်စ မကြာခဏ တိုက်ခတ်သွားခဲ့ဖူးတာ တကယ်ပါ။
“ဒီ ဖဲချပ်လေးရဲ့အဓိပ္ပာယ်ကဘာလဲ..”
“အရူးလေ ”
“အရူးရဲ့ အဓိပ္ပာယ်က ဘာလဲ..”
…. …. …. …. …. …. …. …. …. …. ….
…. …. …. …. …. …. ….. ….။ ။
(အံ့သြဖွယ်ရာကောင်းသည်က တစ်ရံတစ်ခါတွင် ကံကြမ္မာသည် အဖြူရောင် ဓားသွား အသွင်ကိုဆောင်တတ်လေသည်။ပို၍အံ့သြဖွယ်ရာကောင်းသည်က ထိုအဖြူရောင်ဓားသွား သည် ရင်ခုန်သံလှိုင်းများနှင့် အတူတိမ်းနွဲ့လွန့်လူးတတ်ခြင်းပင်ဖြစ်သည်။)

မနော်ဟရီ
၂၀၀၁ စက်တင်ဘာ၊အိုင်ဒီယာ


19 Comments:

Julian said...

hi...... No. (1)

ခရောင်းလမ်း said...

ဇာတ်သိမ်းသွားပြီနော်
ကျေးဇူးတင်ပါတယ်
ဝတ္ထုလေးကို စိတ်ရှည်လက်ရှည် ရိုက်တင်ပေးထားတာ

Julian said...

တစ်ခါတစ်လေ ........ အဲဒီဓားသွားတွေဟာ အဖြူရောင်ကနေ အပြာရောင်ပြောင်းတယ်..တကယ်တော့အနီရောင်ပြောင်းရမှာကို..... ကံဇတ်ဆရာက လှည့်ကွက်ကလေးလုပ်..... အပြာရောင်လေးပြသေးတယ် ။

အင်း ကိုယ်လဲ တားရော့မေးတိုင်း the fool ကျတာများတယ် ။ မဟုတ်ရင် ဓားကိုးလက်...... ခြောက်လက်လောက်ဆိုမပြောပါဘူး တစ်ခါကတော့ death ကျဘူးတယ် ခရီးသွားခါနီး ဘာမှတော့မဖြစ်ပါဘူး သူငယ်ချင်းအသစ်တွေတောင်ရခဲ့သေး....

ဒါနဲ့တကယ့်ကိုသတိရတယ် အခု...ကိုမင်းဝေကျုပ်ကိုဟောပေးခဲ့တာ လက်တွဲဖော်ကို လေယာဉ်ပေါ်မှာတွေ့မယ်ဆိုတာလေ......

ဂလောက်လေယာဉ်ပတ်စီးနေတာတောင် wink တစ်ချက်မလာဘူး ( အီးဟီးဟီး......ငိုနေခြင်း )....


ဂျူ

မယ်ကိုး said...

အရင်တုန်းကလည်း ကြိုက်ခဲ့ ..ခဏခဏလည်း ပြန်သတိရမိတဲ့... နောင်လည်း ကြိုက်နေဦးမယ့် စာလေးပါ။
ပြန်ရိုက်ပေးတာ ကျေးဇူးအထူးပါ မရေ...

tg.nwai said...

တားရော့တွေအကြောင်းမသိဘူး..ခက်တာပဲ.. မနော်ပဲ အဓိပ္ပာယ်ဖွင့်ပေးပါဦး..
ဖတ်ရတာ မိုက်တယ်..ပြန်မတွေ့ပေမယ့် ဖူးစာဆိုတာ ပြောလို့ရတာမှမဟုတ်တာ..မျှော်နေမှာပဲ..:)

ဖိုးစိန် said...

မကြီးရေ...
ကျနော်နက်မကောင်းဘူးဗျ...
မကြီးတင်နေတာသိရက်နဲ့ တစ်ယူလို့မရဘူး...
မဂျူကိုပေးချင်တာလဲ ပါတယ်..ဟီးးး
ခု ကလေ တစ်ကနေသုံးကို ကော်ပီကူးဖတ်မလို့လုပ်နေတယ်...
အဲဒါတောင်မရသေးဘူး
ပြီးမှ ပြန်လာမယ်...
မကြီးနေကောင်းပျော်ရွင်ပါစေဗျာ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

WWKM said...

မိုက်တယ်ကွာ.. ဖတ်ရတာ မရပ်ချင်သေးဘူး။
ဇာတ်သိမ်းလေးက တမျိုးလေး.စိတ်ဝင်စားစရာကောင်း
တယ်.. အာဘွား ...မေခရေ..
ဖတ်ရတာကျေးဇူး...

ဝါ

sait phay yar said...

မနော် ကောင်းတယ်နော် ဇာတ်သိမ်းလေး

လင်းဒီပ said...

အင်း
တွေ့နေတဲ့အချိန်တွေတုန်းက
သူတစ်ခုခု လုပ်ရမှာ...
ခက်တာပဲ

မိုးရွာတုန်းရေမခံဘူး...အခုတော့ရူးရပြီ..

မူရာမိုးတွေ ရင်မှာစဲသွားပြီ..မာယာမိုးတွေ ရင်မှာ စဲသွားပြီဆိုတာ အဲဒါမျိုး...။

ဘာပဲဖြစ်ဖြစ် သနားဖို့တော့ကောင်းတယ်...။
အဖြူရောင် ဓားသွားလေးရယ်...။

မေကဆုန် said...

မမနော်
လက်သက်သာသွားပြီလား၊ ၃ပိုင်းလုံး ဖတ်ပြီးပြီ.. ဇာတ်လမ်းထဲမျောပါသွားပါတယ်ရှင်
မေကဆုန်

eaindraomtt said...

မောသွားလိုက်တာ..မမရယ်...

သိနေတဲ့ ဇာတ်လမ်းလေးပေးမယ့်
အခုပြန်ဖတ်ရပြန်တော့လဲ..
ရင်ထဲ..နင့်နင့်နည်းနည်းပါပဲ....

မမ အတွေးတွေ သစ်နေတဲ့သူဟာ...
ဘယ်အချိန်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ပဲရေးရ ရေးရ..
သစ်လွင်တောက်ပနေတော့တာ...

ချစ်ခင်လေးထားတဲ့
အိန္ဒြာ

အိုင်လွယ်ပန် said...

အံ့သြဖွယ်ရာကောင်းသည်က တစ်ရံတစ်ခါတွင် ကံကြမ္မာသည် အဖြူရောင် ဓားသွား အသွင်ကိုဆောင်တတ်လေသည်။ပို၍အံ့သြဖွယ်ရာ
ကောင်းသည်က ထိုအဖြူရောင်ဓားသွား သည် ရင်ခုန်သံလှိုင်းများနှင့် အတူတိမ်းနွဲ့လွန့်လူးတတ်ခြင်းပင်ဖြစ်သည်။

အဲဒီစာသားလေးသဘောကျတယ်အစ်မ ...
တစ်ပုဒ်လုံးကိုလည်းနှစ်သက်မိပါရဲ့ ....

D Soe said...

သိပ်ကောင်းတာပဲ အမရေ..။စိတ်ထဲမှာ တော်တော်လေး စွဲသွားတယ်...။ :)

Zephyr said...

ဖြတ်သွားဖြတ်လာလေညင်းလေးပါ...
...
အခုတော့ တိုးတိုးလေး လွမ်းနေမိတယ် ...
ကုလားဖန်ထိုးထားတဲ့ တိုက်ဆိုင်မှု..
...
......
ဘာလို့အပေါ်ဆုံးအချပ်ဖြစ်နေရတာလဲ ...။

ရုတ်တရတ် အောက်ဆီဂျင်ပြတ်လပ်မှု ၊
ရေနည်းငါးလို
လေနည်းလူက
ဖျပ်ဖျပ်လူးနေမိတာ
အတွင်းကြိတ်..
ကိုယ်ပဲသိတယ် ...။

ရွာရန်ရွာနှုန်း ၀.၃
ရှာဖွေနေတဲ့မျက်လုံးတွေ..
အားလျော့လာခဲ့
ကျေးဇူးပြု၍ မိုးတိမ်စိုက်ပျိုးခြင်းကို
သာမန်အကြည့်လေးတချက်နဲ့
သင်ကြားလှည့်ပါ ...။

စိတ်မှာဖြစ်တဲ့
dead space
...
.....
အခုတော့ ...
The Fool ကကိုယ့်ကိုလှောင်ပြောင်လို့ ...


အသက်ရှူအောင့်ထားမိတယ်
ကိုယ်အခုဆွဲထုတ်လိုက်တဲ့ကဒ်လေး
Four of Wands ဖြစ်နေပါစေ .. ဖြစ်နေပါစေ ...
...
.....
.......
...........
..............
..................
.....................။ ။


...............................
သေချာဖတ်သွားပါသည် ဟု သေချာထပ်ပြောပါသည် ...အလွန် x 100
ခံစားသွားပါကြောင်း ...
Z

မသက်ဇင် said...

မနော်ရေ
ခံစားဖတ်ပါတယ် စွဲနေအောင်ပါပဲ
ဇာတ်သိမ်းလေးကောင်းတယ်
ချစ်ခင်လျက်

sonata-cantata said...

ဒီပို့စ်လေးဖတ်ပြီး အိပ်တော့ အိမ်မက် မက်တယ်... အိမ်မက်ထဲက လူက သူ့ကိုယ်သူပြောတယ်...
နေကမ္ဘာထဲက ပရဟိတ လူသားပါတဲ့...

မီယာ said...

မနော်ရေ အားလုံး ဖတ်လိုက်ရလို့ ကျေးဇူးပါပဲ။ ဖတ်ပြီး ရင်ထဲ တမျိုးပဲ။ အပြင်မှာတကယ်သာဆိုရင် လို့ စိတ်ကူးယဉ် မိသေးတယ်။ နေကောင်းသွားပြီလား။

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..
သုံးပိုင်းလုံးကို ခုမှ လာဖတ်တာ..
လေညင်းလေးနဲ့ စတွေ့ထဲက ဆွဲခေါ်လာလိုက်တာ.. ဆုံတော့မလား.. စကားပြောတော့မလားရယ်လို့ မျှော်တလင့်လင့်နဲ့ ဆက်ဖတ်လာတာ.. မထင်မှတ်တဲ့ အဆုံးသတ်လေးနဲ့ လှလှလေးသိမ်းသွားတော့ ရင်ထဲမှာ မောသလိုတောင် ဖြစ်သွားတယ်..

အရမ်းကောင်းတယ်..

လေညှင်းဖြူဖြူလေးကို.. ကောင်လေးနဲ့ တွေ့ပေးချင်လိုက်တာ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

မိုးခါး said...

သနားပါတယ်နော်
တွေ့ပေးချင်လိုက်တာ