နှစ် ၂၀

Sunday, June 7, 2009

၂၀၀၉ဟာ အနားသားမပါပဲဖွာလံနေတဲ့ အဝတ်စတစ်စလို
ငါ့ဆီ မဖိတ်ခေါ်ပဲ ဖြတ်ဆင်းချလာတယ်
စကတည်းက ယဉ်သကိုဆိုသလို..အစိမ်းရောင်တွေပြိုကျ
ခရမ်းရောင်အစအနတွေစွန်းပေ တိမ်ဖြူတွေနဲ့လမ်းခွဲ
လိပ်ပြာတွေလည်း ဖရိုဖရဲဖြစ်လို့……………။

အလွမ်းဆိုတဲ့ဖွဲမီးနဲ့ တဒင်္ဂမကရင်းနှီးခဲ့ပြီးမှတော့
သက္ကရာဇ်တစ်ခုလုံးမီးထွန်းထားသလိုလင်းချင်းတောက်ပ
ဇာမဏီငှက်ကတော့ ပွဲကျအောင်ရယ်မောလို့..
မျောလွှတ်လိုက်မိတဲ့ ပန်းလှေတွေ..
တချိန်ချိန်တော့..ကမ်းကပ်လောက်ပါရဲ့ ..။

မျှော်လင့်သလောက်ကြေကွဲရတဲ့ကမ္ဘာမှာ …
နာကျင်ခြင်းဆိုတဲ့သရဖူပဲ အဆင့်ဆင့်ဆွတ်ခူးခဲ့
မျက်ရည်တွေလည်းပူလောင်သွေ့ခြောက်သွား
ချွန်မြနေအောင်သွေးထားတဲ့ရဲရင့်မှုအသစ်တွေနဲ့ပြန်လည်ဆင်သ…
သက္ကရာဇ်တွေကို ဖြတ်သန်းရဦးမယ်…။


နှစ် ၂၀ ဆိုတဲ့ကိစ္စကြီးကို စဉ်းစားရတာ တော်တော် ဦးနှောက်ခြောက်တာပါ။ ဆိုခဲ့သလို ကျွန်မ ကိုယ်၌က သိပ်ပြီး စိတ်ကူးမယဉ်ချင်တတ် (စိတ်ကူးနဲ့လက်တွေက တစ်သက်လုံး လွဲနေကျ ဆိုတော့ မနာကျင်ချင်တော့လို့ပါ..) မမျှော်လင့်ချင်တတ် (မျှော်လင့်ခြင်းတွေရဲ့ ကြိုးပေးသတ်မှုကို ခံခဲ့ရတာသိပ်များနေပြီ..) တဲ့အတွက် ခက်ခဲနေတာဖြစ်ပါလိမ့်မယ်။

သေချာတာကတော့ နောက် အနှစ် ၂၀ထိ အသက်များရှင်ခွင့်ရခဲ့မယ်ဆိုရင် အသက်လည်း ၆၀ နားကပ်နေပါပြီ..။ခြေလှမ်းသုံးလှမ်းစာလောက်ပဲ လိုပါလိမ့်မယ်။ ခု ၄၀နားကိုလှမ်းနေ သလိုပေါ့..။အဲခါကျ တက်ဂ် တဲ့ ဝါဝါလည်း ဒေါ်ဝါဝါခိုင်မင်း ဆိုပြီး ခန့်ခန့်ကြီးဖြစ်နေတော့ မယ်။း) ကျွန်မလည်း သားတော်မောင်က အဲဒီအချိန်ဆို ၂၉နှစ်ဆိုတော့ မြေးတစ်ယောက် လောက်ရမနေဘူးလို့ မပြောနိုင်ဘူး။(အမလေး တွေးတာနဲ့တောင် ရင်ပူတယ်..) ခုထိတော့ သားကလေးက အမေနဲ့ပဲနေမယ် မိန်းမ မယူဘူးလို့ပြောနေတာပါပဲ။ဒါကိုကြားတဲ့ မွေးစား သားတွေကတော့ ..သူမသိသေးလို့ပါ ကျွန်တော်တို့လည်းမသိနားမလည်ခင်က ပြောခဲ့ကြ ဖူးတာပါပဲ.. တဲ့.အားပေးကြတယ်။(ရင်က ပိုပူလာရော..း( ..)

အဲဒီအချိန်ကျမှ ဘလောခ့်ကာတွေလာတွေ့မယ်ဆိုရင်တော့ ကြိုပြောထားမယ်နော်။အဖွား ကသိပ်မှတ်မိချင်မှ မှတ်မိမယ်။ ( ဆိုလိုချင်တာက စောစောလာတွေ့ကြ လို့..) အဲဒီအချိန်ထိ ဘလော့ခ်တွေရေး နေကြဦးမယ်ဆိုရင်တောင် တရားသံ ဓမ္မသံတွေ ဝေနေတော့မယ်။ငယ်ငယ်ကလို အမှတ် တရတွေ .. မှတ်တမ်းတွေ အချစ်တွေ အလွမ်းတွေ သံယောဇဉ်တွေကို ရေးနိုင်ကြတော့ မယ်မထင်ဘူး။

အင်း…ကိုယ်လည်း အဲဒီအချိန်ကျ ဘယ်လိုစာမျိုးတွေ ရေးနေမိမှာလဲမသိ။ နှစ် ၂၀ ဆိုတာ လူတစ်ယောက်ကို ဖြစ်တည်လာစေသလို ပျောက်ပျက်စေနိုင်စွမ်းလည်းရှိပါတယ်။ ဒီ နှစ် ၂၀အတွင်းမှာ နောက်မျိုးဆက်တွေမွေးဖွားလာကြမယ်။ ကျွန်မ တို့ကနေရာဖယ်ပေးကြရ မယ်။သိပ်ပြီးရှည်လျားကြာမြင့်တယ်လို့ ထင်ရနိုင်သလို သိပ်ကိုတိုတောင်းတယ်လို့လည်း ထင်ရင် ထင်ရနိုင်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကိုပြန်ကြည့်မယ်ဆိုရင်တော့ ဖြတ်သန်းလာခဲ့ တဲ့ နှစ် ၂၀ ဟာ ခဏလေးလိုပဲ။ရှေ့ နှစ် ၂၀ ဆိုတာကိုမျှော်ကြည့်ခိုင်းလို့ကြည့်မိပြန်တော့ ရင်တွေမောလို့။ခု အသက် ၂၀ ကလေးက လွန်ခဲ့တဲ့ နှစ် ၂၀ ကမွေးထားတာ..craton လို မျိုးပေါ့။မနေ့တစ်နေ့ကမှ မွေးတဲ့ကလေးက နောက် နှစ် ၂၀မှာ အသက် ၂၀..။မျိုးဆက်တွေ ထပ်ဖြစ်တည်လာဦးမယ်။ နောက်နှစ် ၂၀မှာမှ ကိုကိုတို့ ခိုင်လေးတို့လို (သူတို့နှစ်ယောက် လို့မပြောဘူးနော် ခမည်းခမက်က သစ္စာဖောက်သွားလို့ ကိုကိုလူပျိုကြီးဖြစ်ချင်ဖြစ်နေမှာ..) လူငယ်တွေက ထပ်မံမွေးထုတ်လိုက်မယ့် မျိုးဆက်ကတစ်ဆက်။

အရေးကြီးတာက သက္ကရာဇ်တွေ မဟုတ်ပဲ သက္ကရာဇ်တွေကိုဖြတ်သန်းမယ့်လူတွေပဲ ဖြစ်နေ တာကိုလည်း တွေးလိုက်မိတယ်။ ဒီတော့ ကျွန်မတို့ ဒီ နှစ် ၂၀ ကို ဘယ်လို ဖြတ် သန်းကြမလဲ။ ဘာတွေထားခဲ့ကြမလဲ။ဘာတွေလက်ဆင့်ကမ်းပေးနိုင်ခဲ့အောင် ကြိုးစားကြ မလဲ။သူတို့ရှေ့ဆက် ခရီးကို ဖြတ်သန်းနိုင်ဖို့ ဘယ်လိုအားအင်တွေ အသိတွေပေးလိုက်နိုင် အောင်ကြိုးစားကြမလဲ။ဒါပဲ စဉ်းစားဖို့လိုပါလိမ့်မယ်။


၂၀၂၉..အတွေးများ

စာမူခထုတ်ဖို့ လှူငှားခြောက်ယောက်ခေါ်နေရတယ် ..။ ကဗျာတစ်ပုဒ်ကို 4 millions လောက် ပေးနေပြီဆိုတော့လေ…။ ပိုက်ဆံထုတ်တွေထမ်းဖို့ လူလိုတယ်…။ (လုံးချင်းတစ်အုပ် ဆိုရင်တော့ စဉ်းစားသာကြည့်နော် ဒီအချိန်မှာတော့ JK Rolling တို့ Dan Brown တို့ကိုသနားတယ်ပဲ..)


ဖွင့်ထားတာ တော်တော်လေးကြာနေပေမယ့် .. လူလာနည်းလွန်းတဲ့ စာကြည့်တိုက်အတွက် ပရိုမိုးရှင်းလုပ်ဖို့ ကိစ္စကို အခုတက်သစ်စ မော်ဒယ်လ်လေးတွေနဲ့ စကားပြောရဦးမယ် …။(လူတွေကြည့်ရတာလည်းသိပ်စာမဖတ်ကြတော့ တခြားနည်းနဲ့ဆွဲဆောင်ရတော့မှာပဲ....)

အခမဲ့ စာသင်ကျောင်းတစ်ခုမှာ ရူပဗေဒဆရာမ တစ်ယောက်လိုတယ်ဆိုလို့ စာတွေပြန်နွှေးပြီး အင်တာဗျူးဖြေဖို့သွားလိုက်ဦးမယ် …။ သိပ်တော့အလားအလာမမြင်ပါဘူး။ခုဆို သူငယ်တန်း ကလေးတွေက အစ Relativity Theory ကိုကောင်းကောင်းသိနေပြီ။

နိုင်ငံခြားမှာ ဂျာနယ်လစ်ဇင် ပါရဂူဘွဲ့သွားယူလာတဲ့ လူကဖြူပြီး နာမည်က ညိုနေတဲ့ Mr Brown တစ်ယောက်လည်း ဂျာနယ်တိုင်းမှာ အခမ်းအနားတွေတက်ပြီး တစ်ခုခုစားနေတဲ့ပုံနဲ့ ခန့်ခန့်ကြီး ပါပါနေတာတွေ့တယ် ..။(အော် ငါ့ကိုက ဒီလမ်းကြောင်းပေါ်တင်ပေးမိတာကိုး)သူ့ငယ်စဉ်အတ္ထုပ္ပတ္တိ လေးတော့ ရေးကိုရေးရဦးမယ်။

Bio Farming အကြီးအကျယ်အောင်မြင်လာလို့ လယ်ယာလုပ်ငန်းဟာ သူဌေးအမြန်ဆုံးဖြစ်တဲ့ လုပ်ငန်းဖြစ်လာတယ် …။ မိဘတွေကလည်း ဆယ်တန်းအောင်တာနဲ့ သားသမီးတွေကို စိုက်ပျိုးရေးအထူးပြုဘာသာတွဲတွေ ယူဖို့အပြိုင်အဆိုင် ဖိအားပေးနေကြတယ် …။

အခုတလော ခေတ်စားနေတဲ့ ပါဠိစကားပြောသင်တန်း နဲ့ ကျောက်စာစုဆောင်းနည်းသင်တန်း (တံဆိပ်ခေါင်းစုသလိုစုတာ) တွေမှာ လူငယ်လေးတွေ တိုးဝှေ့နေကြတယ် …။

အေ့ဒ်နဲ့ ကင်ဆာပျောက်ဆေး ကို ပါရာစီတမောမှာပေါင်းထည့်လိုက်တဲ့ supreme-para ကို တလုံးနှစ်ကျပ်နဲ့လက်လီလက်ကားဖြန့်ဝေနေပါပြီဆိုတဲ့ ကြော်ငြာကို မျက်စိနောက်လောက်အောင် ကြည့်နေရတယ် …။

မောင်စိုင်းတစ်ယောက်လည်းအသက် ၅၀ ဆိုတော့ သီချင်းဆိုတာတော့ မတွေ့တော့ဘူး။ရုပ်ရှင်တွေ ကြော်ငြာတွေကတော့ ရိုက်တုန်းပဲ။အဖေခန်းတောင် ရောက်နေရှာပြီ..။အော် ဇရာ ဇရာ..။

အော်..ခုလောက်ဆို...ဝါဝါတစ်ယောက်(စေတနာအထွေထွေရောဂါကုဆေးရုံကြီးမှာ.
M.D.ကြီးဆိုပဲ )လည်းမြေးထိန်းနေပြီထင်ပါရဲ့… ။


ရှုပ်ရှုပ်ရှုပ်ရှုပ်နဲ့ လို့ဆိုရပေမယ့် လူချစ်လူခင်လည်းများ ရုံးပတီသီးနဲ့တရော်ရောထားသလို လည်း ချွဲပြစ်နေတတ်တဲ့ ဖိုးစိန်လည်း ခုလောက်ရှိ ဦးဖိုးစိန် ဦးဖိုးစိန်နဲ့ တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့ပျင်းနေရောပေါ့..း)း)(မှတ်ချက်..သစ်ကိုင်းလွတ်သွားခြင်းဖြစ်သည်။)

ဟိုလိုလို ဒီလိုလိုနဲ့ ဘယ်မှမရောက်လိုက်တဲ့ သစ်ကောင်းအိမ် တစ်ယောက်လည်း ဘိုးဘွား ရိပ်သာမှာ နေရာကြိုယူထားလောက်ပြီထင်တယ်.. (သစ်ကောင်းအိမ်ဆိုပြီး သူသည်လည်း သစ်ကိုင်းလွတ် သွားတာ.စိတ်မကောင်းစရာ..)

ဟို တောထွက်မယ် ဆိုတဲ့ရသေ့..ဘာလုပ်နေတာလဲ နှစ် ၂၀ရှိနေပြီ ဆိုတော့ မဒ္ဒီဒေဝီ စောင့်နေတာတဲ့..း)း)(တော်သေးတယ် ဇာလီတို့ ဂဏှာစိန်တို့ ဆက်စောင့်မနေလို့..)

ဟိုတုန်းက ပြောတဲ့စကားက ဟိုတုန်းကပြောတဲ့စကားပါ အမရယ် ခုတော့ ကျွန်တော် လည်း သားကတစ်မျိုး သမီးက တစ်မျိုး နဲ့ မအားရပါဘူး ဆိုတဲ့ အမည်အတည်တကျ မရှိ တဲ့တစ်ယောက်လည်း ချာလပတ်တွေလည်နေရှာရဲ့…။

အဲဒီချိန်ထိများ ခေတ်နေက လူပျိုကြီးဆို မေမေ့ကို ကျွန်တော်လာစောင့်ရှောက်ဖို့ကတိ ပေးတယ်ဆိုတဲ့ကလေးတစ်ယောက်လည်း..ဘယ်များရောက်နေတယ်မသိ။..(ဖြစ်တတ်ပါတယ်။)

အမရေ ခုထိ ကဗျာတွေက မာနေတုန်းပဲ လျှော့လို့လည်းမရဘူး ဝဋ်နာကံနာဆိုတာ ဒါပဲထင် ပါရဲ့ ဆိုတဲ့ ညီမတော် အိန္ဒြာ တစ်ယောက်လည်း အချစ်နဲ့ နီးနီး ပြန်နေနေတာနဲ့ ကျန်လူတွေလည်းမေ့လို့… မတွေ့တာတောင် တော်တော်ကြာနေပြီ..။

အမ မေငြိမ်းတစ်ယောက်လည်း Beatles ရဲ့ When I’m 64 ကို ညည်းဆိုလေး ဆိုရင်း ပြုံးနေတယ် လို့ဖုန်းဆက်တုန်းကပြောသေးတယ် ။

AK ကိုင်လိုက်..ဂစ်တာကိုင်လိုက်နဲ့ ကိုအောင်သာငယ်လည်း ခုလောက်ဆို ပုတီးကိုင်နေ လောက်ပြီထင်တယ် …(ခုနကပဲ ဖြေခဲ့တဲ့ how well do u know Aung Tha Nge မှာတော့ I don’t believe in gods ဆိုပဲ.. )

သက်ပိုင်သူတစ်ယောက်လည်း … မြန်မာ့ရှေးဟောင်းအမွအနှစ်တွေထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကို အောင်မြင်စွာတည်ဆောက်ရင်း အသက်အရွယ်အရ ပိုပိုပြောင်လာတဲ့ နှဖူးကိုပါ မွမ်းမံဖို့ကြိုးစားနေတယ်လို့ကြားမိတယ်…။

ချစ်သူလက်ခုပ်ထဲကငါးနဲ့ ဂုဏ်ထူးမှတ်ညာယူခဲ့တဲ့ လင်းဒီပလည်း ခုကြည့်တော့ လက်ခုပ်ထဲက ငါးက သူ မဟုတ်ပဲ ကောင်မလေးဖြစ်နေတာကို သနားဖွယ်တွေ့လိုက်ရသေးတယ်။း)

ဒါထက် စကားမစပ် ..ကယ်လီဖိုးနီးယားကိုပို့လိုက်တဲ့စပယ်တွေ မိုးအေးအေးမှာ မွှေးမြနေတုန်းဆို ရင်ကေသာထက်မှာ ခိုင်ခိုင်မြဲမြဲလေးပန်ချင်ပါသေးတယ်လို့..။

(ချစ်သောသူများအားလုံးကျေနပ်နိုင်ပါစေ..)

(ဒီပို့စ်ကို..ကျွန်မတစ်ယောက်တည်းရေးတာမဟုတ်ပါဘူး။တော်တော်နေမကောင်းဖြစ်နေ
တဲ့အပြင် ဒီလို ပို့စ်တွေရေးရာမှာညံ့တတ်တဲ့ ကျွန်မကို ကျွန်မသား
တစ်ယောက်က အကူအညီပေးခဲ့ပါတယ်။ သူ့ကိုကျေးဇူးတင်ပါတယ်။)


22 Comments:

Zephyr said...

Hi Sis,

Very Good Post again ...

I believe you will be still healthy and happy at that time ...

With Peace,
Z

        said...

နောင်၂၀ေ၀၀ါးသွား
အနာဂတ်များ
အတိတ်များ
ပစ္စုပ္ပန်များ
မရှိခြင်းတရား ဖုန်ထမလား...
လားတွေများတဲ့ နေရာ....
နောင်အနှစ်၂၀ ဖျစ်ဖျစ်မြည်ချင်သေးတယ်....။

ပြောစရာမလိုဘဲ ရောက်ခဲ့တယ်.. နောင်နှစ်၂၀ခရီးကို...

အောင်သာငယ် said...

အေကေ မကိုင်တာတော့ ဆယ်နှစ်ကျော် ကြာပြီ။
နောက် နှစ် ၂၀ ဆို ဂစ်တာတောင် ကိုင်နိုင်ပါ့မလား မသိ... လောလောဆယ်ဆယ်တော့
ပုတီးများက
အနီးအနားမှာ
မရှိ... ...း)

Julian said...

သူငယ်ချင်းရေ
ပုံရက်ကျနေတဲ့ငါ ကဗျာဖတ်ပြီး
ကိုယ်တိုင်နစ်ဝင် ကိုယ့်နှလုံးသားကိုယ် ချွန်မြနေအောင် ကိုယ့်စိတ်နဲ့ကိုယ်တိုင် ချွန်လို့ အရောင်နီတွေနဲ့ သက္ကရာဇ်တွေဖြတ်ခဲ့တာတွေမြင်လာတယ် (Past)

နောက်နှစ်၂၀ဆိုတာခဏလေးရယ်ပါ ကျမတို့ရှင်တို့သိခဲ့ကြတာဘဲ ဒီကာလလောက်ရှိရောပေါ့ ကလေးတွေလဲ ကိုယ့်တို့မျက်စေ့အောက်လူလားမြောက်ခဲ့ကြပြီ။
လူသားပီသစွာအသက်ရှင်ချင်ပေမယ့် လူသားပီသစွာဘဲ စိတ်ချမ်းသာလွတ်မြောက်ရာကို ခြေလှမ်းစချင်နေပြီ ။ ( present )

တကယ်လို့များ နောက်ထပ်နှစ်၂၀စာ ကိုယ်တို့တွေချစ်ခင်နေကြအုန်းမယ်ဆိုရင်...... နိုက်ကလပ်တက်ပြီး ဗော့ကာနဲ့မာတိနီရောမွှေလို့ အိပ်စ်အိုကော့ညက်ကို လက်ကမချဘဲ ရောခ်နဲ့ရပ်ကို ရစ်သမ်ထား ကန်းထရီးနဲ့ပေါ့ခ်ကို မယ်လိုဒီလုပ် ပန့်ခ်တပင်တိုင်ဒန့်စ်ကြတာပေါ့ကွာ......... ဟားဟားဟား
:))))) ( Future)


ဂျူ

Julian said...

ဒါနဲ့ငါလည်းစကားမစပ်
..ကယ်လီဖိုးနီးယားကိုပို့လိုက်တဲ့စပယ်တွေ မိုးအေးအေးမှာ မွှေးမြနေတုန်းဆို ရင်ကေသာထက်မှာ ခိုင်ခိုင်မြဲမြဲလေးပန်ချင်ပါသေးတယ်လို့..။

ဘာကိုပြောတာလဲဟင် ။ နားမလည်ချင်ယောင်ဆောင်ထားတာ ။ အရေးထဲမှာ မင်းဆံပင်ဖြူဖြူမှာစံပယ်ကုန်းလေးပန်ပေးမယ် သီချင်းအာရုံထဲဝင်လာတယ်.....မောင်းထုတ်ပစ်မှ မောင်းထုတ်ပစ်မှ...........

thitkaungeain said...

ဘယ်က ဘိုးဘွားရိပ်သာလဲ
ဆံပင်ဖြူတွေကို အလံထူပြီး
ကိုယ့်အလန်းလေးရဲ့ ရင်ခွင်သစ်ခက်တဲနန်းမှာ
မင်းဟာ ငါ့သရ}ဂုံဖြစ်တယ်ဆိုတဲ့
ကဗျာ သုံးကြောင်းကိုရွတ်
ဇရာကို အရေခွံချွတ်ပစ်မယ်

မီယာ said...

နာကျင်ခြင်း သရဖူကို အခါအခါ ဆောင်းနေရတယ် ဆိုတာ ဖတ်ပြီး ပျော်ရွှင်ခြင်းနဲ့ သာယာခြင်း ဆုဖလားတွေ အထပ်ထပ် ရပါစေလို့။

အိုင်လွယ်ပန် said...

ကြည်ကြည်နူးနူးနဲ့ဖတ်သွားတယ်အစ်မရေ ....

ဖိုးစိန် said...

မကြီးကလဲဗျာ
ကိုယ့်မောင်ကို
နောင်နှစ်နှစ်ဆယ်ထိလူပျိုကြီးပေးလုပ်တာ မကောင်းပါဘူး
မသကာ
အမတွေပဲလေ
ခုတည်းက ကိုယ်မောင်သစ်ကိုင်းလွတ်ဖို့အရေးမြင်နေရင်
အမကြီး အမိရာ အနေနဲ့စီစဉ်သင့်တာပေါ့....
ဟုတ်ဖူးလား...
မရရင်တော့ မန်နေဂျာကြီး တစ်ချိန်လုံးအပူကပ်နေမှာနော်...
ရဖူး...
တစ်ယောက်တည်းနေချင်ဘူးနော်...
အနားမှာ တဖဝါးမှ မကွာတဲ့ မဒီကညာ လေးနဲ့
ချစ်စခန်းဝင်ပြီး နှစ်ပါးသွားကချင်သေးတယ်
လောလောဆယ်တော့ စာအုပ်တိုက်ပိုင်ရှင်တွေလိုက်လို့ထွက်ပြေးနေရသေးတယ်..
မကြီးကလေ... ရေးလိုက်ရင် ဟတ်ထိတာကြီးပဲ..
ရီလဲရီရတယ်
သဘောကျတယ်ဗျာ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

မကြီးရဲ့ သစ္စာဖောက်ခမည်းခမက် လာမဖတ်ရသေးဘူးလားမသိဘူး..ဟီးးးး
တော်ပီးဝင်မပါဘူး
ဖိုးစိန်နာလိမ့်မယ်
နက်မကောင်းဘူးမကြီးရေ..
စီဘုံပျောက်နေတယ်
ခုတောင် တော်တော်ကြာကြာမန့် ရတယ်
မကြီးကို
ချစ်ခင်လေးစားသော
ဖိုးစိန်

မယ်ကိုး said...

ဖတ်ရင်း ပြုံးနေမိတယ် မရေ...ရေးထားတာလေးတွေက ချစ်ဖို့ ကောင်းလို့ ...

WWKM said...

ဟဟဟားးး ဖိုးစိန်တို့ကတော့ အစ်မကြီးနှစ်ယောက်ရဲ့
နှိပ်ကွတ်ခံနေရပြီ.. ကောင်းတယ် .အဲဒါမှ အဲ့ကောင်လေး နဲနဲငြိမ်မှာ...
တနားဘာဒယ် မေခရယ်.. နောင် ၂၀ ကြာတဲ့အထိ မိန်း
မမပေးစားသေးဘူးလား ဖိုးစိန်ကို... ၀ါကတော့ မျက်စိ
နောက်နေမှာစိုးလို့ ဆိုက်ပရပ်စ်ကနေကို ပြန်မခေါ်ပဲ
ထားလိုက်တာ.. ဟဟားးး

ဒါနဲ့ ခမည်းခမက်လောင်းကြီးရယ်..
အမျက်တော်တွေ မစူးရှပါနဲ့ရှင်..
ကိုကိုလေးက မိန်းမ မယူဘူးတဲ့လား...
ဘယ်ရမလဲနော်.. မေမေက ဘယ်စိတ်ချနိုင်မှာတုန်း...
သားသားကိုကို ကိုပဲ စိတ်ထဲမှာရှိနေလို့ ခိုင့်ရဲ့မင်္ဂလာ
ဖိတ်စာထဲက သတို့သားကို မြတ်သူရကို လို့ပေးထားတာ
လေ.. မပေါက်ဖူးး ဟဟားးးးး)))

ကဲကဲ.. ကလေးတွေကို မြန်မာပြည်ရောက်မှ ပေးတွေ့
ကြတာပေါ့ ခမည်းခမက်လောင်းရယ်....း)
ဒါနဲ့ ပြောရဦးမယ် ..ဂျပန်မှာတော်ထားတဲ့ ခမည်းခမက်
လောင်းကလည်း စိတ်ကောက်နေတယ်တော့.. အဟီးးး

ဒီလိုပဲ ခမည်းခမက်လောင်း ၂ယောက်က ရောဂါသည်၂
ယောက်လေ.. အဟီးး ခုကောင်းလိုက် တော်ကြာမကောင်းလိုက်နဲ့.. အသက်တွေလည်းကြီးကြ
ပြီကိုးနော့.. နောင် လာမယ့် အနှစ် ၂၀ အထိရော အသက်ရှည်နိုင်ပါ့မလားမသိ.း))))

ပျော်ပါစေ.
ရေးပေးတာကျေးဇူး ပါ မနော်ရေ..

ချစ်တဲ့
ဝါ

ကျောပိုးအိတ် said...

2029 ခုနှစ်အထိ သေချာလေး ဖတ်သွားပါတယ် ။
း)

အမတွေးတာ တော်လိုက်တာ။ တကယ်ဘဲ အနှစ် ၂၀အထိ အသက်ရှင်ပါ့မလား။ တကယ်ဘဲ ဒီအနှစ် ၂၀ကို ဘယ်လိုဖြတ်သန်းကြမလဲ။ အချို့ ကလဲ ဒီအနှစ် ၂၀မှာ အောင်မြင်မှုတွေ ပွေ့ ပိုက်လို့ ။ အချို့ ကလဲ ကျဆုံးလို့ ။ အချို့ ကျတော့လဲ မသိမသာ ၊ သိသိသာသာ လောကကြီးကနေ ထွက်သွားလို့ ။
း)

Moe Myint Tane said...

အမရဲ့ အနှစ်(၂၀) ခရီးကို ဖတ်သွားပါတယ်အမ။ တနေ့နေ့တစ်ချိန်ချိန်မှာ ရောက်ရှိလာမယ့် နေ့တွေကို ပျော်ရွှင်ကြည်နူးဖွယ်ရာလေးဖြစ်အောင် စိတ်ကူးရေးထားတာလေး။ ဖတ်ရတာ ချမ်းမြေ့စရာလေးပါအမ။ စကားမစပ် အမအိန္ဒြာက အင်တာနက် ပြသနာတက်နေလို့အမရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

နွေးနွေးသဲမွန် said...

ကဗျာလေးနဲ့ စထားတဲ့ မမအတွေးတွေထဲမျောပါခဲ့ရပါတယ်....

sait phay yar said...

အမတော်ရေ ကောင်းပါ့နော် အတွေူးလေးတွေ သားတော် ကကူရေးတယ်ဆိုတော့ တော်တော်တော်ပါပေ့နော်။။။ အဲလိုသားလေးတစ်ယောက်တော့ လိုချင်တယ်။

Bino said...

Nobody knows who will remain unchanged.

Nothing lasts forever.
Bino

sin dan lar said...

ပြုံးရပါသည်..။

လင်းဒီပ said...

“မျှော်လင့်သလောက်ကြေကွဲရတဲ့ကမ္ဘာမှာ …
နာကျင်ခြင်းဆိုတဲ့သရဖူပဲ အဆင့်ဆင့်ဆွတ်ခူးခဲ့”

မျှော်လင့်တတ်တဲ့အကျင့်လေး နည်းနိုင်သမျှနည်းအောင်
ကြိုးစားရင်း ဖြတ်သန်းရမှာ
ဒါပေမယ့်
အသက်တွေ ပိုကြီးလာတော့ ပိုမျှော်လင့်တတ်လာမယ် ထင်ပါတယ်လေ...

eaindraomtt said...

မမရေ...

၅၅ နှစ်ဆိုတဲ့ အရွယ်..

သိပ်ကိုစူးစူးရှရှကြည့်တတ်မယ့် ခပ်ဂျစ်ဂျစ် အဖွားကြီးတစ်ယောက်ဖြစ်နေလောက်ပြီ...။

အချစ်ကလဲ..တော်တော်လေး..
စိတ်ပျက်လက်ပျက်လက်မှိုင်ချထားရလောက်ပြီ
(သေချာတာ..သူတရားစခန်းတွေဘာတွေ ရာသက်ပန်ဝင်တာတို့ ဘုန်းကြီး..၀တ်တာတို့ဘာတို့အထိများ...ဘုရား..ဘုရား..)

အမြင်မတော်တာတွေ ထည့်ထည့်ရေးတတ်လွန်းလို့..
ကဗျာတွေက ရန်တွေ့သံတွေ ပေါက်မြဲပေါက်နေမလား..

ဒါမှမဟုတ်...စိမ်းလန်းတဲ့ ငြိမ်းချမ်းခြင်းထဲမှာ..
သာယာနာပျော်ဖွယ် ရှိနေလောက်ပြီလား....

မမ ဘာပဲဖြစ်ဖြစ် လမ်းတစ်ခုကတော့ စောင့်နေပြီ...
အဖွားကြီးတွေဖြစ်သွားတဲ့ အထိ ဆက်ချစ်နေကြဦးစို့ရဲ့.....

အနှစ်နှစ်ဆယ်ဆို...တာ..
ဘာ..မှမကြာလိုက်သလို သိပ်ကြာတယ်..


အနှစ်နှစ်ဆယ်ဆို...တာ..
ဘာမှ မပြောင်းလဲနိုင်သလို...
ကြောက်ခမန်းလိလိပြောင်းလဲသွားကြတယ်...


အနှစ်နှစ်ဆယ်ဆို...တာ..
အနှစ်နှစ်ဆယ်...

ချစ်တဲ့

ညီမလေး

အိန္ဒြာ

Moe Cho Thinn said...

ချွန်မြနေအောင်သွေးထားတဲ့ရဲရင့်မှုအသစ်တွေနဲ့ပြန်လည်ဆင်သ…
သက္ကရာဇ်တွေကို ဖြတ်သန်းရဦးမယ်…

ဟုတ်တယ် မနော်ရေ..လာမဲ့ အနဂတ်အတွက် စိတ်ကို အများကြီး ပြင်ဆင်ထားရအုံးမယ်။

သစ်ကောင်းအိမ် ပြန်ရေးထားတာ ရီလိုက်ရတာနော်။

သက်ပိုင်သူ said...

ဟောဗျာ..
မမနော်..
ရုံးမှာ ကတည်းက ဖတ်ပြိးတာ မန့်လို့မရလို့.. ရန်မတွေလိုက်ရဘူး..
ဟွန်း
နဖူးကို လာခလုတ်တိုက်နေပြန်ပြီ..
ဘယ်၇မလဲ နောင်အနှစ် ၂၀ကျရင် နဖူးချုံကလို့ရတဲ့ နည်းတွေ ပေါ်နေလောက်ပြီ..
မမနော်လည်း မြေးထိန်းဖွားဖွား ဖြစ်နေပြီး..

အဲဒီအချိန်ကျမှ လာကြည့်မယ်.. ဆံဖြူတွေ ဖွေးနေလောက်ရောပေါ့...

ဆေးဆိုးမယ်လို့ မစဉ်းစားနဲ့
နက်ရိုးကိုးပေါက် လျှောက်ပြီး အတင်းတုတ်ပစ်လိုက်မှာ
ငှဲ... ငှဲ

သက်ပိုင်သူ said...

By the way
အပေါ်ဆုံးက ကဗျာလေးက အရမ်းကောင်းတယ်