ချုပ်ရိုးမခိုင်သောအလွမ်းသီချင်း

Thursday, June 4, 2009

Collage ဆိုတဲ့အနုပညာကို ကြားဖူးကြမယ်လို့ထင်ပါတယ်။မတူညီတဲ့အနုပညာတွေကို ပေါင်းစပ်ဖန်တီးပြီး အသစ်တစ်ခုဖန်တီးတာကလို့ အဓိပ္ပာယ်ဖွင့်ဆိုသူတွေက ဆိုပါတယ်။ ဒီလိုစာတွေကို ဟိုးသရဖူ ခေတ်ကလည်းက ဖတ်ဖြစ်ခဲ့တယ်။အထူးသဖြင့် ဆရာဇော် ရေး တဲ့ collage တွေ။ကိုယ့်ဘာသာကိုယ်တော့ မရေးဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် တစ်နေ့ကျတော့ ကိုတာရာမင်းဝေက collage တစ်ပုဒ်ရေးဖို့ ပြောပါတယ်။သူ ဆောင်းပါးရေးမှာမို့လို့ တဲ့။သူများကဗျာလည်း မကိုးကားချင်ဘူးဆိုတာနဲ့ ကျွန်မ ရေးဖြစ် သွားပါတယ်။အဲဒါ လင်းအိမ်နိုင်တို့ ညဝေးနေ တို့ရဲ့ သို့ လဝန်း ကဗျာစာအုပ်အမှာအနေနဲ့ ရေးပေးလိုက်တဲ့ဆောင်းပါးထဲမှာပါသွားပါတယ်။ မဂ္ဂဇင်းအနေနဲ့ ဆရာဦးမြတ်သစ်လုပ်ခဲ့တဲ့ ရုပ်ရှင်အမြုတေ မှာ အဲဒီကဗျာပါသွားခဲ့ပါတယ်။ခုတော့ ကျွန်မ ဆီမှာလက်ခံမရှိတော့တဲ့ အတွက် ဒီမှာ မဖော်ပြနိုင်ဘူးဖြစ်နေပါတယ်။
မနက်က (မနေ့ကမှလုံးချင်းပြီးသွားတာဆိုတော့ လူကအားနေသလိုလိုနဲ့) Zephyr ရဲ့ ကဗျာတစ်ချို့ကိုပြန်ဖတ်ရင်း ကဗျာတစ်ပုဒ်ရေးဖြစ်လိုက်တယ်။collage အမျိုးအစားပါ။ Z ရဲ့ကဗျာ ငါးပုဒ်ကို လိုချင်တဲ့အပိုင်းတွေယူဖြတ်တောက်ပြီး တစ်ပုဒ်ပြန်လုပ်ထားတာပါ။အဲဒါ လေးကို အမည်မဲ့ ကိုပြရင် collage အကြောင်းပြောမိတော့ တစ်ချိန်က ရေးခဲ့ဖူးတဲ့ သီချင်း ဆိုတဲ့ ဝတ္ထုတိုလေးကိုသွားသတိရတယ်။အဲဒါလည်း collage အမျိုးအစားပါပဲ။ကဗျာစာ ကြောင်းတွေအများကြီးကို ရှာဖွေဆက်စပ်ပြီး ဝတ္ထုတို တစ်ပုဒ်ဖြစ်အောင်ရေးလိုက်တာပါ။ အက်ဆေးဆန်တဲ့ ဝတ္ထုတိုမျိုးပေါ့။ ကျွန်မ ဆီမှာက ကဗျာစာအုပ်တွေကို လက်ရေးစာအုပ် တွေ မိတ္တူတွေက အစရှိတာမို့ အဲဒီ စာမူရေးတဲ့နေ့က ကျွန်မ အခန်းထဲမှာ ကဗျာစာအုပ်ပုံ ထဲမြုပ် သွားတာ အမှတ်ရတယ်။မောလည်းမောလိုက်တာ။ပျော်စရာလည်းကောင်းတယ် ။ ဒီ စာမူလေးတစ်ပုဒ်အတွက် ဖတ်လိုက်ရတဲ့ ကဗျာစာအုပ်တွေက အများကြီးဆိုတော့ ပျော် စရာကောင်းနေတာပေါ့။ဒါပေမယ့် သေချာတာကတော့ နောက်တစ်ပုဒ် ဒါမျိုး တော်တော်နဲ့ ထပ်မဖြစ်နိုင်ဘူးဆိုတာပါပဲ။
အဲဒီ စာမူက People မဂ္ဂဇင်းမှာပါသွားပါတယ်။လူပန့်ငယ်လက်ထက်တော့မဟုတ်ဘူးထင် တာပဲ။ခင်မျိုးသန်း ခင်မျိုးသင်း အမြွာ ညီအမ People ကိုင်တုန်းကလို့ထင်ပါတယ်။တိုက် တိုက်ဆိုင်ဆိုင် အဲဒီလက ဖေဖော်ဝါရီ ပါ။ ကျွန်မက စာမူကို ဖေဖော်ဝါရီသီချင်း လို့ပေးမလို့ ပါပဲ။ကိုးကားလိုက်တဲ့ ကိုသျှီ့ဆီကရလိုက်တဲ့ ကဗျာစာအုပ်တော်တော်များများကလည်း Valentine အတွက် ထုတ်ထားတဲ့ကဗျာစာအုပ်တွေဖြစ်နေလို့ပါ။ဒါပေမယ့် ဖေဖော်ဝါရီ ကို သိပ်မကြိုက်တာနဲ့ ဖြုတ်ပစ်လိုက်ပါတယ်။တော်သေးတယ်။စာအုပ်ထွက်လာတော့ ဝေမှူး သွင်ရဲ့ ဝတ္ထု တစ်ပုဒ်လည်းပါတယ်။ခေါင်းစဉ်က ဖေဖော်ဝါရီသီချင်း တဲ့။ ကံသီလို့ပေါ့။အဲဒီ ကဗျာ စာအုပ်လေးတွေထဲမှာ ကျွန်မ ညီမလေး အိန္ဒြာရေးတဲ့ကဗျာလည်းပါတယ်ဆိုတာ ခု မှသတိထားမိလိုက်တယ်။ကဲ အိန္ဒြာရေ ကိုယ့်စာလုံးတွေ ကိုယ်မှတ်မိကောင်းပါရဲ့နော်။
(ချစ်သော ဝါဝါကို တော့ ဒီနေရာကနေပဲ တောင်းပန်ပါတယ်။နှစ် ၂၀ ကိုနည်းနည်းတော့ အချိန်ယူပါရ စေလို့.. :P )


ချုပ်ရိုးမခိုင်သောအလွမ်း


သတိရလိုက်တိုင်း
ချုပ်ရိုးပြေစအလွမ်းတွေ
ခရမ်းရောင်တေးသံတွေသံပြိုင်တီးမှုတ်
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။

လရောင်တွေဖျော့ဖျော့လာတယ်
တရွေ့ရွေ့
ရင်ထဲမှာမေ့ပြီဆိုတဲ့သက္ကရာဇ်
……………………….
ခက်ခဲခဲ့ပါတယ်
…………………………………
အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..။

သတိတရ
ငုပ်လျိုးလိုက်တော့
နောက်ကျသွားခဲ့ပြီ
အသက်လမ်းကြောင်းဘေးက
မှည့်နက်လေးကလှောင်ရယ်လို့။

အေးမြရက်စက်တဲ့လောင်ကျွမ်းမှု
မြူနှင်းမီးလျှံ
သွေးတိုးသံတဒိတ်ဒိတ်ကြားတယ်။

ဆွံ့အနေတဲ့အသံနဲ့အော်ဟစ်
ကျဆုံးခဲ့တဲ့နှလုံးသားအတွက်
ဓါတ်မှန်ရိုက်ကြည့်တော့
ဟောင်းလောင်းပေါက် ချိုင့်ခွက်ထဲမှာ
ပြုံးနေတဲ့ဝတ်မှုန်တစ်ခြမ်း
ပြန်ချုပ်ထားတဲ့အလွမ်းလို
ချုပ်ရိုးတွေမခိုင်ကြတော့ဘူး။
မနော်ဟရီ
( Zephyr ၏ကဗျာများဖြစ်သော…
၁။နာဖျားနေသောဂီတ
၂။မီးလျှံနဲ့ ငွေ့ရည်ဖွဲ့တဲ့တိမ်
၃။ရွက်ကြွေရင်ဘတ်
၎။ချုပ်ရိုးပြေစအလွမ်းတွေ
၅။ဝိမုတ္တိအပိုင်းအစ
တို့နှင့် ဖွဲ့စည်းသည်။)



သီချင်း
အဲဒီလိုနဲ့ နှစ်သုံးဆယ်ဟာ ဒုက္ခဗုံကိုတီးရင်း ကွင်းထီးထီးကထွက်ခဲ့တယ်။ ခုသက်ခုရွယ်အ ထိနှလုံးသားနဲ့ဝေးရာကို ခရီးရှည်မထွက်ဖူးသေးဘူး။လမ်းဘေးဓါတ်တိုင်ရဲ့မျက်လုံးဟာ ငါ့ ဘဝဖြစ်တယ်။လရိပ်မဲ့တဲ့ညမှာ လွမ်းသီချင်းတွေသီနေရတဲ့ ဂစ်တာတစ်လက်ရဲ့ နံပါတ်မဲ့ ကြိုးလေးအဖြစ်နဲ့ အလင်းတံခါးတွေဖွင့်ချလိုက်ပါတော့။

တစ်ဘဝစာအကြိုအမောနဲ့..အလွမ်းလက်တစ်ခုပ်ခပ်တိုက်တဲ့ညီမလေးရေ..။မမေ့ပါနဲ့။တစ် ခန်းရပ်တိုင်း ဝတ္တရားရှိသလို လွမ်းပေးပါ။လောကဓံတရား ရှစ်ပါးထဲ အချစ်ဆိုတာ အရံ အင်အားထင်ပါရဲ့။ ငါက မှန်တစ်ချပ်ပေါ်မှောက်နေတဲ့ ခပ်ရိုင်းရိုင်းပါးတစ်ခြမ်းပါကွယ်။ငါ့ရဲ့ ဆံပင်ခြည်ကြားထဲ ကြယ်နဲ့ စိမ့်ကျခဲ့တုန်းကလို ငါ့ အသည်းနှလုံးဟာ အမြဲတမ်း ခိုပြာ ရောင်တောက်ပလို့။ မျှော်လင့်ခြင်းတွေ နားထင်သွေးရောက်ဖြစ်နေမှတော့ ဘယ်လိုဆင် ခြင်မှုတွေနဲ့ အမှောင်ထုကို အိပ်ယာထဲ ငါ့ကိုယ်ငါ မောင်းသွင်းရပါ့။အလွမ်းသမားဇီဇာ အတိုင်း လောကရဲ့အပေါက်အပြဲကို လိုက်ရှာနေရတာ။ငါ့အလွမ်းတွေ သူ့ရင်ဘတ်ထဲ ရောက်သွားတယ်။သစ္စာတရားရဲ့ဖွားဖက်တော် မြို့ရိုးတွေ၊အလီလီသိုးခဲ့ဖူးတဲ့ မွေးနေ့ကိတ် တွေ၊ဝေးလံသီခေါင်တဲ့နှစ်ပရိစ္ဆေဒတွေ ဘယ်မလဲ။

(ယခုတင်ဆက်နေသော ရှုမျှော်ခင်းကို ဘယ်သူရေးဆွဲသနည်း)

နေလုံးကြီးကိုတွန်းဖယ်ဝင်လာခဲ့တယ်။ အေးတိအေးစက်သွေးပျက်နေတဲ့ မနက်ခင်း။ပြီးမှ ခုလို နေ့လည်ခင်းနဲ့ အသက်ပြင်းနေရတာပါကွာတဲ့။ မွတ်သိပ်ဆာလောင်ခြင်းတွေက အငမ်းမရ တစ်ဘဝလုံး ထိုးဟပ်လိုက်တဲ့အခါ ..ငါ့နောက်ကျောမှာ လသာနေတယ်။မမြင်ရ ဘူးထင်ပြီး အိပ်မက်ချင်းလှမ်းချိတ်ကြည့်တာ။ လရောင်ပါးကို မွတ်သိပ်သလို ခြေခင်းလက် ခင်းမသာနိုင်ခဲ့တဲ့ လွမ်းဆွတ်ခြင်းတွေ တားမရ ဆီးမရ ပြိုပြိုကျနေတော့တယ်။

ကိုယ့်ကိုယ်ကို ဖြန့်ဖတ်ကြည့်မိတဲ့နေ့က..ထင်ထားတဲ့အတိုင်း..။ခုလိုမျိုး မိုးထင်းနေတာကို တွေ့လိုက်ရ။ဓမ္မသီချင်းတစ်ပုဒ်လောက်တောင် မရကြတော့ဘူးလာ။လူတွေ အားလုံး ပိန်း ပိတ်အောင်မှောင်လိုက်တာ။သွေးရိုးသားရိုးမဟုတ်ခဲ့တဲ့ အလွမ်းများ။သွေးချင်းနီ နှင်းဆီည ဟာ မင်းနဲ့ငါရဲ့ အရုဏ်ဦးဖြစ်တယ်။(ကျွန်တော့် နှလုံးသည်းဦးရဲ့ နှင်းဆီဆူးလေးဟာ အိပ် မောကျနေဆဲ။)

ကြမ်းပြင်ပေါ်မှောက်ကျသွားတဲ့ လက်လွတ်စပယ်မနက်ခင်းမှာ ခေါင်းအုံးအောက်က ထပျံ တဲ့ကြယ်တွေ ဖွေးလို့။အနက်ရောင် ကကွက်ကလေးသာ ယိမ်းထိုးနေတတ်ခဲ့။ ကောင်မ လေးရေ ခုတော့လည်း ထောင်းလမောင်းထကြေကွဲ။ မျက်ကန်းဆိုပေမယ့် လမ်းတော့ စမ်း လျှောက်ကြည့်ချင်သား။

ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။(အမှတ်တမဲ့လွတ်ကျသွားတဲ့အသံပါ။)အနာဂတ်အကြောင်း မတွေးချင်ဘူး။ပစ္စုပ္ပန်အကြောင်း မစဉ်းစားချင်ဘူး။ကြေကွဲမှုနဲ့အဆိပ်တက်စေခဲ့တဲ့အတိတ် ဟောင်းက ပုံရိပ်တွေကိုပဲ ငါလွမ်းတယ်။

ညနေခင်းသတင်းနဲ့ တနင်္ဂနွေဂီတတွေထဲမှာ အမြဲတိုင်ပင်နေကျကောင်မလေးရေ.။အလွမ်း တွေ လူတန်းစေ့ အသက်ရှင်နိုင်ဖို့ ဥပေက္ခာရာသီတစ်ခုတိုးခဲ့ပြီ။ ဟောဒီအပူကောင်ရဲ့ တစ် ခန်းရပ် ဇာတ်သိမ်းခန်းမှာ ရေတံခွန်တွေ မလိုပါဘူး။ပြတင်းပေါက်တွေသာ ဖွင့်လိုက်စမ်းပါ ကွယ်။

အလွမ်းတွေ တနင့်တပိုးနဲ့ ခုတ်မောင်းလာတဲ့ ရထားတစ်စင်းဟာ ငါပါ။ ဟင့်အင်း။ဒီဇင်ဘာ နဲ့မခွဲချင်ဘူး။မြက်ခင်းပြင်လို ငါ့ရင်ခွင်ထဲ ဒလိမ့်ထိုးနေတဲ့ လရောင်။ငါဘယ်လို မေ့ပျောက် နိုင်စွမ်းတော့မှာလဲ။မျက်လုံးတစ်ငုံစာလေးဖြစ်စေ.. ငယ်ချစ်ကိုပြန်နွေးထွေးစေချင်ပေါ့။တစ် နေ့နေ့ပေါ့ကွယ်။ မျှော်လင့်ချက် မနက်ဖြန်တိုင်းမှာလည့်း ရင်ခုန်သံတထိတ်ထိတ်နဲ့ ..သစ် ပင်ကြီးတွေ ခြေဟန်လက်ဟန်နဲ့ ရှင်းပြတာတောင် ငါက ဘာသာပြန်လို့မရခဲ့။ ဟိုးအဝေးဆီ မှာ အနွေးထွေးဆုံးရင်ခွင်ထဲ ရောက်ရှိဖို့ဆိုတာ ငါ့နောက်ကျောမှာ လသာနေတယ်။

အပြာရောင်ငှက်တွေက ဆက်ထုံးတွေများလွန်းလှ။နတ်ဆိုးတွေက သိက္ခာအနှောင့်အသွား တွေနဲ့ ထွန်ယက်ကြ။(ငါက) ကျင့်ဝတ်အထပ်ထပ်ကို ပြန်လည်ရရှိခဲ့တယ်။ရယ်မောသံ တခစ်ခစ်နဲ့ ချစ်သူလို တိမ်အုပ်ကျောင်းတဲ့ လေညင်းလေးရေ..။လတ်တလောမှာတော့ အလွမ်းတွေကို လူပြောများတယ်။အလွမ်းတွေ တိမ်ထဲ အဲသလို လင်းဖြာနေခိုက်.ငါ့နောက် ကျောမှာတော့ လက သာလို့ကောင်းတုန်း။

အရောင်လှလှ အဆိပ်သီးတစ်လုံးအတွက် စားတဲ့သူမှာအပြစ်ရှိသလား ။ စိုက်တဲ့သူမှာ အပြစ်ရှိသလား။ ဘုရားသခင်မှာ အပြစ်ရှိသလား။မနေ့က ဖတ်ဖူးတဲ့သက်တံတွေ ဒီဆည်း ဆာလေးအမီ အနေအထိုင်မတတ်ခဲ့ကြဘူး။

ငါ့ကမ္ဘာလေး ကစဥ့်ကလျားဖြစ်သွားရအောင် ခလုတ်တိုက်မိခဲ့တဲ့..မင်းမျက်ဝန်းတစ်စုံကို ငါဘယ်လိုမေ့ပျောက်နိုင်စွမ်းတော့မှာလဲ။ငါ မသိတဲ့အရောင်တစ်ခုဆီ ငါ့စိတ်တွေပျံ့လွင့် လွန်းလို့ တိမ်တွေနဲ့ကျောက်ချထားရတယ်။ကံကြမ္မာဆိုးတွေ ပြာကျသွားဖို့ ဘာကိုစပြီး မီး တင်ရှို့ရရင်ကောင်းမလဲ။အနည်းဆုံး ကိုယ့်ကိုယ်ကို နာကျည်းခဲ့ဖူးတယ်။ဒီနေရာလေးမှာလဲ ကျခဲ့တဲ့ ငါ့အသိတရားတွေက အခုထက်ထိပြန်မထနိုင်တော့။ငယ်ငယ်က ဖြူစင်ခဲ့ဖူးတဲ့ ငါ့ ခရာတာတာ ဝလုံးလေး။ ကျောက်သင်ပုန်းအပွန်းအပဲ့လေးပေါ်မှာ အရင်အတိုင်းရှိနေနိုင်မ လား။

အခုတော့ ဘယ်ရာသီ ဘယ်ကြိုးနဲ့ချည်နှောင်ပြီး ဘယ်အနမ်းကို ဘယ်ပန်းနဲ့ ပွင့်လိုက်မယ် လို့ ပွေ့ပိုက်ကာခြေလှမ်းခဲ့ပေမယ့် နောက်ဆုံးရထားကို မမီလိုက်သူပါ။ငါ့ရင်ထဲ မင်းခိုဝင် ရပ်နားဖို့ ဆိပ်ခံကမ်းပါးတစ်ခု အနည်ကျကျောက်သားတွေနဲ့ ဖွဲ့စည်းမျှော်လင့်ခဲ့ပါတယ်..။ မာယာတွေကများတယ်။ ကြယ်တွေလည်းကြွေကြွေပြပြီး ကျကျမလာတာ ရိုးအီလို့။ဝတ်ပြု ဆုတောင်းသံတွေသာ ငါ့ကိုကယ်တင်နိုင်တယ်လို့ မင်းထင်လား။ကျွန်တော့်ကိုယ်နဲ့ကျွန် တော့်စိတ်ကို ခုတောက် ကြိုးလျှော့မချထားခဲ့ဘူး။

ညီမလေးရေ မင်းဟာ နှင်းဆီရနံ့ပါ ကွယ်။ချစ်ခြင်းတွေအားလုံး နုပျိုစေဖို့ တို့တတွေ ထာဝရ ခွဲခွာကြစို့ရဲ့။ ဒဏ်ရာဆိုတာ လူတစ်ယောက်အတွက် စပရင်တစ်ခုလိုပါပဲ။အကျိုး ပေးက သီချင်းအသစ်တွေသာကြားကြားနေရတယ်။စိတ်ပျက်ပျက်နဲ့ နှလုံးသားကိုတိုက် ရိုက်ဘာသာပြန်ကြည့်လိုက်ပါတယ်။ ဒါပေမယ့် ခုထိ စကြဝဠာကြီးထဲ ကျွန်တော်အညံ့ဆုံး ပါပဲ။

ငါ့တနင်္ဂနွေ ကောင်မလေးရေ..။မျက်ရည်တွေအရွာကြမ်းတဲ့ ဒုက္ခရာသီရယ် …။ငါ့နှလုံးသား မီးဖိုလေး တငွေ့ငွေ့လောင်နေရဲ့။ အချစ်ဘာသာစကားကို နှလုံးသားပါသူ တို့ရဲ့ မိရိုး ဖလာ ထုံးတမ်းစဉ်လာအတိုင်း မျက်စိမှိတ်ကိုးကွယ်ခဲ့တဲ့ကောင်လည်းမဟုတ်ပါဘူး။ သက္ကရာဇ် အတုထဲမှာနေထိုင်ပြီး ရင်ထဲမှာ မိုးဥတုလေးတွေကိုယ်စီနဲ့ သော့ဖွင့်လို့မရတဲ့ အနာဂါတ်ကိုလွမ်းတယ်။

မတူညီတဲ့အခြေအနေကြား၊ညီမျှခြင်းအချမှားတဲ့ နှလုံးသားကိုပဲ စိတ်ရှိလက်ရှိကျိန်ဆဲပစ် ချင်တယ်။နောက်ဆုံးတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို လှောင်အိမ်ထဲ ထည့်ပြီး သူမကို မွေးနေ့ လက်ဆောင်ပေးခဲ့တယ်။ ကမ္ဘာဦးကအတိုင်းပေါ့။နေရောင်ခြည်တွေက မျှော်လင့်ချက်တွေအပေါ် စူးစူးရဲရဲ ဖြာကျနေဆဲ။ ။
မနော်ဟရီ

(၁)အချစ်နှစ်သစ်ကူးပွဲတော် (ကဗျာစု)
နေသာ၊စည်သာ၊တိုးခန့်၊သျှီသူအောင်၊ဝိုင်ချို၊ဗမိုးမြင့်၊မလေးခင်၊ထွန်းစည်သူ

(၂) အလွမ်းမစဉ်သော ရာစုသစ်အတွက် ချစ်ခြင်းဖွဲ့ကဗျာများ (ကဗျာစု)
မောင်လင်းခက်၊ဆွေငြိမ်းသော်၊ကောင်းဆက်သာ၊ခက်ဘုန်းစည်၊သားချင့်ချိန်၊သစ်သွေး အိမ်၊အေးချမ်းအောင်၊အိန္ဒြာ၊လုံမငြိမ်းချမ်း၊ဝင်းထွဋ်ဦး၊ကိုပ၊အေသံ၊မောင်မျိုးမွန်၊မင်းဝင့်နိုင်၊ သစ်အောင်ခိုင်၊သျှီသူအောင်၊ကျော်ထူး၊မြင့်ဇော်။

(၃)မဖြစ်နိုင်ခြင်းတောင်ကုန်းထက်မှာ ဥာဏ်ပညာအနည်းငယ်ရှိသော သစ်တစ်ပင် ပေါက်လာပုံ..(ကဗျာစု)
နေမျိုး၊နေထွတ်၊မောင်နမ်းဝေ(ဗန်းမော်)၊မောင်တင်သစ်၊စံညိမ်းဦး

(၄)သို့ လဝန်း (ကဗျာစု)
မိုးပွင့်ရေ၊ညိမ်းဒီ၊လင်းအိမ်နိုင်၊ညဝေးနေ၊

(၅)စိတ်ကျအိပ်မက်(ကဗျာ) တင်မင်းထက်

(၆)စုံတွဲ (ကဗျာ) မောင်နန္ဒ


25 Comments:

Zephyr said...

Cute and nice Collage !!!..

Thank you for your post.

With Peace,
Z

နွေးနွေးသဲမွန် said...

သတိရလိုက်တိုင်း
ချုပ်ရိုးပြေစအလွမ်းတွေ
ခရမ်းရောင်တေးသံတွေသံပြိုင်တီးမှုတ်
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။

လရောင်တွေဖျော့ဖျော့လာတယ်
တရွေ့ရွေ့
ရင်ထဲမှာမေ့ပြီဆိုတဲ့သက္ကရာဇ်
……………………….
ခက်ခဲခဲ့ပါတယ်<-- မမရေ..ညီမလေးလဲ လာခံစားသွားပါတယ်...

` said...

ကဗျာဆန်သောဝတ္ထု....
အက်ဆေးဆန်သောကဗျာ
အလွမ်းများများသွန်းချထားသလို....
ကျွန်တော်ကြိုက်နှစ်သက်ပါကြောင်း
ခေါင်းလောင်းထိုးသည်။ ။

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..
အရမ်းကောင်းတယ်.. ဖတ်ရတာ အရသာရှိလိုက်တာ..
ကဗျာလေးလည်း ကောင်းတယ်..

စကားလုံးတွေ အားလုံး ဆန်းသစ်လှပလွန်းတယ်..

ကြမ်းပြင်ပေါ်မှောက်ကျသွားတဲ့ လက်လွတ်စပယ်မနက်ခင်းမှာ ခေါင်းအုံးအောက်က ထပျံ တဲ့ကြယ်တွေ ဖွေးလို့။အနက်ရောင် ကကွက်ကလေးသာ ယိမ်းထိုးနေတတ်ခဲ့။ ကောင်မ လေးရေ ခုတော့လည်း ထောင်းလမောင်းထကြေကွဲ။ မျက်ကန်းဆိုပေမယ့် လမ်းတော့ စမ်း လျှောက်ကြည့်ချင်သား။ တဲ့ ကြိုက်တယ်..

မိုးခါး said...

မနော်ရှင့်
ကဗျာလေးအရမ်းကြိုက်ပါတယ် ..း)

မောင်ခင်လေး said...

မနော် ရေ ဒီလိုအရေးသားမျိုးတွေ ဖတ်ရတာ အရသာအရမ်းရှိလွန်းတယ် တော်တော် ကြိုက်နှစ်သက်မိပါတယ် ငယ်ငယ်က မဂ္ဂဇင်းတစ်ချို့မှာ
အက်ဆေးတိုတိုလေးတွေ စဖတ်စကတည်းက ဒီလိုအရေးသားလေးတွေကို လှန်လှောဖတ်ရှုတတ်ခဲ့တယ်
ကိုးတန်းလောက်မှ မနော်ဟရီ ဆိုတဲ့ ကလောင်ကို စဖတ်ဖူးတာပါ ရိုင်းမယ်လို့တော့မထင်ပါဘူးနော :)
အဲ့လို သုံးမိတာ ရပ်ကွက်ထဲမှာတော့ အသစ်ထွက်တဲ့ လုံးချင်းလေးတွေကိုနားစွင့်မေးနေမိတတ်တယ်လေ
တာရာမင်းဝေ၊ မောင်လှမျိုး(ချင်းချောင်းခြံ)
မင်းခိုက်စိုးစံ၊ နီကိုရဲ၊ ...... စသဖြင့် ဇော်ဇော်အောင်ရဲ့ ဆည်းလည်းသံ အက်ဆေးအချို့ စသဖြင့် ရင်းနှီး မိတဲ့ နားထဲမှာ စွဲခဲ့တဲ့ ကလောင်နာမည်တွေပါ အရေးသားတွေလည်း ကြိုက်နှစ်သက်ပါတယ် ခုနောက်ပိုင်း မှစာပေလောကအကြောင်းလေးနဲနဲပါးပါးသိလာပါတယ် ပြီးတော့ စာရေးဆရာ/မ တွေရဲ့ အသက်၊၀ါ ပေါ့နော် တချို့ကတော့ အသက်အရွယ်ရ အဖိုးအဖွားရွယ်ပေါ့
တချို့ ကတော့ အဖေ အမေအရွယ် တချို့တ၀က်ကတော့ အကို အမအရွယ်တွေပေါ့
ဒါပေမယ့် စာဖတ်ပရိတ်သတ်ရဲ့ ရင်ထဲစွဲနေတာကတော့
စာရေးသူတွေရဲ့ ကလောင်နာမည်တွေပါပဲ အရေးအသားတွေပါပဲ အသက်အရွယ်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူတို့ရဲ့ နှလုံးသားတွေငယ်ရွယ်နုပျို မှု့တွေကိုတော့ မမြင်နိုင်စွမ်းပေမယ့် ခံစားနားလည်နိုင်လာတယ် စာရေးဆရာဘ၀ ဆိုတာကို အငှားခံစားလို့ရလာတယ်ပေါ့ ဆိုပါတော့ မနော်ရေ ခုလို အရေးသားမျိုးတွေ ဖတ်ရတိုင်း ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ဂယက်လေးတွေ ထထလာတတ်လို့ :) ငယ်ဘ၀က ဖယောင်းတိုင်မီးလေးနဲ့ အငှားဆိုင်က စာအုပ်လေးတွေဖတ်ရတာကို သတိရသွားတတ်လို့ ရေးဖြစ်သွားတယ် တော်တော်လေးတော့ရှည်နေပြီ ပြောချင်တာတွေအရမ်းများလွန်းလို့ :) နောက်လည်း ဒါမျိုး အက်ဆေးတွေ အများကြီးဖတ်ချင်ပါသေးတယ် မနော်ရေ ကောင်းသောနေ့ပါ :) လေးစားစွာဖြင့် ....

Minn said...

ပန်းတိမ်ခတ်ထားတဲ့ ဆွဲကြိုးတစ်ကုံးပါပဲ၊
ဂဟေ ရာကိုရှာမရအောင် ညက်လွန်းလှပါတယ်၊
အရမ်းကို နှစ်သက်ပါတယ်ဗျာ၊

cohtet said...

ကောင်းတယ် ၂ ပုဒ်လုံး။ စိတ်ဝင်စားစရာပဲ။ စာရွက်တွေဖြဲပြီး ပန်းချီတော့ ကပ်ဖူးတယ်။ ကဗျာနဲ့တော့ တစ်ခါမှ ကပ်မကြည့်ဖူးဘူး။

တင်မင်းထက်

ဖိုးစိန် said...

အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..။

ဒီအလွမ်းတွေကို တနင့်တပိုးနဲ့ ခုတ်မောင်းလာတဲ့ ရထားတစ်စင်းဟာ ငါပါ။

ဒီလိုအလွမ်းတွေ တိမ်ထဲ လင်းဖြာနေခိုက်
မင်းမျက်ဝန်းတစ်စုံကို ငါဘယ်လိုမေ့ပျောက်နိုင်စွမ်းတော့မှာလဲ။

ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။
အနာဂတ်အကြောင်း မတွေးချင်ဘူး။
ပစ္စုပ္ပန်အကြောင်းမစဉ်းစားချင်ဘူး။
ကြေကွဲမှုနဲ့အဆိပ်တက်စေခဲ့တဲ့အတိတ် ဟောင်းက ပုံရိပ်တွေကိုပဲ ငါလွမ်းတယ်။

ငါ့တနင်္ဂနွေ ကောင်မလေးရေ....
ရင်ထဲမှာ မျက်ရည်တွေအရွာကြမ်းတဲ့ ဒုက္ခရာသီနဲ့
သော့ဖွင့်လို့မရတဲ့ ငါ့ အနာဂါတ်ကိုလွမ်းတယ်။

လွမ်းချင်းလေးကို ပြန်လည်စုစည်းသွားပါတယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

လင်းဒီပ said...

ကဗျာတွေနဲ့ ယက်ထားတဲ့ အက်ဆေးလေးက လှတယ်အစ်မ...။
ဖြည်းဖြည်းချင်းမော့သောက်နေမိတယ်...။

စုချစ် said...

collage ပန်းချီကားတခု ဖန်တီးမလို့ အာရုံယူနေတုန်း မမျှော်လင့်ပဲ ဆရာမ ကဗျာလေးဖတ်လိုက်ရတာ အခန့်သင့်လိုက်လေခြင်းလို့ ပြောရတော့မလို.... ကဗျာလေးက အရမ်းလှတယ်။
ကျေးဇူးပါ ဆရာမ....

မယ်ကိုး said...

ကဗျာလေးကော အက်ဆေးလေးကော ကောင်းလိုက်တာ။
ဖြည်းဖြည်းတလုံးချင်း အရသာခံဖတ်သွားပါတယ်။

အိုင်လွယ်ပန် said...

တစ်စိမ့်စိမ့်တိုးဝင်လာတဲ့ ရသမျိုးပဲအစ်မရေ ...
အရမ်းကို နှစ်သက်မိပါတယ် ......

Andy said...

တချို့တွေက collage ဆိုသိပ်ခံစားလို့မရကြဘူးဗျာ။ ဒီမှာတော့ collage ကြိုက်တဲ့သူတွေ ၁၃ယောက်တောင်တွေ့ရလို့ပျော်သွားတယ်။

နန်းညီ said...

မနော်ရေ့
အစ်မနဲ့ တိုက်ဆိုင်တာတွေ များနေပါပြီရေား)
ခုတလောမှာ collage ပန်းချီတစ်ခုလောက် လုပ်မလို့ ဈာန်ဝင်စားနေတာ.. ဒီပို့စ်လေးဖတ်လိုက်ရတော့ ပျော်သွားသလိုလို အားတက်သလိုလိုပဲ..

Julian said...

ဟိုတစ်ယောက်ပြောသလို ဟင်းပေါင်းလေးလာစားသွားပါတယ် ။ ခဏခဏလာစားပါအုန်းမယ် ။ နည်းနည်းချင်း စားနေပါတယ် ။ အစာကြေအောင်ပါ ။ ဖတ်တာထက် ရွတ်ရတာပိုကြိုက်နေပါတယ် ။ တရားစာရွတ်လိုက် ဒါလာရွတ်လိုက်ပေါ့ ။ ဟဲဟဲ

ဂျူ

eaindraomtt said...

မမရေ...

သိပြီးသားမို့ နောက်ကျရတဲ့အကြောင်းကို ပြောမပြတော့ဘူးနော်..။

သူများကို လွမ်းအောင်လုပ်တယ်...
မမပိုစ့်လေးကိုဖတ်ပြီး....လွမ်းသွားလိုက်တာ..

နောက်ကျောမှာလသာနေတဲ့ မောင်မျိုးမွန်ကိုလဲ...လွမ်း
ဒီဇင်ဘာနဲ့မခွဲနိုင်တဲ့ မလုံမကိုလည်း လွမ်း...
ကိုသစ်အောင်ခိုင်ကြီးနဲ့ ဧသံ့ကိုလဲလွမ်း..
မချင့်အချိန်လုပ်တတ်တဲ့ သားချင့်ချိန်ကိုလည်းလွမ်း...
အကိုကြီးကိုသျှီသူအောင်ကိုလည်းလွမ်း...
နောက်အိန္ဒြာရဲ့ လမ်းမပေါ်လွတ်ကျသွားတဲ့အသံတွေ.

လမ်းမတစ်ခုလုံး...အသည်းနှလုံးတစ်စုံကျကွဲလိုက်သံနဲ့
ချင်းချင်းရဲနေခဲ့တော့တာ...

အားလုံးကို...လွမ်းသွားလိုက်တာ..မမရယ်..

ဇက်ရဲ့ ကဗျာတွေကလဲ.ကောင်းလိုက်တာ...
သီချင်းကလဲ ဒီ့ထက်လှနိုင်စရာ..ဘယ်ရှိပါတော့မလဲ...

အရှိန်ပြင်းပြင်းနဲ့ ဟိုးအမြင့်ကြီးက စီးဆင်းကျလာတဲ့ ရေတံခွန်တစ်ခုလိုမျိုး..
ကြောက်စရာကောင်းလောက်အောင်လှပနေခဲ့တာ...

ချစ်စရာလည်းကောင်းသေးရဲ့...

မမရေ..ကျေးဇူးတင်ကြောင်း..တဖွဖွရွတ်ပြီးပြန်သွားပြီ

ချစ်ခင်လေးစားတဲ့
ညီမလေး

အိန္ဒြာ

April said...

ဖတ်လို့ကောင်းလိုက်တာကော...
ကြယ်လေးတွေကို လိုက်ကြည့်နေရသလိုပဲ.. အရသာရှိလိုက်တာ ..

ပျော်ရွှင်ပါစေ..
မိုးနေ

WWKM said...

သတိရလိုက်တိုင်း
ချုပ်ရိုးပြေစအလွမ်းတွေ
ခရမ်းရောင်တေးသံတွေသံပြိုင်တီးမှုတ်
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။

လရောင်တွေဖျော့ဖျော့လာတယ်
တရွေ့ရွေ့
ရင်ထဲမှာမေ့ပြီဆိုတဲ့သက္ကရာဇ်
……………………….
ခက်ခဲခဲ့ပါတယ်
…………………………………
အလွမ်းဆိုတာ
ထွက်ခွာသွားတဲ့လူနဲ့ကျန်ခဲ့တဲ့လူကြားက
စိတ်အကွာအဝေးတဲ့…..။

သတိတရ
ငုပ်လျိုးလိုက်တော့
နောက်ကျသွားခဲ့ပြီ
အသက်လမ်းကြောင်းဘေးက
မှည့်နက်လေးကလှောင်ရယ်လို့။

အေးမြရက်စက်တဲ့လောင်ကျွမ်းမှု
မြူနှင်းမီးလျှံ
သွေးတိုးသံတဒိတ်ဒိတ်ကြားတယ်။

ဆွံ့အနေတဲ့အသံနဲ့အော်ဟစ်
ကျဆုံးခဲ့တဲ့နှလုံးသားအတွက်
ဓါတ်မှန်ရိုက်ကြည့်တော့
ဟောင်းလောင်းပေါက် ချိုင့်ခွက်ထဲမှာ
ပြုံးနေတဲ့ဝတ်မှုန်တစ်ခြမ်း
ပြန်ချုပ်ထားတဲ့အလွမ်းလို
ချုပ်ရိုးတွေမခိုင်ကြတော့ဘူး။

မနော်ဟရီ
*****************

မနော်ရေ.. ဒီကဗျာလေးတစ်ပုဒ်လုံး အရမ်းကြိုက်တယ်.
မနေ့တုန်းက မန့်လို့ရဘူးရယ်လေ.

ချစ်တဲ့ မေခ ပျော်ရွှင်ချမ်းမြေ့ပါစေ.

ဝါ

Craton said...

dun juz even know what to comment.. too stunning and incredible.. really envy ur thoughts, aunty nor! really! Keep giving us that much touching words and unbelievable feelings! :)

Craton said...

In addition, at least, i certainly learnt from this post how the collage works!

tg.nwai said...

မနော်ရေ...ခဏခဏလာချောင်းကြည့်ရင်း တစိမ့်စိမ့်ဖတ်ရမယ့် ပို့စ်လေးပါ..။ ကောင်းလိုက်တာ ဆိုတာထက် ပိုမပြောတတ်တော့ပါ..:)

collage ဆိုတာကို လှလှပပ ချပြသွားတာကို အားကျအံသြငေးမောသွားမိပါရဲ့။

မသက်ဇင် said...

ဆွံ့အနေတဲ့အသံနဲ့အော်ဟစ်
ကျဆုံးခဲ့တဲ့နှလုံးသားအတွက်
ဓါတ်မှန်ရိုက်ကြည့်တော့
ဟောင်းလောင်းပေါက် ချိုင့်ခွက်ထဲမှာ
ပြုံးနေတဲ့ဝတ်မှုန်တစ်ခြမ်း
ပြန်ချုပ်ထားတဲ့အလွမ်းလို
ချုပ်ရိုးတွေမခိုင်ကြတော့ဘူး။

ကဗျာလေးနဲ့အတူ အက်ဆေးလေးကို ခံစားသွားပါတယ်
ချစ်ခင်လျက်

Moe Myint Tane said...

လှလှပပလေးကို ပြေကျနေတဲ့ အလွမ်းချုပ်ရိုးစလေတွေပါလား အမ။ကဗျာလေးကော အက်ဆေးလေးကိုပါ နှစ်ခြိုက်စွာ သောက်သုံးသွားလိုက်တယ် အမ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

သက်ပိုင်သူ said...

မမနော်
လုံးချင်းဝတ္ထုပြီးသွားပြီဆိုတော့
မျှော်နေမယ်နော်