တစ်ရံတစ်ခါဆီမှာရှိခဲ့ဖူးပါရဲ့

Sunday, May 17, 2009

ရှေ့ဖုံး

နောက်ဖုံး


ဒီဝတ္ထုတိုလေးကိုရေးတော့ ကျွန်မ အသက် ၁၈နှစ်ကျော်ပဲရှိဦးမယ်။ခပ်တည်တည်နဲ့
ကျောင်းပြီးသွားတဲ့လူတစ်ယောက်လို ရေးခဲ့တာက ခိုင်ထူးရဲ့ သို့တစ်ရံတစ်ခါဆီ
အကူအညီနဲ့ဖြစ်လိမ့်မယ်လို့ ခုချိန်မှာပြန်တွေးမိတယ်။နောက်တစ်ခုက ကျွန်မငယ်ငယ်
တည်းကနေလာတဲ့ တက္ကသိုလ်ပရဝုဏ်ကြောင့်လည်း ဖြစ်လိမ့်မယ်။၁၉၉၅ကျတော့မှ
ကျွန်မဒီဝတ္ထုလေးကို ကျောင်းမဂ္ဂဇင်းပို့မယ်ဆိုပြီး ပန်းလှေလမ်းခွဲကဗျာတွေနဲ့ရောပြီး
ပြန်ရေးဖြစ်ပါတယ်။

ခု..ဒီဝတ္ထုလေးက ခေတ်တစ်ခေတ်ရဲ့တက္ကသိုလ် ဆိုတဲ့စာအုပ်ထဲမှာ တခြားသူတွေနဲ့
အတူပါလာပါတယ်။ကျွန်မ မှတ်မိသလောက်ကတော့ ကျွန်မပေးလိုက်တုန်းက သုံးပွင့်
ညီညာ ဆိုတဲ့စာအုပ်တိုက်က ကလေးတွေကိုပေးလိုက်တာပါ။ခု ဘယ်လိုကဘယ်လိုဖြစ်
ပြီး စာအုပ်တိုက်မတူတဲ့တံဆိပ်နဲ့ပြန်ထွက်လာတယ်မသိဘူး။အရင်တုန်းက တော့ဒီဆယ်
ယောက်တည်းလည်းမဟုတ်ပါဘူး။ဆရာငြိမ်းကျော်တို့ပါပါတာကို မှတ်မိနေတယ်။ကိုယ်
လည်းဘယ်လိုမှလက်လှမ်းမမီနိုင်တဲ့နေရာရောက်နေလေတော့ မတတ်နိုင်ဘူးပေါ့။

ခု ဒီဝတ္ထုလေးကကို မိုးနေကပဲရိုက်ပို့ပေးပါတယ်။အဖုံးရော သရုပ်ဖော်ပုံရောအကုန်
ကျွန်မမြင်ရအောင် ပို့ပေးရှာတာပါ။သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ အားလုံးကိုပြန်ဝေမျှ
ပေးလိုက်ပါတယ်။ကံ့ကော်တောကိုလွမ်းမယ့်သူများအားလုံးအတွက်ပါ။


တစ်ရံတစ်ခါဆီမှာ ရှိခဲ့ဖူးပါရဲ့

(၁)
ဂစ်တာကြိုးပေါ်တွင် ဖိနှိပ်ဆော့ကစားနေသော သူမ၏လက်ကွက်များက မြန်ဆန်လာသည်။
ဂစ်တာသံကလည်း တဖြည်းဖြည်း ပြင်းထန်လာသည်။ သီချင်းတစ်ပုဒ်၏ အစပိုဒ်ကိုပဲ
ထပ်တလဲလဲ ကြောက်မက်ဖွယ်ကောင်းအောင် တီးခတ်နေတာ ဘယ်လောက်ကြာပြီလဲ။
ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ အဲဒီသီချင်းရဲ့ စာသားတွေက ဘာလို့များ နှုတ်ဖျားထိ
ရောက်မလာခဲ့တာတဲ့လဲ။

လက်ကွက်တွေကို လျှော့ချပစ်လိုက်သည်။ ကြိုးနှင့် လက်အထိအတွေ့သည်
ညင်သာစွာပင် ရပ်တန့်သွားတော့၏။ ဘာတွေများ ဖြစ်နေပြီလဲကွယ်။ ဒါနဲ့များ
အတွေ့အကြုံများလွန်းလို့ သိပ်ခံစားရတော့မှာ မဟုတ်ဘူး ... ဆို။ လောကမှာ
ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာ ပင်းပန်းလှပါဘိတော့။ မညာချင်ပါဘူး။ တကယ်ပါ။
သူမ ရင်ထဲမှာ မွန်းသိပ်ပြည့်ကျပ်စွာ ခံစားနေရတာကို သူမ ၀န်ခံပါတော့မည်။

ဟိုး.. အနောက်တောင်ဘက်မှာ မိုးသားတွေ မှိုင်းညို့လာနေပြီ။ အဲဒီလို
အချိန်အခါမျိုးပါပဲ။ သူမတို့ ခွဲခွာခဲ့ကြရတာ။ ခွဲခွာချိန်နှစ်ချိန်လုံး
အချိန် မဟုတ်တော့ပါဘဲ မိုးသားတွေ မှိုင်းညို့နေခဲ့တာ။ အဲဒီမိုးသားတွေဟာ
သူမတို့ရဲ့ ဝေဒနာတွေကို သိုဝှက်ထားရာ ကောင်းကင်ပြင်ကြီးဆီက လာခဲ့တာ
ဖြစ်မှာပေါ့။ ခုလည်း မှိုင်းညို့လာနေဲပန်ပြီ။ ပြီးရင်
ရန်ငြိုးဖွဲ့ရွာသွန်းဦးတော့မယ်။ ဒါပါပဲကွယ်။ မလိုလားမှုတွေကတော့
အနှေးနဲ့အမြန် ရောက်ရှိလာမြဲပါပဲ။

(၂)
အဲဒီနေ့က နံနက်ခင်းဟာ မိုးသားတွေကြောင့် ပိုပြီးအလင်းမဲ့နေတာကို သူမ
သတိထားခဲ့မိသည်။ အဆောင်က ထွက်လာကြတော့ ကားပေါ်မှာ
အော်ဟစ်နောက်ပြောင်သံတွေက ဟန်ဆောင်မှုနဲ့အတူ အသက်မပါစွာ ညံစီနေခဲ့သည်။
ခြောက်အက်အက်ရယ်သံများကလည်း ဖုံးလွှမ်းလို့။ ခါတိုင်းလည်း ဒီခရီး
ဒီလမ်းကို ဒီလူတွေနဲ့ပဲ ဒီနည်းနင်နှင် သူတို့က ပြန်သည်။ သူမတို့က
လိုက်ပို့သည်။

ခုတစ်ကြိမ်ကတော့ ခါတိုင်းနှင့်မတူ။ နောက်ဆုံးဟူသော အသိက ရှိနေခဲ့ပြီ။
တစ်ရထားတည်း စီးကြမှာပင်။ လမ်းတစ်လျှောက်မှာ ဘူတာတွေက မြောက်များစွာ
ရှိနေတာကို သူမတို့ မေ့ထားလို့ မရဘူး မဟုတ်လား။

ဝေဒနာဆိုသည် ကူးစက်လွယ်မှန်း သိတော့ အားလုံးက လျှို့ဝှက်စွာ
သိမ်းဆည်းရင်း ကြိုးပမ်းရယူထားသည့် အပြုံး အရယ်များနှင့် ဘူတာသို့
ရောက်ခဲ့ကြသည်။ ပစ္စည်းများကို တင်ရင်းချရင်း အတောမသတ်နိုင်အောင်
နောက်ပြောင်နေကြသေးသည်။ အပြုံးအရယ် နည်းသော ချစ်သူသည်ပင် သူမကို
ကြည်ရွှင်စွာ ရယ်မောပြနေခဲ့သေးသည် မဟုတ်ပါလား။

ဘုရားသခင် ဒီရယ်မောဆူညံသံတွေကကော မကြာခင် ကွယ်ပျောက်သွားတော့မှာလား။
ဒါတွေကို တကယ်ပဲ ချန်ထားခဲ့လို့ရလား။ ဒါဆိုရင် တိတ်ဆိတ်နေမယ့်
အဆောင်အခန်းက ဆီမဲ့ပတ္တာတွေရဲ့ တံခါးဖွင့်သံကို မုန်းတီးစွာ
ရင်ဆိုင်ရဦးတော့မှာပေါ့။

“၀ံပုလွေလာဆင်ရေ ဒီတစ်ခါတော့ ကျွန်မတို့ အလှည့်ပေါ့”ဟု ရင်ထဲမှ
တိတ်တဆိတ် ညည်းညူမိသည်။ တကယ်ပါပဲ။ ဟိုးလွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကျော်က
ခွဲခွာမှုမျိုး၊ ခု သူမ တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ထပ်မံရောက်ရှိလာပြီဆိုရင် အတွ့အကြုံရင့်စွာ နှစ်သိမ့်ဦးတော့မှာလား မသိ”

ဟိုး...... ငယ်စဉ်ကစလို့ အဲဒီဘူတာရုံကလေးဆီကို ဒီလိုအချိန်ဆို သူမ
ဖခင်နှင့်အတူ ရောက်လာနေကျ။ ဖခင်၏လက်ကို ဆုပ်ကိုင်ထားရင်း
ဖခင်သံယောဇဉ်ကြီးသည့် သူ့တပည့်တွေ၏ အပြန်ခရီးကို သူမ ငေးမောခဲ့ဖူးသည်။
နှစ်များစွာ ကြုံတွေ့ခဲ့ရတော့ သူမအလှည့်ဆိုတာကို တွေးတတ်လာ၊
စိုးရွံ့တတ်လာခဲ့သည်။

ခုတော့လည်း တိတ်ဆိတ်စွာ ကြုံတွေ့နေရပြီကော။

ငယ်စဉ်က ဖတ်ခဲ့ရဖူးသည့် မဂ္ဂဇင်းထဲမှ ၀တ္ထုတိုလေးတစ်ပုဒ်ကို သတိရမိသည်။
ဖခင်၏ တပည့်တစ်ဦး ရေးသားခဲ့တာမို့ မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။
ကျောင်းပိတ်၍ အိမ်ပြန်ချိန်အကြောင်းကို အနုစိတ်ဖွဲ့ထားခြင်းဖြစ်၏။ ခု
သူ့ကို စာပေလောကမှတစ်ချို့က “၀ံပုလွေလာဆင်”ဟု အမည်ပေးထားသည်။

ဝံပုလွေလာဆင်ရေ စာတွေရေးပါဦး။
“ဘာတွေ တွေးနေတာလဲ”
ငြိမ်သက်နေသော သူမကို ချစ်သူက လက်ဖျားများကို ဆုပ်ကိုင်ရင်း မေးလာ၏။
လက်ဖျားနှစ်ခုလုံး အေးစက်နေခဲ့ကြသည်။

“၀ံပုလွေကြီးရဲ့ ၀တ္ထုတိုလေးကို သတိရမိလို့ပါ”

ချစ်သူက ပြုံး၏။ သူမတို့ အပြုံးတွေ ပီပြင်ပါရဲ့လား။

“သစ္စာဆိုတာ ရင်ထဲမှာ ရှိနေသရွေ့ တို့တွေ ဝေးမသွားပါဘူး” ဟု ချစ်သူ
ပြောခဲ့ဖူးသော စကားကို သတိရမိတော့ေ၀၀ါးစပြုလာသော အမြင်အာရုံက
ပြန်လည်ကြည်လင်လာသည်။

လသာသောည၊ ကုန်ဆုံးရသို့
အလှအိပ်မက်၊ မိုးသောက်ပျက်သို့
တစ်သက်တစ်ကမ္ဘာ၊ မဟုတ်ပါသော
ပညာသင်ဆုံး၊ နှစ်နိဂုံးဝယ်
ချစ်ထုံးမပြေ၊ နှောင်ရစ်ခွေလည်း
တစ်မြေတစ်ရွာ၊ ခွဲ၍ခွာအံ့
မကြာခဏ၊ ဖြစ်ကောင်းစွလည်း
ဘ၀လုံးပင်၊ စိတ်၌ ထင်သည်
ရင်မှာ အလွမ်းယူသွားမည် ။ ။

ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကဗျာလေးတစ်ပိုဒ် ဖြစ်သည်။ ထိုကဗျာလေးကိုပင်
ရင်ထဲမှာ ရွတ်ဆိုရင်း ရထားထွက်မည့်အချိန်ကို ကြိုးမိန့်တစ်ခုလို
စောင့်စားနေမိတော့သည်။

သူက ကျန်နေခဲ့ရမယ့်သူပါ။ ခွဲခွာသွားရမယ့် ချစ်သူကရော။ သူမတို့အားလုံး
တဖြည်းဖြည်းနှင့် နာရီလက်တံတွေနှင့် ရန်ဖြစ်စ ပြုလာသည်။ မောင်မောင်၏
နောက်ပြောင်သံများပင် တိတ်ဆိတ်သွား သလိုပါပဲ။

အနာဂတ်သန္ဓေလောင်းက
ငါတို့ခွဲခွာရမယ့်အကြောင်း
အပ်ကြောင်းထပ် လှမ်းပြောနေတယ်။

သူမွေးဖွားလာတဲ့အခါ
ငါတို့ဟာ တစ်နေရာစီ
သံစဉ်မညီနိုင်တော့တဲ့ ဂီတတွေနဲ့
ကြေကွဲနေကြရမယ်တဲ့
ခြိမ်းခြောက်ခဲ့သေးတယ်။

မနီးမဝေးက
ရှုပ်ထွေးလှတဲ့ မြစ်လက်တက်များစွာ
အဲဒါ ငါတို့ လမ်းခွဲပါ ... တဲ့
လှောင်ရယ်နေတခဲ့တယ်။

ပျက်ကြွေသွားတဲ့
ငါတို့ရဲ့ နုပျိုခြင်းနဲ့
ကံ့ကော်နာရီတွေဟာ
အနာဂတ်သန္ဓေသားအတွက် “အသက်”ဆိုပဲ
ခပ်ရဲရဲစားသုံးနေတယ်။

သူငယ်ချင်းတို့ရေ
စိန်ခေါ်နေခဲ့ကြပြီ
ဘယ်လိုယုံကြည်ချက်တွေနဲ့
ငါတို့ အနိုင်ယူခဲ့ကြမလဲ
တည်မြဲသေချာတဲ့လမ်းကတော့
ငါတို့ကို စောင့်ကြိုနေခဲ့
မငိုတတ်ဖို့ဘဲ လိုပါတယ်
ဘယ်သောအခါမှ မရှုံးခဲ့ကြသလိုမျိုးပေါ့။ ။

ခွဲခွာချိန်ကဗျာတစ်ပုဒ်ကို သတိရနေမိစဉ်မှာပဲ၊ ရထားဥသြသံက ရှိုက်ငင်စွာ
ထွက်ပေါ်လာသည်။ သံဇကာခြားထားသော်လည်း မျက်ဝန်းမှ မျက်ရည်များ
ဝေ့၀ဲတ်လာသည်ကို ချစ်သူရော၊ သူငယ်ချင်းများပါ တွေ့မြင်သွားမှာမလွဲ။
သို့သော် ဘယ်သောအခါမှ မရှုံးကြသလိုမျိုး၊ သူမတို့ မငိုကြဖို့
ကြိုးစားရပါဦးမည်။

ဘ၀အတွက် အခြေခိုင်ဖို့ ကြိုးစာ့းရင်း ပြည့်စုံသည့် တစ်နေ့ကျ
လက်တွဲဖော်အဖြစ် ခရီးဆက်ကြရမည့် ချစ်သူကို ခွဲခွာခြင်းထက် ပျော်စရာကာလ၊
ပျော်စရာမြေနှင့် ချစ်သူငယ်ချင်းများကို ခွဲခွာရခြင်းက ရင်ကို ပို၍
ထိခိုက်စေလေသည်။

ရထားဥသြသံကြောင့် အားလုံး ပြန်လည်အသက်ဝင်လာကာ အော်ဟစ် နှုတ်ဆက်ကြသည်။
ချစ်သူက ဆုပ်ကိုင်ထား၍ ပူနွေးခဲ့ရသော လက်များ ပြန်လည်အေးစက်ရတော့မည်။
ခဏပဲဖြစ်မှာပါနော်။ ဒါပေမယ့် စည်းလုံးတဲ့ တို့မောင်နှမတွေရဲ့ လက်တွေကတော့
ဘယ်တော့များမှ ပြန်ဆက်မိတော့မှာလဲ။

ယုံကြည်ထားလို့မရတဲ့ အနာဂတ်
မချစ်မြတ်ချင်ပေမယ့်
မျှော်လင့်ချက်တချို့နဲ့ ဦးမော့ရင်း
ကြည်ပြာလွင်ပြင်ထဲက သက်တံ
ရောင်စဉ်ဖြန့်လာမယ့် နေ့ရက်တွေ
ကောင်းကင်ကို မော့ကြည့်ခိုက်
ဆုံလိုက်ဦးမလားရယ်ပေါ့။

ချစ်သူပေးထားသော ကဗျာစာရွက်ကလေးကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း လက်ပြ
နှုတ်ဆက်ဖို့ မေ့လျော့နေခဲ့မိသည်။ လှုပ်ယမ်းပြနေသော လက်များ၏
ပြန်လည်တွဲမဆက် နိုင်သောအဖြစ်ကို ရထားကြီးက သိများနေလေလားမသိ။
အိနြေ္ဒကြီးစွာဖြင့် ကျောခိုင်းသွားသည်။

“ပြန်ရအောင်လေ”ဟု သတိတရလာခေါ်သော မောင်မောင်နှင့်ပိုင်ဦးကို
ကျေးဇူးတင်စွာ ကြည့်မိသည်။ ခပ်လှမ်းလှမ်းမှာတော့ လက်ယပ်ခေါ်နေသော
လင်းတို့ညီအစ်မကို တွေ့ရသည်။ တစ်ကားတည်းစီးကာ အဆောင်အတူပြန်ကြဦးမည်။
ပြီးရင် လင်းတို့က ညနေ သင်္ဘောဆိပ် ဆင်းကြမည်။

ညရောက်ရင်တော့ အဆောင်မှာ အဆောင်မှူးရယ်၊ ဟောလ်ကျူတာတွေရယ်၊
ကျောင်းသူတစ်ချို့နှင့် ဂစ်တာတစ်လက်သာ အဖော်ရှိတော့သည်။
မတွေးချင်ပါဘူးကွယ်။

ကားလေးက အဓိပတိလမ်းမပေါ် ရောက်လာသည်။ ပိုင်ဦးက-
“အင်းဝ ဘုရားသွားဖူးဖို့ လိုက်ခဲ့ကြပါလား”
“ကောင်းသားပဲ”

သူမတို့ မငြင်းဘဲလိုက်သွားကြသည်။ အင်းဝဆောင်ရောက်တော့ အင်းဝဆောင်လည်း
တိတ်ဆိတ်ခြောက်သွေ့စပြုနေပြီ။ အင်းဝ ဘုရားကို နောက်ဆုံးအနေနှင့
ဦးခိုက်မိကြတော့ ချစ်သူနှင့်အတူ ပထမဆုံး ရောက်ခဲ့ဖူးတာကို သတိရမိသည်။
သူငယ်ချင်းများနှင့်လည်း လှည်းတန်းဈေးအထိ ပန်းများသွားဝယ်ကာ
ကပ်လှူခဲ့ကြဖူးသည်။ ခုတော့ နေရစ်တော့ အင်းဝရေ။

အဆောင်သို့ အပြန်လမ်းကလည်း ခြောက်သွေ့တိတ်ဆိတ်နေသည်။ ပျော်ရွှင်ရယ်မောကာ
ကျောင်းသွားနေကြသော ဆရာမများ၏ သားသမီးများ ဖြစ်ဟန်တူသည့် ကလေးငယ်မျာကို
တွေ့ရသည်။ ဟင့်အင်း သူမသာဆို အဲဒီလို ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။
တက္ကသိုလ်နယ်မြေ၏ ခြောက်သွေ့မှုသည် သူမ၏ ခြောက်သွေ့မှုဟု ငယ်စဉ်ကတည်းက
ခံစားနေခဲ့ဖူးသည်ပဲ။ ဒါကြောင့်ပဲ သူမဖခင် ရန်ကုန်တက္ကသိုလ်မှ
ခွဲခွာသွားသည့်တိုင် သူမက ဖက်တွယ်ကျန်ရစ်ခဲ့တာ မဟုတ်လား။

ထိုနေ့တစ်နေ့လုံး မိုးက အုံ့တစ်လှည့်၊ နေသာတစ်လှည့်၊ ညနေ
သင်္ဘောဆင်းချိန်ကျတော့ မိုးတွေက မနက်ကလိုပဲ အုံ့ဆိုင်းလာပြန်သည်။
“ကောင်းကင်ကြီးက မဲ့တဲ့တဲ့”နြဲ့ဟု “လင်း”ကပင် မချိတရိ ဆိုခဲ့သေးသည်။
သင်္ဘောဆိပ်မှာတော့ မနက်ကလို သင်္ဘောထွက်သည်ထိ မနေမိ။ မကြာခင်ပန်းလှေများစွာ
လမ်းခွဲထွက်ခွာသွားမှာကို သူမ ထပ်မကြည့်ရဲပါ။ အဆောင်ဝင်ချိန်အမီ ပြန်ရင်း
တိတ်ဆိတ်ခြင်းနှင့် ရင်ဆိုင်ရတော့မည်ကို ချောက်ချားစွာ တွေးနေမိသည်။

တိတ်ဆိတ်နေတဲ့ နေ့ရက်တံခါး
ငါ့နှလုံးသားထဲမှာ ဖွင့်ဟတုန်ခါနေခဲ့ပြီ။
ယုံကြည်လိုက်ချစ်သူတို့ရေ
အရည်ပျော်ကျနေခဲ့ကြတဲ့
ငါတို့ရဲ့ ခံနိုင်ရည်အားများ
သွက်လက်စွာ စီးဆင်းသွားကြ
ဦးတည်ရာအရပ်ဟာ
လေဖိအားနည်းရပ်ဝန်းတစ်ခုပါပဲ။

ဟုတ်ပါရဲ့။ သူမရဲ့ ပတ်ဝန်ကျင်ကသာ တိတ်ဆိတ်နေတာ။ ရင်ထဲမှာတော့
မုန်တိုင်းတွေ အစပျိုးနေခဲ့ပြီလေ။ သူမတစ်ယောက်တည်း အခန်းအောင်းကာ
ဂစ်တာတစ်လက်နှင့် ရူးသွပ်နေခဲ့သည်။ အစရှိပြီး အဆုံးမရှိသော
တေးသွားများကို တီးခတ်ရင်း၊ သီဆိုရင်း။ အသံပျောက်သွားရင်း၊
ပြန်အားယူရင်း။တစ်ယောက်တည်း လှုပ်ခတ်နေခဲ့သည်။ ဖြေသိမ့်ရာကတော့
“ဝေးကွာခြင်းက တို့အတွင်းမှာ”ပဲပေါ့။

ယုံကြည်မှုတွေနဲ့ ကုစား
ဝေးကွာသွားခဲ့ကြလည်း
ခိုင်မြဲမြဲ ... ခိုင်မြဲ
တွဲလက်တွေမဖြုတ်စတမ်း
လက်တစ်ကမ်းမှာ
ငါတို့ပြန်ဆုံကြမယ်လို့ မျှော်လင့်
ပင့်သက်သံကိုယ်စား
သံစဉ်များစွာ ဖန်တီး
(လက်ရှိတင်္ဒဂကို) မေ့ပျောက်ပြီး နေချင်တယ်။

ဒါတွေဟာ အိပ်မက်တစ်ခုလို ဖြစ်ခဲ့တာပေမယ့် အိပ်မက်တစ်ခုလို
မေ့ပျောက်ပစ်လိုက်လို့ မဖြစ်နိုင်တာ ပိုသေချာလာတဲ့အချိန်မှာ သူမဟာ
မျက်ရည်တွေနဲ့ေ၀၀ါးနေခဲ့ပါပြီ။ သံစဉ်တွေလည်း ဖန်တီးနိုင်စွမ်းမရှိတော့။
အိပ်စက်ခြင်းကလည်း ဒီနေ့ညအဖို့ ကင်းဝေးနေခဲ့ဦးမှာပါပဲ။

မနက်လင်းတော့ သူမက ပို့ဆောင်သူမဟုတ်တော့။ နှုတ်ဆက်သူဖြစ်သွားရပြီ။
မရမ်းကုန်းဘက်က အဒေါ်ဖြစ်သူ အိမ်အရောက် မောင်နှမ၀မ်းကွဲတွေက သူမကို
နွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့က သူမရောက်လာ၍ ပျော်ရွှင်နေကြသလောက်
သူမကတော့ စိတ်အနာရထားသူပီပီ၊ ဒဏ်ရာရ ကြောင်တစ်ကောင်လို
ချောင်တစ်ချောင်မှာ သီးသန့်နေချင်မိ၍ အခန်းအောင်းနေမိပြန်သည်။

(၃)
ထိုနေ့ညကတော့ အိပ်ဆေးအကူအညီဖြင့် အိပ်စက်ခွင့်ရခဲ့သည်။ နောက်တစ်နေ့ကျတော့
သူတို့မောင်နှမတွေ ပဲခူးသွားကြသည်။ သူမက မလိုက်ဖို့ ငြင်းဆိုတော့
အလိုက်သိစွာ ထားခဲ့ကြသည်။ အားလုံးထွက်ခွာသွားတော့ သူမဂစ်တာဆွဲကာ ခြံထဲရှိ
ပိတောက်ပင်ရင်းဆီလာထိုင်နေမိသည်။

လုပ်ချင်တာလုပ်လို့ရအောင် စာရွက်တစ်ထပ်နှင့် ဘောလ်ပင်ရောခဲတံပါ
ယူလာခဲ့သည်။ အလကားပါပဲ။ ကဗျာဆိုတာလည်း အတွေးထဲရောက်မလာ။ ခဲတံနှင့်
စာရွက်လည်း မိတ်မဆက်ဖြစ်ဘဲ ဂစ်တာတစ်လက်နှင့်သာ အချိန်ကုန်ခဲ့သည်။
အတွေးတွေ ၀င်လာတော့ ဂစ်တာလည်း သူမရင်ခွင်မှာ အိပ်မောကျလို့။

ခွဲခွာချိန် မြင်ကွင်းနှင့်အတူ ဟိုးတစ်ချိန်က ပျော်ရွှင်ခဲ့ချိန်များကို
ဒွန်တွဲမြင်ယောင်လာတော့ နေသာသောနေ့နင့် မိုးသည်းထန်စွာ ရွာသောနေ့တွေကို
ဖော်စွမ်းသော ပန်းချီကားတွေကို ဆွဲချင်မိသည်။ ပြီးရင်တော့
မိုးစဲသွားသည့်နောက် ပေါ်ထွက်လာတတ်သည့် သက်တံပုံ
ပန်းချီကားလေးတစ်ချပ်ပေါ့။

သူမ စိတ်တွေ ပြန်လည် နိုးထလာသည်။

ဆယ့်နှစ်ကြိုးတပ် ဂစ်တာလေးကို ဖိနှိပ်ကစားလိုက်တော့ ဂစ်တာလေးလည်း
အိပ်မောကျရာမှာ နိုးထလာရတော့သည်။ စောစောက တီးနေခဲ့သော အင်ထရိုပိုဒ်ကိုပဲ
ပြန်တီးဖြစ်သည်။ ဒီတစ်ခါတော့ ခြောက်သွေ့နေသော နှုတ်ခမ်းများ
စွတ်စိုလှုပ်ရှားလာကြသည်။ “တစ်ပွေတည်း”တဲ့။

ရင်ခုန်သံတွေတိုးတိတ်သွားပြီပဲ ... စကားသံတွေ မသဲကွဲ
တို့ နှစ်ယောက်လည်း ...
သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ရှိနေဆဲ ဥသြသံရယ်
ရထားအထွက် မျက်နှာလွှဲ
ကံဆိုတာ ပြောရခက်တယ်အသည်း ပြန်မဆုံနိုင်သရွေ့တော့
တို့တစ်ပွေတည်း ...
အဆင်မပြေခင်လေးတော့ ဝေးမှာပဲ အတူနေတာ အချစ်ရဲ့
နိဗ္ဗာန်ပဲ ... နေပူမှာ မိုးမသည်းနဲ့လေ စဉ်းလဲခြင်းရဲ့ အမျက်ဒဏ်လေး
ဆုံးရှုံးမှုအတွက် အသက်ကိုစတေး ချစ်လျက်နဲ့ တစ်ဖက် အခက်တစ်ရာအရေး...
ပြန်လည်ကာတိုင်ပင်နေဆဲ
လမ်းခွဲဖို့ ရထားရှိုက်သံဆွဲ ...

“သို့ တစ်ရံတစ်ခါဆီ” ၏ အစပိုဒ် (သို့မဟုတ်) တစ်ပွေတည်း။

ရထားရှိုက်သံကို ခုပင် ကြားယောင်လာတော့သလို။ လက်ကွက်ပြောင်းကာ
ခပ်သွက်သွက်ကလေး တီးခတ်လိုက်တော့ “သို့ တစ်ရံတစ်ခါဆီ” ထဲ
စီးမျောသွားတော့သည်။

မှောင်ချိန်မတန်ခင် လင်းတဲ့နေ့တွေ တောင်ခြေတစ်နေရာ
ဘုရားမြတ်ရှေ့မှာ ... သူရယ်ကိုယ်ရယ် .. နှစ်ဦးသားတောင်းဆုခြွေ
ကိုယ်စီ ... လက်ထဲပန်းမြတ်သစ္စာ ... သူလေယူငင်ပေါင်း၍ အတူစုစည်း
ရင်ပြင်တော်မှ ပန်းအိုးထဲကို ပြန်လည်ဆုံအောင် အမှတ်တရနဲ့လေ ...

သူမတို့ သူငယ်ချင်းတစ်စုနှင့် ချစ်သူတို့သူငယ်ချင်းများ စုပေါင်းကာ
ရွှေတိဂုံရင်ပြင်ပေါ်သို့ ပန်းအိုးထဲ အတူပန်းစိုက်လှူခဲ့တာကို သတိရမိသည်။
ဒါဟာ တကယ်တမ်း ပြန်ဆုံနိုင်ကြဖို့အတွက် သေချာခဲ့မယ်ဆိုရင်ဖြင့် ကမ္ဘာပေါ်က
ပန်းတွေ ဘယ်တော့မှ နွမ်းခွင့်ရှိတော့မှာ မဟုတ်ပါဘူး။

ပြန်ချိန်တန်လို့ ခွဲရတော့ကွယ်၊ ဝေဒနာတွေရယ် အတိုင်းအဆမသိအောင်
ဒီလူတစ်စုံကို ထွေးပွေ့ထားရက်တယ်၊ အလာရယ်၊ အပြန်ရယ် ရှိရစမြဲမို့
ဖြေနိုင်စရာကို တမ်းတမမြင်သော်လည်း အိုလေ ... မေရယ် ရထားစထွက်ပြီ
တုန်ရီနေတဲ့ လက်တစ်ဖက်ထုတ်ကာ အ၀ါရောင်စာလွှာလှမ်းပေးလှမ်းရင်းယူ
ငိုသံလိုလို သဲ့သဲ့တစ်ချက်သာ ...

“အလာရယ်၊ အပြန်ရယ် ရှိစမြဲ”ဆိုတဲ့ လောကဓမ္မတာကြောင့်သာ
သူမတို့ခွဲခွာကြရတာပါ။ ဆုံတွေ့ခဲ့ကြရတာပါလို့ ဖြေသိမ့်ရဦးမှာပေါ့။
ငိုသံသဲ့သဲ့ တစ်ချက်က ဘယ်သူ့ဆီကလာတာလဲ။ သူမရဲ့ ဘယ်ဘက်ရင်ခွင်ဆီကလား။

ကြင်နာသူရယ် စိတ်ချပါရစေ စာလွှာမှာ သူမှာရေးတဲ့စကားကြောင့်လေ မြေပြင်ကို
ရန်ငြိုးဖွဲ့မိုးတွေ ဘယ်အချိန်ဘယ်ထိ သည်းမလဲမသိခင် ခိုလှုံရာကို
တွေးသိမိသည်နောက် ရောင်စဉ်ခုနစ်ဖြာ သက်တံမင်းကို
မျှော်ရည်ယုံကြည်တောင့်တဖူးတဲ့ တစ်ရံတစ်ခါဆီကို သတိရမိပါရဲ့ ...

ဘာပဲဖြစ်ဖြစ် မြေပြင်ကို ရန်ငြိုးဖွဲ့ရွာမယ့်မိုးတွေ
သည်းထန်ချိန်ပြီးရင်တော့ နေသာတဲ့နေ့တစ်နေ့ကို ပြန်ရဦးမှာပါ။
သူမနဲ့ချစ်သူတို့အတွက် သက်သက်ပေါ့။ ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့
တွေ့ဆုံဖို့ရာကတော့ မိုးရွာပြီးတိုင်း သက်တံကို မြင်ရတတ်တာ မဟုတ်တဲ့အတွက်
ကြုံကြိုက်တိုက်ဆိုင်စွာ မြင်တွေ့ရမယ့် နေ့ရက်တွေကိုပဲ
စောင့်မျှော်ရပေဦးတော့မည်။

စောစောက အုံ့ဆိုင်းနေသော မိုးတွေ သည်းထန်စွာနှင့် အသံမြည်ဟည်းကာ
ရွာချာလာပြီ။ ပိတောက်ပင်ခြေရင်းကို အတားအဆီးမဲ့စွာ ၀င်ရောက်လာသော
မိုးရေစက်တွေကို ခံယူရင်း မျက်ရည်စက်တွေနှင့် ရောနှောစေ လိုက်တော့သည်။

ကျေးဇူးတင်ပါသည် မိုး။

သူမကတော့ “သို့ တစ်ရံတစ်ခါဆီ” နောက်ဆုံးပိုဒ်ကို ပြန်ကြော့ရန် ဂစ်တာကို
ဆက်လက် တီးခတ်ရင်း မိုးသည်းထဲမှာ နှစ်လိုစွာ ဆက်ထိုင်နေမိတော့သည်။

မနော်ဟရီ
ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း
၁၉၉၆-၉၇ ခုနှစ်။


15 Comments:

ဖိုးစိန် said...

နံပတ် ၁

Zephyr said...

သေချာခံစားသွားပါကြောင်း

Z

mirror said...

အစ်မနော်ရေ..အဲ့ဒိစာအုပ်လေး ညီမတို့အိမ်မှာရှိပါတယ်။
အရင်တုန်းကတော့ အခုအစ်မတင်ထားသလိုပဲ အရောင်အသွေးစုံစုံလင်လင်နဲ့ပေါ့။မနှစ်က နာဂစ်ပြီးတော့ကျတော့ ရှိသမျှစာအုပ်တွေအကုန်လုံးရေစိုပြီး ရိကုန်တယ်လေ။
ဒီ ၀တ္ထုတိုလေးက ဖတ်ပြီးသားပါ။ဒါမယ့် ဒီဂျစ်တယ်ဖတ်ရအောင် ကူးသွားပါတယ်အစ်မကြီးရေ..။

အစစ အဆင်ပြေပါစေ။

လေးစားခင်မင်စွာဖြင့်

Julian said...

ခံစားချက်တွေရောနေပြီ ......... အသက်ကလေးရလာတာနဲ့အတူ အရင်ကအကြောင်းတွေလွမ်း ..... အရင်ကသူငယ်ချင်းတွေလွမ်း..... ဟိုစာဖတ်လဲမျက်ရည်ဝဲ ဒီစာဖတ်မျက်ရည်စို့... အရင်တုန်းကတောင် ကျောင်းကြီးအဲလောက်မချစ်တတ်ပါဘူး ..... တက်နေရလို့ဖြစ်မယ် ........ တဖြည်းဖြည်းမှ ကျောင်းရနံ့လေးကိုလွမ်း ဟိုကိုလွမ်း ဒီကိုလွမ်းနဲ့ .... မအားတဲ့ကြားကလွမ်းဖြစ်တာဘဲ။

ဂျူ

PS . စာအသစ်မဖတ်ရတာကြာလို့အော်မလို့ဟာ အခုဘဲတက်လာလို့ ၊ ဒါတောင်မမှီဘူး ၊ ပထမနေရာချောင်းနေသူနဲ့ဘဲတိုးနေတယ်း) တတိယတောင်ချိတ်ပါ့မလားဘဲ ဟားဟားဟား....

eaindraomtt said...

အစ်မရေ....

ခံစားချက်အသေးစိတ်အဖွဲ့အနွဲ့ နဲ့ စကားပြေကို လက်စိပ်စိပ်လေးရေးတတ်တာကို ၁၈ နှစ်လောက်ကတည်းက ရသမြောက်စေနိုင်တာပါလား..

ဒီစာအုပ်ကို ဘယ်လို ကျော်ကျန်ခဲ့တယ်မသိ
မဖတ်ရသေးတာ..တော့်..

လွမ်းနေပါတယ်...ဆို...
လက်လာတို့တယ်...

အိန္ဒြာ

မယ်ကိုး said...

အသက် ၁၈နှစ် နဲ့ 
ကျောင်းပြီးသွားတဲ့လူတစ်ယောက်လို ရေးခဲ့တာတဲ့လား ...မ
မထင်ရဘူးနော်။
ကောင်းလိုက်တာ။

လင်းဒီပ said...

နဂိုတည်းက ဘာမှ မဟုတ် အကြောင်းရှာလွမ်းချင်နေတာ..

ဒီစာလေးဖတ်လိုက်တော့
ရန်ကုန်လည်း လွမ်း...
ရွှေတိဂုံရင်ပြင်တော်ပေါ်လည်း စိတ်ကူးနဲ့ပြေးတက်မိ...
တက်ခွင့်ပျော်ခွင့်မရခဲ့တဲ့ ကံ့ကော်တောလည်း လွမ်း မိပါတယ် အစ်မရယ်...။
(လွမ်းဒီပ)

အောင်သာငယ် said...

တရံတခါဆီကို သတိရမိသွားပြီ...း(

THU_I_SAN said...

ဂီတ သမားတွေ ဒီသီချင်းရဲ့ ကိုယ်ထည် ကို သေချာပြန်လေ့လာကြည့်ပါ။ တော်တော်ထူးခြားတယ်။ မိုးရဲရင်ဆောင်းရဲရမယ် ကိုလည်းလေ့လာပါ။
တန်ဖိုးထားရမဲ့ ဂီအနုပညာအမွေအနှစ်တွေပါ။
ပြန်တီးခတ်ကြမယ်ဆိုရင်လည်း ကိုနေ၀င်းကို သေချာသွားမေးဦး။ ပေါက်ကရတွေ မလုပ်ပစ်နဲ့။

ဖိုးစိန် said...

အခုမှ အလုပ်ကနေပြန်ရောက်လို့ အေးဆေးဖတ်ရတာ
ခံစားရတယ်
ဘာရယ်မဟုတ်ဘူး
ခိုင်ထူးသီချင်းတွေကိုကြိုက်တယ်

မဆိုင်ဘူးပြောပြော ယူအက်ဖ်အယ် နောက်ဆုံးနှစ်ကအချိန်လေးတွေကို လွမ်းမိသွားပါတယ်

မကြီးနော်
နေကောင်းပျော်ရွှင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

အမည်မဲ့ said...

စဉ်းစားလို့မရဘူး .. ဒီပို့စ်အောက်မှာ ဒါမျိုးရေးတာ..စာရေးဆရာမကို ပြောချင်တာလား..ဂီတတွေ ပေါက်ကရမလုပ်နဲ့ဆိုတာ
ဂီတသမားတွေကို ပြောချင်တာလား..
စာဖတ်နေကြတာ သီချင်းနားထောင်နေတာမဟုတ်ဘူးလို့ ပြန်ပြောရမလား...
ဝတ္ထုထဲက သီချင်းကိုပြောတာလား
သီချင်းရေးတဲ့ ကိုနေ၀င်ကိုလား
လိုက်တီးမယ့် နောက်လူတွေကိုလား
ပြန်ဆိုတေးဆိုမယ့် လူတွေကိုလား
ဘာကိုလား..
ညာကိုလား
ဟိုဟာလား
ဒီဟာလား
....လား
...လား
လား.
လား။

မှတ်ချက်။ ။ သိချင်လို့ မေးကြည့်တာ။

နွေးနွေးသဲမွန် said...

အလွမ်းတွေ အကြောင်းသေချာရေးထားတဲ့စာသားတွေ .... ထိတယ်...မ ရယ်

သက်ပိုင်သူ said...

မမနော်တို့များ
၁၈နှစ်ကတည်း
စကားလုံးလှလှတွေ ဖန်တီးတတ်နေပီ
အားကျပါ့ဗျာ

ဇော် said...

သြော် မနော်ဟရီရဲ့ ၂၅အုပ်မြောက်စာအုပ် ရန်ကုန်မှာ ထွက်တုန်းက အပြေးအလွှားသွားငှားဖတ်ဖြစ်ခဲ့တာကို မှတ်မိပါသေးတယ်။ အဲ့ဒီတုန်းက လက်ထဲမှာ ၂၀၀ပဲရှိခဲ့တာ စာအုပ်က တစ်ရက် ၂၀၀တဲ့။ လူက ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပေမယ့် အဲ့ဒီစာအုပ်လေးကို ရအောင်ကို ဖတ်ပလိုက်တယ်။ အဲ့လောက်ထိ မနော်ဟရီကို ကြိုက်ခဲ့ရတာ။ အင်း ... လွမ်းမိပါရဲ့လေ...။

Kay said...

၁၈ နှစ်က ရေးတဲ့စာ လား----
၉၆-၉၇ မဂ္ဂဇင်း မမှီတော့ဘူး..အဘွားတို့က.. ၉၄ မှာ ကျောင်းပြီးတာလေ..း)