မဖွဲ့သီဖြစ်သေးတဲ့...ကဗျာ

Tuesday, May 12, 2009


ကလျာမဂ္ဂဇင်းကို အန်တီကလျာကိုယ်တိုင်စာမူတောင်းတဲ့အချိန်ကျမှ ကျွန်မ ဝတ္ထုတိုလေး သုံးပုဒ် (တစ်နှစ်တစ်ပုဒ်နှုန်းနဲ့)ပေးဖြစ်ခဲ့တယ်။အရင်ကတော့ ဦးနေမျိုးအေး ကနေပဲပေး ဖြစ်တာကိုး။ပထမပေးဖြစ်တဲ့ တစ်ပုဒ်နာမည်ကလည်း “မဖွဲ့သီဖြစ်သေးတဲ့ ..ဈာပန”..တဲ့။ ဒုတိယတစ်ပုဒ်က ဒါပါ။အန်တီကတောင် မဖွဲ့သီရတာတွေများနေတယ်သမီး တဲ့နောက် သေးတယ်။နောက်တစ်နေ့မှ အန်တီက ဖုန်းဆက်ပြီး ဒီစာမူလေးဖတ်ရင်း သူ့ရင်ထဲ မကောင်းရတဲ့အကြောင်းလှမ်းပြောပါတယ်။ကျွန်မကိုယ်တိုင်လည်း စိတ်ထဲမကောင်းပါဘူး။ တကယ်တော့ သားသမီးဆိုတာ မိဘအားလုံးအတွက် မဖွဲ့သီဖြစ်သေးတဲ့ကဗျာတစ်ပုဒ်ပါပဲ ဘာလို့လဲဆိုတာ့ အရာအားလုံးထက်ပိုပြီးနက်ရှိုင်းနင့်သီးတဲ့အတွက် ဖော်ညွှန်းစရာ စကား လုံးမရှိလို့ပါ။ ၂၀၀၆ခုနှစ် အဦးပိုင်း(လ မမှတ်မိတော့)က ကလျာမဂ္ဂဇင်းမှာ ပါသွားခဲ့တဲ့စာမူ ပါ။ ခု ဒီစာမူကို အမေတိုင်း သားသမီးတိုင်းအတွက် ရည်ညွှန်းပါတယ်။ ( ဒီကနေ့ မွေးနေ့ကျရောက်တဲ့ ကလေးတစ်ယောက်ရဲ့မေမေနဲ့သူမသားအတွက်လည်း ရည်ညွှန်းပါတယ်..သူတို့သားအမိ အတွက် ရည်ရွယ်ခံစားပြီး ကျွန်မ ကဗျာလေးတစ်ပုဒ်လည်းရေးဖြစ်ခဲ့တယ် အလွမ်းရာသီ...တဲ့..)

အလွမ်းရာသီ


ကလေးလေးတစ်ယောက်
ပြတင်းတစ်ပေါက်စာကောင်းကင်ထဲ
တိမ်တွေဝေ့ပျံလာတာကိုငေးမောနေ
မေမေများပြန်ပါလာမလား..ပေါ့။

တိမ်တွေကရွာချလိုက်တဲ့ခါ
မိုးစက်တွေဟာကျွန်တော်ပေါ့
မေမေ့စမ်းချောင်းလေးထဲ
ခပ်ကွေးကွေးဝပ်ဆင်းပုန်းအောင်းနေလိုက်မယ်။

နွေအခါ..
မေမေ မပါမှန်းသိတော့မှ
ကျွန်တော်အငွေ့အဖြစ်နဲ့ပျံ
အမှန်တရားကိုရင်ဆိုင်လိုက်ရဦးမှာပေါ့။

မမြင်ရတဲ့တစ်နေရာကိုငေးရင်း
တစ်ကိုယ်စာငလျင်များစွာနဲ့
ကျွန်တော်လှုပ်ခတ်နေခဲ့ပေါ့
လွမ်းတယ်.မေမေ…
ကျွန်တော့်ကိုစွတ်စိုစေတဲ့ သစ်ရွက်ကလေးတွေနဲ့အတူ..။

လူတွေသိပ်လွမ်းလာရင်
ဘာလုပ်တတ်ကြလဲမေမေ
အဲဒီပညာရပ်တွေဘယ်သူ့ဆီသွားသင်လိုက်ရမလဲ
မေမေလည်းတတ်မြောက်သွားပုံမပေါ်ဘူး

ခုနေခါမှာတော့
မေမေ့ရဲ့သစ်ပင်လေ်းကျွန်တော်လေ
မေမေ့ချစ်ခြင်းမေတ္တာတစ်ခုစာ
ရှင်သန်မြင့်မားလို့..
ဒါပေမယ့်
ကျွန်တော့်အသီးအပွင့်တွေကို
ဘယ်သူဆွတ်ခူးပေးမှာတဲ့လဲ..။

တစ်နေ့တော့
ရေခိုးရေငွေ့ကလေးကျွန်တော်
မေမေရှိရာကောင်းကင်တော်ဆီ
ခရီးထွက်လာခဲ့မှာပေါ့
ခုနေခါမှာတော့
အလွမ်းတွေနဲ့ငွေ့ရည်ဖွဲ့လို့
လေးလံလွမ်းဆွတ်နေခဲ့ပါတယ်မေမေ…။ ။
မနော်ဟရီ




မဖွဲ့ဖြစ်သေးတဲ့…ကဗျာ

Side A

ဒီနေ့ဟာ..မေမေမုန်းတဲ့ ရက်သတ္တပတ်ရဲ့စတုတ္ထမြောက်နေ့တစ်နေ့ပဲ။ရှေ့လာမယ့်တနင်္လာ နေ့ကတော့ မေမေ့မွေးနေ့။သားတို့ အခန်းက နာရီလေးကိုကြည့်လိုက်တော့ ည ကိုးနာရီခွဲ နေပြီ။သားဘေးနားမှာ နေနေပေမယ့် မေမေက မအိပ်သေးဘူး။သားလည်း ခါတိုင်းဆို ဒီအ ချိန်အိပ်ပျော်နေပြီ။ဒီညတော့ နေ့လည်ကမေမေမေးခဲ့တဲ့စကားလေးတစ်ခွန်းကြောင့် စဉ်း စားနေလိုက်တာ အိပ်လို့ကိုမပျော်တော့ဘူး။မေမေက မေးတယ်လေ။
“သား..မေ့ကို မေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမှာလဲ..”…တဲ့။

သားဆီက ဘာမှမရနိုင်တာ မေမေသိရက်နဲ့မေးတာမို့ မေမေ့မှာ အကြောင်းတစ်ခုတော့ရှိရ မှာပေါ့။ပြီးတော့ မေမေလိုချင်တာ ဘာဖြစ်နိုင်မလဲလို့စဉ်းစားနေမိတယ်။သားကို အဲဒီလိုမေး တုန်းက မေမေ့မျက်နှာက ပြုံးနေတယ်။သားအရမ်းသဘောကျတတ်တဲ့ သားတစ်ယောက် တည်းကိုပဲပြုံးပြတတ်တယ်လို့ထင်တဲ့ အပြုံးမျိုးနဲ့လေ။
မေမေက လူမှုရေးအရ အမြဲတမ်း ပြုံးရယ်နေတတ်တဲ့သူပါ။ဒါပေမယ့် အဲဒီလိုအပြုံးမျိုးကို တော့ သားတွေ့ရခဲပါတယ်။မေမေပြောခဲ့ဖူးသလိုပဲ “လူတွေဟာ သူတို့နဲ့ထိုက်တန်တာကို ပဲရတတ်တယ် ” ဆိုတာကြောင့် များလား။ဒါပေမယ့် အဲဒီလို အသက်မပါတဲ့အပြုံးတွေကို ဖန်တီးနေရတဲ့မေမေ့ကို ကြည့်ရတာပင်ပမ်းသလိုပဲ။

မေမေ့ကိုလှမ်းကြည့်လိုက်တော့ စာအုပ်တွေတစ်ထပ်ကြီးကို တစ်အုပ်ပြီးတစ်အုပ် လှန်ဖတ် နေတယ်။ညဖက်အိပ်ရာထဲရောက်တဲ့အချိန်လောက်အတူနေရတာမို့ မေမေက အိမ်ပြန် ရောက်တာနဲ့ သားနဲ့တူတူနေတယ်။စကားပြောတယ်။ ဒီကြားထဲကမှ အလုပ်တွေပါလာရင် တော့ မေမေက သားကိုဘေးထားပြီး အလုပ်လုပ်တယ်။တစ်ခါတစ်လေတော့လည်း စာအုပ်တွေဖွင့်ပြီး မေမေ အဝေးကြီးကိုငေးနေတတ်ပြန်တယ်။တကယ်တော့သားတို့အခန်း လေးကကျဉ်းကျဉ်းလေးပါ။ဆယ်ပေပတ်လည်အိပ်ခန်းလေး။ အဲဒီအခန်ကျဉ်းထဲကနေ မေ မေငေးနေပုံက ကမ္ဘာ့အပြင်ဖက်ရောက်နေသလိုပဲ။မေမေသွားချင်တယ်ဆိုတဲ့ အဝေးကြီး ဆိုတဲ့နေရာကိုများငေးနေတာလားမသိဘူး။

မေမေက တစ်ခါတစ်လေပြောတတ်တယ်။
“မေ နဲ့ သား ဟိုးအဝေးကြီးကိုသွားရအောင် ”….တဲ့။
“ဖိုးဖိုး ဖွားဖွား တို့ရှိတဲ့ဆီလား ”..ဆိုတော့ ခေါင်းခါတယ်။

မေမေ ပြောတဲ့ အဝေးကြီး ဆိုတာ ဘယ်နေရာလဲ။ဘာနဲ့သွားရင်ရောက်လဲ။ သားလိုက်ပို့ ပေးချင်လိုက်တာ။ ဖိုးဖိုးဖွားဖွားတို့ဆီလို လေယာဉ်နဲ့သွားရင်ရောက်သလား။ဒါမှမဟုတ် သားစာအုပ်ထဲကလို သဘောင်္အကြီးကြီးတွေနဲ့ ပင်လယ်ကိုဖြတ်သွားရတာလား။ဒါမှမဟုတ် ဟယ်ရီပေါ်တာ လို တံမြက်စည်းချောင်းကြီးတွေစီးသွားလို့ရမလား။ဒီလိုမှမဟုတ်ရင်လည်း ပါဝါရိမ်းဂျားတွေလို ဂလက်ဆီ ဂလိုက်ဒါတွေစီးသွားရမလား။ မေမေမှ သိမှာပါပဲ။ခက်တာ က..မေမေ့ကိုဘယ်လိုမေးရမလဲမသိတာ။မေမေ့ကို ကြည့်လိုက်တော့ မေမေက အလုပ်ရှုပ် နေတုန်းပဲ။“သားလေး အိပ်တော့လေ..”..လို့တော့လှမ်းပြောပြီး လက်တစ်ဖက်က သားရဲ့ လက်ကလေးကိုဆုပ်ကိုင်ထားတယ်။အဲလိုဆုပ်ကိုင်ပြီးရင် မေမေပြောနေကျစကားတစ်ခွန်း ရှိတယ်။
“မေ နဲ့သား ဘယ်တော့မှ မခွဲဘူးနော် ”….တဲ့။
ခုလည်းရင်ထဲကပြောချင်ပြောနေမှာပေါ့။တစ်ခါတစ်လေကျ မေမေက ဘာမှန်းမသိဘူး။မေ မေနဲ့သားနဲ့ နှစ်ယောက်တည်းရှိတာကို ဘယ်လိုလုပ်ခွဲလို့ရမှာတဲ့လဲ။မေမေက သိပ်ခက် တာပဲ။တစ်ခါတစ်ခါကျ မေမေက သားအိပ်နေပြီထင်ပြီး ငိုရင်ငိုနေတတ်တာ။မေမေ့ကျောင်း ကဆရာမတွေက မေမေ့ကိုဆူလိုက်လို့လားမသိဘူး။သား ကျောင်းကဆရာမတွေကတော့ သားကိုမဆူပါဘူး။သားက လိမ္မာတာကိုး။မေမေက မလိမ္မာဘူးလား။မေမေလည်း လိမ္မာမှာ ပါ။

မေမေငိုရင် သားက လိုက်ငိုတတ်တယ်။အဲလိုကျရင်တော့ မေမေချက်ချင်းအငိုတိတ်တော့ တာပဲ။မေမေငိုရင် ဘာဖြစ်လို့လဲလို့ သားကမမေးတတ်ဘူး။မေးလည်း မေမေက ဗိုက် အောင့်လို့ လို့ဖြေရင်ဖြေမှာပဲ။မေမေ့ကို မငိုရတဲ့ည..တွေလက်ဆောင်ပေးလို့ရရင် သိပ် ကောင်းမှာပဲ။

ဖွားဖွားက ပြောဖူးတယ်။မေမေ့ကို နှင်းတွေစူးရှအေးစက်လွန်းတဲ့နေ့တစ်နေ့မှာ မွေးခဲ့တာ တဲ့။ဒါပေမယ့် မေမေ့ ဘဝက မအေးမြဘူးဆိုပဲ။သား သိပ်နားမလည်ပါဘူး။မေမေ့ကိုစမ်း ကြည့်တော့လည်း အေးနေတာပါပဲ။ဖျားနေတာမှ မဟုတ်တာ။တစ်ခုတော့ရှိတယ်။ မေမေ့ ကိုသား လူမှန်းသိကတည်းကကြည့်လာတာ။မေမေ ပျော်ရွှင်နေတယ်ဆိုတာမရှိသလိုပဲ။ မေမေ့ကို သားတို့လိုပဲ ပျော်စေချင်တာ။အဲဒီ ပျော်ရွှင်မှု ဆိုတာကိုကော မေမေ့ကိုလက် ဆောင်ပေးလို့ရလားမသိဘူး။ ခက်တာက ဘယ်ကရမလဲ မသိတာ။ အရာရာကိုဖန်ဆင်း တယ်ဆိုတဲ့ ဘုရားသခင်ဆီကတောင်းပြီး မေ့ကိုပေးရင်ကောင်းမလား။

ခက်လိုက်တာနော်။သားလိုပဲ မေမေ့ကို အရုပ်ကြီးတွေဝယ်ပေးလို့ရရင်ကောင်းသား။ မေမေ လည်းအရုပ်တွေကို ချစ်တာပဲ။မေမေနဲ့ သားအိပ်တဲ့ကုတင်ကြီးမှာ တစ်ဝက်လောက်က အရုပ်တွေနဲ့ပြည့်နေတာ။မေမေက တစ်ခါတစ်လေ သားကိုစိတ်တိုရင် ချစ်ချစ် ဆိုတဲ့ဝက်ဝံ ဆင်စွယ်ရောင်ကြီးကိုဖက်ထားတတ်တယ်။ဒါပေမယ့် မေမေ့ကို အရုပ်ဝယ်ပေးလို့တော့ မကောင်းဘူးထင်တာပဲ။မေမေက သားလို ကလေးမှ မဟုတ်တာ။

မေမေ့ကိုကြည့်ရတာ အခါခပ်သိမ်း ပင်ပမ်းနွမ်းနယ်နေသလိုပဲ။ဒါပေမယ့် မေမေက ဘယ် တော့မှ ဆေးမသောက်တတ်ဘူး။မေမေ့ကို ဆေးတိုက်တတ်တဲ့ အဖွားကလည်း ခုဆို သူကိုယ်တိုင်တောင် နေမကောင်းတာဆိုတော့ ဘယ်တိုက်နိုင်တော့မလဲ။ မွေးနေ့လက် ဆောင် ဆိုတာ ဆေး ရောပေးလို့ရလားမသိဘူး။ သားမေမေကို သားက နေကောင်းစေချင် တယ်လေ။

ဒီရက်ပိုင်းမှာ မေမေ ဘာလိုချင်တယ်လို့ပြောဖူးလဲ…လို့စဉ်းစားလိုက်သေးတယ်။စဉ်းစားလို့ မရဘူး။ရှုပ်ပါတယ်ကွာ။အဲဒီ တနလာင်္နေ့ မနက်ကျရင် မေမေ့ကို Happy Birthday လို့ပြော ပြီး ဖက်နမ်းလိုက်တာပဲကောင်းမယ်ထင်ပါတယ်။ Ear – Two Ears.. Cheek – Two Cheek …. Forehead…Nose… Lips ..Chin.. Neck ဆိုပြီး မေမေသင်ထားတဲ့အတိုင်း တစ်ခုချင်းစီကိုနမ်းပစ်လိုက်မယ်။သားနဲ့မေက နေ့တိုင်းအဲလိုနမ်းနေကျ။ဒါပေမယ့် ဘယ် တော့မှရိုးမသွားဘူး။ဒါဆိုရင်ရော မေမေ ကျေနပ်မှာလားမသိဘူး။

ပြီးရင် မေမေ့မွေးနေ့မှာ မေမေအရမ်းကြိုက်တဲ့ Beatles အဖိုးကြီးတွေရဲ့ Yesterday သီချင်းလေးဖွင့်ပေးထားမယ်။အဲဒီသီချင်းထဲကလိုပဲ မေမေ့ ဒုက္ခတွေ သောကတွေ အားလုံး Yesterday ဆိုတဲ့မနေ့ကမှာ ကျန်ခဲ့အောင်လေ။

ဖြစ်နိုင်ရင်တော့ မေမေရယ်..သားကြည့်တဲ့ကာတွန်းကားထဲကလို မီးခွက်စောင့်နတ်သမီး လေး ဂျီနီ ပါတဲ့ မီးခွက်ကလေးလက်ဆောင်ပေးချင်တာပေါ့။ဒါမှ မေမေလိုတာမှန်သမျှရနိုင် မှာလေ။မေမေ့ကိုကြည့်လိုက်တော့ မေမေက မအိပ်သေးဘူး။သားမျက်စိတွေကတော့ စင်းနေပြီမို့ မေမေ့ကိုတောင် သေချာမမြင်တော့ပါဘူး။သားအိပ်လိုက်တော့မယ်။ အိပ်မက် ထဲကျမှ မေမေ့ကိုဘာပေးရမလဲဆိုတာ ဆက်စဉ်းစားတော့မယ်။

Side B

သားက ကျွန်မအတွက် ဘာပေးရင်ကောင်းမလဲလို့စဉ်းစားပြီး အိပ်ပျော်သွားပုံရတယ်။အိပ် မက်ယောင်တာတောင်မှ မေမေ..ဘာလိုချင်လဲ …တဲ့။ခုထိ မလွှတ်ရသေးတဲ့ သားရဲ့လက် ကလေးကိုဖွဖွလေး ဆုပ်ကိုင်ထားမိတယ်။မေ..လိုချင်တာ သားနဲ့အတူနေရတဲ့အချိန်နာရီ တွေပါပဲ။

သားလေးက ငယ်ငယ်တည်းက အိပ်မက်ယောင်တတ်တယ်။အစွဲအလန်းကလည်းကြီးပါ့။ နေ့လည်က မကျေနပ်၊အလိုမကျခဲ့သမျှက သူများကလေးတွေလို အိပ်လိုက်တာနဲ့ပြီးမသွား တတ်ဘူး။အလိုမကျတာတွေကို ရေရွတ်တတ်သလို တစ်ခါတစ်ခါ အလန့်တကြားလည်း ထ ထ ငိုတတ်သေးတယ်။တစ်ခါတစ်လေကျ ကျွန်မပါ လိုက်ရယ်ချင်မိတတ်အောင် တခစ် ခစ်ရယ်နေတတ်ပြန်ရော။

အဲဒီလိုဆို မနေတတ်တဲ့ကျွန်မက သားလေးကို “ထ ထ ဘာမှမဖြစ်ဘူး”..လို့ချော့ရတယ်။ ဒါမှ ထိတ်လန့်စရာကောင်းတဲ့မသိစိတ်အိပ်မက်ကမ္ဘာကနေ သားက ကျွန်မရင်ခွင်ထဲပြန် ရောက်လာမှာလေ။ရယ်နေရင်တော့ သားပျော်နေမှာပဲ လို့တွေးပြီး ကျွန်မ မနှိုးတတ်ဘူး။ သားရယ်မော ပျော်ရွှင်နေပါစေလေ။ သားဘဝကို ကျွန်မလိုပဲ တပင်တပမ်းလုပ်ယူရတဲ့ အရယ်အမောအတုတွေနဲ့ မပြီးဆုံးစေချင်ဘူး။ ရယ်မောတတ်ခြင်းရဲ့ အရသာအစစ်ကို လည်း ခံစားရစေချင်တယ်။“ပျော်ရွှင်မှု”..ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို ဇဝေဇဝါ မဖြစ်ပဲ မတုံ့ဆိုင်းပဲ “ဘာ”..ဆိုတာ ချက်ချင်းအဖြေပေးနိုင်တဲ့သူ ဖြစ်စေချင်တယ်။

ကျွန်မကတော့ ကျိမ်စာသင့်နေတဲ့ စက်ရုပ်တစ်ရုပ်လိုပါပဲ။နေ့ဆိုရင်တော့ လိုရာကို လှုပ်ရှား လာလုပ်ဆောင်နိုင်တယ်။ညရောက်လို့ စိတ်ရောလူပါ ခြေကုန်လက်ပမ်းကျလာလို့စိတ်ကို လွှတ်လိုက်တာနဲ့ တပြိုင်နက် ကျွန်မရဲ့အတွေးထဲကို ရန်သူတွေ ကျူးကျော်ဝင်ရောက်လာ တော့တာပါပဲ။

ကျွန်မက ကျွန်မကို လူတစ်ယောက်ပြောခဲ့ဖူးသလို စိတ်ညစ်ဖို့အချိန်မရှိလောက်အောင် အလုပ်တွေပိနေချင်တာပါ။ လူ့ဘဝရဲ့အဓိပ္ပာယ် ကိုက အလုပ်လုပ်နေရခြင်းလို့ အဓိပ္ပာယ် သက်ရောက်စေချင်တာ။ဒါမှ ကျွန်မ ဘဝရဲ့ခါးသီးမှုတွေကို မမြင်ရတော့မှာလေ။ဒါပေမယ့် ကွယ်..လောကကြီးက တရားလွန်းပါတယ်။လူ့ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ တစ်ခုတည်းမ ဟုတ်ဘူး။ခံစားချက်တွေ ချစ်ခြင်းမေတ္တာတွေလည်း ရောယှက် ပါဝင်နေသေးတယ်။

ကျွန်မရဲ့ အာရုံတွေ မျက်ရည်တချို့နဲ့ဝေဝါးလာခဲ့ရင် ကျွန်မ လှမ်းကြည့်တတ်တာက သား ကလေးရဲ့မျက်နှာပါပဲ။ကျွန်မ ဘဝမှာ ဒီသားကလေးသာမရှိခဲ့ရင် ကျွန်မသေဆုံးသွားခဲ့ပြီး လောက်ပါပြီ။ ကျွန်မက ကံကြမ္မာကိုမယုံပါဘူး။ဒီထဲကမှ ကျွန်မကို ဒီလိုသားလေးတစ် ယောက်ပေးထားတဲ့အတွက် ကျွန်မက ကြံဖန်ကျေးဇူးတင်နေရသေးတာ။

သားကလေးဟာ ကျွန်မရဲ့အားဆေး။ကျွန်မရဲ့ အသက်ကယ်ဆေးပါပဲ။စိတ်ဓါတ်ပျော့ညံ့ တာလည်းမဟုတ်ပါပဲနဲ့ စိတ်ဖိစီးမှုတွေ သိပ်များလာတဲ့အခါ ကျွန်မရဲ့ ခံတပ်ကလေးက ရန်သူတွေရဲ့လက်အောက် အလိုလိုကျရောက်သွားရတော့တာပါပဲ။ အဲဒီအခါမှာ တိုက်ပွဲ ကျသုံ့ပန်းတစ်ယောက်လို နွမ်းနယ်မောပမ်းနေတဲ့ ကျွန်မအတွက် သားကလေး ဟာ အသက်ကယ်ဆေးတစ်ခွက် ဖြစ်ခဲ့တယ်။

သားက…ကျွန်မရဲ့ပျော့ညံ့မှုတွေကို ပြန်မာကျောစေတယ်။
ကျွန်မရဲ့ယိမ်းယိုင်မှုတွေကို ပြန်လည်တည့်မတ်စေတယ်။
ကျွန်မရဲ့ တွေဝေမှုတွေကို ပြတ်သားခိုင်မာစေတယ်
ကျွန်မရဲ့ကစဥ့်ကလျားဖြစ်မှုတွေကို ပြန်စုစည်းစေတယ်
သားက..ကျွန်မအတွက်တော့ အရာခပ်သိမ်းပါပဲ။

အမေမျက်နှာညိုမှာကို တစ်စက်လေးမှမလိုလားတတ်တဲ့ သားကလေးက ကျွန်မ မျက်ရည် ကျရင် ကျွန်မနဲ့အတူလိုက်ငိုတတ်တယ်။ဒီတော့ ကျွန်မဘဝမှာ မျက်ရည်ဆိုတာ မရှိအောင် ကြိုးစားရတော့မှာပေါ့။ဘာလို့လဲဆိုတော့ ကျွန်မချစ်တဲ့ သားကလေးရဲ့ဘဝမှာ မျက်ရည်ဆို တာ ကျွန်မကြောင့်မဖြစ်စေချင်ဘူးလေ။ သားက အရမ်းငယ်သေးတယ်။လောကကြီးရဲ့ အလှည့်အပြောင်းတွေ အချိုးအကွေ့တွေ လူတွေရဲ့ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ် ရောင်စုံတွေကို မသိရှိ မခံစားရသေးဘူး။ခုချိန်မှာ..သားဟာ ပျော်နေရဦးမယ့် အရွယ်လေ။

သားက တစ်ဖက်ကိုစောင်းလှည့်အိပ်လိုက်တဲ့အတွက် သားလက်ကလေး ကျွန်မလက်ထဲ ကလွတ်သွားတယ်။ကျွန်မ သားကိုနေသားတကျဖြစ်အောင်နေရာချပေးပြီး နဖူးပြင်လေးကို နမ်းလိုက်မိတယ်။ကော့စင်းရှည်လျားတဲ့ သားရဲ့မျက်တောင်လေးတွေက မိုးစက်စိုထားတဲ့ ခရေပွင့်လေးတွေလိုပဲ။ ဘုရားသခင် သား မျက်ရည်ကျခဲ့တာလား..။သားအိပ်မက်ထဲမှာ ကျွန်မများ မျက်ရည်ကျနေမိလို့ သားငိုရတာလား။။ကျွန်မမွေးနေ့အတွက် ဘာလက်ဆောင် ပေးရမလဲဆိုတဲ့ အတွေးတွေနဲ့ အိပ်ပျော်သွားရရှာတဲ့သားကလေးရဲ့ အိပ်မက်ထဲမှာ ဘာ တွေများဖြစ်နေလို့လဲ။ခုနကလည်း မေမေ ဘာလိုချင်လဲ..တဲ့။

မေ့ဘဝမှာ အလိုချင်ဆုံးအရာက သားကလေးနဲ့အတူနေရမယ့် အချိန်နာရီ၊နေ့ရက်တွေနဲ့ သက္ကရာဇ်တွေပါပဲ။လောကကြီးကိုရင်ဆိုင်ဖို့ ခွန်အားမဲ့လာတိုင်း ကျွန်မကိုယ်ကျွန်မ ဘုံးဘုံး လဲမသွားအောင် ကျားကန်ရင်း ကျွန်မနေထိုင်ရမယ့်နေ့ရက်တွေအတွက် စိတ်ပူပန်နေခဲ့ဖူး တယ်။သားကလေးရဲ့ ဘဝမှာ ကျွန်မ မရှိလို့ မဖြစ်သလို ကျွန်မဘဝမှာလည်း သားမရှိလို့ မဖြစ်ပါဘူး။အတ္တတွေရဲ့ ချွန်ထက်တဲ့ ဓားသွားနေ့ရက်တွေမှာတောင် တို့သားအမိတွေ ဘဝ လေးနှစ်ခုပေါင်းတစ်ခု ပျက်မသွားအောင်နေထိုင်ခဲ့သေးတာပဲ။မုန်တိုင်းပြီးသွားကာမှ ကျွန်မ တို့ဘာအကြောင်းနဲ့မှ ခွဲလို့မဖြစ်တော့ပါဘူး။

သားကလေးရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးက အေးချမ်းလိုက်တာ။ဒါ ကလေးဘဝရဲ့ ပြယုဂ်ပဲလေ။ ဒါတောင်မှ သားဟာ အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်မှုတွေနဲ့ အမေ နဲ့အတူ သောကတွေကို ဝေမျှခံစားခဲ့ရပြီးပြီ။ ကျွန်မတို့ သားအမိ အေးငြိမ်းချမ်းမြေ့ တဲ့ အဝေးတစ်နေရာမှာ ငြိမ်ငြိမ်သက်သက်လေး တိတ်ဆိတ်စွာ ရှင်သန်ချင်ပါတယ်။ဒါဟာ ကျွန်မ ဘဝရဲ့ အလိုချင်ဆုံးအရာတစ်ခုပါပဲ။

လာမယ့် တနလာင်္နေ့မနက်ခင်းတစ်ခုကနေ နောက်ထပ် တနလာင်္ပေါင်းမြောက်များစွာထိ ကျွန်မ ရှင်သန်ခွင့်ရခဲ့မယ်ဆိုရင်….။
မနော်ဟရီ




“”





22 Comments:

ဖိုးစိန် said...

နံပတ်(၁)လိုချင်လို့ဦးတယ်ဗျာ

ဖိုးစိန် said...

ဖတ်ပြီးတော့ အမေ့ကိုပိုလွမ်းသွားသလိုပဲ
ငိုချင်သွားတယ်
ဒီနေ့ကလဲကျောင်းနဲ့အဆင်မပြေတော့
အမေ့ကိုသတိတရပြောပြချင်နေတာ
အမေနဲ့သား
သားနဲ့အမေ
အမြဲတမ်း အပြန်အလှန် နားလည်ကြင်နာစာနာယုယမှုတွေနဲ့
တစ်သက်လုံးချစ်နိုင်ကြပါစေဗျာ
မကြီးနော် ရည်ညွန်းတဲ့မွေးနေ့ရှင်အတွက်လဲ
ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မေငြိမ်း said...

အင်းး ဒီအမေနဲ့ ဒီသား ခုမွေးကနေ နောင်နှစ်များစွာတိုင်တဲ့အထိ မခွဲမခွာ ရှိနေကြရပါစေ.. ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

megumi said...

မမမွေးနေ့လားဟင်။
ဟုတ်ဟုတ်မဟုတ် ဆုတောင်းပေးခဲ့ပါတယ်။

မမနဲ့ မမသားလေး မခွဲမခွါ အမြဲအတူနေနိုင်ပါစေ။

ဇနိ said...

အမနော်ရေ - စာကိုဖတ်သွားပါတယ်။
မွေးနေ့ရှင် မေမေနဲ့ သား ပျော်ရွှင်ပါစေ။

Zephyr said...

Thank you sis,

I believe you dreams will do come true ...

Wishing you all the best,
Z

eaindraomtt said...

အစ်မရေ....

ကိုယ့်ကို ချည်နှောင်ကြတဲ့ ကြိုးချင်းအတူတူ
ဒီကြိုးလေးလောက်
နူးညံ့တာ..ခိုင်မာတာ
ကျစ်လစ်..လှပတာ..
သေသပ်.. မွန်ရည်တာ..
ဘယ်ရှိနိုင်လိမ့်မလဲနော်...အစ်မ

အပြန်အလှန်
မေတ္တာနှစ်ဆပေးနေကြရတဲ့ ဒီသားလေးနဲ့ ဒီမေမေ
ပျော်ရွှင်ချမ်းသာကြပါစေ...။

ချစ်ခင်လေးစားတဲ့

အိန္ဒြာ

Julian said...

မဖွဲ့သီဖြစ်သေးတဲ့ ကဗျာ ......

မဖွဲ့သီရသေးခင်... လေပြင်းတိုက်ခံရလိုက်ရသလား....


ကလေးလေးရဲ့မေမေ ကောင်းကင်ကြီးပေါ်ကနေ ကလေးလေးကိုချစ်ခြင်းမေတ္တာကြီးမားစွာနဲ့ ပြုံးကြည့်နေမယ်ထင်ပါတယ် ။


ဂျူ

revolution said...

မကြီးမနော် ပို့စ်လေးဖတ်ပီး ငိုချင်သွားတယ် ကျေလည်းကျေနပ်သလိုပဲ
ကျွန်တော်အတွက်တော့ မေမေက တောင်တန်းတွေနဲ့တူတယ်
(စမ်းချောင်းလေး)

သက်ပိုင်သူ said...

မမနော်ရယ်
ဖတ်လို့ကောင်းလိုက်တာ
နှစ်ဘက်ကို မျှပြီးရေးသွားတာ

မယ်ကိုး said...

အလှဆုံး ချစ်ခြင်းမေတ္တာကို မ က အကောင်းဆုံးဖြစ်အောင် ဖွဲ့ နိုင်တယ်နော်...
ီသားလေးနဲ့ မေမေ ပျော်ရွှင်ချမ်းမြေ့ပါစေ.... ပို ပိုလှတဲ့ စာလေးတွေ ရေးနိုင်ပါစေလို့ ....

Lynda said...

Happy Birthday Ma Naw,

"The entrance of Your words gives light, it gives understanding to the simple".

Ps 119:130

Lin

April said...

သားရဲ့မေမေ သားလေးနဲ့အတူ အပျော်ရွှင်ဆုံး အငြိမ်းချမ်းဆုံးအချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေ....
အလွမ်းရာသီတွေ ကုန်ဆုံးလွန်မြောက်ပါစေ...လို့

ပျော်ရွှင်ပါစေ...
မိုးနေ

sonata-cantata said...

မဖွဲ့သီရသေးတဲ့ ကဗျာလေးက
ခြောက်ပစ်ကင်း..
ပြစ်မျိုးမှဲ့မထင်...
လှတယ်...မနော်

Mogok Thar said...

သားလေးနဲ့ သားလေးရဲ့ မေမေ.. ပျော်ရွှင် ချမ်းမြေ့ပါစေ။ စာကလေး ဖတ်ပြီး လွမ်းမောသွားတယ်။

နန်းညီ said...

စမ်းချောင်းလေးဆီမှာ သူ့အမေပုံကြည့်ပြီး ဒီရောက်လာတော့ ဒီကဗျာကိုဖတ်ရတယ်.. အောက်ကဟာတွေ ဆက်မဖတ်ရသေးဘူး.. ရေးချင်လာလို့..း)

ဝေလေး said...

သားလေးနဲ့မေမေ နှစ်ယောက် ပျော်ရွှင် ချမ်းမြေ့စွာနေထိုင်သွားနိုင်ပါစေ....

WWKM said...

ဒီမေမေနဲ့ ဒီသားလေးရဲ့ဘ၀ အမြဲလှပစွာနဲ့ ပျော်ရွှင်
ချမ်းမြေ့မှုတွေဒီထက်မကပိုပြီးပြည့်စုံလာနိုင်ပါစေလို့....

ချစ်တဲ့

ဝါ

Bino said...

It is a beautiful post.
Thanks for sharing.
Bino

summer said...

အမ၊စာတွေဖတ်ပြီး အမေ့ကိုပိုချစ်သွားတယ်၊ အခုအနားမှာ အမေ..ခွဲသွားမှာကြောက်လာပြီ..။ ဒါပေမယ့်လည်း အမေနဲ့ခွဲရဦးမှာပါလေ :'(

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..
အာဟာရတစ်ခုကို စားသုံးလိုက်ရသလိုပါပဲ..
ကျနော်လည်း မေ့ ကို အရမ်းသတိရနေတယ်..

တစ်နေ့တော့
ရေခိုးရေငွေ့ကလေးကျွန်တော်
မေမေရှိရာကောင်းကင်တော်ဆီ
ခရီးထွက်လာခဲ့မှာပေါ့
ခုနေခါမှာတော့
အလွမ်းတွေနဲ့ငွေ့ရည်ဖွဲ့လို့
လေးလံလွမ်းဆွတ်နေခဲ့ပါတယ်မေမေ…
တဲ့

မနော်ရေ.. ဒီပိုစ့်လေးအတွက် ကျေးဇူးပါ.. ကျနော်နဲ့ တိုက်ဆိုင်နေသလိုမို့ ဖတ်ရတာ ထိရှလှတယ်..

စကားမစပ် 12th May က မနော် မွေးနေလား..
တကယ်လို့ ဟုတ်တယ်ဆိုရင်..

ကျနော်နဲ့ တူတူပဲလို့ ပြောမလို့..း)

(ကိုရင်နော်)

Moe Cho Thinn said...

ဖတ်ပြီး စိတ်မကောင်းဘူး။ အမေနဲ့သားအချစ်က ထင်ထင်ရှားရှား။ သူတို့နှစ်ယောက်ပဲ ရှိကြသလိုမျိုး ခံစားမိတယ်။

(မနော်ရေ အခုတလော မနော်ဆီ မရောက်ဖြစ်တာ ခွင့်လွှတ်ပါ။ လာရမှာ ကြောက်နေလို့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိုလာတိုင်း အိမ်အလွမ်းတွေချည်း တနင့်တပိုး ဖြစ်လွန်းလို့ပါ။ ကိုယ် စိတ်မမာဘူး ထင်ပါရဲ့)