အချစ် နဲ့ အလွမ်း

Wednesday, April 29, 2009

အချစ် နဲ့ အလွမ်း တဲ့။
အဲဒါ ကျွန်မ အစ်ကိုကြီး ငြိမ်းအေးအိမ် ရေးတဲ့စာမူပါ။ ကျွန်မရေးခဲ့တဲ့စောင့်ကြည့်ငှက် ကဗျာကိုရေးထားတာမို့ ကျွန်မခွင့်တောင်းပြီး တင်လိုက်တာပါ။
ကျွန်မ..စာပေလောက ထဲစရောက်တော့ ကျွန်မက သင်းကွဲတစ်ယောက်လိုပဲ..လူမှုရေးက လည်းညံ့လေတော့ မိတ်သိဆွေသိကလည်း ရှားတယ်။ ဘာသိဘာသာနေတတ်တာလည်း ပါတာပေါ့လေ။ နောက် တစ်ခုက အတွေ့အကြုံတစ်ခုအရ စာမူတွေကိုစာတိုက်ကနေပဲ တံဆိပ်ခေါင်းဖိုးအကုန်အကျခံပို့တတ်ပြီး စာမူပါလည်း မောင်ကတလှည့် သူငယ်ချင်းတွေ ကိုတလှည့်လှည့်ပြီး စာမူခသွားထုတ်ခိုင်းတတ်တဲ့သူဆိုတော့…အဲလိုဖြစ်တာမဆန်းပါဘူး။ နောက်ပိုင်းကျတော့မှ ကျွန်မ စာရေးဆရာတွေနဲ့ ပေါင်းသင်းတတ်သွားတယ်။
ကျွန်မ ၁၉၉၆ မှာ သရဖူ တိုက်ကိုစရောက်ဖူးပါတယ်။ အဲဒီကိုမရောက်ခင်တည်းကလည်း ကျွန်မ ခရမ်းရောင်သစ္စာ (ကိုငြိမ်းဝတ္ထုတို တစ်ပုဒ်ပါ..)ရဲ့ပရိသတ်။ နောက်တော့ ကိုတာရာ မင်းဝေနဲ့အတူ ရှစ်မိုင်က ဆရာဇော်ဇော်အောင့်ဆီရောက်တယ်။အဲဒီနားကနေ ကိုငြိမ်းဆီပါ ရောက်ခဲ့တယ်။နောက် မြောက်ဥက္ကလာက ကိုရဲ(သစ္စာနီ)ဆီရောက်တယ်။အဲဒီနောက်မှာ တော့ကျွန်မ ဆက်လက်ပေါင်းသင်းတာ အားလုံးက အနုပညာသမားတွေချည်းဖြစ်လို့နေ တော့တယ်။
တကယ်တော့ စာပေသမားတိုင်း အနုပညာသမားတိုင်း အသွေးအရောင်တွေ ရင်ခုန်သံ တွေတူနေတာမဟုတ်ပါဘူး။အဲဒီထဲကမှ ဘုရားသခင်က ကျွန်မကို ချစ်လှစွာသောအစ်ကို တွေအစ်မတွေ အများကြီးပေးခဲ့တယ်။ကိုငြိမ်းဟာ အဲဒိထဲကတစ်ယောက်ပေါ့။ဒါပေမယ့် တစ်ချိန်ကတော့ သူ့ညီမရင်ထဲကိုဒီလောက်ထိကြည့်တတ်လိမ့်မယ်လို့ မထင်ထားပါဘူး။ အားလုံးသိတဲ့အတိုင်း ကဗျာဆရာဟာ ကဗျာကိုဖန်တီးချိန်မှာ ကဗျာခေါ်ရာအတိုင်း စိတ်ခံ စားမှုအလျဉ်အတိုင်း စီးမျောလိုက်ပါသွားလိုက်တာ ကိုယ့်ကိုယ်ကိုတောင် ပြန်မမြင်တတ်ပါ ဘူး။ အဲဒီအခိုက်အတံ့က ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေတဲ့ ကျွန်မကို ကိုငြိမ်းက ပြန်ပြီးသရုပ်ဖော်ပေးထားတဲ့အတွက် ကျေးဇူးလည်းတင်သလို ဝမ်းသာဝမ်းနည်းလည်းဖြစ် ရပါတယ်။
ကျွန်မ အဲဒီစာမူကိုဖတ်ရတဲ့နေ့က တစ်ယောက်တည်းငိုနေမိခဲ့တယ် ။ ကျွန်မဟာ ချစ်ခင်သူတွေနဲ့ဝေးရာမှာနေရမယ့် ကျိမ်စာအမှတ်အသားနဲ့လူလားလို့လည်း တွေးနေမိခဲ့ တယ်။ဒါပေမယ့် သေချာပြန်တွေးကြည့်တော့ ကျွန်မတို့ ဘယ်မှာဝေးနေကြလို့လဲ။ ကျွန်မလည်းကျွန်မအလျောက် သူတို့ရင်ထဲကိုထွင်းမြင်နိုင်တယ် ။သူတို့လည်းသူတို့အ လျောက် ချစ်ခင်သူတွေရင်ထဲကိုထွင်းမြင်နိုင်တယ်။အကာအရံတွေ တံတိုင်းတွေ အချိန်နဲ့ အကွာအဝေးတွေဆိုတာက ကျွန်မတို့ အားလုံးရဲ့ အတွင်းထဲမှာပဲ ရှိနေတဲ့အရာ ဆိုတာ ကို သိလိုက်မိလိုပါပဲ…
ကိုငြိမ်း ရဲ့ အချစ် နဲ့ အလွမ်းဟာ ကျွန်မတို့အားလုံးရဲ့ အချစ်နဲ့အလွမ်းဖြစ်လိမ့်မယ်လို့ ကျွန်မယုံတယ်။
ချစ်ခင်စွာ
မနော်ဟရီ





အချစ် နဲ့ အလွမ်း

သစ်ပင်တစ်ပင်ဟာ အမြစ်တွေကြောင့် ရှင်သန်နေရသလို လူဟာလည်း အချစ်နဲ့ ပဲ သူတို့ ဘ၀တွေ ရှင်နေကြ/နေရတာပါ။

လူဆိုတာ ကိုယ့်ကိုယ်ကို ချစ်ခြင်းကို အမြင့်ဆုံးမှာ တလူလူလွှင့်တင်ထားရင်းကပဲ၊ သူ့ ရင်ထဲမှာ “အခြားသောအရာများကို ချစ်ခြင်း”တွေ တသွင်သွင်စီးဆင်းနေတတ်တာလို့  ကျွန်တော်တော့ဖြင့် ယုံတယ်။ (လုပ်ရပ်နဲ့  ပါးစပ်လွဲတတ်သူတစ်ချို့ ရဲ့  နှုတ်ဖျားလေးတွေ ကမလိုအပ်ဘဲ အန်အန်ကျနေတဲ့) တိုင်းပြည်ကိုချစ်ခြင်း၊ လူမျိုးကိုချစ်ခြင်းလို စကားလုံးအကြီးကြီးတွေကစပြီး၊ ကိုယ့်အိမ်ကိုယ့်ယာ၊ မိဘဆွေမျိုး သူငယ်ချင်းနဲ့  ကိုယ်ကျင်လည်ရာ အသိုင်းအ၀ိုင်းကို ချစ်ခြင်း အလယ်၊ ခွေးလေးကြောင်လေး ပစ္စည်းပစ္စယသေးသေးမွှားမွှားလေးတွေကို ချစ်ခင်မြတ်နိုးခြင်းအဆုံး၊ အချစ်တွေကို အမျိုးခွဲရင် တော်တော် အမယ်စုံမယ် ထင်ပါတယ်။

ဘာကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲချစ်ချစ်၊ ချစ်တာဟာ ချစ်တာပါပဲ။ ချစ်ခြင်းတိုင်းဟာ ဘယ်တော့မှ မလျှော့ပါးမယ့် သူ့ဂုဏ်ရည်ကို သူကိုယ်တိုင် ၀ံ့ကြွားစွာ ဖော်ထုတ်ရှင်သန်လျက်ပါ။

လွမ်းတယ်။
ချစ်ခြင်းနဲ့  ဝေးကွာရတဲ့အခါ၊
လူ့ ရင်ထဲမှာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ အလွမ်းဓာတ်တွေ တောလုံးဟီးထလာရိုး ထုံးစံပါ။
ခုတလော၊ ကဗျာလေးတွေ ဖတ်မိရာက ချစ်ခြင်းနဲ့  အလွမ်းဓာတ်တွေဟာ အခါမဲ့မိုးလိုရွာချခဲ့၊
အဲသည့် စိတ်မိုးရေတွေက ကျွနတော့်တစ်ကိုယ်စာ ရွှဲရွှဲနစ်စိုစေခဲ့ပါတော့တယ်။
(၁)
ငါ့တိုင်းပြည်လေးမှာ
သစ်မြစ်တွေကိုတောင်
ငါချစ်တယ် .. တကယ်လို့ 
အကြိမ်ပေါင်း တစ်ထောင်
သေရင် ..
အဲဒီမှာပဲ ငါသေချင်တယ်
တကယ်လို့ 
အကြိမ်ပေါင်း တစ်ထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
“နီရူဒါ”

(၂)
တစ်ရက်က ကျွန်တော့် အီးမေးလ်ထဲကို လင့်ခ်(Link) လေးတစ်ခု ရောက်လာတယ်။ အဲဒါကို ကလစ်လုပ်လိုက်တော့ ကျွန်တော့် ညီမလေး တစ်ယောက်လို ချစ်ခင်ရင်းနှီးတဲ့ “မနော်ဟရီ”ရဲ့  အင်တာနက်စာမျက်နှာဆီ ရောက်သွားရော။ သူ့ စာမျက်နှာရဲ့  ညာဘက်အပေါ်ထောင့်မယ် အထက်မှာဖော်ပြထားတဲ့ “နီရူဒါ”ရဲ့  ကဗျာလေးကို တွေ့ ရပါတယ်။ သံလိုက်စက်ကွင်းနဲ့  ညှို့ ယူခံလိုက်ရတဲ့ သံမှုန်တစ်စလို ကျွန်တော့်မျက်လုံးတွေ အဲဒီကဗျာဆီ ကျသွားခဲ့တယ်။

ဒီကဗျာကို ကျွန်တော် ဖတ်မိတယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးလေးကြိမ်လား။
မဟုတ်လောက်ဘူး။
ဘယ်နှစ်ကြိမ်ဆိုတာလည်း သတိမထားမိ၊ ရေတွက်မထားမိဘူး။ ဖတ်ရင်း ရင်ထဲဆို့ လာတယ်။ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ရင်ထဲက သူ့ တိုင်းပြည်ကို သူချစ်ခဲ့တဲ့ ချစ်ခြင်းတွေဟာ နိုင်ငံတကာကို ခြေဆန့် လို့  ခုချိန်ထိ ရှင်သန်သက်ဝင်နေဆဲ။

ကဗျာနဲ့  ကဗျာဆရာဟာ ချစ်ခြင်းအားဖြင့် ကြီးကျယ်မြင့်မြတ်နေဆဲ။

ကဗျာဖတ်မိချိန်လေးမှာ ကိုယ့်မြေကိုယ့်ရေ ကိုယ့်တိုင်းပြည်ရှိရာမှာ ရှိမနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ဟာ သူရောက်နေရာမှာ ကျောက်သားရုပ်တုတစ်ခုလို တုတ်တုတ်မလှုပ်။ စိတ်က အဝေးကြီးပြန်ရောက်သွားတယ်။ ကျွန်တော့်စိတ်တို့  (အိမ်လွမ်းစိတ်များကို တနင့်တပိုး မနိုင်မနင်းထမ်းပိုးရင်း) ခြေဒရွတ်ဆွဲလို့  သူ့အိမ်သူ ပြန်ချိန်ပေါ့။

ကျွန်တော် ပြန်ခဲ့တယ်။ ကျွန်တော့်စိတ်တွေ ပြန်ခဲ့တယ်။ ကျွန်တော့်အိပ်မက်တွေ ပြန်ခဲ့တယ်။ ကျွန်တော် ပြန်ခဲ့တာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်သစ်ပင် ကိုယ့်တောတောင်၊ ကိုယ်ဘာသာစကား ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အစားအစာ ကိုယ့်အနံ့ အသက်၊ ကိုယ့်ထီးကိုယ့်နန်း ရှိရာဆီ။

ပြန်မိတဲ့ခရီးမှာ စိတ်နဲ့ ကိုယ်ဟာ အဝေးကြီးကွာသွားလိုက်။ နီးစပ်ပူးကပ်လာလိုက်၊ ဧရာဝတီစီးသံတောင် နားထဲ ကြားယောင်လာသလို။ ဘာမှမရှိတဲ့ ဗလာနယ်ဖြစ်နေသလိုလို၊ စိတ်ချည်းသက်သက်ရှိတဲ့ ဘုံတစ်ခုကို ရောက်သွားသလိုလို။

ပြီးတော့ ကျွန်တော့် စိတ်ထဲမှာ အဆို/အငြင်း ၀ါကျတွေနဲ့ ပြည့်လျှံလာခဲ့ပြန်ပါရော။

`တိုင်းပြည်ဆိုတာ၊ ကျွန်တော့်အိမ်မှ မဟုတ်တာ´

ဘာများ ထူးပြီး ချစ်စရာလိုသလဲ။ စိတ်က တင်းတယ်။ ငြင်းတယ်။ အဲသည့် အငြင်းတွေ အကန်တွေ ရပ်နားမသွားခင်လေးမှာပဲ စိတ်က စိတ်ကို ပြန်ပြောတယ်။ ပြန်ငြင်းဆန်တယ်။ ပြန်အာခံတယ်။ ပြန်ကန်တယ်။

`အကန်´ဟာ အကန်နဲ့တွေ့ပြီး ထွေးလုံးရစ်ပတ်ဖြစ်သွားတယ်။
ဟုတ်တယ်။

`တိုင်းပြည်ဆိုတာ ကျွန်တော့်အိမ်ဖြစ်တယ်´

ကျွန်တော် အသက်ရှင်သန်နေသေးသရွေ့၊ ကျွန်တော် ချစ်နေရမယ့် နေရာဖြစ်တယ်။ ကျွန်တော့်တိုင်းပြည်ထဲမှာ ကျွန်တော့် မိသားစုအိမ်ရှိတယ်။ ကျွန်တာ့်တိုင်းပြည်ထဲမှာ ကျွန်တော်မိတ်ရင်းဆွေခြာတို့ ရဲ့  မိသားစုတွေနဲ့  သူတို့ ရဲ့  နေအိမ်တွေ ရှိတယ်။ ကျွန်တော် ချစ်တဲ့ ဆက်ဆံရေး၊ နွေးထွေးမှု၊ လူ့ ဝန်း ကျင်၊ အစားအစာ၊ လေရေနေ၊ ရနံ့ ၊ အသားကျမှု၊ ကျွန်တော်နဲ့  တစ်သွေးတစ်သားတည်း ထပ်တူကျတဲ့အရာရာဟာ ကျွန်တော့တိုင်းပြည်ထဲမှာပဲ ရှိတယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာပြည်ရဲ့ အပြင်ဘက်မှာ သေအံ့မူးမူးရောဂါဒဏ် အပြင်းအထန်ခံစားနေရသူ မိတ်ဆွေတစ်ဦးရဲ့  နောက်ဆုံး ထွက်သက်မတိုင်မီ နှုတ်ထွက်စကားက ကျွန်တော့် မသိစိတ်နားစည်ထဲမှာ ဗုံးတစ်လုံးလို အပြင်းအထန် ပေါက်ကွဲလာတယ်။

`ကျွန်တော်သေရင် ဧရာဝတီမြစ်ကမ်းဘေးနားလေးမှာ သေချင်တယ်ဗျာ´

နောက်ဆုံးမှာ သူ တိမ်းပါးသွားခဲ့တယ်။

ကျွန်တော်ယုံတယ်။ သူဟာ ဧရာဝတီမြစ်ကမ်းနဘေးက သူ့ ရွာလေးဆီ အရောက်ပြန်သွားတာ ဖြစ်တယ်။ သူသေသွားတာ မဟုတ်ဘူး။ လူသေသွားတယ် ဆိုရင်တောင်မှ သူ့ ဝိညာဉ်သူ့ အိမ်ပြန်သွားတာသာ ဖြစ်မယ်။ သူ့ အိမ်သူ ပြန်သွားတဲ့ခရီးမှာ အိမ်အလွမ်းတွေ တစ်ထမ်းတစ်ပွေ့ ကြီး ပါသွားမှာလည်း သေချာလွန်းလှတယ်။ အိမ်ကိုချစ်တဲ့စိတ်ကလည်း သူသယ်ယူသွားနိုင်တာထက် အဆပေါင်းများစွာ ပိုပါသွားလိမ့်မယ်။

ကျွန်တော် မသေချာတာတစ်ခုက ကျွန်တော့်မိတ်ဆွေဟာ အဲဒီရွာလေးမှာ ပြန်မွေးဖွားခဲ့သလား မမွေးဖွားလာတော့ဘူးလားဆိုတာပါပဲဗျာ။

`နီရူဒါ´ သူ့ တိုင်းပြည်ကိုချစ်ခဲ့သလို၊ ကျွန်တော့်မိတ်ဆွေလည်း သူ့ တိုင်းပြည်ကို ချစ်ခဲ့တာပဲ။ ဒီအချစ်နှစ်ခုဟာ အလေးချိန်တူလို့။ သိပ်သည်းဆတူလို့ ။ ပြင်းအား၊ ကွဲအားတူလို့ ။ လင်းအား မြန်အားတူလို့ ။

ချစ်ခြင်းအားဖြင့် ကြီးကျယ်မြင့်မြတ်ခဲ့မှုခြင်းလည်း ထပ်တူဖြစ်လို့။

(၃)
ကျွန်တော်ဟာ `နီရူဒါ´ရဲ့  အဲဒီကဗျာလေးကို မနော်ဟရီရဲ့  ၀က်ဆိုဒ်စာမျက်နှာပေါ်မှာ ဖတ်လိုက်ရတာ။ အဲဒီကဗျာလေးကပဲ သူ့ ရင်ကို ဟင်းလင်းဖွင့်ပြထားသလို ဖြစ်နေခဲ့တယ်။ သူဟာ သူ့ ရေမြေကို ဘယ်လောက် ချစ်နေလွမ်းနေတယ်ဆိုတာ ဒီကဗျာလေးတင်ပြီး ဖော်ပြထားတာလို့  ခံစားမိတယ်။

လောလောဆယ် သူကလည်း အမိမြေရဲ့ အဝေးမှာ။

ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ (သူ့ ကိုယ်ရေးကိုယ်တာဘ၀အတွက် ရွေးချယ်စရာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုရတဲ့အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်စေ) သူဟာ ကိုယ့်မြေကိုယ့်ယာ၊ ကိုယ့်အိမ်ခြေမဟုတ်တဲ့ နေရာတစ်ခုမှာ ရောက်နေတယ်။ အဲဒီ မိန်းကလေးက သူပိုင်တဲ့စာမျက်နှာမှာ အခုလို `ပါဘလိုနီရူဒါ´ရဲ့ ကဗျာလေးကို ထင်ထင်ရှားရှားကြီး တင်ပြကြေငြာထားတယ်။ ဒီကဗျာလေးဟာပဲ သူ့ ရင်ကို ထုတ်ချင်းခတ်မြင်နိုင်စေမယ့် တံခါးတစ်ပေါက် ဖြစ်စေခဲ့တယ်လို့  ကျွန်တော် ထင်မိတယ်။ အဲဒီကဗျာရဲ့ ဘေးနားမှာတော့ သူကိုယ်တိုင်ရေးသီ ထားတဲ့ ကဗျာတစ်ပုဒ်ကို သူ့ ပရိသတ်တွေဖတ်နိုင်အောင် တင်ပြထားလေရဲ့။

ကဗျာအမည်က `စောင့်ကြည့်ငှက်´။

အခြားကဗျာဖတ်သူတွေကတော့ သူ့ ကဗျာကို ဘယ်လိုစိတ်အခံနဲ့  ဖတ်ကြမယ် မသိဘူး။ ကျွန်တော်ကတော့ ယှဉ်လျက် ကဗျာနှစ်ပုဒ်ဟာ အနက်တစ်ခုတည်း ထွက်နေသလို ခံစားလိုက်ရတယ်။ ကိုယ့်ဇာတိမြေကို ကိုယ်ချစ်ကြခြင်းနဲ့  သူတို့  ရင်ထဲက (ချစ်ခင်မြတ်နိုးလွန်းခြင်းကြောင့်ဖြစ်တဲ့) လွမ်းခြင်းတွေကို ဖော်ပြတဲ့အနက်ပေါ့။

ခုနေမှာတော့ ကျွန်တော်လည်း ကိုယ့်ဇာတိမြေရဲ့ အဝေးမှာ။ သူလည်း ကိုယ့်ထက်တောင်မှ ပိုဝေးကွာရာအရပ်မှာ။

သူနဲ့  ကျွန်တော့်လိုပဲ ကိုယ့်ရေကိုယ့်မြေရဲ့ ဝေးဝေးကွာကွာကြီးမှာ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ နှစ်ယောက်စလုံးရဲ့သူငယ်ချင်းတွေလည်း (မနည်းမနောမှ တကယ့်ကို မနည်းမနော) မြို့ ရွာအနှံ့ မှာ ရှိနေကြတယ်။ အဲသလို ကမ္ဘာ့နေရာအနှံ့  ပြန့် ကျဲနေသူအချင်းချင်း နေ့ တိုင်းနီးပါး လျှပ်စစ်စာ၊ လျှပ်စစ်စကားနဲ့  ပြောဆိုဆွေးနွေးဖြစ်နေကြတော့ အိမ်ဝေးသူတွေရဲ့  ပြင်းထန်လှတဲ့ အဖျားဒီဂရီကို ကျွန်တော်တို့ ချင်းပဲ ပိုပြီးသိနားလည်နေကြမယ်လို့ ယုံကြည်တယ်။ စစ်သားတစ်ယောက်ဟာ စစ်ရဲ့ အနိဌာရုံကို ပိုသိမြင်ခံစားရသလိုမျိုး၊ သန့် ရှင်းရေးသမားတစ်ယောက်ဟာ ဆိုးဝါးတဲ့ အနံ့ အသက်ကို ပိုထိတွေ့ရသလိုမျိုး ဖြစ်မယ်ထင်ရဲ့။

လူတစ်ချို့က ရေမီး ၂၄နာရီ ဒေါင်ဒေါင်မြည်ရ။ သန့် ရှင်းသပ်ရပ်တဲ့ ၀န်းကျင်ရှိ၊ ခေတ်မီပစ္စည်းပြည့်စုံ။ လက်လက်တောက်တောက် ၀တ်စားဆင်ရင်း လူသူရှေ့မှာ ကော့ကော့ကျော့ကျော့လေး နေထိုင်ပြခွင့်ရ၊ ကိုယ့်ကိုကိုယ်အုပ်ထိန်းရင်း လွတ်လပ်မှု တော်တော်များများရတဲ့ တိုင်းတစ်ပါးရောက် စာသင်သား၊ အလုပ်လုပ်ကိုင်သူ၊ အခြေချနေထိုင်သူတွေဟာ သိပ်ပျော်နေကြမှာပဲလို့  ထင် တတ်ကြတယ်။ တစ်ချို့ အဲဒီဘ၀မှာ ကျေနပ်နေကောင်းနေကြမယ်။ အများစုကတော့ ဒါကို ဘ၀အတုလို့ ထင်ကြတယ်။ (ဘယ်တိုင်းပြည်ရောက်ရောက်၊ ကျွန်တော်တို့တစ်တွေဟာ ကိုယ်ရောက်ရှိနေရာ တိုင်းပြည်ရဲ့ ဒုတိယနိုင်ငံသားတွေသာဖြစ်ကြောင်း စိတ်က အလိုလိုသိရှိခံယူထားတတ်ကြတယ်။ အဲသလို သိနေအောင်လည်း ပတ်ဝန်းကျင်ရဲ့ဖိအားနဲ့ သူ့ နိုင်ငံရဲ့ စည်းမျဉ်းတွေက လှုံ့ဆော်သတိပေးနေကြတယ်။)

သူတို့ ရဲ့ တကယ့်ဘ၀အစစ်က ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်မိဘဆွေမျိုးနဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းကြားမှာပဲ ရှိတယ်ဆိုတာ အမိမြေရဲ့ အဝေးရောက်ကြေသူတို့ ကိုယ်တိုင် အသေအချာသိကြတယ်။ မပြန်နိုင်ခင်မှာ လွမ်းကြတယ်။ တမ်းတကြတယ်။ ဒီလိုအသံတွေကို နားမဆန့်အောင် နေရာအနှံ့ကနေ ကျွန်တော် ကြားနေရတယ်။ နေ့တိုင်းလိုပါပဲ။

`မနော်ဟရီ´ရဲ့ `စောင့်ကြည့်ငှက်´ဟာလည်း (ပုဂ္ဂလိကခံစားမှုဆန်ကောင်းဆန်နေပေမယ့်) ဒီအလွမ်းကို ကီးမြင့်မြင့်နဲ့ ဖော်ပြလိုက်တာပါ။

(၄)
ကျွန်တာ် သူ့ ကဗျာကို ဖတ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာချည်းသက်သက်ကိုပဲ ဖတ်ရတာမျိုးမဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ သူက မောင်ရင်းနှမလို သံယောဇဉ်ရှိတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး သူ့ဘ၀နောက်ခံ၊ သူ ရောက်ရှိနေရာ၊ လက်ရှိခံစားနေရနိုင်တဲ့ သူ့စိတ်ခံစားမှုတွေကို တို့ထိသိရှိထားသူမို့ သူ့ကဗျာကို ကျွန်တော်မြင်ပုံက သူ့စိတ်ကိုကျွန်တော် မြင်ရပုံမျိုးဖြစ်နေနိုင်ပါတယ်။ စာအပြင်၊ လူကိုပါ လှမ်းမြင်နေရတဲ့ အနေအထားပါ။

တကယ်တော့ သူဖွင့်ထားတဲ့ ပြတင်းတံခါးကနေ သူ့ရဲ့စိတ်ခံစားမှုခြံကျယ်ကြီးထဲ ခုန်ဆင်းဝင်ရောက်လည်ပတ်လိုက်ရပုံမျိုးပါပဲ။ အဝေးရောက် `မနော်´ဟာ သူ့ကဗျာကို ခုလို စဖွင့်ပါတယ်။

မနေ့က ...
ကမ္ဘာမြေကို ခေါက်တုံ့ခေါက်ပြန် အော်ခေါ်ကြည့်တဲ့အခါ
အပြာရောင်သစ်ရွက်တစ်ရွက် ထိုးစိုက်ဆင်းချလာတယ်
ငါ့အိပ်မက် ၀ါတာတာတွေနဲ့ရောနှော
တစ်တောလုံး တစ်တောင်လုံး အားပါးတရ စိမ်းထ သွားလိုက်ကြပုံ
ငါ ... ရင်ခုန်လို့ မရဘူး ...

ကဗျာကို ဖတ်မိသူတွေကို ဒီတစ်ပိုဒ်က ဘယ်လိုခံစားမှုရစေတယ်ဆိုတာ ကျွန်တော် မသိနိုင်ပါ။

ကျွန်တော့်စိတ်မြင်ကွင်းမှာတော့ ကဗျာဆရာမဟာ အခန်းတစ်ခုထဲမှာ တစ်ကိုယ်တည်းရှိနေတယ် (ကဗျာရေးနေချိန်ဖြစ်တာကိုး)။ အဲသလို ကဗျာရေးနေချိန်လေးမှာပဲ၊ နံရံတွေနဲ့ ပိတ်လှောင်ထားတဲ့ အခန်းထဲကနေ သူဟာ ကမ္ဘာကြီးဆီ စိတ်နဲ့ထွက်ပြေးခဲ့တယ်။ နေရာအနှံ့၊ အကြိမ်ကြိမ်။ ပြီးတော့ သူ့စိတ်ကို ဖောက်ထုတ်တယ်။ တကယ်တော့ သူ့ရင်ထဲမွန်းကြပ်ပြစ်ခဲနေတဲ့ အလွမ်းတွေကို ပေါက်လွှတ်ပစ်ခွဲလိုက်တာပါပဲ။

သူအော်ခေါ်မယ်။ အော်ခေါ်တယ်။ ခေါ်သံတွေဟာ အကြိမ်ကြိမ်အထပ်ထပ်။ နေရာအနှံ့။

ဘာတွေကိုလဲ၊ ဘယ်သူတွေကိုလဲ။ သူ့သံယောဇဉ်တွေကို ဖြစ်မှာပေါ့။ သူ့သံယောဇဉ်တွေဆိုတာ အဝေးမှာကျန်ရစ်ခဲ့ပြီဖြစ်တဲ့ သူ့နေအိမ်ခြံဝင်းထဲက မြေတစ်မှုန်လည်း ဖြစ်နိုင်၊ သစ်ပင်တစ်ပင်လည်းဖြစ်နိုင်တယ်။ သူသောက်နေကျ ကော်ဖီခွက်ကလေးလည်း ဖြစ်နိုင်တယ်။ အခုအချိန်မှာ သခင်မဲ့နေမယ့် သူစာရေးတိုင်း ထိုင်ထိုင်နေကျ ကုလားထိုင်လေးလည်း ဖြစ်နိုင်တယ်။ စာအုပ်စင် ထောင့်တစ်ထောင့်မှာ ခိုနားနေမယ့် သူဖတ်ချင်တဲ့ စာအုပ်ကလေးလည်း ဖြစ်နိုင်တယ်။ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နိုင်သလို၊ ပြန်မဆုံနိုင်တော့မယ့် ညနေခင်းတွေလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ဒီ့ထက်မကသော အရာရာလည်း ကဗျာဆရာမ စိတ်ထဲမှာ ဖြစ်ပေါ်နိုင်သေးတာပါပဲ။

အော်ခေါ်သံတွေအတွက် သူ ဘာတွေ ပြန်လက်ခံရလိုက်ပါသလဲ။

ထိုးစိုက်ဆင်းချလာတဲ့ အပြာရောင်သစ်ရွက်တစ်ရွက်တည်းပဲ သူ ရလိုက်ပါသတဲ့။ “အပြာ”ရောင်ဆိုတာ အလွမ်းရဲ့သင်္ကေတမို့၊ လွမ်းလို့ အော်ခေါ်သူ့ရင်ဝကို အလွမ်းထက်ထက်တွေက လှံသွားတစ်ချောင်းလို ထုတ်ချင်းခတ် ထိုးဖောက်စိုက်ဝင်သွားတာ မြင်လိုက်ရပါတော့တယ်။

နောက်တစ်ကြောင်းမှာ “ငါ့အိပ်မက်ဝါတာတာ”လို့ သုံးနှုန်းထားပါတယ်။ အိပ်မက်ဟာ “မျှော်လင့်ချက်”ဖြစ်သလို အ၀ါရောင်ဆိုတာ၊ ညှိုးလျော်ခြင်း၊ တတိတိပျက်စီးခြင်း၊ ကြွေလုကြွေခင် ဆုံးရှုံးလုနီးနီး အခြေအနေကို ရည်ညွှန်းတယ်ဆိုတယ်လို့ ထင်ပါတယ်။ “မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့”လို့များပြောချင်တာများလား။

အပြာရောင်အလွမ်းတွေဟာ ပျက်သုဉ်းကြွေလုဆဲ မျှော်လင့်ချက်တွေနဲ့ ရောနှောပေါင်းစပ်သွားတဲ့အခါ “တစ်တောလုံးတစ်တောင်လုံး စိမ်းထသွား” ပါတော့သတဲ့။ ဒီအဖြစ်အပေါ်မှာ ကဗျာဆရာမက သူ ရင်မခုန်တော့ပါဘူးလို့ ကြွေးကြော်ခဲ့တယ်။

“ငါ ... ရင်ခုန်လို့မရဘူး ...”တဲ့။ သူပြောခဲ့တယ်။ သည်းထန်လွန်းတဲ့ စိတ်ဖိစီးမှုဒဏ်တွေကြောင့် တစ်ခဏာ ထုံထိုင်းအသွားတဲ့ အခြေအမျိုးကို မြင်ရပါတယ်။ ပြင်းထန်တဲ့ အလွမ်းစိတ်တွေက သူ့ရင်ခုန်သံကို သတ်ဖြတ်သွားခဲ့သလိုပါပဲ။

စိတ်ခံစားမှု ပြင်းပြင်းထန်ထန်နဲ့ ရေးဖွဲ့လေ့ရှိတဲ့ အမေရိကန် ကဗျာဆရာမ “ဆစ်လ်ဗီယာ ပလာ့သ်” (Sylvia Plath) ရဲ့ ကဗျာတစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။

ကဗျာဆရာမ က ခုလို ရေးခဲ့ဖူးတယ်။

“ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာ တစ်ခုခု။
................................
...............................
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်ျးခင်းဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်” တဲ့။

(၅)

“စောင့်ကြည့်ငှက်”ရဲ့ ကဗျာနောက်အပိုဒ်တွေကို ခုလိုဖော်ပြထားခဲ့တယ်။

ငါ့ကို တရားဦးလာဟောလှည့်စမ်းပါ
အဲဒီနေရာဟာ နေသာပါတယ်ဆိုတဲ့ စကားလုံး မပါစေနဲ့
ပြတင်းဝက လှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင် ကိုယ်မမြင်ရတဲ့ည
အဲဒီညကို ငါ စိတ်မချဘူး

ကြယ်တွေကို ဟစ်အော်ပေါက်ကွဲပြရတာလည်း မောတယ်
နာမည်တွေ တသီးတသန့်နဲ့ ခမ်းနားပြနေတဲ့ မြို့ရွာတွေကိုလည်း မုန်းတယ်
ငါ့သီလနဲ့ငါ လုံခြုံနေတဲ့ အမေ့အိမ်လေးလောက်တော့
ဘယ်ဟာမှ ဖြန့်ကျက် အုပ်မိုးပေးထားနိုင်မှာ မဟုတ်ဘူ

ဒီနေရာမှာ ထူးထူးခြားခြား အနက်ဝှက်တွေ မပါပေမယ့် “အဲဒီနေရာဟာ” ဆိုတဲ့ အညွှန်းပြစကားလုံးထဲက “နေရာ”ကို ကျွန်တော် လိုက်ရှာနေမိတယ်။ သူလက်ရှိ ရပ်တည်နေထိုင်ရရာ အရပ်ကလွဲလို့ အခြားမဖြစ်နိုင်ဘူးလို့ ယူပါတယ်။ သူဘယ်လိုမှ စိတ်လက်ချချ နေထိုင်လိုက်ဖို့ မဖြစ်နိုင်တဲ့ “ပြတင်းဝက လှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင် ကိုယ်မမြင်ရတဲ့ည”လို့ သူကိုယ်တိုင် တိတိကျကျ သတ်မှတ် တံဆိပ်ကပ်ထားနိုင်တဲ့အရပ်မှာ “နေသာပါတယ်”ဆိုတဲ့ စကားလုံးနဲ့ ချော့မြူညှို့ယူနေသူတွေကိုပါ သူ ယုံကြည်ဟန် မတူတော့ ပါဘူး။

သူ အခုရောက်ရှိနေရာ အရပ်ဒေသဟာ ဘယ်လောက်ပဲ ခမ်းနား၊ ခမ်းနား (နတ်ဘုံနတ်နန်းတမျှ ဟန်ဆောင်ခမ်းနားပြတာဖြစ်စေ၊ အမှန်တကယ် ကြီးကျယ်ခမ်းနားတာဖြစ်စေ)၊ သူ့သီလတရားကို သူ ယုံစွာ ကြည်စောင့်ထိန်းရင်း သူ့ကိုယ်သူ ခိုင်ခိုင်မာမာ တည်ဆောက်ပြနိုင်ခဲ့တဲ့ အမေ့အိမ်လေးထက်တော့ ဘယ်ဟာကိုမှ တန်ဖိုးမထားနိုင်တော့ဘူးဆိုတာ ပြတ်ပြတ်သားသား ကြေငြာထားတာပါပဲ။

ဒီနေရာမှာ ကဗျာဆရာမဟာ အလွမ်းတွေနဲ့ သေဆုံးနေသူမဟုတ်တော့ ပါဘူး။ ရှင်သန်နေတဲ့စိတ်နဲ့ ဘယ်ဟာမှားပြီး ဘယ်ဟာ မှန်တယ်၊ သူ့ကိုယ်သူ ဘယ်မှာ နေရာချရမယ်ဆိုတာ သိထားတဲ့ နိုးကြားနေသူ၊ ပြတ်သားနေသူဖြစ်နေပါပြီ။ အိပ်မက်ဆိုးက နိုးလာပြီး နေရောင်အောက်မှာ ကြည်ကြည်လင်လင်ဖြစ်နေသူတစ်ယောက်လို့ ခံစားရပါတယ်။

အမေ့အိမ်ကို တမ်းတမ်းတတ တန်ဖိုးထားသူတစ်ယောက်တွေ့တော့ ကျွန်တော့်နားထဲမှာ ထူးအိမ်သင်ရဲ့ “အမေ့အိမ်”သီချင်းသံကို ပီပီကျယ်ကျယ် ကြားယောင်လာမိပါတယ်။

တစ်ပြိုင်နက်မှာပဲ “နေမျိုး”ရဲ့ ကဗျာတစ်ပိုဒ်ကို ကျွန်တော်ရွတ်ဆို လိုက်မိတယ်။ ကဗျာအမည်က “အရုဏ်မျှော်ပန်းကလေး”။

ခင်ဗျားတို့ရော ကျွန်တော်ပါ “စောင့်ကြည့်ငှက်”ပိုင်ရှင် ကဗျာဆရာမကိုယ်တိုင် ဒီကဗျာလေးကို (တိုးတိတ်တိတ်ကလေးဖြစ်စေ) ရွတ်မနေလောက်ပါဘူးလို့ ဘယ်လို ခိုင်မာမှုမျိုးနဲ့ အာမခံနိုင်မှာလဲ။

သူ့အိမ်ကိုသူလွမ်းတဲ့အခါ၊
သူ့မြေကို သူလွမ်းတဲ့အခါ၊
သူဟာ အလင်းလာမယ့် အရုဏ်ကိုမျှော်ရင်း အမြစ်ထဲကနေ ပွင့်ချိန်စောင့်နေရတဲ့ ပန်းကလေးဖြစ်တယ်လို့ သူကိုယ်တိုင် ခံစားမိတဲ့ အခါမျိုးမှာ။

ငါ ပြန်လာမှ ပွင့်ပါ
အဲဒီလို ပန်းကလေးကိုမှာပြီး
သူ ခရီးထွက်သွားခဲ့
အဝေးကြီးကို

နှင်းတွေ ယိုစီး
တစ်ညပြီးတစ်ည
တောအုပ်ထဲမှာ
ဝံပုလွေအိုကြီးတွေ အူကြ
မြစ်မရေတွ တလက်လက်စီးဆင်းသွား
ညများဟာလည်း မှောင်မြဲ
ကြယ်များ ရွေ့လျားဆဲပေါ့

သတင်းစကားတွေ
လမ်းခုလတ်မှာ ပြန်ကွေ့သွားကြ
အမြစ်ထဲမှာ
စောင့်ဆိုင်းနေရှာတဲ့ ပန်းကလေးတစ်ပွင့်
ဘယ်သော့နဲ့ ဖွင့်မလဲ . . . မေမေ။

(၆)
ကျွန်တော်တို့ နောက် ကဗျာပိုဒ်တွေကို ဆက်ဖတ်ကြည့်ကြရအောင်ပါ။

ငါ့ကို ထူးလိုက်စမ်းပါ ကမ္ဘာမြေရေ
ငါ့အသံကို မြင်ကြည့်လိုက်စမ်းပါ
ငါ့ကောင်းကင်ရဲ့အရောင်တွေကို နားစွင့်လိုက်စမ်းပါ
ငါ့ရှေ့က အမှောင်ကို ကောင်းချီးပေးလိုက်စမ်းပါ
ငါ့အတောင်တွေကို ရွှေချလိုက်စမ်းပါ

ဒီမှာ . . .
ငါဟာ ကမ္ဘာမြေကိုစောင့်ကြည့်နေတတ်တဲ့ ငှက်တစ်ကောင်ပါ
ပျံသန်းခွင့်ဆိုတာက ကိုယ့်စိတ်သမုဒ္ဒရာထဲမှာ ကိုယ်တစ်ကိုယ်ရေ ဖြန့်ခင်းလို့ရသလို
ကိုယ့်ကိုယ်ပိုင်ရေတွင်းလေးထဲမှာလည်း တစ်ကိုယ်ရေ ကျဉ်းမြောင်းခွင့် ရနိုင်သေးတာပဲ
ကိုယ့် . . . စံ . . . သတ်မှတ်ချက်တွေနဲ့ အရာရာဟာ ဖီဆန်လွဲသွေ
ငါ ဘာလို့သေဆုံးမသွားသေးတာလဲ . . .

ကဗျာဆရာမဟာ အိပ်ရာက လန့်နိုးထာလာပြီးတာနဲ့ အားမာမန်ပြည့်လာသလိုပါပဲ။

သူဟာ ချစ်စိတ်/လွမ်းစိတ် ဂယောင်ခြောက်ခြားနဲ့တမ်းတခြင်းတွေ ကျဲဖြန့်၊ သူကိုယ်တိုင်အမှန်အမှားမသေချာတဲ့ စိတ်ပျံ့လွင့်မှုတွေ သွန်ဖောက်ချ၊ ဆောက်တည်ရာမရ ကမ္ဘာ့နေရာအနှံ့ဆီ လူးလားခေါက်တုံ့ ပြေးလွှားရင်း အော်ဟစ်နေသူ မဟုတ်တော့ပါဘူး။

သူ့ဘ၀ထဲဝင်ရောက်လာတဲ့ စိန်ခေါ်မှုမှန်သမျှကို ၀ံ့စားစွာ ရင်ဆိုင်ပြစ်လိုက်ဖို့ ဓားအိမ်ထဲက ဓားကိုဆွဲထုတ်ပြရင်း တိုက်ပွဲဝင်မယ့် ကျားသစ်ပျိုမ ဖြစ်လာခဲ့ပါပြီ။ ဓားသွားဆီက ထွက်လာတဲ့ အလင်းပြန်မှုဟာ စကားလုံးနေရောင်အောက်မှာ လက်ကနဲဖြစ်လို့။ သူ့တိုက်ပွဲခေါ်သံမှာ အံတင်းတင်း ကြိတ်ရင်း အားတင်းထားရတဲ့အသံတွေ၊ သူ့အတ္တကိုသူ အကျစ်လျစ်ဆုံးဖြစ်အောင် စုစည်းရင်း မာန်တင်းထားရမှုတွေ ပါနေတယ်လို့ ထင်ပါတယ်။ “ငါ့ရှေ့က အမှောင်ကို ကောင်းချီးပေးလိုက်စမ်းပါ။ ငါ့အတောင်တွေကို ရွှေချပစ်လိုက်စမ်းပါ” တဲ့။ သူ့စိတ်ဓာတ်ကိုသူ ကောင်းကင်ပေါ် ရောက်နိုင်သမျှ အမြင့်ဆုံးရောက်အောင် လွှင့်တင်ထားတဲ့အခိုက်အတန့် ခဏငယ်လေးပါပဲ။

နောက်စာပိုဒ်မှာတော့ အရွယ်ရောက်ပြီး လွတ်လပ်နေတဲ့လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း အရာရာဆုံးဖြတ်ခွင့်ရှိတယ်ဆိုပေမယ့်၊ သူ့စံသူ့သတ်မှတ်ချက်တွေနဲ့ လွဲချော်တိမ်းပါးနေတဲ့အရပ်မှာ သူဘာလို့ သေဆုံးမသွားသေးတာလဲလို့ မေးခွန်းထုတ်လိုက်ရင်း မြင့်နေတဲ့ (ကိုယ့်ဘာသာကိုယ် အတင်းမြှင့်တင်ယူထားတဲ့) စိတ်အခြေအနေကို လီဗာလျှော့လိုက်တာ တွေ့ရပါတော့တယ်။

ဒါပါပဲ။ စိတ်နဲ့ ဖန်တီးတဲ့ အနုပညာမှာစိတ်ရဲ့မတည်ငြိမ်မှု၊ အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ရွှေ့လျားနေမှုကို ကဗျာဆရာမက အကောင်းဆုံးပြဆိုလိုက်တဲ့ ပြကွက်ဟာ အဲဒါပါပဲ။

(၇)
ခုတော့
ကဗျာဆရာရေ....“ဟေ့လူ”လို့ ခေါ်မယ့်သူလည်း မရှိ
တောချောက်တောင်ချောက်မှာလည်း မပူရ
ပန်းချီဆရာရေ....တစ်ကြောင်းဆွဲပုံတူတွေလည်းမရှိ
မှန်မကြည့်ချင်မှာလည်း မပူရ
ဇာတ်ညွှန်းရေးဆရာရေ....ဇာတ်ညွှန်းအစစ်ဆိုတာလည်းမရှိတော့
တင်ဆက် ကပြနေဖို့လည်းမပူရ
အဲဒီနေရာက အလွမ်းတွေနဲ့ ပြာကျနေတဲ့အရပ်ဖြစ်တယ်

ဒီကဗျာပိုဒ်မှာတော့ဖြင့် သူဟာ ပုဂ္ဂလိက ခံစားမှုတွေအဖြစ် သူနဲ့အလွန် ရင်းနှီးတဲ့ (ကျွန်တော်နဲ့လည်း ရင်းနှီးချစ်ခင်တဲ့) ကဗျာဆရာ၊ ပန်းချီဆရာ၊ ဇာတ်ညွှန်းရေးဆရာတို့ရဲ့ အမည်တွေကို ထုတ်ဖော် တိုင်တည်ထားပါတယ်။ အများဖတ်လို့ကောင်းအောင် ကျွန်တော်က ပုဂ္ဂလိကအမည်တွေအစား သူတို့ရဲ့ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကြောင်း အမည်နာမ/ဂုဏ်ပုဒ်တွေနဲ့ အစားထိုးဖော်ပြလိုက်တာပါ။ (ဒီ့အတွက်တော့ “မနော်ဟရီ”က သူ့ကဗျာကို ပုံဖျက်ဖြတ်ညှပ်ကပ်လုပ်လိုက်တာပဲဆိုပြီး စိတ်မဆိုးလောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။)

သူက(ကဗျာဆရာမ)က“ဟေ့လူ”လို့ ခေါ်တဲ့ကဗျာတစ်ပုဒ်ကိုရေးဖူးတဲ့ ကဗျာဆရာ(ယောက်ျား)တစ်ယောက်ကို သူ သတိတရရှိနေတယ်။ ဒါဟာ ဒီကဗျာဆရာနာမည်နဲ့ တိုင်တည်မြည်တမ်းထားပေမယ့် ဒီကဗျာ ရေးသူ ကျင်လည်ခဲ့ရာ၊ သူနေထိုင်ချင်ခဲ့ရာ ကဗျာအသိုင်းအ၀ိုင်းလေးတစ်ခုကို ညွှန်းဆိုတာလို့ ယူဆပါတယ်။ သူ့ဆီ “မျဉ်းပန်းချီလေး”ပုံတူလေးဆွဲပေးခဲ့ဖူးတဲ့ အင်္ဂလန်ရောက် ပန်းချီဆရာတစ်ယောက်ကို ထပ်မံတိုင်တည်ပါတယ်။ ဒါလည်း အထက်က ဆိုခဲ့သလို သူနေပျော်နှစ်သက်ခဲ့တဲ့ အနုပညာရပ်ဝန်းတစ်ခုဆီ ညွှန်းဆို တမ်းတလိုက်တာပါပဲ။ နောက်ဆုံးမှာ သူနဲ့မောင်နှမရင်းတွေလို တစ်ဘ၀တည်း စီးဆင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ၊ ကဗျာဆရာတစ်ယောက်ကို သတိတရအော်ခေါ် လိုက်ပါတယ်။ လူ့ဘ၀ထဲမှာ သူကပြနေရတာတွေဟာ အစစ်မှန်တွေ မဟုတ်ဘူး။ အတုအယောင်တွေလို့ ထင်လာတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ ဘာပြီးရင်ဘာဖြစ်ရမယ်လို့ တိတိကျကျကြိုကြိုတင်တင် ရေးသားစီမံထားတဲ့ ဇာတ်ညွှန်းရယ်လို့မှ မရှိတာ။ ဒီတော့ သူက ဘာကို (လေ့ကျင့်သင်ကြားထားချက်အရ/ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားချက်အရ) ကပြနေရတော့မှာလဲလို့ စိတ်ကိုဖြေလျော့လိုက်တဲ့ စာပိုဒ်ပါပဲ။ “အဲဒီနေရာက အလွမ်းတွေနဲ့ ပြာကျနေတဲ့အရပ်ဖြစ်တယ်”ဆိုတဲ့ အဖွဲ့ကိုက ကျဆင်းသွားလိုက်တဲ့ သူ့ စိတ်ဓာတ်ဟာ မြေပြင်ဆီတင်ရပ်မနေတော့ပဲ မြေကြီးထဲထိ ထိုးဖောက်နစ်ဝင်သွားလေသလား ထင်မှားစရာပါ။ (မပူရ/မပူရ/မပူရ) ဆိုတဲ့ စကားလုံးကို သုံးကြိမ်ထပ်ဆင့်သုံးသွားတဲ့ ကဗျာရေးသူရဲ့ ရင်ထဲမှာ အပူတွေဟာ အလွမ်းတွေနဲ့ ပြာကျသွားတဲ့အထိတောင် ကြီးမား လောင်မြိုက်နေခဲ့ပါတယ်။ ဒီစိတ်အခြေအနေကို ကဗျာရေးဖွဲ့ နေစဉ်အချိန်လေးအတွင်း သူ (ကဗျာဆရာမ)ကိုယ်တိုင် သတိမှ ထားမိပါ့မလားလို့ ကျွန်တော် သံသယရှိခဲ့ပါတယ်။

“ဆစ်လ်ဗီယာ ပလာ့သ်”ကတော့ “အပြုံးပန်းတစ်ပွင့် မြက်ခင်းထဲ ကျသွားတယ်။ ပြန်ကောက်ယူလို့ မရတော့ဘူး”လို့ ရေးဖွဲ့ခဲ့ဖူးပါရဲ့။

(၈)
ဆက်ဖတ်ကြည့်ရအောင်ဗျာ။

ငါ့ကို ခေါ်ပါ
ငါ့နာမည်မပါတဲ့ တေးတစ်ပုဒ်ကို ထမ်းလာခဲ့ပါ
ငါ့အိပ်မက်တွေနဲ့ ဝေးရာတောင်တန်းတွေဆီမှာအထီးကျန်
ငါ ... မာန် ... ဆိုတာတွေကို ခဏ ခ၀ါချလို့
တိတ်တိတ်ကလေး တွေးနေချင်တယ်
ငါ့နာမည်မပါတဲ့ တေးတစ်ပုဒ်နဲ့ပေါ့ ...
ငါကိုယ်တိုင် ထိုးစိုက်ပျံဆင်းလာမယ့် နေ့ရက်ကို စောင့်ကြို
ကမ္ဘာမြေရေ နင် ငိုမနေနဲ့တော့နော် .....။

ကဗျာရေးဖွဲ့သူရဲ့ အတွေးတွေဟာ ယက္ကန်းစင်ပေါ်က “လွန်း”လို မရပ်မနား ပြေးလွှားလို့။ နောက်ဆုံးတော့ ဘ၀မောတွေနဲ့ ဖွတ်ဖွတ်ကြေနေတဲ့သူဟာ သူ့အခန်းလေးထဲမှာ သူ ကိုယ်တိုင် ပုံ့ပုံ့လေးခွေကျနေပုံပါပဲ။ ကျွန်တော်ကတော့ ၀တ်ဆင်သူ စွန့်လွှတ်ခဲ့တဲ့ အ၀တ်ဟောင်းလေးတစ်ပုံလို အခန်းထောင့်တစ်နေရာမှာ စုံ့စုံ့ကလေး ပုံနေတဲ့ ကဗျာဆရာမကိုသာ မြင်ယောင်မိနေပါတော့တယ်။

သူ ဟာ ဘာကို စောင့်ကြည့်နေတဲ့ ငှက်တစ်ကောင်ပါလဲ။
သူ့ ကံကြမ္မာကိုလား။ သူ့ဆုံးဖြတ်ချက်ကိုလား။
ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတစ်ရပ်ရပ်ကိုလား။
သူ့ လူမှုဆက်ဆံရေးဝန်းကျင်က သူ့ကို ပြဌာန်းသတ်မှတ်လိုက်မယ့် ကိုဓ ဥပဒေပုဒ်မတစ်ခုခုကိုလား။
ကျွန်တော်တို့လည်း သူ့ကို ရင်မောစိတ်စောစွာ စောင့်ကြည့်နေရပါတော့မယ်။
ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျရာ ကောင်းကင်သစ်ဆီ “စောင့်ကြည့်ငှက်” လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ။

ငြိမ်းအေးအိမ်
၂၀၀၉၊ မတ်လ (၂၈)ရက်၊ (၁၂း၃၀)နာရီ၊ ရန်ကုန်။


18 Comments:

tg.nwai said...

မနော်ကို သိနေတဲ့သူတစ်ယောက်က ကဗျာလေးကို ဖွင့်ပြသွားလိုက်တာ လှပတဲ့ ပန်းချီကားတချပ်အလား.. လွမ်းမောစရာ သီချင်းလေးတပုဒ် နားထောင်ခံစားလိုက်ရသလိုပါပဲ...ပိုပြီး ထိထိရှရှ ခံစားနားလည်လိုက်ရပါတယ်..။

စာရေးဆရာရေးတဲ့ စာတွေကိုသိဖို့ နောက်ခံအခြေအနေရယ် သူ့ ရပ်တည်မှုရယ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို သိထားခဲ့ရင် အဲဒီစာက ပိုပြီး အဓိပ္ပာယ်လေးနက်လာတယ် လို့တော့ နားလည်ခဲ့ပါတယ်..။

ကျေးဇူးပါ မနော်..ပြီး ကိုငြိမ်းအေးအိမ်ကိုရောပါ..။

နောက်ဆုံးမတော့ ကိုငြိမ်းအေးအိမ် ဆုတောင်းသလိုပဲ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျရာ ကောင်းကင်သစ်ဆီ “ စောင့်ကြည့်ငှက်” လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ။

အမရာ said...

မ..ရေ....အဲဒီစောင့်ကြည့်ငှက်ဆိုတဲ့
ကဗျာကို...အမရာက တော်တော်ကြိုက်မိတာ...
ခု...ကိုငြိမ်းက..တပိုဒ်ခြင်းရဲ့အဓိပ္ပါယ်ကို
သေချာရှင်းပြထားတော့....ပိုပြီးခံစား
ရတယ်..မ..ရယ်...တကယ်ပါ..........
မျက်ရည်တောင်ဝဲတဲ့အထိပါ...........

မယ်ကိုး said...

ကောင်းလွန်းတဲ့ ကဗျာလေးနဲ့  ဆရာကိုငြိမ်းက ခံစားတတ်လွန်း ရှင်းတတ်လွန်းလို့  ပိုခံစားမိရပါတယ်။

အမည်မဲ့ said...

တစ်ကြောင်းမျဉ်းထဲ
ကျွန်တော် ထုတ်ချင်းပေါက်ခဲ့ပြီ
အချစ်
အလွမ်း
စောင့်ကြည့်ငှက်...။ ။

ဖိုးစိန် said...

ကဗျာကိုလေးနက်စွာရင်ထဲကရေးဖွဲ့ခဲ့သူနဲ့
ကဗျာရဲ့အဓိပါယ်ကိုလေးနက်စွာသရုပ်ဖော်ပြခဲ့သူ
ကဗျာရေးသူရဲ့ရင်ထဲကခံစားချက်တွေ
ကဗျာကိုသရုပ်ဖော်သူရဲ့ခံစားချက်တွေ
လေးနက်တဲ့အတွေးတွေ
ပြိုပီးသရုပ်ပေါ်ပီပြင်လှပါတယ်

လင်းဒီပ said...

ကျွန်တော်တို့နေစဉ်စီးဆင်းနေရတာကို အရုပ်တွေ တစ်ရုပ်ပြီးတစ်ရုပ် ဆွဲထုတ်ပြလိုက်သလို...

ကျွန်တော်တို့ပြဌာန်းတဲ့ခေတ်လား...
ခေတ်က ပြဌာန်းထားတဲ့ ကျွန်တော်တို့လား...

ကိုယ်စီးဆင်းမှုတွေကိုယ် ပြန်ပြန်ခံစားကြည့်ရတာ...
မောပါတယ် အစ်မရာ...။

Bino said...

To ငြိမ်းအေးအိမ်
Thank you very much for your translation from Manorhary's poem.
I really do not know Some color code and some words which mean other definition.

Now I partially absorb it.

Thank you for your time and encoding words.
Bino

summer said...

ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အိမ်ပြန်ချင်တာ အဲဒီစာကို ဖတ်ပြီး မျက်ရည်ဝဲတဲ့အထိပဲ :(

pYAe SonE hEIn said...

လာဖတ်သွားတယ် အမ

သတင်းစကားတွေ
လမ်းခုလတ်မှာ ပြန်ကွေ့သွားကြ
အမြစ်ထဲမှာ
စောင့်ဆိုင်းနေရှာတဲ့ ပန်းကလေးတစ်ပွင့်
ဘယ်သော့နဲ့ ဖွင့်မလဲ . . . မေမေ။
အဲ့ အပိုဒ်လေးအကြိုက်ဆုံးပါ။

Moe Cho Thinn said...

မနော်နဲ့ ဦးငြိမ်းအေးက တို့တွေရင်ထဲက စကားတွေကို ရက်ရက်စက်စက် ပုံဖော်ခဲ့ကြတယ်။
ကိုယ့်အနာ ကိုယ်ပြန်မြင်ရသလို ကျေးဇူးမတင်ဘူး။
ကျေးဇူးမတင်ဘူး။
ကျေးဇူးမတင်ဘူး။

မေငြိမ်း said...

နောက်ထပ်တကြိမ်..
မျက်ရည် ကျရပြန်ပီ...
အဲဒါ.. တကယ်ပဲ အားလုံးရဲ့ အချစ်.. အလွမ်းနဲ့ အနာတွေပါပဲ..။

မိုးခါး said...

ဘာလို့မှန်းမသိဘူး မနော်ရယ်
ဝမ်းနည်းသွားတယ်
ငိုချင်သွားတယ် ..

abc said...

I would like to say thank you to the poet for her so powerful poem .. , for me that one exceeds the limit of poem, that depicts the struggling of emotions and unknown feeling of all of us who are now far away from our lovely country; once a very peaceful country.

Ko Nyein Aye Ein is the novelist I admired. I have no doubt about his understanding and defining the poem in poetic manner.

I feel as he composed another poem with the aid original poem used as a reference and try to construct his version of the Manorhary's Bird.

According to this poem and Ko Nyein's Definition, indeed we all are the same, we all are struggling in other countries, especially our mind is not peaceful as usual. All people seems to be strangers. Hard to say that kind of feeling as the stuffed dolls look happy most of the time.

Anyway, for God's sake, we have the same companions on earth. Thanks both Ma Manorhary and Ko Nyein.

May God Bless You all.

Zephyr said...

အစ်မရေ ..
ကိုငြိမ်းအေးပြောပြမှပဲနားလည်သွားတော့တယ် ... :)

ဖတ်လို့သိပ်ကောင်းတယ် ..။

ရုံးမှာတစ်ခေါက် အိမ်မှာတစ်ခေါက်ဖတ်လိုက်ရတယ် ...။

ပွဲတော်ညရဲ့ မုဆိုးကြီးကတော့ စာရေးသိပ်ကြဲသလိုပဲ ...။

သိမ်းထုပ်ထားတဲ့လွင်ပြင်ကျယ်ကို အကြိုက်ဆုံးစာအုပ်စာရင်းမှာထည့်ထားတယ်ဆိုတဲ့ အကြောင်းကြုံတဲ့အခါပြောပေးလိုက်ပါဦးအစ်မရေ ..
...။

ခင်မင်စွာဖြင့်
Z

ပီတိ(စိတ်ပညာ) said...

ကဗျာချစ်တဲ့ အနုပညာသမားက ခံစားပျော်ဝင်လိုက်တော့ ကဗျာလေးက ပိုလှပ.. တစ်ခုတော့သေချာမိပါရဲ့ .. ဒါဟာ စကားပြေပြန်ခြင်းမျိုး မဟုတ်ဘူးဆိုတာ...

ဆောင်းယွန်းလ said...

သူ အခုရောက်ရှိနေရာ အရပ်ဒေသဟာ ဘယ်လောက်ပဲ ခမ်းနား၊ ခမ်းနား (နတ်ဘုံနတ်နန်းတမျှ ဟန်ဆောင်ခမ်းနားပြတာဖြစ်စေ၊ အမှန်တကယ် ကြီးကျယ်ခမ်းနားတာဖြစ်စေ)၊ သူ့သီလတရားကို သူ ယုံစွာ ကြည်စောင့်ထိန်းရင်း သူ့ကိုယ်သူ ခိုင်ခိုင်မာမာ တည်ဆောက်ပြနိုင်ခဲ့တဲ့ အမေ့အိမ်လေးထက်တော့ ဘယ်ဟာကိုမှ တန်ဖိုးမထားနိုင်တော့ဘူးဆိုတာ ပြတ်ပြတ်သားသား ကြေငြာထားတာပါပဲ။

ကျနော်လည်းအဲသလိုပဲ အပြည့်အဝယုံကြည်နေမိပါတယ်မနော်ရေ...

Julian said...

စောင့်ကြည့်ငှက်ကလေးရေ......

သေသေချာချာဖတ်သွားပါတယ်.....

ပျော်သလိုနေပါ......... ပျော်နိုင်အောင်နေပါ..... နားလည်နိုင်တယ်လို့မပြောပါဘူး..... ဒါပေမယ့်ကိုယ်ချင်းစာ တယ်ဆိုတဲ့စကား...... သေချာတွေးကြည့်ရင် သဘောပေါက်မှာပါဟာ........


ဂျူ

ညီဇေ said...

ကန်ရေပြင်ပေါ်က ဘဲငန်းလေးရဲ့ မြင်ကွင်းကို ငေးနေတုန်း ရေမျက်နှာပြင်အောက်မှာ သေလုမျောပါး ယက်ကန်နေရတဲ့ ခြေထောက်တွေကိုပါ မြင်အောင် ပြတဲ့သူနဲ့တွေ့တော့ ရင်ဘတ်ထဲ အောင့်လာတယ်... ... ... ပြောစရာစကားတောင် ရှာလို့ မရဘူး... ... ...