သခင်လေးပြန်လာပြီ

Thursday, April 23, 2009

ဒါကဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့တဂိုးရဲ့ဝတ္ထုတိုလေးပါ။အသစ်မတင်နိုင်လို့ဆားချက်
တယ်လို့ပြောရအောင်ကလည်း..ဂုရုကြီးနှစ်ပါးကိုအားနာစရာ...။ဖတ်စေချင်တာပါ။ကျွန်မဖတ်
စေချင်လို့..ရိုက်ပို့ပေးတဲ့ ညီမလေး...မိုးနေကိုလည်းကျေးဇူးတင်ပါတယ်လို့

သခင်လေးပြန်လာပြီ
သူ့  သခင်ထံတွင် စအလုပ်လုပ်စဉ်က ရိုင်ချာရန်းသည် အသက် ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သူသည် ဂျက်ဆိုနယ်မှ ဖြစ်၏။ မည်းနက်တောက်ပြောင်သောအသား၊ ရှည်လျားသောဆံပင်၊ ပြူးကျယ်သော မျက်လုံးများရှိသည့် ပိန်ပိန်သေးသေး သူငယ်ကလေးဖြစ်သည်။ သူ့ မျိုးနွယ်မှာ ခတ္တိယမျိုးနွယ်ဖြစ်၍ သူ့ သခင်မှာလည်း ခတ္တိယမျိုးနွယ်ပင်ဖြစ်သည်။ ရိုင်ချာရန်း၏ အဓိကတာဝန်မှာ သူ့ သခင်၏ တစ်နှစ်သားအရွယ်သားငယ် အနူကူးကို ထိန်းရန်ပင်ဖြစ်သည်။

အချိန်တန်သည့်အခါ၌ ကလေးငယ်သည် ရိုင်ချာရန်း၏ ခါးပေါ်မှဆင်းသည်။ ထို့နောက်ကျောင်းမှ အောင်ပြီး ကောလိပ်သို့ ရောက်သည်။ နောက်ဆုံး ကောလိပ်မှ စာမေးပွဲအောင်ပြီး တရားရေးဝန်ထမ်းအဖြစ် အမှုထမ်းသည်။ ထိုကာလများတလျှောက်လုံးတွင် ရိုင်ချာရန်းသည် သူ၏အစေအပါး ဖြစ်ခဲ့သည်။

အနူကူးလက်ထပ်သည့်အခါ၌ ရိုင်ချာရန်းတွင် သခင်သစ်တိုး၍ လာလေပြီး သခင်မဟူ၍လည်း ပြောနိုင်ပါ၏။ သခင်မကြောင့် ရိုင်ချာရန်းတွင် အချို့ တာဝန်များ လျော့သွားသော်လည်း အနူကူးတို့တွင် သားကလေးတစ်ယောက် မွေးသဖြင့် တာဝန်သစ်တွေ တိုးလာပြန်သည်။ ရိုင်ချာရန်းမှာလည်း လုံးလစိုက်၍ ကလေးငယ်ကို ပြုစုထိန်းသိမ်းရပြန် သည်။ သူသည် ကလေးငယ်ကို ပုခက်လွှဲပေး၏။ အထက်အောက်မြှောက်ချီ၍ ကစား၏။ ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ပြ၏။ အဓိပ္ပမရှိသော တွတ်တီးတွတ်တာစကားတို့ ဖြင့် ကလေးငယ်ကို မြှူ၏။ သို့ ဖြင့် ကလေးငယ်သည် သူ့ကို သဘောကျကာ သူ့ ကို မြင်သည်နှင့် တခစ်ခစ်ရယ်တော့သည်။

လေးဖက်တွားနိုင်သည့်အခါတွင် ကလေးငယ်သည် တံခါးပေါက်သို့  မကြာခဏသွားလေ့ရှိသည်။ သူ့ ကို လူကြီးတွေက လိုက်ဖမ်းသည့်အခါ၌ ကလေးငယ်သည် သဘောကျကာ တခစ်ခစ်ရယ်ရင်း အခန်းထောင့်တစ်နေရာတွင် သွား၍ ပုန်းနေတတ်သည်။ ရိုင်ချာရန်းသည် ကလေးငယ်၏ အကင်းပါးပုံ၊ ဥာဏ်သွားပုံကိုကြည့်၍ အံ့သြနေသည်။ ထိုအခါမျိုးတွင် ရိုင်ချာရန်းက “မမရဲ့  သားက ကြီးရင် တရားသူကြီးဖြစ်မှာဗျ။ ငါးထောင်စားဖြစ်မှာ”ဟု ဂုဏ်ယူ အံ့သြသံဖြင့် ပြောတတ်သည်။ အချို့  ကလေးငယ်များမှာ ထိုသို့  ပုန်းရရှောင်ရမှန်းမသိ။ ယခုမူ တရားသူကြီးလောင်းမို့ ထိုမျှသိခြင်းဖြစ်သည်ဟု ရိုင်ချာရန်း ယူဆသည်။

မတ်တပ်ပြေးသည့် အရွယ်သို့  ရောက်လျှင် ကလေးငယ်သည် ပို၍ပင် ထူးခြားမှုကို ပြလာသေးသည်။ ကလေးငယ်သည် သူ့ အမေကို မာမာဟု ခေါ်၍ သူ့ ဒေါ်လေးကို ပီချီဟု ခေါ်ပြီး ရိုင်ချာရန်းကိုမူ ချာနန်းဟု ခေါ်တတ်သည်။ ရိုင်ချာရန်းသည် ယုံနိုင်ဖွယ်မရှိသော ထိုသတင်းထူးကို လေးခွင်လေးရပ်အနှံ့  ဖြန့် ၏။

“ကြည့်စမ်းပါဦးဗျ။ ခေါ်တတ်လိုက်တာ၊ သူ့ အမေကိုတော့ မာမာတဲ့။ သူ့ ဒေါ်လေးကို ပီချီတဲ့။ ကျွန်တော့်ကိုတော့ ချာနန်း တဲ့ဗျ။ နာမည်ရင်းကိုခေါ်တာ တော်တော်အံ့သြဖို့ကောင်းတယ်”ဟု ပြောတတ်သည်။

သူအံ့သြမည်ဆိုလျှင်လည်း အံ့သြထိုက်ပါသည်။ သည်မျှပါးနပ်သော ကလေးမျိုးတော်တော် ရှားလိမ့်မည် ထင်ပါသည်။

တစ်ခါတစ်ရံတွင် ရိုင်ချာရန်းသည် ကြိုးတစ်ချောင်းကို ဇက်အဖြစ်သုံးပြီး ကလေးရှေ့ တွင် မြင်းအဖြစ် အသုံးတော်ခံရပါ သည်။ သို့ မဟုတ်လျှင် နပန်းသမား လုပ်ရပါသည်။ ကလေးနှင့် နပန်းသတ်၍ ရှုံးပြါပြီဆိုက လဲကျမပြလျှင် ပြဿနာဖြစ်ရလေပြီ။

ထိုအချိန်လောက်တွင် ကလေး၏ ဖခင်အနူကူးသည် ပဒ္ဒမာဖြစ်ကမ်းပေါ်ရှိ မြို့ကလေး တစ် မြို့သို့ ပြောင်းရသည်။ အနူကူးသည် သားငယ်အတွက် ကာလကတ္တားမှ လက်တွန်းလှည်းကလေးတစ်စီးကို ယူလာခဲ့သည်။ ရိုင်ချာရန်းသည် ကလေးငယ်ကို ပိုးအင်္ကျီ၊ ပိုးဘောင်းဘီ၊ ရွှေခြည်ထိုးဦးဗောင်းထုပ်၊ ရွှေလက်ကောက်နှင့် ရွှေခြေကျင်းတို့ ကို ဆင်ပေးကာ လေကောင်းလေသန့်ရရန် တစ်နေ့ လျှင် နှစ်ကြိမ် ကလေးကို လက်တွန်းလှည်းဖြင့် လျှောက်တွန်းရသည်။

သို့ ဖြစ် မိုးရာသီသို့  ရောက်လာခဲ့သည်။ ဒေါသကြီးသော ပဒ္ဒမာမြစ်သည် ရေလျှံကာ ဥယျာဉ်များ၊ ခြံများ၊ လယ်ကွင်းများ၊ ရွာများကို ၀ါးမျိုစားသောက်သွားခဲ့သည်။ သောင်များပေါ်ရှိ ကိုင်းတောများ၊ ဆယ့်နျစ်ရာသီပင်အုပ်များကိုလည်း ဆွဲနှစ်ပစ်လိုက်သည်။ ကမ်းပါးများ တစ်ဗြုန်းဗြုန်း ပြိုကျသံ၊ ရေများတစ်ဝေါဝေါ တက်လာသံတို့ကို အဝေးမှပင် ကြားနေရသည်။ မြစ်ရေပြင်တွင် ၀ဲကြီးတွေ ထနေသည်ကို ထောက်လျှင် အောက်မှ ရေစီးမည်မျှ ပြင်းထန်သည်ကို သိနိုင်သည်။

တစ်ညနေတွင်မူ ကောင်းကင်သည် အုံ့ မှိုင်းလျက် ရှိ၏။ သို့ ရာတွင် မိုးရွာမည့်ပုံတော့ မပေါ်။ ရိုင်ချာရန်း၏ အဆာကျယ်သော သခင်လေးသည် အိမ်ထဲတွင် ကြာကြာအောင်းနိုင်ဟန် မတူ။ ထို့ ကြောင့် သူ့ ဘာသာသူ လက်တွန်း လှည်းကလေးပေါ်သို့ တက်ထိုင်သည်။ ရိုင်ချာရန်းသည် ကွင်းပြင်ကိုဖြတ်ကာ လက်တွန်းလှည်းကို တွန်းလာခဲ့ရာ မကြာမီကမ်းနားသို့ ရောက်လာခဲ့သည်။ ကွင်းပြင်တွင် လူရယ်လို့ တစ်ယောက်မျှ မရှိ။ ကမ်းနားတွင်လည်း လှေရယ်လို့ တစ်စင်းမျှ မမြင် ၀င်လုဆဲနေမင်းသည် တိမ်ကြားမှ ပြုထွက်လာရာ နီရဲသောရောင်ခြည်တို့ကို လွှတ်လျက်ရှိ၏။ ထိုသို့ တိတ်ဆိတ်နေစဉ် ကလေးငယ်သည် လက်တွန်းလှည်းထဲမှ ထရပ်ကာ “ချာနန်း၊ ပန်းခူးပေး ပန်းခူးပေး”ဟု ပြောသည်။

မလှမ်းမကမ်း ရွှံစပ်စပ်ထဲတွင် မြေပေါ်သို့ ငိုက်ကျနေသော ပန်းများကို မြင်ရသည်။ ကလေး၏ မျက်လုံးများသည် ပန်းကို အငမ်းမရ ကြည့်နေကြ၏။ မကြာမီတုန်းက ရိုင်ချာရန်းသည် ကိုင်းများကို အပေါက်ဖောက်ကာ ကြိုးကလေးဖြင့် ဆွဲရသော လှည်းကလေးတစ်စီး လုပ်ပေးခဲ့သည်။ ကလေးသည် ထိုလှည်းကလေးကို သဘောကျနေ၏။ သို့ဖြင့် ရိုင်ချာရန်းသည် မြင်းတစ်ကောင်အဖြစ်မှ မြင်းထိန်းတစ်ယောက်အဖြစ်သို့ ရာထူးတိုးသွားခဲ့သည်။ သို့ ရာတွင် ထိုနေ့ တွင်မူ ရွှံ့ဗွက်တွေထဲကိုဖြတ်ပြီး ပန်းပွင့်များကို မခူးချင်။ “ဟောဟိုမှာကြည့်စမ်း။ ငှက်ကလေးတစ်ကောင် ပျံသွားတယ်။ လှလိုက်တာဟေ့။ ဟာ ငှက်ကလေး ပျံသွားပြီ။ ငှက်ကလေးရေ လာပါတော့၊ မြန်မြန်လာပါတော့” ဟု ဆိုကာ ရိုင်ချာရန်းသည် ပါးစပ်က တတွတ်တွတ် ပြောရင်း လက်တွန်းလှည်းကလေးကို ခပ်သုတ်သုတ် ပြန်တွန်းလာခဲ့သည်။

သို့ ရာတွင် တရားသူကြီး လောင်း ကလေး၏အာရုံကို တစ်ခြားသို့ ရောက်အောင် လွယ်လွယ်နှင့် လုပ်၍ မ ရနိုင်ပါ။ အခြားနေရာများတွင် စိတ်ဝင်စားစရာလည်းမရှိပါ။ မရှိသော ငှက်များကိုလည်း လက်ညှိုးထိုးပြ၍ ကြာကြာ ညာမရပါ။

“ကဲ ... လူလေး၊ ဒီလက်တွန်းလှည်းပေါ်မှာ ထိုင်နေနော်။ ချာနန်း သွားပြီး ပန်းတွေ ခူးပေးမယ်။ ချက်ချင်းပြန်လာခဲ့မယ်နော်။ ရေစပ်နားကို မသွားနဲ့ နော်”ဟု ရိုင်ချာရန်းက ပြောသည်။

ရိုင်ချာရန်းသည် ဒိုတီကို ခါးတောင်းကျိုက်ပြီးနောက် သစ်ပင်ကြီးဆီသို့ လာခဲ့၏။

သို့ ရာတွင် ရိုင်ချာရန်းသည် ကလေးကို ကမ်းစပ်နင့် ဝေးဝေးသို့  ရွှေ့ မထားမိခဲ့။ ထို့ ကြောင့် သစ်ပင်ပေါ်သို့ တက်ခဲ့ရသော်လည်း စိတ်တထင့်ထင့်ဖြစ်ကာ ရေစပ်ဆီသို့ သာ မကြာခဏ မျှော်ကြည့်နေမိသည်။ ရိုင်ချာရန်းအမည်ရှိသော ဘီလူးကြီး၏လက်မှ ရုန်းထွက်ကာ မသွားရဟု တားမြစ်ထားသော နယ်မြေသို့  ထွက်ပြေးသွား သည့်နျယ် ထောင်ပေါင်းများသွာသော လှိုင်းလုံးကလေးများသည် ကမ်းစပ်သို့ တဖျပ်ဖျပ် လာ၍ ရိုက်နေကြသည်။ ထိုလှုငိးလုံးကလေးများကို အားကျကာ ကလေးငယ်သည်လညှ်းုပ်လှုပ်ရွရွ ဖြစ်လာသည်။ ကလေး ငယ်သည် လက်တွန်းလှည်းပေါ်မှ တွယ်ကပ်ဆင်းလာခဲ့ကာ ရေစပ်နားသို့ လျှောက်လာခဲ့၏။ ထို့ နောက် ကိုင်းရိုးတံ ကလေးတစ်ခုကို ကောက်ကာ ရေစပ်တွင် ငါးမျှားတမ်းကစားနေသည်။ ထိုစဉ် အော်မြည်နေသော ရေသံသည် ကလေးငယ်အား ကစားခန်းထဲတွင် ငိုက်မျဉ်းအောင် လုပ်ပေးလိုက်သကဲ့သို့  ရှိသေည်။

ထိုစဉ် ၀ုန်းခနဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ သို့ ရာတွင် ထိုအသံမျိုးသည် မိုးတွင်းတွင်ပဒ္ဒမာမြစ်ကမ်းတစ်ေ
လျှာက်တွင် ကြားနေကြ အသံမျိုးဖြစ်သည်။ ရိုင်ချာရန်းမှာ ပန်းတွေဒိုတီနှင့် တစ်ထုတ်ကြီး ရလေပြီ။ သစ်ပင်ပေါ်မှ ဆင်းကာ တပြုံးပြုံးဖြင့် လက်တွန်းလှည်းဆီ လာခဲ့သည်။

လက်တွန်းလှည်းပေါ်တွင် ကလေးကို မတွေ့ရတော့ပြီ။ ဘေးပတ်ဝန်းကျင်ကို ကြည့်၏။ သို့ ရာတွင် အရိပ်အယောင်ကိုမျှ မမြင်ရတော့ပြီ။

ရိုင်ချာရန်း၏ တစ်ကိုယ်လုံးသည် အေးစက်သွား၏။ သူ့ စကြ၀ဌာတစ်ခုလုံးလည်း မီးခိုးလို မှောင်မည်းသွားကာ အရောင်အဆင်းမဲ့သွားသည်။ သူသည် ကွဲအက်နေသော နှလုံးသားဖြင့် “ဘာဘူရေ။ ကိုဘာဘူရေ”ဟု တစ်ကြော်ကြော် အော်ခေါ်သည်။ သို့ ရာတွင် ထူးသံဆို၍ ဘာမျှမကြားရ။ နောက်ပြောင်ကျီစယ်တတ်သော ကလေးငယ်၏ အသံအစား တစ်ဝေါဝေါ စီးဆင်းနေသော ပဒ္ဒမာမြစ်၏အသံကိုသာ ကြားရသည်။ မြစ်မင်းသည် လောကကြီး၏ အသေးအဖွဲတို့ ကို ဂရုစိုက်ချိန်မရသည့်နှယ်။ ဘာမျှမသိတတ်သည့်နှယ်။

မိုးချုပ်သည့်အခါတွင် စိုးရိမ်သောကရောက်နေသော အမေသည် အရပ်ရှစ်မျက်နှာကို လူလွှတ်၍ အရှာခိုင်းလိုက်သည်။ လူများသည် မီးအိမ်များကိုကိုင်စွဲကာ မြစ်ကမ်းသို့  ရောက်လာကြသည်။

“ဘာဘူရေ။ ကိုကာဘာဘူရေ”ဟု တစ်ကြော်ကြော်ဟစ်အော်ကာ ညသန်းခေါင်တိုက်သည့် လေဆင်နှာမောင်းတစ်ခုလို ကွင်းထဲတွင် ချာချာပတ်ချာ လျှောက်သွားနေသည့် ရိုင်ချာရန်းကို တွေ့  ကြရသည်။ နောက်ဆုံး အိမ်သို့  ရောက်သည့် အခါတွင် ရိုင်ချာရန်းသည် သူ့ သခင်၏ ခြေအစုံကို ခေါင်းဖြင့် ပြေးဆောင့်သည်။ သူတို့ က မေးခွန်းတွေ မေးလေလေ “ကျွန်တော်မသိဘူး မမ။ ကျွန်တော် ဘာမှမသိဘူး”ဟုပြောက ရှိုက်ကြီးတငင်ငိုလေလေ ဖြစ်နေသည်။

တရားခံမှာ ပဒ္ဒမမြစ်ဖြစ်ကြောင်းကိုလူတိုင်း သိကြသည်။ သို့ ရာတွင် ရွာစွန်တွင် စခန်းချရပ်နားသွားကြသည့် လူစိမ်း တစ်သိုက်ကိုမူ သံသယရှိကြသည်။ သခင်မသည် ထိုသို့ တွေးမိကာ ပြန်ပေးဆွဲသူများကို ရိုင်ချာရန်းပင် လက်ထောက်ချရမည်ဟု ထင်နေမိသည်။ သခင်မသည် ရိုင်ချာရန်းကို ခေါ်ကာ “ကဲပါရှင် ကျွန်မသားလေးကို ပြန်ခေါ်ပေးပါ။ ရှင်ပိုက်ဆံဘယ်လောက်လေိုချင်သလဲ ပြောပါ။ ရှင်တောင်းသလောက် ကျွန်မပေးပါ့မယ်”ဟု တောင်းပန် သည်။ ရိုင်ချာရန်းသည် သူ့ နဖူးကို တအားထုမိသည်။ သခင်မသည် သူ့ ကို အိမ်မှ နှင်ထုတ်လိုက်၏။ အနူကူးသည် သူ့ ဇနီးသည်၏ အခြေအမြစ်မရှိသော သံသယတို့ကို ဖျောက်ဖျက်ရန် ကြိုးစားပါသေး၏။ ရိုင်ချာရန်းသည် ထိုဆိုးသွမ်းသည့် အလုပ်မျိုးကို ဘာကြောင့် လုပ်မည်နည်းဟု မေးသည်။

“ဘာဖြစ်လို့ မလုပ်ဘဲနေရမှာလဲရှင့်၊ ကလေးရဲ့ ကိုယ်ပေါ်မှာ ရွှေတွေဆင်ထားတယ်၊ ရွှေတွေ”ဟု ဇနီးက ပြောသည်။
----------------------------------------------

ရိုင်ချာရန်းသည် သူ့ ဇာတိရွာကလေးသို့  ပြန်လာခဲ့သည်။ သူ့ တွင် သားသမီးဆို၍ ယခုအထိ တစ်ယောက်မျှ မရှိဖူးသေး။ နောင်တွင်လည်း ရှိစရာအကြောင်းမမြင်တော့။ သို့ ရာတွင် ထူးဆန်းလေစွ။ တစ်နှစ်မကြာမီအတွင်းတွင် သက်လတ်ပိုင်းသို့ ရောက်နေသော သူ့ ဇနီးသည်သည် သားကလေးတစ်ယောက်မွေးပြီး ဆုံးသွားခဲ့သည်။

ရိုင်ချာရန်းသည် သူ့ သားကလေးကို မနှစ်သက်သလို ဖြစ်နေသည်။ သူ့ သားငယ်သည် သူ့ ကိုလိမ်လည်ရန်နှင့် ကိုကာဘာဘူ၏ နေရာတွင် အစားဝင်ယူရန် ရောက်လာသည်ဟု ထင်နေသည်။ သခင်၏သားကလေး သူ့ ကြောင့် ရေနစ်သေဆုံးပြီးနောက် ကိုယ့်သားကိုချစ်ဖို့ ကိစ္စသည် အပြစ်ကြီးသည်ဟု သူ့ စိတ်ထဲတွင် ထင်နေသည်။ ရိုင်ချာရန်း၏ မုဆိုးမဖြစ်သည့် ညီမငယ်သာမရှိခဲ့လျှင် သူ့ သားကလေးသည် လောကကြီးတွင် သက်ဆိုးပင် ရှည်စရာ အကြောင်းမြင်။

အံ့သြစရာတော့ ကောင်းသည်။ ထိုကလေးငယ်သည် လေးဖက်တွားတတ်သည့်အခါတွင် တံခါးပေါက်သို့ ရောက်လာတတ်သည်။ မည်သူ၏အမိန့် ကိုမျှ နာခံခြင်းမရှိဘဲ ခေါင်းမာတတ်သည်။ စပ်စုတတ်သည်။ ပါးရေနပ်ရေရှိသည်။ သူ့ ရယ်သံနှင့် ငိုသံပင်လျှင် ကိုကာဘာဘူအသံနှင့် တူသည်ဟု ထင်မိသည်။ တစ်ခါတစ်ရံ သူ ငိုသည့်အခါ၌ ရိုင်ချာရန်း၏ နှလုံးသားသည် ပြင်းထန်စွာခုန်နေသည်။ ထိုအသံသည် သူ့ ကို ခေါ်နေသည့် ကိုကာဘာဘူ၏ အသံဟု ထင်နေသည်။

ရိုင်ချာရန်း၏မရီးက ကလေးကို ပီနာဟု အမည်ပေးသည်။ ကောက်ရသူဟု အဓိပ္ပရ၏။ စကားပီ နားကြားဖြစ်လာသည့် အခါတွင် ကလေးက သူ့ အဒေါ်ကို ပီချီဟုပင် ခေါ်သည်။ ထိုခေါ်သံကိုကြားလျှင် ရိုင်ချာရန်းသည် အသက်ပင်ကောင်းကောင်းမရှူနိုင်ဘဲ တောင်တွေးမြောက်တွေး တွေးနေသည်။ ကိုကာဘာဘူဟာ ငါ့ကို မခွဲနိုင်ဘဲ ဖြစ်နေတယ်။ ငါ့အိမ်မှာ လူဝင်စားလာဖြစ်တယ် ထင်တယ်ဟု သူတွေးနေသည်။ ထိုအတွေးကို ထောက်ခံသည့် အချက် တွေကလည်း ရှိနေသည်။ ပထမအချက်မှာ ကိုကာဘာဘူဆုံးပြီး မကြာခင် ပီနာကို မွေးလာခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ဘယ်တုန်းကမှ သားသမီးမရခဲ့သည့် သူ့ ဇနီးသည် ထိုကလေးကို သဘာဝကျကျ၊လွယ်လွယ်ကူကူ မွေးနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ ကလေးသည် လေးဖက်တွားတတ်သည်နှင့် တောက်တောက်ပြေးပြီး သူ့  အဒေါ်ကို ပီချီဟုခေါ်သည်။ ဤအချက်များသည် တရားသူကြီးလောင်း ကိုကာဘာဘူ၏လက္ခဏာချက်များ ဖြစ်သည်။ ရိုင်ချာရန်းသည် သူ့ သခင်မက သူ့ အပေါ် သံသယရှိကြောင်းကို ပြန်၍ အမှတ်ရသည်။ “ကြည့်စမ်း၊ ကလေးအမေများဟာ သူတို့ ကလေးကို ဘယ်သူသွားသလဲဆိုတာ အလိုလိုသိတတ်တယ်”ဟု သူ့ ဘာသာသူ တွေးမိသည်။ ထိုနောက်မှစ၍ ရိုင်ချာရန်းသည် သူ့ သားငယ်အား လျစ်လျူပြုခဲ့သဖြင့် နောင်တရ၍ မဆုံး ဖြစ်နေသည်။ ထို့ နောက်မှ စ၍ သူသည် သူ့ သားငယ်ကို ကောင်းစွာ ဂရုစိုက်မွေးမြူခြင်း ပြုသည်။

သူသည် သားငယ်ပီနာကို လူချမ်းသာတစ်ယောက်၏ သားလို ကောင်းစွာ မွေးမြူသည်။ ပီနာကို ပိုးအင်္ကျီ၊ ပိုးဘောင်းဘီတို့ ဆင်ယင်၏။ ရွှေခြည်ထိုး ဦးဗောင်းထုပ်ကို ဆောင်းပေး၏။ သူ့ ဇနီးသည်၏ လက်ဝတ်လက်စားကလေးများ ဖျက်ပြီး သားအတွက် လက်ကောက်နှင့် နာရီကြိုးကလေး လုပ်ပေး၏။ ပီနာအား အခြား အိမ်နီးနားချင်းကလေးများနှင့် မကစားရအောင် ကြီးကြပ်၏။ သူနှင့်သာ ကစားစေ၏။ အိမ်နီးချင်းကလေးများက ပီနာအား မြို့အုပ်သားဟု အခွင့်ရတိုင်း လှောင်ကြပြောင်ကြသည်။ လူကြီးများကမူ ရိုင်ချာရန်း၏ ထူးဆန်းသည့် အပြုအမူကို ကြည့်၍ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ပီနာ ပညာသင်ချိန်သို့ ရောက်သည့်အခါတွင်ရိုင်ချာရန်းသည် ရှိသမျှ ပစ္စည်းတို့ကို ထုခွဲရောင်းချကာ သူ့ သားကို ကာလကတ္တားသို့  ပို့ ၍ ပညာသင်ပေးသည်။ သူကိုယ်တိုင်လည်း ကာလကတ္တားတွင် အလုပ်တစ်ခုရှာလုပ်သည်။ ရိုင်ချာရန်းသည် တတ်နိုင်သမျှ ချွေတာကာသူ့ သားကို ပညာသင်စေ၏။ “လူလေးရယ် မင်းက ငါ့ကို ချစ်လို့ လာတာ ဒီတော့ လိုလေသေးမရှိအောင် ငါ ထားပါ့မယ်” ဟု တစ်ယောက်တည်း ပြောမိတတ်သည်။

ဤသို့ ဖြင့် နှစ်နှစ်လွန်မြောက်သွားခဲ့သည်။ ပီနာကလည်း စာတော်သည့် ကျောင်းသားဖြစ်သည်။ ကျန်းမာသန်စွမ်းသည်။ မည်းနက်ပြောင်လက်နေသော အသားနှင့်ဆံပင်ရှိသည်။ သူ့ ဆံပင်ကို ကောင်းကောင်း သသည်။ ပီနာသည် ဖော်ရွေ၍ အသန့်အကောင်းကိုလည်း ရွေးတတ်သည်။ ရိုင်ချာရန်းသည် သူ့ သားကို ဖခင်တစ်ယောက်အနေဖြင့် သူ့ သားကို ချစ်သော်လည်း အစေအပါးတစ်ယောက်လို သူ့ သားကို ပြုစုသည်။ သို့ တိုင် ပီနာသည် သူ့ အဖေကို အဖေလို့  သဘောမထားမိ။ သူကလည်း ပီနာ၏အဖေ မဟုတ်သယောင် အများရှေ့ တွင် ဟန် ဆောင်ဖုံးကွယ်သည်။ ပီနာနေသည့် ဘော်ဒါတွင် ကျောင်းသားများက ရိုင်ချာရန်းကိုတွေ့လျှင် “တောသားကြီး”ဟု ခေါ်ကြ သည်။ အဖေ့ကွယ်ရာတွင် ပီနာကလည်း သူတို့နှင့်အတူ ရော၍ အဖေ့ကို လှောင်သည်။ ကျောင်းသားများသည် သဘောင်း၍ အလိုလိုက်တတ်သည့် ရိုင်ချာရန်းကိုတော့ သဘောကျကြသည်။ ပီနာလည်း သဘောကျသည်။ သို့ရာတွင် အဖေ့ကို ချစ်သည့်မေတ္တာထဲတွင် အထင်သေးသည့် သဘောတော့ နည်းနည်းပါနေသည်။

ရိုင်ချာရန်းသည် အသက်ကြီးလာလေပြီ။ အလုပ်ရှင်များကလည်း သူ့ အလုပ်ကို မကြာခဏ အပြစ်ရှာတတ်ကြသည်။ သူ့ ကိုယ်ခန္ဓာာသည်လည်း ချည့်နဲ့ စပြုလပြီ။ သတိလည်း မေ့တတ်သည်။ သို့ ရာတွင်ပိုက်ဆံပေးထားရသည့် အလုပ်ရှင်တို့ ကား ဇရာကိုလည်း ထည့်မတွက်ကြါ။ ထိုအချိန်၌ကာ ရွာမှပါလာသည့် ပိုက်ဆံကလေးကလည်း ကုန်သလောက်ရှိနေလေပြီ။ သားကြီး ပီနာကလည်း စတိုင်ကျကျ အ၀တ်အစားတွေ မ၀တ်ရသဖြင့် ညည်းတွားစ ပြုလေပြီ။

တစ်နေ့ တွင်မူ ရိုင်ချာရန်းသည် အလုပ်မှ နုတ်ထွက်လိက်ပြီးနောက် သားကြီးပီနာကို ပိုက်ဆံရေးရင်း
“အဖေ ရွာကို ခဏပြန်ဦးမယ်ကွာ”ဟု ပြောသည်။

အမှန်ကတော့ ရွာသို့ ပြန်ခြင်း မဟုတ်ပါ။ မြို့နယ် တရားသူကြီးဖြစ်နေသည့် အနူကူးရှိရာ ဘာရာဆတ်မြို့ကလေးသို့  သွားခြင်းဖြစ်သည်။

အနူကူးတို့ တွင် နောက်ထပ်သားသမီးမရတောပါ။ သူ့ ဇနီးသည်ကမူ သူ့ သားကလေး ပျောက်ဆုံးသွားခဲ့သည့်အတွက် ယခုတိုင် ပူဆွေးလျက်ရှိနေသေးသည်။ တစ်နေ့ သ၌ အနူကူးသည် တရားရုံးတွင် အလုပ်များနေခဲ့သဖြင့် မောမောနှင့် အိမ်တွင် အပန်းဖြေလျက်ရှိ၏။ သူ့ ဇနီးသည်မှာလည်း တောင်ပေါ်မှ ယောဂီကြီးတစ်ဦး လာရောင်းသည့် ဆေးမြစ်ဆေးဥတို့ကို ၀ယ်ယူလျက်ရှိသည်။ ထိုစဉ် အိမ်ရှေ့  ၀င်းဝမှ အသံတစ်သံကို ကြားရသည်။

“မမ နေကောင်းတယ်နော်”
“ဘယ်သူလဲ”ဟု အနူကူးက လှမ်းမေးသည်။

ရိုင်ချာရန်းသည် အိမ်ထဲသို့ ၀င်လာကာ ကုန်း၍ အနုကူး၏ခြေအစုံကို နဖူးဖြင့် ထိ၍ နှုတ်ဆက်လိုက်သည်။

“ကျွန်တော် ရိုင်ချာရန်းပါ သခင်”ဟု ပြောသည်။

အနူကူးသည်အဘိုးအို ရိုင်ချာရန်းကို သနားသွားသည်။ အနူကူးသည် သူ့ ကို မွေးခွန်းပေါင်းများစွာကို မေးသည်။ ထို့နောက် ရိုင်ချာရန်းကို သူ့ အိမ်တွင် ပြန်အလုပ်ခန့် ရန် ဆုံးဖြတ်လိုက်သည်။ ရိုင်ချာရန်းက ၀မ်းနည်းစွာပြုံးကာ “မမလဲနှုတ်ဆက်ပါရစေ”ဟု ဆိုသည်။

အနူကူးက သူ့ ကို အိမ်ထဲသို့ ခေါ်သွားသည်။ သူ့ ဇနီးကမူ ရိုင်ချာရန်းကို လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခြင်း မရှိပါ။ ရိုင်ချာရန်းသည် ထိုအချက်ကို မသိယောင်ပြုကာ လက်နှစ်ဖက်ကို ယှက်ရင်း

“သခင်နဲ့ မမတို့ ကို ကျွန်တော် ပြောပရစေ။ သခင်တို့ သားလေးကို ကျွန်တော်ခေါ်သွားတာပါ။ ပဒ္ဒမမြစ်ထဲ ကျသွားတယ်ဆိုတာ မဟုတ်ပါဘူး။ တခြားဘယ်သူမှ ခေါ်သွားတာလဲ မဟုတ်ပါဘူး။ ကျွန်တော်ဟာ် ကျေးဇူးကန်းတဲ့ လူယုတ်မာပါ”

“အဘိုးကြီး ခင်ဗျားဘာတွေ ပြောနေတာလဲ၊ ဒါမြင့် အခု ကလေးဘယ်မှာလဲ”ဟု အနူကူးက အော်သည်။

“ကျွန်တော်နဲ့ အတူ ရှိနေပါတယ် သခင်၊ သဘက်ခါကျရင် ကျွန်တော် ခေါ်လာခဲ့ပါ့မယ်”

ထိုနေ့ မှာ တနင်္ဂနွေနေ့ ဖြစ်သည်။ ထိုနေ့ တွင် ရုံးမတက်ရပါ။ နံနက်လင်းကတည်းက အနူကူးတို့  ဇနီးမောင်နှံသည် စိတ်မရှည်နိုင်ဘဲ ဖြစ်နေကြကာ လမ်းမဘက်သို့  တစ်မျှော်မျှော် ဖြစ်နေကြသည်။ နံနက် ဆယ်နာရီတွင်မူ ရိုင်ချာရန်းသည် ပီနာနှင့်အတူ ရောက်လာလေသည်။ အနူကူး၏ ဇနးသည်ကား ဘာကိုမျှပင် မေးမြန်းခြင်းမပြုတော့။ ဘာစည်းကမ်းချက်ကိုမျှလည်း မပြောတော့ဘဲ ပီနာကို ပေါင်ပေါ်တွင်တင်၍ ဖက်ယမ်းနမ်းရှုပ်လျက်ရျှိသည်။ နမ်းရှုပ်ရင်းလည်း ပီနာကို စိုက်ကြည့်လိုက်၊ ရယ်လိုက်၊ ငိုလိုက်ဖြင့် ဖြစ်နေသည်။ မှန်ပါသည်။ ပီနာကို ကြည့်ရသည်မှာ လည်း ချစ်စရာကောင်းနေပါသည်။ အ၀တ်အစားဆင်ယင်ထားပုံနှင့် နေပုံထိုင်ပုံတို့  မှာ ဆင်းသရဲသားသမီး ပုံမျိုး နည်းနည်းမှ မရှိပါ။ ရုပ်ရည်ကလည်း ချစ်စရာကောင်းပါသည်။ အမူအရာနှင့် အပြောအဆိုတို့ကလည်း ရည်မွန်ပါသည်။ အနူကူးကိုယ်တိုင်လည်း ပီနာကို ကြည့်၍ နှစ်သက်လာမိပါသည်။ သို့ ရာတွင် ဘာမျှမဖြစ်လေဟန်ဆောင်ကာ

“ကျွန်တော့်သား ဖြစ်တယ်ဆိုတာ ခင်ဗျားမှာ ဘာအထောက်အထား ပြနိုင်သလဲ” ဟု မေးသည်။

“ဘယ့်နှယ့်လုပ် အထောက်အထားပြနိုင်မှာလဲ သခင်၊ ကျွန်တော်က ကလေးကိုခိုးသွားတာပဲ၊ ဘုရားသိမှာပေါ့၊ တစ်ခြား ဘယ်သူ သိနိုင်မှာလဲ”

အနူကူးသည် စဉ်းစား၏ သူ့ ဇနီးမှာ ကလေးပြန်ရပြီဟုဆိုကာ အကြီးအကျယ် ၀မ်းသာပီတိဖြစ်နေသဖြင့် ယခုအချိန်တွင် သက်သေအထောက်အထားတွေကို မေးမြန်းစုံစမ်းရန် မသင့်ဟု သဘောရသွားသည်။ ယခုလောလောဆယ်တွင်မူ သူပြောသည့် စကားကို ယုံကြည်ခြင်းသည် အကောင်းဆုံးဖြစ်မည် ထင်သည်။ ထို့ ပြင် ရိုင်ချာရန်းသည်လည်း ယခုကဲ့သို့  ကလေးငယ်တစ်ယောက်ကို တစ်ခြားဘယ်ကမျှ ရနိုင်ဖွယ် မမြင်။ ထို့ ပြင် သူ့အစေခံဟောင်းကြီးသည်လည်း သူ့ကိုလိမ်လည် မပြောတန်ရာ။

ကလေးနှင့် စကားပြောကြည့်သည့်အခါတွင် သူသည် ရိုင်ချာရန်းနှင့် သူမှတ်မိသည့်အရွယ်ကတည်းက နေခဲ့ကြောင်း၊ အဖေဟုပင် ထင်ခဲ့ကြောင်း၊ သို့ ရာတွင် ရိုင်ချာရန်းသည် အဖေလို ဘယ်တော့မှ ဆက်ဆံခြင်းမပြုကြောင်း၊ အစေခံ တစ်ဦးလိုသာ ဆက်ဆံကြောင်းဖြင့် ပြောပြသည်။ အနူကူးသည် သံသယများကို ဖျက်ပစ်လိုက်၏။

“ဒါပေမယ့် ရိုင်ချာရန်း၊ ခင်ဗျား ကျုပ်တို့ အိမ်မှာတော့ နေခွင့် မပေးနိုင်ဘူး။ အိမ်ရိပ်ကိုတောင် နင်းခွင့်မပေးနိုင်ဘူး”ဟု ပြောသည်။

ရိုင်ချာရန်းက လက်နှစ်ဖက်ကို ဖျစ်ညှစ်လိုက်ရင်း ဆို့ နင့်နင့် အသံဖြင့် ...

“အိုမင်းတွင်းဆုံး ကျခါနီးမှ ကျွန်တော် ဘယ်သွားနေရမှာလဲ သခင်”

“အို ... နေပါစေရှင်၊ ကျွန်မသားလေးကို ဘုရားက ပြန်ပို့ လိုက်ပြီပဲ။ ကျွန်မ ရိုင်ချာရန်းကို ခွင့်လွှတ်ပါတယ်”ဟု ဇနီးက ပြောသည်။

“ငါတော့ ခွင့်မလွှတ်နိုင်ဘူး”ဟု တရားဥပဒေကို ရိုသေသည့် ခင်ပွန်းက ပြော၏။

ရိုင်ချာရန်းသည် သခင်၏ခြေရင်းတွင် ထိုင်၍ ခြေအစုံကိုဖက်ရင်း

“ကျွန်တော် လုပ်တာ မဟုတ်ပါဘူး သခင်၊ ဘုရားအလိုတော်အရ ဖြစ်တာပါ”

သူ့ အပြစ်ကို ဘုရားသခင်အပေါ်သို့ လွှဲချသည့်အခါတွင် အနူကူးသည် ပို၍ စိတ်ဆိုးသွားသည်။

“ခင်ဗျားလို သစ္စာမစောင့်တဲ့ လူကို ကျုပ်ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး”

“ကျွန်တော်လုပ်တာမှ မဟုတ်တာ သခင်ရယ်”ဟု ရိုင်ချာရန်းက ခြေအစုံကိုဖက်၍ တောင်းပန်ပြန်သည်။

“ဒါဖြင့် ဘယ်သူလုပ်တာလဲကွ”

“ကျွန်တော့်ကံကြမ္မာက စေခိုင်းတာပါ”

ထို့ သို့ သော အဖြေမျိုးသည် ပညာတတ်တစ်ယောက်ဖြစ်သည့် အနူကူးအတွက် မည်သည့်နည်းနျင့်မျှ လက်ခံနိုင်စရာ အကြောင်းမရှိပါ။

“လောကကြီးမှာ တစ်ခြားအားကိုးရမယ့်သူဆိုလို့  တစ်ယောက်မှ မရှိပါဘူး သခင်”ဟု ရိုင်ချာရန်းက တောင်းပန်ပြန်သည်။

မိမိသည် တရားသူကြီး၏သားဖြစ်ကြောင်း၊ ရိုင်ချာရန်းသည် မိမိကို ခိုးယူသွားရုံမျှသာမက သူ့ သားဟု စော်စော်ကားကား ခေါ်ခဲ့ကြောင်း သိသည့်အခါ ပီနာသည် များစွာ စိတ်ဆိုးမိသည်။ သို့ ရာတွင် သဘောထားကြီးဟန်ကို ပြကာ ...

“ဖေဖေရယ် သူ့ ကို ခွင့်လွှတ်လိုက်ပါ၊ အိမ်မှာမထာင်းချင်ရင်လဲ တစ်လကိုနည်းနည်းပါးပါးထောက်ပံ့တာပေါ့”ဟု ပြောသည်။

ရိုင်ချာရန်းသည် ဘာမှမပြောတော့ပါ။ သူသည် သူ့ သားကို အကြာကြီး စိုက်ကြည့်နေပြီ။ နောက် သူတို့ အားလုံး၏ ခြေထောာက်များကို နဖူးဖြင့်တိုက်ထိသည်။ ထို့ နောက်အိမ်ထဲမှ ထွက်သွားကာ လမ်းသွားလမ်းလာ လူအုပ်များထဲတွင် ပျောက်ကွယ်သွားသည်။ လကုန်၍ အနူကူးက သူ့ ရွာလိပ်စာဖြင့် ငွေအနည်းငယ်ပို့ လိုက်သည့်အခါတွင် ထိုငွေသည် အနူကူးထံသို့  ပြန်ရောက်လာသည်။

ထိုရွာတွင် ထိုအမည်ဖြင့် လူမရှိပါ။

(Rabindranath Tagore ၏ The Return of Khoka Babu ကိုပြန်သည်။)
မြသန်းတင့်
ရင်ခုန်ပွင့်၊ ၁၉၉၃ခုနှစ်၊ ဇန်န၀ါရီလ


10 Comments:

မောင်ခင်လေး said...

မနော် ၀တ္ထုတိုလေးလာဖတ်တယ် ဖတ်အပြီးမှာ အတွေးလေးတွေများစွာပေးပါတယ် ပြန်လည်ဝေမျှတာကျေးဇူးပါ ကောင်းသောနေ့ပါဗျာ :)

tg.nwai said...

မနော်ရေ..ဒါလေးဖတ်ဖူးတယ်..ပြန်ဖတ်ခွင့်ရလို့ မနော်ကိုရော..မိုးနေကိုပါ ကျေးဇူးတင်ကြောင်း ပြောပါရစေ..။

မယ်ကိုး said...

စေတနာထားတင်ပေးတဲ့ မနော်နဲ့ ..မမိုးနေကို အထူး ကျေးဇူးတင်ပါတယ်...

ငြိမ်သက် said...

မနော် ပါရဂူနဲ့ မြသန်းတင့် ဘယ်သူက တဂိုးရဲ့  စာတွေကိုဘာသာပြန်တာပိုကောင်းသလဲဟင်...
စကားမစပ်...မူလပိုင်ရှင်တဂိုးနှင့်တကွဒုတိယအကြိမ်
ထပ်မံဖတ်ခွင့်ရအောင်ကူညီပံ့ပိုးပေးခဲ့သောသူများအား
ကျေးဇူးတင်စွာဖြင့်....

eaindraomtt said...

ကျေးဇူးပါ အစ်မရေ...

စာရိုက်ပေးတဲ့ ညီမလေးလား သူ့လဲကျေးဇူးတင်ပါတယ်လို့..။

အိန္ဒြာ

Moe Cho Thinn said...

ဒီဝတ္ထုလေး ပြန်ဖတ်တိုင်း ပြန်ခံစားရတာ နင့်နင့်နဲနဲပဲ။
မနော်ရော ညီမလေး မိုးနေရော ကျေးဇူးကမ္ဘာ..

ဆောင်းယွန်းလ said...

ဒီလိုစာကောင်းပေမွန်တွေဖတ်ခွင့်ရတဲ့အတွက် မနော်နဲ့ ညီမလေးမိုးနေတို့ကို ကျေးဇူးတင်ကြောင်းပါ...

Julian said...

လက်ဦးဆရာမည်ထိုက်စွာ တဲ့......

ပီနာကိုအဲလိုဖြစ်စေခဲ့တဲ့ ရိုင်ချာရန်း ရဲ့လွဲမှားတဲ့ချစ်ခြင်းမေတ္တာကြောင့်လား....

တကယ်လို့သာ..... ဥပါဒါန်မရှိခဲ့ဘူးဆိုရင်
ရိုင်ချာရန်းဟာ နည်းမှန်လမ်းမှန်ချစ်ခဲ့မယ်ဆိုရင်
............. အင်း :::::::::::

တွေးကြည့်မိတာပါ။ ဇာတ်လမ်းအတိုင်းမတွေးဘဲ အကယ်၍သာလို့တွေးမိရုံလေးပါ.......

ဂျူ

Moe Myint Tane said...

အမရေ...

အခုလိုပြန်လည်မျှဝေဖော်ပြပေးတာ ကျေးဇူးပါခင်ဗျာ။ ဒီပိုစ့်လေးအတွက် ကူညီပံ့ပိုးစာရိုက်ပေးသော မမိုးနေကို လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။

လောကမှာ မိဘကသားသမီးအပေါ်ထားရှိတဲ့မေတ္တာ၊ သားသမီးနဲ့ပတ်သက်လာရင် ဖြစ်ပေါ်ထားရှိတတ်တဲ့ မိဘတို့ရဲ့ မေတ္တာကိုရှေ့တန်းတင်တဲ့ အတ္တ၊ စုန်ရေရှိသလောက် ဆန်ရေမရှိတတ်တဲ့သဘော အတွေးပေါင်းမြောက်များစွာကို ပေးနိုင်စွမ်းတဲ့ မေတ္တာနဲ့ အတ္တယှဉ်တွဲဖော်ပြထားတဲ့ ၀ထ္တုကောင်းလေးတစ်ပုဒ်ပါ ခင်ဗျာ။

Bino said...

Thank you a lot for sharing.
Bino