တွန်းအား

Monday, April 20, 2009

ဒီဝတ္ထုကလေးက..ကျွန်မရေးနေကျဝတ္ထုတိုတွေနဲ့မတူပါဘူး။မိဘမေတ္တာကိုပြောချင်တဲ့အဖွဲ့
ဖြစ်သလို..realism..လည်းဆန်ပါတယ်။ဒါကိုကျွန်မ..၁၉၉၅ကတည်းကရေးခဲ့တာပါ။သား
ကလေးရှိဖို့မပြောနဲ့..အိမ်ထောင်တောင်မကျသေးဘူး။ဒါပေမယ့်တကယ့်ကိုမိဘတစ်ဦးရဲ့
နေရာကနေဝင်ရေးခဲ့မိတယ်။ဒီအကြောင်းအရာကိုပြောပြသူကကျွန်မသူငယ်ချင်း..ညီထူး
ပါ..။စာရေးဖို့မတိုက်တွန်းပေမယ့်..ကျွန်မရေးဖြစ်ခဲ့တယ်။သူ့ကိုလည်းကျွန်မ..ဒီအကြောင်း
အရာကိုပြောပြပြီးမိဘမေတ္တာကိုရင်ထဲထည့်ပေးခဲ့တဲ့အတွက်..ကျေးဇူးတင်ကြောင်းပြော
ချင်ပါတယ်။(ဒီစာမူလေးကဆရာဆောင်းဝင်းလတ်မြို့တော်မဂ္ဂဇင်းကိုင်တဲ့အချိန်မှာတောင်း
လို့ပေးခဲ့ပါတယ်။)

တွန်းအား
(၁)
ဆိုင်နံရံထက်ကနာရီလေးကိုလှမ်းကြည့်လိုက်တော့..လေးနာရီနှစ်ဆယ်။ဒီနေ့တော့....
ကျောင်းဆင်းချိန်ကမစောင့်ပဲဆိုင်သိမ်းတော့မည်ဟုဆုံးဖြတ်လိုက်သည်။သို့သော်…ဆုံး
ဖြတ်ချက်က..မိနစ်ပိုင်းပင်မခံလိုက်..။သူ့..သူငယ်ချင်းကရောက်လာသည်။ဒီကောင်က
တော့ထုံးစံအတိုင်း…မတွေ့ရတာကြာပြီဖြစ်သည့်အလျှောက်၊စကားကြောရှည်ဦးမှာမလွဲ။
ခါတိုင်းလိုဆိုရင်တော့..အရာအားလုံးကိုမေ့ကာ..ဆိုင်သိမ်းလိုက်တာတောင်စကားမပြတ်
ကြသဖြင့်..ဆိုင်ကလေးတစ်ဆိုင်ဆိုင်သို့သွားဖြစ်ကြဦးမည်။ခုတော့..မဖြစ်။

သူအိမ်ပြန်ချင်နေပြီ။သို့သော်လည်းတာဝန်ကိုယ်စီနှင့်မအားလပ်သည့်အထဲမှ..သူ့ဆီတကူး
တကလာတတ်သော..သူငယ်ချင်းကိုလည်းမင်းပြန်တော့.ဟုသူမပြောလိုက်နိုင်ပါ။ပြီးတော့
သူ့မှာလည်း..ပြောစရာတွေရှိနေသည်။ချက်ချင်းတော့…မပြောဖြစ်သေး။သူငယ်ချင်း..ပြော
သည့်အကြောင်းအရာများကိုသာလိုက်လံဆွေးနွေးဖြစ်သည်။အရေးထဲ..ဝယ်သူကလည်း
ထူးထူးဆန်းဆန်းပြုံကျလာသည်။သူ့ဆိုင်ကလေးသည်စာအုပ်၊စာရေးကိရိယာများ၊လစဉ်
ထုတ်မဂ္ဂဇင်း၊ဝတ္ထုစာစောင်များနှင့်အခြားပစ္စည်းအစုံအလင်ရနိုင်သည့်ဤမြို့ကလေး၏တစ်
ခုတည်းသောဆိုင်မဟုတ်ပါလား။

ပစ္စည်းတွေပြရင်းဈေးပြောရင်း၊အရောင်းအဝယ်တည့်သည့်အခါတည့်၊မတည့်သည့်အခါမ
တည့်နှင့်..စကားစတော့ပြတ်မသွားကြချေ။ဒီကောင်က..ကျောင်းမှာကတည်းကစကားပြော
ကောင်းသည်။အကြောင်းအရာအစုံစုံကိုလူစိတ်ဝင်စားအောင်ပြောတတ်သည်။ဝိဇ္ဇာမြန်မာ
စာကျောင်းသားကလည်းဖြစ်ပြန်..သူငယ်ချင်းကိုယ်တိုင်ယုံကြည်သက်ဝင်သည့်..ရာဇဝင်
လိုလို၊ဒဏ္ဍာရီလိုလို..ခပ်ဆန်းဆန်းတွေများပြောကြပြီလားဆို..အဆောင်ခန်းကလေးသည်
လူဘယ်လောက်ရှိရှိ..တိတ်ဆိတ်ငြိမ်သက်မှုရသွားစမြဲ..။အဆောင်မှူးကတောင်သူ့ကို….
ကလေးထိန်းဟုနောက်ပြောင်ခေါ်ဝေါ်ခဲ့သေးသည်။သူကအဆောင်မှူးထက်ပင်တစ်ဆောင်
လုံးကိုထိန်းထားနိုင်သည်မဟုတ်ပါလား။

တစ်ခါတစ်လေ..စုန်းတစ္ဆေ..ပုံပြင်များပါလာလျင်တော့..သွားပြီ။တစ်ဆောင်လုံးဘယ်သူမှ..
အောက်ပင်မဆင်းရဲတော့။ခုလည်း..ကြည့်လေ..မဂ္ဂဇင်းတစ်အုပ်ကောက်လှန်ရင်း..ဂမ္ဘီရ
ဆန်ဆန်အကြောင်းအရာများကိုပြောပြနေလေသည်။သူကတော့..စာသိပ်မဖတ်ဖြစ်သဖြင့်
မသိပါ။

“…………..သွားပြီ….။ကျောင်းဆင်းသွားပြီ၊ဒါဆိုငါးနာရီငါးမိနစ်ပေါ့…..”
သူ့ပါးစပ်မှ..လွှတ်ကနဲထွက်သွားသောဝါကျကိုကြားတော့..သူငယ်ချင်းက.. “ဘာဖြစ်တာလဲ..”.
.ဟုမေးသည်။
“ဝယ်သူကျတာပေါ့ကွာ..ဝယ်သူကျတော့..ဆိုင်မသိမ်းဖြစ်ဘူး၊ဆိုင်မသိမ်းဖြစ်တော့၊အိမ်ပြန်
နောက်ကျတာပေါ့၊အိမ်ပြန်နောက်ကျတော့…”
သူစကားအဆုံးလိုက်ရ၊သူငယ်ချင်းက..တဟားဟားထရယ်ကာ..
“အိမ်ပြန်နောက်ကျတော့..မိန်းမဆူတာပေါ့..ဟုတ်လား..”
..ဟုဆက်မေးသည်။ဒီတော့မှ..ကျွန်တော်မနေနိုင်တော့..။
“သားနေမကောင်းလို့ပါကွ..သားဖျားနေတာတစ်လရှိတော့မယ်..အဖျားကတက်လိုက်၊ကျ
လိုက်နဲ့..ဆရာဝန်နဲ့ပြတာလည်းမပျောက်ဘူး၊တက်တယ်ဆိုတာက.အများဆုံး၁၀၃လောက်
ကျရင်တော့..၉၉..၁၀၀လောက်မှန်နေတာပဲ..”
..ဟုသူငယ်ချင်းကိုပြောပြလိုက်သည်။

ဒီတော့မှသူငယ်ချင်းက..အလေးအနက်စဉ်းစားဟန်နှင့်ငြိမ်သွားတော့သည်။ခဏနေမှ..
“ပရောဂဆရာလေးဘာလေးပြကြည့်ပါလား”….တဲ့။
သူပြန်ဆဲမည်လုပ်ပြီးမှပါးစပ်ပိတ်ထားလိုက်ရသည်။ဝယ်သူတွေကျလာပြန်သည်လေ။က
လေးတွေက..စာအုပ်၊ခဲတံ၊ခဲဖျက်စသဖြင့်အလုပ်ရှုပ်နေကြသည်။သူကတော့..လိုတာထုတ်
ပေးရင်းမနက်က..မြတ်..ပြောလိုက်သောစကားတစ်ခွန်းကိုကြားယောင်နေမိသည်။
“ဗေဒင်သွားကြည့်မလို့..အကြားအမြင်ပေါ့..”…….တဲ့။
ကလေးများစုပြုံကျနေ၍သူငယ်ချင်းကပါကူရောင်းရသည်အထိ..ဆိုင်ကလည်းရောင်းလို့
ကောင်းနေပြန်သည်။ကလေးတွေရှင်းလုမှဆိုင်စသိမ်းဖြစ်တော့သည်။
“ဟေ့ကောင်..ငါအတည်ပြောနေတာနော်..မင်းတို့လို..သိပ္ပံသမား၊လက်တွေ့သမားလို့…..
ကြွေးကြော်ထားတဲ့ကောင်တွေ..ကိုပြောရတာခက်ပါတယ်။ဒီမှာ..ဟေ့ကောင်..လောကမှာ
မင်းမသိသေးတာတွေအများကြီးဆိုတာသိထားစမ်းပါ..”..ဟုကရုဏာဒေါသောနှင့်ပြောလေ
သည်။ထုံးစံအတိုင်းအေးစက်စက်ပြုံးစိစိလုပ်နေမိသည်။ဒါတွေကိုသူမှမယုံတာ၊မတတ်နိုင်
ဘူးလေ..။အဓိပ္ပာယ်မရှိ..ဟုပင်စိတ်ထဲကရေရွတ်လိုက်မိသေးသည်။

ဒီစကားလုံးကိုသူမနက်တည်းကရေရွတ်ခဲ့တာပါပဲ။အမေနှင့်မြတ်အကြားအမြင်သွားမေး
မည်ဆိုတုန်းကပေါ့..အမေကတော့ထားပါတော့။သူတို့ငယ်ငယ်ကတည်းက..ဗေဒင်ဆရာ
အကြားအမြင်ဆရာ..စုံအောင်မေး..ယတြာတွေစုံအောင်လုပ်တတ်သူဖြစ်သည်။ကိုယ်တိုင်
လုပ်မှဆိုရင်လည်း..သူတို့ကိုချော့မော့ခိုင်းတတ်သေးသည်။ညီအစ်ကိုနှစ်ယောက်တည်းရှိ
၍သာတော်တော့သည်။အမေသည်သားနှစ်ယောက်အတွက်ယတြာကိုမပြီးနိုင်အောင်လုပ်
တတ်သည်။

မကြာခဏလည်းဘုရားသွား၊စာကလေးလွှတ်၊ငါးလွှတ်နှင့်။တစ်ခါတော့သူကောင်းကောင်း
မှတ်မိသည်။ကိုယ်စားလွှတ်တယ်ဆိုလားဘာဆိုလား၊အရုပ်ကလေးကိုသူ့ပုဆိုးစ..အကျီ င်္စ
များပတ်ပေးကာ..မြစ်ထဲသွားမျှောဖူးတာ..။အဖေကတော့အမေလုပ်တာဆိုဘာမှမကန့်
ကွက်..။ထားပါတော့။ဒါကရှေးလူကြီးတွေမို့..ခက်တာက..လက်တွေ့ကျလှပါတယ်ဆိုသော
သူ့ဇနီးမြတ်ကပါ..ခု အမေနှင့်တစ်ပုံတည်းဖြစ်နေတာပါပဲ။မြတ်ကလည်းသူငယ်ချင်းပြောသ
လိုပင်.. “ရှင်ဘာသိလို့လဲ..လောကမှာရှင်မသိတာတွေအများကြီးပဲ”…တဲ့။ဒီနေ့တစ်နေ့ထဲ
မှာပင်သူသည်ဘာမှမသိသောသူနှစ်ကြိမ်ဖြစ်သွားခဲ့ရလေပြီ။

သူငယ်ချင်းကတော့သူ့အကြောင်းသိသူမို့..သူပြောချင်ရာကိုပြောပြီး..စကားလမ်းကြောင်း
လွှဲလိုက်တော့သည်။သူနှင့်အတူဆိုင်ကူသိမ်းပြီး…လမ်းတစ်ဝက်ခန့်ထိအတူလိုက်လာခဲ့
သည်။လမ်းမခွဲမီစကားတစ်ခွန်းပြောသွားခဲ့သေးသည်။
“မလုပ်လိုက်မိလို့ဆိုတာမရှိစေနဲ့..မင်းသားကံကောင်းမှာပါ..”…တဲ့။

(၂)
အိမ်ပြန်ရောက်တော့အိမ်ပေါက်ဝမှာဇနီးသည်ကဆီးကြိုနေသည်။မျက်နှာကိုအကဲခတ်ကာ
ကြည့်တော့..မနက်ကလောက်မဆိုးတော့..တစ်စုံတစ်ခုကိုဘဝင်ကျခဲ့သလို..။သူ့ကိုပဲတစ်ခု
ခုပြောစရာရှိသလိုနှင့်။သူ..မဝေခွဲတတ်။သို့သော်လည်းဘာမှမမေးဖြစ်တော့ပါ။သားကိုစမ်း
ကြည့်သည်။အဖျားကျနေဟန်။သိပ်မပူတော့..ဒါဆို..၉၉..၁၀၀ဆိုတာသူမတိုင်းပဲသိနေ၏။
သားကိုထားခဲ့ကာထမင်းဝင်စားဖြစ်သည်။ဒီတော့မှ..မြတ်ကစကားစတော့သည်။သူမတို့…
ဒီကနေ့အကြားအမြင်သွားမေးခဲ့သည့်အကြောင်း..ထိုဆရာမသည်မည်သို့တော်ကြောင်း…
ရှေ့ဖြစ်နောက်ဖြစ်များအလွန်မှန်ကြောင်း..ခုလည်းသူမတို့ကိုပြောလိုက်တာအရမ်းမှန်နေ
ကြောင်း..နိဒါန်းပျိုးသည်။

“သားအကြောင်းတောင်မပြောရသေးပါဘူး..ဆရာမကသားကျန်းမာရေးပုံမှန်မဟုတ်ဘူး
တဲ့..အဲဒါ..သားကိုပြုစားထားတာတဲ့မောင်..”
ကျွတ်..ကနဲမသံမထွက်အောင်သူ..မနည်းထိန်းလိုက်ရသည်။မြတ်၏မျက်နှာကအင်မတန်
စိတ်ထက်သန်နေသည်ကိုး။
“ဒီတော့မောင်ရယ်..တိုတိုပဲပြောရအောင်..ဆရာမကခေါစာပစ်ရမယ်တဲ့..”
“ဘာလဲဟ..ခေါစာ..”..ဟုပြန်မေးတော့..
“ဒါ..မောင့်အလုပ်မဟုတ်ပါဘူး၊မောင်လုပ်ရမှာကိုမြတ်ကပြောမှာပါ။ဒီမှာ..ဆရာမပြောတဲ့အ
တိုင်းမေမေနဲ့မြတ်ပြင်ပေးထားတဲ့ဗန်းကိုယူ..လမ်းထပ်ကမန်ကျည်းနှစ်ပင်ခွကြားကိုသွား
တက်တင်ရမယ်၊ဖယောင်းတိုင်တစ်တိုင်လည်းထွန်းခဲ့ရမယ်..အဲဒါက..ညဆယ့်နှစ်နာရီတိ
တိမှာနော်..ပြီးရင်ပြန်လာပြီး..မနက်လေးနာရီမှာအဲဒါကိုသွားပြန်ယူပြီး..မြစ်ထဲမျှောရမယ်
တဲ့..”
မြတ်စကားဆုံးတော့..သူဘုရားတလိုက်မိသည်။တကယ်ပါ။သိပ္ပံကျောင်းသားပီပီဘာကိုမှ
မယုံသော်လည်း၊ဘာကိုမှမကြောက်တတ်သည့်ထဲတော့သူမပါခဲ့။ငယ်စဉ်ကတည်းကခုထိ၊
ညဥ့်နက်အောင်အပြင်ထွက်မလည်ဖူးခဲ့။ပြီးတော့..မြတ်ပြောသည့်အပင်၏ရာဇဝင်နှင့်..မြစ်
ဖြတ်လမ်း၏ဒဏ္ဍာရီတို့ကိုလည်းသူမယုံတယုံနှင့်..ယုံချင်မိလာသည်။ဘယ်သူမှဖြတ်သွား
လေ့မရှိသောမြစ်ဖြတ်လမ်းနှင့်ဝိညာဉ်များပေါင်းစုသည်ဟုနာမည်ကြီးသော..သစ်ပင်တစ်
ပင်..။ငယ်စဉ်တည်းကကြားနာခဲ့ရသောပုံပြင်များသာဖြစ်သည်ဟု..သူမယုံကြည်ချင်တော့။
ခုချိန်မှာ..သူ့ကို..မင်းကြောက်လား..ဟုမေးလာလျှင်တောင်ဝန်ခံမိမည်လားမသိ။
“ဒါ..ဒါ..မလုပ်လို့မရဘူးလား..မြတ်ရယ်..”
ထစ်ငေါ့တုန်ခါစွာ(ယောကျာ်းမပီသဘူးဆိုဆို..)ပြောလိုက်တော့..မြတ်မျက်နှာကချက်ချင်း
ညှိုးကျသွားတော့သည်။မျက်ရည်များပင်လည်လာကာ..
“လာမလာကို..စုန်းမက..အပင်ပေါ်ကနေကြည့်နေမှာတဲ့..”
ကြက်သီးပင်ထသွားသလို..။
“မောင်..သားလေးကိုမချစ်ဘူးလား..မကယ်နိုင်တော့ဘူးလား..”…တဲ့။
မြတ်အသံကသူ့ကိုထပ်မံတုန်လှုပ်စေသည်။ပထမအကြိမ်ကနှင့်တော့..ခံစားချက်မတူတော့
ပါ။သားလေးကိုမချစ်မကယ်တော့ဘူးလားဆိုသည့်စကားစုကသူ့ကိုအကြိမ်ကြိမ်တုန်ခါစေ
တော့သည်။

“မြတ်လည်း..အစကဒါတွေမယုံခဲ့ပါဘူးမောင်၊ဒါပေမယ့်..သားနဲ့ပတ်သက်လာရင်တော့….
မျှော်လင့်ချက်ဆိုတာရှိတယ်..သားအတွက်ဆိုအရာရာကိုယုံမှာပဲ၊လုပ်မိမှာပဲ..အဲဒါဘာ
ကြောင့်လဲသိလားမောင်..မြတ်က..သားအမေလေ..မောင်ကလည်းသားရဲ့အဖေပဲ”..တဲ့။
ထပ်ဆင့်စကားသံနှင့်သား၏မျက်နှာကိုသူမြင်ယောင်လာတော့မြတ်ကိုချေပချင်သည့်
စကားလုံးများပင်ပျောက်ဆုံးကုန်သည်။

ဟုတ်တာပဲ။သားအတွက်..သူဘာလုပ်ရမည်နည်း။တွေးကြည့်ပါဦး။စုန်းမထိုင်နေမည်ဆို
သော..နာမည်ကြီးသစ်ပင်ကြီးဆီ..ညဆယ့်နှစ်နာရီ..ဘယ်သူမှဖြတ်သန်းသွားလာဖို့မရဲ
သော..မြို့ကလေးရဲ့သုဿန်နှင့်ရင်ခွဲရုံရှိရာမြစ်ဖြတ်လမ်း၊..ဖျန်းကနဲ..ကြက်သီးမွေးညင်း
များပင်ထလာသည်။သို့သော်..သားအတွက်တဲ့..မယုံလို့မလုပ်ဘူးပဲထားဦး..တစ်ခုခုဖြစ်
သွားရင်..မလုပ်လိုက်မိလို့ဟူသောနောင်တကလာရောက်ရိုက်ခတ်ဥိးမည်။ဘာပဲဖြစ်ဖြစ်
သားသည်သူတို့၏အသက်ပင်မဟုတ်ပါလား။

(၃)
နာရီလက်တံကသူ့ကိုခြောက်လှန့်နေသည်။ဒီအတွက်ရဲဆေးသို့မဟုတ်ဖြေဆေးကတော့
ကုတင်ပေါ်ဝယ်အဖျားတက်ကာညည်းညူနေသော၊ယခင်ခန္ဓာကိုယ်၏တစ်ဝက်ပင်မကျန်
တော့သော..သားငယ်ပင်ဖြစ်သည်။သား၏မျက်နှာသည်သူ့ကိုတအားတက်စေလေသည်။
သည်သားလေးတစ်ခုခုဖြစ်သွားရင်ဟူသောအတွေးကိုရဲရဲဝံ့ဝံ့ပင်မတွေးဝံ့ချေ။အမေရော၊
သူရော၊မြတ်ရော..ညဆယ့်နှစ်နာရီထိုးရန်စောင့်ဆိုင်းနေကြသည်။

သူ..အမေ့ကိုကြည့်လိုက်မိသည်။တစ်ချိန်က..အမေလည်းသူနှင့်ကိုကိုအတွက်..သည်နည်း
နှင်နှင်ပင်မပူခဲ့ရဘူးလို့ဘယ်သူပြောနိုင်မည်လဲ။အရာရာကိုအမေနှင့်အဖေရင်ဆိုင်ခဲ့ကြပေ
မည်။တစ်ချိန်က..အမေ့လုပ်ရပ်များကိုရယ်မောခဲ့ဖူးသောသူ..လွန်ခဲ့သောခြောက်နာရီခန့်
ထိ..ဘူး..ငြင်းဆိုခဲ့သောသူ..။ခုချိန်မှာတော့သားအတွက်..အပူအပင်တွေရင်မှာအပြည့်နှင့်
သူလုပ်ရတော့မည်။ဒီအချိန်မှာ၊ယုံကြည်မှု၊မယုံကြည်မှုနှင့်ကြောက်စိတ်တွေတိုက်ပွဲဆင်နွှဲ
နေတုန်းအချိန်မဟုတ်တော့။အရေးကြီးတာက..သားပဲမဟုတ်လား။သူ..အမေ့ကိုစိတ်ထဲမှ
ကန်တော့လိုက်သည်။အမေက..သူ့ကိုအားပေးပြုံး..ပြုံးပြကာ..
“သားအတွက်..အမေဆုတောင်းပေးနေမှာပါ..”..တဲ့။

ဆယ့်နှစ်နာရီတိတိမှာသူဘယ်လိုမန်ကျည်းပင်ခွကြားကိုရောက်သွားသည်မသိတော့။ဗန်း
ကိုတင်၊ဖယောင်းတိုင်ကိုအတုန်အရီကင်းစွာထွန်းပြီးသုတ်ခြေတင်ပြန်ပြေးခဲ့တော့သည်..။
ဆောင်းညပင်..ဖြစ်လင့်ကစား..သူချွေးများရွှဲနစ်နေသည်။သူတို့(၃)ယောက်လုံးမနက်လေး
နာရီထိစောင့်ကြပြန်သည်။ဒီတစ်ကြိမ်မှာတော့သူလည်း..ရတတ်သမျှဘုရားစာတွေကိုစိတ်
ထဲမှရွတ်ဆိုနေမိတော့သည်။

ဘယ်လူးညာလိမ့်နှင့်လေးနာရီထိုးခါနီးမှာသူထွက်ရပြန်သည်။ဆောင်းလေက..စိမ့်ကနဲ။လ
သာနေပုံကလည်းချောက်ချားစရာ၊တစ်စစကွဲအက်ပြိုဆင်းသွားသောအမှောင်ထုကလည်း
အပြိုပြိုအလဲလဲ။လူသွားလမ်းခပ်မှုန်မှုန်တွင်သုတ်ခြေတင်ပြေးလွှားနေသူဟူ၍…သူ..တစ်
ယောက်တည်းသာရှိသည်။သုဿန်အစပ်တွေ၊ရင်ခွဲရုံဖက်ဖြာဆင်းသွားသည့်လမ်းတွေကို
ပင်သူသတိမပြုမိတော့။သူသွားလာရာလမ်းတစ်လျှောက်တွင်..သား၏မျက်နှာကိုသာမြင်
နေတော့သည်။မနက်..လေးနာရီသုံးဆယ်အိမ်ပြန်ရောက်တော့သူ့ကို..မြတ်နှင့်အမေကခြံ
ဝထိထွက်ကြိုနေကြသည်။သူကတော့အားလုံးကိုဖြတ်ကျော်ကာသားဆီအပြေးသွားမိသည်
သားကအိပ်မောကျလျက်။နဖူးကိုအသာစမ်းကြည့်လိုက်တော့ခါတိုင်းထက်ပိုသောအေးမြမှု
ကိုခံစားရသလို၊သက်ပြင်းရှည်နှင့်အတူသားကိုသူငုံ့နမ်းလိုက်တာကိုနောက်က..အမေမြင်
မှာပါပဲ။

(၄)
ဆိုင်ကလေးထဲမှာထိုင်ရင်း၊သူငယ်ချင်းလာတတ်သည့်လမ်းကိုမျှော်ကြည့်နေမိသည်။.သူ
ငယ်ချင်းလာလျင်တော့သူ့မှာပြောစရာတွေအများကြီးရှိနေတာပြောရမည်.သူပြောချင်တာ
ကယုံကြည်မှု၊မယုံကြည်မှုတွေ၊ကြောက်စိတ်တွေမပါဝင်ပါ။သူ့ကိုတွန်းအားပေးလိုက်သော
တစ်စုံတစ်ရာသည်မည်သည့်အရလဲဆိုတာကိုသူအတိအကျပြောပြချင်နေမိခြင်းပင်..။

မနော်ဟရီ


19 Comments:

Zephyr said...

ဆောက်ချက်မိထားပြီဖြစ်သောသက္ကရာဇ်
တဖျတ်ဖျတ်လွင့်ဝဲနေသောရက်စွဲများ
မြူခိုးများနှင့်ထူထပ်နေသောသံသရာ
ဒါဏ်ရာတွေကပိုချိုလာတယ်…။

ဘယ်သူရေးတဲ့ကဗျာလည်းတော့မမှတ်မိဘူးအစ်မရေ…. ။
ဆိုင်ဆိုင်မဆိုင်ဆိုင် အဲဒီကဗျာလေးကိုသတိရသွားလို့ ….။ တကယ့် ကို realism လေးပါပဲလား …။ မိဘမေတ္တာဆိုတာ တစ်ဖတ်သတ်စီးတဲ့ မြစ်ပဲလို့ ….
ထပ်တူခံစားသွားပါတယ်….။

Ko Boyz said...

ကိုယ်တိုင်ကြုံဖူးမှ ခံစားတတ်မယ်ဆိုတဲ့ စကား အမေက ခဏ ခဏ ပြောဖူးတယ် ထင်တာပဲ။

Julian said...

အင်း စုန်တဲ့ရေတွေ......
မှတ်မိသေးတယ်၊ ရှင့်ကိုလဲပြောဘူးပါတယ် ပြောရင်ထိထိမိမိပြောတတ်တဲ့ ဆရာမ ငါ့မေမေရဲ့ အမှတ်တရ စကားလေး .........
"မိဘကျေးဇူးဆပ်လို့မကုန်ဘူး မကုန်ဘူးနဲ့ စကားထည်လဲပြောနေတတ်ကြတာကလွဲလို့ ဆပ်မှမဆပ်(တတ်)ကြတာ ၊ ဘယ်ကုန်ပါ့မလဲလေ " ဆိုတာလေ။ ငါတစ်သက်လုံးအမှတ်ရစေတဲ့စကားလေး ။

ဒီစာဖတ်ရချိန်ပိုလို့သတိရသွားတယ် :))

ဂျူ

လင်းဒီပ said...

မိဘမေတ္တာဆိုတာ အဲဒါပါပဲ အစ်မရယ်..
နားလည်လေ ပိုခံစားမိလေ..
ပိုခံစားမိလေ ပိုပြီး ကျေးဇူးဆပ်ချင်လေပါပဲ..။
သတိပေးတဲ့ ပိုစ့်လေးမို့ ကျေးဇူးပါဗျာ..။

အမည်မဲ့ said...

အစ်မရေ ...

မပြော , မတီး ပေမယ့် အသံလေးတစ်သံ ကျွန်တော် ကြားလိုက်တယ်.

အမရာ said...

မရဲ့ဘလောဂ်မှာတင်မထားရင်.......
မရေးတာမဟုတ်ဘူးလို့ငြင်းမိမလားဘဲ.....
တော်တော်လေးကွဲတယ်နော်........
ဒါပေမယ့်မိဘမေတ္တာအဖွဲလေးကတော့
တော်တော်ကောင်းတယ်.........

tg.nwai said...

ဒါကတော့ မနော်ရဲ့ အနုပညာစွမ်းနဲ့ ကိုယ်တွေ့မဟုတ်ပဲ..အဲ..ကိုယ်တိုင်မိခင်ဘ၀ မရောက်ခင်တုန်းကရေးထားတဲ့ ၀တ္ထုလေးပေါ့နော်..။ အခုချိန်မှာရေးထားဖြစ်မယ့် မနော်ရင်ထဲက မိခင်မေတ္တာဖွဲ့နဲ့ တွန်းအားကတော့ ကိုကို့မွေးနေ့ပို့စ်လေးထဲမှာ တစွန်းတစမြင်ခဲ့ရပါတယ်လေ...။

တကယ်တမ်း သားသမီးအတွက်ဆို နောက်ဆုံးမြင်ရတဲ့ ကောက်ရိုးတမျှင်ကိုတောင် သွေးရူးသွေးတန်းဆွဲဖို့ ကြိုးစားနေမိမှာပါပဲ..

ကျားကျား said...

i love this post

kiki said...

မိဘ တိုင်းရဲ့  သားသမီးပေါ် ထားရှိကြတဲ့ မေတ္တာတရား များဟာ စာဖွဲ့ မကုန်နိုင်လောက်အောင် ရှိနေကြတာနော် ။ သားသမီးဇောနဲ့  အရာရာကို ရင်ဆိုင် ရဲ တဲ့ သတ္တိ တွေကို တွန်းအား က အမိအရ ပေးစွမ်းလိုက်နိုင် တာ မှတ်သားစရာပါဘဲ ။ စုန်ရေတွေများပြီးဆန်ရေ ရှားနေတဲ့ လောကကြီးမှာ ဆန်ရေ လေးတွေ အကြောင်းလည်း သိချင်ပါတယ် မနော်ရေ ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေ ။
(နောင် အမြဲ ဖတ်နိုင်ဖို့  link ထားလိုက်ပါတယ် နော်။ ခွင့်ပြု ပါ )

မလိခ said...

မမရေ.. တွန်းအားလေးကကောင်းလိုက်တာ.. ဖေနဲ့မေကို လွမ်းသွားတာပဲ... (ဒီပို့စ်ကို မနေ့ညက လာဖတ်သေးတယ်.. အဖေလုပ်တဲ့သူ ခေါစာသွားမပစ်ခင် အပင်ကြီးအကြောင်းတွေးတဲ့အထိလဲ ရောက်ရော ဆက်မဖတ်ရဲတော့လို့ ခုမှပြန်လာဖတ်တာ..ဟဲဟဲ ကျွန်မက သတ္တိခဲဆိုတော့.. )

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ...

ဖတ်လို့ကောင်လိုက်တာ..
ခွဲသွားပြီဖြစ်တဲ့ ဖေဖေနဲ့ အဝေးမှာကျန်နေခဲ့တဲ့
မေမေ့ကို လွမ်းလို့ မျက်ရည်လည်မိတယ်..

ချစ်တဲ့..
ခင်လေး

အိန္ဒြာ said...

အစ်မနော်..ရေ....

ကိုငြိမ်းရေးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကိုသွားသတိရမိတယ်.။
မွေးကတည်းကသွားတွေပါလာပြီး..
ဘီလူးလေးမွေးတယ်လို့
နာမည်ကြီးနေတဲ့ သားကို နို့တိုက်တဲ့ အမေအကြောင်းရေးတဲ့ ၀တ္ထုတိုလေးလေ..။

အမေသားကို..နို့တိုက်တဲ့အချိန်မှာ
အမေ့စိတ်ထဲမှာ သားက လူလား ဘီလူးလားတဲ့..
အမေက ဘီလူးပဲ...တဲ့
အခုလည်းအစ်မ၀တ္ထုက ရင်ကိုစိုက်ပြန်ပြီ..

မေတ္တာတရား..
မေတ္တာတရားထဲကမှ မိဘတွေသားသမီးအပေါ်
ထားတဲ့ မေတ္တာတရားဟာ..
ဘယ်လိုရေးနည်းနဲ့ဖွဲ့ဖွဲ့ သိပ်လှနေတာပေါ့..အစ်မရယ်...

ဆောင်းယွန်းလ said...

စာဖတ်သူကို အစကနေ အဆုံးအထိ ပီပီပြင်ပြင်ကြီးကို ခေါ်ဆောင်သွားနိုင်ခဲ့တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ မနော်ရေ..စောင့်မျှော်ရကျိုးနပ်ပါတယ်
ဝတ္ထုလေးကိုဖတ်ပြီး ခွန်အားတွေအများကြီးရသွားခဲ့တယ်ဗျ...မိဘရဲ့အနှိုင်းမဲ့
မေတ္တာတရားတွေပေါ့ဗျာ

မိုးခါး said...

သားသမီးအတွက် မိဘရဲ့ မေတ္တာတရားက အရာရာကျော်ဖြတ်နိုင်တဲ့သတ္တိအဖြစ် ပုံစံပြောင်းသွားတယ်နော် ..

သက်ပိုင်သူ said...

မမနော်ရေ..
စတင်ကတည်းက ရုံးမှာ ဖတ်ရတာ .. မန့်လို့မရလို့....

ဒီဇာတ်လမ်းလေးက အရမ်းကို ကောင်းတယ်.. မိဘ မေတ္တာနဲ့ အတူ မြန်မာ့ လူအဖွဲ့အစည်းရဲ့ ယုံကြည်မှု တစ်ခုကို ဇာတ်အိမ်ယူထားတာ တော်တော်လေးထိတယ်....

နောက်ထပ် စာကောင်းလေးတွေ မျှော်နေမယ်နော်

မောင်ခင်လေး said...

ဝတ္ထုတိုလေး ခံစားသွားတယ် အမနော်
ကောင်းသောနေ့ပါဗျာ :)

Moe Cho Thinn said...

မနော်ရေးဟန်နဲ့ လုံးဝကွဲလွဲတဲ့ စာပါပဲ။
အဲဒီလို ရိုးရိုးရှင်းရှင်းနဲ့ လှလှပပ ရေးဖြစ်သွားတာကိုက မိန်းကလေးတွေမှာ ရှိတဲ့ မိခင်စိတ် က စေ့ဆော်သွားလို့များလား။
မိဘမေတ္တာကို ဒီလို ရေးဟန်နဲ့ ရေးတဲ့အတွက် ပိုကြိုက်မိတယ်။

နန်းဝါ၀ါမောင် said...

ဖတ်လို့ကောင်းတယ် မနော်ရေ..
မိဘမေတ္တာဆိုတာ ၀ါ တို့က အခု ကိုယ်တွေ့ဖြစ်နေကြပြီ
လေ..နော်...
အစစအရာရာ အဆင်ပြေပါစေ.

ချစ်တဲ့
ဝါ

Moe Myint Tane said...

မျက်ရည်လည်လာမိတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်