မီးပြတိုက်အလွန်

Tuesday, March 31, 2009

မီးပြတိုက်အလွန်
အလင်းမဲ့ယိုင်လင်းတန်း
ငါ့ခန္ဓာကိုယ်ကို
ထွင်းဖောက်ဖြတ်သန်းသွားတယ်။
ကြားနေကျအသံတွေရဲ့မြင်ကွင်း
သိပ်မရှင်းလင်းချင်တော့ဘူး ... ။
ပုံမကျပန်းမကျနဲ့သဘာဝကြီးကို
ထုဆစ်ဖို့ ကြိုးစားခဲ့တဲ့
ငါ့ရဲ့အပြစ်သာပ ... ။

အဲဒီသစ်ပင်တွေကို ငါစိုက်ခဲ့တာ မဟုတ်ဘူး
အဲဒီမိုးရေစက်တွေ ငါ့ကြောင့်ရွာတာ မဟုတ်ဘူး
အဲဒီမြူတွေ အုံ့ဆိုင်းပိတ်ဆို့နေတာ ငါ့ကြောင့် မဟုတ်ဘူး
အဲဒီ နေ ပူလောင်ခြောက်သယောင်းစေတာ ငါ့ကြောင့်မဟုတ်ဘူး
ဘာဆိုဘာမှ ပြုပြင်ဖန်တီးဖို့
မစွမ်းခဲ့တဲ့ ငါ... ပါကွယ်။

ကံကြမ္မာ တဲ့
ဓားစာခံသက်သက်ကောင်ပေါ့
ပစ်ပေါက်ခံထားရတဲ့ ဓားချက်တွေ
ပြင်းထန်တဲ့လက်သီးချက်တွေပြည့်နှက်
သွေးပျက်နေတဲ့ကြားထဲက
ကြီးမားနေသေးတဲ့ ခန္တီစ...
ငါ... အံ့သြမနေတော့ပါဘူး ... ။

ရာစုနှစ်တစ်နှစ်ကို
သွေးရိုးသားရိုး ပြုစားချင်ခဲ့သူပါ
စကြ၀ဠာရဲ့အမြင့်ဆုံးလမ်းမှာ
ပျံသန်းရင်းတေးဆို
သံလွင်ခက်ငိုတဲ့ညတွေ
ကုန်ပါစေတော့ ... ။


မနော်ဟရီ
၀၅.၀၆.၁၉၉၆


12 Comments:

မောင်ခင်လေး said...

အစ်မရေ ကဗျာလာဖတ်တယ် :)
ကောင်းသောနေ့ပါဗျာ :)

ဝါ၀ါမောင် said...

တို့က ၂.. ဖိုးစိန်ထက်တော့သာသွားပြီ.
ကဗျာလေးဖတ်သွားပါတယ် မေခရေ...

နေကောင်းပါစေ.

ဝါ

လင်းဒီပ said...

ကံကြမ္မာကို ဘေးကထိုင်ကြည့်နေမိတဲ့ လူတစ်ယောက်ရဲ့ အမြင်/ခံစားချက်လို့ တွေးလိုက်မိတယ်..
နေရာတကာ ကံကြမ္မာကို ပုံချမိနေတာတွေကို စိတ်အချင်ပေါက်နေသူတစ်ယောက်လား..
ပြီးတော့ အဲဒီလူက ရိုးရိုးသားသားလည်း အမြင့်ခရီးတစ်ခုကို သွားနေခဲ့တယ်..
(ခံစားမိတာပါ)

သက်ပိုင်သူ said...

မမနော်ရယ်..
စကားလုံးလေးတွေက လှလိုက်တာ..
ဘာတဲ့ မီးပြတိုက်အလွန်တဲ့..

ခေါင်းစဉ်လေးကအစ လှတယ်

ဖိုးစိန် said...

မနော်ရေ.. ဒီကဗျာလေးကို ကျနော်မှတ်မိတယ်..
တီချယ်မီ က ရွတ်ပြဖူးတယ်..
ဘယ်လို အကြောင်းတိုက်ဆိုင်လို့ လဲတော့မသိဘူး..
ကျနော်က ခေါင်းစဉ်ကိုမှတ်မိနေတယ်..
”ရာစုနှစ်တစ်နှစ်ကို
သွေးရိုးသားရိုး ပြုစားချင်ခဲ့သူပါ
စကြ၀ဠာရဲ့အမြင့်ဆုံးလမ်းမှာ
ပျံသန်းရင်းတေးဆို
သံလွင်ခက်ငိုတဲ့ညတွေ
ကုန်ပါစေတော့ ... ။”
ကဗျာလေးကိုကြိုက်တယ်..
သူငယ်ချင်းကိုပြန်မေးနေတယ်..အဲဒီတုန်းကတီချယ်မီက
ဘာလို့ ပြောတာလဲဆိုတာ..
ကဗျာလေးကိုဖတ်သွားတယ်..သတိရတယ်..တီချယ်မီကိုလဲ..
မနော်နေကောင်းပါစေ..
လေးစားချစ်ခင်တဲ့
ဖိုးစိန်

Moe Cho Thinn said...

ဒီကဗျာနဲ့ အခု လက်ရှိ ကိုယ့်ခံစားမှုနဲ့ တိုက်ဆိုင်နေလို့ သံလွင်ခက်တွေ ငိုသွားတယ်။

အိုင်လွယ်ပန် said...

ကံကြမ္မာ တဲ့
ဓားစာခံသက်သက်ကောင်ပေါ့
ပစ်ပေါက်ခံထားရတဲ့ ဓားချက်တွေ
ပြင်းထန်တဲ့လက်သီးချက်တွေပြည့်နှက်
သွေးပျက်နေတဲ့ကြားထဲက
ကြီးမားနေသေးတဲ့ ခန္တီစ...
ငါ... အံ့သြမနေတော့ပါဘူး ... ။

အဲဒီအပိုဒ်လေးကြိုက်တယ်အစ်မ ...
လူပြောသူပြော အခံရဆုံးက အဲဒီကောင် :P

ဆောင်းယွန်းလ said...

ဟောင်းနေပေမယ့်လည်း ကောင်းနေဆဲကဗျာတပုဒ်ပေါ့
မနော်ရေ..

ကောင်းကင်ကို said...

ကဗျာလေး လာဖတ်သွားတယ် မနော်ရေ။ သံလွင်ခက်ငိုတဲ့ညတွေ အမြန်ဆုံးကုန်ဆုံးပါစေဗျာ။

မယ်ကိုး said...

“သွေးပျက်နေတဲ့ကြားထဲက
ကြီးမားနေသေးတဲ့ ခန္တီစ...”
လှလိုက်တာ။
အဟောင်းလေးကို ပြန်တင်ပေးလို့ ကျေးဇူးပါပဲ မ။

LOTUS said...

ငါလည်းသွေးပျက်နေတယ်
ကွန် ကမကောင်းတာလား
နက် ကမကောင်းတာလား
ဘာကိုမှကောင်းကောင်းဖတ်ရဘူး
ရုံးကလည်းဖွင့်လို့ရဘူး ဟိုဟာဘလော့ခ် ဒီဟာပိတ်နဲ့
ဒီ မန့်ကိုတောင် ၁၀မိနစ်လောက်ရေးရတယ်
စာတစ်လုံးရေးလိုက် နက် ကလည်နေလိုက် စောင့်လိုက်နဲ့ ကံနဲ့ငါနဲ့ ပေါင်းရသင်းရ အဆင်မပြေပါဘူး
ဧပြီတောင်မဖူးလိုက်ရဘူး ဘိုင်သဝေး ငါရန်ကုန်ပြန်ဖြစ်မယ်ထင်တယ် ပလန်လုပ်ထားတယ် ဒီနှစ်လားနောက်နှစ်လား အင်း.... မနက်ဖြန်လား.....
ဒီကဗျာကိုတော့ သိပြီးသားနော် ထပ်မမန့်တော့ဘူး မန့်နေရင်လဲ ဒီထက်ရှည်တော့မယ် ကန်ကျန်မာကြီး ခံ...တည်...စ...များနိုင်ပါစေ။

ဂျူ

Bino said...

I read all content of your blog up to date.
Mostly are beautiful even bitter things.

Bino.