မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည် (၂)

Sunday, March 15, 2009

မင်းသားလေးက သတိမပြုမိဟန်နှင့် ဆက်ပြောနေသည်။
ထိုသူတို့သည် လူတစ်ဦးနှင့် တစ်ဦး နှစ်လိုမှုကို `မုန်းတီးခြင်း´ ဟု ခေါ်ပြီး တစ်ဦးနှင့်..
တစ်ဦး ခိုက်ရန်ဖြစ်မှုကို `ချစ်ခြင်း´ ဟု ခေါ်သည်။ ထိုနေရာတွင် ပန်းပွင့်များကို ချက်
ပြုတ်စားသောက်ကြပြီး၊ သားစိမ်းငါးစိမ်းတွေကို သွေးသံရဲရဲနှင့် ခုတ်ထစ်ကာ ဧည့်ခန်း
တွင် အလှဆင်တတ်ကြသည် ... တဲ့။
တခြားတစ်ယောက်ယောက်က လာပြောနေတာ ဆိုလျှင်တော့ ကျွန်မ အော်မိလိမ့်
မည် ထင်သည်။ ခက်တာက၊ထိုစကားကိုပြောနေသူသည်မင်းသားလေး ဖြစ်နေသည်။
မင်းသားလေးကိုတော့ ကျွန်မက ယုံသည်။ သူသည် ယုံကြည်ချင်စရာကောင်းလောက်
အောင်ကို အပြစ်ကင်းသော ကျွန်မ၏မိတ်ဆွေလေးလည်း ဖြစ်သည်လေ ...။
`ပျော်ရင် ငိုကြပြီး စိတ်ညစ်ရင် ရယ်မောတတ်ကြလား ... ´
ကျွန်မလည်း အတွေးပေါက်ပေါက်နှင့် ထိုသို့မေးမိတော့၊မင်းသားလေးက၊ခေါင်းခါသည်။
`သူတို့မှာ ပျော်ရွှင်မှု စိတ်ညစ်ညူးမှု ဆိုတဲ့ ခံစားချက်တွေ မရှိသလို မျက်ရည်နဲ့ ရယ်မောခြင်း
ဆိုတာလည်း မရှိဘူး ...´
သုစရိုက်နှင့် ဒုစရိုက်သည်လည်း လွဲမှားနေနိုင်သည်ပဲ ... ။ ရုတ်တရက်ကြီး ကျွန်မ အသက်ရှူ
ကြပ်လာသလို ခံစားရသဖြင့် ပေါ့ပါးလို ပေါ့ပါးငြား ခေါင်းမော့ ရယ်မောကြည့်လိုက်မိသည်။
`ဟား ... ဟား ...´
မင်းသားလေးက ကျွန်မကို မျက်မှောင်ကြုတ်ကာ ကြည့်လေသည်။ သူ ကျွန်မကို နားလည်နိုင်
ရန် လူလားမြောက်ဖို့တော့ လိုပေလိမ့်မည်။ သို့သော် ကျွန်မ စိတ်ထဲမှာတော့ သူ့ကို လူလားမမြောက်စေချင်သေးပေ။ သူ့ကို သိုးကလေးနှင့် ပျော်မွေ့နေစေချင်သေးသည်။

`ဘာလို့ ရယ်တာလဲ ... ရယ်စရာပါလို့လား ...´
`သြော် ... သူတို့က မှားနေတာလား ... ကျွန်မတို့က မှားနေတာလားလို့ တွေးမိလို့ပါ ...´

ကျွန်မ ကလေးတစ်ယောက်ကို ထပ်ညာလိုက်မိပြန်သည်။ ကျွန်မ စာအုပ်ထဲမှ နောက်ထပ်
အဖြူရောင် စက္ကူတစ်ရွက် ပျောက်ဆုံးသွားရပြန်ပြီ။

`ဒါဟာ ရယ်စရာမှ မဟုတ်တာ ကြေကွဲစရာတစ်ခုပဲ ...´
`ကြေကွဲစရာ ...´
`ဟုတ်တယ် ... ဘယ်သူကမှားလို့ မှားမှန်း မသိတာ၊သိပ်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ပေါ့ ... ´
မင်းသားလေး ပြောတော့လည်း ဟုတ်နေသလိုပင်။ ဒါဆို အမှန်ကို အမှန်မှန်း သိမြင်ခြင်းသည် ရော ကြည်နူးစရာ အဖြစ်အပျက်လား။ ကျွန်မ မသိပါ။ အမှန်အတိုင်း ပြောရလျှင် မသိသေးပါ။
ကျွန်မတို့သည် ကံကြမ္မာ အထပ်ထပ်နှင့် လွဲချော် တိမ်းညွတ်ခဲ့ကြသူများသာ ဖြစ်နေကြသည် လေ။

`အဲဒီ ၁၃၉၀၈ ဂြိုဟ်ကနေ ဘယ်လို ထွက်ခွာလာခဲ့လဲ ...´
`စတင် ၀င်ရောက် ချဉ်းကပ်စဉ်က အတိုင်းပေါ့ ...´
မင်းသားလေးက ထိုစကားကို တည်ငြိမ်စွာ ဆိုသည်။ ထိုအချိန်တွင် သူ့ မျက်နှာနုနုလေးက

တစ်စုံတစ်ရာနှင့် ရှုပ်ထွေးနေဟန် ပေါက်နေသည်။ ကျွန်မ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစား
လာရသည်။
ကျွန်မ ကျောထဲတွင် စိမ့်ခနဲဖြစ်သွားသည်။ ဆောင်းလေကြောင့်တော့ ဟုတ်ဟန်မတူပါ။ မြောက်
ပြန်လေသည် အလွန်တရာ ကြည်လင်ရှင်းသန့်နေခဲ့ပါသည်။

`ကြည့်စမ်း ... သိုးကလေး အိပ်သွားပြီ ... ´
သူတစ်ယောက်တည်း ရေရွတ်သလို ပြောနေပြန်သည်။
`ကောင်းတော့ ကောင်းပါတယ် ... သူ့ဘ၀မှာက တွေးစရာ သိပ်များများစားစားမှ မရှိတာ၊ မြက်ပင်လေးတွေကလည်း အဆိပ်မရှိဘူး ... ကျွန်တော် ခပ်တိုက်မယ့် ရေကလည်း စိတ်ချရ တယ်၊ သူ့မှာ မြက်ခင်းစိမ်းစိမ်းလေးလည်း ရှိတယ်၊ ကောင်းကင်ပြာကိုလည်း သူပိုင်တယ် တိမ်ဖြူတွေနဲ့လည်း စကားထာဝှက်တမ်း ကစားနိုင်သေးတယ်၊ မြောက်ပြန်လေကိုလည်း သူ မှုစရာမလိုဘူး ... မနက်ဖြန်ကိုလည်း တွေးပူမနေရဘူး၊ ဘယ်လောက်ကောင်းလဲ ... ဒါပေမယ့် လူတိုင်းကတော့ သိုးကလေးတစ်ကောင် ဖြစ်ချင်မှာ မဟုတ်ဘူး ...´
`ဘာလို့လဲ ..´
`ရိုးရှင်းလွန်းလို့ ...´
သိုးတစ်ကောင်ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဖူးသော လူသား သိပ်မပီသချင်သည့် ကျွန်မ သည် သူ့စကားကို ကြားကာမှ စိတ်ထဲမှာ ကျိတ်၍ သိုးကလေးတစ်ကောင် ဖြစ်ချင်စိတ် တဖွားဖွား ပေါ်လာရတော့သည်။ ကြည့်စမ်းပါဦး ... သိုးကလေးတစ်ကောင်ရဲ့ဘ၀ဟာ.... ဘယ်လောက်များ မနာလိုချင်စရာ ကောင်းလိုက်ပါသလဲ ...။ မနက်ဖြန်တွေကို ထမ်းထား စရာမလို။ သိပ်များများစားစား တွေးတောနေစရာ မလိုပါဘဲနှင့် သူသည် ကောင်းကင်ကြီး တစ်ခုလုံးကိုလည်း ပိုင်ဆိုင်နိုင်သေးသည်တဲ့လေ ... ။
ကျွန်မ၏ အတွင်းစိတ်ကို မရိပ်မိရှာသော မင်းသားလေးကတော့ သူ့မိတ်ဆွေမလေးကို
ယုံကြည်စိတ်ရှင်းစွာ ကြည့်နေခဲ့သည်။ ဖြူစင်ငြိမ်းချမ်းလှသော ထိုအကြည့်များကို ရင်ဆိုင်
နိုင်ရန် ကျွန်မတွင် အားအင်များ ပြတ်လပ်ကုန်ခမ်းနေခဲ့ရလေသည်။

အခန်း(၃)

နေ၀င်တော့မည်။
ကျွန်မတို့ နှစ်ယောက်သား ငြိမ်သက်တိတ်ဆိတ်စွာ နေ၀င်ချိန်ကို ငေးကြည့်နေမိကြသည်။





သူက ကျွန်မကို မေး၏။
`နေ၀င်ချိန်တွေကို ကြိုက်လား ...´
ကျွန်မ ခေါင်းညိတ်ပြမိသည် ထင်သ်။
`ခင်ဗျား၊သိလား...လူတွေ သိပ်ဝမ်းနည်းတဲ့အခါ နေ၀င်ဆည်းဆာကိုသိပ်နှစ်သက်တတ်တယ် ...´
ကျွန်မ ဘာမှ ပြန်မပြောမိ။
`ခု ... မင်း ၀မ်းနည်းနေလား ...´
`ရှင်ရော ... ၀မ်းနည်းနေလား ...´
ကျွန်မက သူ့အမေးကို မဖြေဘဲ မေးခွန်းနှင့် တုံ့ပြန်သလို သူကလည်း မဖြေပါ။ နေ၀င်မှာကို
သာ ငေးကြည့်နေသည်။
`နေ၀င်တော့မယ် ...´
`ကျွန်မ သိတယ်လေ ...´
`ဟိုး ... ၁၀၄၃ ကြိမ်မြောက် နေ၀င်ဆည်းဆားတုန်းက ...´

သူ စကားဆက်မည်အထင်နှင့် ကျွန်မ ငံ့လင့်နေမိသော်လည်း မင်းသားလေးက ဘာမှ ဆက်
မပြော ...။ ကျွန်မကပဲ မေးလိုက်သည်။

`ရှင် အရမ်း ၀မ်းနည်းနေခဲ့လား ...´
`ခု ... မင်း ခံစားနေရသလိုပေါ့ ...´

အလို ... ကျွန်မ ခုချိန်မှာ ၀မ်းနည်းမှု တစ်စုံတစ်ရာ ခံစားနေရသည်ဟု သူ့ကို ၀န်ခံချက်မပေး
ရသေးပါ ...။ မှိုင်တွေ ငေးမောနေမိခြင်းလည်း မရှိ ...။ မင်းသားလေးက ကျွန်မ၏ တုံ့ပြန်မှုကို
မစောင့်ဘဲ ဆက်ပြော၏။

`၀မ်းနည်းကြေကွဲမှုကို သက်သာရာရစေဖို့ ဆေးနည်းဆိုတာ ဒီလောကမှာ မရှိသေးဘူး ...
တကယ်တော့လည်း ၀င်သွားတဲ့နေက ကျွန်တော်တို့ဆီက ၀မ်းနည်းကြေကွဲမှုတွေကို သယ်ယူ
သွားနိုင်တာမှ မဟုတ်တာ၊ ဒါပေမယ့် အဲဒီမျှော်လင့်ချက်နဲ့ မဟုတ်ပါဘဲနဲ့ကို လူတွေဟာ
သိပ်ဝမ်းနည်းတဲ့အခါ နေ၀င်ချိန်တွေကို စောင့်ကြည့်နေမိတတ်ကြတယ်´

သူပြောတာ ဟုတ်ကောင်း ဟုတ်နိုင်သော်လည်း ကျွန်မ ဇဝေဇ၀ါဖြစ်နေမိသည်။ ကျွန်မ....
တကယ်ပဲ ၀မ်းနည်းနေခဲ့လား ...။ ကျွန်မ မသိပါ။ နှလုံးသားများက အေးခဲသွားလေရော့
သလား ... ။ သေချာတာကတော့....ကျွန်မ..သူနှင့်အတူ..နေ၀င်ချိန်ကို၊နှစ်လိုစွာ ကြည့်နေ
မိသည်။

`ဒီနေရာကနေ ပျောက်ကွယ်သွားတဲ့ နေရောင်ဟာ တခြားကမ္ဘာမှာ လင်းသွားမှာပဲ.....၊
လောကရဲ့ ဒီမှာဘက်ခြမ်း အမှောင်ကိုတော့ သူ ခဏ ကျောခိုင်း မေ့ဖျောက် ထားရမှာ
သေချာတယ်၊ ဒါမှပဲ သူ ရှေ့ဆက်နိုင်မှာလေ၊ ဒီလိုပဲ ... ကျွန်တော်တို့လည်း နေ့ရက်တွေ
ကို ကျော်ဖြတ်ဖို့ နေ၀င်ချိန်တွေကို မနက်လင်းတာနဲ့ မေ့ဖျောက်ပစ်လိုက်နိုင်ရင် .......
သိပ်ကောင်းမှာပဲ ...´
`မေ့ပျောက်မှုဆိုတာ ... လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့ အရာမှ မဟုတ်တာ ...´
`ဘယ်အရာမဆို အလကားမရဘူးလို့ မင်းပဲ ပြောခဲ့တာလေ၊ ထိုက်တန်တဲ့ အဖိုးအခတော့
ပေးရမှာပေါ့ ... သိပ်ပြီး တန်ဖိုးကြီးရင်လည်း ကြီးနေနိုင်တယ် ...´
ကျွန်မ လေပူတစ်ချက်ကို ခပ်ကြမ်းကြမ်းမှုတ်ထုတ်ပစ်လိုက်ချိန်မှာ နေက ၀င်သွားခဲ့ပြီ။
ကျန်ရှိနေသေးသော လက်ကျန်အလင်းရောင်ကတော့ အားကောင်းစွာ တောက်ပဆဲ ... ။
`နောက်ထပ် နေ၀င်တာကို စောင့်ကြည့်ရအောင် ...´
သူက ကလေးတစ်ယောက်လို တောင်းဆိုသည်။
`အိုး ... ဒီမှာက ၂၄နာရီမှာမှ တစ်ကြိမ်ပဲ နေ၀င်တာ ... ´
မင်းသားလေးက ဘာမှ ပြန်မပြော။ ကျွန်မကပဲ ဆက်ပြောနေမိသည်။
`အဲဒါပဲ ကောင်းပါတယ် နော် ...´
`ဘာလို့ ကောင်းတယ်လို့ ထင်ရတာလဲ ... ၂၃ နာရီ ၅၅ မိနစ် ၄၈ စက္ကန့်လုံး လူတွေက
ကြေကွဲမှုတွေကို အလင်းရောင်အောက်မှာ လုံအောင် ဖုံးဖိထားလို့ ရတာမှ မဟုတ်တာ ...´

မင်းသားလေးက ကျွန်မကို သွက်လက်စွာ ငြင်းဆိုလေသည်။ ကျွန်မမှာတော့ သူ့ကို ပြန်လည်
ပြောဆိုရန် စကားလုံးများ မှေးမှိန်လို့ ...။




ကျွန်မတို့ စကားလုံးတွေ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် အားကောင်းလာလိုက် ပြန်မှိန်
ဖျော့သွားလိုက်နှင့် နောက်တစ်နေ့ နေ၀င်ချိန်ထိတိုင် စကားပြောနေဖြစ်ကြသည်။ အန္တရာယ် များ၏လားရာနှင့် အသီးအပွင့်များအကြောင်း၊ ချောက်ကမ်းပါးများ၏ ချိုမြိန်သော တေးဂီတနှင့် နူးညံ့သောခြေလှမ်းများအကြောင်း၊ အိပ်မက်တိမ်ဆိုင်များ၏ အသုံးဝင်ပုံနှင့် ထိတ်လန့်ကြောက် မက်ဖွယ် ဆာလံကျမ်းနှင့် D ၁၁၁ ဂြိုဟ်ကလေးတစ်ခုအကြောင်း ...။ ရှောလမွန်သီချင်းနှင့် လွတ်မြောက်ရာလမ်းကြောင်းများအကြောင်း ...။

ဒုတိယမြောက်ညနေခင်း၏ နေ၀င်ချိန်ကလည်း လွမ်းဆွတ်ချင်စရာကောင်းလွန်းနေသည်။
ကျွန်မ ဘာကိုလွမ်းဆွတ်နေခဲ့သည်လဲ ... ။ မင်းသားလေးရော တစ်စုံတစ်ရာကို လွမ်းဆွတ်
နေခဲ့သည်လား ...။

`သီချင်းတစ်ပုဒ်လောက် မဆိုချင်ဘူးလား ...´

ရုတ်တရက်မေးလာသောစကားကြောင့် ကျွန်မ သူ့ကို တွေတွေလေး ပြန်ကြည့်မိသည်။
သူ့မေးခွန်းလေးက ရိုးစင်းလွန်းလှပါလျက်နှင့် ကျွန်မအာရုံများ နောက်ကျသွားကြရသည်။
သူက ဆက်ပြော၏။

`နေ၀င်ချိန်မှာ ဆိုရမယ့် သီချင်းတစ်ပုဒ်လောက် မရှိဘူးလား´
`ကျွန်မ ဂီတသံတွေကိုတောင် ခံနိုင်ရည်မရှိတော့တာ အတော်ကြာပြီ ... တစ်ချိန်ကတော့
ကျွန်မဟာ Nightingale ငှက်ကလေးတစ်ကောင်လိုပဲ သီချင်းမဆိုတဲ့နေ့ တစ်နေ့မှ မရှိခဲ့ဘူး
... ခုတော့လည်း ...´

ကျွန်မက လူကြီးသူမတွေ ဟန်လုပ်နေကျအတိုင်း အသံကို တိမ်ဝင်ပစ်လိုက်ကာ စကားစကို
ရပ်ပစ်လိုက်မိသည်။ (တွေ့မြင်နေကျဖြစ်၍ ကိုယ်တိုင်နှစ်လိုသည်ဟု မထင်သော်လည်း ......
မသိစိတ်က အလိုအလျောက် ပုံတူကူးထားသည်ကို ခုမှ သိလိုက်ရတော့သည်။)
`ဆက်ပြောလေ ...´ ဟု မင်းသားလေးက ဆိုသည်။
သူ့အသံက အမိန့်သံ မဆန်သော်လည်း လိုက်နာချင်စရာတော့ အလွန်ကောင်းနေ၏။
`ကျွန်မအသံတွေ သေနေခဲ့ပြီ ...´
သူကတော့ ကျွန်မစကားမဆုံးမီမှာပင် သီချင်းတစ်ပုဒ်ကို... စတင်......သီဆိုတော့သည်။
နောင်အခါ ကမ္ဘာပေါ် ရှိရှိသမျှ သီချင်းတွေထဲတွင် သက်ဝင်ကြေကွဲဖွယ်အကောင်းဆုံး
အသစ်လွင်ဆုံး အလန်းဆန်းဆုံးနှင့် နားထောင်၍ အကောင်းဆုံး သီချင်းတစ်ပုဒ်အဖြစ်
ဒီကမ္ဘာလေထုတွင် ကျန်ရှိခဲ့မည့် သီချင်းလေးလည်း ဖြစ်သည်။ ကလေးတစ်ယောက်၏
နားဝင်ပီယံရှိလှသော အသံလေးနှင့် ပေါင်းစပ်လိုက်သောအခါ ...





ကျွန်မ ထိုသီချင်းလေးထဲတွင် နစ်မျောသွားတော့၏။

နေကား ၀င်သွားခဲ့ပြန်ပြီ ... ။

တဖြည်းဖြည်း ပြန်လည်နှုတ်သိမ်းယူသွားနေသော နေရောင်ခြည်များနှင့်အတူ မင်းသား
လေး၏ နှစ်လိုဖွယ်ဂီတသည်လည်း ပြီးဆုံးသွားခဲ့ပြီ။

`သိပ်ကောင်းတာပဲ´
`သိပ်ကောင်းတယ်ဆိုတာ ဘာကို ပြောတာလဲ ... နောက်ထပ် သူ့ထက်ကောင်းတဲ့ အရာ
တစ်ခု ရှိမလာခင်အထိပဲ ... သူက မှန်ကန်နေမှာလေ ...´
`ဟင့်အင်း ... ကျွန်မအတွက်တော့ ဒါဟာ အကောင်းဆုံးပါ ...´
`စကားကို ကုန်အောင် မပြောရဘူးလို့ ပြောတာ ကြားဖူးတယ်၊ မင်းက ဘာလဲ ... ကလေး
လား ... လူကြီးလား ...´
`တစ်ဝက်စီပေါ့ ...´

ကျွန်မစကားကြောင့် မင်းသားလေးက ခိုးခိုးခစ်ခစ် ရယ်သည်။ သူ့ရယ်သံလေးက သာယာ
နာပျော်ဖွယ်အတိရှိပြီး ချစ်စရာလည်း အလွန်ကောင်းသည်။

`တွေ့ခဲ့ဖူးတဲ့ လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တ၀ါတွေလိုလား ...´
`အဲဒါက Centaur တွေ ... သူတို့က သိပ်ပြီး စိတ်ကောင်းနှလုံးကောင်း ရှိကြတယ် ...´
`ဘာရယ် ...´
`Centaur တွေ ...´
`အဲဒီပုံလေး ဆွဲတတ်လား ...´
`အင်း ... ဆွဲပေးရမလား ...´
သူ တစ်ချက်မျှ စဉ်းစားပြီးမှ ခေါင်းကို အသာခါ၏။
`နေပါစေ ... သူ့ကို ကျွန်တော် နိုင်အောင် ထိန်းနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့် နေရာလေးက ကျွန်တော့်ထက် ပိုမကြီးဘူး ...´
ထိုအခိုက်အတန့်တွင်ပင် သူ့မျက်နှာလေးက တစ်စုံတစ်ရာသော လွမ်းဆွတ်မှုများ ဖြတ်
ပြေးသွားသည့်နှယ်..အိုး သူ့ကြည့်ရတာတစ်ခါမှသူ့ဂြိုဟ်လေးဆီပြန်ရောက်သေးပုံမပေါ် ... ။
`မှောင်နေပြီ ... ကျွန်တော့်သိုးကလေး အေးနေပြီလား မသိဘူး ...´
`အရင် မိတ်ဆွေကြီး ဆွဲပေးတဲ့ သိုးကလေးရော ...´
`အန္တရာယ်ကင်းတာ မှန်ပေမယ့် ဘယ်လိုသိုးကလေးမှ..သေတ္တာလေးထဲမှာ... ကြာရှည်.. မနေနိုင်ဘူး ...´
`ဒါဆို ... သိုးကလေးကို ...´
`ကျွန်တော် တတ်နိုင်သမျှ ကာကွယ်ပေးရမှာပေါ့ ...´
နေ၀င်သွားခဲ့ပြီဖြစ်သော်လည်း မင်းသားလေးကို မြင်နေရဆဲ ...။ အပြစ်ကင်းစင်လှသော
မင်းသားလေး၏ မျက်နှာကို ကြည့်ရင်း မကြာခင် သူ ကျွန်မဆီက ထွက်သွားတော့မှာကို
ကြိုသိနေသလို ခံစားမိလာသည်။

အိုး ... တကယ်ပဲ ... ကျွန်မ ၀မ်းနည်းနေခဲ့လေသည်။
`နေ၀င်ချိန်ကို ထပ်ကြည့်ရဦးမှာလား ...´
`ကြည့်ဖြစ်တဲ့အခါကျရင်ပေါ့ ...´
`ဒါဆို ... ရှင်သွားတော့မှာလား ...´
`သွားဖြစ်ရင်လည်း သွားဖြစ်ပါလိမ့်မယ် ...´
`ဒီကမ္ဘာမြေကို ပြန်လာဦးမှာလား ...´
`လောကရဲ့လမ်းတွေက..သိပ်ရှုပ်ထွေး.. ရှည်လျားလွန်းတယ်.၊မတော်တဆလည်း..ပြန်ရောက်ချင် ရောက်လာနိုင်တာပဲ၊ မတော်တဆလည်း ပိုဝေးသွားနိုင်သလို...... အမှတ်တမဲ့လည်း

လှည့်ပြန်လာနိုင်သေးတာပဲ၊ အရာအားလုံးဟာ ဖြစ်နိုင်ပြီး ဖြစ်ခွင့်. .လည်း ရှိပါတယ် ...´

ကျွန်မ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်တစ်ချို့ လင်းလက်နေခဲ့ပြီ။

`ခင်ဗျားလိုပဲ ... ကျွန်တော်လည်း ကြယ်တွေကို ကြည့်နေမိတတ်တယ်၊ ကြယ်တွေအားလုံး ဟာ သံချေးတက်..နေတဲ့ စက်သီးရှိတဲ့..ရေတွင်းလိုပဲ ... ကျွန်တော် သောက်ဖို့ ရေတွေကို ပန်းထုတ်ပေးလိမ့်မယ်၊ ဒါဟာ သိပ်ရယ်စရာ ကောင်းတာပဲ၊ ကြယ်ကလေးတွေ ငါးသန်း လောက်ရှိရင် ခင်ဗျား ခေါင်းလောင်းလေးတွေ ငါးသန်းရမယ်၊ ကျွန်တော်လည်း အေးမြတဲ့ စမ်းရေ သန်းပေါင်းငါးရာ ရပါလိမ့်မယ် ...´

သိပ်ရယ်စရာကောင်းတာပဲ...ဟု ဆိုသော်လည်း သူ၊မရယ်သလို ကျွန်မလည်းမရယ်နိုင်ပါ။
အေးမြတဲ့ စမ်းရေ သန်းပေါင်းငါးရာနှင့် မိတ်ဆွေတစ်ယောက် ညီမျှသည်ဟုတော့ ကျွန်မ
ခံစား၍ ရနေသည်။

`ကျွန်မအတွက်ကတော့ ရယ်တတ်တဲ့ ကြယ်ကလေးတစ်လုံးလောက် တွေ့ရရင်ပဲ ကျေနပ် မှာပါ၊ နေ၀င်ချိန်ကို ၀မ်းနည်းကြေကွဲမှုတွေနဲ့ ထိုင်ကြည့်ဖြစ်ပေမယ့် အမှောင်နဲ့အတူ ထွက် လာတဲ့ ကြယ်ကလေးတွေထဲက ကြယ်ကလေးတစ်လုံးက ကျွန်မကို ရယ်ပြတဲ့အခါ ကျွန်မ စိတ်သက်သာရာ ရပါလိမ့်မယ်၊ အဲဒီထဲမှာမှ ရယ်မောတတ်တဲ့... ကြယ်ကလေးကို ကျွန်မ...... ပြန်ပြုံးပြမှာပေါ့ ... ကြယ်ကလေးကရော ... ကျွန်မအပြုံးကို ရပါ့မလား ...´ `အိုး ... အဲဒီအပြုံးဟာ အချိန်ကာလတွေ အကွာအဝေး ခရီးမိုင်တွေနဲ့ အမြဲကင်းလွတ်နေပါ ..လိမ့်မယ် ...´
မင်းသားလေးကသူ့ရွှေဝါရောင် ဆံပင်များကိုလက်သေးသေးလေးနှင့် သပ်တင်လိုက်သည်။
သူ့ပုံစံက တစ်စုံတစ်ခုသော အဆစ်အချိုးအတွက် ပြင်ဆင်နေသော ခရီးသည်တစ်ယောက်၏
ပြင်ဆင်မှုမျိုးနှင့် ခပ်ဆင်ဆင်တူနေသလိုပင် ... ။ ကျွန်မ မသိအောင် သူ တိတ်တဆိတ် ထွက်ခွာ
သွားမည့်ပုံတော့ မရှိ။ သူက ကျွန်မရှေ့မှာပင် ကျွန်မကို အတိအလင်း ကျောခိုင်းထွက်ခွာသွား
မည့်ပုံ ရှိသည်။ ကျွန်မမှာ သူ့ကို တားဆီးလိုစိတ် မရှိသော်လည်း သူ ထွက်ခွာသွားမှာကိုတော့
မလိုလားမိပြန်ပါ။

`ကြယ်တွေနဲ့အတူ သီချင်းဆိုကြည့်ပါလား ... ကြည့်စမ်း ... ခု သူတို့ သီချင်းဆိုနေကြတယ် ...´

တလက်လက်တောက်ပနေသော ကြယ်များကို ကြည့်ရသည်မှာ မီးတောက်လေးများ ယိမ်းထိုး
ကခုန်နေသည်နှင့် တူသည်။

`သူတို့ကရော ကနေကြလား ...´
`ဒါပေါ့ ... သီချင်းဆိုပြီး ကနေကြတာ... မင်းလည်း ကကြည့်ပါလား ... ကြယ်တွေနဲ့ အတူလေ ...´

ကျွန်မ ကြယ်ကလေးတွေကို ကြည့်ရင်း စိတ်ထဲ ပြန်လည်လန်းဆန်းလာသလို ခံစားလာရသည်။
ကြယ်တို့၏ ဂီတစည်းချက်နရီများက ကျွန်မကို လှုံ့ဆော်နိုင်စွမ်းသည်လား ... ။ တဖြည်းဖြည်း
ကျွန်မနှုတ်ခမ်းတို့ စွတ်စိုလှုပ်ရှားလာခဲ့ကြပြီ ... ။ သတိဝင်လာချိန်၌ ကျွန်မ ကြယ်ကလေးတွေနှင့်
အတူ ပျော်ရွှင်စွာ သီချင်းဆိုရင်း ကခုန်နေမိလေပြီ ... ။




ဂီတသံများက ပိုမိုမြိုင်ဆိုင် မြူးကြွလာသလိုပင် ... ။ ကျွန်မ နှလုံးသားထဲတွင် ပျော်ရွှင်မှုများကပ်ခို
ငြိတွယ်လာခဲ့ပြီ ... ။

`ရှင့်ရဲ့သိုးကလေးရော ကနေလား ...´

ကျွန်မ၏မေးခွန်းကို မင်းသားလေးက မတုံ့ပြန်ပါ ... ။

ကျွန်မ ရုတ်တရက် နှလုံးသားတစ်ခုလုံး ဆောင့်ခုန်တက်သွားသလို ခံစားရပြီး ကတာကို ရပ်ပစ်
လိုက်မိသည်။ မင်းသားလေးကို မတွေ့ရတော့။ သူ ထွက်ခွာသွားခဲ့ပြီ . ။ နှုတ်ဆက်ခြင်းမပါသော ထွက်ခွာသွားမှုများကိုသာ လိုလားနှစ်သက်ပုံရသော ကျွန်မ၏မိတ်ဆွေကလေးသည် ကျွန်မကို
ပျော်ရွှင်မှုတစ်ခု ဆောင်ကြဉ်းပေးရင်းထွက်ခွာသွားခဲ့ပြီ။တိတ်ဆိတ်စွာ ငြိမ်သက်စွာကျွန်မရင်ထဲ ငြိတွယ်ကျန်ရစ်ခဲ့ရင်း ဝေးကွာသွားခဲ့လေပြီ ... ။



ကျွန်မ ရွှင်လန်းစွာ ကခုန်နေခဲ့သည်ကို အခွင့်ကောင်းယူ၍ ထွက်ခွာသွားခဲ့သည်ဟု ကျွန်မသူ့ကို
မစွပ်စွဲလိုပါ။ သူ မထွက်ခွာမိ ကျွန်မကို လွတ်လပ်ပေါ့ပါး ပျော်ရွှင်စေခဲ့သည်ပဲ ...။
ကျွန်မ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
ရယ်မောနေသော ကြယ်ကလေးတစ်လုံးကို တွေ့လိုက်ရ၏။ သို့သော် ထိုကြယ်ကလေးကို လူတိုင်းတော့ တွေ့မြင်ခွင့် မရနိုင်ပါ။

တစ်စုံတစ်ယောက်ကများ ထိုကြယ်ကလေးကို ကြည့်မြင်ချင်သည်ဟု တောင်းဆိုလာခဲ့ပါလျှင်
ကျွန်မ ပထမဆုံးအနေနှင့် ထိုသူကို နှလုံးသား ဖြူစင်ရှင်းသန့်အောင် ကြိုးစားဖို့ တိုက်တွန်းရ ပေလိမ့်မည်။ နောက်မှ ... အလင်း နှစ်သန်းပေါင်းများစွာ ဝေးကွာသော်လည်း ထိုအကွာအဝေးနှင့် အစဉ်ကင်းလွတ်နေမည့် ရယ်မောနေသည့် ကြယ်ကလေးကို နှလုံးသားနှင့် ကြည့်မြင်ခွင့်ရအောင် ညွှန်ပြပေးပါမည်။
လောလောဆယ်တော့ ကျွန်မ မည်သူ့ကိုမှ ပြသခွင့် မကြုံခဲ့သေးပါ။
တစ်နေ့နေ့မှာတော့ ...



နိဂုံး

........တကယ်ပါ ...
...ဝေးကွာနေသောကျွန်မတို့ မိတ်ဆွေနှစ်ဦးအတွက် နောက်ထပ် ဘာမှ လိုအပ်မနေခဲ့တော့ပါ။

မနော်ဟရီ


23 Comments:

ပီတိ(စိတ်ပညာ) said...

နာ ပထမကွ :P

ပီတိ(စိတ်ပညာ) said...

ထိုနေရာတွင် ပန်းပွင့်များကို ချက်ပြုတ်စားသောက်ကြပြီး ... တဲ့။
ကြက်သီးတောင်ထသွားတယ် :(

လင်းဒီပ said...

အစအဆုံး ဖတ်ပြီးသွားပြီအစ်မ...

မင်းသားလေးနဲ့တစ်ခါလောက်တော့
လက်ဖက်ရည် အတူတူ သောက်ချင်သေးတယ်...စကားစမြည်ပြောရင်း..

အောင်သာငယ် said...

မင်းသားလေးကို ခင်ဝမ်း သီချင်းတပုဒ်လောက် ဆိုပြချင်လိုက်တာ...

LOTUS said...

မင်းသားလေး အဲလို ထွက်ထွက်သွားမှာကြောက်တယ်။
တွေ့ချင်တော့ဘူးအဲလိုဆို ၊ တွေ့သူများ တဆင့်ပါးသော အမှားထဲမှ အမှန်များ သို့မဟုတ် အမှန်ထဲမှအမှားများ သို့မဟုတ် အမှားအမှန်မသိနိုင်သောကိစ္စများကိုဘဲ နားထောင်တော့မယ် ။ ချစ်စရာ့မိတ်ဆွေကလေးကိုလိုချင်ပေမယ့် ထားသွားတာကိုမခံနိုင်ဘူး ။ မိတ်ဆွေတစ်ချို့ရဲ့ ကတိမတည်မှုပေါ်လဲ စိတ်ဆိုးမနေချင်တော့ဘူး ။ ဟုတ်ပါတယ် ။ မနက်ဖြန်တွေကိုထမ်းမထားရဘူးဆိုရင်ဘဲ သိုးငယ်လေးအဖြစ်ကကျေနပ်ချင်စ၇ာကောင်းနေပြီ ။

ကဲ ထုံးစံအတိုင်း ရှင့်စာစုကနေကျုပ်စာစုဖြစ်တော့မယ် ။ ခပ်တိုတိုမမန့်တတ်တာကလဲ ပညာတစ်ခုပါဘဲ ။ ဟဲဟဲ


ဂျူ

GANGSTER said...

အစအဆုံး ဖတ်ပြီးသွားပြီအစ်မ...

NLS said...

အမရေးသမျှ ကျွန်တော် ဖတ်ဖူးသမျှထဲမှာ ဒီတစ်ပုဒ် အကြိုက်ဆုံးပဲ။ ကျေးဇူး။

အိုင်လွယ်ပန် said...

အစအဆုံး ထပ်ဖတ်ဖြစ်တယ် ...

မလိုအပ်ခြင်းဟာ
အံ့သြစရာကောင်းလောက်အောင်
ပြီးပြည့်ဆုံခဲ့ ပြီကောအစ်မရေ ......

ကောင်းမှကောင်းပဲ ... :P

tg.nwai said...

မနော်ရေ..သိပ်ကြိုက်တာပဲ..နောက်ဆုံးတော့ မောသွားပေမယ့်လေ..။ စာအုပ်ဝယ်လိုက်ဦးမယ်..
မနော်တင်တဲ့ ပို့စ်ဖတ်ချင်လို့ စောင့်နေတာ..:)

မီယာ said...

မနော်ရေ နှစ်ပိုင်းလုံး လာဖတ်သွားတယ်။ အေးအေးဆေးဆေး နောက်တခေါက်ဖတ်ချင်သေးတယ်။ စာတွေက ဖတ်ရတာ နူးညံ့လိုက်တာ.. profile မှာတင်ထားတဲ့ ဓါတ်ပုံထဲက မနော်လိုပဲ...

ဆောင်းယွန်းလ said...

တကယ်ပါ ...
...ဝေးကွာနေသောကျွန်မတို့ မိတ်ဆွေနှစ်ဦးအတွက် နောက်ထပ် ဘာမှ လိုအပ်မနေခဲ့တော့ပါ။

အဲဒီနိဂုံးပိုင်းလေးကပဲ ဝတ္ထုတပုဒ်လုံးကို သိမ်းကြုံးဆွဲဆောင်ယူသွားလေတယ် မနော်ရေ...

Moe Cho Thinn said...

ရယ်မောနေတဲ့ ကြယ်ကလေးကို တွေ့ရဖို့ အတူလိုက်ရယ်မောနိုင်ဖို့ ဘ၀မှာ အချိန်တွေ ရှိနေချင်ပါသေးတယ်။
နိမိတ်ပုံတွေ အားကောင်းလွန်းတဲ့ ချစ်စရာ စာလေးပါ မနော်။ မျှဝေပေးတာ ကျေးဇူးတင်တယ်။

Kay said...

တကယ်တော့- မင်းသားလေးက..သူ့ကို နားလည် လက်ခံ ခင်မင်တဲ့သူတိုင်း ဆီကို အရောက် လာတတ်ရှာတယ်။ ပြီးတော့..တနည်းနည်း နဲ့..သူခွဲခွါသွားတတ်ပြန်တယ်။
ဘာပဲပြောပြော..ဒီတခါ..ပျော်ပျော်ရွှင်ရွှင် မြင်ရပြီးမှ သူ ကျေကျေနပ်နပ် ခွဲခွါသွားတာနေမှာပါ။

Han Thit Nyeim said...

ဒီအပိုင်းကို စောင့်ဖတ်နေတာ... ခုမှပဲ comment ပေးလိုက်မယ်။

အစ်မလည်း ကလေးတွေကို နားလည်ပေးတတ်သူဖြစ်ဖူးတာပေါ့နော်။

တကယ်ကောင်းတယ်ဗျာ။

nadine said...

အရမ်းကြိုက်တာပဲ.....

ဖိုးစိန် said...

မင်းသားလေးနဲ့ ခင်ချင်တယ်..
စကားတွေ အများကြီးပြောလိုက်ချင်တယ်ဗျာ..

war war khaing min said...

မနော် ရဲ့ မိတ်ဆွေတစ်ယောက်အရှည်ကြီးကို အရင်နေ့
တွေက လာဖတ်နေတာ မန့်လို့မရလို့..အခုမှ မန့်သွား
ရတယ်..မနော်ရေ...

ksanchaung said...

ကျွန်တော်လည်း မင်းသားလေးနဲ့ ပတ်သက်သမျှကို စွဲစွဲလမ်းလမ်း ကြိုက်ပါတယ်။ အခုလို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

Craton said...

ခုနကပွထလာတဲ့ဒေါသူပုန်တွေ စာဖတ်ပြီးတစ်ခါတည်းနူးညံ့သိမ်မွေ့သွားတယ်.. တကယ်။

david santos said...

Wonderful!!!! Congratulations!!!!

Moe Myint Tane said...

အမရေ အစအဆုံးကို သေချာကို ထိုင်ဖတ်သွားတယ်။
ဝထ္တုလေးပြီးသွားတော့ အတွေးတွေနဲ့ မောလျပြီးကျန်ခဲ့တယ်။ နှုတ်ဆက်ခြင်းမဲ့တဲ့ ခွဲခွာမှုမျိုး ၊
ဝေးကွာနေတဲ့ မိတ်ဆွေနှစ်ဦး အတွက် ဘာမှကို မလိုအပ်နေခဲ့တာ ။ လိုအပ်ခြင်းရဲ့ အဆုံးစွန်ကို ရောက်ရှိသွားခြင်းမှာ အရာရာဟာ မလိုအပ်နေခဲ့တော့တာများလား အမရယ်။ အဲဒီ့ အတွေးကို တွေးနေမိတယ်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မသက်ဇင် said...

ရသ လေးခံစားသွားပါတယ်--

Law Shay said...

မှီးတယ်ဆိုရင် မှီးတယ် ရေးသင့်ပါတယ်။

ဆန်တက် ဆူပေရီရဲ့ မင်းသားလေး မူရင်းကို ပြင်သစ်လို မတတ်တာကြောင့် ကျွန်တော် မဖတ်ဖူးပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်လိုနဲ့ ဆရာမ ခင်လေးမြင့်ရဲ့ မြန်မာပြန်ကို ဖတ်ဖူးပါတယ်။ ကိုယ်တိုင်ရေး ဆိုပေမဲ့လဲ အတွေး စိတ်ကူးတွေဟာ မိုးပေါ်က ကျလာတာ မဟုတ်ပဲ စာအုပ်တအုပ်ကို ဖတ်ရင်း ရလာတာ၊ သူများနဲ့ တူနေတာဆိုရင် (ဒီလောက်ကြီးတူနေတာဆိုတော့ မှီးတာပဲပေါ့) declare လုပ်သင့်ပါတယ်။

အဲဒါမှ စာဖတ်သူကို မလိမ့်တပါတ်လုပ်ရာ မကျမှာ ဖြစ်ပါတယ်။

ဘယ်လို မှီးတယ်ပြောရသလဲ ဆိုတာ ကျွန်တော့်ဝတ္ထုတို Blog http://talesfromtah.lawshay.com မှာသွားကြည့်နိုင်ပါတယ်။ အိုင်ဒီယာရယူရာ ရင်းမြစ်များကိုပါ reference မှ plargiarism မဖြစ်မှာ ဖြစ်ပါတယ်။

ရိုးသားနိုင်ကြပါစေ။