မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်..

Saturday, March 14, 2009

မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်

နိဒါန်း
ဤ၀တ္ထုကို ရေးသားရန် ကျွန်မ အချိန်အများကြီး တုံ့ဆိုင်း တွေဝေခဲ့ရသည်။ ကျွန်မနှင့်
မင်းသားလေး၏တွေ့ဆုံမှုကို လူတချို့ မယုံကြည်နီုင်မှာကို ကျွန်မ လျစ်လျူရှုနိုင်သော်လည်း
မင်းသားလေးကို မယုံသင်္ကာဖြစ်မှာ မျိုးကိုတော့ ကျွန်မလက်ခံနိုင်မှာမဟုတ်သောကြောင့်
ဖြစ်သည်။
သို့သော် မင်းသားလေး ဤကမ္ဘာမြေပေါ်သို့ပြန်လာခဲ့ကြောင်း သူ့မိတ်ဆွေဟောင်းကြီး
ထံသတင်းပေးပို့ရန် အခွင့်မသာ ပျက်ကွက်ခဲ့သည့်အတွက်၊ကျွန်မဤ၀တ္ထုလေးကိုရေးဖြစ်သွား
သည်။သူ၏ပထမ မိတ်ဆွေကြီးကဲ့သို့ပင် ဤ၀တ္ထုသည်လည်းကလေးများ အတွက်ရည်ညွှန်း
ရေးသားခြင်းမဟုတ်သဖြင့် ကျွန်မ စိတ်မကောင်းဖြစ်ရပါသည်…ဟုဆိုလျင် မင်းသားလေးက
ကျွန်မကို လူကြီးတစ်ပိုင်းဖြစ်နေသော သတ္တ၀ါတစ်ကောင်နှယ် သနားစဖွယ် ကြည့်ပေလိမ့်ဦး
မည်။ကိစ္စမရှိပါ။မည်သို့ပင်ဆိုစေ မင်းသားလေးသည် ကျွန်မ၏ မိတ်ဆွေစစ်ကလေးသာဖြစ်
သည်။
မိတ်ဆွေတစ်ဦးကိုမေ့ရခြင်းမှာ ၀မ်းနည်းစရာကောင်းလှသည်။လူတိုင်းတွင် မိတ်ဆွေ
စစ် မိတ်ဆွေကောင်း ရှိခဲလှ၏။ကျွန်မသူ့ကိုမေ့ပစ်လိုက်မည်ဆိုပါက..ကိန်းဂဏန်းမှလွဲ၍ မည်
သည့်အရာကိုမှ စိတ်ဝင်စားမှုမရှိသော လူကြီးတွေနှင့် တူသွားလိမ့်မည်။ ကျွန်မသူ့ကိုမမေ့ပါ။
မင်းသားလေးမိတ်ဆွေလိုနေသကဲ့သို့ ကျွန်မလည်းမိတ်ဆွေလိုနေခဲ့ဖူးသည်။ကမ္ဘာပေါ်
တွင် ကျွန်မကဲ့သို့ မိတ်ဆွေငတ်မွတ်နေသူများကို ရည်ညွှန်း၍၊ ကျွန်မ၏မိတ်ဆွေလေးအ
ကြောင်းပြောပြချင်ပါသည်။ မိတ်ဆွေတစ်ယောက်အကြောင်း နူးညံ့စွာဖွဲ့ဆိုရခြင်းသည် ကမ္ဘာ
ပေါ်ရှိ တော်ဝင်သောစကားလုံးတစ်လုံးမှ မပါဝင်ဘဲနှင့်ကို ပြီးပြည့်စုံသလိုခံစားရစေသည် ဟု
ကျွန်မဆိုလျင် သင်ယုံနိုင်ပါမည်လား။
ကျွန်မ မင်းသားလေးကိုတွေ့ခဲ့ရသည်။ သူ့မိတ်ဆွေကြီးမျှော်လင့်ထားသလို အာဖရိက
သဲကန္တာရထဲတွင်မဟုတ်ပါ။ ဤကမ္ဘာလောက၏ မည်သည့်နေရာမဆို B612ကြယ်ကလေး
အောက်တည့်တည့်တွင် တည်ရှိနိုင်ကြောင်းကျွန်မလက်တွေ့သိခဲ့ရပြီ။ မည်သို့ဆိုစေဤ၀တ္ထု
သည် ကျွန်မ၏ မိတ်ဆွေစစ် မင်းသားလေး သို့သာ အတိအကျ ရည်ညွှန်းပါသည်။








အခန်း(၁)
“ ကျေးဇူးပြုပြီး ကျွန်တော့်ကို သိုးပုံလေးတစ်ပုံဆွဲပေးပါ..”
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အလန့်တကြား ထခုန်ဆုတ်လိုက်သော…
ကျွန်မကို သူက နားမလည်နိုင်သလိုမျက်မှောင်လေး ကြုတ်ကာကြည့်၏။သို့သော် ခဏမျှသာ။
ကျွန်မ၏ ထိတ်လန့်သွားမှုကို အရေးမပါသလိုဆက်ပြောပြန်သည်။
“ ကျေးဇူးပြုပြီး ကျွန်တော့်ကို သိုးပုံလေးတစ်ပုံဆွဲပေးပါ..”
ပထမခံစားမှုက ရုတ်တရက်ထွက်ပေါ်လာသော အသံသေးသေးလေးကြောင့် ဟု ဆိုလျှင်
ဒုတိယခံစားမှုက မြင်တွေ့လိုက်ရသောလူသေးသေးလေးကြောင့် ဖြစ်လိမ့်မည်။ ကျွန်မကိုယ်
ကျွန်မ ပင် မယုံကြည်နိုင်သေးပါ။ ကျွန်မမြင်နေရသော လူကလေးကိုတော့ ကျွန်မယုံပါသည်။
သူသည် တကယ်ပဲ ကမ္ဘာမြေဆီပြန်လာခဲ့ပြီလား..။သူ့မိတ်ဆွေဟောင်းကြီးက သူမသေသေး
ဘူး ဟု ယုံကြည်ထားခဲ့တာ မှန်နေခဲ့သည်ပေါ့…။
“ မင်းသားလေး..” ကျွန်မနှုတ်ဖျားမှထွက်သွားသော စကားလုံးကို သူစိတ်မ၀င်စားပါ။ သူ့ကိုခေါ်လိုက်သည်ဟု
လည်းထင်ပုံမရ..။သူ စိတ်ဝင်စားတာက ထုံးစံအတိုင်း သိုးပုံလေးတစ်ပုံရဖို့ပင် ဖြစ်သည်။
ကလေးတစ်ယောက်နှင့် အင်မတန်လိုက်ဖက်သော အပြာနှင့်အနီစပ်ထားသည့် အကျီ င်္ရှည်
ရှည်ကိုဝတ်ဆင်ထားသော်လည်း အကျီ င်္ပုံကတော့ လူကြီးဆန်နေသလိုပင်။ ဒီကိစ္စ ကိုခုနေခါ
မှာသူ့ကိုပြောလိုက်လည်းသူစိတ်ဝင်စားမှာမဟုတ်တာသေချာသည်။ ထို့ကြောင့်….
“ ကဲ..ပေး ပေး..သေတ္တာလေးထဲထည့်ထားတဲ့ သိုးလေးကိုဆွဲပေးရမှာလား..”
သူက ခေါင်းခါသည်။
“ ဟင့်အင်း..လွတ်လွတ်လပ်လပ်နဲ့ ခုန်ပေါက် နေနိုင်ဖို့ သူ့ကိုသေတ္တာလေးထဲ ထည့်မထား
ချင်ပါဘူး…”
သူက ကျွန်မကိုတော့ သူ့မိတ်ဆွေဟောင်းကြီးကို လက်ခံသလိုလက်မခံပါ။ သို့သော်…ကံ
ကောင်းသည်က ကျွန်မက သူ့မိတ်ဆွေဟောင်းကြီးထက်အနည်းငယ်သာနေခြင်းပင်…။
နာရီပေါင်းများစွာမတ်တပ်ရပ်ဒဏ်ပေးခံပြီး ရေးဆွဲခဲ့ဖူးသည့် ပန်းချီပုံတချို့က ကျွန်မဘဝ
တွင်ရှိခဲ့ဖူးသည်လေ။
“ ရော့…”






ကျွန်မဆွဲပေးလိုက်သော သိုးကလေးကိုကြည့်ကာ သူ့မျက်ဝန်းလေးတွေ လင်းတောက်
သွားသည်။ တအံ့တသြလည်းဖြစ်နေပုံရသည်။
“ သိုးကလေးက ကျန်းမာသန်စွမ်းပုံရတယ် နုလည်းနုပျို တယ်နော်..”
“ အင်း..”
“ ဒါလေးတွေက သူစားဖို့မြက်လေးတွေလား..”
“ ဒါပေါ့..”
“သိပ်နည်းတယ်လို့ထင်ရပေမယ့်..သိုးကလေးအတွက်ကလုံလောက်မှာပါ.. ”
“ လုံလောက်မှာပါ…”
ကျွန်မတို့ စကားစပြတ်သွားသည်။ သူက သိုးကလေးပုံကိုစူးစူး စိုက်စိုက်ကြည့်နေပြီး
ကျွန်မကတော့ သူ့ကိုသာခုထိအံ့သြမင်သက်စွာကြည့်နေမိဆဲ..။
“ သူက မြက်နုလေးတွေအပြင် ဘာစားသေးတယ်ထင်လဲ..”
“ အိုး..ကျွန်မ မသိဘူး..”
ကျွန်မ အဖြေကိုကြားတော့ သူရယ်မောသည်။သူ့ရယ်မောသံကလေးကချစ်စရာကောင်း
လွန်းလှသည်။ ကျွန်မကို လှောင်ရယ်နေတာမဟုတ်တာတော့ သေချာကြောင်းအပြည့်အဝ
ခံစားမှုကိုပေးနိုင်သည်။
“ မင်းက ကလေးတွေလိုပဲ မညာတတ်ဘူး သိပ်ကောင်းတာပဲ.”
ထိုအခါကျမှ ကျွန်မလည်း ကလေးတွေလို လိုက်လံရယ်မောမိတော့သည်။ပြီးတော့မှ သတိ
တရမေးမိ၏။
“ မင်းသားလေး..ဘယ်ကလာတာလဲ..”
မေးခွန်းတွေကိုဖြေဆိုဖို့ရှောင်လွှဲ တတ်သောမင်းသားလေးက ကျွန်မကို မေးခွန်းနှင့်တုံ့ပြန်
သည်။
“ ခင်ဗျား..ကျွန်တော့်ကိုဘာလို့..အဲလိုခေါ်တာလဲ.”
“ ရှင့်ရဲ့ ..ကမ္ဘာမြေပေါ်က မိတ်ဆွေ လေယာဉ်မှူးကြီးက အဲလိုခေါ်တယ်လေ..”
သူ..ဘာမှပြန်မပြော။စက္ကန့်တချို့ကြာအောင် သူတိတ်ဆိတ်သွားပြီးမှ….
“ လောကတစ်ခုကနေတစ်ခုကို ခရီးထွက်ရတာသိပ်စိတ်လှုပ်ရှားစရာကောင်းတာပဲ..”
..ဟုဆိုသည်။ဒါလည်းကျွန်မမေးခွန်းကိုဖြေခြင်းမဟုတ်ပါ။ကျွန်မမှာကျတော့လည်း မေးခွန်း
တွေကအလုအယက် နှုတ်ခမ်းဝမှာ တွန်းထိုးထွက်ချင်နေသည်။
“ ပထမ အကြိမ် ဒီကမ္ဘာလောကက မထွက်ခွာခင်တုန်းက မြွေတစ်ကောင်ရဲ့အဆိပ်ကြောင့်
..တစ်ခုခုများ…”
ကျွန်မ စကားမဆုံးမီမှာပင်..သူကခပ်တိုးတိုးပြော၏။
“ လောကမှာမြွေဆိပ်ထက် သိပ်ပြင်းထန်တဲ့အဆိပ်တွေအများကြီးပါ..”
ထိုသို့ပြောပြီး ကျွန်မဆက်မျှော်လင့်နေသေးသော်လည်း၊သူကဆက်မပြော။သူ့အာရုံကသိုးက
လေးထံမှာသာ။
“ မင်းဆွဲပေးတဲ့..သိုးကလေးကလှတယ်…”
သူကသိုးကလေးကို.သူ့ရတနာထဲ၌သူ့ကိုယ်သူမြုပ်နှံ၍ကသိုင်းရှုနေဘိသကဲ့သို့..အာရုံစိုက် ကာကြည့်ရင်း ထပ်ပြောပြန်သည်။
“ သူက အဖြူရောင်နော်..မင်းလိုပဲ..”
သူက ကျွန်မဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံကိုရည်ညွှန်းပုံရသည်။တကယ့် တကယ်
တော့၊ကျွန်မသည် သူမျှော်လင့်သလို အဖြူရောင်မဟုတ်တာ ကျွန်မပဲသိသည်။သို့တိုင်လျက်
တခြားအရောင်များလာရောက်စွန်းပေမှာကိုလည်း..ထိတ်လန့်စိုးရွံ့နေခဲ့သည်..ဟုဆိုလျင်
မင်းသားလေး မည်သို့မှတ်ချက်ချမည်မသိ။
“ မင်းရော..သိုးလေးတစ်ကောင်မလိုချင်ဘူးလား..”
သူက ကျွန်မမျှော်လင့်မထားသောမေးခွန်းကိုမေးလာ၏။
“ သိုးကလေးတစ်ကောင်…” မည်သူမဆိုသိုးတစ်ကောင်ကိုလိုချင်သည်ဟုဆိုပါကထိုသူသည်လူသားပင်ဖြစ်သည်.ဟုလူ
တစ်ယောက်ကဆိုထားခဲ့သည်။ကျွန်မကတော့..သိုးကလေးတစ်ကောင်လိုချင်လားမလိုချင်
လားမသိပေ။ကရိကထများမှာတော့ သေချာသည်ဟူသည့်အတွေးကကျွန်မကိုစိုးမိုးနေသည်။
“ လိုချင်လား….မလိုချင်ဘူးလား..ကျွန်မ..မသိဘူး. ”
ကျွန်မက..စိတ်ထဲရှိသည့်အတိုင်းရိုးသားစွာဖြေမိသော်လည်း..မင်းသားလေးကနှစ်လိုပုံမရချေ.
“ အဲဒီလို..မသေချာ..မရေရာမှုတွေက..သက်ကြီးရွယ်ကြီးတွေနဲ့ပဲဆိုင်တာလေ..”..တဲ့။
စောစောက..မသိတာကိုမသိဘူးဟု.ဝန်ခံခဲ့စဉ်ကတော့ကျွန်မကို..ကလေးတွေလိုပဲမညာတတ်
ဘူးဟု..ဆိုခဲ့သူက..ခုကျပြန်တော့..ဇဝေဇဝါဖြစ်နေမှုကိုလူကြီးသူမတွေနှင့်သာသက်ဆိုင်သည်
ဟုစွပ်စွဲပြန်သည်။အမှန်တကယ်တော့..သူမမှားပါ။ကျွန်မသည်.သူမျှော်လင့်မထားသောလူကြီး
တစ်ပိုင်း..ကလေးတစ်ပိုင်း.သတ္တဝါသာဖြစ်သည်လေ…။
“ အမှန်တကယ်ပြောရရင်တော့…”
ကျွန်မ၏စကားအစမှာပင်…သူ့မျက်ဝန်းထဲယုံကြည်မှုအလင်းတစ်ချို့ပြန်ဖြတ်ပြေးသွားသည်။
ကျွန်မ..ဆက်ပြောမိ၏။
“ ကျွန်မ..သိုးကလေးတစ်ကောင်မလိုချင်ပါဘူး..”
“ ဘာလို့လဲ..”
“ သိုးကလေးက..သိပ်ဖြူစင်လွန်းတယ်”
“ အဲဒီတော့…”
“ အဲဒီတော့..သူ့ဖြူစင်မှုကို..ဂရုစိုက်ဖို့..ကျွန်မသိပ်ပင်ပမ်းမှာပေါ့…ပြီးတော့..”
“ ပြီးတော့..???”
“ ဒီနေရာက..B.၆၁၂ ဂြိုဟ်လေးလိုမဟုတ်ဘူး…”
သူက..မမြင်သာလောက်သော..လျင်မြန်မှုမျိုးနှင့်ခေါင်းကိုဆတ်ကနဲညိတ်လိုက်ကာ..သူ့ဘာ
သာသူရေရွတ်သလို၊ကျွန်မစကားကိုဆက်ပေး၏။(သိပ်တော့မသေချာပါ..)
“ သိပ်ကျယ်ပြောတယ်..သိပ်အန္တရာယ်များတယ်..”
မဆီမဆိုင်..ကျွန်မ..သူ၏ပန်းကလေးကိုရုတ်တရက်သတိရမိသွားသည်။
“ ရှင့်ရဲ့..ပန်းကလေးရော..”
သူ့မျက်နှာလေးတစ်ချက်ငြိမ်သက်သွားသော်လည်း.ထုံးစံအတိုင်းသူဘာမှမဖြေ။သူ့ကြည့်ရတာ
ပန်းကလေးဆီလည်းတစ်ခါမှပြန်ရောက်သေးပုံမပေါ်။
“ ပန်းကလေးကိုချစ်တတ်ဖို့..ခုထိရှင်..အရွယ်မရောက်သေးပါဘူး..”
ထိုစကားကိုလည်းသူကမည်သို့မှမတုံ့ ပြန်ပါ။သူ့ရှေ့က..မြင်နေရသောမြင်ကွင်း..ကွက်ကွက်
ကလေးကိုသာငေးမောကြည့်နေသည်။ထူးဆန်းစွာပင်..ထိုအချိန်ကသူကြည့်နေခဲ့သော
ကောင်းကင်တိမ်ဖြူများနှင့်တောင်တန်းတို့သည်..သိင်္ဂါရ..ရသမြောက်နေခဲ့သည်။





“ ချစ်ခြင်းမေတ္တာအတွက်..ခရီးထွက်လာခဲ့တာပါ..ဒါပေမယ့်..”
ငြိမ်သက်နေရာမှ..ရုတ်တရက်..စကားကိုစ၏။
“ ဒါပေမယ့်..ဘာဖြစ်လဲဟင်..”
“ လမ်းမှားလာခဲ့သလိုပဲ..”
“ ချစ်ခြင်းမေတ္တာဆီကို..သွားတဲ့လမ်းကိုသိလို့လား..”
ကျွန်မကထိုသို့ပြန်မေးလိုက်တော့..သူက..
“ နှလုံးသားနဲ့သွားရတာလို့ပြောမလို့လား..”…ဟုပြန်မေးသည်။
“ အဲလိုတော့မဟုတ်ပါဘူး..သွားတိုင်းမရောက်နိုင်တဲ့လမ်းတွေထဲမှာ..သူလည်းပါတယ်လို့
ပြောမလို့ပါ..”
တကယ့်တကယ်တော့..လောကတွင်“ချစ်ခြင်းမေတ္တာ”..ဟူသောခံစားမှုသည်ကြီးကျယ်မြင့်
မြတ်စွာပျောက်ဆုံးနေခဲ့ပြီးသားဖြစ်သည်။ဒါကို..ကျွန်မ..မင်းသားလေးကို..ပြောမပြချင်ပါ…..။
မသိစေချင်သေးပါ။ထိုအကြောင်းကိုတွေးမိတော့..ကျွန်မ၏မရိုးသားမှုအတွက်ရော..ချစ်ခြင်း
မေတ္တာအတွက်ပါ..ကျွန်မ..မျက်ရည်ဝဲလာရသည်။
မျက်ရည်ကမ္ဘာသည်လွန်စွာလျို့ဝှက်ဆန်းကျယ်လွန်းလှသည်။မင်းသားလေးကတော့ကျွန်မ
စကားကိုလက်ခံချင်ပုံမရပါ။
“ ချစ်ခြင်းမေတ္တာဆိုတာဘာလဲ..”
ဒိသာပါမောက္ခတစ်ဦးကမေးသလိုကျွန်မကိုမေး၏။
“ သင်ယူလို့မရတဲ့အရာတစ်မျိုးပါ..”
သူကခေါင်းကိုအသာခါရမ်းရင်း..ရေရွတ်၏။
“ ဖမ်းယူဆုတ်ကိုင်လို့မရပေမယ့်..သိပ်အင်အားကြီးမားတဲ့အရာတစ်ခုပါ..”
ကျွန်မ..ဘာမှပြန်မပြောမိ။သူနှင့်ကျွန်မ..ချစ်ခြင်းမေတ္တာအကြောင်းအငြင်းမပွားလိုပါ။ထို့အပြင်
အငြင်းပွားမှုမှအစပြုကာ..တစ်စုံတစ်ရာကိုသူရိပ်မိသိရှိသွားမှာကျွန်မစိုးနေမိပြန်သည်။..တို့အ
တွက်ကျွန်မ..လျှောချလိုက်မိ၏။
“ လူကြီးသူမတွေက..ချစ်ခြင်းမေတ္တာကို..အမျိုးမျိုးဖွင့်ဆိုနေကြတယ်..နားလည်ရခက်ပါတယ်
လေ…”
တကယ့်တကယ်ကျ..မင်းသားလေးထံမှ..နားမလည်နိုင်သော..အကြည့်တစ်ခုကိုသာကျွန်မရ
လိုက်သည်။သို့သော်..နားလည်အောင်ဆက်မကြိုးစားသည့်အတွက်..မင်းသားလေးကိုကျွန်မ
ကျေးဇူးတင်မိ၏။အချို့သောအရာများသည်..နားမလည်သည့်အတိုင်းထားခြင်းကပိုကောင်း
သည်..မဟုတ်ပါလား..။
ကလေးတစ်ယောက်၏အတ္ထုပ္ပတ္တိသည်..အဖြူရောင်စာအုပ်တစ်အုပ်ဟုဆိုလျင်..ကျွန်မသည် စာမျက်နှာတချို့ကိုခပ်ကြမ်းကြမ်းရေးမှတ်ထားခံရသောလက်ကျန်အဖြူရောင်စာအုပ်တစ်အုပ် သာဖြစ်သည်။ဒါကို..ကျွန်မ..မင်းသားလေး..ကိုဝန်မခံရသေးခြင်းသည်ပင်လျင်..သူ့ကိုသစ္စာမရှိ
ရာကျနေသည်မဟုတ်ပါလား။မိတ်ဆွေများသည်..တစ်ဦးအပေါ်တစ်ဦးသစ္စာရှိရမည်ဟု..ရှေး ဟောင်းကျမ်းဂန်တချို့ကဖော်ပြထားသည်ကိုဖတ်ရှုခဲ့ရဖူးသည်လေ..။
“ မင်းသားလေး..”
ကျွန်မသူ့ကိုခေါ်တော့..သူကလှည့်ကြည့်၏။ဒီနာမည်သည်သူနှင့်သာ..သက်ဆိုင်သည်ကိုသူခံ
စား၍ရပုံပေါ်သည်။အမှန်တကယ်က..ဒီလောကကို..ဘာလို့ပြန်လာတာလဲ..ဟုမေးရန်ပင်။သို့
သော်..လှည့်ကြည့်လာသော..ကမ္ဘာပေါ်တွင်အသန့်စင်ဆုံးနှင့်..အကြည်လင်ဆုံးသောအကြည့်
ကလေးကိုတွေ့လိုက်ရတော့.ကျွန်မ..မေးခွန်းလေးတွေအငွေ့ပျံသွားရသည်။
“ ကျွန်မတို့..မိတ်ဆွေတွေဖြစ်သွားကြပြီနော်..”
တမင်သက်သက်ကြီး..ပြောင်းလဲပစ်လိုက်သောစကားတစ်ခွန်းးဖြစ်သော်လည်း..ကျွန်မပြော
ချင်သောစကားတစ်ခွန်းဖြစ်သည်ကိုတော့..ကျွန်မလိပ်ပြာလုံစွာဝန်ခံရဲသည်။လူအချို့သည်ထို
သို့သော..ထိုသို့သော..ဖြေသိမ့်မှုများကို..ဖြေဆေးအဖြစ်စားသုံးရင်း..အရောင်ပြောင်းခဲ့ကြရ
သည်ကိုတော့..မည်သူကမှ..ဖွင့်ဟ..ဝန်ခံကြခြင်းမရှိသေးပါ။

အခန်း(၂)

`ကျွန်တော့်မှာ မိတ်ဆွေလိုနေတယ် ...´
အမှန်တော့ ထိုအရာသည် အရှားပါးဆုံးသောအရာ ဖြစ်သည်ကို ကျွန်မ သိနေသည်။ ကျွန်မ
မသိတာက သူ့ကို အသိပေးသင့် မပေးသင့်ဆိုတာနှင့် ကျွန်မကိုယ်တိုင်ကရော သူ့အတွက် မိတ်ဆွေကောင်းဖြစ်နိုင် မဖြစ်နိုင် ဆိုတာပင် ... ။ သေချာ ပြန်တွေးကြည့်မယ်ဆိုလျှင် ကျွန်မ
က `မင်းသားလေး´ကို တကယ်ပဲ ရင်ထဲက နှစ်နှစ်ကာကာ ရှိနေတာလား ... သို့တည်းမဟုတ်
အားလုံးက မျှော်လင့်နေသော `မင်းသားလေး´ ဖြစ်နေသည့်အတွက် စိတ်ဝင်စားမိတာလား ... သိပ်မသေချာချင်ပြန် ... ။ ထို့အတွက်လည်း ကျွန်မကိုယ် ကျွန်မ အားမရပါ ... ။ သေချာတာ
ကတော့ ကျွန်မသည် လူကြီးသူမတွေလို ဇဝေဇ၀ါဖြစ်နေတတ်ပြီး ကလေးသူငယ်တွေလို ရိုးသားချင်နေမိခြင်းပင်။

`ကျွန်မ ရှင့်ရဲ့မိတ်ဆွေ ဖြစ်ချင်ပါတယ် ...´

သူက ခေါင်းကို တစ်ချက်ဆတ်၏။ ကျွန်မစကားကို လက်ခံသဘောတူလိုက်တာလား သူ့
ဘာသာသူ လှုပ်ရှားမှုတစ်ခုကို အမှတ်တမဲ့ ပြုမူလိုက်သည်လား .... သိပ်မသေချာ ... ။

`ဒါနဲ့ ရှင် ဘယ်တွေ သွားနေခဲ့လဲ ...´
`နေရာသစ် လောကသစ်တွေဟာ ပထမပိုင်းမှာတော့ စိတ်ဝင်စားစရာ ကောင်းတတ်တယ် ... ´

သူ့ထုံးစံအတိုင်း ကျွန်မ၏ မေးခွန်းကို မဖြေဘဲ ပြောချင်ရာကိုသာ ပြောသည်။ သို့သော် ဆက်စပ်ကြည့်လျှင်တော့ ဒါဟာ အဖြေတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု တွေးနိုင်သည်။
`အခုတော့လည်း အရာအားလုံးဟာ ပျင်းရိစရာကောင်းအောင် ဟောင်းနွမ်းသွားခဲ့ပါပြီ...´ ဟု
ဆက်ပြောပြန်၏။

သူပြောတာ မှန်ပါသည်။ လောက၌ အရာအားလုံးသည် မထိတွေ့ဖူးခင်ကတော့ အသစ်ဖြစ်
နေတတ်ပြီး တွေ့ကြုံပြီးသည်နှင့် ဟောင်းနွမ်းသွားတတ်ကြသည်ချည်း မဟုတ်လား ... ။

`မင်းရဲ့ နေထိုင်ကြီးပြင်းခဲ့ပုံကို ပြောပြပါလား ...´

သူများမေးခွန်းကိုဖြေဆိုရန်.ရှောင်လွှဲတတ်သော်လည်းသူ့မှာတော့..မေးခွန်းတွေ အများအပြား
ရှိနေခဲ့ပုံရသည်။ကျွန်မကို.ထိုသို့မေး၏။ခုချိန်မှာတော့..သူမသိသေးသော..ကျွန်မ၏ နေထိုင်ကြီး
ပြင်းခဲ့ပုံက..သူ့အတွက်.အသစ်ဖြစ်နေသေးသည်လေ။ကျွန်မ..စကားဆုံးလျှင်တော့..သူ.ပျင်းရိငြီး
ငွေ့သွားမှာ သေချာသည်။

`ကျွန်မ လူကြီးသူမတွေကို စိတ်ရှည်သည်းခံရင်း ကြီးပြင်းခဲ့တယ် ...´
`အဲဒီအတွက် ရလာဒ်က ...´
`ခုလို သိုးကလေးတစ်ကောင်လို လှလှပပ ဆွဲပေးနိုင်စေခဲ့တာပေါ့ ... ´

သူ သိုးကလေးထံ အာရုံပြန်ရောက်သွားသည်။

`မင်း သိုးလေးက ချစ်စရာလေး ... ကြည့်စမ်း ... သူ ခု မြက်ကလေးတွေကို စားနေတယ်၊ သူ့
အတွက် ရေတစ်ပုံးလောက်များ လိုမလား မသိဘူး ...´
`ဒါပေါ့ ... ဒါပေါ့ ...´

ကျွန်မက အလျင်စလိုထောက်ခံရင်း ကပျာကယာ စာရွက်ကို လှမ်းယူကာ ရေပုံးလေးတစ်ပုံး ဖြည့်ဆွဲပေးလိုက်သည်။







`မင်း ... ဒီလိုပုံတွေရဖို့ နာရီပေါင်း ဘယ်လောက်များ မတ်တတ်ရပ်ခဲ့ရတာပါလိမ့် ...´
`အဲဒါတွေကို ရေတွက်ထားရင် ကျွန်မ ပင်ပန်းလေးလံနေမှာပေါ့ ... ´
`ကဲကဲ ... ဆက်ပြောပါဦး မင်းရဲ့ နေထိုင်ကြီးပြင်းခဲ့ပုံကို ...´
`တချို့ကလေးတွေလိုပဲ သိပ်ကို ရိုးစင်းလွန်းပါတယ် ...´

ကျွန်မက ထိုသို့ ပြီးလွယ်စီးလွယ် ပြောလိုက်တော့ မင်းသားလေး စိတ်တိုသွားသည်။

`မင်းလည်း လူကြီးသူမတွေလိုပဲ အရာအားလုံးကို ရောထွေးပစ်လိုက်ချင်နေတယ်၊ မတူဘူး ...
လောကမှာ ဘယ်အရာနှစ်ခုမှ မတူနိုင်ဘူး ... တချို့ကလေးတွေရဲ့ ဘ၀မှာ ကြီးပြင်းလာရတာ
မိဘတွေ မပါဘူး၊ မောင်နှမတွေ မပါဘူး ... ပညာရပ်တွေနဲ့ ကင်းဝေးပြီး ချစ်ခြင်းမေတ္တာလည်း
မပါဘူး ... စာနာစိတ်နဲ့ အသိတရားတွေလည်း မပါဘူး... အဲလို လွယ်လွယ်ပြောလို့ ရလို့လား ...´

ကျွန်မ အမှားကို ကျွန်မသိသော်လည်း ကျွန်မ သူ့ကို မှားကြောင်း မ၀န်ခံမိပါ။ ကျွန်မသည်
သူထင်ထားသလို ကလေးတစ်ယောက် မဟုတ်တာ သေချာလာရသည်။

`ကျွန်မမှာ အဲဒီအရာတွေအားလုံး ပါဝင်ပါတယ်၊ လိုက်နာချင်စရာကောင်းတဲ့ စည်းကမ်းတစ်
ချို့နဲ့ သိပ်ပြီး အဆင်ပြေပြေမရှိလှတဲ့ နိတိတချို့နဲ့လည်း ကျွန်မ သဟဇာတ ဖြစ်အောင် ...
...နေခဲ့ဖူးတယ် ...´
`ဘာလဲ ... သဟဇာတဆိုတာ ... ´
`သင့်မြတ်အောင် နေထိုင်တာကို ပြောတာပါ ... ´
`လိုက်လျောညီထွေ နေထိုင်လိုက်ရတာဟာ နှစ်လိုမှုတော့ မဟုတ်ဘူးနော် ...´
`ကျွန်မ သိပါတယ် ... ´
`ကဲ ... ဆက်ပါဦး´
`သင်ယူလို့ မဆုံးတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ရတယ်၊ ဘယ်အရာမှ အလကားမရနိုင် ဘူးဆိုတာကို သိခဲ့ရတယ်၊ ကျွန်မတို့က လောကထဲကို ခြေဗလာ လက်ဗလာနဲ့ ၀င်ခဲ့ကြ ရပေမယ့် အလကား မရနိုင်တဲ့ အရာတွေအတွက် ပေးဆပ်ဖို့ တစ်ချိန်လုံး ပင်ပန်းလေးလံ ခဲ့ကြရတယ်၊ သူများ ပုံစံခွက်တွေကို နှစ်လိုမှု မရှိတဲ့အခါ ကိုယ့်ပုံစံခွက်ထဲ ကိုယ်ဝင်နေရ တာကလည်း ဒုက္ခတစ်မျိုးပါပဲ ...´

သူက ကျွန်မကို ဖြတ်မေးပြန်သည်။

`မင်း အသက်ရှူကြပ်တဲ့အခါ ဘာလုပ်လဲ ...´

သူ့မေးခွန်းကြောင့် ကျွန်မ သဘောကျစွာ ရယ်မိတော့ သူ တအံ့တသြကြည့်သည်။ သူ့
မေးခွန်းမှာ ရယ်စရာမပါ ... ဟု သူ တွေးနေမည်ပေါ့ ... ။

`ကျွန်မ ဘ၀က ခီယူဆန်ဖန်လို ပင်လယ်လေထွက်ရှူဖို့တောင် အခွင့်မရှိခဲ့ပါဘူး ...´

သူ ခီယူဆန်ဖန်ကို သိ မသိ ကျွန်မ မသိပါ။ ကျွန်မကလည်း ရှင်းမပြသလို သူကလည်း
မမေးပါ။ ကျွန်မတို့သည် မမြင်ရသော ကြိုးများ၏ တုပ်နှောင်မှုနှင့် သူ့လိုပင် ပင်လယ်ကြီး
ဆီ သွားခွင့် မသွားနိုင်ခဲ့ကြသေးပါ။

`တချို့လူတွေ သုံးနှုန်းနေတဲ့ ထွက်ပေါက်ဆိုတာ ဘာလဲ ...´

သူ့မေးခွန်းက တည့်တည့်ကြီး ချိုးကွေ့သွားပြန်သည်။ ကျွန်မမှာတော့ ကျွန်မ ရင်ထဲက
မေးခွန်းများကို မျိုသိပ်ရင်း သူ့မေးခွန်းတွေကိုသာ ဖြေနေမိသည်အထိ လွှမ်းမိုးမှု ခံထား
ရသည်ကို ကျေနပ်စွာ တွေ့ရှိလိုက်ရသည်။

`အဲဒါ လူတချို့ရဲ့ အတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပေါင်းပြီး ခေါင်းစဉ်လှလှလေး
....တပ်ထားတာပါ ...´

သူက ကျွန်မစကားကြောင့် မျက်လုံးကလေးများ လင်းတောက်သွားရင်းက စကားတစ်ခွန်း
..ကို ဆိုသည်။

`အဲဒါဆိုရင် မင်းရဲ့နေထိုင်ကြီးပြင်းမှုကို ခေါင်းစဉ်လှလှကလေး တပ်ပေးကြည့်ပါလား ...´

ဘုရား ... ဘုရား ... ကျွန်မ ကျိတ်၍ ဘုရားတမိသည်။

သိပ်ပြီးခက်ခဲနက်နဲတဲ့ အလုပ်ဟု ကျွန်မ မပြောလိုသော်လည်း မလွယ်ကူတာတော့
သေချာသည် မဟုတ်လား ... ။ ကျွန်မ စဉ်းစားနေမိသည်။ အချိန်တွေ မည်မျှ ကြာသွား
သည် မသိ။ မင်းသားလေးက.........

`အို ... သိပ်ခက်ခဲရင်လည်း နေပါစေတော့ တွေ့လား ... ကျွန်တော့် သိုးကလေး........
...ရေသောက်နေတယ် ... ´

သူက ကလေးဆန်ဆန် စကားကို လမ်းလွှဲပစ်လိုက်၏။ ကျွန်မကတော့ သူလို ကလေး
တစ်ယောက် မဟုတ်သည့်အတွက် လိပ်ပြာမလုံချင်။

သူကတော့ ဘာမှမဖြစ်သလို စကားကို ဆက်ပြောနေသည်။

သူရောက်ခဲ့သော လောကတစ်ခုအကြောင်း ... ဂြိုဟ်အမှတ် ၁၃၉၀၈ ဟု သူက ဆိုသည်။
ဂဏန်းတွေနှင့် ပတ်သက်လျှင် အလွန်အယူသည်းတတ်သော ကျွန်မ အတွက်ကတော့
ထိုဂြိုဟ်သည် မသတီချင်စရာကောင်းမည်ဟု ထင်မိလိုက်သည်။ ဆက်ပြောတာကို....
...နားထောင်ကြည့်တော့ ထင်သည့်အတိုင်းပင် ...။

`အဲဒီဂြိုဟ်ဟာ တစ်ခုခု လွဲမှားနေပုံပဲ ...´
`ဘယ်လိုများပါလိမ့် ...´
`ဒီသိုးကလေးရဲ့ အရောင်က ...´
`အဖြူရောင်လေ ...´
`သူတို့က အဲဒီအရောင်ကို အနက်ရောင်လို့ ခေါ်တယ် ...´

ဘုရားသခင်

ကျွန်မ နှုတ်ဖျားမှ ခပ်ဖွဖွ ရေရွတ်မိ၏။

(ဆက်ပါဦးမည်..)
ကျွန်မတစ်ယောက်တည်းဆိုဒီလိုတင်နိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။မိုးနေသာ စာအုပ်ကိုကိုယ် တိုင်ဝယ်ကိုယ်တိုင်ကူရိုက်ပြီးမပို့ ရင်အခြေအနေကတော်တော်စောင့်ရမှာပါ။ဒီကလေးမလည်း လူပေါင်းမှားရှာပါတယ်။ ဘာပဲပြောပြော ညီမလေးမိုးနေကိုအများကြီးကျေးဇူးတင်ပါတယ်။


16 Comments:

ဖိုးစိန် said...

ပြောပီးစလစ်ကျနော်နံပတ် (၁)
ရအောင်ယူထားတယ်

LOTUS said...

မင်းသားလေး - ကိုယ့်ဆီမှာစာအုပ်ရှိတယ်

ပြီးတော့သင်ခဲ့ရတယ်လေ ၊ ဖတ်လိုက်အုန်းမယ် ။

ပြီးမှနောက်တစ်ခေါက်မန့်မယ် ။

ဂျူ

ဖိုးစိန် said...

အင်း... လာမည် ကြာမည်..မျှော် နဲ့ တိုးပြန်ပီး..

အန်တီချမ်း said...

ှရှိတယ် အဲဒီစာအုပ် ကို ဘာသာစုံအောင်စုနေတာ
လောလောဆယ်တော့ ယင်းဂလိပ် ရယ် မြန်မာ(ဒေါ်ခင်လေးမြင့်) ရယ် တရုတ် ရယ် ယိုးဒယားရယ်ရပီ
စောင့်ဖတ်နေတယ် ဒေါ်နော်

LOTUS said...

သူငယ်ချင်း

တကယ့်ကို သိပ်ချစ်စရာကောင်းတဲ့ ၀တ္တု အင်း စာစုလေးပါ ။ ရသအရမ်းမြောက်သလို စကားလုံးတွေ အတွေးလေးတွေ အရမ်းသဘောကျတယ် ။ စာတစ်ကြောင်းခြင်းကိုသဘောကျကြောင်းမှတ်ချက်ပေးရရင်ရှင့် စာစုလေးထက်ရှည်သွားတော့မယ်။
ဂြိုလ်အမှတ် ၁၃၉၀၈ .... အင်း စိတ်ဝင်စားစရာဘဲ ။ နောက်တစ်ပိုင်းမှာများသိနိုင်မယ်ထင်တယ် ။ ဘယ်လို creature တွေနေသလဲဆိုတာရယ် ၊ ဂြိုလ်နံပါတ်လေးရယ်ကိုပါ.............။
ရန်ကုန်ပြန်ရောက်ရင် အဲဒီစာအုပ် ၀ယ်ဖတ်သိမ်းထားမယ် ။ ၀မ်းနည်းစရာကောင်းတာက ဒီတစ်ခေါက်စာအုပ်က အရင်စာအုပ်လေးတွေလို ကျုပ်လိုချင်ချင်မလိုချင်ချင် ရှင့်လက်မှတ်လေးထိုးပေးထားတဲ့စာအုပ်မဖြစ်သေးတာကိုပါ။ မဖြစ်သေးဘူးလို့ပြောတာနော် ၊ ငါတို့ပြန်ဆုံကြရင် သတိပေး ၊ ရှင့်လက်မှတ်ထိုးဘို့ကို ၊ ဟဲဟဲ ။ နောက်တင်မယ့်အပိုင်းတွေကို ဆက်လက်မျှော်လင့်တယ် ၊ မနက်ဖြန်ရုံးကပြန်လာမှဘဲ ဖတ်ရတော့မှာပေါ့ ။

ဂျူ


မှတ်ချက် ။ ၅ ခေါက်လောက်ဖတ်သွားပါတယ် ။ နောက်ထပ်လဲပြန်လာဖတ်ပါအုန်းမယ်........ ဟဲဟဲ။

ဖိုးစိန် said...

အခေါက်ခေါက်ဖတ်ရမယ်..
မင်းသားလေးနဲ့ ရင်းနှီးချင်လို့ ..
လှပတဲ့စကားလုံးတွေကိုတော့မြင်ထားတယ်..

NLS said...

ခေယူဆန်ဖန် ဆိုတဲ့ ကမ္ဘောဒီးယား နိုင်ငံသား တစ်ဦးဟာ အမေ့သား ပင်လယ်လေထွက်ရှူလိုက်ဦးမယ်ဆိုပြီး ထွက်ခွာသွားလိုက်တာ ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့။ (မောင်ချောနွယ်)

အမကိုယ်စား ခက်ဆစ်ဖွင့်ပေးခဲ့တယ်။ :D

လင်းဒီပ said...

စောင့်ပါဦးမယ်

အောင်သာငယ် said...

လက်စားချေခြင်းသည် အလွန်ချိုမြိန်သော သစ်သီးဖြစ်၏...း(

ဘာပဲဖြစ်ဖြစ် မင်းသားလေး ဘယ်သူလဲဆိုတာတော့ သိသွားပါပြီ...

မေ့သမီး said...

ချစ်ခြင်းမေတ္တာဆိုတာ သွားတိုင်းရောက်တဲ့ ခရီးမဟုတ်ဘူးဆိုတာ အမှန်ပဲ။

အိုင်လွယ်ပန် said...

မျှော်ပါဦးမယ် အစ်မရေ ...

nadine said...

ဂြိုဟ်အမှတ် ၁၃၉၀၈ စိတ်ဝင်စားတယ်၊ (အဖြူ ကို အနက်)
ရသမြောက်လှပါတယ် မနော်ရေ...

ဆောင်းယွန်းလ said...

ကလေးတစ်ယောက်၏အတ္ထုပ္ပတ္တိသည်..အဖြူရောင်စာအုပ်တစ်အုပ်ဟုဆိုလျင်..ကျွန်မသည် စာမျက်နှာတချို့ကိုခပ်ကြမ်းကြမ်းရေးမှတ်ထားခံရသောလက်ကျန်အဖြူရောင်စာအုပ်တစ်အုပ် သာဖြစ်သည်။
သိပ်မှန်တာပဲမနော်ရေ..
ဒီလိုအတွေးမျိုးနဲ့ အရေးအသားမျိုးတွေကို များများဖတ်ချင်နေမိတာပါ....ဆက်ရန်မျှော်နေမယ်ဗျာ

ဆောင်းယွန်းလ said...

ဒီတခါလည်း နောက်ကျခဲ့သူမို့ ၁၃နဲ့ထိပ်တိုက်တိုးပြန်ပါပကောလား...မရဘူး ယတြာချေတဲ့
အနေနဲ့ ၁၄ခုမြောက် ကွန်မန့်ကိုထပ်ရေးမယ်

သင်ယူလို့ မဆုံးတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ရတယ်၊ ဘယ်အရာမှ အလကားမရနိုင် ဘူးဆိုတာကို သိခဲ့ရတယ်၊ ကျွန်မတို့က လောကထဲကို ခြေဗလာ လက်ဗလာနဲ့ ၀င်ခဲ့ကြ ရပေမယ့် အလကား မရနိုင်တဲ့ အရာတွေအတွက် ပေးဆပ်ဖို့ တစ်ချိန်လုံး ပင်ပန်းလေးလံ ခဲ့ကြရတယ်၊ သူများ ပုံစံခွက်တွေကို နှစ်လိုမှု မရှိတဲ့အခါ ကိုယ့်ပုံစံခွက်ထဲ ကိုယ်ဝင်နေရ တာကလည်း ဒုက္ခတစ်မျိုးပါပဲ ...
ဒါပေမယ့် အဲဒီဒုက္ခက သူများပုံစံခွက်ထဲမှာ ဝင်ပြီးကြီးပြင်းရတဲ့ ဒုက္ခထက် ပိုပြီးချိုမြိန်တဲ့ ချိုမြိန်ဒုက္ခမဟုတ်လား မနော်ရေ

အိန္ဒြာ said...

(((((((((( "မနော်ဟရီပါ"))))))))))

Craton said...

ဆက်ရန်.. မျှော်.. လေးစား.. အတွေးပွါး... လျက်...