ဒဏ်ရာလိပ်ပြာအထူးကု(၂)

Friday, March 13, 2009

(၃)
မေမြတ်မိုးဦးက မိန်းကလေးဆိုတော့ သူ့စိတ်ထဲမှာ ရှိနေတာကို သိဖို့ခက်ပါတယ်။ ကျော်စိုးကို
ဝင်လုံးပြီး မေးလို့ရတာလည်း မဟုတ်တော့ တစ်မျိုးကြံရတယ်။ အေးမင်းညီမနဲ့ သူနဲ့က ငယ်ငယ်
ကလေးတည်းက တွဲလာတဲ့ သူငယ်ချင်းဆိုတော့ အေးမင်းညီမဆီကပဲ သူ့အကြောင်း စုံစမ်းဖို့
ဆုံးဖြတ်ရတယ်။ အေးမင်းနဲ့ ကျွန်တော်နဲ့ကလည်း ငယ်သူငယ်ချင်းဆိုတော့ သူ့ညီမနဲ့ကလည်း
မိသားစုလို ခင်ပြီးသားပါ။

`ဟဲ့ ... အေးအေးလင်း၊ နင်တို့အုပ်စု တက္ကသိုလ်တက်တာ ဒုတိယနှစ်ရှိပြီ၊ တစ်ယောက်မှ မစွံ
သေးဘူးလား´
`အံမာ ... ကိုရဲကလည်း သမီးတို့က ပညာသွားရှာတာပဲ၊ ဘွဲ့ရမှ ဒီကိစ္စကို စဉ်းစားမယ်၊ အခု
တော့ Sorry ပဲ´

ဒါမိန်းကလေးတွေ သုံးနေကျ စကားပါ။ အဲဒီလို မိန်းကလေးမျိုးက စောစောစီးစီး အိမ်ထောင်
ကျတာ များတယ်။

`နင့်ကို လိုက်တဲ့သူတွေ ဘာတွေ မရှိဘူးလားဟ´
`ဟွန်း ... မိုးဦးကျသရက်စေ့ကို ယင်ကောင်အုံတဲ့အတိုင်းပဲ၊ ဒါပေမယ့် ယင်ကောင်ဆိုတော့ မောင်းထုတ်ရတာပေါ့´
`ယောက်ျားလေး သူငယ်ချင်းတွေ ဘာတွေရော မရှိဘူးလား´
`ဒါတော့ ရှိတာပေါ့၊ လိုအပ်တဲ့ အကူအညီလေးတွေ တောင်းဖို့ ထားရတယ်လေ´

သူ့အကြောင်း အရင်မေးပြီး သူ စိတ်ပါလာတော့မှ မေမြတ်မိုးဦးအကြောင်း စရတယ်။ တိုက်
ရိုက်ဆိုရင် စကားမထွက်တတ်ဘူး။

`မေမြတ်မိုးရော ရရောပေါ့´
`သူ့မှာလည်း မရှိသေးပါဘူး။ သူကတစ်မျိုး ကိုရဲရ၊ အချစ်နဲ့ပတ်သက်ရင် သူ့မှာ ဆိုက်က
ိုရှိတယ်´
`ဟ... ဘာဆိုက်ကိုလည်းဟ၊ လုပ်စမ်းပါဦး´

အေးအေးလင်းက ခဏစဉ်းစားတယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် စုံစမ်း
တာ သိချင်လို့၊ စကားလမ်းကြောင်းကြုံလို့လို့ပဲ သူ ကောက်ချက် ချဟန် တူပါတယ်။ မေမြတ်မိုး
နဲ့ ကျွန်တော်နဲ့က ဘာအဆက်အသွယ်မှ မရှိတာ။ သူနဲ့တောင် စကားကြာကြာ ပြောဖူးတာ
ဒီတစ်ခါထဲ ရှိတာကိုး။

`သူ့ကို လိုက်တဲ့ ကောင်လေးတွေကို သူက တစ်ခါတစ်လေ အေးအေးဆေးဆေး ဆက်ဆံ
ပါတယ်၊ နောက်ကျတော့လည်း ဘာပြဿနာမှ မရှိဘဲ မခေါ်တော့ မပြောတော့ပြန်ဘူး´
`ကျော်စိုးကို ဘေသလိုရော မဘေဘူးလား´
`အဲဒီလိုတော့ မလုပ်ဘူး အစ်ကိုရ၊ တစ်ခါတစ်လေ ပြန်အော်တာလောက်တော့ ရှိတာပေါ့၊
ရပ်ကွက်ထဲမှာလို သွားလုပ်ရင် သူ ပြဿနာ တက်မှာပေါ့´
`ကျော်စိုးကို သူ ဘာဖြစ်လို့ ဒီလောက် ခါးခါးသီးသီး ဖြစ်နေရတာလဲ၊ ဟိုငတိက ဘာတွေလုပ်လို့လဲ´
`အေးတို့ သိသလောက်တော့ ဘာမှမရှိပါဘူး၊ တစ်ခါတစ်လေ ဘာစကားမှမပြောဘဲ နောက်က လျှောက်လိုက်ချင် လိုက်နေတတ်တာ၊ ပြောတော့လည်း နင့်ကို ငါ အရမ်းချစ်တယ်ဆိုတာပဲ၊ အဲဒီတော့ မေမြတ်က အော်ရော´
`အင်း ... ဒီကောင်ကလည်း ငကြောင်ပဲ၊ နင်တို့ကို အောင်သွယ်တွေ ဘာတွေ လုပ်မခိုင်းဘူးလား´
`အမလေး ... ဒီကိုယ်တော်က မေမြတ်ပါမှ နောက်ကလိုက်တာ၊ အေးတို့ချည်းပဲဆို လှည့်တောင်
ကြည့်တာ မဟုတ်ဘူး´
`နင်တို့ကရော နည်းနည်း တွန်းမပေးဘူးလား´

အေးအေးလင်းက ပြုံးတယ်။ ပြီးတော့ ပခုံးကိုတွန့်တယ်။

`စက်ဘီးနဲ့ မြောင်းထဲကျတုန်းကတော့ ပြောဖူးပါတယ်၊ သနားပါတယ်ဟာ ဘာညာပေါ့၊ သူက တကယ်ဝင်တိုက်တာ ကိုရဲရ၊ အဲဒီတော့ သူက သနားရင် ညည်းကြိုက်လိုက်တဲ့၊ ကျော်စိုးအ
ကြောင်း စကားစပ်မလို့ပြောရင် သူက အရမ်းစိတ်ဆိုးတယ်၊ အဲဒီတော့ အေးတို့လည်း မပြော
တော့ဘူး´

အေးအေးလင်းဆီက တချို့ကိစ္စတွေလည်း သိရပါတယ်´
မေမြတ်မိုးက ရွှေငါးကလေးတွေမွေးတာ ၀ါသနာပါတဲ့အကြောင်း၊ သီချင်းနားထောင်တာ ၀ါသနာပါတဲ့အကြောင်း၊ သရဲအရမ်းကြောက်တတ်ကြောင်း၊ သူငယ်ချင်းတွေကို သြဇာမပေး
တတ်ပေမယ့် သူဖြစ်ချင်သလိုမဖြစ်ရင် စိတ်ကောက်တတ်ကြောင်းတွေပါ။ ကျွန်တော့်အထင်
တော့ သာမန်ပါပဲ။

`သရဲကြောက်တာတော့ မပြောနဲ့ ကိုရဲရေ၊ နေ့ဘက်တောင် သူ သန့်စင်ခန်းသွားရင် သမီးတို့
က သူ့အခန်းနားက စောင့်ပေးရတာ၊ တံခါးလည်း ဘယ်တော့မှ ဂျက်မချဘူး၊ တစ်ခုခုဖြစ်ရင် ပြေးလို့ရအောင်လို့တဲ့ ကြောင်တာ ကြောင်တာ´
`ကျော်စိုးအကြောင်း ညည်းတို့ကို ဘာပြောသေးလဲ´
`သူကတော့ တစ်ခါမှ စမပြောဖူးဘူး ကိုရဲရ၊ အေးတို့ပြောရင်လည်း များလာရင် အော်ရော၊
သူကသာ ချဉ်ဖတ်ကို မုန်းနေတာ၊ သူ့အဖေကတော့ ဒေါ်ဘုမ ချဉ်ဖတ်မှ ဒေါ်ဘုမချဉ်ဖတ်၊
သိပ်ကြိုက်တာ´
`ကိုရဲက ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး လာမေးနေတာလဲ´
`ဘာရယ် မဟုတ်ပါဘူးဟာ၊ ရပ်ကွက်ထဲမှာ ပြောကြလွန်းလို့ ငါကလည်း ရုံးတက်နေရတာ
ဆိုတော့ မသိလို့ သူတို့ပြောတာ စိတ်ဝင်စားပြီး မေးမိတာပါ၊ ညည်းလည်း တက္ကသိုလ်မှာ
ရည်းစားရအောင် ကြိုးစား၊ တက္ကသိုလ်မှာထားတဲ့ ရည်စားဆိုတာ နီးနီးကပ်ကပ် နေခွင့်ရ
တယ်၊ လွတ်လွတ်လပ်လပ် လေ့လာလို့ရတယ်၊ သူ့အကြောင်းကို၊ အကျင့်ကို အေးအေး
ဆေးဆေး လေ့လာလို့ရတယ်´
`ကိုရဲ မြှောက်ပေးတာနော်၊ အေးမင်းဆူရင် ကိုရဲ ထားခိုင်းလိုက်တာလို့ ပြောလိုက်မှာ´
`ပြောပေါ့၊ ငါက မှန်တာ ပြောတာပဲ´

အေးမင်းညီမ စပ်ဖြဲဖြဲနဲ့ ကျန်ခဲ့တယ်။ သူ့အကြောင်းနဲ့စပြီး သူ့အကြောင်းလေးနဲ့ ဆုံးပေး
လိုက်တော့ မေမြတ်အကြောင်း စုံစမ်းတာ သိပ်မသိသာတော့ဘူးလေ။ ကျွန်တော် သိခဲ့ရတဲ့
အကြောင်းကလည်း ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူး။ ဘာဆက်လုပ်ရမလဲ၊ ဘယ်လို
ကြံရမလဲဆိုတာ နည်းလည်းရေးရေးတောင် မပေါ်ဘူး။

နောက်တစ်ပတ်လောက်ကြာတော့ မေမြတ်မိုးဦးတို့အိမ်မှာ နတ်ကနား ပေးတယ်ခင်ဗျ။ တစ်
ရပ်ကွက်လုံးရော၊ အနီးအနားရပ်ကွက်က လူတွေရော အုံးအုံးကို ထနေတာပဲ။ နတ်ကနားက
သုံးရက်ပေးတာ၊ ဦးမိုးဦးကလည်း ပွဲပြီးခါနီးဆို နှစ်ရာတန်တွေ အုပ်လိုက်ကျဲတတ်တော့ ဘာ
ပြောကောင်းမလဲ၊ သုံးရက်စလုံး လူက တိုးမပေါက်ဘူး။

ကျွန်တော်လည်း ဘာရယ်မဟုတ်ပါဘူး။ ကိုယ်နဲ့ပတ်သက်တဲ့ အိမ်ဆိုတော့ သွားကြည့်တာ
ကောင်းမယ်ဆိုပြီး သွားကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ကျွန်တော် ကြည့်တဲ့အချိန်မှာ
မေမြတ်မိုးဦးက နတ်ချော့တာတဲ့။ အစိမ်းရောင်ဇာဝမ်းဆက်နဲ့၊ အစိမ်းရောင် ပုဝါရင်စည်းနဲ့။
သူ နတ်မ၀င်ပါဘူး။ ဟိုခုန် ဒီကပါ၊ မိန်းကလေးဆိုတော့ ခြေလက်တော့ ဆိုင်းနဲ့အညီ ချိုးတတ်
လှည့်တတ် ပတ်တတ်တာပေါ့လေ။ ပရိသတ်ကလည်း အားပေးလိုက်ကြတာ အရမ်းပဲ။

မေမြတ်မိုး နတ်ချော့တာ ပြီးတဲ့အထိကြည့်ပြီး ကျွန်တော် ပြန်လာခဲ့တယ်။ အပြန်လမ်းမှာ အကြံ
တစ်ခုရပါတယ်။ ဒါပေမယ့် ကျွန်တော် တော်တော်ကြိးကို စွန့်စားရလိမ့်မယ်။ အိမ်ပြန်ရောက်
တော့ ကျွန်တော့် အကြံအစည်ကို အဘက်ဘက်က ထောင့်စုံအောင် စဉ်းစားရတယ်။
ကျွန်တော် ကြံမိတဲ့ အကြံက တော်တော် ကြောက်စရာကောင်းပါတယ်။ ကြောက်စရာကောင်း
တယ်ဆိုလို့ ကြမ်းကြမ်းတမ်းတမ်းတွေ ပါတာကို ပြောတာမဟုတ်ပါဘူး။

ကျွန်တော့်အကြံက ကျွန်တော်တစ်ယောက်တည်းနဲ့ မပြီးဘူး။ ဘေးလူတွေ ပါရမယ်။ ပါရမယ့် ဘေးလူတွေကလည်း ကျွန်တော် ဘာလုပ်တယ်၊ ဘာကြောင့် လုပ်တယ်ဆိုတာကို သိလို့မရဘူး။
နောက်ဆုံး ကုန်ကုန်ပြောရရင် ကျော်စိုးဆိုတဲ့ ငတိတောင် ပွဲမပြီးခင် သိလို့မရဘူး။ ဒီတော့
စာရွက်တစ်ရွက်နဲ့ ကျွန်တော့် အစီအစဉ်ကို တစ်ခုချင်း အသေးစိတ် ချရေးရတယ်။ ပြီးတော့
ဟိုငတိ ထိုင်တတ်တဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

`ကျွန်တော် အခု ညဘက်မသွားတာ ဆယ့်တစ်ရက်ရှိပြီ အစ်ကို´

ကျွန်တော် ပြုံးမိတယ်။ ဒီငတိက အရက်ဖြတ်တဲ့လူလိုပဲ မသောက်တာ လေးရက်ကြီးတောင် ရှိသွားပြီဆိုတဲ့ပုံစံမျိုး။ သူတော်တော် နေမထိထိုင်မသာ ဖြစ်နေပုံရတယ်။

`အေး ... ကောင်းတယ်၊ မင်း နောက်တစ်ခု ထပ်လျှော့ရဦးမယ်´
`အေး ... မင်း နောက်တစ်ခု ထပ်ဖြုတ်ချရဦးမယ်´
`ဗျာ ... ´
`မဗျာနဲ့၊ မင်း ဂြိုဟ်တုလွှတ်တဲ့ အကြောင်းကို သိသလား´

ငတိ နည်းနည်းကြောင်သွားတယ်။ ပြီးတော့ ခေါင်းကိုကုတ်တယ်။ ဒီလူ ဘာတွေလာပြောနေ
ပါလိမ့် ဆိုတဲ့သဘောနဲ့ ကျွန်တော့်ကို ကြည့်တယ်။ နောက် ခေါင်းကို ခါတယ်။

`အေး ... ဂြိုဟ်တုကို ကမ္ဘာမြေပြင်လွှတ်တော့ အစိတ်အပိုင်းတွေ အကုန်တပ်ပြီး လွှတ်ရတယ်၊ ကမ္ဘာ့လေထုကိုဖြတ်ဖို့ အင်ဂျင်အစိတ်အပိုင်းတွေ အကုန်တပ်ပြီး လွှတ်ရတယ်။ ကမ္ဘာ့လေထု
ကို ကျော်ပြီး သူ့ပတ်လမ်းထဲကို ရောက်ပြီဆိုတာနဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို
ဖြုတ်ချရတယ်၊ သူ လိုအပ်တဲ့ အစိတ်အပိုင်းနဲ့ပဲ အာကာသထဲမှာ အလုပ်လုပ်တယ်၊ ဒီတော့
မင်းလည်း ဒုတိယအစိတ်အပိုင်းကို ဖြုတ်ချရတော့မယ်´
`ဘာကို ဖြုတ်ချရမှာလဲ အစ်ကို´
`မင်း အခု မနက်ကြည့်တာရယ်၊ ညနေကြည့်တာရယ်ထဲက တစ်ခု ဖြုတ်ချရမယ်၊ ရွေးတာ
တော့ မင်းဘာသာရွေး´

ငတိ တော်တော် စိတ်ဆိုးသွားပုံရတယ်။ ဒီလူ ကူညီနေတာမှ ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့
ကြည့်တယ်။ ဒီနေရာမှာတော့ ကျွန်တော် ပြတ်သားရပါတယ်။

`မင်း ငါ ပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုရင်လည်း ရတယ်၊ မင်း ဘာသာ ဆက်ဒုက္ခခံပေါ့၊
တစ်ရက်တော့ စဉ်းစားဦး၊ မင်းကို ငါပေးတဲ့အကြံက မင်းအတွက် ချည်းပဲဆိုတာတော့ မင်း
သိထား၊ ငါ သွားမယ်´
`ကျွန်တော်က ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ အစ်ကို´
`ခုချိန်မှာ မလိုအပ်တော့လို့ဘဲ ပြောနိုင်သေးတယေ်၊ ဒီထက် ငါ ဘာမှ မပြောနိုင်သေးဘူး၊
မလုပ်ချင်လည်း မင်းနဲ့ငါ ပြီးပြီပေါ့၊ မနက်ဖြန် ထပ်တွေ့မယ်´

ကျွန်တော်က ပြတ်ပြတ်သားသားပဲ ထလာခဲ့တယ်။ ငတိကတော့ အူကြောင်ကြောင်နဲ့ ကျန်
ရစ်ခဲ့လေရဲ့။

နောက်နေ့တွေကျတော့ ငတိက တက်တက်ကြွကြွပဲ ဆိုပါတယ်။

`မနက်ဖက် ကြည့်တာကို ဖြုတ်ချမ်ယ အစ်ကို၊ ကျွန်တော်လည်း သတင်းစာ စိတ်ဖြောင့်
ဖြောင့် ပို့ရတာပေါ့၊ ကျွန်တော် အစ်ကို့ကို ယုံပါတယ်´
`အေး ... ဒါဆိုလည်း တို့ လုပ်ငန်းဆက်ကြတာပေါ့၊ တစ်ခုတော့ ရှိတယ်၊ မင်း ငါ့စကားအတိုင်း
ပဲ နေရမယ် ဆိုတာပဲ´
`စိတ်ချအစ်ကို၊ ကျွန်တော် အခု သီချင်းသွားမဆိုတော့ အိမ်ဘေးနားက ကောင်မလေးတွေ
က သူ့ကို သွားမေးကြတယ်တဲ့´

သူ ပထမဦးဆုံးရတဲ့ တုန့်ပြန်မှုအတွက် တော်တော်လည်း ၀မ်းသာနေပုံ ရပါတယ်။

`ဒါပေါ့ကွာ၊ မင်းစွန်က မင်းနဲ့ နီးလာပါပြီ´

ကျွန်တော် ငတိနဲ့ တွေ့ပြီးတော့ ကျိုက္ကဆံဘုရားကို သွားပါတယ်။ ကျိုက္ကဆံဘုရားက
ကျွန်တော့်အိမ် ပြတင်းပေါက်ကကြည့်ရင် စိန်ဖူးတော်ကို လှမ်းမြင်နေရပါတယ်။ မိနစ်
နှစ်ဆယ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ သင်္ဃန်းကျွန်းမြို့ရဲ့ တန်ခိုးအကြီး
ဆုံး ဘုရားပေါ့။

ဘုရားဝင်းအ၀မှာ မုခ်တစ်ခု ရှိပါတယ်။ အဲဒီအထိ ဖိနပ်စီးလို့ ရပါတယ်။ ကျိုက္ကဆံဘုရား
က တန်ဆောင်းမရှိပါဘူး။ ဘုရားအ၀င် ဒုတိယမုခ်မှာ ဖိနပ်ချွတ်ပြီး လှေကားငါးထစ်
တက်တာနဲ့ ဘုရားရင်ပြင်ကို တန်းရောက်ပါတယ်။ ပထမမုခ်ဦးနဲ့ ဒုတိယမုခ်ဦးအကြား
မြေကွက်လပ် ပတ်လည်မှာ ဘုရားပွဲဆို ပွဲသွင်းပါတယ်။ ဆိုင်တွေကို ကြပ်ညှပ်လို့။

ကျွန်တော် ဘုရားပေါ်မှာ ခဏနားရင်း ကျွန်တော့်အစီအစဉ်ကို ပြန်စဉ်းစားတယ်။
ပြီးတော့ ကျွန်တော့်ကို ကူညီမယ့် အရေးအကြီးဆုံး ဒုတိယလူကိုရှာဖို့ ဘုရားအောက်
ပွဲခံမြေကွက်လပ်ကို ဆင်းခဲ့တယ်။

အဲဒီမြေကွက်လပ်မှာ ဘုရားဆင်းတုတော်၊ ပန်းဖြူပန်းနီ၊ ထီးဖြူထီးနီ၊ တံခွန်၊ ကုက္ကား၊
ပုလ္လင်၊ နတ်ရုပ်၊ မှန်ရေးပန်းချီနတ်ရုပ် စတာတွေကို ရောင်းပါတယ်။ ၀ယ်သူကတော့
မရှိသလောက်ပါဘဲ။ အဲဒီဆိုင်တွေလွန်တော့ ဗေဒင်ဆိုင်ခန်း လေးငါးခန်းကို တွေ့ရပါတယ်။

ကျွန်တော် ဆိုင်တွေကို တစ်ခုချင်း သေသေချာချာ လေ့လာရပါတယ်။ စတုတ္ထမြောက်ဆိုင်
ကျတော့မှ ကျွန်တော် လိုချင်တာကို သွားတွေ့တယ်။ ဒါပေမယ့် မှတ်ထားပြီး ရှေ့က ဆိုင်
တွေကို ထပ်ကြည့်ရတယ်။ လက္ခဏာဗေဒင်နှင့် အင်္ဂ၀ိဇာ ဆြာမျိုးဆွေသန်းတဲ့။ ပိတ်စအဖြူ
ပေါ်မှာ ရေးထားတဲ့ စာလုံးတွေက ဟောင်းနေပြီ။ လက်ဝါးထောင်ရက်ပုံ ဆွဲထားတာက
လည်း အချိုးမကျဘူး။

ပြီးတော့ ပိတ်အပြာစပေါ်မှာ သူ့ဆီမှာ ဗေဒင်မေးနေတဲ့ ဇာတ်မင်းသားတွေ၊ ရုပ်ရှင်သရုပ်
ဆောင် ဇာတ်ပို့ဇာတ်ရံပုံတွေကို ပပ်ထားတယ်။ ဓာတ်ပုံတွေက တော်တော်လေး ဟောင်း
နေပါပြီ။ ကျွန်တော်က ရပ်ကြည့်နေတာကို အထဲက သူ ရိပ်မိပုံရပါတယ်။ ဂါထာလိုလို
ဘာလိုလို ရွတ်သံကို စတယ်။ နောက်တစ်ယောက်က ဗေဒင်လက္ခဏာနှင့် ဓာတ်ရိုက်
ဓာတ်ဆင် ပါရမီရှင် ဆရာအေးဘကျော်တဲ့။ သူလည်း ဓာတ်ပုံအဟောင်းတွေ ဘာတွေ
ကပ်ထားတာပါပဲ။ အမွှေးတိုင်နံ့တွေလည်း မွှန်လို့။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် တွေ့ထားတဲ့ ဆိုင်ကိုပဲ ပြန်လှည့်ခဲ့ရတယ်။

သူကတော့ ရိုးရိုးပဲ ရေးထားပါတယ်။ စိတ်ကို စိတ်ဖြင့်သာ ဟောသည်တဲ့။ အောက်မှာ
ဆရာမကြီး ဒေါ်တင်မိုးလွင်တဲ့။ သင်မသိသော သင့်စိတ်ကို သိသောဆိုတဲ့ နာမ၀ိသေန
လေးတော့ ပါတာပေါ့။

ကျွန်တော်က မိန်းကလေးဆရာမပဲ ရချင်တာ။ အခု သူတစ်ယောက်ပဲဆိုတော့ ကျွန်တော်
ရွေးမနေတော့ဘဲ အခန်းထဲကို ၀င်လိုက်တယ်။

အခန်းထဲရောက်တော့ ဆရာမက ပုတီးစိပ်နေတယ်ခင်ဗျ။ ကျွန်တော် ရပ်ကြည့်တော့မှပဲ တမင်စိပ်တာလားတော့ မသိပါဘူး။ သူ့အဓိဌာန်နဲ့သူ စိပ်တာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်စောင့်နေလိုက်ပါတယ်။

ဆယ်မိနစ်လောက်အထိ ကျွန်တော် စောင့်ရပါတယ်။ ဒါဆိုရင်တော့ ဟန်ပြစိပ်တာ
မဟုတ်တော့ဘူး။ သူ့အဓိဌာန်နဲ့ သူ စိပ်တာ ဖြစ်ပါလိမ့်မယ်။ ဘုရားကို ဦးချပြီး သက်ဆိုင်
ရာ နတ်တွေကို အမျှဝေပါတယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်တယ်။

ဆရာမရုပ်ရည်က တော်တော်လေးကို မှည့်ပါတယ်။ ဆံပင်အရှည်ကြီးကို သေသေသပ်
သပ် ထုံးထားတယ်။ မိတ်ကပ်ပါးပါး လိမ်းထားပေမယ့် မျက်ခုံး၊ မျက်လုံးတွေက အချိုး
အစား ပြေပြစ်တယ်။ နှာတံပေါ်တယ်။ နှုတ်ခမ်းပါးပါးက ရှည်ရှည်ကလေးရယ်၊ ကိုယ်လုံး
ကိုယ်ပေါက်ကတော့ ကိုယ့်ဆရာတွေ အကြိုက်ပဲ။ ထိုင်နေတာတောင်မှ အချိုးအစား
ကျပါတယ်။

ဆရာမက ကျွန်တော့်ကို ပြုံးပြပါတယ်။ သွားကလေးတွေက ရှည်ရှည်သွယ်သွယ
် ညီပြီးဖွေးနေတာပဲ။ ဆရာမ သွားကလေးတွေက ပစ္စတိုကျည်ဆန်လေးတေါ ညီနေအောင
်စီပြီး ထောင်ထားတဲ့အတိုင်းပဲ။ ပါးချိုင့်ကလည်းပါတော့ ပြုံးလိုက်ရင် တော်တော် အသက်
ဝင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို စေ့စေ့ကြည့်ပြီးတော့ မေးပါတယ်။

`ကဲ ... သား ဘာသိချင်လို့လဲ´

ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ခေါင်းတစ်
ချက်ကုတ်ပြီး `အကုန်ပါပဲ´ လို့ ပြောလိုက်တော့ ဆရာမက ထပ်ပြုံးတယ်။

`ဒါဆိုရင် သားမှာ အခုလောလောဆယ်တော့ ဘာအပူအပင်မှ ရှိပုံမရဘူး၊ သားရဲ့ ရှေ့ရေး
ကိုပဲ သိချင်တာ မဟုတ်လား´

ဆရာမက Physiology ကို တော်တော်လေ့လာထားပုံ ပေါ်ပါတယ်။ ဆရာမဟာ ပညာတတ်
တစ်ယောက် ဖြစ်ဖို့လည်း များတယ်။ သူ့အသံက ချိုအေးတယ်။ ပြီးတော့ လူတစ်ယောက်ကို
လွှမ်းမိုးနိုင်တဲ့ သြဇာနဲ့လည်း ပြည့်စုံတယ်။ ကျွန်တော် လိုချင်တဲ့ အချက်တွေနဲ့တော့ ကွက်တိ
ပါပဲ။

ကျွန်တော်ကလည်း ဆရာမကို ပြန်ပြီး တွက်ချက်နေမိတယ်။ ဒီလောက်ချောလှပြီး ကြည့်လို့
ကောင်းတဲ့ ဆရာမဟာ အကြားအမြင် ဟောနေတယ်ဆိုတော့ အပျိုကြီးပဲ ဖြစ်ရမယ်။ သူနဲ့
အရမ်းချစ်ကြတဲ့ သူ့ချစ်သူက သူ့ကို ပစ်သွားတော့ ကိုယ့်စိတ်ကို ကိုယ်မလေရအောင် ထိန်းတဲ့
သဘောနဲ့ ဘုရားတရားဖိလုပ်ရင်း ဒီလိုင်းကို ရောက်လာပုံ ပေါ်ပါတယ်။

`ကဲ ... သားရဲ့ မွေးနေ့ မွေးလ၊ ခုနှစ်နဲ့ နာမည်ပြောပါ´
`၂ ရက် နိုဝင်ဘာ ၁၉၆၆ ပါ၊ ဗုဒဟူးသား၊ နာမည်က ရဲဝင်းပါ´

ဆရာမက နှစ်တစ်ရာ ပြက္ခဒိန်ကို လှန်ကြည့်ပါတယ်။ ဆရာမ လက်ချောင်းကလေးတွေက
လည်း ရှည်ရှည်သွယ်သွယ်ကလေးရယ်။

`သားက မြန်မာပြက္ခဒိန်အရဆိုရင် သီတင်းကျွတ်လပြည့်ကျော် (၄)ရက်နေ့ပဲ၊ ကဲ ... သား
ဘုရားရှိခိုးလိုက်ပါဦး သား´

ခဏခဏ သားအခေါ်ခံရတော့ တစ်မျိုးကြီးပဲဗျ။ ဆရာမက အသက်လေးဆယ်လောက်ပဲ
ရှိဦးမှာပါ။ ကျွန်တော် ဘုရားရှိခိုးပြီးတော့ ဆရာမက အနေအထိုင်ပြင်ပြီး ကျွန်တော့် မျက်နှာ
ကို စေ့စေ့ ခဏငြိမ်ပြီး ကြည့်ပါတယ်။ ပြီးတော့ -

`ဆရာမက သားရဲ့စိတ်ကို အာရုံပြုမယ်၊ သားက ဘုရားကို စိတ်ထဲက အာရုံပြုထားပါ´

ဆရာမက မျက်လုံးကိုမှိတ်ပြီး တရားထိုင်သလို ထိုင်ပါတယ်။ တစ်ခါတစ်ခါ မျက်မှောင်တစ်
ချက် ကျုံ့သွားတယ်။ ကျွန်တော် ဘုရား အာရုံမပြုဘဲ ဆရာကိုပဲ လေ့လာနေမိတယ်။ ဆရာမ
ရဲ့ ရုပ်အင်္ဂါက သန့်ရှင်းတည်ကြည်ပါတယ်။ ကိုယ်ပြောတဲ့စကားကို တစ်ဖက်သား ကောင်း
ကောင်း ယုံလွယ်စေနိုင်တဲ့ ရုပ်လက္ခဏာမျိုးပါ။ ကျွန်တော့် အစီအစဉ်အတွက် ဒါဟာ အရေး
ကြီးပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် လိုချင်တာ ကွက်တိရလို့ ၀မ်းသာနေမိတယ်။
ငါးမိနစ်လောက် မျက်စေ့မှိတ်ထား၊ ပြီးတော့မှ ဆရာမက သက်ပြင်းကိုချပြီး မျက်စေ့ဖွင့်
လိုက်ပြီးတော့ ဆရာမက ကျွန်တော့်အတိတ်ကို အရင်ဟောပါတယ်။

မှန်တာတွေ အတော်မှန်ပါတယ်။ တချို့ကိစ္စတွေလည်း လွဲပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်
လို့ ဟောတာတော့ တော်တော်လေးကို မှန်ပါတယ်။ ကျွန်တော့်နှလုံးမှာ ရောဂါရှိတဲ့အကြောင်း။
လေရောဂါနဲ့ အညောင်းမိရောဂါရှိကြောင်း၊ သတိထားသင့်ကြောင်းတွေပါ။

ရှေ့ဖြစ်ဟောတာတော့ ကျွန်တော်လည်း သူဟောတဲ့ဆီကို မရောက်ဖူးသေးတော့ မှန် မမှန်
မသိပါဘူး။ ဒါပေမယ့် တခြားဆရာတွေလို မွေးနှစ်ကျော်ရင် အားလုံးကောင်းပြီလို့တော့
မပြောပါဘူး။ ကျွန်တော့် စီးပွားရေးနဲ့ ဘ၀အောင်မြင်မှုက (၂၉)နှစ်လောက်မှ စမယ်တဲ့။
အခု ကျွန်တော်က (၂၅)နှစ်ဆိုတော့ လေးနှစ်တောင် စောင့်ရဦးမယ်ပေါ့လေ။

ပညာရေးကျတော့ လွဲတယ်ခင်ဗျ။ ကျွန်တော့်ကို ပညာအကျိုး ခံစားရမတဲ့။ ကျွန်တော်
ဘာမှမပြောပါဘူး။ ကျွန်တော်က မေးချင်လို့ မေးတဲ့လူမှ မဟုတ်တာ။ ဒီဆရာမဟာ
ကျွန်တော့် အစီအစဉ်မှာ အရေးအကြီးဆုံး ကူညီသူတစ်ယောက် ဖြစ်နိုင် မဖြစ်နိုင်ဘဲ
သိချင်တာ။ အခုတော့ ကျွန်တော် ဆရာမကို အမှတ်ပြည့်ကို ပေးလိုက်ပါတယ်။

နောက်နေ့ ဟိုငတိ ကျွန်တော့်စကားကို နားထောင်မထောင် မနက်ခင်း ထိုင်နေကျဆိုင်
ကို သွားချောင်းတယ်။ ငတိ မလာဘူး။ နောက်နေ့ ... နောက်နေ့။ ငါးရက်မြောက်နေ့ကျတော့
ကျွန်တော် ငတိကို စိတ်ချသွားပြီ။

ကျွန်တော့် အစီအစဉ်အရ စိတ်ကို စိတ်နဲ့ဟောတဲ့ ကျွန်တော့်ဆရာမ ဒေါ်တင်မိုးလွင်ဆီကို
ဖယောင်းတိုင်နှစ်ထုပ်၊ အမွှေးတိုင်နှစ်ထုပ်၊ လိမ္မော်သီး ငါးလုံးနဲ့ သွားရပါတယ်။ သူ ပုတီးစိပ်
တဲ့အချိန်ကို တမင်မှန်းသွားတာပါ။ ကျွန်တော် အသံမကြားအောင် အသာကြည့်တော့ ဆရာမ
က ထုံးစံအတိုင်း ပုတီးစိပ်နေပါတယ်။ ကျွန်တော် ဘုရားတစ်ပတ်ပတ်၊ ဘုရားရှိခိုးပြီး ခဏထိုင်
ပါတယ်။ ကျွန်တော်က ဒီလိုဘုရားတွေ ဘာတွေရောက်မှ ဘုရားရှိခိုးရမှန်း သိတဲ့ကောင်ပါ။
အိမ်မှာဆိုရင် မေ့နေတာနဲ့ သတိမရတာနဲ့။

ဆရာမ ပုတီးပတ်စေ့ချိန်လောက်မှ ကျွန်တော် ၀င်သွားပြီး လက်ဆောင်တွေ ပေးတော့
ဆရာမ တော်တော်ဝမ်းသာသွာါးပတယ်။ လိမ္မော်သီး ငါးလုံးကို ဘုရားကပ်ပါတယ်။ဆရာမ
နဲ့ အလ္လာပ သလ္လာပ နာရီဝက်လောက် စကားပြောပြီး ဆရာမ ဘယ်လိုဖြစ်လာသလဲ
မေးတော့ -

`ဆရာမလည်း ဒီလိုပဲ ပုတီးစိပ်ရင်းနဲ့ အာရုံရလာတာပဲ၊ ဒီလိုဟောဖိုပ ရည်ရွယ်ချက်မရှိဘူး၊
အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုတာ ဆရာမလည်း မသိဘူး သားရဲ့´
`ရည်ရွယ်ချက်မရှိဘဲနဲ့ ဘယ်လို ဟောပြောသွားတာလဲ´
`အဲဒီပုဂ္ဂိုလ်က ဒီပညာနဲ့ လူတွေကို ကူညီရမယ်တဲ့၊ ကိုယ်ပဲ သိထားလို့ အကျိုးမရှိဘူးတဲ့၊
ဆရာဝန်တစ်ယောက် ကျောင်းပြီးသွားရင် သူ့ပညာနဲ့ လူတွေကို အကျိုးပြုရသလိုပေါ့´

ဆရာမတင်မိုးလွင်ရဲ့ စကားကို ကျွန်တော် ကျေကျေနပ်နပ်ကို လက်ခံပါတယ်။ ကျွန်တော့်
ကို ဟောပြီးတုန်းကလည်း ဘယ်ရွေ့ဘယ်မျှ မတောင်းပါဘူး။ ကျွန်တော် လှူသမျှကို ဘုရား
ကို တစ်ဝက်ကပ်ပြီး သူက တစ်ဝက်ယူပါတယ်တဲ့။ ကျွန်တော်တို့ စကားကောင်းနေတုန်း
မေးသူနှစ်ဦးလာတာနဲ့ ကျွန်တော် ပြန်လာခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော် ကျိုက္ကဆံဘုရားကို တစ်ပတ် သုံးရက်လောက်ရောက်ပြီး ဆရာမနဲ့
ဝင်ဝင်စကားပြောတယ်။ တစ်လလောက်ကြာတော့ ဆရာမနဲ့ ကျွန်တော် တော်တော်
ရင်းနှီးသွားပါပြီ။ သားအစား မင်းနဲ့ငါ ဖြစ်လာတယ်။ ပြောဖြစ်တဲ့ ကိစ္စတွေကတော့ လူမှု
ရေးနဲ့ ဂန္ဓာရီကိစ္စတွေပါ။

`ဆရာမကိုလည်း ကျွန်တော်က ပြန်ဟောရဦးမယ်၊ ဆရာမဟာ အပျိုကြီးဖြစ်ရမယ်၊
ပြီးတော့ လူတစ်ယောက်နဲ့ အကြာကြီး ချစ်ပြီးတော့မှ လမ်းခွဲလိုက်ရတာ ဖြစ်မယ်၊
ဆရာမ အသည်းအကြီးအကျယ် ကွဲခဲ့ရဖူးတယ်´

ဆရာမ အကြီးအကျယ် မျက်လုံးပြုးသွားတယ်။

`အံမယ် ... မင်းက တယ်ဟုတ်ပါလား၊ မင်း ငါ့အကြောင်းကို စုံစမ်းထားသလား´
`မစုံစမ်းပါဘူး။ ဆရာမကို ကြည့်ပြီး ပြောတာပါ၊ ဆရာမမှာသာ ခင်ပွန်းရှိရင် ဒီအလုပ်
ကို လုပ်ခိုင်းပါ့မလား၊ ရွှေပေါ်မြတင် ထားမှာပေါ့၊ ဆရာမ ပုဂ္ဂိုလ်ရဲ့ တာဝန်အရ လုပ်ရ
တယ်ဆိုရင်လည်း အကြိုအပို့တော့လုပ်မှာပေါ့၊ အခုတော့ဆရာမက တစ်ယောက်တည်းရယ်´

ကျွန်တော့်စကားဆုံးတော့ ဆရာမက လက်ခုပ်လက်ဝါးတီးပြီး အားရပါးရ ရယ်ပါတယ်။
`ဟုတ်တယ် .... ဟုတ်တယ်´ လို့လည်း ရယ်ရင်းနဲ့ ပြောတယ်။

`မင်း ဒီဘက်နားမှာ ဆိုင်လာဖွင့်ရင် ငါ အာနန္ဒာဘုရားကို ပြောင်းတော့မယ်´

ကျွန်တော်တို့နှစ်ယောက် ပြိုင်တူရယ်ဖြစ်ကြပြီးမှ ကျွန်တော်က စကားစရတယ်။ ဒီစကား
ကို အခုမှပြောရတာ ဆရာမနဲ့ ရင်းနှီးမှုရမှ ပြောရမယ့် စကားမို့ပါ။

ကျွန်တော်က ကျွန်တော့် အစီအစဉ်ကို ပြောပြတယ်။

ကျွန်တော့်စကားလည်း ဆုံးရော ခုနက ပျော်နေပြုံးနေတဲ့ ဆရာမရဲ့ မျက်နှာဟာ ဒေါသနဲ့
နီရဲနေတာပဲ။

`ဟေ့ ... ဒီမှာ မင်းမို့လို့ ဒီစကားကို ငါ ဆုံးအောင် နားထောင်တယ်လို့ မှတ်ပါ၊ မင်း အခု
ငါ့အခန်းထဲက ထွက်သွား၊ ငါ့ပညာက လူတွေကို လိမ်ဖို့ညာဖို့ ပညာမဟုတ်ဘူးကွ၊ လူတွေ
ကို ကူညီဖို့၊ ဒုက္ခနည်းနိုင်သမျှ နည်းဖို့ ရထားတဲ့ ပညာကွ၊ ငါ တစ်သက်လုံး အဲဒီအလုပ်မျိုး
မလုပ်ဘူး´
`ကျွန်တော် တောင်းပန်ပါတယ် ဆရာမရယ်၊ ဒီကိစ္စက ကျွန်တော့်ကိစ္စလည်း မဟုတ်ပါဘူး။
ကျော်စိုးနဲ့ ကျွန်တော်လည်း ဘာမှမတော်ပါဘူး၊ ကျွန်တော်က သက်သက်ဝင်ကူညီတာပါ၊
ဆရာမပညာကို စော်ကားချင်တဲ့စိတ် ကျွန်တော့်မှာ တစ်စက်မှ မရှိပါဘူး၊ ပြီးတော့ ဒီကိစ္စက
ဆရာမ ကူညီမှ ရမှာပါ၊ ဆရာမက အရေးအကြီးဆုံးပါ၊ ကိုယ်က ချစ်ရက်နဲ့ ပြန်အချစ်မခံရတဲ့
ဒုက္ခကို ဆရာမလည်း ခံစားခဲ့ဖူးတာပဲ၊ ကျွန်တော်တို့ ကူညီလို့ သူတို့ အဆင်ပြေသွားကြရင်
ဆိုတဲ့ စိတ်ကလေးနဲ့ပါ ဆရာမရယ်၊ ဆရာမပညာကို စော်ကားသလိုဖြစ်သွားရင် ကျွန်တော်
ကန်တော့ပါတယ်´

ကျွန်တော် တကယ်ကို ထိုင်ကန်တော့တာပါ။ ဒီတော့မှ ဆရာမ မျက်ဝန်းထဲက ဒေါသရိပ်ဟာ
တဖြည်းဖြည်းနဲ့ လျှော့ကျလာပါတယ်။ ပြီးတော့ ကျွန်တော်လည်း ငြိမ်ပြီးတစ်နေရာတည်းကို ခေါင်းငုံ့ကြည့်နေလိုက်တယ်။ ငါးမိနစ်လောက်ကြာမှ ဆရာမက သက်ပြင်းကိုချတယ်။

`မင်း ငါ့ကို အဲဒီအကြံနဲ့ လာပေါင်းတာလား´
`အမှန်အတိုင်း ၀န်ခံရရင် ဟုတ်ပါတယ် ဆရာမ၊ ဒါပေမယ့် ခင်တာတော့ အခု တကယ်ခင်သွား
တာပါ´

ဆရာမက ခေါင်းတဆတ်ဆတ် ညိတ်တယ်။ ဆရာမမျက်နှာမှာ ဒေါသရိပ်တော့ မရှိတော့ဘူး။
ဒါပေမယ့် အရင်လို ရွှင်ရွှင်ပြပြလည်း မရှိပြန်ဘူး။ ခပ်တည်တည် ဖြစ်သွားတယ်လို့ ပြောရင်
ရမယ်ဆိုမလားဘဲ။ ဒါနဲ့ ကျွန်တော်လည်း ဟိုငတိ ကျော်စိုးခံရပုံတွေကို မရဲတရဲနဲ့ ပြောပြရတယ်။
ဆရာမက ဘာမှဝင်မမေးဘဲ နားထောင်ပါတယ်။ ကျွန်တော့် စကားဆုံးတော့မှ လေသံမှန်မှန်နဲ့ -
`မင်း ပြန်တော့၊ ငါ စဉ်းစားဦးမယ်၊ နောက်အပတ်မှ လာခဲ့´
`ဟုတ်ကဲ့ပါ ဆရာမ´

(၄)
ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော် နွား အလကား ကျောင်းရတာကမှ တော်သေးတယ်။ ကြီးတော်
က ကိုယ့်အမျိုးမဟုတ်လား။ ကိုယ့်ထက်လည်း အသက်ကြီးတော့ ကုသိုလ်လည်း ရသေးတယ်
မဟုတ်လား။

အခုတော့ ကျွန်တော့်မှာ ကိုယ့်လက်ဖက်ရည် ကိုယ်သောက်ရတဲ့အပြင် ဟိုငတိ ကျော်စိုးနဲ့ထိုင်ရင်
သူ့ဆီက မစားရက်လို့ ကိုယ်က ရှင်းရသေးတယ်။ ပြီးတော့ ဗေဒင်ဖိုးလည်း ကုန်ရသေးတယ်။ အဆူ
အပြောလည်း ခံရ၊ စိတ်ကလေည်း မောရသေးတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာ ကျွန်တော်ပဲ။

အခုလည်း ဟိုငတိခေါ် လက်ဖက်ရည်တိုက်ရင်း မေးရတယ်။

`ဘာမှ မထူးခြားသေးဘူး အစ်ကို၊ တစ်လလည်း ကျော်လာပြီ၊ အစ်ကိုခိုင်းတဲ့အတိုင်းပဲ ကျွန်တော်
လည်း နေတာပဲ´
`အေး ... အချိန်ကို သိရတယ်ကွ၊ ဘုရားတောင်မှ ကျွတ်ချိန်တန်တဲ့သူကို သူ့အချိန်ရောက်မှ ချွတ်လို့
ရတာ၊ မင်းကံကောင်းရင် ရှေ့အပတ်ထဲမှာ ထူးခြားလာမှာပါ။

အဲဒီအပတ်ထဲမှာပဲ မေမြတ်မိုးဦးတို့အိမ်မှာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ကောင်မလေးရဲ့
အမေ အိပ်ရာထဲ လဲတယ်။ အခုအကောင်း၊ တော်ကြာဆို မူးတယ် မူးတယ်ဆိုပြီး အိပ်ရာထဲ
လူတွဲပို့ရတယ်။ ညညဆို ကယောင်ကတမ်းတွေ အော်တယ်။ ကျွန်တော့်စိတ်အထင်တော့
မြန်မာနိုင်ငံက အသက်(၅၀)နားနီးတဲ့ မိန်းမကြီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးဆုံးကိုင်တဲ့
သဘောလို့ ထင်တာပါပဲ။

တတ်နိုင်တဲ့သူတွေဆိုတော့ အထူးကုဆေးခန်းတွေ စုံသွားတယ်။ ဗမာဆရာတွေလည်း
စုံသွားတယ်။ ရောဂါက မသက်သာဘူး။ အဲဒီကြားထဲမှာ ဦးမိုးဦးက သစ်ကားလာပြီး သစ်ချရင်း သစ်ချောင်းတစ်ချာင်းက ခုန်ပြီး ခြေဖမိုးကို ပိတယ်။ ဂျိုင်းထောက်တွေ ဘာတွေနဲ့ ဖြစ်သွား
တယ်။ ကျွန်တော့် စီမံကိန်းအရဆိုရင်တော့ ဒီငတိ ကံကောင်းပြီပေါ့။ ကျွန်တော့်မှာ အကုသိုလ်
တောင် အပိုရလိုက်သေးတယ်။

တစ်ပတ်ပြည့်လို့သွားတော့ ဆရာမ ဒေါ်တင်မိုးလွင်က အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင်
နှုတ်ဆက်တာ စကားပြောတာ မရှိတော့ဘူး။ အတော်တည်သွားတယ်။ သူ့ကို အကြံနဲ့ပေါင်း
တယ်ဆိုတာကို အခဲမကြေသေးပုံပါပဲ။ အပျိုကြီးဆိုတော့ ပိုဆိုးတာပေါ့လေ။ အပျိုကြီးတွေက အရှက်လွန်တတ်တယ် မဟုတ်လား။

`မင်း ကူညီပါဆိုတိုင်း ငါက မကူညီနိုင်တာ အမှန်ပဲ၊ ငါ့ပညာကို ငါ တန်ဖိုးထားရမယ်၊ ဒီတော့
မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်၊ မင်းပြောတဲ့အစီအစဉ်မှာပါတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေရဲ့ မွေးသက္ကရာဇ်ကို လိုချင်တယ်၊ သူတို့ဟာ ပေါင်းသင့်ပေါင်းထိုက်သူတွေဆို

ရင် ငါ ကူညီမယ်၊ မပေါင်းသင့်တဲ့သူဆိုရင်တော့ ငါ လုံးဝ မကူညီနိုင်ဘူး၊ ဒါပဲ´

ကျွန်တော် တော်တော်လေး စဉ်းစားရကြပ်သွားတယ်။ မိန်းကလေးဆိုတာမျိုးက မွေးသက္ကရာဇ်မပြောနဲ့၊ အသက်သိဖို့တောင် လွယ်တာမဟုတ်ဘူး။

`အဲဒါတော့ နည်းနည်းခက်မယ် ဆရာမ၊ တခြားနည်း မရှိဘူးလား၊ ရှိရင် ...´

ဒေါ်တင်မိုးလွင်က မျက်လုံးကလေးမှိတ်ပြီး ခေါင်းကို ဖြည်းဖြည်းကလေး ခါတယ်။ ပြီးတော့-

`ဒါ ငါ့နောက်ဆုံးစကားပဲ၊ မရရင်တော့ မတတ်နိုင်ဘူး၊ ငါ့ပညာမပါဘဲနဲ့ ဘာအလုပ်ကိုမှ ငါ
မလုပ်နိုင်ဘူး´
`ဆရာမဆီ ရောက်လာရင် သိမှာပဲဟာ´
`ငါက ငါ့ဆီလာမယ့်သူတွေ အကြောင်းကို ငါ့ပညာနဲ့ငါ ကြိုသိထားချင်တာ၊ ကဲ ... ကဲ... မင်း
ပြန်တော့ ငါ ပုတီးစိပ်ရဦးမယ်၊ မင်းက ကြံရည်ဖန်ရည် ကောင်းပါတယ်၊ ရမှာပါ´

နောက်ဆုံးစကားက ကျွန်တော့်ကို ရိလိုက်မှန်း သိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှပြော
မနေတော့ဘဲ ဘုရားပေါ်တက်ခဲ့တယ်။ ဘုရားပေါ်မှာ ဟိုငေးဒီငေးနဲ့ ကျွန်တော် ဘာလုပ်ရ
မှန်းမသိဘူး။ ဒီအတိုင်း သွားမေးရအောင်ကလည်း မေမြတ်မိုးဦးနဲ့ ကျွန်တော်က တစ်ခါမှ
စကားပြောဖူးတာ မဟုတ်ဘူး။ ဟိုငတိကတော့ ထားလိုက်တော့။ ချက်ချင်း မေးလို့ရတယ်။

စဉ်းစားရင်းနဲ့ ဖျပ်ခနဲ သတိရတယ်။ ကျွန်တော်က ကိုယ့်စကား ကိုယ်မေ့နေတာကိုး။ ဗေဒင်
မေးရင် ဘယ်သူဖြစ်ဖြစ် မွေးသက္ကရာဇ်တော့ ပေးရတာပဲ။ ဒါနဲ့ အိမ်မပြန်တော့ဘဲ ဘုရားလမ်း
ကနေ ကားစီးပြီး ပန်းဆိုးတန်းလမ်း စာအုပ်အဟောင်းတန်းကို ပြေးရတယ်။ ရောက်တော့
ကိုင်ရိုဂဏန်းဗေဒင် စာအုပ်ကို ရှာဝယ်ပြီး အိမ်ရောက်တော့ သူ့နည်းကို ဖတ်ရ၊ မှတ်ရ၊
လေ့လာရတယ်။ နှစ်ရက်လောက် လေ့ကျင့်ပြီးတော့မှ ကျွန်တော် အေးမင်းညီမကို တွေ့ပါတယ်။ အေးအေးလင်းတင် မဟုတ်ဘူး။ သူ့ သူငယ်ချင်း နှစ်ယောက်ကိုပါ တွေ့တယ်။ မေမြတ်မိုးတော့
မပါဘူး။

ကျွန်တော် သူတို့နဲ့ စကားရောဖောရောလုပ်ပြီးမှ စကားကို စရတယ်။

`နင်တို့ ဗေဒင်ယုံသလား´
`မယုံဘူး၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ဘုရားပဲယုံတယ်
အေးအေးလင်း သူငယ်ချင်းတစ်ယောက်က ထလုပ်ရော။

`မဟုတ်သေးဘူးဟ၊ ဗေဒင်လက္ခဏာ အကြားအမြင်ဆိုတာ ငါတို့ ဗုဒ္ဓမပွင့်ခင်ကတည်းက
ရှိခဲ့တဲ့ ပညာတွေဟ၊ ဒါကြောင့် တို့ဘုရား ဖွားတော်မူပြီးတော့ တောထွက်ရင် ဘုရားဖြစ်မယ်၊
မထွက်ရင် စကြာဝတေးမင်းဖြစ်မယ်ဆိုပြီးတော့ဟောတာ အဲဒီပညာနဲ့ ဟောတာပေါ့´

ဒီတော့မှ ကလေးမတွေ နည်းနည်းငြိမ်သွားတယ်။ ဒီနေ့ခေတ် လူငယ်ဆိုတာ တစ်ခုခုကို
ဟိုးအရင်တုန်းကလို မျက်စေ့မှိတ် မယုံကြတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။

`ကိုရဲက ဗေဒင်တတ်လို့လား´

အေးအေးလင်းက မေးတယ်။

`ဗေဒင်တော့ မတတ်ဘူးဟ၊ ကိုင်ရို ဂဏန်းဗေဒင်တော့ ရတယ်၊ နင်တို့ မွေးသက္ကရာဇ်တွေ
ကို ပြော၊ အားလုံးပေါင်းပြီး နောက်ဆုံးရတဲ့ ဂဏန်းကိုကြည့်ပြီး ဟောတာလေ´
`မွေးသက္ကရာဇ် တူနေတဲ့သူကျတော့ရော´

ကျွန်တော့်ကို ချောင်ပိတ်မေးတဲ့ မေးနေတဲ့ ကောင်မလေးက ကျွန်တော်တို့ ရပ်ကွက်က
မဟုတ်ပါဘူး။ သုဝဏ္ဏ ကပါ။ နာမည်က မေမေငြိမ်းတဲ့။ ကျွန်တော်က သူ့ကို နောက်ပြီး
မာမီငြိမ်းလို့ ခေါ်တယ်။

`မွေးရက် မွေးလ ခုနှစ်တူရင် မွေးချိန်နက္ခတ်နဲ့ ခွဲရတယ်၊ လက္ခဏာနဲ့ တွဲရတယ်၊ အဲဒီအထိ
တော့ ဘယ်သူမှ မတူနိုင်ကြဘူးပေါ့ဟာ´

ဒါနဲ့ပဲ ကျွန်တော်တို့အပျော်သဘောနဲ့ ဂဏန်းဗေဒင် ကြည့်ကြတယ်။ အေးအေးလင်းနဲ့
ရီရီမြင့်ကတော့ ကိုယ့်ရပ်ကွက်ထဲကဆိုတော့ သိပ်အရေးမကြီးဘူးပေါ့လေ။ သူတို့အကြောင်း
က သိပြီးသားကိုး။ ရှေ့ဖြစ်ကလေးတွေကိုတော့ ကျွန်တော် ကျက်ထားတာနဲ့ သူတို့ သဘော
ကျမယ့် အကြောင်းကလေးတွေ တွဲဟောရတယ်။

မာမီငြိမ်း အလှည့်ကျတော့ ကျွန်တော် တော်တော်လေး သတိထား ဟောရတယ်။ အိမ်မှာ
ကိုယ်ပြောရင် ယုံတဲ့သူမရှိဘူး။ ကိုယ့်အတွေးအခေါ်နဲ့ အိမ်က သဘောထား အမြဲဆန့်ကျင်
ဘက် ဖြစ်နေတတ်တယ်၊ အကြံအစည် လျှို့ဝှက်တယ်၊ မပြီးခင် မပြောတတ်ဘူး၊ လက်စားချေ
တတ်တယ်၊ မုန်းရင် တစ်သက်လုံးပဲ ဆိုတာမျိုးတွေပေါ့။ သူက တော်တော်မှန်တယ်လို့
ဝန်ခံပါတယ်။ ကျွန်တော်က ကိုင်ရိုထဲက ကျက်ထားတာတွေနဲ့ သူ့အခြေအနေပေါင်းပြီး
ရွှီးတာပါ။

နောက်ဆုံး အေးမင်းကတောင် စိတ်ဝင်စားပြီး လာမေးတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း
ကိုင်ရိုမဟုတ်ဘဲ ကိုင်ရွှီးပေါ့ဗျာ။

အားလုံးပြီးတော့မှ ကျွန်တော် လိုချင်တာကို စရတယ်။

`ဟဲ့ ... နင်တို့ မေမြတ်မိုးဦးရဲ့ မွေးသက္ကရာဇ်ကို မသိဘူးလား၊ ဒီကောင်မလေး အခုတလော
တော်တော့်ကို ကံနိမ့်နေတယ်၊ သူ့ကို တွက်ကြည့်ရအောင်ဟာ´
`မိလင်း သိတယ် ကိုရဲ့၊ တွက်ကြည့်စမ်းပါ´

ကျွန်တော်လည်း ပတ်ဝန်းကျင်က ကြားတာရော၊ ကိုင်ရိုရောနဲ့ ပေါင်းပြီး ကိုင်ရွှီးလုပ်ပါတယ်။
မမှန်ရင် `မဟုတ်ဘူး ကိုရဲရ၊ ဒါက ဒီလို´ ဆိုပြီး အေးအေးလင်းက ရှင်းပြတော့ မေမြတ်အ
ကြောင်းစုံကို ကျွန်တော် ပိုသိခွင့်ရခဲ့ပါတယ်။ ကျွန်တော်ကတော့ တော်တော်ကို ပျော်နေတာ။
ကိုယ့်အကြံ အောင်တာကိုး။

နောက်နေ့မှာ ဆရာမဆီသွားပြီး မွေးသက္ကရာဇ်တွေပေးပြီး တစ်ယောက်စီရဲ့ အကြောင်းကို
ကျွန်တော်သိသမျှ အကုန်ပြောပြရတယ်။ ဆရာမက အသေအချာ Note အတိုတွေနဲ့ မှတ်ပြီးမှ -

`ဒီမွေးသက္ကရာဇ်တွေက အမှန်ပဲနော်´
`ဆရာမဆီ လာမေးတော့ မှန်မမှန် ဆရာမ သိရမှာပဲဟာ´
`သူတို့ကို မင်း တကယ် ခေါ်လာမှာလား´
`လာမှာပါ၊ ကျွန်တော်က ကြံရည်ဖန်ရည် ကောင်းပါတယ်´

ဆရာမက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပါတယ်။ သူ့စကားကို သူကောင်းကောင်း မှတ်မိ
ပုံပေါ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူရယ်လိုက်ကြတယ်။ ဆရာမနဲ့ ကျွန်
တော့်ကြားမှာရှိတဲ့ အဖုအထစ်တွေ ပြေပြီဆိုတဲ့ သဘောပေါ့လေ။

`ဒီအပတ်ထဲတော့ မင်းမလာနဲ့ဦးကွ၊ ငါ သူတို့ မွေးသက္ကရာဇ်တွေနဲ့ အာရုံခံကြည့်ရဦးမယ်၊ မင်း
ကျိန်းသေလည်း မတွက်နဲ့ဦးနော်၊ ငါ ပြောထားတဲ့အတိုင်းပဲ၊ သူတို့နှစ်ယောက်ပေါင်းလို့ ကောင်းကျိုးမမြင်ရင်တော့ ငါ မကူညီဘူး၊ ကံအတိုင်းပဲ´
`ဟုတ်ကဲ့ပါ ဆရာမရယ်´


(၅)
`မင်း ဂြိုဟ်တုက ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်သွားပြီ၊ နောက်ဆုံးတစ်ခုကိုပါ ဖြုတ်
ချလိုက်တော့ ကျော်စိုး´

ငတိ တော်တော် မျက်နှာပျက်သွားတယ်။ ကျွန်တော့်ကိုလည်း မျက်နှာငယ်လေးနဲ့ ကြည့်တယ်။ `ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ်´ ဆိုတဲ့ အကြည့်မျိုး။

`အစ်ကိုရာ ဒီကနေ ထိုင်ကြည့်တာလေးတော့ ...´
`ကျော်စိုး၊ နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ ငါ့စကားကို မင်း ယုံစမ်းပါ၊ ငါ့ စကားနားထောင်
လို့ မင်း ဘယ်တုန်းက ဒုက္ခရောက်ဖူးလို့လဲ´
`ဟုတ်ပါတယ်၊ အစ်ကိုက ဘာတွေလုပ်နေမှန်း မသိတော့ ကျွန်တော် လိုက်သာလုပ်နေရတာ
ဘာတွေမှန်းကို မသိဘူး´

အင်း ... ဒါလည်း ဟုတ်တာပဲ။ ဒီအချိန်ရောက်မှတော့ ဒီကောင့်ကို အသိပေးသင့်ပြီလို့ ကျွန်တော်
ဆုံးဖြတ်ပြီး သူ့ဆီက ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့ ကတိတောင်းပြီး အားလုံးရှင်းပြလိုက်တယ်။ ငတိ ပါးစပ်ကြီးကိုပြဲလို့။

`အေး ... ဒီအကြောင်းတွေကို မင်းရယ် ငါရယ် ဆရာမရယ်ပဲ သိတယ်၊ စတုတ္ထတစ်ယောက်
သိလို့ကတော့ မင်းဘ၀ ပျက်ပြီသာမှတ်´

ဆရာ ဒေါ်တင်မိုးလွင်ဆီကလည်း Password ရပါပြီ။ သူတို့နှစ်ယောက်ဟာ ပေါင်းသင့်ပေါင်း
ထိုက်တဲ့ သူတွေတဲ့။ အကျိုးစီးပွားလည်း ဖြစ်မတဲ့။ ကျော်စိုးကို အရင်ခေါ်လာခဲ့ဆိုလို့ အရင်
ခေါ်သွားရတယ်။ ဒေါ်တင်မိုးလွင်ကကျော်စိုး ရုပ်လက္ခဏာကို ကြည့်ပြီးသဘောကျပုံရပါတယ်။ စီးပွားရေးကိစ္စကိုလည်း ဟောပေးလိုက်တယ်။

နောက်နေ့မှာပဲ ကျွန်တော့် နောက်ဆုံး အော်ပရေးရှင်းကို စရတယ်။

`ဟဲ့ ... အေးအေးလင်း၊ ငါနဲ့ ကျိုက္ကဆံဘုရားကို ခဏ လိုက်ခဲ့စမ်းပါဟာ´

ကျွန်တော့်စကားကြောင့် အေးအေးလင်း မျက်လုံးပြုးသွားတယ်။ လှဦးနဲ့ chess ထိုးနေတဲ့
အေးမင်းကလည်း ဖျပ်ခနဲလှည့်ကြည့်တယ်။သူ့နှမကိုကျွန်တော်ကဘုရားခေါ်တယ်ဆိုတော့ ...

`Sorry ဟာ၊ ငါ စကားပြော လောသွားလို့၊ ငါ တစ်နေ့က အိမ်မှာ အရမ်းပူတာနဲ့ ကျိုက္ကဆံ
ဘုရား စာသွားဖတ်ရင်း ဆရာမတစ်ယောက်ဆီမှာ အပျင်းပြေ ၀င်မေးတာဟာ၊ သူက
အကြားအမြင်နဲ့ဟောတာ၊ မှန်လိုက်တာဟာ၊ ငါ့အမေက ငါ့အကြောင်း ထိုင်ပြောနေတဲ့
အတိုင်းပဲ´
`ဘယ်က ဆရာမလဲ´
`ဟ ... ဘယ်မှာနေသလဲတော့ ငါလည်း ဘယ်သိမလဲ၊ ဆရာမ တင်မိုးလွင်တဲ့´
`မှန်ရော မှန်လား´
`ငါပြောပြီးပြီပဲ၊ ငါ့အမေက ထိုင်ပြောနေတဲ့ အတိုင်းပါလို့၊ အဲဒါ ငါ ကံအရမ်းနိမ့်နေတယ်တဲ့၊
ငါ့မွေးနံထောင့်မှာ ငါနဲ့ ဆန်ကျင်ဘက်နေ့၊ ဆန့်ကျင်ဘက်လိင်က ဖယောင်းတိုင် နှစ်ဆယ့်ငါး
တိုင်နဲ့ ရေသက်စေ့ ပူဇော်ပေးရမယ်တဲ့၊ နင်က တနင်္ဂနွေသမီး မဟုတ်လား၊ နင် ကူညီစမ်း
ပါဦးဟာ´
`ကိုကြီးအေးမင်းကလည်း တနင်္ဂနွေပဲဟာ´
`ဟ ... ဆန့်ကျင်ဘက်ဆိုတာ ငါက ယောကျာ်လေးဆို မိန်းကလေးမှ ရမှဟ၊ ကူညီပါဟာ´

အေးအေးလင်းက ခဏစဉ်းစားတယ်။ အေးမင်းကိုလည်း လှမ်းကြည့်တယ်။ အဲဒီအချိန်မှာ
ရီရီမြင့်လည်း ရောက်တာတော့ ပိုအဆင်ပြေသွားတယ်။ အေးမင်းကလည်း သူပါလိုက်မယ်
တဲ့။ ကျွန်တော် သူ့အိမ် ခဏခဏ လာတာရယ်၊ အေးအေးလင်းနဲ့ချည်း စကားပြောတာရယ်
ကို ဒီငတိက သိပ်သင်္ကာချင်ပုံ မပေါ်ဘူး။

ဘုရားမွေးနံထောင့်မှာ ကျွန်တော့်ကိစ္စပြီးတော့မှ ဆရာမ ဒေါ်တင်မိုးလွင်ဆီကို ၀င်ရတယ်။ ယတြာချေပြီးကြောင်း ပြောတော့ ကျွန်တော့်ကို လက်ဖွဲ့တစ်ခု ပေးပါတယ်။ ကိုယ်နဲ့မကွာ
ဆောင်ထားရမတဲ့။

ဒီလို အရမ်းမှန်တယ်ဆိုတဲ့ ဆရာမရှေ့ ရောက်တော့ ဘယ်မိန်းကလေးက မမေးဘဲနေမှာလဲ။
ပထမ ရီရီမြင့်က အရင်စမေးတယ်။ ဆရာမက ကျွန်တော့်ကို ဟောတုန်းကလိုပဲ။ အာရုံခံပြီး
ဟောပါတယ်။ မှန်တာမှ ကွက်တိပဲ။ မှန်မှာပေါ့၊ ကျွန်တော်က အကုန်ပြောထားတာကိုး။ ပြီး
တော့ ကျွန်တော် ပြောမထားတဲ့ (မသိတဲ့) ကိစ္စတွေကိုပါ သူ့ပညာနဲ့သူ ဟောတယ်။ ဒါတွေ
လည်း မှန်တာပဲတဲ့။ ရီရီမြင့်ဆို ပါးစပ်ကို ပြဲနေတာပဲ။

ပြီးတော့ အေးအေးလင်း။ မှန်လိုက်တာ ကွက်တိကို တိတိ တိတိနဲ့ကို နေတာပဲ။ ရည်းစား
တစ်ယောက် ထားဖူးတယ်။ ဘာကြောင့် ပြတ်သွားတယ်ဆိုတာကို ဆရာမက ဟောတော့
အေးအေးလင်း ငြိမ်သွားတယ်။ အဲဒါ ကျွန်တော်လည်း မသိဘူး။ အေးမင်းက `ဟုတ်လား´
လို့ ဒေါသနဲ့ မေးတော့ အေးအေးလင်းက ခေါင်းကိုညိတ်တယ်။ ကျွန်တော်က အေးမင်းကို
လက်ကုတ်ရတယ်။

နောက်ဆုံး သိပ်မယုံပါဘူးဆိုတဲ့ အေးမင်းပါ ၀င်မေးတယ်။ ဒီကောင်လည်း ခံရတာ ကျော
ကိုကော့နေတာပဲ။

`အရက် ဘာဖြစ်လို့ သောက်သလဲသား´
`တစ်ခါ နှစ်ခါပါ ဆရာမ´
`မဟုတ်ဘူး၊ ညနေဆို မင်း အမြဲသောက်တယ်၊ မင်းကို စောင့်တဲ့ပုဂ္ဂိုလ်က အဲဒါ မကြိုက်ဘူး´

ဒီတစ်ခါတော့ အေးအေးလင်းက မျက်စောင်းလှမ်းထိုးတယ်။ ကျေပြီပေါ့လေ။ အပြန်လမ်းမှာ
အရမ်းမှန်တာပဲ၊ သိပ်မှန်တာပဲ။ ဒေါ်တင်မိုးလွင် အရမ်းမှန်တာပဲ။ ငါ့ဟိုကိစ္စကို ဘယ်လိုသိ
သလဲ မသိဘူး။ သိပ်မှန်တာပဲ၊ ဒေါ်တင်မိုးလွင်။ ရီရီမြင့်ကလည်း ငါ့အဖေနဲ့အမေ ကွဲတာ
နှစ်က ကွက်တိပဲ၊ ဒေါ်တင်မိုးလွင်။ ချောလည်း ချောတယ်နော်။ သိပ်မှန်တာပဲတွေ နားညည်း
အောင် ကြားရတော့တာပဲ။

သုံးရက်ပဲ စောင့်ရပါတယ်။ အေးအေးလင်းက ကျွန်တော့်အိမ်ကို စက်ဘီးနဲ့ ရောက်လာတယ်။

`ကိုရဲ ကျိုက္ကဆံဘုရားကို လိုက်ခဲ့စမ်းပါ´
`အောင်မာ ... နင်ကများ .. ငါ့ကို´
`ကိုရဲဝင်း မရစ်နဲ့နော်၊ ဆရာမ ဒေါ်တင်မိုးလွင်ဆီ သွားမလို့ဥစ္စာကို´
`ဟ ... နင်တို့ကိစ္စတွေက မပြီးသေးဘူးလား´
`ခု လင်းတို့သွားမှာ မဟုတ်ဘူး၊ မေမြတ်သွားမှာ´

ကျွန်တော် အရမ်းပျော်သွားတာပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော့်ကို အထင်ကြီးသွား
တယ်။ ကျွန်တော် ဖြစ်စေချင်သလို ဖြစ်လာတာကိုး။

`နင်တို့နေရာလည်း သိနေပြီပဲ၊ သွားကြပေါ့ဟာ၊ လိုက်ပို့ပေးလိုက်ပေါ့´
`ကိုရဲ့ဝင်းပါတော့ ပိုကောင်းတာပေါ့၊ လိုက်ခဲ့ပါ၊ကိုရဲဝင်း ခေါ်တုန်းကကျတော့ လင်းက
လိုက်ရတယ်´
`အေးဟာ ... ဒါဆိုလည်း နေအေးမှသွား၊ အခု ငါမအားသေးဘူး´

အေးအေးလင်း ပြန်သွားတော့ ကျွန်တော့်မှာ ဘယ်လိုကြီး ဖြစ်ကျန်ခဲ့မှန်းကို မသိတာ။
ကျွန်တော့် အောင်မြင်မှုက လျှောက်ပြောလို့လည်း မရတော့ ကိုယ့်ပီတိ ကိုယ်ပဲ စားလိုက်
ရတယ် ဆိုပါတော့။

ဆရာမဆီရောက်တော့ ဆရာမက အာရုံပြုပြီး အတိတ်ကို စပါတယ်။ မှန်တာ ကွက်တိပေါ့။

`သမီးကို မွေးပြီးမှ သမီးတို့အိမ်က စီးပွားပိုတက်တယ်၊ သမီးတို့ မိသားစုကို ပုဂ္ဂိုလ်တစ်ယောက်
တည်းက စောင့်ရှောက်တာကိုး၊ အဲဒီပုဂ္ဂိုလ်က သမီးနဲ့ ပဌာန်းဆက်ရှိတယ်။ သောကြာနာမ်ဖြစ်
တဲ့ သွပ်၊ သံ၊ သစ်၊ အင်္ဂါနံဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ စက် စတာတွေနဲ့ အကျိုးပေးမယ်´
`ဟုတ်ကဲ့ ဆရာမ´
`ပြီးတော့ အခုလပိုင်းအတွင်း မိဘကံနိမ့်တယ်၊ ရောဂါဘယ(သို့) အမှတ်တမဲ့ ဒုက္ခရောက်တတ်
တယ်၊ အမိမှာ သည်းခြေ၊ အဖမှာ ခြေဒုက္ခဖြစ်တတ်တယ်´
`ဟုတ်ပါတယ် ဆရာမ၊အဖေက ခြေထောက်ကိုသစ်ပိပါတယ်၊အမေက ကယောင်ကတမ်းတွေ အော်အော်နေတယ်၊ ကယ်ပါဦး ဆရာမရယ်၊ သမီး အဲဒီအတွက် လာတာပါ´

ဒေါ်တင်မိုးလွင်က မျက်စေ့ကို ပြန်မှိတ်ပြီး အသက်ကို ရင်နိမ့်လိုက်မြင့်လိုက် ဖြစ်လာသည့်အထိ
ရှူပါတယ်။ အားလုံးတိတ်ဆိတ်ပြီး ဆရာမကို ငေးနေကြတယ်။ ဒေါ်တင်မိုးလွင်က မျက်စေ့ကို
မဖွင့်ဘဲ-

`သမီး ရှစ်နှစ်အရွယ်က သစ်ပင်ပေါ်က ပြုတ်ကျလို့ ပေါင်နဲ့ တင်ပါးမှာ ကွဲသွားတဲ့ ဒဏ်ရာရတယ်၊
မဟုတ်လား´
`ဟုတ် ... ဟုတ်ပါတယ် ဆရာမ၊ မာလကာသီး တက်ခူးရင်း ဖြစ်တာပါ၊ တင်ပါးလည်း ကွဲသွားပါ
တယ်၊ ငါးချက်ချုပ်ရတယ်´

ဒေါ်တင်မိုးလွင်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း မျက်စေ့ကို မှိတ်ထားတုန်းပဲ။ နဖူးမှာ ချွေးတွေ
သီးနေပြီ။ အေးအေးလင်းက ယပ်ခပ်သေးတော့ မခပ်နဲ့လို့ ခပ်ထန်ထန်အသံနဲ့ တားပါတယ်။
ကျွန်တော်လည်း လန့်သွားတယ်။ သူ တင်ပါးပြဲတာ ကျွန်တော် ဘယ်သိပါ့မလဲ။

`သမီး ရှေ့နှစ်မှာ အိမ်ထောင်ကျဖို့ရှိတယ်´
`ရှင် ...´
`အဲဒီ အိမ်ထောင်ဘက်နဲ့ဆို သမီး မြဲမှာ မဟုတ်ဘူး၊ အမျိုးမျိုး စိတ်ရော လူရော ဒုက္ခရောက်မယ်´
`ပြီးတော့ ကလေးရမှ ကွဲမှာ၊ နောက်အိမ်ထောင်လည်း မြင်တယ်၊ မကောင်းဘူး၊ သမီး ဒုက္ခများ
လိမ့်မယ်၊ အဲဒီလူက အင်္ဂါသား၊ ဟုတ်ရဲ့လား´
`ဟုတ်ပါတယ် ဆရာမ၊ အိမ်ကတော့ ပြောထားဖူးပါတယ်´
`မကောင်းဘူးသမီး၊ ရအောင် ရှောင်ပါ´
`သမီး ... သမီး ဘာလုပ်ရမလဲ ဆရာမ´

ဒေါ်တင်မိုးလွင်က အသက်ကို ၀၀ကြီး တစ်ချက်ရှူပြီး မျက်စေ့မဖွင့်သေးဘဲ မျက်မှောင်ကို
ကျုံ့ တယ်။ မေမြတ်မိုးဦး တော်တော်ကြောက်နေပြီ။ မျက်နှာက Kiss me QuicK အရွယ်
လောက်ပဲ ရှိတော့တယ်။ အခန်းကျဉ်းလေးထဲမှာ အိုက်စပ်နေတာရယ်၊ ဖယောင်းတိုင်က
မြည်သံတဖျစ်ဖျစ်ရယ်၊ အမွှေးတိုင်နံ့ရယ်၊ ပြီးတော့ တိတ်ဆိတ်မှု။

`ငါ့သမီးကို လေးငါးနှစ်ကျော် ငယ်ငယ်ကတည်းက နှစ်နှစ်ကာကာ ချစ်လို့ ကြိုးစားနေတဲ့
သူတစ်ယောက် ရှိတယ်။ သမီးက သူ့အပေါ် သွေးထွက်သံယို ဖြစ်အောင်အထိ လုပ်ခဲ့ဖူး
တယ်။ အဲဒါကို သမီးကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူး၊ သူ့ကိုလည်း အဲဒီပုဂ္ဂိုလ်
ကပဲ စောင့်ရှောက်တာ၊ သမီး သူနဲ့ အိမ်ထောင်ကျရင် မြဲမယ်၊ သူ့ကို ဒုက္ခပေးနေရင်
သမီးလည်း ဒုက္ခတွေ့လိမ့်မယ်`

ထိချက်က ပွဲသိမ်းပါ။

စကားဆုံးပြီး ခဏကြာမှ ဒေါ်တင်မိုးလွင်က မျက်စေ့ဖွင့်တယ်။ ပြီးတော့ မေမြတ်မိုးကို
ကြည့်တယ်။ မေမြတ်မိုး မျက်ရည်ဝဲနေတာ တွေ့ရတော့ ...

`၀မ်းနည်းမနေနဲ့၊ စိတ်မကောင်းလည်း မဖြစ်နဲ့၊ ကြောက်လည်း မကြောက်ပါနဲ့၊ ပုဂ္ဂိုလ်
ပြောတဲ့အတိုင်းသာ လုပ်ပါ၊ အားလုံး အဆင်ပြေသွားပါလိမ့်မယ်´
`ဟုတ်ကဲ့ပါ ဆရာမရယ်၊ သမီး အားကိုးပါတယ်´

ဒေါ်တင်မိုးလွင်က အဖေ၊ အမေနဲ့ မေမြတ်အတွက် ဘုရားပွဲတစ်ပွဲနဲ့ ယတြာ ကိုယ့်ဘာသာ
ချေဖို့ ပေးပါတယ်။

အပြန်လမ်းမှာ သူတို့သုံးယောက် နောက်ကနေ စကားတတွတ်တွတ်နဲ့ ပြောရင်း ပါလာ
ကြတယ်။ ကျွန်တော် နားမထောင်ပါဘူး။ ဘာပြောတာဆိုတာ သိနေတာပဲ။ သူတို့ရှေ့
ခပ်လှမ်းလှမ်းကပဲ လျှောက်လာခဲ့တယ်။

(၆)
`အစ်ကိုပြောတဲ့နေ့က ကျွန်တော် နောက်ကနေလိုက်တော့ အရင်တုန်းကလို မအော်
တော့ဘူး အစ်ကို၊ နင် အဲဒီလိုလိုက်တော့ ရပ်ကွက်ထဲမှာ ငါသိက္ခာကျတာပေါ့တဲ့၊ ဆိုင်
တစ်ဆိုင်မှာ ပြောပါတဲ့၊ အအေးဆိုင် ထိုင်ကြတယ် အစ်ကို၊ ကျွန်တော်ကလည်း အစ်ကို
သင်ပေးထားတဲ့အတိုင်း ချစ်တယ်ဆိုတာကြီးကို မပြောတော့ဘဲ သူ့အိမ်က မိသားစု
အကြောင်းကိုပဲ မေးတယ်၊ သူတို့ တော်တော်ဒုက္ခရောက်နေတယ် အစ်ကို၊ ငှားတဲ့လူ
ကလည်း သစ်ဖိုးငွေတွေ လိမ်ပြေးလို့တဲ့၊ ကျွန်တော်က ငါ ဘာကူညီရမလဲဆိုတော့ ... ´

`ဟေ့ကောင် ... ရေသောက်ဦး´

ငတိက ရှေ့က ရေနွေးခွက်ကို ဂွပ်ခနဲ မော့ချပြီး ဆက်တယ်။

`သူ့သစ်ဆိုင်ကို ကြည့်ပေးနိုင်မလားတဲ့၊ ဒါပေမယ့် လခတော့ ယူရမယ်တဲ့၊ ကျွန်တော်
သွားရမလား အစ်ကို´
`ဟ ... သွားရမှာပေါ့၊ ငါ့မှာ ဒီအဆင့်ရောက်အောင် ကြိုးစားရတာ ဖတ်ဖတ်ကို မောလို့ ခွီးပဲ´
`ကျေးဇူးတင်လိုက်တာ အစ်ကိုရာ၊ ကျွန်တော် ၀မ်းသာလိုက်တာ၊ တကယ်ဆို တကယ် ...
တကယ် ... တကယ်´

ကျွန်တော်တို့ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်မှာ ပြောကြတာဆိုရင် ဒီငတိက
ကျွန်တော့်ပခုံးကို ဖက်ပြီး အားရပါးရ နမ်းတော့မယ့်အတိုင်းပဲ။ အခု ဇ၀နမှတ်တိုင်က
ဆိုင်မို့သာ တော်ရော့တယ်။

`အေး ... သူ့အိမ်ရောက်ရင် မေမြတ်ထက် သူ့မိဘတွေကို ပိုဂရုစိုက်၊ လိုအပ်တာလုပ်ပေး၊
ရိုးရိုးပဲနေ၊ ဒါဆို မင်း သတင်းစာကိစ္စဖြုတ်ပြီပေါ့´
`ဟာ... မဖြုတ်ဘူးအစ်ကို၊ ဒီကောင်က (၁၀)နာရီခွဲဆို ပြီးတာပဲ´

ငတိက လက်သီးဆုပ်ပြီး ပြောပါတယ်။ အရမ်းပျော်ရွှင် တက်ကြွနေတဲ့ သူ့အပျော်က
ကျွန်တော့် ရင်ထဲကို ပီတိ အနေနဲ့ ရောက်လာပါတယ်။

`ဟေ့ကောင် ... ဒီအကြောင်းတွေကိုတော့ ဘယ်သူ့မှ မပြောနဲ့နော်´
`ဟာ ... စိတ်ချပါ အစ်ကိုရာ´

နောက်သုံးရက်လောက်ကြာတော့ မေမြတ်တို့အိမ်ရေ့မှာ ဒီကောင့်ကို သစ်တန်တွက်နေတာ
ကို တွေ့လိုတွေ့၊ ကြေးအိုးထုပ်တွေနဲ့ အိမ်ထဲ ခပ်သုတ်သုတ်ဝင်တာ မြင်လိုမြင်၊ မေမြတ်နဲ့
ဈေးအတူသွားတာ ကြုံလိုကြုံနဲ့။ ကျော်စိုးက အရင်တုန်းကလို မဟုတ်ဘဲ သားသားနားနား၊
၀၀ဖြိုးဖြိုးနဲ့ ပိုသွက်လက်နေတယ်။

မေမြတ်အဖိုးကြီးက ခြေဖမိုးကြော ပြတ်သွားလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တော့
ဘူး။ အဖွားကြီးကတော့ ဆီးချိုရောဂါဘက်ကို ပြောင်းပြီး အစားရှောင်ရင်း သက်သာနေပါပြီ။

မိုးကုန်လို့ သီတင်းကျွတ်ရင်ပဲ ငတိနဲ့ မေမြတ် လက်ထပ်ကြတယ်။

မင်္ဂလာဆောင်ကို ကျွန်တော့်ကိုရော၊ ဒေါ်တင်မိုးလွင်ကိုပါ ဖိတ်ပါတယ်။ ကျွန်တော်ကတော့
ရိုးရိုးမဏ္ဍပ်က ခုံမှာပေါ့။ ဆရာမကိုတော့ နှစ်ယောက်စလုံးက တလေးတစားနဲ့ လက်တစ်
ဖက်ဆီကတွဲပြီး အိမ်ဦးခန်းကို ခေါ်သွားကြတယ်။

ဆရာမကလူအလစ်မှာကျွန်တော့်ကို နှာခေါင်းရှုံ့ မေးထိုးပြီး စပ်ဖြဲဖြဲနဲ့ ပြောင်သွားပါသေးတယ်။
ကျွန်တော်လည်း သိပ်မရောက်ဖြစ်တော့ဘူး။

သြော် ... ပစ္စတိုကျည်ဆန်ကလေးတွေ ... ပစ္စတိုကျည်ဆန်ကလေးတွေ ... ။

နောက် သုံးနှစ်လောက်ကြာတော့ ဟိုငတိက စွတ်ကြိုးစားလို့ စီးပွားရေးက လေးငါးဆလောက်
တက်လာပါတယ်။ ငတိအမေကိုလည်း မေမြတ်က သူ့အိမ်မှာပဲ ခေါ်ထားပါတယ်။ အားလုံးက
ပျော်စရာကြီးပါ။ ဆရာမ ဒေါ်တင်မိုးလွင်လည်း မသိသူ မရှိလောက်အောင်ကို နာမည်ကြီး
သွားပါတယ်။

တစ်နေ့တော့ မွေးနေ့ဖိတ်စာတစ်ခု ရောက်လာတယ်။ သားသားလေး မောင်ကျော်မြတ်ဦး၏ တစ်နှစ်ပြည့်မွေးနေ့။ လာဖြစ်အောင် လာခဲ့ဆိုတဲ့ စာလည်း ပါတယ်။

ကျွန်တော် ရောက်သွားတော့ မေမြတ်မိုးဦးက ကျွန်တော့်လက်ကို ဆွဲပြီး -

`ကိုရဲတို့က ဆရာမနဲ့ပေါင်းပြီး ကြံကြတာဆို´

ကျွန်တော် မျက်လုံးပြုးသွားတယ်။ ဒါပေမယ့် မေမြတ်က ရယ်ရင်း မောရင်း ပြောတာပါ။

`ပွဲက ပြီးသွားပြီပဲဟာ၊ ပြောမနေပါနဲ့တော့၊ အခု နင် ပျော်နေတယ် မဟုတ်လား၊ ဆိုတော့ ...´

အဲဒီအချိန်မှာ ဧည့်သည်တစ်သိုက် ၀င်လာလို့ အသာလစ်ပြီး အိမ်ပေါ်တက်ရတယ်။
ဟိုငတိကိုတွေ့တော့ ဧည့်ခံနေတာကို အားမနာနိုင်ဘဲ ဂုတ်အတင်းဆွဲပြီး အခန်းထဲ
ခေါ်မေးတော့ -

`ဟုတ်တယ် အစ်ကို၊ ကလေးရပြီဆိုတော့ သူ့ကို ချစ်သေးရဲ့လားဆိုပြီး ခဏခဏ ငို
မေးလို့ ဘယ်လောက်ချစ်ရ ကြောင်း၊ ဘယ်လိုကြိုးစားရကြောင်း ပြောမိတယ် အစ်ကို´
`ခွီးပဲကွာ၊ အေးလေ ... ဒီလိုအချိန်မှာတော့ ပြဿနာမရှိတော့ပါဘူး၊ နောက်မှတ်ထား
လျှို့ဝှက်အပ်တဲ့ကိစ္စကို လျှို့ဝှက်ရတယ်ကွ၊ မပြောရဘူး´
`အစ်ကိုကရော ခုထိ လျှို့ဝှက်တုန်းပဲလား´

ကျွန်တော် ဘာမှမပြောတော့ဘဲ ဒီကောင့်ကို အခန်းထဲက တွန်းထုတ်လိုက်ပြီး ဒေါ်တင်မိုးလွင်အနား သွားထိုင်ပါတယ်။

`သိသွားကြပြီ´

ဆရာမ ဒေါ်တင်မိုးလွင်က အပြုံးနဲ့ ပြောပါတယ်။ ပါးချိုင့်က တော်တော် နက်သွားပါပြီ။

ပစ္စတိုကျည်ဆန်ကလေးတွေရဲ့ တစ်ဖက်တစ်ချက် နှုတ်ခမ်းအစပ်လေးမှာ လေးကြိုး
ကွေးရာကလေးတွေ ရောက်နေပါပြီ။ ပြုံးလိုက်တော့ မျက်ဝန်းထောင့်မှာလည်း
ကျီးခြေရာ ထင်းထင်းကြီး ပေါ်နေပါပြီ။ လွန်ခဲ့တဲ့ လေးငါးနှစ်ကဆိုတော့ ဆရာမလည်း
ငါးဆယ်နား နီးရောပေါ့။ ကျွန်တော်က ခေါင်းညိတ်ရင်း ဖွေးနေဆဲ ပစ္စတို ကျည်ဆန်
ကလေးတွေကို ငေးကြည့်နေမိပါတယ်။

သြော် ... `ပစ္စတို ကျည်ဆန်ကလေးတွေ´ `ပစ္စတိုကျည်ဆန်ကလေးတွေ´။

ဘယ်သူ့ကိုမှ မပစ်ရသေးပါကလား။

နီကိုရဲ
10 Feb: 2005

ဒီလောက် အရပ်ပုတဲ့သူ မသိဘဲ နေပါ့မလား ...
ဟု ပြောခဲ့ဖူးသော ဆရာမကြီး ဒေါ်တင်မိုးလွင်အတွက်
အမှတ်တရ .... နောက်သည်။


18 Comments:

NLS said...

ဟားဟား ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ။ နောက်ဆို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် သူတို့ပျော်ကြလေသတည်း ဇာတ်လမ်းလေးတွေ ရေးချင်မိတော့တယ်။ ကျေးဇူးအမရေ။

LOTUS said...

ဘာရမလဲ မနက်အစောကြီး ( ငါ့အတွက်တော့အစောကြီးပေါ့ဟယ် .... ရုံးပိတ်ရက်မို့လား .....ဟားဟား ) ထပြီးတော့ ဒုတိယပိုင်း တင်ပြီးမပြီးကြည့်တာ မတင်ရသေးရင် အီလက်ထရောနစ်ဆက်သွယ်ရေးကတဆင့်နှောက်ယှက်မလို့ ။ ကံကောင်းသွားတယ်မှတ်ပါ ။ :D
ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်ရတာကောင်းတယ် ။ ဇာတ်သိမ်းပိုင်းလေးလဲလှတာဘဲ ။ ခက်တာက လျို့ဝှက်ချက်ဆိုတာကို ထိန်းနိုင်သူနည်းတာနော် ။ ငါတို့လဲအဲလိုဘဲ ဘယ်လောက်ထိန်းထိန်း အကျဉ်းအကျပ်ထဲရောက်လာရင် တကိုယ်ကောင်းစိတ်ကလေးနဲ့တော့ထွက်ပေါက်ရှာကြတာဘဲ။ လူထဲကလူပီသတယ်ခေါ်ရမပေါ့ ။ ဟားဟား ။

ဂျူ

မှတ်ချက် ။ တာရာမင်းဝေနဲ့နီကိုရဲလောက်ဆိုရင်ကိုကျေနပ်နေပြီ ။ ရှင့်စာမူမတင်ရင်လဲမတင်နဲ့တော့လေ...... ခွိခွိခွိခွိ...... ( ဘယ်လိုတုန့်ပြန်မလဲဆိုတာစောင့်မျှော်ရင်း......... )

ဖိုးစိန် said...

း)း)

အိုင်လွယ်ပန် said...

ဖတ်သွားပြီအစ်မရေ ...

စိတ်ချမ်းသာတယ် ဖတ်ရတာ :P

ကျေးဇူးပ်အစ်မ .........

Moe Cho Thinn said...

တော်သေးတာပေါ့..အဆင်မှ ပြေပါ့မလားလို့ ပူလိုက်ရတာ။
“သူ့ကို ချစ်သေးရဲ့လားဆိုပြီး ခဏခဏ ငို
မေးလို့ ဘယ်လောက်ချစ်ရ ကြောင်း၊ ဘယ်လိုကြိုးစားရကြောင်း ပြောမိတယ် အစ်ကို” ဆိုတဲ့ စာကြောင်းကတော့ အထိဆုံးပဲ။
အင်း..အဲဒါ မိန်းကလေးသဘာဝပဲ ထင်ပါရဲ့။ မုန်းတော့လဲ သူတို့၊ ချစ်တော့လဲ သူတို့..

ဇနိ said...

ဖတ်ပြီးသွားပြီ အစ်မနော်။ နီကိုရဲစာတွေ မဖတ်ဖြစ်တာ ကြာလှပြီ။ ကျေးဇူးပါနော်။

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ..
ဖတ်ရတာ ရင်တမမနဲ့ အဆင်မှပြေပါ့မလားလို့.. တော်ပါသေးရဲ့.. မြားနတ်မောင်ကယ်ပေလို့နော်.. မဟုတ်ရင် သူတို့နှစ်ယောက် ဒီတသက်ဝေးပြီ..
ဖတ်ရတာ အရသာရှိလိုက်တာ..
စိတ်ထဲမှာ ဘဝင်ကျ ကြည်နူးသွားလို့ ကျေးဇူးပါ..
ဦးရဲဝင်းကြီးကိုလည်း ကျေးဇူးပါလို့..း)

ခင်မင်လေးစားစွာနဲ့

sweetpeony said...

အဲဒါတွေကြောင့် တို့ အမကို ချစ်ရတာ....
ဟီးဟီး
:P

လင်း said...

ညစ်နေတာလေးတွေ ပျောက်သွားလို့  ကျေးဇူးမနော်

အိန္ဒြာ said...

ကျေးဇူးအစ်မရေ..

အိမ်ပြန်ရောက်ရောက်ချင်း..ဖွင့်ပြီး..ဖတ်ရတော့တာ..

လင်းဒီပ said...

နောက်ဆုံးမှာပေါင်းသွားလေသတည်း..:P..
ကောင်းတယ် ပျော်ရတယ်...တခါတလေဆို ဆရာနီကိုရဲက twist လေးတွေလုပ်တယ်..
ဒီဟာလေးကတော့ ရိုးရိုးလေးပဲ..

အခု တတိယမြောက် အလှည့်ကျသူကတော့..:P

sin dan lar said...

ကျေးဇူးတင်ပါတယ် အစ်မရေ....
ဗေဒင်ဆရာတွေ နာမည်ကြည့်ပြီးရယ်လိုက်ရတာ....

tg.nwai said...

ဖတ်သွားပါတယ် မနော်ရေ.. အားရပါးရကို ဖတ်ရတာပဲ..ရီနေရတယ်..။

Moe Myint Tane said...

အမရေ ဖတ်သွားပါပြီ။ နေ့လည်တည်းက တွေ့တယ်။ အလုပ်ရောက်နေတာနဲ့ မဖတ်ရဘူး။ စိတ်ထဲမှာတော့ ဖတ်ချင်စိတ်က တော်တော်ဖြစ်နေတာ။ ဇာတ်လမ်းလေးက ပျော်စရာလေးနဲ့ သိမ်းပေးထားတာ ဖတ်ရတာ ကြည်နူးစရာလေးပါ။ ဆရာနီကိုရဲကော အမကိုကော ကျေးဇူးပါ။ အမ၀ထ္တုလေးလည်း မျှော်နေပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Republic said...

စာလာဖတ်ပါတယ် အစ်မ မနော် ၊၊

သီဟသစ် said...

မနော်ရေ
ဖတ်ရတာ ရင်တမမနဲ့။ ဖတ်လို့ကောင်းလိုက်တာ။ ဆရာ နီကိုရဲ ကို သိပ်မဖတ်ဖြစ်တာကြာပြီ။
အလွဲတွေချည်းဆိုတော့ ရိုးနေလို့။
ခုဟာလေးကတော့ ကောင်းလိုက်တာဗျာ

ဆောင်းယွန်းလ said...

သိပ်ကောင်းတာပဲဗျာ..ပြီးတော့ သိပ်ပြီးသဘာဝကျတယ်.
ခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်မနော်ရေ

sonata-cantata said...

ဒေါ်တင်မိုးလွင်ရဲ့ ပစ္စတိုကျည်ဆန်လေးတွေ လှတာကတော့ ပြုံးအလှပိုင်ရှင် ဆုတောင်ရဖူးသူပေပဲလေ...
အရပ်ပုတဲ့လူတွေက အလွန်ကြီးကျယ်ခန်းနားလိုကြပြီး သူတို့ရဲ့ ကြီးမြတ်မှုအတွက် ပီတိကိုစားရင်း အားယူနေတတ်ကြပါတယ်လို့ ဆရာမဒေါ်တင်မိုးလွင်ရဲ့ ဆီနီယာက ကိုရဲဝင်းကို ဟောပေးလိုက်ပါတယ်...

(အယင်ကဆိုရင် စာရေးသူကို ကိုယ်ပြောချင်တာတွေ လှမ်းပြောဖို့ မလွယ်ဘူး မနော်ရ... ဘလော့ပေါ်လာတော့မှ...လွန်တာရှိဝန္ဒာမိပါနော်)

ရေးသူရော၊ တင်ပေးသူကိုပါ... ကျေးဇူးတင်စွာဖြင့်