ဖြစ်တည်ဆဲပုံပြင်ဟောင်း

Tuesday, March 10, 2009

ဖြစ်တည်ဆဲပုံပြင်ဟောင်း
အလင်းတွေနဲ့မြို့တည်ခဲ့သူဟာ... သက်တံ သူပုန်ဖြစ်တယ်...
အမှောင်ကတော့ ခန့်ထည်နက်ရှိုင်း... သမိုင်းလည်းကြီးလေရဲ့။
အပျင်းပြေသီချင်းတစ်ပုဒ်ရဲ့လှောင်ရယ်သံနဲ့ ခပ်ဆင်ဆင်တူတဲ့ဂီတဟာ
ပြိုကျသွားခဲ့ရတဲ့... ငါ့အလင်းမြို့ကလေးရဲ့ ငိုညည်းသံဖြစ်တယ်... ။
တကယ်ဆို...
တောင်ခိုးတွေက...
မှိုင်းညိုအုံ့ဖွဲ့
နေခဲ့သင့်တာပေါ့... ။
မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့... ဒါပေမယ့်... ဟမ်းမလော့ပန်းဖြူတွေလိုပဲ...။
သိရဲ့လား...
ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။
ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။ ။


မနော်ဟရီ - မီးပြတိုက်အလွန် ကဗျာများ
ဟန်သစ်၊ အမှတ်စဉ် - ၁၀၀။


20 Comments:

ဆောင်းယွန်းလ said...

ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။
အုံ့ပျပျအလင်းရောင်လေးကိုတောင် စစ်လျော်ကြေးပေးလိုက်ရတဲ့ မြို့ကလေးရဲ့ဘဝက မစဉ်းစားရဲစရာပါလားမနော်ရေ...ကဗျာတပုဒ်လုံးကို လေးလေးနက်နက်ဖတ်ပြီးတွေးပြီး ကြိုက်သွားတယ်ဗျာ

ကိုရင်နော်ခင်လေးငယ် said...

မနော်...

ငိုညည်းသံတွေ ကျယ်လောင်စွာ သမိုင်းလည်းကြီးတဲ့ မြို့လေးတစ်မြို့
တောင်ခိုးတွေနဲ့ ဝေ့နေတာ မျက်လုံးထဲမှာ မြင်ယောင်လာတယ်....

စစ်လျော်ကြေးတဲ့လား...!!
အိုး..... ရက်စက်လိုက်တာ

ရင်မှာနင့်နေအောင် ခံစားရတဲ့ ကဗျာလေးနော်..

with love....

နွေးနွေးသဲမွန် said...

တကယ်ဆို...
တောင်ခိုးတွေက...
မှိုင်းညိုအုံ့ဖွဲ့
နေခဲ့သင့်တာပေါ့... ။
မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့... ဒါပေမယ့်... ဟမ်းမလော့ပန်းဖြူတွေလိုပဲ...<--- ခံစားသွားတယ် မ ရေ...

ကောင်းကင်ကို said...

ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။
ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။ ။

ကောင်းလိုက်တာဗျာ။ စိတ်ထဲစွဲသွားတာပဲ။

sweetpeony said...

ဟုတ်ပ မရေ...
မာယာဆိုတာ ချိုတော့ချိုပါရဲ့
ဟမ်းမလော့ပန်းဖြူတွေလိုပဲ ဆိုတာ....

Moe Cho Thinn said...

ကောင်းကင်မှာ ပန်းတွေမပွင့်တော့တာ ၀မ်းနည်းတယ်..

ပီတိ(စိတ်ပညာ) said...

ဒီကဗျာလေးတော့ တော်တော်ကြိုက်တယ် အစ်မရေ။ တစ်ပုဒ်လုံးကို ကြိုက်တာ

ဖိုးစိန် said...

ဒီတစ်ခါဘာပြောရမယ်မသိ..
ကဗျာကိုဖတ်..
ကဗျာကိုအကြာကြီး စိုက်ငေးမိနေတာအမှန်ပါ.
ကောင်းတယ်ဗျ.
ဘာကိုလွမ်းသွားမှန်းမသိဘူး..
ပြန်ပီး

tg.nwai said...

ကောင်းကင်မှာ ပန်းတွေ မပွင့်တော့ပေမယ့် မြေပြင်မှာတော့ အပွင့်တွေ ကြွေလို့ပေါ့..

April said...

မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့။
ကဗျာလေး ကြိုက်တယ်..

ပျော်ရွှင်ပါစေ..
မိုးနေ

စိုင်းလောဝ်ပိန်း said...

ကဗျာ အစက အဆုံး ဆွဲဆောင်မှုအားတွေ ကောင်းလိုက်တာဗျာ။
စစ်လျော်ကြေးပေးတဲ့နေရာလဲရောက်ရော ၀မ်းနည်းသွားတယ် မနော်ရေ။
အဆင်ပြေပါစေ

အိန္ဒြာ said...

အစ်မရေ...

ဘုရားသခင်ကကော
ဗြဟ္မာကြီးလေးဦးကကော
မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ....

ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ အချိန်မှာ
စိတ်တွေငြိမ်းချမ်းမှုရနေမယ်...
အဲဒီ့အချိန်မှာ...အရာရာဟာ..
ဘာမှမဟုတ်တော့ပါဘူး...အစ်မရယ်...
အစ်မငြိမ်းချမ်းပါစေ..။

လင်းဒီပ said...

ဒီကဗျာရဲ့ အရသာက စိတ်ကို ဆောင်းမနက်ခင်းလေးလိုခံစားရတယ်...
မြို့တစ်မြို့ရယ်..စိတ်ကုန်ခမ်းစရာလူတွေရယ်..

သက်တံသူပုန် ဆိုတာလေးက လှလိုက်တာ..

Moe Myint Tane said...

မဖန်ဆင်းပေမယ့် ဖြစ်တည်ခဲ့တဲ့ အရာတွေ
မပွင့်လန်းနိုင်တော့တဲ့ ကောင်းကင်ပန်းတွေ
လျော်ကြေးပေးလိုက်ရတဲ့ အလင်းအုံ့ပျပျလေးတွေ

ဒါတွေအားလုံး.......

ပုံပြင်ဟောင်းတစ်ပုဒ်အဖြစ် ဖြစ်တည်နေကြတုန်းပါဘဲ။

ကဗျာလေးထဲမှာ ပျော်ဝင်စီးဆင်းသွားမိတယ် အမ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Banyarshein said...

ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။ ။
သုံးနှုန်းထားတဲ့ စကားလုံးတွေ ကောင်းလွန်းတယ်
ရင်ကိုထိတယ် မနော်... ။ ဟုတ်ပ လာလည်တုန်းက ကမန်းကတန်းမို့ ကွန်မန့်စက်တင် မပေးသွားရဘူး
မနော်ရေ ................။ ပြန်လာလည်သွားတဲ့ အတွက်
ကျေးဇူးပါမနော်................။

LOTUS said...

ကြိုက်တာတော့တစ်ပုဒ်လုံးကြိုက်တာဘဲ

မာယာဆိုတာကတော့ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးလိုပဲ...
ချိုတော့ ချိုပါရဲ့... ဒါပေမယ့်... ဟမ်းမလော့ပန်းဖြူတွေလိုပဲ...။
သိရဲ့လား...
ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့... လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။
ဗျာဒိတ်တော်တွေ စွန်းပေငြိမ်းအေးနေတဲ့ညက...
ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။ ။

အဲဒါလေးတွေကိုပိုကြိုက်တယ် တစ်ကယ်တော့ လူတစ်ယောက်အပေါ် ကောင်းတယ်လို့ သူများထင်အောင်နေပြပြီး တကယ်တော့ အဲဒီသူဟာ လူမဟုတ်ဘဲ လိပ် အမျိုးအနွယ်ဖြစ်နေခဲ့တာ။
အဲဒီ လိပ် အမျိုးအနွယ်တွေဟာ သူတို့ကိုယ်သူတို့နဲ့ ဘုရားသခင် ကိုတော့ညာလို့မရရှာပါဘူး ။ ညညတိုင်းမှာ ကိုယ့်လိပ်ပြာကိုယ်ပြန်ခြောက်ခံနေရသူတွေပေါ့။
သူငယ်ချင်းရေ မာယာချိုချိုတွေဟာ အချိုဓါတ်ကုန်သွားရင်ခါးစမြဲပါဘဲ ။ ဘာမှမတတ်နိုင်တဲ့အဆုံး မင်းသားခေါင်းလေးကွာပြီး ဘီလူးခေါင်းပေါ်သည်ထိစိတ်ရှည်ရှည်စောင့်ကြရမှာပေါ့။
စစ်လျော်ကြေးတော့မပေးပါနဲ့အုန်းလေ။ ဇာတ်သိမ်းခန်းထိစောင့်ကြတာပေါ့။

ဂျူ ( ကိုယ်ခံစားရတာကိုယ်ရေးကြောင်းနှင့်ကိုယ်တိုင်ရေးကွန်မန့်စစ်စစ်ဖြစ်ကြောင်း ၀န်ခံပါသည် )

အိုင်လွယ်ပန် said...

ကောင်းကင်မှာပန်းမပွင်တော့တာ
ဆန်းသလား အစ်မရေ ....
ဖြစ်တည်ဆဲ ပုံပြင်ဟောင်းပဲလေ ...

ငြိမ်းချမ်းပါစေအစ်မ .......

မသက်ဇင် said...

ငါ့မြို့ကလေး...
အလင်းအုံ့ပျပျလေးတွေကို...
စစ်လျော်ကြေးပေးလိုက်ရလေရဲ့။

ကဗျာလေးအတော်ကောင်းတယ်--
ရင်ထဲဝင်ရောက်သွားပါတယ်--

tune said...

အလည် ရောက်တယ်
စီဘော့စ်က ရေးလို့ မရဘူး။
ထူးဆန်းတယ်။

Phone Thitsar said...

ဘုရားသခင်ကကော ဗြဟ္မာကြီးလေးဦးကကော မဖန်ဆင်းခဲ့တဲ့...
လူ့အန္ဓတွေ
မီးတောင်ပေါက်ကွဲသလို ဒရဟောသွန်းကျဲပေါက်ကျလာကြ...
ကောင်းကင်မှာ ပန်းမပွင့်တော့တာ ဆန်းသလား... ။

ကောင်းလိုက်တာဗျာ။ ဖော်မပြတတ်တဲ့ ခံစားချက်လှိုင်းတစ်ခု ရင်ကိုရိုက်ခတ်သွားတယ်။

ဘုန်းသစ္စာဦး