စောင့်ကြည့်ငှက်

Thursday, February 26, 2009

စောင့်ကြည့်ငှက်

မနေ့က……….
ကမ္ဘာမြေကိုခေါက်တုံ့ခေါက်ပြန်အော်ခေါ်ကြည့်တဲ့အခါ
အပြာရောင်သစ်ရွက်တစ်ရွက်ထိုးစိုက်ဆင်းချလာတယ်
ငါ့အိပ်မက်ဝါတာတာတွေ နဲ့ရောနှော
တစ်တောလုံးတစ်တောင်လုံးအားပါးတရစိမ်းထသွားလိုက်ကြပုံ
ငါ……..ရင်ခုန်လို့မရဘူး...........


ငါ့ကိုတရားဦးလာဟောလှည့်စမ်းပါ
အဲဒီနေရာဟာ နေသာပါတယ် ဆိုတဲ့စကားလုံးမပါစေနဲ့
ပြတင်းဝကလှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင်ကိုယ်မမြင်ရတဲ့ည
အဲဒီညကိုငါ..စိတ်မချဘူး


ကြယ်တွေကိုဟစ်အော်ပေါက်ကွဲပြရတာလည်းမောတယ်
နာမည်တွေတသီးတသန့်နဲ့ခန်းနားပြနေတဲ့မြို့ရွာတွေကိုလည်းမုန်းတယ်
ငါ့သီလနဲ့ငါလုံခြုံနေတဲ့အမေ့အိမ်ကလေးလောက်တော့
ဘယ်ဟာမှဖြန့်ကျက်အုပ်မိုးပေးထားနိုင်မှာမဟုတ်ဘူး…


ငါ့ကိုထူးလိုက်စမ်းပါကမ္ဘာမြေရေ..
ငါ့အသံကိုမြင်ကြည့်လိုက်စမ်းပါ
ငါ့ကောင်းကင်ရဲ့အရောင်တွေကိုနားစွင့်လိုက်စမ်းပါ
ငါ့ရှေ့ကအမှောင်ကိုကောင်းချီးပေးလိုက်စမ်းပါ
ငါ့အတောင်တွေကို ရွှေချပစ်လိုက်စမ်းပါ…


ဒီမှာ………
ငါဟာ…ကမ္ဘာကိုစောင့်ကြည့်နေတတ်တဲ့ငှက်တစ်ကောင်ပါ
ပျံသန်းခွင့်ဆိုတာက ကိုယ့်စိတ်သမုဒ္ဒရာထဲမှာကိုယ်တစ်ကိုယ်ရေဖြန့်ခင်းချလို့ရသလို
ကိုယ့်ကိုယ်ပိုင်ရေတွင်းလေးထဲမှာလည်းတစ်ကိုယ်ရေကျဉ်းမြောင်းခွင့်ရနိုင်သေးတာပဲ
ကိုယ့်..စံ..သတ်မှတ်ချက်တွေ နဲ့ အရာရာဟာ ဖီဆန် လွဲသွေ..
ငါ ဘာလို့ သေဆုံးမသွားသေးတာလဲ…………



ခုတော့…….
ကိုနိုင်မွန်အောင်သွင်ရေ..ဟေ့လူ..လို့ခေါ်မယ့်သူလည်းမရှိ
တောချောက်တောင်ခြောက်မှာလည်းမပူရ…
ကိုထိန်ရေ…တစ်ကြောင်းဆွဲပုံတူတွေလည်းမရှိ..
မှန်မကြည့်ချင်မှာလည်းမပူရ
ကိုသက်ဇော်ရေ....ဇာတ်ညွှန်းအစစ်ဆိုတာလည်းမရှိတော့
တင်ဆက်ကပြနေဖို့လည်းမပူရ…
အဲဒီနေရာက………………….အလွမ်းတွေနဲ့ပြာကျနေတဲ့အရပ်ဖြစ်တယ်။


ငါ့ကိုခေါ်ပါ
ငါ့နာမည်မပါတဲ့တေးတစ်ပုဒ်ကိုထမ်းလာခဲ့ပါ
ငါ့အိပ်မက်တွေနဲ့ဝေးရာတောင်တန်းတွေဆီမှာအထီးကျန်
ငါ..မာန် ..ဆိုတာတွေကိုခဏခ၀ါချ လို့
တိတ်တိတ်ကလေး..တွေးနေချင်တယ်
ငါ့နာမည်မပါတဲ့တေးတစ်ပုဒ်နဲ့ပေါ့……….



ငါကိုယ်တိုင်ထိုးစိုက်ပျံဆင်းလာမယ့်နေ့ရက်ကိုစောင့်ကြို
ကမ္ဘာမြေရေ..နင် ငိုမနေနဲ့တော့နော်….။ ။

မနော်ဟရီ


33 Comments:

အမရာ said...

မရေ...ကဗျာတပုဒ်လုံးအရမ်းကောင်း
တဲ့စာသားတွေနဲ့ချည်းပဲ....ဒါပေမယ့်
ကဗျာဖတ်ပြီးဝမ်းနည်းမိတယ်.......
အဲဒီနေ့ကိုမရောက်စေချင်သလို....အဲဒီငှက်ကို
လည်းကောင်းကင်မှာပဲရှိနေစေချင်တယ်....

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ......

ကောင်းလိုက်တဲ့ ကဗျာလေးပါလား..!!

ကမ္ဘာမြေကြီးပေါ်မှာ အသက်ကို ခပ်ပြင်းပြင်းရှု...
မောဟတွေနဲ့ နပမ်းလုံးရင်း စိန်ပြေးလိုက်တမ်း
ကစားနေရတဲ့ အချိန်...
မနော်ရေးတဲ့.. သံစဉ်မဲ့ ကဗျာလေးကိုဖတ်ရင်း..
ကျွန်မကမ္ဘာမြေတော့ ခဏတာ သက်ဝင် တိတ်ဆိတ်သွားခဲ့တယ်....။

ဘယ်လိုဘဲဖြစ်ဖြစ်...
ကျေးဇူးတင်ပါတယ်.. ကမ္ဘာမြေရယ်...

with love...

sweetpeony said...

အင်း...
ကိုယ့်အဆင့်နဲ့ ကောင်းလိုက်တာလို့ ချီးကျူးရမှာတောင် အားနာတယ်။
ဟို ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ဖြစ်နေမှာစိုးလို့ ။
အဲ ဒီပညာရှိကြီးက အရမ်းတော်တယ်တဲ့။ စာပေအရာ ဥာဏ်ပညာမှာ။ ပညာရှိနံမယ်တော့ မမှတ်မိတော့ဘူး။
မှတ်မိတဲ့လူရှိရင်တော့ ပြန်ပြောပြပါ....။
ရွာတရွာမှာ ပညာမတတ်တဲ့ ဆင်းရဲသားတယောက်ရှိတယ်တဲ့။ သူက အဲပညာရှိရဲ့စာတွေက ဘယ်လောက်ကောင်းကြောင်း ဘယ်လိုကောင်းကြောင်း လိုက်လိုက်ပြောတတ်တယ်။ အဲဒီလိုနဲ့ ပညာရှိက တနေ့သိသွားကော အဲဒီအကြောင်းကို...။ ဒါနဲ့ အဲဒီဆင်းရဲသားကို အခေါ်ခိုင်းတယ်။ ဆင်းရဲသားရောက်လာတော့ ဆင်းရဲသားကို မှတ်လောက်အောင် တံတောင်နဲ့  ထုထောင်းပြီးတော့ လုပ်ကိုင်စားသောက်လို့ရအောင် ပိုက်ဆံပေးလိုက်တယ် ပြီးတော့ပြောလိုက်တယ်။ နောင်သူရဲ့စာပေတွေကို မသိဘဲနဲ့မချီးကျူးပါနဲ့ဆိုပြီး။
မသိနားမလည်တဲ့သူ ချီးကျူးတော့ သူ့ စာပေက အဲဒီလောက်အဆင့်ပဲ ဖြစ်သွားမှာစိုးလို့  ထင်ပါရဲ့။
အဲလို ဆင်းရဲသားမျိုးဖြစ်သွားမှာစိုးလို့ ..... ။
း)

NLS said...

လက်တမ်းပုံပြင်ပြီးတဲ့နောက် နောက်ထပ်အကြိုက်ဆုံး တစ်ပုဒ်... ဟိုဟာကတော့ ရိုမန်တစ်လေး၊ ဒါလေးကတော့ အားရှိတဲ့ စကားလုံးတွေ။ အသစ်ရေးထားတာလားအမ။ နဲနဲ ပြောင်းလာသလားလို့

ဖိုးစိန် said...

ငါဟာ…ကမ္ဘာကိုစောင့်ကြည့်နေတတ်တဲ့ငှက်တစ်ကောင်ပါ
ပျံသန်းခွင့်ဆိုတာက ကိုယ့်စိတ်သမုဒ္ဒရာထဲမှာကိုယ်တစ်ကိုယ်ရေဖြန့်ခင်းချလို့ရသလို
ကိုယ့်ကိုယ်ပိုင်ရေတွင်းလေးထဲမှာလည်းတစ်ကိုယ်ရေကျဉ်းမြောင်းခွင့်ရနိုင်သေးတာပဲ
ကိုယ့်..စံ..သတ်မှတ်ချက်တွေ နဲ့ အရာရာဟာ ဖီဆန် လွဲသွေ..
ငါ ဘာလို့ သေဆုံးမသွားသေးတာလဲ…………
ရင်ထဲက ခံစားမိတဲ့ အတွေးလေး နဲ့ တိုက်ဆိုင်တဲ့ အတွက်ဒီ ပိုဒ်လေး ကို ပို ကြိုက်တယ် ..
တစ်ပုဒ်လုံးကောင်းတယ်..

ပန်းချီထိန်လင်း said...

အင်း သွေးထဲကလာသော စကားများပါတကား။

Phyo Evergreen said...

အန်တီနော် ငါ့ကိုခေါ်ပါအပိုဒ် ထဲကလိုဘဲ တစ်ဘ၀လုံးနေသွားချင်ပါတယ်..။ ကဗျာကကောင်းတယ်ဆိုတာထက် ပိုကောင်းနေပါတယ်..။

လင်းဒီပ said...

ငါ့သီလနဲ့ငါလုံခြုံနေတဲ့အမေ့အိမ်ကလေးလောက်တော့
ဘယ်ဟာမှဖြန့်ကျက်အုပ်မိုးပေးထားနိုင်မှာမဟုတ်ဘူး…

ဒါပေမယ့် ငှက်ကလေးက ကိုယ့်စိတ်နဲ့ကိုယ် ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့ အဝေးကြီးကို ပျံခဲ့တယ်ဗျာ..

thetpaingthu said...

မနော်ရယ်.. ကဗျာလေးကနုလိုက်တာ... ကျွန်တော်လည်း အဲ့လို ရေးတတ်ချင်လိုက်တာ

လွမ်းလုင် said...

“ကြယ်တွေကိုဟစ်အော်ပေါက်ကွဲပြရတာလည်းမောတယ်
နာမည်တွေတသီးတသန့်နဲ့ခန်းနားပြနေတဲ့မြို့ရွာတွေကိုလည်းမုန်းတယ်
ငါ့သီလနဲ့ငါလုံခြုံနေတဲ့အမေ့အိမ်ကလေးလောက်တော့
ဘယ်ဟာမှဖြန့်ကျက်အုပ်မိုးပေးထားနိုင်မှာမဟုတ်ဘူး…”

အဲဒီ အပိုဒ်လေး ပိုသဘောကျတယ်ဗျာ..။ တကယ့်ကို နှိုင်းယှဉ်ပြထားတဲ့ အဖွဲ့လေးပါ...။

ရှင်ရဲထွတ် said...

အမရေ အမကဗျာလေးတွေကို ကျနော် ခံစားတတ်ဖို့ထက် နားလည်တတ်ဖို့ကို ကြိုးစားရပါဦးမယ် '' ဟိုပင်မြင့်မှာ ပွင့်နေတဲ့ ပန်းလေးလိုပဲ လှတာကို ကျနော်မြင်ရတယ် ဒါပေမယ့် အဲဒီပန်းလေးကို မွှေးလိုက်တာလို့ ကျနော် ပြောခွင့်မရှိသေးဘူး "

မေငြိမ်း said...

ညီမလေး
အဲလို ခံစားချက်တွေ.. အကြိမ်များစွာ.. များစွာ..
ရင်ထဲ မချိမဆံ့...။ ဒါပေမဲ့ အဖြေမှန်မရသေးပါ။

LOTUS said...

နေသားမကျသေးဘူးလား

ဂျူ

Craton said...

just like Aunty May Nyein's speech above ^_^

khin oo may said...

good

Moe Cho Thinn said...

ဒါမှ မနော်ဟရီ အစစ်..
Cheers သူငယ်ချင်း။ မင်းတယောက်တည်း မဟုတ်ဘူး။

Moe Cho Thinn said...
This comment has been removed by the author.
ယောနသံစင်ရော် said...

ငါ့ကိုတရားဦးလာဟောလှည့်စမ်းပါ
အဲဒီနေရာဟာ နေသာပါတယ် ဆိုတဲ့စကားလုံးမပါစေနဲ့
ပြတင်းဝကလှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင်ကိုယ်မမြင်ရတဲ့ည
အဲဒီညကိုငါ..စိတ်မချဘူး

မနော်ရေ.. စကားလုံးတိုင်း စာပိုဒ်တိုင်းကို ကြိုက်နှစ်သက်တယ်။

tg.nwai said...

မနော်...ကဗျာလေးဖတ်ပြီး မောသွားတယ်..

အလွမ်းတွေနဲ့ ပြာကျနေတဲ့ အရပ်တဲ့..။

ကမ္ဘာကို စောင့်ကြည့်နေတတ်တဲ့ ငှက်ကလေးက
အထီးကျန်ဆန်နေရော့သလား။ (လူတွေထဲနေရင်းနဲ့ကို lonely ဖြစ်နေတဲ့ သူဖြစ်နေလို့ အဲလိုပဲ တွေးလိုက်မိတယ်...:))

အိုင်လွယ်ပန် said...

ငါ့ကိုတရားဦးလာဟောလှည့်စမ်းပါ ...
အဲဒီနေရာဟာ နေသာပါတယ်ဆိုတဲ့စကားလုံးမပါစေနဲ့ ..

သိပ်ကိုကောင်းတဲ့ကဗျာတစ်ပုဒ်ပါ အစ်မရေ ....

Anonymous said...

သွေးကြောတွေ ပြောင်းပြန် မစီးသေးပါဘူး ...
နို့ရည် စီးတဲ့ မြစ်တွေလည်း မတွေ့သေးပါဘူး ... မနော်ရဲ့...

ATN

မိုးခါး said...

ဘာမှန်းမသိ ၀မ်းနည်းသွားတယ် ...

Anonymous said...

ငါ့သီလနဲ့ငါလုံခြုံနေတဲ့အမေ့အိမ်ကလေးလောက်တော့
ဘယ်ဟာမှဖြန့်ကျက်အုပ်မိုးပေးထားနိုင်မှာမဟုတ်ဘူး…


...
....
......

ငါကိုယ်တိုင်ထိုးစိုက်ပျံဆင်းလာမယ့်နေ့ရက်ကိုစောင့်ကြို
ကမ္ဘာမြေရေ..နင် ငိုမနေနဲ့တော့နော်….။ ။

I love these two stanzas ...
The first one reminds me my mom a lot who had passed away last year..

For the second one, I felt sorry for the bird ... . The bird understand its thought quite well and thus it sees everything deeper than the others, it feels deeper than the others, it thinks deeper than the others, and the problem for the bird is it cannot find a solution for itself yet...

I thought so ... and I like this poem. In deed, I value this poem. Some words seem the bird is aggressive ... but I feel the bird is simply saying or shouting its unbiased thoughts ...

Wishing you all the best sister....
Congratulations for your poem ...
And thank you for all of your posts ....

Z

စိုင်းလောဝ်ပိန်း said...

အမရေ...
ဖတ်နေရင်းနဲ့ အရမ်းလွမ်းသွားတယ်ဗျာ...
ကဗျာကောင်းလေဖတ်ရလို့လဲ ၀မ်းသာတယ်
ဝမ်းနည်းဝမ်းသာဆိုတာ ဒါလားမသိဘူးနော်

April said...

ဝမ်းနည်းတယ်...ဆိုတာကလွဲပြီး မပြောတတ်တော့ဘူး.....

မိုးနေ

အိန္ဒြာ said...

ကြယ်တွေကိုဟစ်အော်ပေါက်ကွဲပြရတာလည်းမောတယ်
နာမည်တွေတသီးတသန့်နဲ့ခန်းနားပြနေတဲ့မြို့ရွာတွေကိုလည်းမုန်းတယ်
ငါ့သီလနဲ့ငါလုံခြုံနေတဲ့အမေ့အိမ်ကလေးလောက်တော့
ဘယ်ဟာမှဖြန့်ကျက်အုပ်မိုးပေးထားနိုင်မှာမဟုတ်ဘူး…

အစ်မ"နော်"..ကောင်းလွန်းလို့ ဘယ်အပိုဒ်ကိုရွေးပြရမှန်းတောင်မသိဘူး...

တစ်ကိုယ်တည်း..ရှိနေကြတဲ့အချိန်တွေမှာ...
ကိုယ့်ကိုကိုယ် ပြန်ပြန်ရှာဖွေကြည့်နေရတာ..
သိပ်ဝမ်းနည်းစရာကောင်းတာပဲနော်...အစ်မ

ပြောချင်တာတွေ ကိုယ်စားပြောပေးလိုက်သလိုပါပဲ..

nainai14 said...

ကောင်းလိုက်တဲ့ လက်ရာ ... ရင်ထဲထိရောက်အောင် ထိုးဆင်းသွားတဲ့ ငှက်တစ်ကောင်ရဲ့ အရိပ်ကို တွေ့လိုက်မိသလိုပဲ

Anonymous said...

ပြင်းလှချေလား သူငယ်ချင်းရယ် စကားလုံးတွေက
ဘာတွေများခဲစား
ချက်တွေရှိနေလဲ

Anonymous said...

စိတ်ညစ်ပါတယ်ဆိုမှ သူကတမှောင့် သူ့ကဗျာဖတ်ပြီး ပုလင်းအဖုံးပဲပြေးဖွင့်ရမလို နောက်ဂျွမ်းပဲပစ်ရတော့မလို တိုင်နဲ့ခေါင်းနဲ့ပဲပြေးဆောင့်ရတော့မလို ကဗျာကကောင်းတယ်လို့ ပြောတာပါ

သစ်ကောင်းအိမ်

ပီတိ(စိတ်ပညာ) said...

အစ်မ . . ချီးကျူးဖို့ပဲ။ ဒါပေမယ့် စကားလုံးတွေက လိုက်မမီရင် ပြောချင်တာ ပေါ့သွားမှာစိုးလို့ ..
ကောင်းတယ်
ဒါပဲပြောတော့မယ်။

ကောင်းကင်ကို said...

ကဗျာလေး အရမ်းကောင်းတယ်ဗျာ။ အပေါ်ဆုံး သုံးပိုဒ်နဲ့  နိဂုံးပိုဒ်လေးကိုတော့ အကြိုက်ဆုံးပဲ။

မီယာ said...

ဒီကဗျာလေးကို ဖတ်ပြီး ခံစားချက်ချင်း တူနေမယ့်သူတွေ အများကြီး လို့ထင်ပါတယ်... ကျေးဇူးတင်ပါတယ်မနော်..

Moe Myint Tane said...

ကဗျာလေး အရမ်းကြိုက်တယ် အမရေ။ တစ်ပုဒ်လုံး အစအဆုံး ဖတ်ရသာ အရသာရှိလိုက်တာဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်