ဇာတ်ညွှန်းအစစ်

Tuesday, February 24, 2009

ဇာတ်ညွှန်းအစစ်


ရာသီဥတု




ကိုယ်ကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့..မြူနှင်းတွေက..ကိုယ့်ကိုပြန်ရစ်သိုင်းထားတဲ့ည..။
ကောင်းကင်တစ်ခုလုံး..ကြယ်လေးတစ်လုံးတစ်လေမှ…ခရီးထွက်တာမမြင်ရဘူး။
ထုံထိုင်းအေးစက်စပြုလာချိန်မှာပဲ..စူးရဲတောက်ပတဲ့ရောင်ခြည်တန်း……။
ကိုယ့်ရင်ကိုဖြတ်သန်းသွားတယ်။
တကယ်တော့..မုန်တိုင်းရဲ့မျက်စိ..ဆိုတာကလည်း..တဒင်္ဂပါပဲ……။

အခင်းအကျင်း



ကိုယ့်ပြတင်းဝမှာ..မာယာကို..ဖဲကြိုးလှလှလေးတွေနဲ့စည်းနှောင်ချထားခဲ့တယ်။
ကိုယ့်ရဲ့ကွန်ပျူတာဖန်သားပြင်ပေါ်မှာတော့..ရေးလက်စ..အသစ်စက်စက်..Game Program
တစ်ခု……..။
ဒိုင်ယာရီခရမ်းရောင်ထဲမှာတော့…အောင်မြင်ခဲ့ပြီးတဲ့.. Game Programတွေနဲ့ရက်စွဲတွေ..။
အံဆွဲထဲမှာတော့..တမင်တကာ..မသိချင်ယောင်ဆောင်ပြီး..ထိုးကြိတ်ဝှက်ထားခဲ့တဲ့…အထိမ်း
အမှတ်အလံဖြူတစ်လက်…….။
ဘာမှမသိလိုက်ခင်မှာပဲ..စားပွဲပေါ်မှာပန်းစိုက်အိုးတစ်အိုးတိုးလာခဲ့ပြီ။
ရီဝေမွှေးမြတဲ့အ၀ါရောင်နှင်းဆီပန်းတွေရဲ့ ရနံ့က..သ၀န်တိုမှုဆန်လွန်းနေတယ်။

ရက်စွဲ





ကံကြမ္မာလှည်းဘီးက..တစ်ပတ်ပြန်လည်လာတဲ့နေ့…။
အဲဒီနေ့မှာပဲ..နက္ခတ်တွေက..ကသောင်းကနင်းနဲ့….။နတ်ဆိုးတစ်စုရဲ့ညီလာခံကလည်း.
.၀ရုန်းသုန်းကားအောင်မြင်လို့…..။
ဧကရာဇ်ပန်းတွေကလည်းဖွေးဖွေးလှုပ်ကြွေနေလိုက်ကြတာ………။
မာယာ..ဆိုတာလည်းရင်ထဲကလာတာပါ…အဖိုးအခပေးရပါတယ်။
သေချာပါတယ်…။ဒီနေ့ဟာ..စေတန်ရဲ့မွေးနေ့တစ်နေ့ဖြစ်လိမ့်မယ်။

ပတ်ဝန်းကျင်



တကိုယ်ရေနှင်းပန်းရနံ့တွေက..အေးစက်စူးရှလှချည့်။
ဆူးတကားကားနဲ့..ဟန်ဆောင်ကောင်းတဲ့နှင်းဆီပွင့်တို့ရေ..ဒီတစ်ခါတော့ဖွေးဖွေးလှုပ်နေတဲ့…..
စပယ်တွေကိုအရှုံးပေးလိုက်ရပါပြီကော…..။
အစိမ်းရင့်ရောင်လေပြင်းတစ်ချက်နဲ့အတူပါလာခဲ့တဲ့…ခပ်သင်းသင်းစပယ်နံ့တွေဟာ….
ကိုယ့်အတွက်တော့သူစိမ်းပြင်ပြင်ပါပဲ…………။
ဘ၀မှာတစ်ခါမှအဖြူရောင်တွေကိုမမြတ်နိုးခဲ့ဖူးပါဘူး….။

သရုပ်ဆောင်ချက်




သတိတရနဲ့စားပွဲပေါ်ကပန်းစိုက်အိုးကလေးကိုအံဆွဲထဲထိုးအထည့်မှာ….အလံဖြူလေးကိုရေ
တွေဖိတ်စင်စိုရွှဲသွားတယ်။
ဒါပေမယ့်..ဂရုမပြုအားပါဘူး။
အီတာလျံပန်းချီကျော်ကြီးနဲ့…ပန်းချီကားတစ်ချပ်လဲလှယ်ဖို့ချိန်းဆိုထားတာ..ပျက်ကွက်လို့မဖြစ်
ဘူးလေ……။
မွန်းတည့်နေဟာ…မြူဆိုင်းနေလျက်က..ရင်ထဲထိပူတယ်။

ဇာတ်ရံ




အလင်းရောင်အောက်မှာပျော်ခဲ့ဖူးတဲ့ရက်တစ်ချို့ရှိတယ်။
ခုတော့လည်းကောင်းကင်တော်ရဲ့..ရာသီဥတုက..မှိုင်းပျပူဝေလို့…….။
အားနည်းတဲ့အလင်းရောင်အောက်မှာ..ခံစားချက်ကအစ..ဘာမှမသဲကွဲဘူး..။
ပြီးဆုံးသွားတဲ့အချိန်ကျတော့မှ…လက်ထဲမှာ..သီကုံးထားခဲ့တဲ့..ခံပွင့်လေးတွေကိုတွေ့ရတယ်။

တစ်ခန်းရပ်




……….ကတ်……..
……………………
……………………….

ညနေခင်း



မီးတောင်တစ်ခုကို..ဘယ်ဘက်အိတ်ကပ်ထဲထည့်ပြီး..လမ်းလျှောက်ထွက်ခဲ့လိုက်တယ်။
ညနေခင်းကို..အလျားလိုက်မျိုချရတာ….မချိမဆန့်ရှိလိုက်တာ………။
ထိုးကြိတ်ကြပ်ညပ်နေအောင်သိပ်ထည့်ခံထားရပြီး..သီချင်းတွေကိုဆွဲထုတ်ပေးနေတဲ့အမည်း
ရောင်သေတ္တာလေးကိုကြည့်ပြီး…..I must envy you…..ဆိုတဲ့ စတေကာလေးကပ်ပေးလိုက်
တယ်။
မကြာခင်မှာအေးစိမ့်မှောင်မဲလာတော့မှာ…..။

အိပ်မက်



စာမျက်နှာပေါ်ကတရစပ်အိပ်မက်တွေကသိပ်အစပ်အဟပ်မတည့်လှဘူး..။
အရသာရှိအောင်တစ်ခုခုလုပ်ရင်ကောင်းမလား….။
ဒီအတိုင်းသိုလှောင်ထားရင်ကောင်းမလား…….။
ခင်ဗျားလည်းကူစဉ်းစားစမ်းပါ……….။

ဇာတ်သိမ်း




ည………ဆယ့်နှစ်နာရီတိတိမှာ…နေ့သစ်တစ်ရက်တိုးလာတယ်။
ဒါ..ဖြစ်စဉ်ပါ….။
ကိုယ့်အလှည့်ကျကာမှ…….ဘ၀ကသန်းခေါင်တည့်နေတာတောင်နေ့သစ်မရနိုင်သေးဘူး..။
ဘယ်တော့များမှ………..။ ။
မနော်ဟရီ
Faces Magazine , 2002

ပုံတွေကို Google Image Search ကရယူပါတယ်။


27 Comments:

amayarko said...

အရမ်းမိုက်တယ်အမ။

အောင်သာငယ် said...

ဇာတ်ညွှန်းဖတ်ပြီး ရုပ်ရှင်ရိုက်ချင်လာပြီ...
မနော်ပဲ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ လုပ်ပါ...
အင်း... စိတ်မညစ်တော့ရင် ကိုယ်တိုင်လဲ
သရုပ်ဆောင် ၀င်လုပ်လိုက်ဦးပေါ့...း)

လူလ said...

ကောင်း၏။

ဆောင်းယွန်းလ said...

ခံစားချက်စစ်စစ်နဲ့ ရေးဖွဲ့ထားတဲ့ ဇာတ်ညွှန်းစစ်စစ်ဆိုတော့ ဇာတ်ညွှန်းရေးသူကတော့ အကယ်ဒမီရမှာသေချာနေပြီ...

sweetpeony said...

ကြိုက်၏
သန်းခေါင်ထက်ညဥ့်မနက်တော့ပါဘူး။
နေ့ သစ်ရဲ့အစဟာ အာရုံတက် ရောင်နီပျိုးချိန်။
မုန်တိုင်းစဲရင် လေပြည်လာမှာပေါ့။
ပြီးတော့လဲ
ပြီးသွားတာပါပဲ

choco thazin said...

ကိုယ့်အလှည့်ကျကာမှ…….ဘ၀ကသန်းခေါင်တည့်နေတာတောင်နေ့သစ်မရနိုင်သေးဘူး..။

အဲဒီနေရာလေး အကြိုက်ဆုံးပါပဲ အစ်မရေ

Kay said...

ထိုးကြိတ်ကြပ်ညပ်နေအောင်သိပ်ထည့်ခံထားရပြီး..သီချင်းတွေကိုဆွဲထုတ်ပေးနေတဲ့အမည်း
ရောင်သေတ္တာလေး------

အဲဒါကြိုက်တယ်။ ပုံ နဲ့စာလေးတွေ လိုက်မှ လိုက်။

ယောနသံစင်ရော် said...

မနော်ရေ...၁၂း၂၁ မှာဖတ်ဖြစ်တယ်။ နေ့သစ်တရက်တိုးပြီးချိန်ပေါ့..။ ဒီဝတ္ထုလေးကို သိမ်းထားခွင့်ပြုပါ။

ဖိုးစိန် said...

ဇာတ်လမ်းတစ်ပုစ်လုံးကလူကိုခေါ်ဆောင်သွားပါသည်...
တင်ဆက်ပုံ အရမ်းထိတယ် မနော်..
စာသားတွေကြိုက်တယ်..

wai said...

Manorgary,
(Sigh!).
Tough post.
Do u get homesick?
Anyway, be happy
try to be happy
u have to be happy.
Please open the door
there is another happy day for you.
(i wanna u be happy).

wai said...

sorry,
I wrongly typed ur name. Manorhary.

Phyo Evergreen said...

တစ်ပုဒ်ချင်းစီမှာ စာနဲ့ပုံနဲ့က တကယ့်ကိုထိထိမိမိဘဲ။

Anonymous said...

အရမ်းမိုက်တယ် အမ

လင်းထုံ

အိုင်လွယ်ပန် said...

အစ အဆုံး

စီးဝင်နစ်မျောစွာ ခံစားရပါတယ်အစ်မရေ ......

မီယာ said...

မနော် ရေးရာ လိုက်သွားမိတယ်... ပုံတွေရော စာတွေပါ ဆွဲဆောင် ခေါ်သွားလိုက်တာ... ကိုယ့်အလှည့်ကျကာမှ ဘ၀က သန်းခေါင် တည့်နေတာတောင် နေ့သစ်မရနိုင်သေးဘူး..
အရမ်းကောင်းတာပဲ မနော်.. အဲ့သလို ပြောချင်နေတာ ကြာပေါ့..
ဓါတ်ပုံတွေ အများကြီး.. လူကိုယ်တိုင်လာခဲ့ပါ.. ပြတိုက်ကို တူတူသွားကြည့်ရအောင်

နန်းညီ said...

woo hoo !!!!!!
လန်ချိတ်ပဲ..
ကူးသွားပါရစေ..
နည်းနည်းလည်း ဖောဝပ်ပါရစေ..
ဖြစ်လား ဖြစ်လား

April said...

ကောင်းမှကောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မိုးနေ

war war khaing min said...

စာသားလေးတွေအရမ်းမိုက်တယ် မနော်ရေ။
အလွန်ကောင်းပါ၏။

Craton said...

အတွေးအခေါ်တွေကို မလေးစားဘဲမနေနိုင်ဘူး..။ ဒါကို အန်တီကိုယ်တိုင်သိပြီးသားဖြစ်မှာပါ။ သေချာအောင်ထပ်ပြောသွားတယ်..။
စံပယ်ပုံလေးသိပ်လှတယ်ဗျာ။

khin oo may said...

ကောင်း၏

ကိုရင်ညိန်း said...

ကောင်းတယ်လို့ မပြောရဲဘူးဗျ ။
ကောင်းတယ်ပြောဖို့အားမရှိသေးဘူး
မြင်းထိန်းက ချီးကျူးသလိုဖြစ်မစိုးလို့ဗျ ..

ဒါထက် ဇာတ်ကားရိုက်ဖြစ်ရင်တော့
မင်းသားလုပ်ပါရစေလား .. :P
မင်းသမီးကတော့ ဟောလီးဝုဒ်ကပဲ .. နည်းနည်းမှမလျော့ဘူး :D အဟေးဟေး

သက်ပိုင်သူ said...

မနော်ရယ်..
အရမ်းကောင်းတယ်...
ဖတ်ရင်း ဖတ်ရင်းနဲ့.. သရုပ်ဖော်ပုံလေးတွေကို ကြည့်သွားတာ ရုပ်ရှင်ကြည့်နေရသလိုပဲ..

lotuslynn said...

ဟေး မေခ

ခရီးသွားနေစဉ်တလျောက်လုံး ရရင် ရသလို ရှင့်ဘလော့ဂ်ကိုဖွင့် ဘာမှမမြင်ရဘဲ အတုံးတွေဘဲမြင်ရရင် စိတ်တိုစွာ အားမရစွာ ပြန်ပိတ်...... ဝေးနေခဲ့တဲ့ ၁၀ ရက်အတွင်း စာတွေအများကြီးတင်ထားခဲ့တာဘဲ
နောက်ဆုံး ဒီစာလေးကစပြီးဖတ်ဖြစ်တယ်၊
ဖတ်ပြီးတစ်ခုကိုခံစားရတယ် ........ ထွက်ပေါက်မရှိတဲ့ဂူထဲရောက်နေသလိုဘဲ ဘာကိုပြောရမှန်းမသိဘူး ........... မွန်းလိုက်တာ.... မျှော်လင့်ချက်အလင်းရောင်ကလေး ရနိုးရနိုးနဲ့ဖတ်တာ.... သန်းခေါင်ကျော်ရင်တော့ မိုးလင်းတော့မှာပါဟာ ၊ စောင့်သူတွေဟာ အချိန်တွေကြာတယ်ထင်တတ်သလိုပေါ့။
ဓါတ်ပုံလေးတွေနဲ့ စာလေးတွေမိုက်တယ် ( မလိမ္မာဘူး ) ဟဲ ဟဲ...........

ဂျူ

tg.nwai said...

မြင်မြင်ချင်းပဲ လန့်သွားတယ် မနော်..။ တကယ့်ကို လောဘတကြီးနဲ့ လိုက်သွားမိလိုက်တာ...။ အဆုံးတိုင်ပဲ.. နောက်ဆုံးမှ.. အော်..အနုပညာဆိုတာ ဒါမျိုးကိုးလို့....။ (ကော်မန့်ထဲဝင်လို့ရလို့ ကိုယ်ပြောချင်တာတွေ ပြောပြီးမှပဲ..ရင်ထဲ ပေါ့သွားတော့တယ်..:)

အမရာ said...

ဒါ..တကယ့်ကိုဇာတ်ညွှန်း
အစစ်ဆိုတာပေါ့နော်.....

sait phay yar said...

Ma Naw very nice
i like the way u wrote about life.

Republic said...

စိတ်ကူးစိတ်သန်း ဖန်တီးမှုလေးတွေ တအားကောင်းတယ်ဗျာ ၊၊