မိုးစဲပြီးစ...

Saturday, February 7, 2009

မိုးစဲပြီးစ...
ညက..
ရင်အပူချိန် ဒီဂရီ ၁၀၈နဲ့
လေဖိအားနည်းရပ်ဝန်းတစ်ခု
နှလုံးသားကိုဗဟိုပြုလို့
အလွမ်းတချို့ကိုရွာချလိုက်တာ
ရွှဲရွဲကိုစိုရော...
ချစ်သောချစ်သူလေးရေ..
မင်းကတော့ …
အေးစက်နေတဲ့ရာသီဥတုအတုတစ်ခုနဲ့
ဆောင်းအဖြူတွေကိုအံတု
မင်းယဉ်ကျေးမှုတွေနဲ့မင်း
ဟန်ဆောင်ခြင်းတွေနဲ့တင်းနေလိမ့်မယ်။
တကယ်ဆို
တို့ တကယ်ဝေးခဲ့ကြတာမှမဟုတ်တာ
မာယာတွေကိုလှည့်စား
ကံကြမ္မာကိုကိုယ့်ဘာသာကစားခဲ့ပြီးကြမှတော့
ကျလာတဲ့ကြွေတစ်ပွင့်ကို
ငါတို့ချင့်ယုံရတော့မယ်..
ကိုယ်သာလျင်ကိုယ့်ရဲ့အရှင်သခင်လို့ယုံစား
အမှားတွေကိုအထားအသိုမလွဲဖို့
ငါတို့ကြိုးစားကြရလိမ့်ဦးမယ်။
ဟော ဟိုမှာတွေ့လား
ရောင်စဉ်တွေကြားထဲကနံနက်ခင်း
ကိုယ့်အလင်းကိုယ်ဆောင်ကျဉ်းနိုင်တဲ့တစ်နေ့
ကိုယ့်တရားကိုယ်ခင်နိုင်တဲ့တစ်နေ့
မဝေးတော့တဲ့တစ်နေ့မှာ
ငါတို့ပြန်တွေ့ကြမယ်
ယုံတယ်။ ။
မနော်ဟရီ

မောင် craton ဆီကဆည်းပူးထားတဲ့ပညာနဲ့ပြောရမယ်ဆိုရင်တော့အငှားခံစားချက်ပေါ့..း)
ဒါပေမယ့် ဒီအလုပ်နဲ့ထမင်းစားနေတဲ့သူအတွက်ကတော့ အတတ်ပညာ ၉၀%လောက်ပါတယ်
ဆိုတာကိုသိထားရင်ဘယ်လိုပဲကိုယ်တိုင်ခံစားတယ်ပြောပြော အချင်းချင်းကတော့မယုံကြပါဘူး။
ရင်ဘတ်ကိုပုတ်ပုတ်ပြီးရေးနေတဲ့သူဟာဘယ်လောက်ထိရေးနိုင်မှာတဲ့လဲ...ပြီးတော့အနုပညာ
သမားရဲ့ဗီဇအရကိုမြင်မြင်သမျှကြားကြားသမျှခံစားပြီးသားဆိုတော့အတတ်ပညာနဲ့ပေါင်းလိုက်
တဲ့အခါ..ဒီလိုကဗျာတွေလည်းဖြစ်လာနိုင်တာပဲ။
ခုတလောရာသီဥတုကတော်တော်ပူတာ။အပူလှိုင်းဖြတ်နေတာကိုး။လူကလည်းနဂိုကခံနိုင်ရည်မရှိ
စိတ်တွေကညစ်၊ရန်ကုန်ကိုလွမ်းနဲ့ ရင်ထဲကအပူတွေနဲ့ကဗျာရောလိုက်တော့ ကဗျာတစ်ပုဒ်ဖြစ်
သွားရော...ယုန်ထင်ကြောင်ထင် ထင်ခံရလည်းအမြတ်ပဲပေါ့..ဟိုနေ့က သဉ္ဇာနွယ်ဝင်း ပုံကို
အမှတ်တမဲ့နဲ့ကိုယ့်ပုံထင်တာလောက်တော့မဆိုးလောက်ဘူးထင်တာပဲ..း)


20 Comments:

Craton said...

ဟိဟိ.. သားသား ပထမကွ..

Craton said...

အန်တီနော်ရေ.. ကဗျာလေးက လူငယ်ဆန်တယ်ပြောရမလား လူလတ်ဆန်တယ်ပြောရမလား.. :D
သားတို့အကြိုက်ပေါ့ .. ဟီးး.. သိပ်ဖတ်လို့ကောင်းတယ်
အချိတ်အဆက် ကာရန်တွေကလည်း မိမှမိ..
အတွေးကလည်း ရှယ်.. အန်တီနော်ပြောတာ ဟုတ်သား
အနုပညာသမားရဲ့ဗီဇအရ မြင်မြင်သမျှကြားကြားသမျှ ခံစားပြီး အတတ်ပညာနဲ့ပေါင်းလိုက်ရင် ကဗျာတွေ
ထွက်လာနိုင်တယ်.. ဒါအထူးအဆန်းတော့ မဟုတ်ပါဘူး
ဟီးး.. သဉ္ဖာနွယ်ဝင်းကို ကိုယ့်ကိုယ်ကိုယ်လို့ မြင်တယ်ဆိုတာတော့ .......း)

Republic said...

ရေးထားတာ သဘောကျတယ်၊၊
အစ်မ မနော် သားက စတိုင်က မိုက်တယ် ၊၊အစ်မ နဲ့ဆင်မယ်ထင်တယ်၊၊ ခန့်မှန်းတာ (ဘာမှလဲ ပို့စ်နဲ့ မဆိုင်ဘူး ) :)

လင်းဒီပ said...

ဟုတ်တယ်...အစ်မ အငှားခံစားချက် ကဗျာလေးက လူငယ်ဆန်လိုက်တာ...
၁၄ ရက်နေ့နီးလို့ လက်ဆောင်ကောင်းလေးတွေ ဝေနေတယ်ထင်တာပဲ...

Kay said...

သူ..ရောချပြန်ပြီ။
( အပူလှိုင်းနဲ့ ပြောတာပါ)း)

tg.nwai said...

အငှားခံစားချက်လို့ ကြိုပြောထားတော့လည်း အတတ်ပညာကိုပဲ ခံစားရတာပေါ့ မနော်ရယ်..။ :)

ရောင်စဉ်တွေကြားထဲကနံနက်ခင်း
ကိုယ့်အလင်းကိုယ်ဆောင်ကျဉ်းနိုင်တဲ့တစ်နေ့
ကိုယ့်တရားကိုယ်ခင်နိုင်တဲ့တစ်နေ့
မဝေးတော့တဲ့တစ်နေ့မှာ
ငါတို့ပြန်တွေ့ကြမယ်
ယုံတယ်။ ။

ကိုယ့်အတွေးနဲ့ ကိုယ်ခံစားသွားပါတယ်မနော်..။

Moe Cho Thinn said...

တခါတလေ အခုလို ပြန်ငယ်တော့လဲ ကောင်းပြန်တာပဲ မနော်။ တို့တွေက အသက်မှ မကြီးသေးဘဲ၊ ငယ်ငယ်လေး ရှိသေးတဲ့ဟာကို..:)
အလွမ်းမိုးတွေ တို့တောင် စိုစွတ်သွားတယ်။

ဆောင်းယွန်းလ said...

မိုးစဲပြီးခါစ အလွမ်းတွေ ရွှဲရွှဲစိုနေတဲ့ ကဗျာကို လာဖတ်သွားပါတယ် မနော်ရေ..၁၀၈ဆိုတော့ ပူလွန်းလှ
ချည့်လားဗျာ....
အေးချမ်းနိုင်ပါစေ မနော်ရေ..

အောင်သာငယ် said...

အပြင်မှာပူ
ရင်မှာပူ
ကလေးတွေကပူ...း)

မြန်မာ့ရိုးရာ ဟာသ ပုံပြင်များထဲက ပုံပြင်တပုဒ် သွားသတိရမိတယ်... အပူတွေကဝေးအောင်
ဘုန်းကြီးကျောင်းသွားတာတောင် ဘုန်းကြီးဆိုနေတဲ့ ဘုရားစာထဲ... ပူ ဆိုတဲ့ စကားလုံး ပါနေသတဲ့...း)

lotuslynn said...

မေခရေ

ကိုယ်လဲအဲလိုဘဲအငှားခံစားလိုက်ချင်တော့တယ် ၊ ငှားတယ်ဆိုကတည်းကပြန်ပေးရတယ် ပြန်ပေးလို့ရတယ် ကိုယ်ပိုင်ဆိုင်ထားစရာမှမလိုတာနော်
ကဗျာမကျ အဆိုတင်သွင်းချက်လေးမက တဲ့ ........
ဒီကဗျာလေးကို ကြိုက်တယ်
ပြီးတော့တွေးမိတယ် အငှားခံစားချက်တွေဘဲရှိခဲ့ရင်ကောင်းသားလို့ သိမ်းထားစရာမလိုဘဲ ပြန်ပေးလိုက်တော့မယ်

(ဟိဟိ ချင်းချင်း ကပ်ကြွားတာ ဘာရမလဲ......ငှဲငှဲငှဲ....)

ဂျူ

အိုင်လွယ်ပန် said...

ကဗျာလေးကောင်းတယ်အစ်မရေ ....

မီယာ said...

အခုမှ အသစ်စပ်လိုက်တာလား အမရေ..
ဖတ်လို့ကောင်းလိုက်တာ။ မငယ်တော့ပေမယ့် ခပ်တည်တည်ပဲ ခံစားလိုက်တယ်။

M.Y. said...

ဒါ မြကျွန်းညိုရဲ့  မနော်ဟရီ ပဲ
ဒီကဗျာ နဲ့ ဟန် က ဟိုးတုန်းက ကျောင်းမှာ ထုတ်ခဲ့ကြတဲ့ကဗျာ စာအုပ်လေးတွေအမှတ်ရ လွမ်းစရာပဲ။

ဒူကဘာ said...

၁၀၈ ဆိုတော့ အသည်းကို ၅/၆ ပို့ရမဲ့ အနေအထားပေါ၊့ အနုပညာဆိုတာ ငယ်သည်ကြီးသည် မရှိရာ ကျောင်းတုန်းက အတိုင်းလုပ်လေ။

April said...

ကဗျာလေး အရမ်းကောင်းတယ်.. မိုးစဲပြီးစ အေးချမ်းပါစေ...

ပျော်ရွှင်ပါစေ..
မိုးနေ

pandora said...

ဒါအစစ်ပဲဖြစ်ရမယ်။
(အပူလှိုင်းကိုပြောတာပါပဲ)

sweetpeony said...

ကောင်းလိုက်တာ မနော်ရေ ကဗျာလေးက။ အသုံးလေးတွေ ကြိုက်တယ်။း)
အမ ပြောသလိုဆို ကဗျာသမားရည်းစားစကားပြောလာရင် ယုံရခက်ခက်ပေါ့။ တကယ်ပါ အဟုတ်ပါ ချစ်လို့ ပါ ဆိုတာ။ အငှားခံစားချက်ကို အတတ်ပညာနဲ့ ပေါင်းပြီးပြောတာကို တကယ်ထင်မိရင် တွားပါပီ မနော်ရေရရရရရ တွားပီ။

သတိုးရာဇာ said...

ဟုတ်ပ..ကျနော်တို့ တောင် မမနော်လို့ ထင်နေတာ..
နာမည်ကြီးရေးထားတာကို မျက်စိလျှမ်းခဲ့သေးတယ်..အဟဲ

ဟော ဟိုမှာတွေ့လား
ရောင်စဉ်တွေကြားထဲကနံနက်ခင်း
ကိုယ့်အလင်းကိုယ်ဆောင်ကျဉ်းနိုင်တဲ့တစ်နေ့
ကိုယ့်တရားကိုယ်ခင်နိုင်တဲ့တစ်နေ့
မဝေးတော့တဲ့တစ်နေ့မှာ
ငါတို့ပြန်တွေ့ကြမယ်
ယုံတယ်။ ။

ရောင်စုံ နံနက်ခင်းမှာ ဆုံတွေ့ ကြမယ့် ချစ်သူ ၂ ဦးရဲ့  ဆုံတွေ့ မှုကို မြင်ယောင်မိသေးတယ်..မမနော်ရေ

ယောနသံစင်ရော် said...

အမရေးထားတဲ့ချစ်သူလေးဆိုတာ အမိမြန်မာပြည်ကြီးပဲ မဟုတ်လား။...

ရောင်စဉ်တွေကြားထဲက နံနက်ခင်း
ကိုယ့်အလင်းကိုယ်ဆောင်ကျဉ်းနိုင်တဲ့တစ်နေ့
ကိုယ့်တရားကိုယ်ခင်နိုင်တဲ့တစ်နေ့

အဲဒီနေ့ .. အမြန်ဆုံးရောက်လာရင်ကောင်းမယ်လို့ ခပ်တိုးတိုးရေရွတ်မိတယ်။ ကဗျာဖတ်ပြီးရသအထူးခံစားရလို့ ကျေးဇူးတင်ပါတယ်။

Moe Myint Tane said...

ကဗျာကောင်းလေးပါဘဲ..

စိတ်သွားတိုင်းကိုယ်ပါနိုင်ကြရင် အတိုင်းထက်အလွန်ပေါ့ အမရယ်..


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်