မနော်ဟရီ

Tuesday, February 3, 2009

သူ့ကိုတော့ကျွန်မသိပ်မသိဘူး။ပေါင်းလာတာတော့လူစဖြစ်ကတည်းကပါ။ဒါပေမယ့်သူ့ကိုသိပ်
နားမလည်ဘူး။ သူ့စိတ်က နုမလိုနဲ့မာတယ်။မာမလိုနဲ့ နုတယ်။ သူများတွေကဗျာနုနုလှလှလေး
တွေရေးရင်သဘောကျနေတတ်ပြီး သူ့ကဗျာတွေကျတော့ မာဆတ်ဆတ်နဲ့.လောကကိုမကျေ
နပ်သံတွေပါနေတတ်တယ်။ခပ်တည်တည်နဲ့စာတွေသာရေးနေတာသူ့ကိုယ်သူဘာမှန်းလဲသိပုံ
မပေါ်ပါဘူး။ ဒီမြစ်ကျဉ်းသုံးခုထဲက သူ့ကဗျာတွေက အစောပိုင်းပို့စ်တွေအဖြစ်တင်ထာပြီးသား ..။
ဒါပေမယ့် တစုတစည်းတည်းဖြစ်အောင်ရယ်၊အတူညီတဲ့စုစည်းမှု ကိုလက်တွေ့ခံစားစေချင်တာ
ရယ်ကြောင့် ပြန်တင်လိုက်ပါတယ်။ကဗျာအသစ်တွေကိုအရောင်ခွဲပြီးတင်ပေးလိုက်ပါတယ်။

အမှာစကား
ကျွန်မရဲ့မြစ်ကျဉ်းလေးက
တစ်ခါတစ်ရံ
တစ်ကိုယ်စာတိုးတိုးတိတ်တိတ်ကလေး
တစ်ခါတစ်ခါ
ညင်သာခြင်းကင်းမဲ့စွာ..
တစ်ခါတစ်ခါ
အရှိန်အဟုန်ပြင်းပြင်းနဲ့
တစ်ကိုယ်တည်းစီးဆင်းလာလိုက်တာ
ကျွန်မ…ပင်ပမ်းနွမ်းလျလှပါပြီ
ဒါပေမယ့်..
ခုထိ..
ကျွန်မ..ချိတ်ပိတ်ထားဖို့စိတ်ကူးလို့မရသေးဘူး။

မနော်ဟရီ

ဆုတောင်း

ငါ့အလွမ်းမတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ
ခုချစ်ကြည့်တော့လည်း
ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။

ဒါဏ်ရာမပါသောဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က
ငါ့သံခြေကျင်းတွေးကိုလာလာရိုက်
ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။

ဘ၀ဟာ..
တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့ 
နှစ်ချို့ ရမ္မက်တွေ
မွေးရာပါအတ္တတွေ
လူစဉ်မမီသောအတွေးအခေါ်တွေ
တော်တော်မှအခြေတကျရှိပါရဲ့လား..။

ခေါ်သံများနှင့်နားအံသေ
ကြားရသောခရီးစဉ်အထပ်ထပ်က
တရားကိုစောင့်သောနတ်များ
ငါ့အား…
ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။
မနော်ဟရီ



အချိန်

ငါဟာ. .
တဖြည်းဖြည်းဝေးလွင့်နေတဲ့တိမ်
ကျိမ်စာဖတ်မုန်တိုင်းတွေကြား
မြားအစင်းစင်းနဲ့ သွေးချင်းချင်းနီ
ကိုယ့်ကိုယ်ကိုပြန်ခေါ်ကြည့်တော့လည်း
အသက်မမီချင်တော့..။

ငါ့နောက်ကဘယ်သူလိုက်ခဲ့မှာလဲ
မိုးမစဲမချင်းခိုက်ခိုက်တုန်
ကံမကုန်သေးရင်လည်းပြန်မဆုံချင်တော့
လျော့ကြိုးတွေလည်းကုန်ခဲ့ပြီ..။

တောင်စွယ်မှာနေကွယ်ပြီဆိုပါတော့
ဇက်ပေါ်ကျလာမယ့်ဓါး
အဲဒီအခါကျမှမမှားဖို့ လိုတယ်..၊
အမှာစကားတွေလည်းမမှာကြားလိုတော့
သွားနှင့်ကြပါ…
ငါကားတိုင်ငါထမ်းပြီးလိုက်ခဲ့မှာပါ..။

အိပ်မက်တွေကနီတယ်
အနာဂါတ်ကမှောင်တောင်တောင်နဲ့ 
အရောင်တွေလွင့်နေတတ်တဲ့ငါ..
တဖြည်းဖြည်းမှိန်ဖျော့ပါးလျားလာခဲ့..
ငါကနေကွယ်တော့မယ်..။ ။
(၁၈.၉.၀၄)
မနော်ဟရီ


နောင်တ

ကိုယ့်တောင်တန်းကိုကိုယ်စွန့် ခွာခဲ့တဲ့ညက
ကိုယ့်ရောင်ခြည်မှာအမှောင်တွေသန်းလို့ 
ကိုယ်တို့ မိုးချူပ်ကြတော့မယ်။

ဆေးရောင်တွေလွယ်လွယ်ကူကူခြယ်ခဲ့မိကြတဲ့
၉၃…
ကိုယ်ကရင့်ကျက်ချင်တုန်းပဲ..။
မင်နီတံကိုင်ရင်းကြက်ခြေတွေခတ်
ကိုယ်က..
သိပ်စကားမတတ်တဲ့ကံ့ကော်အိုလို..။

လမိုက်နေတုန်းပါပဲ
ကမ္ဘာဟာလည်နေလျက်ကရပ်တံ့
သက္ကရာဇ်တွေကငါ့ရှေ့ မှာသွေးပျက်စွာခန့် ညားလို့ ..။

ရထားအိုလိုအတွေးတွေနဲ့ 
သက်ပြင်းတဖိုဖိုရှိုက်ငိုခဲ့ရ
၉၅ ရဲ့ ညတွေလည်းခုထိမိုးမစဲနိုင်သေး..။

အဲဒီလိုမလွယ်ကူခဲ့ကြပါဘူး
ရှုံးနိမ့်ခဲ့ဖူးသူတိုင်သိမှာပါ…
အမာရွတ်ဟာစကားတတ်တဲ့ငှက်တစ်ကောင်လိုပဲ
အရိပ်သုံးပါးနဲ့ အဝေးကြီးဝေးခဲ့..။

ခရီးကဝေးတုန်းပဲလား
စမ်းတ၀ါးဝါးနိုင်လွန်းတဲ့ကြယ်ကလေး
အတိတ်ရေးရေးတွေထဲပုန်းအိပ်
ကိုယ်ကခုထိတိတ်ဆိတ်နေရတုန်းပါပဲ..။ ။
မနော်ဟရီ


သေတမ်းစာ

ငါ့ကိုပြန်ထွန်းညှိဖို့ မကြိုးစားပါနဲ့ တော့
ငါဟာတောင်စဉ်မရေမရာဖြစ်သွားခဲ့ပြီးပြီ..
ငါ့ရင်ဘတ်ကစောင်းကြိုးတွေကိုငါဖြတ်
ငါ့ကိုယ်ငါဇက်ကြိုးပြန်ပြန်တပ်နေရတယ်..
ငါ့ကိုယ်ငါ..ချုပ်သိမ်းငြိမ်းသတ်ဖို့ ကြိုးစားပြန်တော့လည်း
ငါ့အမှိုက်. .ငါ့သဲ..ငါ့ခဲတွေကငါ့ပဲပြန်စင်….
ငါ့မှာကကယ်တင်ခြင်းတပ်မရှိဘူး
ငါ့ရဲ့မိဝေးဖဝေးနှလုံးသားလေးထဲမှာ
ငါ့ဘာသာယက်ဖောက်ထားတဲ့ဘ၀ကွန်ယက်
ငါ့လက်မှာသွေးတွေထွက်လို့ ..။

ခင်ဗျားတို့ ဘယ်လိုအော်ခေါ်အော်ခေါ်
..တော်တော်နဲ့ ကြားနိုင်တော့မှာမဟုတ်ပါဘူး
အဆိပ်တွေစူးနစ်ထားတဲ့နာရီ
သက္ကရာဇ်တွေသိပ်ကြာသွားခဲ့ပြီးပြီ
ဇီဝကဆိုတာကလည်း..
ဒဏ္ဍာရီထဲမှာပဲဆေးစွမ်းနိုင်တာမျိုး…။

တစ်ခုပဲကူညီပေးကြပါ..
ငါသေဆုံးလွန်မြောက်သွားတဲ့အခါ
ငါ့လက်ထဲက..ငါမြတ်နိုးရာသရ၀ဏ်ကြယ်စုလေး
ငါ့ကောင်းကင်ဆီပို့ ပေးကြပါ..။

အဲဒီအခါ
ပြာရီမိုးမှုန်မိုးစက်တွေနဲ့ ရောနှော
ငါမပြောပြချင်တဲ့ငါ့ရဲ့ပုံပြင်
တောလမ်းလေးတစ်ခုမှာထင်ကျန်ခဲ့ရစ်ပါလိမ့်မယ်..။ ။
မနော်ဟရီ


ဒိုင်ယာရီများ

ရက်စွဲတွေကိုအလွတ်ရနေတဲ့အခါတိုင်း
ဖြစ်ရပ်တွေကိုတမင်မေ့လျော့ပစ်လိုက်ရ
အစိမ်းချုပ်ချက်တွေကနာတယ်။

မျက်နှာစိမ်းတွေ
ဒဏ္ဍာရီတွေ
Ripleyရဲ့ရတနာတွေ
အမာရွတ်စမ်းမိတဲ့အခါတိုင်း…မယုံနိုင်ဖြစ်တုန်း။

အဲဒီအချိန်မှာ
စာရွက်ပြာတွေကိုငေးရင်း
မိုးတိမ်ဖြစ်ချင်တဲ့စိတ်
ကြိတ်မှိတ်မျိုချ။

နှစ်ပရိစ္ဆေတတွေကြာတဲ့အခါ
မင်ပြာတွေကစာရွက်အ၀ါတွေကိုစား
စာရွက်အ၀ါတွေကငါ့ကိုစား
အစိမ်းရောင်တွေသာသန်မာကြီးထွားလာခဲ့။ ။
မနော်ဟရီ


အမြဲစိမ်းမိုး

နောက်ဆုံးစကားတစ်ခွန်းနဲ့ ပြဒါးလမ်းလွဲခဲ့ရုံလေးပါ
ခုနေခါမှာတော့မေမေ့မျက်ရည်တွေက
တိမ်တွေလိုရင်ထဲမှာအုံ့ ခိုလို့ ..။

မမိုက်ဖူးလို့ မိုက်ကြည့်ခဲ့တာမဟုတ်ပါဘူး
မှတ်လောက်သားလောက်ရှိလို့ လှည့်ကြည့်လိုက်မိတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့..။

အမြဲစိမ်းသစ်တောတွေနေတဲ့အရပ်ဟာ
အမြဲတမ်းမိုးရွာရသတဲ့လား
ခြေကုန်လက်ပမ်းကျလှပါပြီ..
နေရောင်ခြည်တွေကိုနာကျင်နွမ်းလျ
မေမေ..
နောက်တစ်ခါကျရင် .. ကျွန်မ
မျက်ရည်မကျချင်တော့ဘူး. ။
မနော်ဟရီ



အိမ်ပြန်ချင်တယ်

ငါ့ကောင်းကင်တံစက်မြိတ်မှာတွဲခိုစောင့်စားနေကြမယ့်
ငါ့ရဲ့ မွန်မြတ်သန့် စင်သောချစ်ခြင်းမေတ္တာ
ငါဟာနာတာရှည်အလွမ်းတွေနဲ့ ခရီးသည်ပါ..။

ကံကြမ္မာလို့ အမည်တပ်ထားတဲ့ အဲဒီမိစ္ဆာကြီးသာမရှိခဲ့ရင်
ငါတို့ လည်းခရီးရှည်တွေဘယ်ထွက်ချင်ပါ့မလဲ..
ခုတော့အိမ်အလွမ်းတွေနဲ့ နစ်မွန်းရင်းခရီးရှည်…။

ရာသီဥတုကဆိုးလွန်းတယ်
ခရီးလမ်းတွေကသေချာမမြင်ရဘူး
နေရောင်ဆိုတာကအဝေးကြီးမှာပေါ့..။

မိုးလေကင်းစင်တဲ့တစ်နေ့ 
မြူတိမ်ကင်းစင်မဲ့တစ်နေ့ 
အဲဒီလိုနေ့ တစ်နေ့ များယောင်မှားပါလာလေဦးမလား…။

အိမ်ပြန်ချင်တယ်
အလွမ်း
စိတ်တစ္ဆေအနမ်းနဲ့ 
အိပ်မက်ကိုထမ်းပြန်ခဲ့တဲ့ညက
ငါ့တံခါးဝမှာ
နေရောင်တွေလက်ဖြာလို့ …။
မနော်ဟရီ



ရေလွှမ်းမိုးခြင်း

အိပ်မက်တွေကို
ပင့်သက်လေးလေးတွေနဲ့ 
မှုတ်သိမ်းငြိမ်းသတ်လိုက်တဲ့အခါ
နိဗ္ဗာန်ဘုံဆိုတဲ့တံခါးဝမှာ
ငါဟာ..အပြီးတိုင်ပြာကျလို့ ။

ဆိုကြပါစို့ 
ငါတို့ မိုးလည်းရွာခဲ့ပြီးကြပြီ
လူသတ်သမားတွေနဲ့ လည်းဖက်လှဲတကင်း
မျှော်လင့်ခြင်းအသေတွေကိုနှိုးဆွ
မငြိမ်းချမ်းခဲ့ကြတဲ့အချိန်မှာ
မုန်တိုင်းကရောက်လာတယ်..။

ဘာများတတ်နိုင်ကြလို့ လဲ
ငါတို့ ရဲ့ မွေးရာပါနှလုံးသားတွေကိုထုတ်
အလံဖြူလုပ်ပစ်ရတာနှမျောစရာ..။

မင်္ဂလာပါငှက်ကလေးရေ
မင်းပျံသန်းတဲ့အခါ ငါတို့ ကိုသတိရပါ..
ငှက်တွေသာပျံသန်းနိုင်တဲ့လမ်းကြောင်းမှာ
တရေးရေးဖြတ်သန်းဆုတ်ခွာခဲ့ရတဲ့ပြာမှုန်များ
သင့်အားလက်ပြနှုတ်ဆက်
တစ်နေ့ ..ငါတို့ ဆက်ဆက်ပြန်လာခဲ့ကြမယ်..။
မနော်ဟရီ


အဖြူရောင်

အလင်းပွင့်တွေကအဖြူရောင်
မမြင်ရသောကြိုးတွေကအဖြူရောင်
ငါ့ကောင်းကင်ကလည်းအဖြူရောင်ပါ..။

ငါမိုးရွာချဖို့ လည်းစိတ်မကူးခဲ့ပါဘူး
တိမ်တွေကိုကျောက်ချ
အတိတ်မှာအိပ်မွေ့ ချထားခဲ့တာပဲ..။

ဘာများမှားသွားခဲ့လို့ လဲ
ဘာများမှားသွားခဲ့လို့ လဲ
တိမ်တိုက်ဆန်သောမေးခွန်းတွေကပူတယ်…။

မိုးခါးရေတစ်စက်အတွက်မျှော်လင့်ချက်မျိုးဆိုရင်
သင့်ကောင်းကင်တစ်ခုလုံးနီစွေး
ကြက်ခြေခတ်တွေဖွေးသွားလိမ့်မပေါ့..။

အဖြူရောင်အနာဂါတ်
သင်ချစ်မြတ်တတ်ခဲ့မယ်ဆိုရင်
ငါ့ကောင်းကင်ကနေဆောင်ကျဉ်းပေးခဲ့ပါ့မယ်..။

(အဲဒီအခါ..)
အဖြူရောင်နှင်းစက်အေးမြတွေရဲ့အောက်
လင်းတောက်နေမယ့်သင့်ကောင်းကင်
ကြည်စင်နေခဲ့မှာပေါ့ကွယ်..။
မနော်ဟရီ


လိုအပ်ချက်

နောက်ဆုံးတေးသွားများနှင့်ကျဉ်းမြောင်းလိုက်ရသော
ငါ့အနာဂါတ်..
ငါတကယ်ချစ်တတ်ခဲ့တာပါ…။

ယုတ္တိယုတ္တာတွေဟာလိုအပ်လို့ လား
နတ်သိကြားတို့ ၏အကူအညီနှင့်
ရင်ထဲကကျောက်ဖျာပဲတင်းစေချင်..။

ခဏမေ့ထားလိုက်ပါ
” ချစ်ခြင်းမေတ္တာ” ဟာမာယာတွေလောက်အရေးမပါမှတော့
တစ္ဆေတွေဆော့ကစားတဲ့ပွဲမှာ
တရားခံဆိုတာလည်းမရှိနိုင်တော့...။

ဆောက်ချက်မိထားပြီဖြစ်သောသက္ကရာဇ်
တဖျတ်ဖျတ်လွင့်ဝဲနေသောရက်စွဲများ
မြူခိုးများနှင့်ထူထပ်နေသောသံသရာ
ဒါဏ်ရာတွေကပိုချိုလာတယ်…။

တတိတိလွင့်စင်ပဲ့ပါသွားသော
မျှော်လင့်ချက်
စွဲချက်တွေအထပ်ထပ်နဲ့ တရားခံ
အမှန်တရားသာပါခဲ့ရင်
ကြိုးစင်ဝင်ပြီးလောက်ပြီ..။

ခန်းနားသပ်ရပ်
ကြီးကျယ်မြင့်မြတ်လှတဲ့ဘီလူးဇာတ်
Cut….။

နတ်ကောင်းနတ်မြတ်များ၏မှိုင်းမမှုဖြင့်
အော်စကာတွေ..အကယ်ဒမီတွေအကြိမ်ကြိမ်ရ
တစ်ချိန်ကဇာတ်တော်ထဲကဗီလိန်
မိန်ရာသီရဲ့နောက်ဆုံးခရီးသွားလက်မှတ်
ပြတ်သားတတ်မှုများ
ငါ့အားပေးခဲ့ပါ..။
မနော်ဟရီ




ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်း

ဦးအောင်သင်း ပြောခဲ့ဖူးတဲ့
ပညာတတ်မာန ဆိုတာကြီးနဲ့
အဓိပတိကနေဖြတ်လျှောက်လာတာ
ခုထိ အသားမသေသေးဘူး
Depression တွေကသာတစ်ကိုယ်လုံးဖုံးနေတာ
မာန ကကြီးချင်သေးတုန်း
အကြီးစားလူရိုသေရှင်ရိုသေကိစ္စတွေနဲ့
လမ်းကြောင်းရွေးနေသေးတဲ့ ကျွန်မ ပေါ့။

အမေ..
တစ်ခါမှလက်မခံချင်ခဲ့တဲ့နောင်တတွေက
ကင်းပုန်းပြုန်းနေတဲ့
ယုံကြည်ချက်တံခါးဝမှာ
တစ်ခါတစ်ခါ လှောင်ရယ်သံတောင်ကြားရသေး
ကျွန်မ အရှုံးမပေးနိုင်ပါဘူး
ဘေးကြပ်နံကြပ်ဘ၀ကြီးထဲမှာ
ကြပ်ခဲလေးလံနေတဲ့သောကထုထည်တွေနဲ့
ကျွန်မရှေ့ဆက်ခဲ့ပါတယ်
ဘယ်လိုအကောင်းစားအောင်မြင်မှုတွေကများ
လှည့်ဖျားထားသလဲ လို့မတွေးလိုက်ပါနဲ့
ရသမျှနဲ့ ရောင့်ရဲကျေနပ်ပစ်လိုက်ဖို့ပါ..
ဒါနဲ့တောင်..
ရောင့်ရဲသလောက်မရရှိခဲ့တာလေ..။
တစ်ချိန်က
ကျွန်မက အဖေ့ခြေရာနင်းချင်တယ်
အဖေက လမ်းကြောင်းသစ်ထွင်ပေးတယ်။
(သူ့ခြေရာတွေမှာဒါဏ်ရာတွေနဲ့….တဲ့)
ကျွန်မက ကိုယ့်လမ်းကိုယ်ဖောက်လျှောက်ခဲ့တယ်
ကျွန်မမိုက်မဲခဲ့ပါတယ်
(နောင်တတော့မရခဲ့ပါဘူး)
ကျွန်မရဲ့ ယုံကြည်ချက်တွေဟာ
အပြစ်ကင်းသလောက်အဆိပ်သင့်ခဲ့ပါတယ်
ဒီလောက်ရင်နာစရာကောင်းတာတောင်
ကျွန်မကရင် မနာနိုင်သေးဘူ
ဟောဟို..ကံ့ကော်တင်းကုတ်လေးကို
မခွာချင်သေးဘူး
ရူးရူးနှမ်းနှမ်းပေးဆပ်မှုတွေအတွက်
ငှက်ကုလားအုတ် စစ်စစ်ကြီးတွေ
နာကျင်စွာပျက်ရယ်ပြုမှုကို
အမြဲခံရသူပါ။

ဘုရားသခင်
ဘယ်သူဟာ
မပျံသန်းနိုင်တဲ့အတောင်ပံတွေကို
လှလှပပတပ်ဆင်ပေးခဲ့ပါသလဲ…
ခက်တာက
ဒါပဲ ကျေနပ်ခဲ့ကြရတာလေ..
…….ခန္တီစတွေ
မကျဖြစ်လိုက်လို့အစိုင်အခဲဖြစ်နေတဲ့မျက်ရည်တွေ
ကြိတ်ရှိုက်ပစ်လိုက်ရတဲ့သက်ပျင်းမောတွေ
မဖြစ်တည်လိုက်ရတဲ့ဒေါသတွေ
အခွင့်မရခဲ့တဲနာကျည်းမှုတွေ
အဲဒါတွေနဲ့တည်ဆောက်ထားသူဟာ
ကျွန်မ..
တစ်ခါမှမရရှိဘူးတဲ့အတွက်
တစ်စုံတစ်ယောက်က
ချီးမြောက်ခဲ့ရင်တောင်မှ
သံသယအပြည့်အစုံနဲ့
မယုံမကြည်ဖြစ်နေမိဦးမှာပါ..။

တစ်ခါတစ်ခါ
ငါ..ဘယ်ရောက်နေပြီလဲလို့
ကိုယ့်ဘာသာကိုယ်ပြန်လည်ဖွေရှာရင်း
ခရီးပြင်းနှင်နေတာရောသေချာရဲ့လား
ဘယ်လမ်းမှာများပြေးလွှားနေမိတာလဲ
ကိုယ့်ကိုယ်ကိုစစ်ဆေးရင်း
နင်းထားတဲ့ခြေထောက်အောက်ကလမ်းမှာ
လည်ပတ်မှုတွေများပါနေခဲ့သေးလား
သံသယတွေနဲ့
ကျွန်မ
ဘယ်လိုအကောင်းစားပန်းတိုင်ကိုမှ
မရောက်ခဲ့သေးတာသေချာပြီး
ပန်းတိုင်လည်းမရေရာချင်တော့တဲ့ကျွန်မ..
ဒါဏ်ရာ၇နေတဲနှလုံးသားကိုလည်းကိုယ်ချင်းမစာ
ခြေထောက်တွေနဲ့လည်သဟဇာတမဖြစ်
ဦးနှောက်နဲ့လည်းပွဲကြီးပွဲကောင်း
အဲဒီအကောင်းစားကျဆုံးမှုကြီးမှာ…
တရားခံဟာ…
………………………….
……………………..။ ။
မနော်ဟရီ (၁၉၉၆)
၁၉၉၆တုန်းကရေးထားတဲ့ကဗျာပါ။ခုထိလည်း သိပ်တော့မထူးသေးဘူးထင်တာ
ဒီကဗျာကိုထည့်ဖြစ်အောင်ထည့်လိုက်တာဖြစ်ပါတယ်။





ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင်


ကလေးဆို ရင်လည်း မျက်စိကို စုံမှိတ်
မေမေ့နောက်မှာတိတ်တိတ်ကလေးပုန်းနေမှာပေါ့
ခုတော့…
သားချော့တေးတွေကိုလွမ်း၊ ပုံပြင်တွေကိုလွမ်းနဲ့ 
မျက်ရည်တွေလည်းခမ်းခဲ့ပေါ့ ။

မေမေရေ …
အော်စကာဆုတွေတပွေ့ တပိုက်နဲ့ မင်းသား
ကျွန်မခြေဖျားလက်ဖျားတွေအေးစက်လို့ ပေါ့
ဒါဟာ ပိုင်နိုင်တဲ့အနုပညာတဲ့လား
အဲဒီကံကြမ္မာကမှားနေတယ်။

တကယ်ဆိုရင်
ဇာတ်သိမ်းတိုင်းမှာလွတ်မြောက်မှုပါတာမှမဟုတ်တာ
ဇာတ်အလည်ခေါင်တည့်တည့်မှာ ဗီလိန် ဟာအစွမ်းပြ
ဘယ်သူကမှလည်းတရားမပြကြဘူး..။

မှိန်ပြပြမီးရောင်အောက်ကမျက်ရည်
မေမေမြင်ရလား…
ကျွန်မစိတ်မခိုင်တာသိသားနဲ့ 
အဲဒီနံပါတ် ၁၃ ထိုင်ခုံလက်မှတ်
ဘယ်သူဖြတ်ပေးလိုက်မှန်းမသိဘူး။ ။
မနော်ဟရီ




နောဧသဘောင်္ပေါ်ကည


”ကံကြမ္မာ” တဲ့လား
ဓါးစာခံသက်သက်အကောင်ပါ
ပစ်ပေါက်ခံထားရတဲ့ဓါးချက်များ
အမြဲလိုအသင့်ဖြစ်နေတဲ့လက်ညှိုးများ
ခင်ဗျား…ကျန်းမာရေးကောင်းပါစေ။

လောကရဲ့ တရားဓမ္မ
နှလုံးသားအထူအပါးမတူကြတဲ့အခါ
ငါကြားနာချင်တဲ့ . . .့ နရီ…ဂီတ
ငါ့ဆီဖြတ်ပိုင်းပြန်မလာကြတော့။

တစ်ခုခုပြောစမ်းပါ
အရာရာဟာအမြဲတမ်းလွဲချော်နေတတ်သလား
ဘုရားသိကြားမလို့ 
ငါတို့ ဆုံးရှုံးမှုများနဲ့ ငါ..
ဘ၀ခြားနေခဲ့ပါစေ။

ညီမလေးရေ…
မမြင်နိုင်သောအနာဂါတ်နေ့ ရက်များကို
ရှုရှိုက်ဖို့ မျှော်လင့်ရင်း
ပုံသေနည်းများနဲ့  နက္ခတ္တပညာရှင်များ
ရာသီမှားခဲ့ကြတဲ့ပွဲမှာ
ဘာလို့ အနီကဒ်တွေလမ်းမှားပါလာရတာလဲ။

လက်ရည်တူခွင့်မရသောပြိုင်ပွဲများနှင့်
ဟာမူရာဘီ၏ ကိုဓ ဥပဒေ
သက္ကရာဇ်တွေပြိုခဲ့တာသေချာရဲ့လား။

အရော်အစားကြီးမားလွန်းသော
သံသရာ
ဝဋ်ကြွေး
ကိုယ်ပိုင်ဆန္ဒနှင့်နှုတ်ထွက်ခွင့်မပေးသော ကမ္ဘာ
စကြ၀ဠာရဲ့ အမှန်တရား
….တစ်ခုခုမှားနေခဲ့တာတော့သေချာတယ်။

အမှတ်တမဲ့နှင့်လစ်လျူရှုခဲ့ကြသော
ကိုယ်ကျင့်တရားအမှားများ
ကျနစွာစုပုံအေးခဲသွားသောအခါ
ကံကြမ္မာ
သံသရာ
ကမ္ဘာ
ဂီတ… ငါ…..မင်း…
ဘီလူးသီချင်းတွေကတောင်ပျင်းစရာကောင်းလာတယ်။

အတိတ် ပစ္စုပ္ပန် အနာဂါတ်
ကာလ သုံးပါးကိုမဖတ်ရှုတတ်တဲ့
မစ္ဆိများရဲ့ခြုံခိုတိုက်ခိုက်ခြင်းကကင်းဝေးတဲ့
ကောသလမင်းကြီးအိပ်မက်မမက်ခင်ည
ငါတို့ ပိုင်ဆိုင်ခွင့်ရခဲ့ရင်…..။ ။
မနော်ဟရီ




၁၄ဒီဇင်ဘာဆုတောင်း
ဘယ်လိုအရာတွေက
ငါ့လဘ၀မှာလာရောက်ယိမ်းထိုးကခုန်နေတာလဲ
အမြဲတမ်းမကောင်းတတ်တဲ့ကံကြမ္မာက
ငါနဲ့မှ….တိတိပပ..သက်ဆိုင်သတဲ့လား
တရားသဖြင့်ကျေအေးလိုက်ရအောင်ကလည်း
ငါက…
ဘ၀မှာအနိုင်ဆိုတာဘာမှန်း ဂဃနဏမသိခဲ့တဲ့သူ။
………………………….
စစ်ကူတဲ့လား
ရေနစ်တဲ့သူဝါးကူလို့ထိုးထားသော
ဝေါဟာရတွေများလွန်းတဲ့အဘိဓာန်
တစ်ကယ့်တကယ်ကျ…ဘာမှအသုံးမ၀င်ပြန်ဘူး
………………….
သွေးရူးသွေးတန်းတွေသာခုန်ဆင်းထိုးကျလာတဲ့
၁၃ ရက်ည
အဲဒီဘ၀ကို..ငါ
စက်ဆုပ်နေတာကြာပြီ
သွေးချင်းချင်းနီနေတဲ့တောင်ကုန်း
အရှုံးနဲ့မပတ်သက်သောအလံဖြူ
ငါ..မစိုက်ထူချင်ခဲ့သောမျက်ရည်
Chironရေ..
ငါ..ကြေကွဲမှုတွေကိုမုန်တတ်ပါတယ်
လေထဲမှာမြောက်တက်ကြန့်ကြာနေသော
အံစာ…
မြေပေါ်ကျလာခဲ့ရင်..
ဘုရားသခင်..!
အရှင်မကစားခဲ့သောကြွေပွဲများအတွက်
ပြင်ဆင်ချက်ပေးခဲ့ပါ။ ။
မနော်ဟရီ




ကံမကောင်းတဲ့နေ့

ငြိမ်နေတော့လည်း
မီးခဲပြာဖုံးလို့တဲ့
တိုက်ပစ်လိုက်ပြန်တော့လည်း
မီးလောင်ရာလေပင့်တဲ့
ခက်ပဲခက်ရချည့်……..။ ။
မနော်ဟရီ


28 Comments:

နန်းညီ said...

copy ယူသွားတယ်.. အိမ်မှဖတ်မယ်လေ.. စာအုပ်ဝယ်သင့်တာနော်.. ဒါမဲ့ ပိုက်ဆံရှိဘူးဗျ.. အဟုတ်.. :)

အောင်သာငယ် said...

တခါတည်း မဖတ်နိုင်ဘူး...
အသက်ရှူကျပ်လို့...
ဖြည်းဖြည်းချင်းပဲ ဖတ်မယ်...း)

Moe Cho Thinn said...

မွန်းတော့ မွန်းတယ်။ ဒါပေမဲ့ အတော် အရသာရှိတယ်။ အဲဒါကပဲ ကိုယ်နားလည်ချင်တဲ့ မနော်ရဲ့ သွေးအစစ်တွေလား။

ဆောင်းယွန်းလ said...

ခဏခဏ လာဖတ်ဦးမယ်
အားလုံးကိုကြိုက်တယ် မနော်
အားလုံးထဲကမှ ငယ်ငယ်တုန်းက မကြည့်ခဲ့တဲ့ရုပ်ရှင် ကို
အားလုံးထက်ပိုကြိုက်နေတယ်
ကဗျာတွေထဲမှာ ကဗျာဆရာမကိုလည်းတွေ့ရတယ်...

Kay said...

သြော- ပြောမလို့..ကိုဆောင်းယွန်းလ ဦးသွားတယ်။ ကိစ္စမရှိ- ကဗျာကကို ကောင်းနေတာလဲဖြစ်မယ်..အကြိုက်တူသွားတာလဲ ဖြစ်မယ်။

ဟုတ်တယ် ..အဲဒီ မကြည့်ခဲ့တဲ့ ရုပ်ရှင် လက်မှတ် ( အဲ..ရုပ်ရှင်) ကို အကြိုက်ဆုံး။

ကိုရင်နော်ခင်လေးငယ် said...

ကဗျာတွေအားလုံး ကောင်းလိုက်တာနော်..

ဖတ်လိုက်.. တွေးလိုက်.. ပုံပေါ်လာလိုက်နဲ့ အရသာကိုရှိလို့..း)

JulyDream said...

မနော်ဟရီရဲ့ မနော်ဟရီပေါ့နော်...

ကဗျာအောက်မှာ ပါနေတဲ့ အပြာရောင်စာသားလေးနဲ့ ရေးထားတဲ့ မနော်ဟရီ ဆိုတာက ကဗျာထဲက စာသား မဟုတ်ဘူး ထင်တယ်နော်။ အဲဒါပါ ကဗျာဖတ်သလို ရောရော ဖတ်နေမိတယ်။ အဟီး....

ကိုဂစ်တာ said...

အကုန်ဖတ်ရမှာပျင်းလို့
နှစ်ပုဒ်ထည်းရွေးဖတ်သွားတယ်။
အများကြီးစုပြုံနေရင် မဖတ်ချင်ဘူး။

နှင်းခါးမိုး said...

အနာရွတ်ဟာ စကားပြောတတ်တဲ့ ငှက်ကလေးတကောင်တဲ့လား၊ ကောင်းလိုက်တာ။ အဲဒီငှက်ကလေးကိုမှ လှောင်အိမ်လေးနဲ့ တယုတယမွေးခဲ့မိတတ်ကြ။ နောက်ဆုံးတော့ ငယ်ငယ်တုန်းကမကြည့်ခဲ့တဲ့ရုပ်ရှင်ကိုပဲ အော်စကာပေးလိုက်မိတယ်။
ချမ်းမြေ့လန်းဆန်းပါစေဗျာ။

Anonymous said...

what i like is The White!
i like Helly Day too
I wanna fix the line
WHERE THE FIRE BURN
IS
WHERE THE WIND RUN

but i won't, i'm so afraid of this Sayama's words,
like a bird with broken wings that hit by hunter!

i'll be back to see the rest of these pieces!

Craton said...

အကြာကြီး ဖတ်နိုင်သလောက်အားလုံးစုဖတ်သွားတယ် အန်တီ။
အချိန်ဆိုတာနဲ့ သေတမ်းစာကို အတော်ကြိုက်တယ်..
အန်တီ့ကဗျာတွေဖတ်ပြီး မောသွားတယ်.. အထူးသဖြင့် အဲ့ဒီကဗျာနှစ်ပုဒ်ပဲ... ကဗျာတိုင်းလိုလိုက မောဖို့ကောင်းတယ်အန်တီ.. တချို့ကဗျာတွေက စကားလုံးတွေများ ကြက်သီးထစရာ.. ရင်ကိုဖွင့်ချပြီးကို ရေးထားတာကိုး..
အင်း.. အန်တီ့မေမေကို တော်တော်ချစ်မှန်းလည်း သိသာပါတယ်..

Angel With Naked Heart said...

"မနော်ဟရီ" ဆိုတဲ့နံမည်လေးကိုကြားဖူး တွေ့ဖူးသလိုဘဲ။ ဘယ်မှာတွေ့ဖူးလဲတော့ မသိတော့
ဘူး။ မြန်မာစာတွေ၊ ကဗျာတွေ နဲ့ အလှမ်းဝေးတော့
မရဲ့ BLOG လေးဖတ်ရတာရေငတ်တုန်းရေတွင်းထဲ
ကျသလိုဘဲ။

စာအုပ်ဝယ်သင့်တာနော်..ဆိုတဲ့ commentလေး
တွေ့တယ်။ ဒီကဗျာတွေက မ ရေးထားတဲ့စာအုပ်ထဲ
ကလား သိချင်လို့ပါ။ မရဲ့ကဗျာလေးတွေအရမ်း
ကောင်းတာဘဲ။

သဒ္ဓါ က မြန်မာ Blogger သူငယ်ချင်း မရှိတော့
မြန်မာလို မရေးဖြစ်ဘူး။ English လိုဘဲရေးဖြစ်
တယ်။ :(

lotuslynn said...

ကိုယ်သိတဲ့မေခက ဒီမနော်ဟရီနဲ့
ဆင်သလိုလို မဆင်သလိုလို
မှတ်မိနေတာကတော့
ဆံပင်ရှည်ရှည် နဲ့
လမ်းလျောက်ရင် နွဲ့နွဲ့လေး
( ကိုယ်နဲ့ယဉ်လိုက်ရင်ပေါ့လေ ဟဲဟဲ )
ဆံပင်တွေလေမှာလွင့်လို့
အဖြူရောင်နဲ့ အပြာရောင်လွင်လွင်လေးတွေ
ဝတ်တာများပြီး
ခြေကျင်း ခြေစွပ်ကလေးတွေနဲ့
ပြီးတော့ ..............
သောက်မြင်ကတ်လောက်အောင်
သူငယ်ချင်းတွေအပေါ်သည်းခံတတ်သော
အနစ်နာခံပြီးလိုက်လုပ်ပေးတတ်သော
အင်း ဆက်ရေးရရင်....................
In short...... She is one of my best friend :D
ပြီးမှရှင်ပြောခဲ့ဘူးသလို
”ပြီးမှကျောကိုဓါးနဲ့ထောက်ကြမယ်လေ”
ဟားဟား..................

ဂျူ

Thant said...

ကူးယူသွားပါတယ်အစ်မ....တစ်ကြောင်းချင်း အေးအေးဆေးဆေးဖတ်ချင်လို့ ။

ဖုန်း မြင်. said...
This comment has been removed by the author.
ဖုန်း မြင်. said...

ဟုတ်ကဲ့ နောက်တစ်ခေါက် ပြန်ဖတ်နေပါတယ် ...။

နှင်းပွင့်ဖြူလေး said...

ကဗျာတွေ နိုင်သလောက်ခံစားသွားတယ်....
ခုလိုတင်ပေးတာ ကျေးဇူးအစ်မရေ ...

Republic said...

အားရပါးရ ရှိလှတယ်ဗျာ ၊၊ ကျေးဇူးပါ ၊၊

ရဲရင့်နီ said...
This comment has been removed by the author.
ရဲရင့်နီ said...

ငါမပြောပြချင်တဲ့ငါ့ရဲ့ပုံပြင်
တောလမ်းလေးတစ်ခုမှာထင်ကျန်ခဲ့ရစ်ပါလိမ့်မယ်..
ကျန်ခဲ့ရစ်ပါလိမ့်မယ်.......
တောလမ်းလေးတစ်ခုမှာ.........

Ko Paw said...

ကံမကောင်းတဲ့နေ့ ကဗျာဖတ်ရတော့ အော်ပီကျယ်ကာတွန်းကို သွားသတိရတယ်။

တဲအိမ်လေးရှေ့မှာ ခရီးသွားတယောက်က အိမ်ရှင်ထံ “ရေတပေါက်လောက်” တောင်းသောက်တယ်။

ဒါနဲ့ အိမ်ရှင်က ရေမှုတ်နဲ့ ထွက်လာတိုက်တယ်။ ရေသောက်ပြီးတဲ့အခါ ခရီးသွားက လွယ်အိတ်ထဲက ဆေးလိပ်ကို ထုတ်လိုက်ပြီး “မီးတတို့လောက်” တောင်းပြန်တယ်။

အိမ်ရှင်က ဘေးနားက ချက်ပြုတ်လက်စ မီးဖိုထဲက ထင်းမီးစ တစနဲ့ ထွက်လာကမ်းတယ်။ အခြားလက်တဖက်ထဲမှာလဲ ခုနက ရေမှုတ်ကို ကိုင်ထားရတာပေါ့။

မီးညှိပြီးတဲ့အခါမှာ ခရီးသွားက အိမ်ရှင်ကိုကြည့်ရင်း အောက်ပါအတိုင်း မှတ်ချက်ချတယ်။

“ဘယ်လိုလူလဲ။ မီးစတဖက်၊ ရေမှုတ်တဖက် နဲ့။”

tg.nwai said...

မနော်.. မနေ့က တစ်ရက်လုံး ဒီစာမျက်နှာ ဖွင့်ထားပြီး ဖတ်ဖြစ်ခဲ့တယ်..ဒီနေ့ နောက်တခါထပ်ဖတ်မိတယ်..မနော် ကဗျာတွေက နှင်းဆီပန်းတွေလိုပဲ.. လှတယ် မွှေးတယ်..ဒါပေမယ့် ဆူးတွေနဲ့.. စကားလုံးတိုင်းက ပြင်းထန်စူးရှနေသလိုပဲ။ အဲဒါပဲ မနော်ဖြစ်မယ် ထင်တယ်..။ မနော်သီထားတဲ့ ပုလဲလုံးလေးတွေ...။

moe said...

ဖွင့်....ကြဲ...သွန် ချလိုက်တာများ
ရင်ဘတ်တွေ ထုတ်ခြင်းဖောက်သွားတယ်...

စကားလုံးတိုင်းက အရှိန်ပြင်း မြှားတစ်စင်းလို
ချွန်မြနေတဲ့ ဓါးသွားလို
ရင်ကို ခွင်းသွားလိုက်ပုံများ....

မြစ်ကျဉ်းတော့ မြစ်ကျဉ်းလေးပါဘဲ
အရာအားလုံးတော့ ပျော်ဝင်စီးဆင်းနေတယ်...

ပင့်သက်တွေရှိုက်ရင်းက
ဒီကဗျာတွေကို
နှစ်နှစ်ခြိုက်ခြိုက်သောက်ပစ်လိုက်တယ်
ကိုယ့်ကိုယ်ကိုယ် ဖျော်ချခဲ့တဲ့
ဖယောင်းတိုင်လိုလူတစ်ယောက်လည်း
ဒီမြစ်ကျဉ်းထဲ ပျော် ၀င် စီး ဆင်း ရင်း...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အိန္ဒြာ said...

မင်္ဂလာပါအစ်မရေ..

မြန်မာပြည်မှာကတည်းက အကြိုက်ဆုံးစာရင်းဝင်တစ်ယောက်မို့ အမြဲလာလာဖတ်တာပါ..။
ကဗျာတွေကတော့ ကူးယူသွားတယ်အစ်မရေ..
ထုံးစံအတိုင်း ဖြေးဖြေး အေးအေး တွေးတွေး ဆဆ လေးဖတ်ချင်လို့..။

ရွှင်လန်းချမ်းသာနိုင်ပါစေ

ခင်မင်လေးစားစွာ

ဒူကဘာ said...

တစုံတခုကို ပြောပြနေသလို ထင်မြင်ပြီး ဖတ်လာလိုက်တာ အလယ်လောက် ရောက်တော့ ခဏနားမိတယ် လှောင်အိမ်ထဲ ညှပ်မိသလိုကို ဖြစ်နေလို့၊ ပြီးတော့ ဝေါဟာရတွေ ရစ်သမ်တွေကို ခံစားမှု အဓိက မထားပဲ ကိုယ့်အကြိုက်ဆုံး ကိုယ်ပြောရယင် မနော်ဟရီ အတွက် ဒီပို့(စ်) အကယ်ဒမီ ကတော့ "ကံမကောင်းတဲ့ နေ့" ပါ။

မမသီရိ said...

............
ကိုယ့်ကဗျာ တွေ.. ကိုယ်ပြန် ကြည့် ..
ရှက်မိပါရဲ့...း(...........
တကယ်ပါ..ကဗျာရေးချင်စိတ်ပျောက်သွား ပြီ...း).....................

တစ်ပုဒ်ချင်းတွေ ဖတ်ခဲ့ တုန်း က..သိပ်မသိသာပေမဲ့..
ခုလို စုတင် လိုက်တော့..သမ္ဘာ ဘယ်လောက် ရှိလဲ
ဆို တာ...အား လုံး မြင်သာ တာပေါ့.....
အသစ်တွေ လဲ ရေး အုံးလေ.........မနော်..ရေ..
................

လင်း said...

အိမ်ပြန်ချင်တယ်ကိုကြိုက်တယ် အရမ်း

ဝါ၀ါခိုင်မင်း said...

ကဗျာကောင်းလေးတွေချည်းပါပဲ အစ်မရေ။
ကျမလဲ ကဗျာလေးတွေ ချစ်တယ်လေ။