စမ်းသီတာ

Monday, February 2, 2009

စမ်းသီတာနဲ့ကျွန်မကတကယ့်ကိုငယ်သူငယ်ချင်းပါ။ပထမတန်းမှာစတွေ့ကြတယ်။ကျွန်မ
နဲ့သူကပထမတန်း(ခ)ရဲ့နောက်ဆုံးခုံမှာနေရာကျပါတယ်။နောက်ဆုံးမှာထိုင်ရလို့စိတ်ပိန်
နေတဲ့ကျွန်မကသူနဲ့တွေ့မှစိတ်ကလေးအတော်နေသာရာရသွားပါတယ်။အဲဒီကတည်းက
စိတ်ကောင်းရှိတဲ့အရာရာကိုအကောင်းမြင်တတ်တဲ့သူငယ်ချင်းလေးပါ။ဗလာစာအုပ်တွေ
ရတော့လည်းတိုက်တိုက်ဆိုင်ဆိုင်အကြမ်းတွေချည်းတစ်ဒါဇင်ရတဲ့ကျွန်မကိုအချောတစ်
ဝက်လောက်ပါတဲ့သူကပြန်ခွဲပေးခဲ့တာပါပဲ။

နောက်တော့ကျွန်မပုသိမ်ပြောင်းသွားတယ်။ခဏပြန်လာတဲ့ခိုက်မှာလည်းကျွန်မတို့ပြန်တွေ
ကြပေမယ့်ဒီလောက်တော့ဘေးချင်းကပ်သူငယ်ချင်းတွေမဟုတ်တော့ဘူး။နောက်ကျတော့
ကျွန်မတို့ပတမနှစ်မှာပြန်တွေ့တယ်။ရန်ကုန်တက္ကသိုလ်(ဗိုလ်တစ်ထောင်နယ်မြေ)မှာပါ။
အဲဒီထိလည်းသူကဗျာရေးမှန်းကျွန်မ မသိသေးဘူး။တကယ်တမ်းပြောရမယ်ဆိုရင်ကျွန်မ
တို့စာပေနယ်ထဲဝင်ကြတာတူတူလောက်ရှိမယ်ဆိုပေမယ့်သူကတောင်လစောရင်စောနိုင်
ပါတယ်။

နောက် ပင်မတက္ကသိုလ်ထဲရောက်လို့ကဗျာစာအုပ်တွေအပြိုင်ထုတ်ကြတော့မှရာစုသစ်မှာ
အတူစုမိသွားကြတာ။အစကသူတို့က အိပ်မက်အဘိဓါန် ဆိုပြီးအုပ်စုတစ်စုနဲ့ထုတ်ကြပါ
တယ်။အဲဒီမှာလှိုင်ကအုပ်စုတွေများပါတယ်။နောက်မှကျွန်မတို့နဲ့ပေါင်းမိသွားကြတာပါ။

ကျောင်းပြီးတော့လည်းတစ်နေရာစီ၊တစ်ဘ၀စီဆိုပေမယ့်မကြာခဏတော့လမ်းမှာတွေ့ဖြစ်
ကြတယ်။သေချာပြန်တွေ့ဖြစ်တာကကိုတာရာမင်းဝေဆုံးတော့မှပါ။သူကအိမ်ကိုရောက်
အောင်လာခဲ့တယ်။တကယ်တမ်းပြောရရင်သူရောကျွန်မရောကျန်းမာရေးကောင်းကြသူတွေ
မဟုတ်ဘူး။တူတာတစ်ခုကတော့လဲပြီးတာနဲ့ချက်ခြင်းပြန်ထ၊ချက်ခြင်းအလုပ်လုပ်ကြတာပါပဲ။

နောက်ပိုင်းကဗျာစာအုပ်လုပ်ကြတဲ့အချိန်မှာတွေ့ဖြစ်တာပိုများလာတယ်။နောက်သူသီချင်း
တစ်ခွေထွက်ဖြစ်တော့လည်းကျွန်မရောက်ဖြစ်သေးတယ်။သူကတော့သူ့ကဗျာထဲကအတိုင်း
အသက်ရှူမ၀ဖြစ်လာတိုင်းလုပ်ချင်တာတွေပြီးအောင်မလုပ်သွားနိုင်မှာစိုးလို့ထင်ပါရဲ့..လုပ်
ချင်တာကိုလုပ်ပါတယ်။လုပ်ခွင့်ရတဲ့သူ့ကံကိုလည်းကျွန်မတို့ကအားကျပါရဲ့။သူ့အတွက်လည်း
ဝမ်းသာတယ်။

နေမကောင်းတာချင်းတူတူကျွန်မနေမကောင်းဘူးဆိုရင်သူကသောက်ရမယ့်ဆေး၊မုန့်နဲ့တစ်
ခါတည်းရောက်လာတတ်ပြီး၊ကျွန်မကတော့အဝေးကနေပဲသူ့ကိုဖုန်းနဲ့..ဟဲ့နေကောင်းအောင်
လည်းနေဦး..ငါတို့လုပ်စရာတွေရှိသေးတယ်..လို့အားပေးရသူပါ။သူနဲ့မိုးချိုသင်းနဲ့တချိန်က
တော်တော်တွဲဖြစ်တာလည်းမဆန်းဘူးထင်တာပဲ။ (ချိုသင်းရေ..စိတ်မဆိုးနဲ့နော်..ချိုသင်း
သူငယ်ချင်းကလည်းချိုသင်းလိုပဲသိုးကလေးဆိုတာပြောပြချင်လို့ပါ..း) ရိုးတယ်ပေါ့နော်..
အ တယ်လို့တော့မပြောပါဘူး..း) )

ကျွန်မမွေးနေ့အတွက်ဆိုပြီးကျွန်မရယ်၊သူရယ်၊ကိုဧထက်ရယ် ကျွန်မတို့ရုံးနားကကော်ဖီဆိုင်
လေးကိုသွားကြတယ်။တကယ်တမ်းပြောရရင်ဧထက်ဆိုတာကလည်းပုံထဲမှာတွေ့တဲ့အတိုင်း
ခပ်ယဲ့ယဲ့ရယ်။အဲဒီမှာကျွန်မနဲ့ဧထက်က ကြွက်တက် တဲ့အကြောင်းပြောကြတယ်။ထုံးစံအ
တိုင်းပေါ့ချိုသင်းရယ်။စမ်းသီတာကမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့နားထောင်လို့ပေါ့။သူနဲ့နေရတာ
ကောင်းတာတစ်ခုကသူ့ဘေးကလူကိုသူကattentionအတော်ပေးနိုင်တာပါပဲ။ပြောခဲ့သလို
ပဲသူဟာစိတ်ကောင်းလည်းရှိ၊အရာရာကိုလည်းအကောင်းမြင်တတ်၊သူတစ်ပါးကိုလည်းအလေး
ထားတတ်သူကိုး။ဟုတ်လား..ဟုတ်တယ်နော်..စသဖြင့်ပြောနေပြီးတခြားအကြောင်းရောက်
သွားကြပြန်ပါတယ်။နောက်တော့မှကျွန်မကိုဒေါ်စမ်းသီတာက၀န်ခံစာတစ်စောင်ပို့တော်မူပါတယ်။
အဲဒီတုန်းကကြွက်တက်ကြောင်းအပြန်အလှန်ပြောနေချိန်မှာသူကစဉ်းစားနေတာတဲ့။အပေါ်ထပ်
မှာနေတဲ့သူနှစ်ယောက်ကကြွက်တက်လို့ဆိုရင်ငါ့ဆိုင်ကအောက်ထပ်ဆိုတော့ပိုထက်နိုင်တာပေါ့
သတိထားမှဆိုပြီးတွေးနေခဲ့တာတဲ့။နောက်မှတကယ့်ကြွက်မဟုတ်ပဲကြွက်သားကြွက်တက်တယ်
ဆိုတာတွေးမိတော့တယ်ဆိုတဲ့အကြောင်း။ကျွန်မနဲ့ဧထက်တို့အလုပ်ခန်းကအောက်ထပ်ဆိုပေ
မယ့်ကျွန်မတို့နှစ်ယောက်လုံးကအပေါ်ထပ်ထပ်ခိုးလေးမှာအလုပ်လုပ်ကြတယ်ဆိုတာဝင်ထွက်
နေကျမို့သူသိထားပြီးသားလေ။သူ့စိတ်ထဲမှာတွေးနေမှာပေါ။အပေါ်ထပ်ထပ်ခိုးထိများကြွက်တွေ
ကတက်သလားပေါ့။ဘာကြောင့်ကြောင်မခေါ်တာလဲလို့တွေးမိတယ်ဆိုတာကပါသေးတယ်။တော်
သေးတာပေါ့၊ကြောင်တစ်ကောင်စီလာမပို့သွားတာ။း)
စမ်းသီတာရဲ့ကဗျာလေးတွေဟာအမြဲတမ်းလှပနေတယ်။ဒါဟာသူ့ရဲစိတ်ကလေးလှနေလို့လည်း
ဖြစ်နိုင်တယ်။ကျွန်မတို့ကျတော့အဲလိုမှမဟုတ်တာ။
ခုဒီမြစ်ကျဉ်းသုံးခုမှာတင်မတူညီတဲ့အသံတွေကိုကြားရမှာဖြစ်ပါတယ်။
ကဲ....စမ်းသီတာရဲ့စိတ်ချမ်းသာစရာကဗျာလှလှလေးတွေနဲ့စလိုက်ရအောင်။

စီးဆင်းသွားနှင့်ကြ
တိုက်စားသွားနှင့်ကြ
စီးဆင်းမှ
တိုက်စားမှ
မြစ်သဘာဝပီမယ်။
အထူးသဖြင့်
မြစ်ကျဉ်း
ပိုစီးရဲ့
ပိုတိုက်စားရဲ့ ။ ။
မှတ်မှတ်ရရ..
ကိုယ်မောင်မြင့်
၈.၁၂.၂၀၀၈
(ဒါကကိုယ်မောင်မြင့်ရဲ့အဖွင့်စာသားပါ)




အမှတ်တရမှတ်တမ်း

ပြာသောကောင်းကင်မှာ
အဖြူရောင်တိမ်တချို့
မျောလွင့်လို့လာခဲ့ပြီ…။
ကဗျာပျံသန်းခြင်းနှစ်တို့
စုစည်းရင်း၊ကဗျာသူငယ်ချင်းများစွာအတွက်
တိမ်တချို့ဖူးပွင့်လို့လာခဲ့ပြီ။
ဆွတ်ပျံ့ကြည်နူးခြင်းများ
ရင်ခွင်များစွာမှာ
ခိုဝင်ခံစားနိုင်ပါစေ။ ။
လေးစားချစ်ခင်စွာဖြင့်
(စမ်းသီတာ)
နိုဝင်ဘာ ၂၃၊၂၀၀၈

ခရီးတစ်ခုရဲ့ချိုမြိန်ခြင်း
ပေါ့လျော့လို့မဖြစ်တဲ့နေ့တွေကို
ပျင်းရိခြင်းမပါပဲ
လျှောက်လှမ်းရမယ်လေ။
စိတ်ထားသန့်စင်
ကြည်လင်ခြင်းနဲ့
နံနက်ခင်းလေးကိုရှူရှိုက်လို့
လိပ်ပြာတွေဝေ့၀ဲ
အနီရောင်
ပန်းခင်းထဲမှာ။
နူးညံ့တဲ့ရင်ခွင်များစွာကို
ဖြတ်သန်းပြီးတိုက်ခတ်လာတဲ့
လေပြည်မှာ
သစ်လွင်လတ်ဆတ်တဲ့
မေတ္တာရနံ့ရှိနေတတ်မှာပါ။
ခွန်အားရှိအောင်
စကားပြောကြပါဦး
တောင်နံရံတွေကြားမှာ
အပြန်အလှန်ရှိတဲ့
ပဲ့တင်သံနဲ့
ရိုးသားခြင်းကိုယ်ကျင့်တရားကို
သယ်ဆောင်လာတဲ့
စမ်းချောင်းကလေးဟာ
အေးငြိမ်းတဲ့အရပ်တွေဆီကို
အဆုံးမရှိ
ဆက်လက်စီးဆင်းနေမှာပါပဲ။
ကမ္ဘာကြီးမှာ
သီချင်းသံတွေရှိနေတာ
အသက်များစွာကို
နုပျိုရှင်သန်စေတော့တာပါပဲ။ ။
မဟေသီ၊မတ်လ၊၁၉၉၅
စမ်းသီတာ



ခွင့်လွှတ်ခြင်းနှစ်သစ်

တစ်ဆောင်းကုန်တစ်နွေကူး
ဟက်ပီးနယူယီးယား မအော်ခင်
ငါတို့ရဲ့စိတ်တွေ
နှင်းနဲ့အတူသန့်စင်ဖို့လိုတယ်။
လရောင်ဆမ်းတဲ့အခါ
ငွေရောင်ပန်းတွေပွင့်နေတာ
အပြစ်ကင်းစွာနဲ့မြင်ကြည့်စမ်းပါလေ
ဘယ်လောက်အေးမြမွှေးပျံ့နေတာ။

ကြည်လင်အေးမြတဲ့လရောင်အလင်းဟာ
တစ်လောကလုံးကိုဖြာဆင်းပေးနေတာ
နှလုံးသားလှတဲ့
ပန်းတွေအလှဆင်
ဝေနေအောင်ပွင့်ပါ။

စေတနာကင်း
ငြူစူခြင်းနှင့်
ရင်းနှီးသူများ
ဖြူစင်ကြင်နာခြင်းနှင့်
ရင်းနှီးကျွမ်းဝင်သူများ
ရွှင်ပါပြုံးပါနှစ်သစ်မင်္ဂလာ။

ရင်မှာ
အမည်းရောင်
ဟန်ဆောင်မျက်နှာဖုံး
ခပ်ညံ့ညံ့နှလုံးသားများ
(ငါလည်းပါတယ်။)
အတွက်
ဖြူစင်ခြင်းအလင်း
လ မင်းကိုလည်းမသိ
အေးမြခြင်းနှင်းဝေ
ဆောင်းဆိုတာလည်းမသိ
ရှိပါစေ။ ။
မဟေသီ၊နိုဝင်ဘာ၊၁၉၉၆
စမ်းသီတာ


လွမ်းဆွတ်ခြင်း

လမင်းကြီး
အဝေးမှာ…
ခဏလေပါ
အနားမှာ…
အလွမ်း..
အပြာရောင်တစ်ခု
ငါကောက်ယူခဲ့တယ်
ဒီနေ့ထိတိုင်
ငါသိမ်းထားတယ်
လွမ်းလို့။
ဘယ်တော့မှ
ဖျက်ဆီးလို့
မဖြစ်ခဲ့တာ
အလွမ်း တစ်ခု
ရင်မှာ..။ ။
ဧပြီ ၁၄၊၂၀၀၈
စမ်းသီတာ

နေမင်းနဲ့လမင်း
ကမ္ဘာမှာ
အလှပဆုံး
မြစ်နှစ်စင်း
ပကတိစီးဆင်းနေတာ..။

ဘယ်တော့မှ
ညှိုးနွမ်းခြင်းမရှိ
ပွင့်နေတဲ့ပန်းနှစ်ပွင့်
ရင်မှာတင့်တယ်။

အနှောက်အယှက်
အဆီးအတားကို
တန်ခိုးစွမ်းအားနဲ့
ကျော်လွှားနိုင်တယ်။

နေမင်းကြီးဟာ
သူ့ရင်ခွင်ထဲက
(ကမ္ဘာသူ/ကမ္ဘာသား)
ရင်သွေးငယ်တွေကို
အကြင်နာအနွေးဓါတ်နဲ့
ပိုက်ထွေးယုယသလို
လမင်းကြီးဟာ
သူ့ရင်ခွင်ထဲက
(ကမ္ဘာသူ/ကမ္ဘာသား)
ရင်သွေးငယ်တွေကို
မေတ္တာအအေးဓါတ်နဲ့
ပူပင်သောကတို့မှန်သမျှ
ဖယ်ချပေးတယ်။

ဒီလိုနဲ့
အဖေကနေမင်း
အမေကလမင်း
ကျွန်မဘ၀ထဲမှာ
ထွန်းလင်းခဲ့တယ်။ ။
စမ်းသီတာ

မုန်တိုင်းနှင်းဆီ
ကြေမွသွားခဲ့
မင်းကြည့်မနေပါနဲ့
ငါရင်တစ်ခုလု့း
ဒါဏ်ရာတွေဗလပွ..
အမှတ်တရ
(ဒါဏ်ရာတွေနဲ့)သမိုင်းမှာ
မုန်တိုင်းခြေရာကျန်ခဲ့ပြီ။

ခန္ဓာကိုယ်တစ်ခုလုံး
သွေးစက်စက်နီရဲ
အသွေးအသားတွေပွန်းပဲ့ပျက်စီးအောင်
ဖန်တီးထားခဲ့
ဒါပေမယ့်
ငါ့စိတ်ငါ့နှလုံသား
ငါ့အားငါ့အင်နဲ့
ခိုင်မတ်ရဲရင့်စွာ
ဖူးပွင့်လာခဲ့တယ်
မုန်တိုင်းထဲက
……..နှင်းဆီနီ..။ ။
စမ်းသီတာ


မှာချင်တယ်
သူငယ်ချင်းရေ
တစ်ကယ်လို့များ
ငါ..အရင်ခွဲခွာသွားခဲ့ရင်..
ကဗျာလေးတွေကို
ငါ့ရဲ့ကိုယ်စား
ပိုမြတ်နိုးပေးပါ
ပန်းပွင့်လေးတွေကို
ခြွေမသွား
နင်းမသွားဘဲ
အလှထားပေးပါ။
သီချင်းလေးတွေကို
ဂရုတစိုက်နားထောင်ပေးပါ။
တစ်ခါတစ်ခါ
(အဖေဆူလို့)
အိမ်နဲ့အဆင်မပြေ
စိတ်လေတဲ့အခါ
မင်းဆီအရင်ဆုံး
ရောက်တတ်ပေမယ့်
ငါပြောနေကျ
စကားလေး
မှတ်သားပေးပါ။။
ကိုယ်နေတဲ့
ကိုယ့်မိသားစုအိမ်ကလေးဟာ
ကမ္ဘာပေါ်မှာ
စိတ်ချမ်းသာမှု
အများဆုံးပေးတဲ့
အလွတ်လပ်ဆုံး
နေရာလေးတစ်ခုဆိုတာ။ ။
စမ်းသီတာ
၂၃.၁၁.၁၉၉၁


ပြတ်စဲမိုး

မိုးတိမ်တစ်ခုကို
ငါလွှတ်ပေးလိုက်တယ်
သွားချင်တဲ့နေရာ
သွားပါ။

ဒီဘ၀ကလွဲရင်
မင်းနဲ့ငါဟာ
သံသရာမှာ
ထပ်ဆုံစရာ
မရှိတော့အောင်
သစ္စာဆိုခဲ့တယ်။

ကောင်းကင်တစ်နေရာရဲ့
ပြတ်သားတဲ့
အနားသတ်မျာ
မှတ်သားစရာတစ်ခု
ရှိခဲ့တယ်။ ။
စမ်းသီတာ
၁၆.၄.၂၀၀၈


လိပ်ပြာလေးရေ
လိပ်ပြာလေးရေ
အနားမှာ
ခဏလာနားပါဥိး..။
လိပ်ပြာလေးရေ
မင်းချစ်တဲ့
ဧကရာဇ်ပန်းတွေသီစဉ်
ဝေရီတဲ့အကြည့်တစ်ချက်ကို
ဆုံခွင့်ရခဲ့ချင်တယ်။
လိပ်ပြာလေးရေ
ငါ့ခေါင်းကဆံပင်မှာ
တရော်ကင်ပွန်းကို
ခေါင်းလျှော်စဉ်
သုံးထားပါတယ်။
လိပ်ပြာလေးရေ
ငါ့ဆံပင်ကြမ်းကြမ်းကို
မမြင်မကန်း
စမ်းတဲ့အခါ
အုန်းဆီနံ့ရခဲ့မှာပါ။
လိပ်ပြာလေးရေ
င့ါရဲ့ဖားလျားဆံပင်ကို
ကျစ်လျစ်စွာစည်းပြီး
ကျစ်ဆံမြီးထိုးထားပါတယ်။
လိပ်ပြာလေးရေ
ပါးပြင်မှာ
သနပ်ခါးမတင်တဲ့ငါ
ခုတော့
မှန်ရှေ့မှာ
သနပ်ခါးဖွေးဖွေး
သွေးလူးနေတတ်တယ်။
လိပ်ပြာလေးရေ
မိုးတွေရွာစဉ်
ဧကရာဇ်ပန်းကြွေ
တစ်ပွေ့တစ်ပိုက်
ကောက်ယူရှိုက်နမ်း
မင်းခေါင်းထက်ကပန်းလို
မွှေးရနံ့ရှိဆဲ
သင်းပျံ့လို့နေ
ငါ..ငိုပါရစေ။
လိပ်ပြာလေးရေ
ငါအရိုက်ခံရတဲ့အခါ
မင်းငိုရှိုက်မှာကို
မကြားလိုတော့။ ။
၂၇.၁၀.၉၁
စမ်းသီတာ
(အဖွားဆုံးသောနေ့)
စမ်းသီတာ
(အဲဒီကဗျာလေးကိုကျွန်မ လိပ်ပြာလေးတွေအုပ်စုဖွဲ့ပျံသန်းသွားနေကြသည်..ဆိုတဲ့စာတစ်ပုဒ်
ရေးတုန်းကယူသုံးခဲ့ပါသေးတယ်။အဲဒီတုန်းကကျွန်မဘလော့ခ်မရေးသေးပါဘူး။ဖတ်တုန်းဆိုပါ
တော့။အဲဒီမှာ ကေ ကသူ့ဘလော့ခ်မှာတင်ပေးခဲ့ပါတယ်။နောက်မှအကြောင်းကြောင်းကြောင့်
ပြန်ဖြုတ်ထားလိုက်ရတာပါ။ဘာလို့လဲမသိဘူး။သိပ်ပြီးခံစားမှုနူးညံ့တဲ့ဒီကဗျာလေးကိုကျွန်မ
အရမ်းကြိုက်ခဲ့တာငယ်ငယ်တည်းကပါ။ )



ကလောရဲ့ဆောင်း

ကလောမြို့ကလေးရေ
နှင်းစက်မှုန်စစနဲ့
သင့်ရင်ကို
ငါဝင်ပါရစေ။
အချိန်ရာသီ
တံခါးခေါက်
သင့်ရင်ခွင်ရောက်ခဲ့တာ
အရာရာကို
ငါ..ကျေးဇူးတင်ခဲ့ပါတယ်။
သင့်ရင်ခွင့်ဟာ
ငြိမ်းချမ်းတယ်
အေးမြတယ်
သောကကင်းတယ်။
ပန်းပွင့်များကို
ဖြူစင်တဲ့စိတ်ထားနဲ့
လှပစေသူ
သင်ဟာ
ကြင်နာသူဖြစ်တယ်။
သင့်ကျောရိုးတစ်လျှောက်
ခုတ်မောင်းနေတဲ့
ရထားကြီးကို
ငါချစ်တယ်။
သင့်ခန္ဓာကိုယ်မှာ
ဝင်ထွက်သွားလာနေတဲ့
မြေနီလမ်းကလေးကို
ငါမြတ်နိုးတယ်။
သင့်ရင်က
ပေါက်ဖွားလာသော
အစိမ်းရောင်ထင်းရူးတော
(ငါ့အတွက်)
ခင်မင်စရာဗလပွ
ငါ..အမှတ်ရတယ်။
ခွန်အားနဲ့
တောင်များကို
ခိုင်မာစေသူ
သင်ဟာ
ရဲရင့်သူဖြစ်တယ်။
သင့်ကိုချစ်သော
သံယောဇဉ်
အကြင်နာနှင်းကြွေပါရစေ
ဝေပါရစေ
သင်..အေးမြသာယာစေ။ ။
စမ်းသီတာ


အချစ်ကိုတွေ့ရှိခြင်း
မုန်တိုင်းထန်နေတဲ့လေ
တွေဝေငြိမ်သက်စွာ….
အပြာရောင်ကောင်းကင်ကြိးဟာ
ပန်းနုရောင်သွေးလို့..
မဟူရာကတ္တရာလမ်းမထက်
ထင်ရှားတဲ့ကားဘီးရာတစ်စင်း
ဖြတ်နင်းခံသွား…
တောင်တွေကိုခွဲထွက်ခဲ့
ရောခ့်တေးသွား
ပန်းတစ်ပွင့်လို
နူးညံ့ခြင်းများနဲ့…
အနီရောင်နှင်းဆီပွင့်များ
အဖြူရောင်အဖြစ်ပြောင်းလဲသွား
လှိုင်းလိုခက်ထန်တဲ့
ရေတံခွန်ဟာ
အစိမ်းရောင်မြက်ခင်းတေါလို
ဝပ်ဆင်းလို့…
အဲဒီအချိန်..
ကျိန်ဆိုချင်စရာကောင်းလောက်အောင်
မင်းနဲ့အတွေ့
မင်းရဲ့ရှေ့မှာ
(ငါဟာ)
ထူးဆန်းစွာကျဆုံးခဲ့တာပေါ့။ ။
စမ်းသီတာ
၁၄၊မေ၊၁၉၉၂


မြေနဲ့ဝေးသွားတဲ့လေပြည်

နှင်းတောင်တွေခွဲ
နှင်းဖွဲဖွဲကျရာ
ကျွန်မဆီပြန်လာပါလား။
နေခြည်နွေးအောက်
ညီညာစွာပေါက်နေတဲ့
ပန်းခင်းတွေကြား
ကျွန်မဆီရပ်နားပါလား။

လရောင်ဝါကြား
နေ၀င်ရထားနဲ့
ကျွန်မဆီအမီလှမ်းလာခဲ့ပါလား။

ဆံနွယ်စများ
တိုးဝှေ့သွားတဲ့
သင့်ကိုယ်ငွေ့ရာ
ကျွန်မကိုစွဲလမ်းစေပါတယ်။

သင်လှည့်ပြန်လာစဉ်
ရင်ခုန်သံတစ်ဒုတ်ဒုတ်နဲ့
ကျွန်မငလျင်လှုပ်သလို
ဖြစ်နေဦးမလား။ ။
မဟေသီ ၊မတ်၊၁၉၉၀
စမ်းသီတာ။

ဆက်ရန်မရှိ
နာကျည်းခြင်းသက်သက်နဲ့
မေ့ရက်ရမပေါ့
တိုးလျော့တဲ့သံစဉ်
အရင်လိုမသွက်
တစ်ဝက်တစ်ပျက်အနာဂါတ်မှာ
အမှတ်တရတချို့
ကျန်လို့နေပါဦးမယ်။

အရိပ်မဲ့ကောင်းကင်အောက်
ကိုယ်ယောင်ဖျောက်သွားသော
သံယောဇဉ်ကို
အရင်လိုကိုယ်မတမ်းတ
ခဏခဏရတတ်တဲ့
နောင်တကို
အားနာရမယ်လေ။

ရင်မှာ
အနာတရ
ဖြစ်ရတဲ့နေ့ရက်များ
ဆက်ရန်မရှိ
ဒါဏ်ရာသိဖို့
မှန်ကြည့်မိဖို့လိုလိမ့်မယ်။ ။
စမ်းသီတာ

ကြည်လင်သော
ကော်ဖီခါးတစ်ခွက်မော့သောက်အပြီ
မှောက်မှားနေတဲ့စိတ်
တိတ်ဆိတ်စွာကွယ်ပျောက်
ကိုယ်ရောင်ဖျောက်လို့သွားတယ်။

ရှိုက်သံမဲ့မျက်ရည်ကျအပြီး
ချုပ်တည်းထားသောအသိ
တွယ်ငြိရာမဲ့
လွတ်လပ်သွားခဲ့တယ်။

(ကို)ခိုင်ထူးရဲ့ အသိတရာ သီချင်းတစ်ပုဒ်
မှုန်ကုပ်ကုပ်နားထောင်အပြီး
မောဟနဲ့ရင်းနှီးလိုတဲ့စိတ်
ငြိမ်တိတ်လို့သွားတယ်။

နောက်ကျိသော
တွေသော
ဝေသော
ဆန္ဒဇောတွင်
ကပ်ငြိခိုဝင်
နေခဲ့ချင်ပြန်
မှန်ခဏခဏကြည့်
အမှားရှိခဲ့သလား
တံခါးကိုဆတ်ကနဲဖွင့်
ရင့်ကျက်မှုရင်
မိုးကောင်းကင်မှာ
တိမ်ကင်းစင်နေပါတယ်။ ။
စမ်းသီတာ


မေတ္တာလရောင်
ဒီလို
မှောင်မိုက်တဲ့ည
တိတ်ဆိတ်နဲ့ည
ပူလောင်တဲ့ညတွေမှာ
အလွမ်းနှင့်ရင်းသော
တမ်းတခြင်းရှိနေပါသည်။

လရောင်နှင့်ဝေးကွာခြင်း
ဒီလိုညမျိုးတွေ
ရှိမနေချင်ပါ
ခြောက်သွေ့ကွဲအက်
ခံရခက်သော
ဝေဒနာ
ကြာရှည်စွာ
ခံစာမရဲပါချေ။

တစ်ဦးတစ်ယောက်ဆီမှာ
တစ်စုံတစ်ရာကို
တမ်းတခြင်း
ရှိချင်ရှိတတ်မှာပါ။

အေးမြသော
ဖြူစင်သော
ကြည်လင်သော
မေတ္တာဟာ
လရောင်ပါပဲ။

မှုန်ဖြာဝပ်ဆင်း
သံသယကင်စွာ
ယုံကြည်နေချင်ပါသေးသည်။

နှစ်သိမ့်အဦး
စိတ်ညွတ်နူးစွာ
ညအမှောင်
လရောင်ဖြင့်လန်းလိုသော
ကျွန်မ..ပန်းတစ်ပွင့်ပါ။ ။
စမ်းသီတာ


အလွမ်းဖျား

အလွမ်းဖျား
တအားခံခက်
အသက်မဲ့စွာနေလို
ရင်ကိုနှဲ့သလား
ဝေးသွားခြင်းဒါဏ်
နှလုံးသားကိုမှန်တယ်။
ရံဖန်ရံခါ
တမ်းတသံကိုယ်စား
နက်ရှိုင်းသွားတဲ့
ပင့်သက်များစွာ
သူ့အနားမှာကျန်နေချင်တယ်။
ပျားရည်တို့ခါးသက်သွား
ချိုသာတဲ့စကားများလည်း
နားဝင်မခံသာ
သူ့အသံမဟုတ်တော့။
ဖျော့တော့တော့
နှုတ်ခမ်းပေါ်ကအပြုံး
သူနဲ့ခွဲခွာတုန်းကတည်းက
ခန္ဓာကိုယ်ထဲပုန်းစေခဲ့တယ်။
နှင်းဆီပွင့်တွေရဲ့
ပျံ့သင်းတဲ့ရနံ့
ရှိုက်သွင်းမရပြန်ဘူး။
လွင့်မျောသော
လွမ်းမောခြင်းများ
ဆီးနှင်းလို
ရင်ကို
ပြင်းစွာရိုက်တယ်။
ခပ်စိပ်စိပ်လှမ်းလာတဲ့
(သူ့ကို)တမ်းတတဲ့စိတ်ဟာ
ဆိတ်ငြိမ်တဲ့ဆောင်းညမှာလို
စိတ္တဇဆန်နေလိုက်တာ။
လေထဲမှာပျံ့လွင့်လို့
သူ့စကားတချို့
သူ့အကြည့်တချို့
သူ့ပုံရိပ်တို့ဟာ
(သူနဲ့)
ဝေးကွာနေချိန်မှာ
အကြိမ်ကြိမ်နှိပ်စက်တယ်။
သတိရခြင်းအပါး
ငါ..ရပ်နားမိလို့
အလွမ်းဖျားဒါဏ်သင့်ရပြီ။ ။
စမ်းသီတာ


နေကောင်းပါစေ
ရောဂါဝေဒနာ
နှိပ်စက်မှုဒါဏ်ခံစား
နေမကောင်းမကျန်းမာ
နာဖျားတဲ့အခါမှာ
နေကောင်းသွားမှာပါ
မြန်မြန်နေကောင်းပါစေ
ဆိုတဲ့..
စကားလေးတစ်ခွန်းဟာ
နေမကောင်းဖြစ်တဲ့သူအတွက်
အားအင်ပြည့်စေခဲ့ပါတယ်။

အဲဒီစကားလေးတစ်ခွန်းနဲ့
ကမ္ဘာကြီးထဲကဝေဒနာခံစား
နာမကျန်းသူများ
အားလုံးအတွက်
ဆုတောင်းပေးပါရစေ
မြန်မြန်နေကောင်းပါစေ.. ။ ။
စမ်းသီတာ
၃.၉.၂၀၀၈


မုန်တိုင်း
လှိုင်းဟာ
အရှိန်ကောင်းကောင်းနဲ့
လူးလိမ့်လာခဲ့ပြီ။

ကျောက်ဆောင်
ကျောက်ကမ္ဘားလည်း
တိုက်စားမှာပဲ
သဲသောင်ပြင်ဖွေးဖွေးလည်း
တိုက်စားမှာပဲ။

ဘာမှအတားအဆီးမရှိ
ထိန်းချုပ်မှုမရှိ
စိတ်ကိုရွက်လွှင့်ထားတယ်။

ခွန်အားတွေကို
မျက်လုံးထဲမှာ
အပြည့်ထည့်ထားတယ်။
တစ်ခါလဲကျရင်
ဆယ်ခါပြန်ထ
ဒါမှဘ၀ပီသမယ်။ ။
စမ်းသီတာ


အတွေးကောင်းကင်
မရပ်တန့်နိုင်ဘူး
စကာလုံးတွေနဲ့
ဒီညမှာ
ကိုယ့်ကမ္ဘာကို
လမင်းမသာပါနဲ့
ကိုယ်တမ်းတချိန်တိုင်းမှာ
မင်း
ကိုယ့်ဆီို
လာဖို့ရာ
မင်းပင်ပန်းမှာကို
ကိုယ်
တကယ်မလိုလားဘူး။
ကိုယ့်ကမ္ဘာ
ကိုယ့်အတွေး
ကိုယ့်အိမ်ကလေးမှာ
ချစ်ခင်ရင်းနှီးမှု
သစ်သီးဝလံတွေ
စိုက်ပျိုးထားတယ်။
နွေးထွေးကြင်နာမှု
သစ်သီးဝလံတွေ
ဖြန့်ကျဲထားတယ်။
မျှဝေခံစားမှုတေးသွားလေး
စီးဆင်းထားတယ်။
မင်းစိတ်ကြည်သာလို့
လာချင်တဲ့အခါ
ကိုယ့်အိမ်တံခါးပေါက်က
မီးခလုတ်ကိုဖွင့်ပါ။
အဲဒီအခါ
ကြယ်ပြာတွေ
လင်းလက်ကခုန်ပြီး
မင်းဝင်လာတာကို
ကြိုဆိုနေပါရစေ။ ။
စမ်းသီတာ
နိုဝင်ဘာ ၂၀၀၇ မွေးနေ့အမှတ်တရ



အဖြူရောင်မှတ်တမ်း

ငါလုပ်ချင်တာ
မှန်သမျှ
ဆန္ဒရှိသမျှ
လုပ်ဆောင်ခဲ့မယ်လေ။
ငါဘယ်တော့
ဒီဘ၀ထဲက
ထွက်ခွာသွားရမလဲ…
…………
ခုတလော
ငါ..မော..မောနေတယ်
အသက်ရှူမ၀ဘူး.
…..
အရာရာကို
ဘယ်တော့ငါ..
လက်ပြနှုတ်ဆက်ရမလဲ။

ငါ့သူငယ်ချင်းလေး
ငါ့အဖေ
ငါ့အမေ
ငါ့အကို
ငါ့ချစ်သူ
အားလုံးကို
ထားခဲ့ပြီး
ခွဲခွာသွားရမှာ..။
….
လွမ်းစရာတစ်ခုတော့
ကျန်ခဲ့မှာပါ။
(ဒါပေမယ့်)
ဝငယတေယလြာ်ဒ
မေ့ပျောက်သွားမှာပါ။
…….
မကောင်းတဲ့စိတ်တွေချန်ထား
ကောင်းမှုကုသိုလ်တွေ
လွယ်ပိုးသွားရင်း
ဝိဥာဉ်တစ်ခု
မထွက်ခွာမီ
ဖြူစင်တဲ့စိတ်လေးတစ်ခု
(ကမ္ဘာမှာ)
လှပမှုအဖြစ်
အကျိုးပြုစရာ
ကျန်ခဲ့ချင်ပါတယ်။ ။
စမ်းသီတာ
၂.၂.၂၀၀၈



ကဗျာသူငယ်ချင်း

ငါတို့တွေ
စီးဆင်းခဲ့ကြတယ်….
ဒီရေတွေလို
နောက်ကျိတဲ့စိတ်တချို့နဲ့
ဘ၀တို့ဖြတ်သန်းရင်း
မကြည်လင်တဲ့အခါလည်းရှိ
ပီပြင်တဲ့အခါလည်းရှိ
ကမ်းရောက်တဲ့အခါလည်းရှိ
လမ်းပျောက်တဲ့အခါလည်းရှိ
အတက်အကျနဲ့ရေလှိုင်းကြား
ဖြတ်သန်းသွားရင်း
လာမယ့်သက္ကရာဇ်တွေကို
ကြိုဆို
ကြေကွဲနှစ်တွေကို
နှုတ်ဆက်ခဲ့..
ဒီလိုနဲ့
ငါတို့တွေ..
ပြန်တွေ့ကြတဲ့အခါ
သေချာတာတစ်ခုကတော့
နှလုံးသားမှာ
ရင်ခုန်စွာတပ်မက်ဆဲ
(ဒီနေ့ထက်ထိ)
ကဗျာကို..အိပ်မက်ဆဲပါ။ ။
စမ်းသီတာ
၆.၉.၂၀၀၈


9 Comments:

Kay said...

မစမ်းသီတာရေ-
စာအုပ်မ၀ယ်ဖြစ်ပေမဲ့..အင်တာနက် ဗာရှင်း ကို သေချာဖတ်သွားပါတယ်။ လှပ ရိုးရှင်း ပြေပြစ်တဲ့ ကဗျာများနဲ့ ဆက်လက် ရှင်သန် နိုင်ပါစေလို့။

Moe Cho Thinn said...

ကျေးဇူးတင်လိုက်တာ မနော်။ အရင်က သူ့ကဗျာဆို ရေးပြီးတာနဲ့ တို့ အရင်ဆုံး ဖတ်နေကျ။ အဲဒီတုန်းက ကဗျာလေးတွေ အများကြီး ပြန်ပါတယ်။ ကောင်းကောင်း မှတ်မိနေပါတယ်။
သူနဲ့ စခင်တာ ဆယ်တန်းအပြီး အားလပ်နေလို့ ဘောင်ဒရီအိမ်တွင်းမှုကျောင်းမှာ မိန်းမ၀တ် ကလေးဝတ် စက်ချုပ် သွားသင်တုန်းကပေါ့။ သူက သီချင်းတွေ၊ ကဗျာတွေကို ချစ်တဲ့သူ။ သူသီချင်းတွေဆိုရင် ကိုယ်က ဘေးမှာ။ တယ်လီဖုန်းထဲကနေလဲ ဂစ်တာတီး သီချင်းဆို ပြတာ နားထောင်ဖူးတယ်။ အဲဒီလောက် ခင်ခဲ့တဲ့သူငယ်ချင်းပါ။
သူ့မွေးနေ့ နိုဝင်ဘာ ၁၇ရက်ကိုလဲ အမြဲသတိရတယ်။ အဲဒီနေ့မှာပဲ တို့အမေ ဆုံးလို့လေ။ သူ့မွေးနေ့ မသွားဖြစ်ခဲ့ဘူး။ နောက် ဘယ်တော့မှလဲ သူ့မွေးနေ့ ရောက်တိုင်း မဖိတ်တော့။ အဲဒီလို အလိုက်သိ၊ ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းလေး။
သူကဗျာစာအုပ်ထုတ်တော့ ကိုယ်က ပုံဆွဲ (ကလေးလို ကွိကျိကွကျတွေဆွဲလဲ သည်းခံရှာတယ်)။ သေချာတာက ကိုယ့်ဘ၀မှာ သူ့လိုသူငယ်ချင်းနဲ့ ခင်ခဲ့ရတာ blessing ပါပဲ။ သူ သီချင်းခွေ ထုတ်တာတော့ မသိလိုက်ဘူး။ တို့ အပြင်ရောက်နေပြီ ထင်တယ်။ လွမ်းတယ် စမ်းသီတာရေ။

ZT said...

ရာစုသစ်မြစ်ကျဉ်း(၁) မထွက်ခင်က ထွက်တဲ့ မစမ်းသီတာရဲ့ လက်ရေးကဗျာစာအုပ်ကို ပထမဆုံး ဖတ်ဖူးပါတယ်။ စာအုပ်နံမည်တော့ မမှတ်မိဘူး။ အဲဒီတုန်းက ကျွန်တော်က အထက်တန်း ကျောင်းမှာပဲ ရှိသေးတာပေါ့။

မှန်ခဏခဏကြည့်
အမှားရှိခဲ့သလား
တံခါးကိုဆတ်ကနဲဖွင့်
ရင့်ကျက်မှုရင်
မိုးကောင်းကင်မှာ
တိမ်ကင်းစင်နေပါတယ်။ ။

အဲဒီစာပိုဒ်ကိုတော့ အခုထိ ကောင်းကောင်းမှတ်မိနေသေးတယ်။

အစ်မ မိကောက်ရဲ့ ကဗျာတွေလည်း တော်တော် သဘောကျတယ်။ မနော် ဆီမှာ ရှိရင် တင်ပေးပါဦး။

Apprenticeship said...

ပြတ်စဲမိုး လေးကို အရမ်းသလောကြိုက်မိတယ်။ ကျေးဇူးပါ မျှဝေတဲ့ အတွက်

Craton said...

ချက်ချင်းကိုတင်ပေးတယ်နော် အန်တီ။း)
အရမ်းကျေးဇူးတင်တယ်.. ဖတ်ခွင့်ရလိုက်လို့
ဟုတ်ပါ့.. ကဗျာတွေဖတ်ရတာ အေးချမ်းပြီး စိတ်ကိုချမ်းသာလို့.. အတွေးကောင်းကင်ကဗျာလေးကို
အကြိုက်ဆုံးပဲ...

"ကိုယ့်အိမ်တံခါးပေါက်က
မီးခလုတ်ကိုဖွင့်ပါ။
အဲဒီအခါ
ကြယ်ပြာတွေ
လင်းလက်ကခုန်ပြီး
မင်းဝင်လာတာကို
ကြိုဆိုနေပါရစေ" တဲ့ဗျာ..

နှင်းပွင့်ဖြူလေး said...

မုန်တိုင်းဆိုတဲ့တစ်ပုဒ်ကို တော်တော်လေးကြိုက်တယ်။
အခုလိုမျှဝေပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်

mirror said...

လက်ရော၊ဇက်ရော၊ခါးရော အညောင်းခံပြီးရပေးရမှန်းသိလို့ အရင်ဆုံးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်အစ်မ၊

ဖြစ်နိုင်ရင် ကူးသွားချင်ပါတယ်။ဘယ်မှာမှ ပြန်မသုံးပါဘူး။
ညီမ ဖတ်ပြီးသိမ်းထားချင်လို့ပါ။

အစ်မ ချိုသင်းရဲ့ ကွန်မန့်ကိုဖတ်ပြီး အစ်မတို့တွေ ခေတ်ကိုတွေးကြည့်မိသေးတယ်။အားလဲ ကျပါရဲ့။

လေးစားခင်မင်လျက်

tg.nwai said...

မစမ်းသီတာနဲ့ မိတ်ဆက်ပေးလို့ ကျေးဇူးပါ မနော်...။
ကဗျာလေးတွေက လှပရှင်းလင်းသလောက် ထိမိလှပါတယ်...။

လွမ်းစရာတစ်ခုတော့
ကျန်ခဲ့မှာပါ။
(ဒါပေမယ့်)
ဝငယတေယလြာ်ဒ
မေ့ပျောက်သွားမှာပါ။
…….

အဖြူရောင်မှတ်တမ်းလေးထဲက “ဝငယတေယလြာ်ဒ” ကိုတော့ နားမလည်ဘူး..

မီယာ said...

အမတို့ သူငယ်ချင်းတွေက ချစ်စရာကောင်းတယ်နော်။
မှာပါရစေ ဆိုတဲ့ ကဗျာလေးဖတ်ပြီး စိတ် မကောင်းဘူး။ ဆက်ပြီး ကဗျာလှလှ လေးတွေ အများကြီး ရေးနိုင်ကြပါစေ။